စိန်ခေါ်ပွဲ တစ်ပွဲဖြင့် နာမည်ကျော်သွားသည့် အကျော်ဇေယျ အဲဒက်စ်
Vol. 2 Ch. 20
ချန်လွေ့၏ စိတ်ထဲ၌ အသိပေးချက်တစ်ခု အသံမြည်လာသည်။
“ စူပါစနစ်အား စတင်ရန် အသင့်ဖြစ်ပါပြီ။၁၂နာရီအတွင်း ပြီးစီးမည် ဖြစ်သည်။ ”
ငါစောင့်ရဦးမှာလား။ဝန်ဆောင်မှု အရည်အသွေးက ဆိုးလိုက်တာကွာ။
ချန်လွေ့၏ စိတ်လှုပ်ရှားမှုများ ချက်ချင်း ပျောက်ဆုံးသွားသည်။မူလက သူ၏ တဟုန်ထိုးတိုးလာသည့် စွမ်းအားများကို နတ်ဆိုးများအလယ်၌ ပြသချင်ခဲ့သည်။ သို့သော်လည်း ယခုကဲ့သို့ ကြန့်ကြာမည် ဖြစ်ကြောင်း မည်သူ သိနိုင်မည်နည်း။ ချန်လွေ့လည်း အချိန်အကြာကြီး စောင့်ခဲ့ရပြီးပြီ ဖြစ်သည့်အတွက် မလောတော့ပေ။ အခုအရေးကြီးမှာ ထိုစက်ဆုပ်စရာလူ အဲ... စက်ဆုပ်စရာနတ်ဆိုးအား ကိုင်တွယ်ရန်ဖြစ်ပေသည်။
“ ဒီဆေးရည် အရသာက သိပ်မကောင်းဘူး။ညှီပြီးတော့ခါးတယ်။နောက်တစ်ခါကျရင် ရှာလကာရည်နဲ့ ချင်းစိမ်းတွေ ပိုထည့်ဖို့ အကြံပေးတယ်။အဲ့ဒါတွေက ညှီနံ့တွေ ဖျောက်နိုင်တယ်။ ”
ချန်လွေ့သည် ကြက်သေသေနေသည့် ဆန်ဒရိုအား ရုပ်တည်ဖြင့် ပြောလိုက်သည်။
ဆယ်စုနှစ်နဲ့ချီပြီးတော့ ကြိုးစားခဲ့ရတာတွေ၊စိတ်ပိုင်းဖြတ်ထားတာတွေ၊ အစွမ်းအထက်ဆုံးအဆိပ်ကို ဖော်စပ်ဖို့အတွက် သစ္စာဆိုထားတာကို တည်စေဖို့ ဆရာသခင်ဂုဏ်ပုဒ်ကို စတေးခဲ့ရတာတွေက ဒါအတွက်လား။
လူသားတပည့်၏ သရော်မှုများသည် ကျရှုံးမှုနှင့်ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။
အဲဒက်စ် ပြန်မတိုက်ခိုက်ရသေးသော်လည်း သူရှုံးသွားပြီဖြစ်သည်ကို ဆန်ဒရို သဘောပေါက်သွားသည်။
