← Chapters

အမှောင်နတ်သူငယ် ဆရာသခင် အထင်ကြီးသွားခြင်း

Vol. 1 Ch. 5

အမှောင်နတ်သူငယ် ဆရာသခင် အထင်ကြီးသွားခြင်း

Vol. 1 Ch. 5

နောက်ထပ်၃ရက်၌ ချန်လွေ့ စိတ်အေးလက်အေး နေနေရသည်။မှောင်မဲနေသည့် မြေအောက်ခန်းသည်လည်း သန့်ရှင်းနေသည်။ကောက်ရိုးများလည်း ခင်းထားပြီး တစ်နေ့ ထမင်းသုံးနပ်စားရသည်။ဤအရာများကို အဲဒက်စ်၏ အမိန့်အတိုင်း စလီ လုပ်ရပေသည်။

“ ချန်လွေ့။သခင် အဲဒက်စ်က မင်းကို ခေါ်ခိုင်းတယ်။ ”

ငါ့ပါးစပ်ထဲက သားကောင်က အခုတော့ အလုပ်အကျွေးပြုရမယ့် ဧည့်သည် ဖြစ်နေပြီ။ငါသက်သက်ကြီး အရိုက်ခံခဲ့ရတာပဲ။

မှင်စာ စလီသည် စိတ်အခြေအနေအရ တစ်ဖက်စောင်းနင်း ခံစားနေရသည်။ချန်လွေ့ လမ်းလျှောက်ထွက်သွားသည်ကို နောက်မှကြည့်ရင်း စလီသည် အံကိုကြိတ်ကာ ခြေဆောင့်လိုက်သည်။

“ လူသားစုတ်။ငါဆိုတဲ့ မဟာ စလီက တစ်နေ့ကျရင် မင်းရဲ့အသားကိုစားပြီး သွေးကို သောက်ပစ်မယ်။ ”

သို့သော်လည်း ယခုတော့ မဟာစလီသည် ထိုလူသားနေထိုင်ရာ မြေအောက်ခန်းအား သန့်ရှင်းနေ‌ရလေသည်။

“ ချန်လွေ့။လာဦး။  ”

ချန်လွေ့လာသည်ကို မြင်လိုက်ရာ အဲဒက်စ် စိတ်လှုပ်ရှားသွားသည်။သူစစ်မေးစဉ်က လူသား၏နာမည်မှာ အာသာဖြစ်သော်လည်း ယခုတွင်တော့ ချန်လွေ့ဖြစ်နေသည်။သို့သော်လည်း အမှောင် နတ်သူငယ်ဆရာသခင်က ဤကဲ့သို့ ကိစ္စများကို ဂရုစိုက်မနေပေ။

ယခုတွင်တော့ အဲဒက်စ်သည် ဟွာရုံတောက် ကြောင့် လုံးဝ ယုံကြည်သွားလေပြီ။ဆရာသခင် စွန်းဝူခုန်း၏ အမှန်တရားကို မေးခွန်းမထုတ်တော့ပေ။အသုံးမဝင်လျှင် ချန်လွေ့အား သတ်ပစ်မည်ဟု မူလကတွေးထားသော အတွေးကိုလည်း မေ့ပျောက်သွားသည်။

အသွေးအဖွဲ တွက်ဆ ကိရိယာတောင်ဒီလို ဆွဲဆောင်မှု ရှိတယ်။ ဆေးလုံး‌တွေနဲ့အသုံးအဆောင် ပစ္စည်းတွေကို တဖြည်းဖြည်းချင်း ရှာတွေ့ခဲ့ရင်.....

အမှောင်နတ်သူငယ်သည် ထိုအကြောင်းကိုတွေးရင်း စိတ်လှုပ်ရှားသွားသည်။

“ ငါလုပ်ထားတဲ့  စစ်တုရင် အသစ်ကို ကြည့်လိုက်။ ”

