← Chapters

အသီနာနှင့် ရင်းနှီးမှု

Vol. 1 Ch. 15

အသီနာနှင့် ရင်းနှီးမှု

Vol. 1 Ch. 15

ချန်လွေ့သည် သေစေနိုင်လောက်သည့် အဆိပ်၏ တိုက်စားမှုကို ခံစားရင်း ပါ့ဂ်လီအိုအား ယုံကြည်လာစေရန် အတော်ပင် ကြိုးစားအားထုတ်လိုက်ရသည်။

ရတနာခွဲဝေသည့်အပိုင်းသို့ ရောက်သည့်အခါ ချန်လွေ့သည် ၄:၆ ကို တမင်ပင် ၆:၄ ဟု ပြောလိုက်သည်။ပါ့ဂ်လီအို ချက်ချင်း ထခုန်တော့သည်။

“ အိပ်မက်မက်မနေနဲ့။လောဘကြီးတဲ့ကောင်။အဲ့ဒါက ၄:၆ ဆိုတာ အသေအချာပဲ။ ”

ပစ္စည်းဥစ္စာများသည် နဂါးများ သတိအရဆုံးဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း သဟဇီဝ စာချုပ်အား မကျော်နိုင်ပေ။၎င်းသည် တစ်သားတည်း ဖြစ်နေလေသည်။အဆိပ်နဂါးသည် အစကတည်းက ပြန်မှတ်မိနေလေပြီ။တမင်တကာပင် အပျင်းပြေစေရန်အတွက် လုပ်ခဲ့ခြင်းဖြစ်သည်။

ပါ့ဂ်လီအိုက လူသားမဟာမိတ်၏ လောဘကို ဝေဖန်ပြီးနောက် အရင်ရက်ပိုင်းအတွင်း ဂေါ်လီကျားကွက်၌ သူ၏ အောင်မြင်မှုများကို ချန်လွေ့အား ကြွားလုံးထုတ်‌ တော့သည်။ချန်လွေ့ ထွက်သွားပြီးကတည်းက အဆိပ်နဂါးသည် ထိုကစားနည်း၌ စိတ်နှစ်ထားခဲ့ခြင်း ဖြစ်သည်။

ချန်လွေ့သည် ဘုတ်ပြားပေါ်ရှိ ကျန်ရှိသော ဂေါ်လီ ၄လုံးအား ကြည့်ပြီး ဘာမှ မပြောခဲ့ပေ။ထို့နောက် ချန်လွေ့သည် ကျားကွက်အား ပြန်စီပြီး စတင် ရွှေ့တော့သည်။ ဘုတ်ပြားပေါ်၌ နောက်ဆုံးကျန်သည့် ဂေါ်လီ အရေအတွက်နှင့် ချန်လွေ့သုံးခဲ့သည့် အကွက်အရေအတွက်ကိုကြည့်ရင်း အဆိပ်နဂါး နာကျင်သွားသည်။အမှန်တွင် ချန်လွေ့၌ ပို၍ရိုးရှင်းသော နည်းလမ်းတစ်ခု ရှိသည်။ကျားကွက်အား ၁၈ကွက်နှင့် ပြီးစီးပြီး အလယ်၌ ဂေါ်လီတစ်လုံးသာ ကျန်သည့် “ ဉာဏ်ကြီးရှင် ” အဆင့် ဖြစ်သည်။ထိုနည်းလမ်းသည် သူ၏ မူလ အကြံဉာဏ်မဟုတ်ပေ။ဘိုးဘေးများ၏ ဉာဏ်ပညာများသာ ဖြစ်သည်။

ဟွာရုံတောက် ဖြစ်စေ ဂေါ်လီကျားကွက် ဖြစ်စေ ချန်လွေ့သည့် သိသမျှ အဆင့်မြင့်ဆုံး ဖြေရှင်းနည်းကို မသုံးခဲ့ပေ။ကစားသူများအား ပို၍စိတ်ဝင်စားစေရန်အတွက် ပို၍ တွေးစေရန် ဖြစ်သည်။

ပို၍ ရိုးရှင်းသာ့် အကွက်များအကြောင်း ကြားလိုက်ရာ ပါ့ဂ်လီအိုသည် ပို၍ပင် စိတ်ဝင်စားသွားသည်။သို့သော်လည်း ယခုသည် ကစားရန် အချိန်မဟုတ်ပေ။ ပါ့ဂ်လီအိုသည် အဝေးမှ အသီနာအား ကြည့်ပြီး အော်ပြောလိုက်သည်။