ဆရာသခင် ဇိုလာ နှင့် ဆရာသခင် ခမ့်ပ် တို့လည်း သဘောပေါက်ကြသည်။ဆန်ဒရို၏ အစွမ်းထက်ဆုံးအဆိပ်ကို အဲဒက်စ်က အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။အဆိပ်ဖြေခြင်း သည် ဖော်စပ်ခြင်းထက် ခက်ခဲသည်မှာ အသေအချာပင်ဖြစ်သည်။ထို့ကြောင့် အမှောင်နတ်ဆိုး၏ တန်ပြန်ရိုက်ချက်သည် ဆန်ဒရိုအား အနိုင်ယူနိုင်သည်မှာ သေချာသည်။ဆန်ဒရို၏အသက် ဆုံးရှုံးရမည်မှာ အသေအချာပင်ဖြစ်သည်။
အင်ပါယာ၏ နံပါတ်(၁) ဉာဏ်ကြီးရှင် အဆိပ်ဆရာ၊ဂုဏ်ကျက်သရေ ထောင်ပေါင်း များစွာရဲ့ အချစ်တော်လေးသည် ဤကဲ့သို့ နေရာသေးသေးလေး၌ အမှန်တကယ်ပင် ရှုံးနိမ့်ခဲ့သည်။သူသည် အမှန်တကယ်ပင် နာမည်မရှိသည့် အမှောင်နတ်သူငယ်အား ရှုံးနိမ့်ခဲ့လေသည်။
အမှန်တကယ် ဆန်ဒရိုသည် လူသစ်တပည့်အား ရှုံးနိမ့်သွားကြောင်း သူတို့သိသွားလျှင် ရူးသွားပေလောက်မည်။
“ ဒီတိုက်ပွဲက မပြီးသေးဘူး။ခုနက ဆရာပြောလိုက်တယ်။သူက ခင်ဗျားကို အီးတစ်လုံးထဲနဲ့ အဆိပ်မိပြီးသေအောင် လုပ်နိုင်တယ်။ ”
ထိုအသံအကျယ်ကြီးသည် ပြိုင်ကွင်းတစ်ခုလုံးအား တိတ်ဆိတ်သွားစေသည်။ ဟုတ်တယ်။အဲဒက်စ်က ဆန်ဒရိုဆီကနေ စိန်ခေါ်မှုတွေ အားလုံးကို လက်ခံပြီးပြီ။အခုက ပြန်တိုက်ခိုက်ရမယ့် အချိန်ပဲ။
ဒါပေမဲ့လည်း အင်ပါယာရဲ့ ဒဏ္ဍာရီလာ ဉာဏ်ကြီးရှင် ဆန်ဒရိုကို အီးတစ်လုံးထဲနဲ့ အဆိပ်မိအောင် လုပ်နိုင်မှာလား။
ခဏကြာအောင် နတ်ဆိုးတိုင်းက သူ့ကို အာရုံစိုက်နေလိုက်သည်။
လူသားတပည့်သည် ပုလင်းတစ်လုံး ကိုင်ပြီး အဲဒက်စ်ဆီ လာသည်။အမှောင် နတ်သူငယ်၏ မျက်နှာ ချက်ချင်းပျက်သွားသည်။ ချန်လွေ့ပြောတဲ့ ‘ အီးပေါက် ’ တာက တကယ်ပဲကိုး။သူတကယ် လုပ်ချင်နေတာပဲ။
မည်သို့ပင် ဆိုစေကာမူ အဲဒက်စ်သည် အမှောင်လမြို့၏ နာမည်ကျော် ဆေးရည် ပညာရှင်တစ်ယောက် ဖြစ်လေသည်။ နတ်ဆိုးတိုင်းကြည့်နေတုန်း သူတကယ်ပဲ အဲ့ဒီလို လုပ်ရမှာလား.....
