စိန်ခေါ်မှု။အဲဒက်စ်၏ ဘေးကျပ်နံကျပ် ကာလ
Vol. 2 Ch. 17
အမှောင်လမြို့ လူနေအိမ်ခန်းမ တစ်နေရာ၌ ဖြစ်သည်။
အဲလန်သည် ဂန်ခီ၏ သတင်းပို့ချက်အား မျက်မှာဖြူဖတ်ဖြူရော်နှင့် နားထောင်ပြီး မေးလိုက်သည်။
“ အသီနာက အဲ့ဒီလူသားကို သူ့ရဲ့မိတ်ဆွေလို့ တကယ်ပဲ ပြောလိုက်တာလား။ ”
ဂန်ခီသည် ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ်။ဗိုလ်ချုပ်။အဲ့ဒီတုန်းက နတ်ဆိုးတွေအားလုံးရှေ့မှာ အသီနာ ကျုပ်ကို တိုက်ခိုက်တာကို စစ်သားတွေအများကြီး တွေ့လိုက်တယ်။ကျုပ် သေတော့မလို့ပဲ။ ”
“ လူသားစုတ်။ဘာလို့ အသီနာက သူ့ကို ကူညီပေးရတာလဲ။ ”
အဲလန်အံကြိတ်ပြီး မနာလိုဖြစ်နေသည်။အသီနာသည် အဲလန်အား အရာရှိတစ်ယောက် အနေဖြင့် တစ်ခါမျှ မလေးစားခဲ့ပေ။အဲလန်အား တည့်တည့်ပင် မကြည့်ချေ။ယခုတော့ အသီနာသည် မကြာခင်ကမှသိသည့် လူသားတစ်ယောက်အား မိတ်ဆွေဟုခေါ်ပြီး သူ့အတွက် ရပ်တည်ပေးခဲ့လေသည်။အဲလန်အတွက် သည်းမခံနိုင်စရာပင် ဖြစ်သည်။
“ ကောင်းပြီ။ဂန်ခီ။မင်းအခု သွားလို့ရပြီ။ ”
အခြားအသံတစ်ခု ခန်းမထဲ၌ ထွက်ပေါ်လာသည်။
“ ဟုတ်ကဲ့ပါ။ဆရာသခင် ဂျိုးဆက်ပ်။ ”
ထိုသူ့အပေါ် ဂန်ခီ၏ ရိုသေမှုက အဲလန်ထက် မလျော့ပေ။ထို့နောက် ဂန်ခီသည် ဦးညွှတ်ပြီး ထွက်သွားလိုက်သည်။
“ မိတ်ဆွေ။အဲ့ဒီ လူရိုင်းမိန်းမရဲ့ ဘယ်အစိတ်အပိုင်းကို မင်း စွဲလန်းနေလဲဆိုတာ ငါတကယ်မသိတော့ဘူး။မင်း မိန်းမတစ်ယောက် လိုချင်ရင် အများကြီး ယူလို့ရတယ်လေ။အကောင်းဆုံး ကျွန်ကဝေမတွေ ပို့ပေးရမလား။ ”
ဂျိုးဆက်က ဝိုင်တစ်ခွက် လောင်းထည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
ဂျိုးဆက်သည် လူသားအသွင် ရှိသည်။သန္ဓေပြောင်းသွေးမျိုးဆက်တစ်ယောက် ဖြစ်ဟန်တူသည်။သူ၏ပုံစံမှာ သပ်ရပ်ပြီး တည်ငြိမ်ပေသည်။အဲလန်၏ ကြမ်းတမ်းပြီး ရန်မူသည့် စိတ်နေသဘောထားနှင့် လုံးဝ ကွာခြားလေသည်။
“ ဟမ့်။မလိုပါဘူး။မင်းရော တော်ဝင်မင်းသမီးကို စိတ်ဝင်စားနေတာ မဟုတ်လား။ မင်းသမီး ရှီရာက တကယ့်ကို လှပါတယ်။ဒါပေမဲ့ သူက ရေခဲတုံးလိုမျိုး အေးစက်စက်နဲ့။ သူက ပျော်စရာ လုံးဝမကောင်းဘူး။သူ့ကို မင်းဘာလို့ သဘောကျလဲဆိုတာ ငါလည်း နားမလည်ဘူး။ ”
