စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်း။ သတ်ဖြတ်ချင်စိတ်
Vol. 2 Ch. 21
ဆရာသခင် ခမ့်ပ်သည် ဝိုင်နှစ်ခွက် ကိုင်ကာ လေသာခန်းဆီ လမ်းလျှောက်လာနေသည် ကို ချန်လွေ့တွေ့လိုက်သည်။ထို့နောက် ချန်လွေ့သည် အဲလစ်အား တမင်တကာ ပြောလိုက်သည်။
“ အရှင်မင်းသမီး။အဲ့ဒါက ဆရာသခင် အဲဒက်စ်ရဲ့ လျို့ဝှက်ချက်ပါ။တပည့်ဖြစ်တဲ့ ကျုပ်က ဘယ်လိုလုပ် သိမှာလဲ။ ”
အဲလစ်လည်း ဆရာသခင် ခမ့်ပ်အား တွေ့လိုက်သည်။ထိုကိစ္စအား ပြောရန် အချိန်နှင့်နေရာ မသင့်လျှော်ကြောင်းသိသွားပြီး အဲလစ်သည် ချန်လွေ့အား ပုံပြင်ပြောပြရန်အတွက် မညီမျှသည့် သဘောတူညီမှုတစ်ခု လုပ်ခိုင်းရန် ချက်ချင်း ခြိမ်းခြောက်လိုက်ကာ အသီနာ၏ လက်ကိုကိုင်ပြီး တစ်ဖက်သို့ လမ်းလျှောက် သွားလိုက်သည်။
ဆရာသခင် ခမ့်ပ်သည် ချန်လွေ့ဆီလာပြီး ဝိုင်တစ်ခွက် ကမ်းလိုက်သည်။
“ ကျေးဇူးပါပဲ။ဆရာသခင်။ကျုပ်က ဒါနဲ့ မထိုက်တန်ပါဘူး။ ”
ဆရာသခင် ခမ့်ပ် ၏ စိတ်ထဲ၌ တစ်ခုခုရှိနေကြောင်း ချန်လွေ့ ချက်ချင်း သဘော ပေါက်လိုက်သည်။ချန်လွေ့သည် ဖန်ခွက်အား မျက်နှာချိုသွေး၍ ယူလိုက်သည်။ ဆရာသခင် ခမ့်ပ် တစ်ငုံသောက်ပြီးမှသာ ချန်လွေ့ သောက်လိုက်သည်။
ခမ့်ပ်သည် ချန်လွေ့၏ အပြုအမူကို ကျေနပ်သွားပြီး ချီးကျူးလိုက်သည်။
“ ချန်လွေ့။မင်းကဒီနေ့ တော်တော် သတ္တိကောင်းတာပဲ။ငါ့ရဲ့ တပည့်သာဆိုရင် ဆန်ဒရိုရဲ့ အဆိပ်ကို သောက်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး။ ”
ချန်လွေ့သည် တော်သင့်ရုံသာ ပြန်ဖြေလိုက်ပြီး ခမ့်ပ် ဆက်ပြောမည်ကို စောင့်နေ လိုက်သည်။ထင်သည့်အတိုင်းပင် ဆရာသခင် ခမ့်ပ်သည် အဲဒက်စ်၏ အမူအကျင့်များ၊ ဝါသနာများ စသည့် အကြောင်းများအား “ တစ်ချက်တစ်ချက် ” မေးပြီး ယနေ့ စိန်ခေါ်ပွဲအကြောင်းသို့ တဖြည်းဖြည်း စကားလမ်းကြောင်းပြောင်းသွားလိုက်သည်။