သူအလျင်စလို လုပ်ထားသည့် ဟွာရုံတောက်အား အဲဒက်စ်က လှပသည့် အနုပညာတစ်ခုအဖြစ် ပြုပြင်ထားသည်ကို ချန်လွေ့ တွေ့လိုက်သည်။အပိုင်းအစ တစ်ခုတိုင်းအား လှပသည့် ခေါင်းပုံစံများ ထွင်းထုထားသည်။သို့သော်လည်း ‘ချောင်’၏ အသွင်အပြင်မှာ အလွန် ခန့်ညားသွားသည်။‘ကွမ်ယု’သည်  ချိုကွေး နှစ်ချောင်း ပေါက်လာပြီး သေမင်းပုံစံ ဖြစ်သွားသည်။မာချောင်နှင့် ကျောက်ယွမ်တို့၏ အသွင်အပြင်မှာလည်း ပြောင်းလဲသွားသည်။ဤအရာသည် ဟွာရုံတောက်၏ နတ်ဆိုးဗားရှင်း ဖြစ်သွားသည်။

ဤရက်ပိုင်းအတွင်း အဲဒက်စ်နှင့် စလီတို့နှင့် စကားစမြည်ပြောရင်း နတ်ဆိုးဘုံ၏ ယေဘုယျဗဟုသုတများကို ချန်လွေ့သိရှိသွားသည်။ချန်လွေ့ နေနေသည့် အမှောင်လ မြို့သည် ကြယ်ကြွေတမန် အင်ပါယာ၏ ပိုင်နက်တစ်ခုဖြစ်ပြီး အုပ်ချုပ်သူမှာ အဲလစ်၏ အစ်မဖြစ်သူ မင်းသမီး ရှီရာ လူစီဖာ ဖြစ်သည်။

နတ်ဆိုးဘုံ၌ အများဆုံးတွေ့ရသည့် နတ်ဆိုးများမှာ သေမင်း၊ကဝေမ၊အဇရူပဒေဝတာ၊သေရွာပြန်၊မှင်စာ စသည်တို့ ဖြစ်ကြသည်။

( အဇရူပဒေဝတာ = ဂရိနှင့်ရောမဒဏ္ဍာရီလာယောက်ျားတစ်ပိုင်းဆိတ်ထီးတစ်ပိုင်း ဖြစ်သောသစ်တောနတ် )

ဤ နတ်ဆိုးများ တစ်ဦးစီ၌ ထူးခြားသော သွင်ပြင်လက္ခဏာများ ရှိကြသည်။

မဟာနတ်ဆိုးဟု သိကြသည့် သေမင်းသည် တော်ဝင်မိသားစုပြီးလျှင် အဆင့်မြင့်ဆုံးနတ်ဆိုးဖြစ်သည်။သူတို့သည် မွေးကတည်းက အစွမ်းထက် စစ်သည်များဖြစ်ကြပြီး လက်နက်အားလုံးအသုံးပြုရာ၌ အထူးကျွမ်းကျင်ကြသည်။စိတ်ဝိညာဉ် သို့မဟုတ် ခွန်အားကို အထူးပြု ဦးစားပေး ရွေးချယ်နိုင်တယ်။နှစ်မျိုးစလုံးကိုလည်း ရွေးချယ်နိုင်ပေသည်။တချို့ မဟာနတ်ဆိုးများသည် သူတို့၏ သွေးမျိုးဆက် သန္ဓေပြောင်းလဲသွားလျှင် ပို၍ပင် အစွမ်းထက်လာကြသည်။သာမန် မဟာနတ်ဆိုး၏ အထက်ကန့်သတ်ချက်မှာ အဆင့်မြင့် နတ်ဆိုးဖြစ်သည်။သန္ဓေပြောင်းများက ထိုအကန့်အသတ်ကို ကျော်လွန်ပြီး ပိုမြင့်သည့်အဆင့်ကို တက်လှမ်းနိုင်သည်။

အဇရူပ‌ဒေဝတာ သည် သန်မာသည်။ရဲရင့်သည်။အကြောက်တရားကင်းသည်။ များသောအားဖြင့် တိုက်ခိုက်ရာ၌ အကောင်းဆုံး ရှေ့တန်းသမားများဖြစ်ကြသည်။ တချို့သည်လည်း ပန်းပဲသမားများ ဖြစ်သွားကြသည်။အထက် ကန့်သတ်ချက်မှာ အလယ်အဆင့်ဖြစ်သည်။