အဲလန် ငေါ့ပြောလိုက်သည်။
ငတုံး။ငါသဘောကျတာကမင်းလိုမျိုးမဟုတ်ဘူး။
ဂျိုးဆက် စိတ်ထဲတွင် လှောင်လိုက်သည်။သို့သော်လည်း သူ၏မျက်နှာသည် တည်ငြိမ်ပြီး ခံစားချက်မဲ့လျက်ပင် ရှိသည်။
“ မင်းလိုပါပဲ။လူတိုင်းက သဘောကျတာချင်း မတူကြဘူးလေ။ငါအခုမှ အမှောင်လ မြို့တော်ဆီ ပြန်လာတာ။ချန်လွေ့ဆိုတဲ့ လူသားအကြောင်းကို ငါဘာမှ မသိသေးဘူး။ ”
“ ကံအရမ်းကောင်းသွားတဲ့ အမှိုက်ကောင် တစ်ကောင်ပါပဲ။ ”
အဲလန် အံကြိတ်ပြီး ပြောလိုက်သည်။
“ ဒီလူသားက လွန်ခဲ့တဲ့၁၀ရက်ကတည်းက နတ်ဆိုးဘုံဆီ ကျလာတာ။ပြီးတော့ သူ့ကို စစ်သားတွေ ဖမ်းလိုက်တယ်။သူ့ကို စစ်မေးတုန်းက သူ့ရဲ့ နာမည်ကို အာသာလို့ သိရတယ်။စွမ်းအားမရှိတဲ့ မင်းမျိုးမင်းနွယ် တစ်ယောက်ပါပဲ။အဲ့ဒီတုန်းက သူ့ကို ဆရာသခင်အဲဒက်စ်က စမ်းသပ်ပစ္စည်း အနေနဲ့ ခေါ်သွားတယ်။နောက်သိပ်မကြာခင်မှာပဲ အဲဒက်စ်ရဲ့ တပည့်ဖြစ်သွားတယ်။သူ့ကို မင်းသမီးရှီရာက လူသိရှင်ကြား အသိအမှတ်ပြု ပေးခဲ့တယ်။သူ့အကြောင်း ဘာတွေ ဆွဲဆောင်မှုရှိလဲ ဆိုတာတော့ မသိဘူး။အသီနာ နဲ့ မင်းသမီးလေး တို့က သူ့ဆီကို နေ့တိုင်းနီးပါး သွားကြတယ်။ ”
ဂျိုးဆက်ပ် ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ ဒါဆို သူ့ရဲ့ အကြီးမားဆုံး အထောက်အပံ့က အမှောင်နတ်သူငယ် ဆရာသခင်ဆီကနေ လာတာပဲ။မင်းသမီးလေးကို ငါကောင်းကောင်းသိပါတယ်။သူက စပ်စုချင်ရုံပဲ။တော်ဝင် မင်းသမီးကလည်း အဲဒက်စ်နဲ့ နီးကပ်ဖို့အတွက် ဒီလိုလုပ်တာ ဖြစ်ရမယ်။ဒါပေမဲ့လည်း အဲဒက်စ်က အခု ကူကယ်ရာမဲ့နေပြီ။သူက မကြာခင် အမှောင်လမြို့ကနေ ထွက်သွား ရမှာ။အဲ့ဒါဆိုရင် ဒီလူသားက တန်ဖိုး ရှိတော့မှာ မဟုတ်ဘူး။မင်းသူ့ကို အပိုင်းပိုင်း ဖြတ်ချင်ရင်တောင် တော်ဝင်မင်းသမီး တားမှာ မဟုတ်ဘူး။ ”
“ မြို့တော်က အဲ့ဒီနတ်ဆိုးပါလာရင် အဲဒက်စ်က သေချာပေါက် ရှုံးမှာပဲ။ခင်ဗျားပြောတာ မှန်တယ်။လာ။တစ်ခွက်သောက်ရအောင်။ ”
အဲလန်သည် ဒေါသထွက်နေရာမှ ပျော်ရွှင်သွားပြီး ခေါင်းညိတ်နေတော့သည်။