“ အဲ့ဒီ “ ဆယ်နရီ ရနံ့ ” က တကယ့်ကို အံ့ဩစရာပဲ။အဲ့ဒါက သာမန်ဆေးပင်တွေနဲ့ပဲ လုပ်ထားတဲ့ နံစော်ဆေးရည်ဆိုတာကို ငါပြောနိုင်တယ်။အဲ့ဒါကဘာလို့ ဒီလောက် အဆိပ်ပြင်းရတာလဲ။ငါတို့အားလုံးက ပညာရှင်တွေပါပဲ။အဲ့ဒီ...အီးပေါက်တာနဲ့ ဆင်ခြေမပေးနဲ့။အဲ့ဒါက ဆန်ဒရိုကို အရှက်ခွဲဖို့အတွက် အဲဒက်စ်ရဲ့ တန်ပြန်တိုက်ခိုက်ချက်ပဲ။ ”
ချန်လွေ့သည် ဝိုင် နောက်တစ်ငုံ သောက်လိုက်သည်။
ခမ့်ပ်က တကယ်ပဲ အဲ့ဒီအကြောင်း စဉ်းစားနေတာပဲ။အဲ့ဒါက လာလာ အာလူးလို့ ပြောဖို့တော့ မဖြစ်နိုင်ဘူး။မင်းသမီးလေးတောင် မယုံတာ။
“ ဆရာသခင် ခမ့်ပ်က တကယ့်ကို အမြင်စူးရှတာပဲ။ဆန်ဒရိုရဲ့ စကားတွေ၊ အပြုအမူ တွေက ဆရာသခင် အဲဒက်စ်ကို ဒေါသထွက်စေခဲ့တယ်။အဲ့ဒါကြောင့် သူက ဒီလိုနည်းနဲ့ ပြန်တိုက်ခဲ့တာ။တကယ်တော့ ဆန်ဒရိုကို သတ်လိုက်တဲ့ ဆေးရည်မှာ နံစော်ဆေးရည်ရဲ့ ပါဝင်ပစ္စည်းတွေအပြင်ကို ဆရာသခင် အဲဒက်စ် ကြိုတင် ဖောစပ်ထားတဲ့ အဖြည့်ပစ္စည်း တချို့လည်း ပါတယ်။ ”
ခမ့်ပ် ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
“ အဖြည့်ပစ္စည်း ဟုတ်လား။ဘာတွေပါလဲဆိုတာ မင်းမှတ်မိလား။ ”
ချန်လွေ့သည် ခမ့်ပ်အား သတိဖြင့် ဖြတ်ခနဲ ကြည့်လိုက်သည်။
“ ဒါတွေကို ဘယ်သူ့ကိုမှ မပြောဖို့ ဆရာအဲဒက်စ် ပြောထားတယ်။ကျုပ်ကအခု အလုပ်သင် တပည့်တစ်ယောက်ပါပဲ။ဆရာသခင်က သူ့ကို ဆရာလို့တောင် ခေါ်ခွင့် မပြုသေးဘူး။ကျုပ်ကို ဆရာသခင်က စမ်းသပ်ခန်းကနေ မောင်းထုတ်မှာကို မဖြစ်ချင်ဘူး။ ”
“ ဘယ်လိုတောင်လား ”
ခမ့်ပ် တွေးလိုက်သည်။
“ မင်းရဲ့ အထုံက ထူးချွန်တယ်။င့ါရဲ့ တပည့်တွေအားလုံး ပေါင်းရင်တောင် မင်းကို မယှဉ်နိုင်ဘူး။အဲဒက်စ ဒီလိုတပည့်မျိုးကို လက်လွှတ်မှာ မဟုတ်ဘူး။မင်းက ငါ့တပည့်မဟုတ်တာ ဆိုးတာပဲ....”
