← Chapters

အထူးလေ့ကျင့်ရေးစတင်ပြီ

Vol. 2 Ch. 30

အထူးလေ့ကျင့်ရေးစတင်ပြီ

Vol. 2 Ch. 30

“ လာစမ်းပါ။အဲ့ဒီလျို့ဝှက်နည်းစနစ်ကို ပြကြည့်။ ”

ပါ့ဂ်လီအိုသည် စွပ်ပြုတ်အပါအဝင် ဟော့ပေါ့အကုန်လုံးအား ဝါးမျိုပစ်လိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး ချန်လွေ့အား အကွက်ထုတ်ပြရန် လက်ဟန်ပြ လိုက်သည်။

“ သတိထား။ ”

အရင်တစ်ခေါက်တွင် ဂန်ခီအား အလွယ်တကူ အနိုင်ယူပြီးနောက်တွင် ချန်လွေ့သည် ထပ်စမ်းကြည့်ချင်စိတ် ပြင်းပြနေခဲ့သည်။ချန်လွေ့ လက်ဝါးဖြန့်လိုက်ပြီး အသံဩဩဖြင့် အော်လိုက်သည်။

“ « အရုဏ်ဦးပစ်ချက် » ”

ချန်လွေ့လက်ထဲမှ အလင်းလုံးကြီးတစ်လုံး ထွက်လာသည်။ပါ့ဂ်လီအို၏ မျက်လုံးများတောက်ပသွားပြီး မရှောင်တိမ်းခဲ့ပေ။သူ၏ ဘယ်ဘက်လက်ကို လျှပ်စီးကဲ့သို့ ဝှေ့ရမ်းလိုက်ပြီး « အရုဏ်ဦးပစ်ချက် » အား အလွယ်တကူပင် ဖမ်းဆုပ်လိုက်သည်။ ထို့နောက် ဖုန်းခနဲ အသံမြည်ကာ အလင်းလုံးကြီး အစအန ပျောက်သွားတော့သည်။

«အရုဏ်ဦးပစ်ချက်» သည် ပါ့ဂ်လီအိုအား မထိခိုက်နိုင်ကြောင်း ချန်လွေ့သိသော်လည်း အရုပ်ကဲ့သို့ ဖြစ်သွားမည်ဟု မထင်ထားခဲ့မိပေ။«သရုပ်ခွဲမျက်လုံး»အား ချန်လွေ့ အသက်သွင်းလိုက်ကြည့်သည်။အဆိပ်နဂါး၏ စွမ်းအားပြည့်စုံခြင်းအကဲဖြတ်မှုသည် အမှန်တကယ်ပင် “ မဆုံးဖြတ်နိုင် ” ဟု ဖော်ပြလေသည်။

သို့သော်လည်း «အရုဏ်ဦးပစ်ချက်» အား အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည့် လက်ဝါးကို ပါ့ဂ်လီအိုကြည့်ပြီး အံ့အားသင့်သွားသည်။သူ၏ မာကြောလှသည့် အရေပြားပေါ်တွင် အက်ကွဲကြောင်း သေးသေးလေးများ ဖြစ်နေပြီး သွေးစိမ်းတချို့ စိမ့်ထွက်နေသည်။

“ ခုနက ငါနည်းနည်းလေး ပြင်ဆင်ထားလိုက်တယ်။ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်ချက်က တော်တော်လေး ထူးခြားတယ်။သန့်စင်တဲ့ မှော်လိုမျိုး စွမ်းအားလိုမျိုး မဟုတ်ဘူး။အဲ့ဒါရဲ့ ဖျက်စီးမှုအစွမ်းက အပေါ်က နှစ်ခုလုံးထက် ပိုသာတယ်။ငါ့ရဲ့ ခုခံမှုကိုတောင် ချိုးဖောက်နိုင်တယ်။ ”

ပါ့ဂ်လီအိုသည် တစ်ခုခုအား စဉ်းစားနေဟန်တူသည်။ထို့နောက် သူပျော်ရွှင်သွားပြီး ပြောလိုက်သည်။