သေရွာပြန်သည် အကြမ်းမခံသော်လည်း မှော်စွမ်းအား ကြီးသည်။ပါရမီရှိသူ အနည်းငယ်သည် နတ်ဆိုးသားရဲများကို ယဉ်ပါးစေနိုင်သည့် အစွမ်းရှိသည်။သူတို့၏ အထက် ကန့်သတ်ချက်မှာ အလယ်အဆင့်ဖြစ်သည်။

ကဝေမသည် စိတ်ဝိညာဉ်ကိုသာ အထူးပြုသည့် အမျိုးသမီးသီးသန့် မျိုးနွယ်ဖြစ်သည်။သူတို့၌ လူတိုင်းအား ညှို့ငင်ဆွဲဆောင်နိုင်သည့် ပါရမီရှိကြသည်။မျိုးပွားခြင်းနှင့် ပတ်သက်၍ မွေးလာသောကလေးမှာ မိန်းကလေး ဖြစ်နိုင်ချေများပြီး မိန်းကလေးဆိုသည်နှင့် ကဝေမ တစ်ယောက် ဖြစ်လာပေမည်။အထက် ကန့်သတ်ချက်မှာ အလယ်အဆင့် ဖြစ်သည်။

စလီကဲ့သို့ မှင်စာများမှာ အဆင့်အနိမ့်ဆုံး နတ်ဆိုးများဖြစ်ကြသည်။တိုက်ပွဲများတွင် သူတို့အား စတေးကြသည်။အဆင့်ပိုမြင့်သည့် မှင်စာများသည် အခြားသူများအး စိတ်ရှုပ်ထွေးနိုင်သည့် ပုံရိပ်ယောင်အစွမ်းရှိသည်။သန္ဓေပြောင်း အရေအတွက် အနည်းငယ်သာ သေမင်းအဖြစ် အဆင့်တက်နိုင်ကြသည်။

အမှောင်နတ်သူငယ် နှင့် အမှောင်လူပုလေး တို့သည် ငွေဝယ်ကျွန် မျိုးနွယ် ဖြစ်သော်လည်း နတ်ဆိုးမိသားစုတွက် မရှိမဖြစ်ပေ။အမှောင်နတ်သူငယ်သည် ခိုးယူခြင်း၊လုပ်ကြံခြင်း၊အဆိပ်ခပ်ခြင်းများ ကျွမ်းကျင်သည်။သို့သော်လည်း အဲဒက်စ်ကဲ့သို့ ဆေးပညာကို အထူးပြုပြီး ဆရာသခင်တစ်ယောက် ဖြစ်လာမည်မှာတော့ ခြွင်းချက်ဖြစ်သည်။ထို့ပြင် အမှောင်နတ်သူငယ် အနည်းစုသည် ထိပ်တန်းမှော် ပါရမီရှိကြပြီး သေရွာပြန်ထက် ပိုအစွမ်းထက်သည့် အောက်လမ်းဆရာ ဖြစ်လာကြသည်။

အမှောင် လူပုလေးများသည် အရပ်ပုကာ ရုပ်ဆိုးပြီး တိုက်ခိုက်စွမ်းအား အနည်းငယ်သာ ရှိသော်လည်း သူတို့၏ ဖန်တီးနိုင်စွမ်းအား အံ့ဩစရာကောင်းလှသည်။သူတို့သည် လက်မှုပညာနှင့် တီထွင်မှုများကို အထူးပြုကြသည်။အချို့ ထူးချွန်သူများသည် အဂ္ဂိရတ်ပညာ၌ ယန္တရားဆရာသခင် ဖြစ်လာကြသည်။

နတ်ဆိုးဘုံရှိ လနှစ်စင်း၏ အထူးစွမ်းအားကြောင့် သွေးနှောမရှိပေ။မတူညီသည့် မျိုးနွယ်နှစ်ခု ပေါင်းစည်းလျှင်ပင် ကလေးသည် မိခင်၏ မျိုးနွယ် သို့မဟုတ် ဖခင်၏ မျိုးနွယ်သာ ဖြစ်ပေမည်။

ထို့ပြင် နတ်ဆိုးဘုံ၌ ‌ဒြပ်စင်မျိုးနွယ်၊မိစ္ဆာမျက်လုံး၊မြေပြင်ကနေ နှင်ထုတ်ခံရတဲ့ ကျဆုံးနဂါးများ၊နတ်ဆိုးသားရဲများ စသည့် အစွမ်းထက် သတ္တဝါကြီးများလည်း ရှိသေးသည်။ထို့ကြောင့် ဤနေရာသည် အန္တရာယ်များ ပြည့်နေပေသည်။