ချန်လွေ့ အံ့အားသင့်သွားဟန် ပြလိုက်သည်။
“ ကျုပ်ရဲ့ အထုံက တကယ်ပဲ ဒီလောက်ကောင်းတာလား။ဒါဆိုရင် ဆရာသခင်က ကျုပ်ကို အသုံးမကျဘူးလို့ အမြဲပြောရတာလဲ။ ”
အသုံးမကျရုံပဲ မဟုတ်ဘူး။မင်းက တစ်ဖက်လွန်အောင် ဉာဏ်ထိုင်းနေတာ။
ခမ့်ပ်သည် အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်ခဲ့ပြီဟု တွေးပြီး တီးတိုးပြောလိုက်သည်။
“ မင်းလိုက်ချင်ရင် မြို့တော်ကို ငါနဲ့တူတူ လိုက်လို့ရတယ်။၁၀နှစ်အတွင်းမှာ မင်း အတော်ဆုံး ဆေးရည်ဆရာသခင် တစ်ယောက် ဖြစ်လာမှာ။ ”
ယခင်က ချန်လွေ့သည် ခမ့်ပ်အား အရူးလုပ်နေခြင်းသာဖြစ်သည်။သို့သော်လည်း လက်ရှိ ကမ်းလှမ်းချက်သည် ချန်လွေ့၏ စိတ်ဝင်စားမှုအား မြင့်တက်စေခဲ့သည်။ချန်လွေ့ တန်ဖိုး ထားသည်မှာ ဆေးရည်ဆရာသခင် ဖြစ်ရေး မဟုတ်ဘဲ အခြားတစ်ခုခု ဖြစ်သည်။
ဆန်ဒရို၏ စိန်ခေါ်မှုကို ကြည့်လျှင် မင်းသားအိုဆိုင်ဒန်သည် မင်းသမီးရှီရာအား ပွင့်လင်းစွာ စတင်ဖိနှိပ်နေပြီဖြစ်ကြောင်း သိနိုင်သည်။အမှောင်လမြို့ အခြေအနေ ဆိုးနေပြီ ဖြစ်သည်။မည်သည့်အချိန် စစ်ဖြစ်မည်ကို မည်သူမှ မသိကြပေ။အကယ်၍ ချန်လွေ့သာ မြို့တော်သို့သွားလျှင် အန္တရာယ်အား အတော်အများ လျှော့ချနိုင်ပေမည်။
ပြဿနာမှာ အဆိပ် ဆေးညွှန်းသည် မဟာဆရာသခင် ဆက်ခံသူကဲ့သို့ပင် အတုအယောင်သာ ဖြစ်သည်။အချိန်ကြာလျှင် ပေါ်သွားနိုင်ပေမည်။ထို့ပြင် ချန်လွေ့သည် အဆိပ်နဂါးနှင့် သဟဇီဝ စာချုပ် ချုပ်ထားသည်။အဆိပ်နဂါးအား ချိပ်ပိတ် မဖျက်နိုင်ခဲ့လျှင် ချန်လွေ့ ဘယ်သွားသွား အဓိပ္ပာယ် မရှိပေ။
ခဏ အစ်အောက်ပြီးနောက်တွင် ချန်လွေ့သည် သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။
“ ဆရာသခင် အဲဒက်စ်က ကိုယ်ပိုင် အဖြည့်ပစ္စည်းကို သုံးခဲ့တာ။မီလာမင်း နဲ့ ဆူဒန်နီ ပါတဲ့ပုံပဲ။ကျုပ် နည်းနည်းပဲ သိတယ်။ဒါပေမဲ့လည်း ဆရာသခင် အဲဒက်စ်ဆီကနေ ကျုပ် ထွက်သွားမှာ မဟုတ်ဘူး။ကျူရှင်ခလည်း လုံလုံလောက်လောက် မပေးရသေးဘူး။သူ့ကို ဆရာလို့ ခေါ်ခွင့် မရသေးပေမဲ့ပေါ့။ ”
ထူးဆန်းသည့် အဖြည့်ပစ္စည်းနှစ်မျိုး နာမည်က ခမ့်ပ်အား စိတ်အားတက်စေပြီး အတွင်းထဲမှ ပြုံးလိုက်သည်။
“ ငါမင်းကို ကျူရှင်ခ ထောက်ပံ့နိုင်တယ်။ဒါပေမဲ့ အပြန်အလှန်အနေနဲ့ အဲ့ဒီအဖြည့်ပစ္စည်းရဲ့ ဖော်စပ်နည်း အပြည့်အစုံကို ရှာပေးရမယ်။ ”