နန်းတော် အပြင်ဘက် ခြံဝင်းအတွင်း အဲဒက်စ်၏ စမ်းသပ်ခန်း၌ အဲလစ်နှင့် မိန်းကလေးများ ထွက်သွားသည့်အခါ အဲဒက်စ်နှင့် ချန်လွေ့တို့သာ ကျန်ခဲ့သည်။ မှင်စာကမူ ဆရာသခင် စိတ်အခြေအနေ မကောင်းသည်ကို သတိထားမိခဲ့ပြီး စောစောပြန်လာခဲ့သည်။
အဲဒက်စ်သည် ‘ အခြေခံများအား သန့်စင်ခြင်း ’ ၊ ‘ သာမန်ဆေးရည် အညွှန်း ’ ၊ ‘အကူပစ္စည်း....’ အစရှိသည့် စာအုပ်ထူထူ သုံးလေးအုပ်အား ထုတ်လိုက်သည်။
“ ချန်လွေ့။ဒီစာအုပ်တွေက မင်းအတွက်ပဲ။ ”
အမှောင်နတ်သူငယ် သက်ပြင်းချလိုက်သည်။
“ မင်းဘေးမှာ ငါမရှိတော့ဘူးဆိုတော့ မင်းကြိုးစားပြီး လေ့လာရမယ်။မင်းက မဟာ ဆရာသခင်ရဲ့ ဆက်ခံသူ ဖြစ်ပေမဲ့လည်း သင်ယူလေ့လာတာက အဆုံးမရှိဘူး။မင်း ကြိုးစားလေ့လာသရွေ့ တစ်နေ့ကျရင် မင်းရဲ့ စွမ်းဆောင်မှုတွေက နတ်ဆိုးဘုံ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်။ ”
ချန်လွေ့ ထိတ်လန့်သွားပြီး ပြောလိုက်သည်။
“ ဆရာ။ဘာဖြစ်တာလဲ။ဆရာ ဘယ်သွားမလို့လဲ။ ”
“ အမှောင်လမြို့ ကနေ ငါထွက်သွားရမှာ။ ”
အဲဒက်စ်သည် မျက်နှာ မသာမယာဖြင့် ခေါင်းခါလိုက်ပြီး အကြောင်းရင်းကို ပြောလိုက်သည်။
နတ်ဆိုးဘုံသည် ခွန်အား နှင့် စွမ်းအား သာမက သန်မာသူများကို အားပေးကြသည်။ နယ်ပယ်အသီးသီး၌ ခက်ခဲသည့် ယှဉ်ပြိုင်မှုများ ရှိသည်။ဆေးပညာနယ်ပယ်၏ စည်းမျဉ်းမှာ အတော်လေး ထူးခြားသည်။ဆေးရည်ပညာရှင် ဖြစ်ရန် နည်းလမ်းနှစ်နည်း ရှိသည်။ပထမ တစ်နည်းမှာ မြို့တော်ရှိ ဆေးရည်ပညာရှင်အစည်းအရုံးဆီသွားပြီး အချိန်အတိုင်းအတာ တစ်ခုအတွင်း အစွမ်းထက်ဆုံး ဆေးရည်ဖြူကို တိတိကျကျ ဖော်စပ်ရန် အပါအဝင် ရှုပ်ထွေးလှသည့် စာမေးပွဲများတသီကြီး ဖြေရပေမည်။၎င်းတို့အား ဆရာသခင်နှစ်ဦး စစ်ဆေးကြသည်။
ဒုတိယတစ်နည်းမှာ နာမည်ကြီးပြီးသား ဆရာသခင် တစ်ယောက်အား အဆိပ်သခင် အစည်းအရူံး၏မျက်မြင် သက်သေအောက်တွင် တိုက်ရိုက် စိန်ခေါ်ရန် ဖြစ်သည်။စိန်ခေါ်မှု အောင်မြင်လျှင် ထိုသူသည် ဆရာသခင် အဆင့်သို့ တိုက်ရိုက် တိုးမြှင့်ခွင့်ရပေမည်။ ရှုံးနိမ့်သူမှာ ဆရာသခင် ဂုဏ်ပုဒ် ပယ်ဖျက်ခံရပြီး ၃နှစ်ကြာ နယ်နှင်ဒဏ်ခံရပေမည်။ ၃နှစ်ပြီးနောက်တွင် ထိုသူသည် ပြန်ခေါ်စိန်ခေါ်၍ ရသလို အလုပ်များကိုလည်း ပြန်ဖြေ၍ ရသည်။စိန်ခေါ်ခံရသူသည် စိတ်ခေါ်မှုကို လက်မခံလျှင် ရှုံးနိမ့်သည်ဟု ချက်ချင်း သတ်မှတ်ခံရသည်။