လူသားများထက်စာလျှင် နတ်ဆိုးများ၏ စဦးစွမ်းအားသည် ပိုများသည်။သို့သော်လည်း နတ်ဆိုးတို့၏ တိုးတက်ရန် အခြေအနေမှာ နည်းပါးလှသည်။လူသားတို့၏ ပါရမီ မည်သို့ပင်ရှိစေကာမူ စမှတ်များဖြစ်သည့် မွေးခါစ၌ အတူတူနီးပါးပင်ဖြစ်သည်။ သို့သော်လည်း နတ်ဆိုးများက ထိုသို့မဟုတ်။အဆင့်ကွာခြားမှုသည် မွေးကတည်းက သိသာလှသည်။အရွယ်ရောက်ပြီးသည့်အခါ အထက် အကန့်အသတ်သို့ ရောက်ရှိသွားသည်က များပြီး ထိုမှ အဆင့်တက်လှမ်းရန် ခက်ခဲလှသည်။

တစ်နည်းဆိုရသော် နတ်ဆိုးတို့၏ စမှတ်မှာ လူသားတို့ထက် မြင့်ပြီး သက်တမ်းလည်း ပိုရှည်သည်။သို့သော်လည်း သူတို့၏ ပြုပြင်နိုင်မှုသည် လူသားတို့ထက် နိမ့်ကျပေသည်။နတ်ဆိုးတို့၏ အဆင့် မြင့်လေလေ တိုးတက်ရန် လုပ်စရာများ ပို၍ များလေလေပင် ဖြစ်သည်။

ရှီရာ နှင့် အဲလစ် တို့သည် နတ်ဆိုးတို့၏ တော်ဝင်မိသားစုဝင်များ ဖြစ်ကြသည်။ယေဘုယျအားဖြင့်ဆိုရသော် တော်ဝင်မိသားစုသည် အဆုံးမရှိသည့် အလားအလာရှိသော အစွမ်းထက်ဆုံးလူသားနှင့် ဆင်တူ‌ပေသည်။တိုက်ပွဲများတွင် သူတို့သည် သာမန်နတ်ဆိုးများကို သဘာဝအလျောက် အကျပ်ကိုင်နိုင်သည်။သွေးမျိုးဆက်၏ အစွမ်းထက်ဆုံးသည် ကြောက်မက်ဖွယ်ရာ ဖိအားများ ထုတ်ပေးနိုင်သည့် အထူးပါရမီတစ်ခု ပိုင်ဆိုင်ပေသည်။

အဲဒက်စ်နှင့် စလီတို့သည် မင်းသမီးနှစ်ယောက် အကြောင်းနှင့် ကြယ်ကြွေတမန် အင်ပါယာအကြောင်း များများစားစား မပြောခဲ့ပေ။ တော်ဝင်မျိုးနွယ်အပေါ် သူတို့၏ ရိုသေလေးစားမှုကြောင့် ဖြစ်ပေလိမ့်မည်။

“ ဒီဇတ်ရုပ်တွေက ပုံရိပ်ကောင်းကောင်းမရှိဘူး။ကမ္ဘာဦးခေတ်က စွမ်းအားကြီးသူတွေက ဒီလိုမျိုးမဟုတ်ဘူး။ပြင်ဆင်ပြုပြင်ခြင်းဆိုတာက သမိုင်းကြောင်းအတိုင်း လုပ်သင့်တယ်။ ”

ချန်လွေ့သည် ဟွာရုံတောက်၏ နတ်ဆိုးနယ်ပယ် ဗားရှင်းကို ဝေဖန်လိုက်သည်။သမိုင်းကြောင်းအား ချန်လွေ့ဂရုမစိုက်တော့ပေ။

ငါရှုပ်ပွအောင် လုပ်ခဲ့ပြီပဲ။မဟာဆရာသခင် စွန်းဝူခုန်း ဆိုတာကတော့ တမလွန်က ဝူချန်အန်ကို မျက်ရည်နဲ့ မျက်ခွက် ဖြစ်စေမှာပဲ။