“ ချန်လွေ့။မင်းရဲ့ အစွမ်း တိုးတက်လာတာ တော်တော်မြန်တာပဲ။မဟာဆရာသခင်ရဲ့ အမွေအနှစ်ဆိုတာကို ငါယုံလာပြီ။ငါ့အထင်တော့ ဆရာသခင်ဝူခုန်းက အဂ္ဂိရတ် မဟာဆရာသခင်ပဲ မဟုတ်လောက်ဘူး။သူ့ရဲ့တိုက်ခိုက်ရေးအစွမ်းက နတ်ဘုရား တစ်ပိုင်းအဆင့် ဒါမှမဟုတ် အဲ့ဒီထက်တောင် မြင့်နိုင်တယ်။ ”

ချန်လွေ့ခေါင်းခါလိုက်သည်။

နတ်ဘုရားတစ်ပိုင်း လေးပဲလား။သူက ဘုံသုံးပါးကနေတောင် ခုန်ထွက်သွားပြီ။ ဒြပ်စင်၅ခုထဲမှာတောင်မရှိဘူး။မဟာဆရာသခင်ဆိုတာ တကယ်ရှိရင်ပေါ့။

“ မဟာဆရာသခင်၏ အမွေအနှစ် ” နှင့် ဆက်လက် အဆင့်မြှင့်နိုင်သည့် အစွမ်း အကြောင်း ချန်လွေ့ရှင်းပြသည်ကို နားထောင်ပြီးနောက် ပါ့ဂ်လီအို၏ မျက်လုံးများ အရောင်တောက်သွားသည်။

“ ဒီလိုအမွေအနှစ်မျိုးက တော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် နိုးထတာလိုပဲ။ ရှေ့ဆက်တိုးလေ ပိုပြီးအစွမ်းထက်လေပဲ။မင်းရဲ့လက်ရှိအစွမ်းက အလယ်ဆင့်နတ်ဆိုး ကနဦးအဆင့်လောက် ရှိသည်။အဲ့ဒီထက် နိမ့်ရင်လည်း နိမ့်နိုင်တယ်။ ”

အလယ်ဆင့် နတ်ဆိုးသာဖြစ်ကြောင်း ကြားလိုက်ရာ ချန်လွေ့ စိတ်ပျက် သွားသည်။ပါ့ဂ်လီအိုသည် ချန်လွေ့၏ စိတ်ပျက်သွားသည့် မျက်နှာကို မြင်သွားပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

“ မင်း ကျေနပ်သင့်တယ်။မင်းကအခု အလယ်ဆင့်နတ်ဆိုး အစွမ်းနဲ့ မွေးလာ သလိုမျိုးပဲ။ပြီးတော့ မင်းက လူသား။မင်းရဲ့ အမွေအနှစ်စွမ်းအားနဲ့ဆိုရင် မင်းရဲ့ အလားအလာက သာမန်နတ်ဆိုးတွေထက် ပိုသာတယ်။တော်ဝင်မိသားစုတွေနဲ့တောင် မင်းယှဉ်လို့ရတယ်။နဂါးတွေကတော့ ခြွင်းချက်ပေါ့။နဂါး ကလေး တွေက မွေးကတည်းက နတ်ဆိုးဘုရင်အစွမ်းနဲ့ မွေးလာတာ။ ”

ချန်လွေ့ နှုတ်ခမ်းမဲ့ပြလိုက်သည်။

သူတို့က နတ်ဆိုးဘုရင် အဆင့်ဆိုတော့လည်း ဘာဖြစ်လဲ။အရွယ်ရောက်ဖို့က နှစ်ထောင်နဲ့ချီကြာတယ်။ပြီးတော့ မျိုးအောင်နိုင်စွမ်းကလည်း နည်းလွန်းတယ်။ ဒါပေမဲ့လည်း ပါ့ဂ်လီအို ပြောတဲ့အတိုင်းဆို ဒီစမှတ်က တော်တော်လေး မြင့်နေပြီ။အနာဂတ်က တောက်ပနေမှာပဲ။

ပါ့ဂ်လီအို ခဏ ငြိမ်သက်သွားသည်။ထို့နောက် ချန်လွေ့၏ စိတ်အားထက်သန်မှုအား လျော့အောင်လုပ်လိုက်သည်။