လူသားတပည့်သည် တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြီး အားပေးလိုက်သည်။
အဲဒက်စ်သည် ထခုန်ပြီး ချန်လွေ့အား လည်ပင်းညှစ်သတ်ချင်စိတ် ပေါက် သွားသည်။သို့သော်လည်း သူသည် ဒဏ်ရာအပြင်းအထန် ရနေသူဖြစ်နေသည်။ ကိုယ့်ကိုယ်ကိုယ် အသိလစ်အောင် ပြုရန် ကြံလိုက်စဉ် ဆန်ဒရိုအားသတ်ရန် လူသားကတိပေးခဲ့သည်ကို သတိရသွားသည်။သေချာစဉ်းစားချင့်ချိန်ပြီးနောက်တွင် အဲဒက်စ် လက်လျှော့လိုက်ပြီး ခန္ဓာကိုယ်အား လှည့်လိုက်သည်။
ချန်လွေ့သည် ပုလင်းအား အမှောင်နတ်သူငယ် ဆရာသခင်၏ တင်ပါးနောက်၌ သေသေချာချာထားလိုက်ပြီး တစ်ဖက်သို့ မျက်နှာလှည့်ကာ ကြိုတင် နှာခေါင်း ပိတ်ထားလိုက်သည်။ထိုအချိန်တွင် ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ မျက်လုံးတိုင်းသည် အဲဒက်စ်၏ ခန္ဓာကိုယ်တစ်နေရာအား အာရုံစိုက်ထားကြလေသည်။
တစ်ခါတစ်ရံ၌ စိတ်လှုပ်ရှားလေလေ ကိစ္စပြီးရန် ပိုခက်ခဲ လေလေဖြစ်သည်။တစ်မိနစ်ပြီး တစ်မိနစ် အချိန်ကုန်ဆုံးသွားသည်။ဦးဆောင်သူ ချန်လွေ့ပင်လျှင် အနည်းငယ် ညောင်းသလို ခံစားရလာသည်။
အမှောင်နတ်သူငယ်သည် အချိန်အတော်ကြာအောင် ညှစ်ထုတ်ခဲ့သည်။သူ၏ မျက်နှာပင် ပန်းရောင်သမ်းလာပြီး နဖူး၏ ချွေးများ စို့လာသည်။နောက်ဆုံးတွင်တော့ “ ဘူ ” ဟု အသံထွက်ပြီး အီးပေါက်လိုက်လေသည်။
အချိန်အကြာကြီး စောင့်နေရသည့် အသံအား လူတိုင်းကြားလိုက်ရလေပြီ။ဤကဲ့သို့ ဖြစ်မည်ဟု ကြိုသိသော်လည်း အမှန်တကယ် ဖြစ်သွားသည့်အခါ နတ်ဆိုးတို့၏ မျက်နှာများ တစ်မျိုးတစ်မည် ဖြစ်သွားကြလေသည်။
အားလုံး အံ့အားသင့်နေစဉ်တွက် လူသားတပည့်သည် မျက်မှောင်ကြုတ်ပြီး အလျင်အမြန်ပင် ပုလင်းကို အဖုံးပိတ်လိုက်သည်။ထို့နောက် စားပွဲဆီသို့ ပြန်လာပြီး ဓာတုပစ္စည်း အနည်းငယ်ရွေးကာ ရုပ်တည်ဖြင့် ရောစပ်တော့သည်။အာရုံစိုက်မှုသည် ခုနက ဆန်ဒရိုကဲ့သို့ပင် ဖြစ်သည်။ရုတ်တရက် ဝုန်းခနဲ အသံထွက်လာပြီး ကံကောင်းစွာပင် ပုလင်းမကွဲသွားခဲ့ပေ။အက်ရုံသာ အက်သွားသည်။
ကတ်သီးလေးပဲဟု ချန်လွေ့တွေးလိုက်သည်။သူ ထပ်ပြီး ဟန်မဆောင်ရဲတော့ပေ။ ချန်လွေ့သည် ထိုပျော်ရည်အား အခြားပုလင်းထဲလောင်းထည့်ပြီး တံတွေး ထွေးထည့် လိုက်သည်။ထို့နောက် ဆေးရည်များ ထပ်ဖော်စပ်ပြီး နောက်ဆုံး၌ ဆရာသခင် အဲဒက်စ်၏ ဓာတ်ငွေ့တစ်မျိုး ထည့်ထားသည့် ပုလင်းထဲသို့ အားလုံး ရောထည့်လိုက်ကာ လှုပ်လိုက်သည်။