အဲဒက်စ်သည် ထိုဝေဖန်မှုအား လက်ခံလိုက်ပြီး ရှက်ရှက်နှင့်ပြုံးပြလိုက်သည်။

“ ငါ့လက် ယားနေလို့ပါ။နောက်တစ်ခေါက်ကျရင် မင်းပြောတဲ့အတိုင်း လုပ်လိုက်မယ်။ဒီတစ်ခေါက် ငါက ၂၀၉ ကွက် နဲ့ပဲ အောင်မြင်သွားတယ်။အရင်တစ်ခေါက်ထက် ပိုကောင်းတာပေါ့။ ”

ချန်လွေ့ ခေါင်းအနည်းငယ် ခါလိုက်ပြီး သက်ပြင်းချလိုက်သည်။

“ မလုံလောက်သေးဘူး။ဆရာသခင် စွန်းဝူခုန်းက ၈၁ကွက်နဲ့ပဲ ကျော်ဖြတ်ခဲ့တာ။သူ့ရဲ့ တွက်ချက်မှုအတိုင်းဆို အဲ့ဒီထက်တောင် နည်းနိုင်တယ်။ ”

တစ်ကွက်လျှော့စေရန် သေသေချာချာ တွက်ချက်ရမည်ကို အဲဒက်စ် သိသည်။သူ ပထမဆုံး ဟွာရုံတောက်အား ဖြေရှင်းရာ၌ အလွန် ဘဝင်ကျနေသည့်အတွက် အကွက်မည်မျှ သုံးခဲ့သည်ကိုပင် မမှတ်မိတော့ပေ။ဒုတိယတစ်ခေါက်သည် အကွက်၃၀၀ ဖြစ်မည် ထင်ရသည်။ချန်လွေ့က ကစားပွဲအား အကွက်၁၀၀တည်းဖြင့် အဆုံးသတ်လိုက်သည်ကို တွေ့လိုက်ရသည့်အခါ ဆရာသခင်ဝူခုန်း၏ မှတ်တမ်းများကို မော်ကြည့်ရုံသာကြည့်နိုင်သည်ဟု အဲဒက်စ် ယုံကြည်သွားသည်။

“ တကယ်တော့ “ ဓားကိုင်ရင်းမြင်းစီး ” တဲ့ အစီအစဉ်က ဟွာရုံလမ်းရဲ့ အစီအစဉ်တစ်ခုပဲ။ထပ်ပြီးရှိသေးတယ်။ဒါပေမဲ့လည်း ဟွာရုံတောက်က မဟာဆရာသခင်အတွက် နားနေချိန်မှာ လုပ်တဲ့ဟာပါပဲ။တအား စိတ်ထဲထားစရာမလိုပါဘူး။ ”

ဟွာရုံတောက်အား စိတ်နှစ်နေသည့် အဲဒက်စ်အား ချန်လွေ့ တမင်ပြောလိုက်သည်။ချန်လွေ့သည် အဲဒက်စ်အား ကစားနေသည်မှာ အသေအချာပင်ဖြစ်သည်။သို့သော်လည်း အမှောင်နတ်သူငယ်က ခေါင်းခါပြီး ပြောလိုက်သည်။

“ ဆရာသခင်ကတော့ တကယ့် ဆရာသခင်ပါပဲ။သူ့အတွက် အသေးအဖွဲက ငါတို့အတွက် လေ့လာစရာ တန်ဖိုးကြီး တစ်ုပဲ။ ”

“ ဒါပေမဲ့ ခင်ဗျားရဲ့ ဆေးဝါးတွေကိုလည်း လျစ်လျူရှုလို့ မရဘူးလေ။ ”

ချန်လွေ့ စကားလမ်းကြောင်း ပြောင်းလိုက်ပြီး သူ၏ရည်ရွယ်ချက်အမှန် ပြသလိုက်သည်။

“ ခင်ဗျားရဲ့ ဆေးရည်တွေကို ကျုပ်ဆက်ပြီး စမ်းကြည့်ပေးမယ်လေ။အဆိပ်ပိုရှိလေ ပိုကောင်းလေပဲ။ခင်ဗျားတကယ်လို့ ဆရာသခင်ဝူခုန်း၏ ကောင်းချီးပေးမှုကို အက်ကွဲအောင်လုပ်နိုင်ရင် ခင်ဗျားရဲ့ ဆေးရည်တွေက ပိုမြင့်တဲ့အဆင့်ကို ရောက်သွားနိုင်မှာပဲ။ ”