“ မင်းရဲ့အစွမ်းက အလယ်ဆင့်နတ်ဆိုး ကနဦးအဆင့်လောက် ရောက်ပေမဲ့လည်း တိုက်ခိုက်ရေး အတွေ့အကြုံတွေ၊ကျွမ်းကျင်မှုတွေက တော်တော်လေး ဆိုးနေတယ်။ အစွမ်းအပြည့် မထုတ်နိုင်ဘူး။အဆင့်နိမ့်နတ်ဆိုးကိုပဲ မင်းအနိုင်ကျင့်လို့ရမယ်။ အဆင့်တူချင်းတွေ့လို့ကတော့ မင်းသေချာပေါက်ရှုံးမှာပဲ။မင်းရဲ့အစွမ်းကို မြန်မြန် ကျွမ်းကျင်ပြီးတော့ တိုက်ခိုက်ရေး အတွေ့အကြုံတွေ တိုးတက်ချင်ရင်တော့ မင်း အထူးလေ့ကျင့်ရေး လုပ်ရမယ်။ ”

အဆိပ်နဂါး၏ မူလအစွမ်းမှာ ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များဖြစ်ကြသည့် နတ်ဆိုးအရှင်သခင် ဖြစ်သည်။ချိပ်ပိတ်ကြောင့် စွမ်းအား အားနည်းသွားပြီး နတ်ဆိုးဘုရင်၏ စွမ်းအားလောက်သာ သုံးနိုင်တော့သည်။သို့သော်လည်း ၎င်းသည် ချန်လွေ့ယှဉ်နိုင်သည့် အဆင့်မဟုတ်ပေ။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်။သူ၏မျက်လုံးထဲ၌ စိတ်ဆုံးဖြတ်ခြင်း တောက်ပ နေသည်။မည်သည့်လောက၌မဆို အစွမ်းထက်သူသည် လေးစားခံရသည်။ အမှောင်လမြို့၌ ချန်လွေ့ ယာယီ အခြေချနိုင်ပြီ ဖြစ်သော်လည်း အခြေအနေ သိပ်မကောင်းလှပေ။အဲလန်သည် သူ့အား ရန်သူအဖြစ် သတ်မှတ်ထားသည်။ ဂျိုးဆက်ပ်၏ အစွမ်းသည်လည်း တိုင်းတာ၍ မရပေ။နောက်ပိုင်းတွင် ပို၍အစွမ်းထက် သည့် ရန်သူများ ရှိလာနိုင်သည်။ချန်လွေ့၌ အစွမ်းလုံလုံလောက်လောက် မရှိလျှင် အသတ်ခံရရန် သေချာပေသည်။

ဉာဏ်ပညာအသုံးချကာ ယာယီအောင်မြင်နေသော်လည်း အကြွင်းမဲ့စွမ်းအား အရှေ့၌ ဉာဏ်ပညာသည် အသုံးမဝင်ပေ။ထို့ကြောင့် အသက်ရှင်ရန် အဓိကမှာ စွမ်းအားဖြစ်သည်။ လက်ရှိ၌ စူပါစနစ်သည် အကောင်းဆုံးအခွင့်အရေး ပေးနေလေပြီ။ထို့နောက် ချန်လွေ့ အမိအရ ဆုပ်ကိုင်ရပေမည်။

ချန်လွေ့ စွမ်းအားပိုင်ဆိုင်ပြီး ဉာဏ်ပညာနှင့် ပူးပေါင်း အသုံးချမှသာ အကောင်းဆုံး ဖြစ်ပေမည်။

ချန်လွေ့၏ စိတ်ပိုင်းဖြတ်ထားသည့်အမူအရာသည် ပါ့ဂ်လီအိုအား အလွန် ကျေနပ် စေခဲ့သည်။သဟဇီဝစာချုပ်ချုပ်ရခြင်းသည် မဖြစ်မနေ အခြေအနေကြောင့်ဖြစ်ပြီး သံသယရှိနေခဲ့သော်လည်း အဆိပ်နဂါး၏ အမြင်များ စတင်ပြောင်းလဲလာသည်။

ဒီလူသားမှာ ရှေးခေတ် အမွေအနှစ်ရှိတယ်။ပြီးတော့ သူရဲ့ အလားအလာကလည်း အဆုံးမရှိဘူး။တစ်နေ့ကျရင် သူ့အစွမ်းက ထိပ်ဆုံးအထိ မြင့်တက်သွားပြီးတော့ င့ါနဲ့ အလုပ်တူတူလုပ်နိုင်ရင် ဒါက တကယ့်စစ်မှန်တဲ့ လုပ်ဖော်ကိုင်ဖက်ပဲ။

“ ဖောင်း။ဖောင်း။ ”