“ မိန်းကလေး။ဆရာသခင် ပါ့ဂ်လီအို အသားကင် စားချင်တယ်။သားကောင်တွေ သွားဖမ်းထား။မင်းရဲ့ ကောင်လေးက ဆရာသခင် ပါ့ဂ်လီအိုနဲ့အတူ ကျားကစားနေမယ်။ ”

သူ့ရဲ့ အသားကင်အကြောင်း မှတ်ဉာဏ်ကတော့ တော်တော်ကောင်းတာပဲ။

ချန်လွေ့သည် ပါ့ဂ်လီအိုအား အထင်သေးစွာ ကြည့်လိုက်သည်။အသားကင်သည် ယခင်က အဆိပ်နဂါးနှင့် သဘောတူထားသည့် အချက်တစ်ချက်ဖြစ်ကြောင်း အသီနာ သိသည်။သူ ဘာမှမပြောဘဲ မြင်ကွင်းမှ အလျင်အမြန် ပျောက်သွားသည်။

“ ဒီမိန်းကလေးက သန္ဓေပြောင်း သွေးမျိုးဆက်ပဲ။သူ့မှာ ပုံစံ နှစ်မျိုးရှိတယ်။တိုက်ပွဲတွင်း နတ်ဆိုးပုံစံက မင်းအကြိုက် မဟုတ်ရင်တောင် သာမန်ပုံစံကလည်း အတော်လေး လှတယ်။ဘယ်လိုလဲ။မင်းသူ့ကို အိပ်ယာပေါ် ခေါ်နိုင်ခဲ့လား။ ”

ပါ့ဂ်လီအိုက မျက်လုံးမှေးလိုက်သည်။

“ ခင်ဗျားပဲ ခန္ဓာကိုယ် အောက်ပိုင်းကိုသုံးပြီး စဉ်းစားတာ။ကျုပ်က ဘယ်လိုလုပ် ဒီလို စွမ်းဆောင်နိုင်မှာလဲ။တကယ်တော့ အသီနာက လူကောင်းတစ်ယောက်ပါပဲ။သူ့ မိတ်ဆွေတွေအပေါ် ကောင်းတယ်။ကျုပ်သူ့ကို မလိမ်ချင်ဘူး။ကျုပ်တို့က မိတ်ဆွေတွေပဲ ဖြစ်မှာပါ။သူ ကူညီဖို့ များပါတယ်။ ”

“ ဘာပဲဖြစ်ဖြစ်ပါ။ရည်ရွယ်ချက် ပြီးမြောက်ရင် ရပြီ။ ”

ပါ့ဂ်လီအို ဟန်လုပ် ပြုံးလိုက်သည်။

“ ဒါပေမဲ့ နဂါးမျိုးနွယ်မှာ ဆိုရိုးနှစ်ခု ရှိတယ်။ယောကျာ်းနဲ့မိန်းမကြားမှာ မိတ်ဆွေလိုမျိုး ခင်မင်မှုဆိုတာမရှိဘူး။ခင်မင်မှုက အချစ်ရဲ့အစပဲ။ပထမအဆင့်ကို မင်းလှမ်းနိုင်ခဲ့ပြီလို့ ပြောလို့ရတယ်။မင်းက တကယ့်ကို ရွံစရာကောင်ပဲ။ ”

ချန်လွေ့သည် အဆိပ်နဂါးနှင့် ငြင်းနိုင်မည် မဟုတ်သည်ကို သိသည့်အတွက် ပြောလိုက်သည်။

“ ပါ့ဂ်လီအို။အခြားအကြောင်းတွေ ပြောမနေနဲ့။အသီနာ မရှိဘူးဆိုတော့ နဂါးထွင်းစာ တွေကို စပြီး လေ့လာတာပေါ့။ ”