“ တကယ်လား။ ”
ချန်လွေ့သည် ပြောစရာစကားမရှိအောင် အံ့အားသင့်သွားသည်။
ခမ့်ပ်သည် ချန်လွေ့အား ဆက်လက် စည်းရုံးနေပြန်သည်။
“ ငါက ဆေးရည်ဆရာသခင် တစ်ယောက်ပါ။မီလာမင်း နဲ့ ဆူဒန်နီကို ဆေးပညာအရ လေ့လာချင်ရုံပါပဲ။ဆေးပညာ တပည့်တစ်ယောက် ဖြစ်ရတာက အကုန်အကျ များတယ်။ မင်းအတွက် ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ။ဒါကိုဆုံးရှုံးသွားရင် နောက်တစ်ခါရတော့မှာ မဟုတ်ဘူး။ ”
အဲ့ဒါကိုလေ့လာပြီး စားစရာ လုပ်မလို့လား။
ချန်လွေ့သည် အပြင်ပန်း၌ တုံ့ဆိုင်းနေဟန်ဆောင်ပြီး နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။
ခမ့်ပ်သည် ဘေးဘီဝဲယာ ကြည့်လိုက်ပြီး သားရေအိတ်သေးသေး တစ်လုံး ထုတ်လိုက်ပြီး ချန်လွေ့အား ပေးကာ တီးတိုးပြောလိုက်သည်။
“ ဒီထဲမှာ ခရမ်းသလင်းကျောက်ဒင်္ဂါး ၅၀ ရှိတယ်။ဒါကို အရင်ယူထားလိုက်။အထဲမှာ မှော်ဆက်သွယ်ရေး ကျောက်တုံးလည်းရှိတယ်။အဲ့ဒါကို ၁၀ကြိမ်အထိ သုံးနိုင်တယ်။ငါက မြို့တော်ဆီကို ချက်ချင်းပြန်သွားရမယ်။ဆေးညွှန်းကို ရသွားပြီးရင် ငါ့ကို ဆက်သွယ်။ ငါမင်းကို ကျေနပ်လောက်စရာ အဖိုးအခ ပေးမယ်။ ”
မှော်သလင်းကျောက် ဒင်္ဂါးများမှာ အနက်သလင်းကျောက်၊ခရမ်းသလင်းကျောက်၊ အဖြူသလင်းကျောက်ဟူ၍ ကြီးစဉ်ငယ်လိုက် တန်ဖိုးရှိသည်။အမျိုးအစားတစ်ခုစီ၏ လဲလှယ်နှုန်းမှာ ၁ မှ ၁၀၀ အထိ ဖြစ်သည်။ချို၃ချောင်း ကြံ့တစ်ကောင်အား ငှားရမ်းခ သည် အဖြူသလင်းကျောက် ဒင်္ဂါး ၂၀ ဖြစ်သည်။
မြို့တော် နတ်ဆိုးတွေက တကယ့်ကို ရက်ရောတာပဲ။ခရမ်းသလောက်ကျောက်ဒင်္ဂါး ၅၀ နဲ့ဆိုရင် အသီနာ မရှိရင်တောင်မှ ရေကန်ပြာဆီသွားမယ့် သယ်သူပို့ဆောင်ရေးခ နဲ့ အကင်ခ ကို အချိန်တစ်ခုအထိတော့ စိုးရိမ်စရာ မလိုတော့ဘူး။
သေရွာပြန်၏ အရေတွန့်နေသည့် မျက်နှာသည် နှလုံးသားပြည့်ဝသည့် စေတနာရှင် ကဲ့သို့ ချန်လွေ့ ခံစားလိုက်ရသည်။ချန်လွေ့သည် သားရေအိတ်လေးအား တုန်လှုပ်စွာ လက်ခံဟန်ပြုပြီး လက်မောင်းထဲ ထည့်လိုက်သည်။ထို့နောက် စာအုပ်ထဲ၌ တွေ့ခဲ့ဖူးသည့် ရှားပါး အဆိပ်ပင်များအား ပြောပြလိုက်သည်။ခမ့်ပ်သည် ၎င်းတို့အား ရတနာများသဖွယ် ရေးမှတ်နေတော့သည်။ထို့နောက် မည်သူ့ကိုမှ မပြောရန် သတိပေးလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