“ ပါ့ဂ်လီအို။ခင်ဗျားကျုပ်ကို တကယ်ပဲ အလစ်တိုက်တယ်ပေါ့။ ”

အဆိပ်နဂါး ဟန်လုပ်ပြုံးလိုက်သည်။

“ ဟန်ဆောင်မနေနဲ့။မင်းရဲ့ ကလိမ်ကကျစ်ကျတာတွေ ဘယ်ရောက်သွားလဲ။ တိုက်ပွဲဆိုတာက မစခင် အကွက်တွေ ထုတ်ပြရတယ်ထင်နေလား။ပြိုင်ဖက်ကို အလဲထိုးနိုင်တဲ့သူက အစွမ်းထက်ဆုံးပဲ။အလစ်တိုက်တိုက် မတိုက်တိုက် ဘယ်သူမှ ဂရုမစိုက်ဘူး။စိတ်မပူပါနဲ့။ငါ့စွမ်းအားကို အလယ်ဆင့်နတ်ဆိုးအထိ ဖိနှိပ်ထား တယ်။ငါမင်းကို မသတ်ပါဘူး။ ”

“ အား။ခေါင်းကို မရိုက်ဖို့ သဘောတူထားတယ်လေ။ ”

“ ကျုပ်ပေါင်ကြားကို တကယ်ကြီး တိုက်ခိုက်တာပဲ။နဂါးတွေအားလုံးက ဒီလိုပဲ ယုတ်မာကြတာလား။ ”

“…”

အဆိပ်နဂါး၏ လေ့ကျင့်ရေးပုံစံသည် အလွန်ရိုးရှင်းသည်။သဘောကျစရာ မပါပေ။ လက်တွေ့ကျသည့် အရာများကိုသာ သင်ပေးသည်။ကိုယ်ကိုယ့်ကို ကာကွယ်ခြင်းဟူသော အဆိုအောက်တွင် ပို၍ ရက်စက်ပြီး ထိရောက်မှုရှိသည့် တိုက်ခိုက်မှုသည် အစွမ်းထက်ဆုံး ဖြစ်သည်။

ပါ့ဂ်လီအိုကြောင့် အကြိမ်ကြိမ် လဲပြိုပြီးနောက်တွင် မျက်နှာဖူးယောင်နေသည့် ချန်လွေ့ သည် စတင်ကာ စနောက်ခံရသည်ဟုပင် သံသယရှိလာပြီး ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်သည်။ပါ့ဂ်လီအို သဘောမတူဘဲ နည်းပြအလုပ်ကိုသာ ပျော်ပျော်ကြီး ဆက်လုပ် နေလေသည်။

သူ၏ ပျော်ရွှင်မှုသည် အခြားသူများ၏ ခံစားရမှုအပေါ် တည်ဆောက်ထားခြင်း ဖြစ်လေသည်။

“ သတ္တိရှိစမ်းပါ။မင်းပိုပြီး ကြောက်လေလေ သေဖို့ ပိုမြန်လေလေပဲ။ ”

“ ကိုယ်ဟန်အနေအထားကို တည်ငြိမ်အောင်လုပ်။ ”

“ အမြင်ကိုပဲ အားမကိုးနဲ့။ခံစားချက်နဲ့လည်းဆုံးဖြတ်။ ”

“…”

အကြိမ်များစွာ အရိုက်ခံပြီးနောက်တွင် ချန်လွေ့သည် တိုက်ခိုက်ရေးလူသစ်သာ ဖြစ်ကြောင်း ပိုမို ထင်ရှားလာသည်။“ အယ်ခိတ် ” သည် ပထမဆုံးနှင့် အခြေခံအကျဆုံး ကြယ်သွေးကြောဖြစ်ပြီး “ ကိုယ်ခန္ဓာ ” လေ့ကျင့်ရေးကို အာရုံစိုက်ရသည်။ကနဦး ဆင့်ကဲပြောင်းလဲခြင်း၏ “ ခန္ဓာသန့်စင်ခြင်း ” နှင့် ဆင်တူသည်။သို့သော်လည်း ၎င်းမှာ အတွင်းပြောင်းလဲခြင်းသာ ဖြစ်သည်။ချန်လွေ့ယခု လိုအပ်သည်မှာ ကိုယ်ပိုင်အစွမ်းအား ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် နှင့် ခန္ဓာကိုယ်အား ပိုမို သန်မာလာစေရန်ဖြစ်သည်။