ထိုအကြောင်းကြားလိုက်ရာ ပါ့ဂ်လီအိုသည်လည်း တည်ကြည်လေးနက်သွားသည်။

ထွင်းစာများသည် အခုံးနဲ့အခွက် ပုံစံများအတိုင်း ယင်နှင့်ယန် စာသားများအဖြစ် ပိုင်းခြားထားသည့် ထွင်းထားသော စာသားများကို ဆိုလိုခြင်းဖြစ်သည်။နဂါးထွင်းစာသည် ရှေးဟောင်းနဂါး၏ အထူးဂါထာတစ်ခုဖြင့် ထွင်းထားသည့် မန္တန် တစ်ခုဖြစ်သည်။ထွင်းစာ တစ်ခုစီ၌ နက်နဲသော အဓိပ္ပာယ် ပါရှိပြီး ကြီးမာသည့်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။ ထွင်းစာအပေါ် အသုံးပြုသူရဲ့ နားလည်မှုနဲ့ ခွန်အား တိုးလာသည်နှင့်အမျှ ထွင်းစာ၏ စွမ်းအားသည်လည်း တိုးတက်လာသည်။အလွန်နက်နဲလှသည့်အတွက် နဂါးတော်တော်များများ မကျွမ်းကျင်ကြပေ။

စည်းမျဉ်းအတိုင်း စီစဉ်ထားသည့် ထွင်းစာများ အစဉ်လိုက်သည် ထွင်းစာ တစ်ခုချင်း စုစုပေါင်း စွမ်းအားထက် အဆများစွာ သာလေသည်။နဂါးထွင်းစာသည် အစွမ်းထက် လှသော်လည်း ဖန်တီးသူ၏စွမ်းအားနှင့် ဆက်နွှယ်မှုကြောင့် အခြားသတ္တဝါများနှင့် ယှဉ်လျှင် နဂါးများအပေါ်၌ ထွင်းစာများ၏ သက်ရောက်မှု အားနည်းပေသည်။

ပါ့ဂ်လီအိုသည် ချန်လွေ့အား ပထမဦးစွာ အခြေခံထွင်းစာကြမ်းများကို သင်ပေးသည်။ချန်လွေ့၏ မှတ်ဉာဏ်သည် ကောင်းလှသဖြင့် ခပ်မြန်မြန် မှတ်မိနိုင်သည်။သို့သော်လည်း နားလည်ရန် အလွန်ခက်ခဲသည်ဟု ချန်လွေ့ ခံစားရသည်။ယခု အလွတ်မှတ်ပြီး နောက်မှ ဖြည်းဖြည်းချင်း ကြေညက်အောင် လုပ်ရပေမည်။ချန်လွေ့ မှတ်ဉာဏ်ကောင်းသည်ကို ပါ့ဂ်လီအို သတိထားမိသွားပြီး ပိုပြည့်စုံသည့် ထွင်းစာများကို သင်ပေးလိုက်သည်။

မကြာမီပင် သားကောင်များနှင့်အတူ အသီနာ ပြန်လာသည်။ချန်လွေ့လည်း စားဖိုမှူးအလုပ် လုပ်ရတော့သည်။ယခင်တစ်ခေါက်က ပါ့ဂ်လီအိုသည် အဲလစ်တို့ထံမှ အကျန်များသာ စားခဲ့ရသည်။ယခုတွင်တော့ ကောင်းကောင်း စား၍ရနိုင်လေပြီ။ အသားကင် စားပြီးနောက်တွင် ပါ့ဂ်လီအိုသည် သစ်ကိုင်းတစ်ကိုင်းချိုးပြီး သွားကြားထိုးနေလိုက်သည်။ပ့ါဂ်လီအို ခေါင်းညိမ့်နေရင်း ပြောလိုက်သည်။

“ ကောင်းပြီ။မင်းတို့သွားလို့ရပြီ။နောက်၇ရက်နေရင် ပြန်လာဖို့မမေ့နဲ့။ ”

“ နေဦး။ ”

အသီနာသည် တည်ကြည်လေးနက်စွာဖြင့် ခပ်မြန်မြန်ပြောလိုက်သည်။

“ ‌အဆိပ်ဖြေဆေး ဘယ်မှာလဲ။ ”

ပါ့ဂ်လီအို ‌ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ ဘာအဆိပ်ဖြေဆေးလဲ။ ”

ဒီအစားပုတ်တော့။အဆိပ်ဖြေဆေးအကြောင်းကို လုံးဝ မေ့နေတာပဲ။

ချန်လွေ့သည် ပါ့ဂ်လီအိုအား မျက်လုံးဖြင့် အချက်ပြလိုက်သည်။နောက်‌ဆုံးတော့ ပါ့ဂ်လီအို သတိရသွားပြီး တုံ့ဆိုင်းဟန် ပြုလိုက်သည်။သူ၏ အင်္ကျီထဲ၌ အချိန်အတော်ကြာ ရှာဖွေပြီးနောက် ကျောက်စိမ်းပုလဲ သုံးလုံး ထုတ်ယူလိုက်သည်။