ချန်လွေ့သည် ဤအကြောင်းအား စိတ်ထဲမထားသော်လည်း နောက်ထပ်ခြေလှမ်းကို စဉ်းစားနေလိုက်သည်။ချန်လွေ့သည် အသီနာနှင့် အခြားသူတို့အား ရှာရန် ခန်းမ ဆီသို့သွားရင်း ဝိုင်ခွက်အား ကိုင်ကာ သောက်နေလိုက်သည်။
အသီနာ နှင့် အဲလစ်တို့သည် မင်းသမီး ရှီရာဘေး၌ ရှိနေသည်ကို မြင်ပြီး ချန်လွေ့ သွားသင့် မသွားသင့် တုံ့ဆိုင်းနေလေသည်။ထို့နောက် ချန်လွေ့သည် အဝေးတစ်နေရာရှိ မင်းသမီး ရှီရာ၏ အေးစက်စက် မျက်လုံးများနှင့် ဆုံမိလိုက်သည်။
ရှီရာ၏ အေးစက်စက် အကြည့်သည် ချန်လွေ့ဆီရောက်လာပြီး ကြက်သီးများ ထသွားစေသည်။ကံကောင်းစွာပင် ရှီရာသည် ချန်လွေ့အား ပုံမှန်သာကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။ဤမင်းသမီး၏ အလှတရားသည် သူ၏ အေးစက်မှု ကဲ့သို့ပင် ပြင်းထန်လှသည်။
ထားလိုက်တော့။မသွားတာ ကောင်းမယ်။
ဧည့်ခံပွဲ ပြီးနောက်တွင် မြို့တော်မှ ဧည့်သည်များသည် ထပ်နေလိုစိတ်မရှိကြပေ။ ထင်သည့်အတိုင်းပင် ချက်ချင်း ထွက်ခွာသွားကြသည်။ချန်လွေ့သည် စမ်းသပ်ခန်းသို့ ပြန်ရန် ပြင်လိုက်စဉ် အတွင်းတရားအရုံး အပေါက်ဝ၌ တော်ဝင်မင်းသမီး ဆင့်ခေါ် သည်ဟုဆိုကာ ခါဂူရွန်သည် ချန်လွေ့အား တားဆီးခြင်း လိုက်သည်။
ဆုချီးမြှင့်ဖို့ များလား။
ချန်လွေ့၏ မျက်လုံးများ တောက်ပသွားသည်။ရှီရာသည် အစီအစဉ်၏ အတွင်းလူ ဖြစ်သည်။ယခုတော့ ချန်လွေ့သည် ထူးချွန်သည့် အောင်မြင်မှုတစ်ခု လုပ်ခဲ့လေပြီ။သူ၏ ဆုပေးဒဏ်ပေး ပုံစံနှင့်ဆိုလျှင် အကျိုးရလာဒ်တချို့ ရနိုင်ပေမည်။
ရှီရာ ဆင့်ခေါ်လိုက်သည့် နေရာသည် ကောင်စီခန်းမ မဟုတ်ဘဲ အတွင်းဝင်းရှိ ဥယျာဉ် ဖြစ်သည်။ချန်လွေ့သည် အတွင်းဝင်းဆီသို့ ခါဂူရွန်နှင့်အတူ လိုက်သွားသည်။အတွင်းဝင်းရှိ လူနေနယ်မြေအား ချန်လွေ့ ယခုမှ ဝင်ဖူးခြင်း ဖြစ်သည်။လုံခြုံရေးသည် အပြင်ဝင်းထက် ပို၍ တင်းကျပ်သည်။သို့သော်လည်း “ အင်ပါယာ ဥယျာဉ် ” သည် ရေကန်ငယ်လေး တစ်ခုနှင့် ပန်းများ၊မြက်များရှိသည့် မြေကွက်လပ် အသေးလေး တစ်ခုသာ ဖြစ်သည်။ ချန်လွေ့ စိတ်ကူးထားသည့် ဧကရာဇ်များ၊မင်းမျိုးမင်းနွယ်များ၏ ဇိမ်ခံနေရာများနှင့် မယှဉ်နိုင်ပေ။