‌အဆိပ်ရည်တွေကို စမ်းသပ်တာလား။အဲ့ဒါက သေချာပေါက် စူပါစနစ်ရဲ့ စတင်ခြင်း တိုးတက်နှုန်းကို တိုးစေဖို့ပေါ့။

ချန်လွေ့ သေသေချာချာသိနေသည်။

ဟွာရုံတောက်က ငါ့ကို ယာယီပဲ ကယ်တင်နိုင်မယ်။ဒါက ရေရှည်အတွက် အဖြေ မဟုတ်ဘူး။ငါ အစွမ်းထက်မှပဲ နတ်ဆိုးဘုံကနေ အမြန်ဆုံး ထွက်ပြေးနိုင်ပြီးတော့ ငါ့ကိုယ်ငါ ကယ်တင်နိုင်မှာ။ဒီ လျို့ဝှက်ဆန်းကြယ်တဲ့ စူပါစနစ်က ငါ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နိုင်တယ်။

အမှောင်နတ်သူငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ ကောင်းချီးပေးခံရတာ ကျိုးပျက်ပြီးတော့ သေသွားမှာ မကြောက်ဘူးလား။ ”

“ ဆေးပင်တွေရဲ့ ဂုဏ်သတ္တိတွေကို ပိုနားလည်ဖို့ ဆရာသခင်ဝူခုန်းက ဆေးပင်တွေအားလုံးကို ကိုယ်တိုင် အရသာခံခဲ့တယ်။အဆိပ်မိလို့ သေမလို ဖြစ်ခဲ့တာ အများကြီးပဲ။သူက မက်မွန် လိုမျိုး ဆေးလုံးကို လုပ်နိုင်ခဲ့တာက ထူးခြားတဲ့ ပါရမီကြောင့်မဟုတ်ဘဲ ဇွဲ့လုံ့ဝနဲ့ မဆုတ်မနစ်ကြိုးစားခဲ့လို့ပဲ။

ချန်လွေ့သည် စွန်းဝူခုန်းတွင် ကောင်းကင်လယ်သမား ရောင်ခြည် ပေါင်းထည့်လိုက်သည်။

“ ကိုယ်တိုင် မြည်းကြည့်တာလား။ ”

အဲဒက်စ်ရဲ့ မျက်နှာတွင် ရိုသေလေးစားမှုများ အပြည့်ဖြစ်သွားသည်။

“ ‌ဒါကြောင့်သူက နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ မဟာဆရာသခင်တစ်ယောက် ဖြစ်သွားတာကိုး။အသိပညာတွေအပြင်ကို ငါပိုလေ့လာစရာတွေ အများကြီး ရှိနေသေးတာပဲ။  ”

ချန်လွေ့သည် အဲဒက်စ်၏  မျက်နှာရှိ စိတ်အားထက်သန်မှုကို မြင်လိုက်သည်။အဲဒက်စ်အမှန်တကယ်ပင် ဆေးပင်များအား မြည်းကြည့်မည်ကို ချန်လွေ့စိုးရိမ်သွားပြီး အမြန်ပြောလိုက်သည်။

“ ဒီရက်တွေမှာ မဟာဆရာသခင်ရဲ့ အကြွင်းအကျန်တွေကနေ အကြံပေးမှုတွေရတယ်။ကျုပ်အရမ်းကို ကျေးဇူးတင်မိတယ်။မဟာဆရာသခင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ ကျုပ်ဆုံးဖြတ်လိုက်ပြီ။ကံမကောင်းတာက ကျုပ်မှာ ဆေးဝါးနဲ့ပတ်သက်ပြီး အခြေခံမရှိတာပဲ။ကျုပ် ဒီလိုနက်နဲတဲ့ အသိပညာတွေကို နားမလည်နိုင်ဘူး။ဆရာ။ကျုပ်က လူသားဖြစ်ပေမဲ့လည်း ကူညီနိုင်မလား။ ”