အချို့ဝတ္ထုများတွင် လူသားအား လှည့်စားရန်သုံးသည့် လူသေအရေပြား ဆေးလုံးများကို ချန်လွေ့ တွေးလိုက်မိပြီး စိတ်ထဲတွင် မနှစ်သက်သလို ခံစားလိုက်ရသည်။

ထိုရွံရှာသည့် အကြည့်က ပါ့ဂ်လီအိုအား ဒေါသထွက်စေခဲ့သည်။ပါ့ဂ်လီအိုသည် အသံလုံ အကာအရံအား ဖန်တီးလိုက်ပြီး ချန်လွေ့၏ ကော်လာအားဆွဲကာ ဒေါသတကြီး ပြောလိုက်သည်။

“ မင်းက ပစ္စည်းကောင်းတွေကို ဘယ်လိုကြည့်ရမှန်းမသိဘူး။ဒါက ကျောက်စိမ်းပုလဲကွ။ အဆိပ်နဂါးရဲ့ အထူးပုံဆောင်ခဲ။ဒါကိုစားရင် ဒဏ်ရာတွေ မြန်မြန် ပျောက်သလို ခန္ဓာကိုယ်ရဲ့ အဆိပ်ခုခံနိုင်မှုလည်း တိုးစေတယ်။ဆေးလုံးတစ်လုံးဖြစ်ဖို့အတွက် နှစ်၂၀၀ အချိန်ကြာတယ်။ဆေးတစ်လုံးကို ရေရောရင် လူ၁၀ယောက်အတွက် လုံလောက်တယ်။ နောက်တစ်ခေါက် ဖြေဆေးကိုတော့ မင်းဘာသာမင်းပဲ ဖြေရှင်းလိုက်။ ”

အားလုံးသုံးလို့ရတဲ့ဆေးကိုး။

ချန်လွေ့ ရှက်ပြုံးပြုံးလိုက်သည်။ပါ့ဂ်လီအိုသည် မဟာဓားကြီးအား ထုတ်ပြီး ကယ်တင်ရန် ပြင်ဆင်နေသည့် အသီနာအား ကြည့်လိုက်သည်။ထို့နောက် တည်ငြိမ်စွာ ပြုံးလိုက်ပြီး ချန်လွေ့၏ ကော်လာကို လျှော့ပေးလိုက်သည်။ချန်လွေ့သည် အားလုံးအဆင်ပြေကြောင်း အသီနာအား မျက်ရိပ်ပြလိုက်ပြီး ရေကန်မှ အလျင်အမြန် ထွက်သွားတော့သည်။

အပြန်လမ်းတစ်လျှောက်၌ အသီနာ ခေါင်းငုံ့ထားသည်။ချန်လွေ့အား စကားမပြောပေ။ သူအလွန် မပျော်မရွှင် ဖြစ်နေပုံရသည်။

အသီနာသည် ခန္ဓာကိုယ်ထဲမှ အဆိပ်အား ကြောက်လန့်နေသေးသည်ဟု ချန်လွေ့ထ်ုပြီး ကျောက်စိမ်းပုလဲအား ကမ်းကာ ပြောလိုက်သည်။

“ အသီနာ။မင်းအရင်ဆုံး ဖြေဆေး သောက်လိုက်လေ။၇ရက်နေရင် ငါတို့ ပြန်လာမှာပဲ။ အဆင်ပြေမှာပါ။ ”

“ အားလုံးက ငါ့ကြောင့်ပဲ။ ”

အသီနာ ရုတ်တရက် လက်သီးဆုပ်ပြီး ဖိနှိပ်သွားသည့် ခံစားချက်များ ပေါက်ကွဲထွက်သွားသည်။

“ ဒီရက်ပိုင်းမှာ ငါ ဝမ်းနည်းနေတာ။အဲလစ်ကိုငါ ရေကန်ပြာဆီ ခေါ်မသွားရင် သူအဆိပ်မိမှာ မဟုတ်ဘူး။အဆိပ်နဂါးနဲ့ငါ သေတဲ့အထိ တိုက်ခိုက်ချင်တယ်။ဝေးလ်စ် မိသားစုဝင်တွေက ခြိမ်းခြောက်တာကို လက်ခံတာထက် စစ်မြေပြင်မှာပဲ သေပစ်လိုက်မယ်။ ”