ဆေးရည်ကြောင့်ပေလား။ဆရာသခင်၏ ဓာတ်ငွေ့ကြောင့်ပေလား မသေချာပေ။ထိုဆေးရည်မှာ အလွန် အစွမ်းထက်လှသည်။ဇိုလာ နှင့် ခမ့်ပ် တို့ပင် ပျို့အန်ချင်စရာ အနံ့ကို ရကြလေသည်။ပြိုင်ကွင်းအနီး၏ အစောင့်များပင် မျက်မှောင်ကြုတ်သွားကြသည်။
ချန်လွေ့သည် နှာခေါင်းပိတ်ပြီး ဆန်ဒရိုရှေ့၌ ပုလင်းလှုပ်ပြကာ ထူးထူးဆန်းဆန်းအသံဖြင့် ပြောလိုက်သည်။
“ ခင်ဗျားသောက်ရဲလား။ ”
အဲဒက်စ်သည် ဆေးပညာ၌ ကျွမ်းကျင်သည်။ချန်လွေ့ ဟန်ဆောင်နေကြာင်း သူသိသည်။သို့သော်လည်း သူဖော်စပ်ခဲ့သည်မှာ သာမန် နံစော်ဆေးရည်သာ ဖြစ်သည်။ ပစ္စည်းအနည်းငယ် ထပ်ပေါင်းကာ ပိုနံစေရန် လုပ်ခဲ့ခြင်းသာဖြစ်သည်။ဤကဲ့သို့ ဆေးရည်သည် အားနည်းလှသည်။ဖြေဆေးမသုံးလျှင်ပင် မည်သူမှ မသေနိုင်ပေ။ အနံ့သည် ဆိုးရွားလွန်း၍သာဖြစ်သည်။နတ်ဆိုးသားရဲများအား ခြောက်လှန့်ရန်သာ သုံးလေ့ရှိသည်။
သို့သော်လည်း ဤဆေးရည်ထဲသို့ အဲဒက်စ် အီးပေါက် ခဲ့သည်။ထို့နောက် လူသား တပည့်က တံတွေးထွေးခဲ့သည်။ဤသည်မှာ သေချာပေါက် အရှက်ခွဲရန်ပင် ဖြစ်သည်။
ချန်လွေ့သည် ပုလင်းအား လက်မဖြင့်ပိတ်ကာ ပြောလိုက်သည်။
“ ဒီဆေးရည်က ဆရာသခင် အဲဒက်စ် နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ အဆိပ်ငွေ့ကို သုံးထားတာ။ဒီလို အဆိပ်ငွေ့မျိုး ထုတ်နိုင်ဖို့အတွက် ဆရာသခင်က ၃နှစ်လုံးလုံး ရေမချိုးဘူး။၅နှစ်ကြာ အတွင်းခံမလဲဘူး။၁၀နှစ်ကြာအောင် ခြေအိပ် မလဲဘူး။နေ့တိုင်း လာလာ အာလူးကိုပဲစားတယ်။အဲ့ဒါတွေက ဒီ “ ဆယ်နရီ ရနံ့ ” ဆေးရည်ကို ဖန်တီးဖို့ပဲ။ဒီဆေးရည်ကို နဂါးတောင် မခုခံနိုင်ဘူး။ခင်ဗျားမသောက်ရဲရင် ဆရာသခင်ကို ဒူးထောက်ပြီး ၉၉ခေါက် ဦးတိုက်ရမယ်။တစ်ကြိမ် ဦးတိုက်ရင် “ ကျုပ်မှားပါတယ် ” လို့ ပြောရမယ်။ဒါဆိုရင် ဒီတိုက်ပွဲမှာ ခင်ဗျားကို အသက်ချမ်းသာပေးမယ်။ဘယ်လိုထင်လဲ။ ”
ဤကဲ့သို့ အခြေအနေမျိုးကို ဆန်ဒရို လက်ခံရန် လုံးဝ မဖြစ်နိုင်ပေ။သူတကယ် လက်ခံလိုက်လျှင် ဤနယ်ပယ်၌ ထပ်ပြီး နေနိုင်တော့မည် မဟုတ်ပေ။