သို့သော်လည်း စိန်ခေါ်သူမှာ မည်သည်မှ မဆုံးရှုံးနိုင်သည် မဟုတ်ပေ။ လောင်းကြေးအနေဖြင့် ငွေကြေးအမြောက်အများ ပေးအပ်ရန်လိုသည်။ စိန်ခေါ်မှုကျဆုံးသွားလျှင် ထိုငွေများကို ဆရာသခင်က ပိုင်ဆိုင်ပေမည်။ထိုသူသည်လည်း နောက်၃နှစ်အတွင်း ပြန်လည် စိန်ခေါ်၍ မရနိုင်ပေ။
ဤအရာမှာ လောင်းကစားကဲ့သို့ပင်ဖြစ်ကြောင့် ချန်လွေ့ နောက်ဆုံး၌ နားလည်သွားသည်။ထို့နောက် ပိုက်ဆံမှာ ဆေးရည်ပညာရှင်များအတွက် အလွန်အရေးကြီးကြောင်း အဲဒက်စ် ရှင်းပြသည်။အကြောင်းမှာ အဂ္ဂိရတ်ပညာသည် ငွေကုန်ကြေးကျများသည့် ဘာသာရပ်တစ်ခု ဖြစ်သည့်အတွက်ပင်။ ဆေးပညာနှင့် ယန္တရားပညာတို့သည် ငွေကြေးထောက်ပံ့မှု အမြောက်အများ လိုအပ်သည်။ အဂ္ဂိရတ်အဆင့် စာမေးပွဲများဖြစ်စေ၊ အဂ္ဂိရတ်ဆရာ နစ်ယောက်ထံမှ သင်ယူသည်ဖြစ်စေ ငွေကြေးအမြောက်အမြား ပေးရသည်။ထို့ကြောင့် အဂ္ဂရတ်ပညာရှင်အများစုသည် ငွေကြေးရှိပြီးဩဇာကြီးမားသူများကိုရှာပြီး အလုပ်အကျွေး ပြုကြသည်။
ချန်လွေ့ စိတ်ထဲတွင် တွေးလိုက်သည်။
ဒါနဲ့ယှဉ်ရင် ငါ့ရဲ့ အလကား အလုပ်သင်တပည့်က ရဖို့လွယ်လွန်းတာပဲ။
အဲဒက်စ်သည် ငွေကြေးပြဿနာများကြောင့် အလူးအလဲ ခံစားခဲ့ရပြီး ကြွေးနွံနစ်နေခဲ့သည်။ရှိသမျှအားလုံးအား လောင်းကြေးထပ်ပြီးနောက် ဆရာသခင်အဆင့် စာမေးပွဲအား ကျဆုံးသွားသည့်အခါ အဲဒက်စ်သည် ဘဝကို ယုံကြည်ချက် ပျောက်ဆုံးလုနီးပါး ဖြစ်သွားသည်။ထိုကဲ့သို့ အနိမ့်ဆုံးအခြေအနေ၌ အဲဒက်စ်သည် တော်ဝင်မင်းသမီး ရှီရာနှင့် တွေ့ခဲ့သည်။ထိုစဉ်က ရှီရာသည် အသက်၁၆နှစ်သာ ရှိသေးပြီး အမှောင်လမြို့အား လွှဲယူပြီးကာစသာ ရှိသေးတယ်။သို့သော်လည်း သူသည် လူတော်များကို အကဲဖြတ်ရာ၌ တော်သည်။ထို့ကြောင့် ရှီရာသည် အဲဒက်စ်အား ငွေကြေးထောက်ပံ့ပေးခဲ့သည်။ဆရာသခင်တစ်ယောက် ဖြစ်သွားသည့် အခါ အဲဒက်စ်သည် ပြန်လည် ကျေးဇူးတုံ့ပြန်ခဲ့သည်။မြို့တော်၏ ဖိတ်ကြားမှုကို ငြင်းပယ်ပြီး မင်းသမီးရှီရာအား အလုပ်အကျွေးပြုရန် အမှောင်လမြို့တွင် နေရစ်သည်။
ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။
ဒါကြောင့် ဆရာက မင်းသမီးရှီရာကို အမှန်တကယ် ရိုရိုသေသေ ဆက်ဆံတာကိုး။
အဲဒက်စ် သက်ပြင်းချလိုက်သည်။
“ လွန်ခဲ့တဲ့ သုံးလေးလတုန်းက မြို့တော်မှာရှိတဲ့ ဆရာသခင် ဇိုလာ နဲ့ ဆရာသခင် ခမ့်ပ် တို့ဆီကနေ စာတစ်စောင်ရထားတယ်။စာထဲမှာတော့ ဘုရင်ခံ အိုဆိုင်ဒန်အတွက် အလုပ်လုပ်ဖို့ အကျိုးအမြတ်အများကြီးပေးပြီး စည်းရုံးထားတယ်။ငါငြင်းခဲ့တယ်။ ဒီနေ့တော့ အဆိပ်သခင် အစည်းအရုံးရဲ့ မြို့တော်ဌာနခွဲကနေ ရုတ်တရက် မှော်ဆင့်ခေါ် တစ်ခု ပို့ခဲ့တယ်။မြို့တော်က ဆန်ဒရိုလို့ အမည်ရတဲ့ ဆေးရည်ပညာရှင်တစ်ယောက် ငါ့ကို တရားဝင် စိန်ခေါ်ခဲ့တယ်။အခုအချိန်ဆို ဆရာသခင် ဇိုလာ နဲ့ ဆရာသခင် ခမ့်ပ်တို့ကလည်း အမှောင်လမြို့ကို လာမယ့်လမ်းမှာ ရောက်နေလောက်ပြီ။ နောက်၂ရက်နေရင် သူတို့ရောက် လာလိမ့်မယ်။ ”
အဲဒက်စ်သည် စေတနာအား လက်မခံသည့်အတွက် ပြစ်ဒဏ်သည် ထင်ထားသလို ရောက်လာသည်။
အဲဒက်စ်သည် ရှီရာရဲ့ အရည်အချင်းရှိသော အကူ တစ်ယောက်ဖြစ်သည်။သူ ရှုံးနိမ့်သွားပြီး နယ်နှင်ဒဏ်ခံရလျှင် အမှောင်လ နယ်မြေနှင့် ရှီရာ၏ စွမ်းအားတို့သည် အလွန် အားနည်းသွားပေမည်။ဤသည်မှာ မင်းသမီးရှီရာအား အားနည်းစေရန်အတွက် ဘုရင်ခံ အိုဆိုင်ဒန်ရဲ့ အကြံဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။မြို့တော်သည် အမှောင်လမြို့နှင့် အတော်ဝေးလှသည်။အမြန်ဆုံး သားရဲပျံဖြင့်ပင် တစ်လနီးပါး ကြာသည်။သို့သော်လည်း မှော်ဆင့်ခေါ် သည် အဲဒက်စ်ဆီ ယခုမှ ရောက်သည်။ တစ်ဖက်သူများသည် အဲဒက်စ်အား အငိုက်မိစေရန် တမင်တကာလုပ်နေသည်ဟု ထင်ရသည်။
“ ဆရာ။သူတို့ ဘာပဲ ပြင်ဆင်နေပါစေ အရေးကြီးဆုံးက အစွမ်းပါပဲ။ ”
ချန်လွေ့ စဉ်းစားပြီး ပြောလိုက်သည်။
“ ဆရာ ဆန်ဒရိုကိုသာ အနိုင်ယူနိုင်ရင် တဖက်လူရဲ့ ကြံစည်ချက်က ပျက်ပြားသွားမယ်။ ပြီးတော့လည်း ပိုက်ဆံတွေ အများကြီး ဆုံးရှုံးရမှာ။ ”