ချန်လွေ့ကိုယ်ထဲ၌ အစွမ်းထက်သော စွမ်းအားရှိသော်လည်း မထိန်းချုပ် နိုင်သေးပေ။ဂန်ခီနှင့် ‌တိုက်ခိုက်စဉ်က သူ၏ အစွမ်းထက်ဆုံးအကွက်ဖြစ်သည့် «အရုဏ်ဦးပစ်ချက်» အစွမ်းကိုသာ အမှီပြုလိုက်ခြင်း ဖြစ်သည်။ပါ့ဂ်လီအို၏ အပြင်းအထန် လေ့ကျင့်မှုအောက်တွင် ထိုစွမ်းအားသည် ပေါက်ထွက်လာပြီး ချန်လွေ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပြည့်နှက်သွားသည်။ကြယ်စွမ်းအား၏ စီးဆင်းမှုအား ချန်လွေ့ သေချာခံစားရသည်။

ကြယ်စွမ်းအင်သည် “ အယ်ခိတ် ” တွင် ဗဟိုပြုပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ အဆက်မပြတ် လည်ပတ်နေသည်။ထိုလတ်ပတ်နေမှု၏ ကာရံအား ချန်လွေ့ ဖမ်းဆုပ်နိုင်ခဲ့လျှင် ကြယ်စွမ်းအင်အား အလွယ်တကူ အသုံးချနိုင်ပေမည်။

ထိုအကြောင်းကို ရှာတွေ့သွားပြီးနောက် ချန်‌လွေ့ ရုတ်တရက် စိတ်အားထက်သွား သည်။သူ၏ခန္ဓာကိုယ်ရှိ နာကျင်မှုသည်လည်း အတော်လေး လျော့နည်းသွားပြီး ပို၍ အာရုံစိုက်လိုက်သည်။ချန်လွေ့၌ «နက္ခတ်သဏ္ဍန်» အစွမ်းရှိကြောင်း ပါ့ဂ်လီအို မသိသည့်အတွက် အံ့အားသင့်သွားသည်။သူ၏ လေ့ကျင့်မှု ပြင်းအားသည် ချန်လွေ့၏ လက်ရှိအစွမ်း အကန့်အသတ် အထိပင်ဖြစ်သည်။ချန်လွေ့၏ ခံနိုင်ရည်ရှိမှုနှင့် ပြန်ကောင်းနိုင်စွမ်းသည် သူထင်ထားသည်ထက် လွန်ကဲနေပေသည်။ယခုတွင် ချန်လွေ့သည် တက်ကြွနေလေသည်။ထို့ပြင် ချန်လွေ့၏ နားလည်မှုစွမ်းရည်နှင့် တိုးတက်မှုသည်လည်း အတော်လေး မယုံနိုင်စရာပင်ဖြစ်သည်။ချန်လွေ့၏ ခုခံမှု နှင့် တန်ပြန်တိုက်ခိုက်မှုသည်လည်း ပို၍ပို၍ပင် အစွမ်းထက်လာလေသည်။

ထူးဆန်းသည့် နောက်တစ်ချက် ရှိသေးသည်။ယေဘုယျအားဖြင့် မိမိထက် အဆင့်မြင့်သူအား ရင်ဆိုင်ရလျှင် အဆင့်ဖိအား ရှိသည်။အဆင့်နိမ့်သူသည် အစွမ်းကုန် မထုတ်နိုင်ပေ။အဆိပ်နဂါးသည် သူ၏အစွမ်းအား အမြင့်ဆင့်နတ်ဆိုးအထိ တိတ်တဆိတ် တိုးကြည့်ခဲ့သည်။သို့သော်လည်း ထိုစည်းမျဉ်းသည် ချန်လွေ့အပေါ် သက်ရောက်ခြင်း မရှိပေ။

အဆိပ်နဂါးသည် ပို၍ရက်စက်လာသည်။ချန်လွေ့အား မြေပြင်ပေါ်သို့ အခေါက် ခေါက်ရိုက်ချပြီး သူ၏အပြုံးမှာလည်းပို၍ ထင်ရှားလာသည်။

ငါ့လုပ်ဖော်ကိုင်ဖက်လောင်း ပိုအစွမ်းထက်လေ ပိုကောင်းလေပဲ။သူ့ရဲ့ အနာဂတ်က စောင့်ကြည့်ဖို့ ထိုက်တန်တယ်။