ဆေးရည် နာမည်နှင့် အဆိပ်ငွေ့ လေ့ကျင့်ပုံအကြောင်း ကြားသည့်အခါ အဲလစ် မအောင့်ထားနိုင်တော့ပေ။နဂါးပင် မခံအောင်ကြောင်း ကြားလိုက်သည့်အခါ အဲလစ်သည် အသီနာ၏ လက်မောင်းဆီသို့ ခုန်ဝင်သွားပြီး ရယ်လိုက်မိတော့သည်။မျက်ရည်များပင် ထွက်လာလေသည်။အသီနာလည်း စတင် ရယ်တော့သည်။ထိုရယ်သံများက အချိန် အကြာကြီး အောင့်ထားသည့် သူများဆီ ပျံ့နှံ့သွားပြီး ပြိုင်ကွင်းတစ်ခုလုံး ရယ်သံများ ပြည့်နှက်သွားတော့သည်။
အဲဒက်စ်သည် ယခုတွင် သေချင်စိတ်ပင် ပေါက်သွားသည်။ချန်လွေ့သည် တချို့နေရာ၌ ဆန်ဒရိုထက်ပို၍ ထူးဆန်သည်ဟု အဲဒက်စ် ခံစားမိသည်။သူ၏ ဒဏ်ရာအတုကြောင့် မလှုပ်ရှားနိုင်သည့်အတွက် မျက်လုံးနှင့်နားပိတ်ကာ မကြားချင် ယောင်ဆောင် ရလေတော့သည်။
သို့သော်လည်း မြို့တော်မှ နတ်ဆိုးများ၏ မျက်လုံးထဲ၌ ထိုရယ်သံသည် စိန်ခေါ်မှုအား လက်မခံသည့်အတွက် ဆန်ဒရိုအား ရယ်နေသည်နှင့် ပိုတူလေသည်။
“ ဆရာသခင်နှစ်ယောက်။သက်သေလုပ်ပေးပါ။ ”
ချန်လွေ့သည် တမင်ပင် ပုလင်းကို ယူပြီး ဇိုလာ နှင့် ခမ့်ပ်တို့ထဲ လမ်းလျှောက်လာသည်။ ပုလင်းဖွင့်လိုက်သည်ကို မြင်လိုက်ရာ ဆရာသခင်နှစ်ယောက် အလျင်အမြန် ခေါင်းညိတ် လိုက်သည်။သူတို့ အသက်ပြင်းပြင်း မရှူရဲပေ။မည်သို့ပင်ဖြစ်စေ အဲဒက်စ်သည် အစွမ်းထက်လှသည်။ထွင်လုံး ဆိုလျှင်တောင် အထင်သေး၍ မရနိုင်ပေ။
ချန်လွေ့ ကမ်းလိုက်သည့် “ ဆယ်နရီ ရနံ့ ” ဆေးရည်အား ကြည့်ပြီး ဆန်ဒရို၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။အံကြိတ်ရင် သွားများ သွေးစို့လုမတတ် ဖြစ်သွားသည်။
ဒီနေ့ အရှက်ခွဲတာတွေကို အနာဂတ်မှာ နှစ်ဆ ပြန်ပေးဆပ်ရမယ်။
အဲဒက်စ်။လူသားတပည့်။ဒီလောကမှာ မွေးဖွားလာတာကို နောင်တရအောင် ငါ လုပ်ပစ်မယ်။
ဆန်ဒရိုသည် မျက်လုံးပိတ်ကာ နားနေသည့် အဲဒက်စ်အား ရန်ညှိုးဖြင့် ကြည့်လိုက်သည်။ဖြေဆေးတချို့ သူအရင်သောက်လိုက်သည်။ထို့နောက် အသက်အောင့်ကာ ရွံရှာမှုကို သည်းခံပြီး သောက်ထည့်လိုက်သည်။
ဝိုး။ကြမ်းလိုက်တာ။
ကျန်းချန်သည် ဆန်ဒရိုအား အားကျစွာ ကြည့်လိုက်သည်။
သူက ဒဏ်ခံနိုင်တာပဲ။တကယ့်ကို ရက်စက်တဲ့သူပဲ။
သို့သော်လည်း “ ဆယ်နရီ ရနံ့ ” နှင့် ရင်ဆိုင်ရသည့်အတွက် သူ၏အသက် ပါသွားလေပြီ။