“ ကူညီမှာပေါ့။ဒီနေ့ကစပြီး မင်းကိုငါ ဆေးပညာအခြေခံတွေ သင်ပေးမယ်။ ”

အဲဒက်စ် ရိုးသားသည့် နတ်ဆိုး မဟုတ်သော်လည်း စစ်မှန်သည့် အဆိပ်သခင် တစ်ယောက်ဖြစ်သည်။ယခုတစ်ခေါက်တော့ သူ တကယ်ပင် ရင်ထဲထိသွားလေပြီ။ သွေးသောက်ညီအစ်ကိုအဖြစ် သစ္စာဆို လုနီးပါးဖြစ်သွားသည်။

“ ကျေးဇူးပါပဲ။ဆရာ။ဘယ်လောက်ပဲ ခက်ခဲပါစေ ကျုပ်ကြိုးစားသွားပါ့မယ်။ ”

အဲဒက်စ်၏ အမူအရာကိုကြည့်ရင်း မည်သည်မျှ စိုးရိမ်စရာမလိုဘဲ နေနိုင်ပြီဖြစ်ကြောင်း ချန်လွေ့သိလိုက်ပြီး အခွင့်အရေးကို အရယူကာ ဆေးပညာအကြောင်း သင်ယူရန် ဆုံးဖြတ်လိုက်သည်။

အဲဒက်စ်သည် “ ဆေးပင်အခြေခံများ ”စာအုပ် သွားယူလိုက်ပြီး ဉာဏ်အလင်းပြ သင်ကြားရန် ပြင်လိုက်စဉ် မင်းသမီးလေး ဝင်လာလေသည်။မင်းသမီးလေး အဲလစ်နဲ့အတူ ခီရာအပြင် ဆံပင်တိုတိုနှင့် သူစိမ်း မိန်းကလေးတစ်ယောက်လည်း ပါလာ‌သည်။

ထိုမိန်းကလေးသည် လှပပြီးခရမ်းနုရောင်ဆံပင်၊အနီရောင်မျက်လုံး၊ညိုဖျော့ဖျော့ အသားအရေ၊အချိုးအစားညီမျှသည့် ခန္ဓာကိုယ်ရှိသည်။မျက်လုံးကြား၌ သူရစိတ်ဝိညာဉ်တစ်ခုရှိပြီး အနည်းငယ် လှစ်ဟာပြနေသည့် နီညိုရောင် ချပ်ကာကို ဝတ်ဆင်ထားသည်။သူသည် ဓားကြီးတစ်ချောင်းကို လွယ်ထားပြီး အရိုင်းဆန်သည့် ညှို့ဓာတ် ပျံ့လွင့်နေလေသည်။

ဆံပင်တိုနှင့် မိန်းကလေးသည် မိန်းမလှတစ်ယောက် ဖြစ်သော်လည်း နတ်ဆိုးမ တစ်ယောက်မြင်တိုင်း ချန်လွေ့ ကြောက်လန့်မိသည်။အထူးသဖြင့် အဲလစ်ခေါ်လာသည့် မိန်းကလေးများပင်။ချန်လွေ့သည် စိတ်နှလုံးမကောင်းသည့် လိုလီ နှင့် အမြုတေစုပ် မာယာရှင် တို့ကြောင့် စိတ်ဒဏ်ရာ ခံစားနေရလေသည်။

“ အသီနာ။ဒါက ငါပြောတဲ့ လူသားလေ။သူက အတော်လေး စိတ်ဝင်စားစရာကောင်းတယ်။ ”

အဲလစ်က အသီနာ၏ လက်မောင်းကို ရင်းရင်းနှီးနှီး ကိုင်လိုက်သည်။အသီနာ၏ ကိုယ်လုံးကိုယ်ပေါက် နှင့် နူးညံ့လှသည့် မျက်နှာအား မစဉ်းစားလျှင် ချန်လွေ့သည် သူတို့အား စုံတွဲဟု ထင်ပေလိမ့်မည်။

“ ဆရာအဲဒက်စ်။မင်္ဂလာပါ။ ”