ချန်လွေ့ ထမနိုင်တော့သည့် အချိန်မှသာ အထူးလေ့ကျင့်ရေးအား ပါ့ဂ်လီအို အဆုံးသတ် လိုက်သည်။ချန်လွေ့၏ အသွင်အပြင်မှာ ဆိုးရွားလှသော်လည်း ရရှိလိုက်သည်မှာ မနည်းလှပေ။သူ၏ခန္ဓာကိုယ်တွင်းရှိ ကြယ်စွမ်းအားသည် တဖြည်းဖြည်းနှင့် အသက်ဝင်ခြင်းမှ အသက်သွင်းခြင်းသို့ ပြောင်းလဲသွားသည်။တစ်ခါမျှ မပြောင်းလဲ သေးသည့် အတွေ့အကြုံတန်ဖိုးသည်လည်း ၁% ဖြစ်သွားသည်။

ဒါက ကောင်းမွန်တဲ့ အစပဲ။ကြည့်ရတာတော့ အထူးလေ့ကျင့်ရေးကို ဆက်လုပ်ရမယ့်ပုံပဲ။

ချန်လွေ့ပြန်ရန်ပြင်လိုက်စဉ် “ လွယ်လိုက်တာ ” ဟု ပြသနေသည့် အဆိပ်နဂါး၏ စိတ်တိုနေသည့် မျက်နှာကို စိတ်အနှောင့်အယှက်ဖြစ်သွားသည်။

အပြန်လမ်းမှသာ အထူးလေ့ကျင့်ရေးကိုသာ အာရုံစိုက်ခဲ့ပြီး နဂါးထွင်းစွာအကြောင်း မေ့ခဲ့သည်ကို ချန်လွေ့ သတိရသွားသည်။ယခင်တစ်ခေါက်က သင်ခဲ့သည့် ထွင်းစာအား နားမလည်သည့်အတွက် နောက်တစ်ခေါက် ထပ်စောင့်ရပေမည်။ယနေ့ရရှိမှုသည် အံ့ဩစရာကောင်းလောက်အောင် လုံလောက်နေပြီဖြစ်သည်။

«နက္ခတ်သဏ္ဍာန်» ၏ ပြန်ကောင်းခြင်း အစွမ်းမှာ အကျိုးရှိလှသည်။ထို့ကြောင့်သာ အဆိပ်နဂါး၏ အထူးလေ့ကျင့်ရေးအား အချိန်အကြာကြီး တောင့်ခံနိုင်ခြင်း ဖြစ်သည်။ ဂျို၃ချောင်းကြံ့ အမှောင်လမြို့သို့ ရောက်သည့်အခါ ချန်လွေ့၏ ဒဏ်ရာများမှာ အခြေခံအားဖြင့် သက်သာသွားကြသည်။

စမ်းသပ်ခန်းဆီ ပြန်ရောက်သည့်အခါ အသီနာနှင့်အဲလစ်တို့ အချိန်အကြာကြီး စောင့်နေသည်ကို သိပြီး အံ့အားသင့်သွားသည်။

အသီနာက အရင်နှစ်ရက်တုန်းက အပြင်သွားလိုက်တာ မဟုတ်လား။အိုး။ဟုတ်သားပဲ။ ဒီနေ့က “ ‌အဆိပ်ဖြေဆေး ” သွားယူရမယ့်နေ့ပဲ။ဘာလို့ အဲလစ်က ဒီမှာ ရှိနေရတာလဲ။

“ အဆိပ်ခတ် ” ခံထားရတဲ့အကြောင်းကို အသီနာဆီကနေ သူသိသွားတာလား။

ထိုအချိန်၌ ချန်လွေ့၏ ဒဏ်ရာများအားလုံးနီးပါး သက်သာသွားသည်။သို့သော် သူ၏မျက်နှာမှ ပွန်းပဲ့ဒဏ်ရာများသည် လုံးဝ ပြန်မကောင်းသေးပ။အင်္ကျီမှာလည်း ညစ်ပတ်နေသည်။ချန်လွေ့၏ပုံစံအား အသီနာတွေ့လိုက်ရာ ချက်ချင်းပင် ဒေါသ ထွက်သွားသည်။

“ ချန်လွေ့။ဒါဘယ်သူလုပ်တာလဲ။ငါသူ့ကို သွားသတ်ပေးမယ်။ ”

မင်းသူ့ကို မနိုင်ပါဘူး....