မင်းသမီးရှီရာသည် ရေကန်ဘေး၌ ရပ်နေပြီး ရေပြင်အား တိတ်ဆိတ်စွာ စိုက်ကြည့် နေသည်။လေညှင်းလေးကလည်း ဂါဝန်ဖြူအား ညင်သာစွာ တိုက်ခတ်နေသည်။သူ၏ နောက်ဘက်မှကြည့်လျှင်ပင် သူ၏ တင့်တယ်မှုကို ခံစားနိုင်ပေသည်။
နတ်ဆိုးဘုံရှိ ကြည်လင်အေးချမ်းသော ခရမ်းနု လရောင်အောက်၌ အထီးကျန်မှု အငွေ့အသက်ရှိသည့် လှပသော ပန်းချီတစ်ခု နှင့် တူလှပေသည်။
ခါဂူရွန် ဦးညွှတ်လိုက်သည်။
“ အရှင်မ။ချန်လွေ့ကို ခေါ်လာခဲ့ပါပြီ။ ”
ချန်လွေ့သည် ခါဂူရွန်၏ စကားအသုံးအနှုန်းကို သဘောမကျပေ။
ဘာခေါ်လာတာလဲ။ငါကအခု သူရဲကောင်းလေ။အကျဉ်းသား မဟုတ်တော့ဘူး။
“ ခါဂူရွန်။ရှင် အရင် သွားလိုက်ပါ။ ”
ခါဂူရွန် ထွက်သွားပြီးနောက်တွင် ရှီရာသည် ချန်လွေ့ဆီသို့ တဖြည်းဖြည်း လှည့် လိုက်သည်။ပထမဆုံးအကြိမ်အဖြစ် ချန်လွေ့နှင့် ရှီနာတို့ နှစ်ယောက်တည်း ရှိနေခြင်း ဖြစ်သည်။ချန်လွေ့၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာသည်။ရှီရာ၏ အလှတရား နှင့် အေးစက်မှုသည် ကြောက်စရာကောင်းလှသည်ဟု ချန်လွေ့ခံစားရလိုက်ပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။
“ အရှင်မရဲ့ အမိန့်ကို စောင့်နေလျက်ပါ။ ”
“ ဒီနေ့ ပြိုင်ကွင်းမှာ....မင်း စနောက်ခဲ့ပေမဲ့ မင်းရဲ့ သတ္တိနဲ့ ဟန်ချက်ညီညီ နေနိုင်တာ ကိုတော့ ငါ အံ့ဩမိတယ်။ ”
ရှီရာ၏ အေးစက်စက် လေသံတွင် ချီးကျူးသည့် အငွေ့အသက်ပါလေသည်။
“ နောက်ဆုံးမှာ ဆန်ဒရိုက ဘာလို့ အဆိပ်မိပြီး သေသွားလဲဆိုတာကို ငါသိချင် တယ်။ ငါသိသလောက်ဆိုရင် အဲဒက်စ်က ဒီလိုအဆင့်ရှိတဲ့ အဆိပ်ကို မဖော်စပ် နိုင်သေးဘူး။ အဲ့ဒါက မဟာဆရာသခင်ရဲ့ အမွေအနှစ်ကနေ မင်းရခဲ့တဲ့ အသိပညာ တွေလား။ ”
စွန်းဝူခုန်းအကြောင်း ဇာတ်လမ်းများသည် စိတ်ကူးယဉ်သာ ဖြစ်သည်။ထို့ကြောင့် ချန်လွေ့ အလွန်အကျွံ မသုံးချင်ပေ။ထို့ကြောင့် ချန်လွေ့သည် ဟာကွက်များ မပေါ်စေရန် ရှင်းပြလိုက်သည်။
“ တကယ်တော့ ဆန်ဒရိုက သူ့ရဲ့ ဆေးရည်နဲ့ပဲ သေသွားတာပါ။နောက်ဆုံးအဆိပ်ကို ကျုပ်သောက်တော့ အထူးနည်းလမ်းကိုသုံးပြီး ပါးစပ်ထဲမှာ ခဏ သိမ်းထား လိုက်တယ်။ ပြီးတော့ နံစော် ဆေးရည် ဖော်စပ်တော့ တမင် ထွေးထည့်လိုက်တယ်။အဆုံးမှာတော့ အဲ့ဒီအဆိပ်က ဆန်ဒရိုကို အစိမ်းရောင်အငွေ့အဖြစ် ပြောင်းသွား နိုင်လောက်အောင် ကြောက်စရာကောင်းခဲ့တယ်။သူ့အဆိပ်နဲ့သူ သေသွားတာလို့ ပြောလို့ရတယ်။ ”