အသီနာသည် ဤမျှလောက် စိတ်ဓာတ်ခိုင်မာသည်ဟု ချန်လွေ့ မထင်ခဲ့ပေ။

ဒါကြောင့် အဆိပ်နဂါးက ဒါကို ယာယီလှည့်ကွက်လို့ပဲ ပြောခဲ့တာကိုး။

အသီနာသည် အဆိပ်နဂါးအား အမှန်တကယ်ပင် သေသည်အထိ တိုက်ခိုက်ချင်ကြောင်း မြင်သည့်အတွက်ချန်လွေ့ မြန်မြန် ပြောလိုက်သည်။

“ နေပါဦး။မင်း အဆိပ်နဂါးကို ရန်သွားစရင် သူက ဖြေဆေးတွေ ပေးတော့မှာ မဟုတ်ဘူးနော်။ဒါဆို အဲလစ် ထိခိုက်မှာ မဟုတ်လား။ ”

ချန်လွေ့၏စကားသည် အသီနာ၏ အားနည်းချက်အား ထိသွားသည်။အသီနာလည်း စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်ပြီး ငိုမဲ့မဲ့အသံဖြင့် ပြောလိုက်သည်။

“ အဲလစ်က င့ါရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ။ဝေးလ်စ်မိသားစုကိုလည်း သန်းခေါင်နေအရှင်က တော်တော်လေးကို ချစ်မြတ်နိုးတာ။ငါ့အဖေငါ့ကို အမှောင်လ နယ်မြေဆီလွှတ်လိုက်ရတဲ့ အဓိက အကြောင်းအရင်းက အိမ်ရှေ့မင်းသားရဲ့ မျိုးဆက်သစ်တွေကို ငါ့ဘဝနဲ့ရင်းပြီး ကာကွယ်ဖို့ပဲ။ဒါပေမဲ့ ငါဒီလို ခွင့်မလွှတ်နိုင်စရာ အမှားကြီး လုပ်ခဲ့မိတယ်။ငါဘာလုပ်ရမလဲ။ ”

အသီနာသည် သူ့ကိုယ်သူ စိုးရိမ်နေခြင်းမဟုတ်ဘဲ သူ၏ သူငယ်ချင်း အဲလစ်အား စိုးရိမ်နေကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။သူ၏ နှလုံးသားထဲ၌ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။

“ အသီနာ။မင်းရယ်၊အဲလစ်ရယ်၊ခီရာရယ် တို့ရဲ့ အဆိပ်တွေ ပျယ်သွားစေရမယ်လို့ ငါ့အသက်နဲ့ ကျိန်တယ်။ငါ့ကိုယုံရင် အခု ဒီအဆိပ်ဖြေဆေးကို သောက်လိုက်။ ”

အဆိပ်နဂါးနဲ့ငါတို့ အသက်ရှင်ဖို့အတွက် ဒီအလိမ်အညာကို ဖွင့်ပြောလို့မရသေးဘူး။ သူကိုငါ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု အရင်ပေးဖို့လိုတယ်။

အသီနာ ခေါင်းမော့လိုက်သည်။ခိုင်မာသည့် အမူအယာရှိသည့် လူသားအား ကြည့်ရင်း အသီနာ၏ နီမြန်းနေသော မျက်လုံးများက ထိတ်လန့်သွားပုံ ပေါ်သွားသည်။ နောက်ဆုံးတော့ အသီနာ ခေါင်းညိမ့်လိုက်ပြီး ကျောက်စိမ်းပုလဲကို ယူပြီး သောက်လိုက်သည်။အရသာသိပ်မကောင်း၍ဖြစ်မည်။သူမျက်မှောင်ကြုတ်သွားသည်။ ထို့နောက် ကျောက်စိမ်းပုလဲ တစ်လုံးသည် လူ၁၀ယောက်အတွက် လုံလောက်သည်ကို ချန်လွေ့ သတိရသွားသည်။အတော်လေးဖြုန်းတီးရာ ကျပုံရသည်။