ချန်လွေ့စိတ်ထဲ၌ ရေရွတ်လိုက်သည်။အသီနာ၏ ဒေါသထွက်နေသည့်မျက်နှာကို မြင်လိုက်ရာ ချန်လွေ့ နှလုံသားထဲ၌ နွေးထွေးသွားသည်။ထို့နောက် ခေါင်းခါပြီး ပြောလိုက်သည်။

“ မဟုတ်ပါဘူး။မတော်တဆ ချော်လဲသွားတာပါ။ ”

“ မလိမ်နဲ့။ဒါက ဘယ်လို ချော်လဲတာ ဖြစ်နိုင်မှာလဲ။ ”

အသီနာ တစ်ခုခုစဉ်စားလိုက်မိပြီး ပို၍ ဒေါသထွက်လာသည်။

“ အဲလန်က ဒီလိုလုပ်ဖို့ တစ်ယောက်ယောက် လွှတ်လိုက်တာလား။နောက်ကွယ်ကပဲ လုပ်တတ်တဲ့ ရွံစရာကောင်ပဲ။သူ့ကို ကြည့်မရတာ တော်တော်ကြာပြီ။အခုပဲ ရှင့်အတွက် လက်စားချေပေးဖို့ သူ့ကို သွားရိုက်ပစ်မယ်။ ”

“ နေဦး။ ”

ချန်လွေ့သည် ခပ်မြန်မြန်ပင် အသီနာအား တားဆီးလိုက်သည်။

“ မသွားနဲ့။ဒါကသူနဲ့ မဆိုင်ဘူး။ ”

“ ရှင်ဘာလို့ဒီလောက် ကြောက်သွားရတာလဲ။အမှန်တရားကိုတောင် မပြောရဲ တော့ဘူးလား။ ”

အသီနာသည် ချန်လွေ့အား သတ္တိမရှိမှုအတွက် ဆူပူရန် ပြင်လိုက်စဉ် အဆိပ်နဂါးရှေ့၌ ထိုလူသား၏ ဉာဏ်ပညာနှင့် သတ္တိအား ပြန်သတိရလိုက်ပြီး ဘာမှမပြောတော့ပေ။

အဲလန်က အဆိပ်နဂါးနဲ့တော့ ယှဉ်လို့မရဘူး။နောက်ကွယ်မှာ တစ်ခုခုတော့ ရှိရမယ်။

“ ငါတို့လူသားတွေမှာ ဆိုရိုးတစ်ခု ရှိတယ်။စိတ်မရှည်မှုကြောင့် အစီအစဉ်ကြီးတွေ ပျက်စီး နိုင်တယ်တဲ့။တဇွတ်ထိုး လုပ်လို့မဖြစ်ဘူး။အခုနေ အဲလန်ကို မင်းပြဿနာရှာလိုက်ရင် တော်ဝင်မင်းသမီးရဲ့အခြေအနေက ပိုပြီး ဖိအားများသွားမယ်။ ”

ချန်လွေ့သည် အသီနာအား အခြေအနေတစ်ခုလုံးကို ရှင်းပြပြီး စည်းရုံးလိုက် ရသည်။အဲလန်နှင့်လည်း ရန်ငြှိုးရှိသည့်အတွက် အဲလန်ကို ချောက်ချလိုက်သည်။

ချန်လွေ့ပြောပြီးနောက်တွင် အသီနာ၏ဒေါသ တဖြည်းဖြည်း ပြေသွားသည်။မူလက စပ်စုချင်နေသည့် အဲလစ်သည် ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး သဘောတူလိုက်သည်။ သို့သော်လည်း သူ မေးလိုက်သေးသည်။

“ ချန်လွေ့။ရှင်က ဉာဏ်ကောင်းရဲ့သားနဲ့ မနက်ဖြန် ကောင်းကင်တိုက်ပွဲမှာ ဘာလို့ ဝင်ပါရတာလဲ။ ”

“ မနက်ဖြန်။ကောင်းကင်တိုက်ပွဲ။ဟုတ်လား။ ”

ချန်လွေ့ ထိတ်လန့်သွားသည်။

“ ငါပါမယ်ဆိုတာ ဘာလို့ မသိရတာလဲ။ဘယ်သူပြောတာလဲ။ ”

All Chapters