အမှန်တကယ်မှာ ချန်လွေ့ လိမ်ခဲ့ခြင်းဖြစ်သည်။ဆန်ဒရိုအား သတ်လိုက်သည်မှာ ယမန်နေ့က အဆိပ်နဂါး ပါ့ဂ်လီအိုမှ ချန်လွေ့ ရရှိခဲ့သည့် အဆိပ်ဖြစ်သည်။ချန်လွေ့သည် ၎င်းအား ပုလင်းတစ်လုံးထဲ၌ သိမ်းထားခဲ့သည်။မူလက ချန်လွေ့သည် ၎င်းအား ကြိုတင်ကာကွယ်ရန်အတွက်သာ သိမ်းထားခဲ့သည်။သို့သော်လည်း ဆန်ဒရို၏ ရက်စက်မှုသည် ချန်လွေ့၏ သတ်ဖြတ်ချင်စိတ်အား တိုးစေခဲ့သည်။ထို့ကြောင့် ချန်လွေ့သည် ဝှက်ဖဲအား သုံးခဲ့ခြင်းဖြစ်သည်။ယခင် သရုပ်ဆောင်မှုများသည် အဆိပ်ရှိနေမှုကို ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။
ချန်လွေ့၏ စူပါစနစ်အပြင် ပါ့ဂ်လီအို၏ အဆိပ်အား ဆန်ဒရို မဆိုထားဘိ။ အလွန်အစွမ်းထက်လှသည့် နဂါးပင် မခုခံနိုင်ပေ။
“ သူ့အဆိပ်နဲ့သူ သေသွားတာလား။ပြောတာကောင်းတယ်။မင်းက တော်တော်လေးကို ဉာဏ်ကောင်းတာပဲ။ ”
ရှီရာ ခေါင်းညိတ်လိုက်သည်။
ချန်လွေ့ ထပ်ပြောလိုက်သည်။
“ တကယ်တော့ ဆရာက ဒါတွေအားလုံးကို စဉ်းစားခဲ့တာပါ။ကျုပ်က အကြံ သေးသေးလေးတွေ ထပ်ပေါင်းထည့်လိုက်ရုံပါပဲ။အရှင်မရဲ့ ဉာဏ်ပညာကို ကျုပ် ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ”
“ မဟုတ်ပါဘူး။အဲဒက်စ်၏ အရည်အချင်းနဲ့ ပတ်သက်ရင် ငါအသိဆုံးပါ။ ”
ရှီရာ သက်ပြင်းချလိုက်သည်။
“ မင်း နတ်ဆိုးဘုံကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ဒီတိုက်ပွဲပြီးသွားတော့ မင်းက အဲဒက်စ်၏ ယုံကြည်မှုနဲ့ ကျေးဇူးတင်မှုကို အပြည့်အဝရသွားပြီ။အသီနာရဲ့ စံကလည်း အမြဲတမ်း မြင့်နေခဲ့တာ။ဒါပေမဲ့ သူက မင်းကို မိတ်ဆွေစစ် တစ်ယောက်လို ဆက်ဆံတယ်။ပြီးတော့ ငါ့ရဲ့ စိတ်ဆတ်တဲ့ ညီမလေးတောင်မှ မင်းရဲ့ ကောင်းကြောင်း တွေ ငါ့ကို ပြောတယ်။မင်းရဲ့ ဉာဏ်ပညာကို ငါလျစ်လျူရှုခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ ”
လိုလီလေးက ငါ့နောက်ကွယ်မှာ ကောင်းကြောင်းတွေ ပြောတယ်လား။
ချန်လွေ့ အမှန်တကယ် အံ့အားသင့်သွားသည်။
အနည်းဆုံးတော့ သူ့မှာ အသိတရား နည်းနည်းတော့ ရှိတာပဲ။
“ ဒီနေ့ ဧည့်ခံပွဲမှာ ဆရာသခင် ခမ့်ပ်က မင်းကို လာသိမ်းသွင်းဖို့ ကြိုးစားခဲ့လား။ ”
ရှီရာသည် အံ့အားသင့်နေသည့် ချန်လွေ့၏ မျက်နှာကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်ပြီး မေးလိုက်သည်။