ဆန်ဒရိုသည် ပျို့အန်ချင်စိတ်ကို သည်းခံပြီး သောက်လိုက်သည်။ရက်ရက်စက်စက် စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် သူ၏ အမူအရာ ရုတ်တရက်ပြောင်းလဲ သွားသည်။သူ၏ ခန္ဓာကိုယ် ချိုင့်ဝင်သွား၏။သူ၏ လည်ချောင်းထဲ၌ အသံတစ်သံ ထွက်လာကာ ခန္ဓာကိုယ်သည် အစိမ်းရောင် အငွေ့များအဖြစ် ကြေမွသွားပြီး လေထဲ၌ ပျောက်ကွယ်သွားသည်။
ကြယ်ကြွေတမန် အင်ပါယာ၏ နံပါတ်(၁) ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင်သည် “ အီးတစ်လုံး ” ဖြင့် ဖော်စပ်သည့် ဆေးရည်နှင့်အတူ ပျောက်ကွယ်သွားလေပြီ။
အဆိပ်နှင့် ကာလရှည်ကြာ ထိတွေ့မှုကြောင့် အဆိပ်ဆရာများသည် အဆိပ်ခုခံမှု အဆင့်တစ်ခုအထိ ရှိကြသည်။
ဆရာသခင်အဆင့် ဆေးရည်ပညာရှင် တစ်ယောက်ကို ချက်ချင်း ပျောက်ကွယ် သွားနိုင်တဲ့ ဆေးရည်က ဘယ်လောက်တောင် အဆိပ်ပြင်းတာလဲ။
ပြောင်းလဲမှုမှာ ရုတ်တရက်ပင်ဖြစ်သည်။မျက်လုံးဖွင့်လိုက်သည် အဲဒက်စ်ပင် နောက်ဆုတ်သွားရသည်။ရှီရာလည်း အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ အကြည့်သည် ချန်လွေ့ဆီ ရောက်သွားသည်။မြို့တော်မှ နတ်ဆိုးများသည် သူတို့၏ မျက်လုံးများကိုပင် မယုံနိုင်ကြချေ။အထူးသဖြင့် ဇိုလာ နှင့် ခမ့်ပ် တို့ပင် ဖြစ်သည်။ ထိတ်လန့်သည့် ဗလုံးဗထွေးသံများကို ပွဲကြည်သူများ၏ ကျယ်လောင်လှသည့် အားပေးသံများက ဖုံးလွှမ်းသွားသည်။
အဲဒက်စ်သည် သိပ်ပြီး ပျော်ရွှင်ဟန်မပြပေ။မျက်လုံးပိတ်က သိုသိုသိပ်သိပ် နေနေလေသည်။နတ်ဆိုးများ၏ အံ့ဩသည့် မျက်လုံးများရှေ့တွင် အဲဒက်စ်အား နားရန်အတွက် စမ်းသပ်ခန်းဆီ ခေါ်သွားတော့သည်။
စိန်ခေါ်ပွဲ ပြီးဆုံးသွားလေပြီ။အငြင်းပွားမှု တစ်စုံတစ်ရာမရှိပဲ ဆရာသခင်အဲဒက်စ် အနိုင်ရသွားလေသည်။လောင်းထားသည့် ပိုက်ဆံများအား ရရှိခဲ့သည့်အပြင် အီးတစ်လုံးဖြင့် ဉာဏ်ကြီးရှင် ဆေးရည်ပညာရှင်အား သတ်ခဲ့သည့် အထင်ကရ တိုက်ပွဲအား သမိုင်း၌ မှတ်တမ်းတင်ခံရပြီး နောက်မျိုးဆက်များအထိ လက်ဆင့်ကမ်းကြပေမည်။
ဆေးရည်ပညာရှင်အစည်းအရုံးသည် ကြယ်ကြွေတမန်အင်ပါယာ၏ မူပိုင်မဟုတ်ပေ။ နတ်ဆိုးဘုံရှိ ဆေးရည်ဆရာသခင်အားလုံး၏ သမ္မဂ တစ်ခု ဖြစ်သည်။ဆန်ဒရိုသည် မျှတသည့် တိုက်ပွဲတစ်ခု၌ သေဆုံးသွားခဲ့ရသည်။ထို့ကြောင့် ဘုရင်ခံ အိုဆိုင်ဒန်သည် အဲဒက်စ် သို့မဟုတ် အမှောင်လမြို့အား ပြစ်ဒဏ်မချမှတ်နိုင်ပေ။