“ အဲ့ဒါကို ငါသိတာပေါ့။ဒါပေမဲ့ ပြဿနာကတော့ ငါက ဆန်ဒရိုရဲ့ ပြိုင်ဘက် မဟုတ်တာပဲ။ဆန်ဒရိုက အင်ပါယာရဲ့ အထူးချွန်ဆုံး ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင်ပဲ။ငါ အဆိပ်သခင် စာမေးပွဲ ဖြေနေတုန်းက သူက ထိပ်တန်း ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကို ရနေပြီ။ပြီးတော့လည်းသူ့အစွမ်းက ဆရာသခင် အဆင့်ရောက်နေပြီ။ ဆရာသခင်တွေ အများကြီးက သူ့ကို လေးစားကြတယ်။အစွမ်းထက်ဆုံး ဆေးရည်ကို မလုပ်နိုင်ခဲ့ရင် အဆိပ်သခင်စာမေးပွဲ မဖြေဘူးလို့ သူသစ္စာဆိုခဲ့တယ်လို့လည်း ကောလာဟလတွေ ရှိတယ်။အခုတော့ သူငါ့ကို စိန်ခေါ်နေပြီ။သူက ဆေးရည်အသစ် တစ်ခု တွေ့ရှိသွားတာဖြစ်နိုင်တယ်။သူက ငါ့ကို ပေးဆပ်စေပြီးတော့ ဆရာသခင် အဆင့်ကို တက်လှမ်းမှာပဲ။ကောင်စီခန်းမမှာ မင်းသမီးရှီရာနဲ့ အကြာကြီး ဆွေးနွေးပြီးပြီ။ ငါတို့ဘယ်လို ပြန်လုပ်ရမလဲဆိုတာ ဘာတစ်ခုမှ စဉ်းစားလို့မရဘူး။ ”
ချန်လွေ့ အစ်အောက်ကြည့်လိုက်သည်။
“ ဆရာ။အခုချက်ချင်း ဆန်ဒရိုဘက်ကို ဆက်သွယ်ပြီးတော့ ဘုရင်ခံ အိုဆိုင်ဒန်ကို အလုပ်အကျွေးပြုမယ်လို့ ပြောရင် ဒီစိန်ခေါ်မှုကို ရှောင်နိုင်မှာလား။ ”
အဲဒက်စ် ခေါင်းခါလိုက်သည်။
“ ငါအရင်က မင်းသား အိုဆိုင်ဒန်ရဲ့ ဖိတ်ကြားမှုကို ငြင်းခဲ့တယ်ဆိုတော့ အခုလည်း ငါလက်ခံမှာ မဟုတ်ဘူး။ငါတို့ အမှောင်နတ်သူငယ်တွေက ရိုးဖြောင့်တာတွေ၊ ခွင့်လွှတ်တာတွေကို ဂရုမစိုက်ပေမဲ့ အခြားသူရဲ့ စေတနာကို ဘယ်တော့မှ မမေ့ဘူး။မင်းသမီးရှီရာကို ငါဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။တကယ်လို့ ငါ နယ်နှင်ဒဏ်ခံရရင်တောင်မှ အကောင်းဆုံးကြိုးစားပြီး ဆရာသခင် ပြန်ဖြစ်အောင် လုပ်ပြီးတော့ မင်းသမီးရှီရာကို အလုပ်အကျွေးပြုမယ်။ ”
သို့သော်လည်း မင်းသား အိုဆိုင်ဒန်သည် ရှီရာအား ရှင်းပစ်ရန် ရည်ရွယ်ထားသည့်အတွက် အဲဒက်စ် နယ်နှင်ဒဏ်ခံလျှင် အသက်ရှင်မရှင် မသေချာပေ။အကယ်၍ အဲဒက်စ် အသက်ရှင်ပြီး ဆရာသခင် ပြန်ဖြစ်သွားလျှင်တောင် ကပ်ဆိုက်နေသည့် အမှောင်လမြို့သည် ရှီရာလက်ထဲတွက် သုံးနှစ်ကြာအောင် ရှိနေနိင်မည်လား။
ချန်လွေ့ပင် ဤအချက်ကို သဘောပေါက်သည်။အဲဒက်စ်လည်း သဘောပေါက်မည်မှာ သေချာသည်။