အသီနာသည် အဲလစ်ကဲ့သို့ သာမန်ကာလျှံကာ မဟုတ်ဘဲ ရိုရိုသေသေ ဦးညွှတ်လိုက်သည်။သို့သော်လည်း ထို ယဉ်ကျေးမှုသည် အမှောင်နတ်သူငယ် အတွက်သာ ဖြစ်သည်။ချန်လွေ့အား ကြည့်ရာတွင် သူသည် မရိုးမဖြောင့်နှင့် စစ်ဆေး‌လိုက်သည်။

ချန်လွေ့သည် တိရစ္ဆာန်ရုံရှိ လှောင်အိမ်များထဲ ရောက်နေပြီး ခရီးသွားများ လာလည်ကြသကဲ့သို့ ခံစားနေကြသည့်အတွက် အဲဒက်စ်ဆီသို့ ခေါင်းလှည့်ပြီး အကူအညီတောင်းလိုက်သည်။

သို့သော်လည်း အဲဒက်စ်က မသိချင်ယောင်ဆောင်လိုက်ပြီး ဟွာရုံတောက်၏ နတ်ဆိုးဘုံဗားရှင်းကို အင်္ကျီလက်ထဲတွင် တိတ်တဆိတ် ဝှက်ထားပြီး တွေးနေလိုက်သည်။

အသီနာက ကိုင်တွယ်ရလွယ်သေးတယ်။အမှောင်လ မြို့မှာ လူဆိုးမလေးလို့ နာမည်ကြီးတဲ့ မင်းသမီးအဲလစ်ကတော့......။ငါအများကြီး ကြိုးစားအားထုတ်ထားရတဲ့ စစ်တုရင်ကို နောက်တစ်ခါ သူယူသွားခွင့် မပေးနိုင်ဘူး။

အဲဒက်စ်၏ လှုပ်ရှားမှုများသည် မသိသာသော်လည်း လိုလီလေး၏ စူးရှသည့် မျက်လုံးများကို မကျော်လွန်နိုင်ခဲ့ပေ။အဲလစ်၏ မျက်လုံးကြီးများက အဲဒက်စ်၏ အင်္ကျီလက်အားကြည့်ရင်း ခေါင်းလှည့်လိုက်သည်။ထိုလှုပ်ရှားမှုက သိသာလှသည့်အတွက် အသီနာ၏ အာရုံစိုက်မှုလည်း ပြောင်းလဲသွားသည်။

“ ဆရာ့ရဲ့ အင်္ကျီလက်ထဲမှာ ဘာဝှက်ထားတာလဲ။ပြကြည့်ပါလား။ ”

“ ဘာမှမဟုတ်ပါဘူး။ဟွာရုံတောက်တစ်ခု အမြန်လုပ်ထားတာလေးပါ။ ”

အဲဒက်စ်သည် အခြေအနေဆိုးကြောင်း သတိထားမိသွားပြီး ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ အိုး။ဟုတ်သားပဲ။ချန်လွေ့။မနေ့တစ်နေ့က မင်းသမီးလေးအဲလစ်ကို ပေးမယ်လို့ ကတိပေးထားတဲ့ လက်ဆောင် ဘယ်မှာလဲ။ ”

အဲလစ်၏ အာရုံစိုက်မှုလည်း ပြောင်းသွားပြီး ချန်လွေ့အား မျှော်လင့်ချက်ဖြင့် ကြည့်လိုက်သည်။

“ လူသားအစ်ကို။လက်ဆောင်ကို စောင့်နေတယ်နော်။ ”

“ အစ်ကို ” ဟု ချိုချိုသာသာ ပြောဆိုမှုသည် ချန်လွေ့အား လွန်ခဲ့သောသုံးရက်က အတွေ့အကြုံများကို ပြန်သတိရလာစေတယ်။ချန်လွေ့ ထခုန်ပြီး အော်ပြောလုမတတ် ဖြစ်သွားသည်။

လှည့်ကွက်တစ်ခုတည်းက လောကကူးလာတဲ့သူအတွက် အလုပ်မဖြစ်ဘူး။ မင်းသရုပ်ဆောင်တာက အကဲပိုလွန်းတယ်။

လိုလီလေးသည် စိတ်နှလုံးမကောင်းသော်ငြားလည်း သူ၏ ချစ်စရာကောင်းမှု ဖိအားအောက်တွင် ချန်လွေ့သည် တစ်စုံတစ်ခုအား ချက်ချင်း ယူထုတ်လိုက်သည်။

All Chapters