မြို့တော်မှ လာသူများ ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည်။ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့သည့် ချဲ့လ်ထ် အပါအဝင်ဖြစ်သည်။တော်ဝင်မင်းသမီး ရှီရာသည် ဧည့်ခံပွဲတစ်ခု ကျင်းပခဲ့သည်။ သို့သော်လည်း ဧည့်ခံပွဲသည် နှုတ်ဆက်ပွဲ ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။
ဧည့်ခံပွဲအား ဆရာသခင် အဲဒက်စ် မတက်ရောက်ခဲ့ပေ။ဤအခြင်းအရာသည် မြို့တော်မှ ဆရာသခင်နှစ်ယောက်၏ မျက်လုံးထဲ၌ ပို၍ လျို့ဝှက်ဆန်းကြယ် သွားသည်။ အမှောင် နတ်သူငယ် ဆရာသခင်ရဲ့ အဆိပ်က ကြောက်စရာ ကောင်းတယ်။သူ့ရဲ့ သိုသိုသိပ်သိပ် စရိုက်ကလည်း ကြောက်စရာကောင်းတာပဲ။ဒါကြောင့်ပဲ နိုင်မယ်လို့ သေချာထင်နေတဲ့ ဉာဏ်ကြီးရှင်က အမှောင်လမြို့ကို လာရုံပဲလာနိုင်ပြီး ပျောက်ကွယ် သွားတာပေါ့။
အမှန်တကယ်တွင် အဲဒက်စ် အနိုင်ယူရပြီးကတည်းက သီခြား တစ်ကိုယ်တည်းနေရန် ဆုံးဖြတ်ထားခဲ့သည်။နတ်ဆိုးများအရှေ့၌ အချိန်တစ်ခုအထိ ပေါ်လာမည်မဟုတ်ပေ။ အကြောင်းရင်းမှာ ရှက်စရာကောင်းလွန်း၍ ဖြစ်သည်။နတ်ဆိုးများစွာ၏ အကြည့်ကိုခံရခြင်းသည် မမေ့နိုင်စရာပင် ကြက်သီးထစရာ ကောင်းလှသည်။
စိန်ခေါ်ပွဲ အောင်မြင်ရန် ကူညီသူတစ်ယောက်ဖြစ်သည့် တပည့် ချန်လွေ့သည် ဧည့်ခံပွဲ၌ ပေါ်လသည်။ထိုအချိန်၌ ချန်လွေ့အား မည်သူမှ ဂရုမစိုက် မလုပ်ရဲပေ။လူသားသည် တိုက်ပွဲ၌ အသုံးချခံ ရုပ်သေးသာ ဖြစ်သော်လည်း သူသည် အမှောင်လမြို့တစ်ခုလုံးအား ထိတ်လန့်စေသည့် ဓာတ်ငွေ့အား ထုတ်နိုင်သည့် စူပါ ဆရာသခင်တစ်ယောက်အား ကိုယ်စားပြုလေသည်။
ချန်လွေ့သည် ထိုကဲ့သို့ ဧည့်ခံပွဲအား စိတ်မဝင်စားပေ။တစ်ယောက်မှ မသိသည့်အတွက် ထိုပျင်းစရာ ဧည့်ခံပွဲ မြန်မြန်ပြီးရန် မျှော်လင့်ပြီးလေသာခန်းသို့ တစ်ယောက်တည်း သွားလိုက်သည်။
“ ချန်လွေ့ ”
အသီနာသည် အဲလစ်နှင့်အတူ လျှောက်လာသည်။