အဲဒက်စ် ဘာမှ ဆက်မပြောတော့ဘဲ သူ၏ စာအုပ်များ၊ဆေးရည်များကို ရှင်းလင်းလိုက်သည်။အဲဒက်စ်သည် အချိန်မရွေးထွက်သွားရန် အသင့်ဖြစ်နေလေပြီ။
ချန်လွေ့သည် ဝိုင်းကူ မရှင်းလင်းပေးဘဲ ဘေး၌ မျက်မှောင်ကြုတ်နေလိုက်သည်။ အဲဒက်စ်သည် ဘာသာရပ်များတွင် အလွန် တင်းကြပ်လှသည်။အမှောင်နတ်သူငယ် ဖြစ်သည့်အတွက် အနည်းငယ် မယုံရသော်လည်း ချန်လွေ့အား ဆရာစားမချန် ဆေးဝါးပညာ သင်ပေးခဲ့သည်။အသားအရောင် ခွဲခြားခြင်း မရှိပေ။ထို့ပြင် အဲဒက်စ်သည် ပြင်ပလောက၌ ချန်လွေ့၏ အကောင်းဆုံး အကာအကွယ် ဖြစ်သည်။အဲဒက်စ်အတွက် ဖြစ်စေ၊ကိုယ့်အတွက်ဖြစ်စေ ချန်လွေ့သည် ကူညီရန် ကြိုးစားရပေမည်။
ပြီးတော့လည်း စူပါစနစ်ရဲ့ စတင်ခြင်း တိုးတက်နှုန်းက ရပ်တန့်နေတယ်။ဆန်ဒရိုရာရဲ့ ဆေးရည်အသစ်က အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်တယ်.....
သေချာစဉ်းစားချင့်ချိန်ပြီးနောက်တွင် ချန်လွေ့၏ စိတ်ထဲ၌ ပြောင်ပြောင်တင်းတင်း အကြံတစ်ခု တဖြည်းဖြည်း ပေါ်လာသည်။
“ ဆရာ။နေပါဦး။အစောကြီး မကောင်းမတွေးပါနဲ့။ကျုပ်တို့ အမှန်တကယ် မရှုံးနိုင်ပါဘူး။ ကျုပ်ရဲ့အကြံ အောင်မြင်ခဲ့ရင်..... ”
ချန်လွေ့ သေသေချာချာ စဉ်စားပြီး ပြုံးကာ ပြောလိုက်သည်။
“ ပိုက်ဆံကို ဘယ်လိုခွဲဝေမလဲဆိုတာ အရင်ဆုံးအေးအေးဆေးဆေးဆွေးနွေးလို့ရတယ်။ ”
ထိုစကားများက အဲဒက်စ်အား ကြက်သေသေသွားစေပြီး ညှိုးငယ်နေသည့် မျက်လုံးများ ရုတ်တရက် ပြူးထွက်သွားသည်။
ထိုအချိန်၌ အမှောင်လ နယ်မြေအတွင်း၌ တမင်တကာ ဖြန့်ဝေသည့် သတင်းတစ်ခု ပျံ့နှံ့နေလေသည်။နှစ်ရက်အတွင်း၌ မြို့တော်မှ ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင် တစ်ယောက်သည် ဆရာသခင်အဲဒက်စ်အား စိန်ခေါ်မည့်အကြောင်း ပျံ့နှံ့သွားပြီး အမှောင်လမြို့အတွင်း၌ ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်သွားတော့သည်။
အချိန်၂ရက် မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွားလေသည်။မှော်ဆင့်ခေါ်တွင် ဖော်ပြထားသည့်အတိုင်း မြို့တော်မှ ဆရာသခင်များသည် အမှောင်လမြို့ပြင်၌ အချိန်မီ ပေါ်ထွက်လာကြသည်။