“ မင်းရဲ့ ဉာဏ်နဲ့ဆိုရင် အမှောင်လနယ်မြေရဲ့ အန္တရာယ်ရှိတဲ့အခြေအနေတွေကို အသီနာနဲ့ အခြားသူတွေ ဆီကနေ သိပြီးသွားလောက်ပြီ။ခမ့်ပ်ရဲ့ ကမ်းလှမ်းချက်က အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား။ ”
ချန်လွေ့သည် သူ၏စိတ်အား ဖောက်ထွင်းမြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ရှီရာသည် အောင်မြင်မှုအား ခေါင်းထဲသို့ မဝင်စေရုံသာမက ကိစ္စအများကြီးကိုပါ တိတိကျကျ ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သူက တကယ့်ကို ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်တဲ့ မိန်းမပဲ။
“ ငါက လူတော်တွေကို တန်ဖိုးထားပါတယ်။မင်းက အဲဒက်စ်လိုပဲ သုတေသနကို အာရုံစိုက်တဲ့ လူတော်တစ်ယောက် ဖြစ်ရင် ကောင်းမှာပဲ။ ”
ရှီရာ ခေါင်းခါလိုက်ပြီး စိတ်မကောင်းစွာ ပြောလိုက်သည်။
“ ကံမကောင်းစွာနဲ့ပဲ မင်းပြသခဲ့တဲ့ အသိပညာတွေနဲ့ စိတ်ကစားနည်းတွေက ငါ့ကို စီမံအုပ်ချုပ်ဖို့ မလွယ်ကူအောင် လုပ်နေတာပဲ။ ”
ရေကန်ထဲရှိ တည်ငြိမ်နေသည့်ရေသည် တဖြည်းဖြည်း လှုပ်ရှားလာသည်။ ကျဆင်းနေသည့် ပန်းပွင့်များနှင့် သစ်ရွက်များသည် အားစက်ကွင်းတစ်ခုခုကြောင့် အပေါ် ပြန်တက်သွားသည်။ထိုအားစက်ကွင်း၏ ဗဟိုသည် ရှီရာဖြစ်သည်။ချက်ချင်းပင် ဥယျာဉ်တစ်ခုလုံးရှိ လရောင် သည် မှိန်သွားပြီး အဘက်ဘက်မှ အေးစက်မှုများ ဝန်းရံ နေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။လှုပ်ရှားရန်ပင် ခက်ခဲနေသည်။တော်ဝင် မင်းသမီး၏အစွမ်းသည် ရှီရာထက် သာလွန်သည်မှာ အသေအချာပင် ဖြစ်သည်။
ချန်လွေ့ ထိတ်လန့်သွားကာ ခပ်မြန်မြန် ပြောလိုက်သည်။
“ အရှင်မ။ကျုပ်ကို ယုံကြည်ပေးပါ။ ”
ရှီရာ၏ အေးစက်စက် အသံသည် ခြိမ်းခြောက်သည့်အငွေ့အသက် ပိုတိုးလာသည်။
“ မင်းက လူသားပဲ။မင်းဒီမှာ သစ္စာရှိရှိ နေဖို့ ဘာအကြောင်းအရင်းမှ ငါစဉ်းစားလို့မရဘူး။စိတ်မကောင်းပါဘူး။မင်းသား အိုဆိုင်ဒန်အတွက် အချိန်အရွေး သစ္စာဖောက်နိုင်တဲ့ မဟာဆရာသခင်လောင်းထက်စာရင် တကယ့်သစ္စာရှိတဲ့ ပညာသင်တစ်ယောက်ကိုပဲ ငါလိုချင်တယ်။ ”
ချန်လွေ့ ကတိုက်ကရိုက် ဖြစ်သွားသည်။
လခွမ်း။ငါ တော်တော် ကံဆိုးတာပဲ။စူပါစနစ်တောင် မစရသေးဘူးလေ။