ပြန်ကောင်းလာသည့် အသီနာပြောလိုက်သည်။

“ ချန်လွေ့။နင်က ငါတွေ့ဖူးသမျှထဲမှာ သတ္တိအရှိဆုံး လူသားပဲ။ပြီးတော့လည်း တာဝန်ယူ တတ်တယ်။ဒီရက်ပိုင်းတွေမှာ ငါနင့်ကို မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ပြီးပြီ။ အကူအညီလိုရင် ငါ့ကိုပြောနော်။အသီနာဝေးလ်စ် ဆိုတဲ့ငါ ဘယ်တော့မှ မငြင်းဘူး။ ”

“အင်း”

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။သူ ပထမဆုံးတွေ့ဖူးသည့် လူသားမှာ သူသာ ဖြစ်ဟန် တူသည်။သတ္တိအရှိဆုံးနှင့် သတ္တိမရှိဆုံးမှာ တစ်ယောက်တည်းသာဖြစ်သည်။ သို့သော်လည်း “ မိတ်ဆွေ”ဟူသောစကားက ပါ့ဂ်လီအိုပြောသည့် ဆိုရိုးစကားနှစ်ခုကို သတိရသွားစေသည်။ချန်လွေ့ ရုတ်တရက် ရှက်သွားသည်။

“ ဒီအဆိပ်ဖြေဆေးက တော်တော်စပ်တယ်။လည်ချောင်းတွေ ပူလောင်နေသလိုမျိုးပဲ။မင်းသမီးလေး မစားမှာစိုးရတယ်။သူက အရမ်းပါးနပ်တာ။ငါတို့ နည်းလမ်းတစ်ခု ရှာရမယ်။မဟုတ်ရင် သူသိသွားလိမ့်မယ်။ ”

ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ ငါ နည်းလမ်းတစ်ခုခု စဉ်းစားလိုက်ပါ့မယ်။သူ့ကို မင်းမပြောမိစေနဲ့ ။ပုံမှန်အတိုင်းနေ။ အဆိပ်နဂါးအကြောင်း ပေါက်ကြားသွားလို့ မဖြစ်ဘူး။ ”

အသီနာ ခေါင်းညိတ်လိုက်သည်။

“ စိတ်မပူပါနဲ့။ပြီးတော့လည်း အမွေအနှစ်ဆက်ခံတဲ့အကြောင်းကို ငါဘယ်သူ့ကိုမှ မပြောဘူး။မင်းသမီးရှီရာ အမိန့်ပေးထားတယ်။ ”

“ ဝမ်းနည်းစရာတွေအကြောင်း မစဉ်းစားနေနဲ့တော့။ငါမင်းကို “ သုံးပြည်ထောင်ချစ်ခြင်း ” ဇာတ်လမ်းကို ဆက်ပြောပြမယ်။ဒီတစ်ခေါက်တော့ သုံးပြည်ထောင်စုရဲ့ အစွမ်းထက်ဆုံး သူတွေရဲ့ ဂန္ဓဝင်စစ်ပွဲအကြောင်းကိ ပြောပြမယ်။လွီပုကို တိုက်ခိုက်တဲ့ သူရဲကောင်းသုံးယောက်ပေါ့။ ”

ချန်လွေ့ စိတ်သက်သာရာ ရသွားသည်။အသီနာအား ပုံပြင်ပြော၍ အစားထိုးပေးရန် ဆုံးဖြတ်လိုက်သည်။

“ လွီပုက အစွမ်းထက်ဆုံးပဲ။သူသုံးတဲ့ အဆောင်ပစ္စည်းကို မိုးကောင်းကင်ထွင်း လို့ခေါိပြီးတော့ သူရဲ့ စီးတော်ယာဉ် ကို တောယုန်နီ လို့ခေါ်တယ်.... ”

အသီနာ မျက်လုံး ‌အရောင်တောက်သွားပြီး အာရုံစိုက်တာ စတင် နားထောင်တော့သည်။

အမှောင်လမြို့တော် ဂိတ်ဆီသို့ ချို၃ချောင်းကြံ့များ ရောက်သည့်အခါ လိုလီလေးအား တွေ့လိုက်ရသည့်အတွက် ချန်လွေ့နှင့်အသီနာတို့ အံ့အားသင့်သွားသည်။အဲလစ်သည် ဒေါသတကြီး ခါးထေက်နေပြီး မြို့ဂိတ်တံခါးကို ပိတ်ရပ်ထားသည်။သူ၏နောက်၌ အကူအညီမဲ့နေသည့် ခီရာ နှင့် အဇရူပဒေဝတာ တစ်ယောက် ဦးဆောင်သည့် စစ်သား တစ်အုပ်ရှိနေသည်။