အသီနာသည် အကွက်ပါသည့် အနီရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။၎င်းသည် အတော်လေး လိုက်ဖက်လှသည်။ပုံမှန် ဓားသမားပုံစံနှင့်မတူဘဲ ထူးခြားပြီး အံ့ဩစရာ အသွင်အပြင်ကို ပေးစွမ်းသည်။အဲလစ်သည် အဖြူအပြာ အစင်းကြား ဂါဝန်ဝတ်ထာားပြီး ချစ်စရာကောင်းနေလေသည်။သူသည် နတ်ဆိုးအများ၏ အာရုံစိုက်မှု ခံရသည်။
အဲလစ် မျက်မှောင်ကြုတ်လိုက်သည်။
“ ချန်လွေ့။နင့်အဝတ်အစားက ရုပ်ဆိုးတယ်။ဧည့်ခံပွဲအတွက် ခမ်းခမ်းနားနား အဝတ်တော့ ဝတ်သင့်တယ်။ ”
“ ငါ့မှာ မရှိဘူးလေ။စမ်းသပ်ခန်းဆီတောင် ပြန်မသွားရသေးဘူး။ဒီတပည့်ဝတ်စုံက အဆင်ပြေနေပါပြီ။”
ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် ကြည့်ရင်း ပြောလိုက်သည်။
“ မင်းသမီးလေးလည်း ဂါဝန်ဝတ်ရတာကို တကယ်ကြိုက်တာလား။ ”
“ မကြိုက်ဘူး။လွတ်လွတ်လပ်လပ် သွားလို့မရဘူး။ ”
အဲလစ်သည် ဂါဝန်အား လိမ်လိုက်သည်။ထို့နောက် သူ ရုတ်တရက် ထူးဆန်းစွာ ပြုံးလိုက်သည်။
“ ဒီနေ့ နင်လုပ်ဆောင်တာ တော်တော်လေးကောင်းတယ်။အထူးသဖြင့် “ ဆယ်နရီ ရနံ့ ” ပေါ့။ငါ နားမလည်တာက ဆရာသခင်ရဲ့ အီးက တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တာလား။ ”
ချန်လွေ့သည် ထူးဆန်းစွာ ပြောလိုက်သည်။
“ ငါပြောခဲ့သလိုပဲ။ဆရာသခင်က ဒီလိုဖြစ်လာဖို့ လာလာ အာလူးနဲ့ လုပ်ထားတာတွေကို နေ့တိုင်းစားတာ။ပြောရရင် ဆန်ဒရိုက အဲ့ဒီအနံ့ကြောင့် သေသွားတာ။မင်းသမီးလေးက စမ်းကြည့်ချင်တာလား။ ”
“ တကယ်လား။ ”
လိုလီလေးသည့် ထူးဆန်းစွာ ပြောလိုက်သည်။
“ ဒါဆိုရင် ဆရာ့ဆီကနေ လာလာအာလူးတွေ သွားတောင်းပြီး နင့်ကို စားခိုင်းမယ်။ နင်အီးပေါက်တာက အဲ့ဒီလောက် မနံဘူးဆိုရင် နင်က မင်းသမီးကို လိမ်နေတာပဲ။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။လိုလီလေးနှင့် စိတ်နှလုံးမကောင်းပုံချင်း အမှန်တကယ် မယှဉ်နိုင်ဟု ချန်လွေ့ တိတ်တဆိတ် တွေးလိုက်သည်။နဂါးတစ်ကောင်အား နံစော်သည့် အနံ့ဖြင့် သတ်နိုင်သည့် ဆေးရည်အကြောင်းပြောနေရင်း အသီနာသည် မထိန်းနိုင် တော့ဘဲ ရယ်လိုက်မိသည်။
အဝေးတစ်နေရာမှ အဲလန်သည် ချန်လွေ့နှင့် အသီနာတို့ စကားပြောရင်း ရယ်မော နေကြသည်ကို တွေ့သွားပြီး သူ၏မျက်နှာ မည်းမှောင်သွားသည်။သူတစ်ယောက်တည်း သောက်နေခြင်းဖြစ်သည်။သူ၏ဘေး၌ ဂျိုးဆက်ပ်သည် ချဲ့လ်ထ်အား ပြုံးနေရင်း စကားပြောနေသည်။