ထိုမနွဿသည် မြို့စောင့်များ၏ခေါင်းဆောင်လေး ဖြစ်နိုင်ကြောင်း ချန်လွေ့ မှတ်မိလိုက်သည်။ထိုသူသည် မနက်က သူတို့ထွက်သွားစဉ်က အသီနာအား တရိုတသေဆက်ဆံခဲ့သည်။

အသီနာနှင့် ချန်လွေ့တို့လည်း ချို၃ချောင်း ကြံ့များပေါ်မှ ဆင်းလာသည်။အဲလစ်၏ မျက်နှာမှာ “ ဒီမင်းသမီး မပျော်ရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ရှိမယ် ” ဆိုသည့် မျက်နှာမျိုး ဖြစ်နေသည်။သူ၏ ပထမဆုံးစကားမှာ အောက်ပါအတိုင်းဖြစ်သည်။

“ အသီနာ။နင်က သူငယ်ချင်းကောင်း မဟုတ်ဘူး။ငါ့ကို ခေါ်မသွားဘဲနဲ့ ရေကန်ပြာဆီကို ခိုးသွားတယ်။ဂန်ခီ သတင်းလာမပို့ရင် ငါသိမှာ မဟုတ်ဘူး။ ”

ချန်လွေ့ ခပ်မြန်မြန် ရှင်းပြလိုက်သည်။

“ မင်းသမီးလေး။ဆရာအဲဒက်စ်က ရေကန်ပြာမှာ ဆေးပင်ခူးနေရင်း ငါ့ကို ကာကွယ်ပေးဖို့ အသီနာကို တာဝန်ပေးထားတာ...”

“ တိတ်စမ်း။စက်ဆုပ်စရာလူသား။ ”

ဂန်ခီ အမည်ရှိ အဇရူပဒေဝတာသည် ချန်လွေ့၏ ရှင်းပြချက်အား နှောင့်ယှက်လိုက်သည်။

“ မင်းက မြို့ပြင်က သူခိုးတွေနဲ့ ပူးပေါင်းနေတယ်လို့ အခုငါ သံသယရှိသွားပြီ။အစောင့်တွေ။သူ့ကိုအရင်ဖမ်းလိုက်။ ”

“ ချွမ်း ”.

အသီနာ၏ ကျောမှ မဟာဓားကြီးကို ထုတ်လိုက်ပြီး ခြိမ်းခြောက်သည့် အငွေ့အသက်များ ထွက်နေသည်။လှပသည့် အနီရောင်မျက်လုံးမှာလည်း အေးစက်ပြီး သတ်ဖြတ်ချင်သည့် ရည်ရွယ်ချက်များ ပြသနေသည်။

“ ချန်လွေ့က ငါ့မိတ်ဆွေပဲ။သူ့ကို ထိရဲတဲ့သူကို ခေါင်းဖြတ်ပစ်မယ်။ ”

အသီနာ၏ ဖခင်သည် အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ် ဂျော့ခ်ဝဲလ်စ် ဖြစ်ပြီး သူ၏ ဓားပညာမှာ အမှောင်လမြို့တော်တွင် နာမည်ကောင်းလှသည်။စစ်သားများ ရှေ့မတက်ရဲကြပေ။ထိုလူသားအားအသီနာကာကွယ်ပေးနေသည်ကို ဂန်ခီမြင်လိုက်ရာ အံ့ဩသွားသည်။

“ သခင်မ အသီနာ။သူ လှည့်စားတာကို မခံပါနဲ့။ ”

အသီနာ လက်ဝှေ့ရမ်းပြီး ဂန်ခီအား ဓားနောက်ဘက်နှင့် ရိုက်လိုက်သည်။ဂန်ခီလည်း အလျင်အမြန်ပင် လက်ထဲမှ တူအား မြှောက်လိုက်ပြီး ကာကွယ်လိုက်သည်။ သတ္တုချင်းထိသည့် အသံ ထွက်လာသည်။ခွန်အားကြီးသည်ဟု လူသိများသည့် အဇရူပဒေဝတာသည်လည်း အသီနာ၏ လက်တစ်ဖက်တည်းအားကို မယှဉ်နိုင်ပေ။ အဇရူပဒေဝတာ၏ ဒူးနှစ်ဖက် မြေပြင်ပေါ်သို့ ကျသွားသည့်အတွက် အရပ်ပုသွားသည်။

All Chapters