အရှိန်အဝါလား။ပန်းပဲဆရာရဲ့ စွန့်ပစ်သတ္တုရိုင်း
Vol. 2 Ch. 26
နတ်ဆိုးဘုံဆီသို့ ရောက်သည့်အချိန်မှစ၍ ချန်လွေ့သည် အချိန်အများစု၌ စမ်းသပ်ခန်းတွင်သာ နေနေသည်။ယခင်ဘဝက ချန်လွေ့သည် အိမ်ထဲ၌သာ နေသည့်အတွက် မသက်မသာ မခံစားရပေ။ယခုတွင်မူ အရှိန်အဝါ အတွက် ရတနာသွားရှာရန် စေ့ဆော်မှုပေးလေသည်။
အဲဒက်စ်လည်း အာရုံမထားပေ။ချန်လွေ့အား ကြိုက်သလို လုပ်ရန် လက်ဝှေ့ရမ်း ပြလိုက်သည်။ဤလူသားသည် အထူးအလုပ်သင် တစ်ယောက် ဖြစ်သည်။အဆိပ်များအား ဖြည့်စွက်စာအဖြစ် စားခြင်းထက် သွားခွင့်ပေးလိုက်ခြင်းသည် ပိုကောင်းပေသည်။
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး မြို့နှင့် ရင်းနှီးသည့် စလီအား ခေါ်သွားသည်။ယခင်က ချန်လွေ့သည် အဲလစ် သို့မဟုတ် အသီနာအား အဖော်ပြုကာ အပြင်ထွက်လေ့ရှိသည်။ ယခုတွင် ပထမဆုံးအကြိမ်အဖြစ် ဈေးဝယ်ရန်အတွက် အဖော်တစ်ယောက်နှင့်အတူ ထွက်လာခြင်းဖြစ်သည်။လမ်းမပေါ် လမ်းလျှောက်နေရင်း ရုပ်မဖျက်ထားသည့် လူသားသည် နတ်ဆိုးတိုင်းအတွက် အာရုံစိုက်စရာ ဖြစ်သွားတော့သည်။
လမ်းတစ်လျှောက်၌ နတ်ဆိုးများသည် ချန်လွေ့အား လက်ညှိုးထိုးပြပြီး ရွှတ်နောက်နောက် ပြောကြသည်။အများစုမှာ ပြိုင်ကွင်း၌ ဖြစ်ခဲ့သည့် စိန်ခေါ်ပွဲ အကြောင်း ပြောကြသည်။ဆရာသခင် စိန်ခေါ်ပွဲ၌ ချန်လွေ့၏ လုပ်ဆောင်မှုများသည်း နတ်ဆိုးအနည်းငယ်ထံမှ အသိအမှတ်ပြုခံခဲ့ရသည်။သို့သော်လည်း အများစုမှာမူ လူသားအား စောင့်ကြည့်ပြီး ရန်လိုလျက်ပင် ဖြစ်သည်။
“ ဟေ့။လူသား။မင်းရဲ့အသားက အရသာ ရှိမယ့်ပုံပဲ။ ”
နောက်ဆုံး၌ ရုပ်ဆိုးဆိုး နတ်ဆိုးတစ်ယောက်သည် မနေနိုင်တော့ဘဲ လမ်းပိတ်ကာ ရန်စလိုက်သည်။
“ ဟမ့်။အရူးပဲ။ ”
ချန်လွေ့သည် အားနည်းသည့် လူသား မဟုတ်တော့ပေ။ချန်လွေ့သည် ဘေးနားမှ နတ်ဆိုးများအား အထူးအမြင်ဖြင့် ခပ်မြန်မြန် ကြည့်လိုက်သည်။ချန်လွေ့ မကြောက်နေဘဲ တည်ငြိမ်စွာ လှောင်ပြုံးပြုံးလိုက်သည်။
“ ငါမင်းကို တစ်ခုပြောပြမယ်။အရင်က စိန်ခေါ်ပွဲပြီးတော့ ငါ့ခန္ဓာကိုယ်က သန္ဓေ ပြောင်းသွားတယ်။ငါ့သွေးတွေ အသားတွေက အဆိပ်တွေ အပြည့်ပဲ။မင်းအဆိပ်မိပြီး သေချင်ရင်တော့ လာစမ်းကြည့်လေ။အဲ့ဒါမတိုင်ခင်တော့ ငါမင်းကို ပေးမယ့် အဆိပ်ကို အရင်မြည်းကြည့်လိုက်။ ”
ပြောရင်းဆိုရင်း ချန်လွေ့သည် အမှုန့်တစ်ထုပ်အား လက်ဖြင့်တောက်လိုက်သည်။ အမှုန့်များသည် လေးခွဖြင့်ပစ်သကဲ့သို့ လွင့်စင်သွားပြီး နတ်ဆိုးအား အမှုန့်များ ဖုံးသွား သည်။ထိုနတ်ဆိုးသည် ချက်ချင်းပင် တစ်ကိုယ်လုံး ယားယံလာပြီး အသည်းအသန် ကုတ်လေတော့သည်။မကြာမီတွင် သူ၏ ခန္ဓာကိုယ်ရှိ လက်သည်းရာမှ သွေးများထွက် လာပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။သို့သော်လည်း အယားမပျောက်သွားပေ။
“ ငါ့ရဲ့အသားကို စားချင်သေးလား။ ”
ချန်လွေ့ တမင် မေးလိုက်သည်။ထိုနတ်ဆိုးသည် ပြင်းပြင်းထန်ထန် ခေါင်းခါတော့သည်။
“ အဆိပ်ဖြေဆေးလိုချင်လား။ ”
နတ်ဆိုးသည် မြန်မြန်ဆန်ဆန်ပင် ခေါင်းညိတ်လိုက်သည်။ချန်လွေ့ လက်ဝှေ့ရမ်းလိုက်ပြီး အရည်တချို့ နတ်ဆိုးခန္ဓာကိုယ်ပေါ်သို့ကျသွားသည်။ယားယံမှု တဖြည်းဖြည်းပျောက်သွား သကဲ့သို့ ထိုနတ်ဆိုးခံစားလိုက်ရသည်။သူ လက်စားပြန်ချေရန် ပြင်လိုက်စဉ် တစ်ကိုယ်လုံး အားနည်းသွားပြီး ယားယံမှုသည် နာကျင်မှုအဖြစ် ပြောင်းသွားသည်။ ကြွက်သားတစ်ခုစီတိုင်း ဆုတ်ဖြဲခံရသကဲ့သို့ ခံစားရပြီး ချက်ချင်းပင် နာကျင်စွာဖြင့် အော်ဟစ်နေတော့သည်။
“ ဆရာအဲဒက်စ်ရဲ့ စမ်းသပ်ခန်းက လူတွေကို ရန်စရဲတဲ့သူ ပေးဆပ်ရမယ်။ ”
ချန်လွေ့သည် တမင် ထူးဆန်းစွာပြုံးပြီး ချက်ချင်းပင် အသံကျယ်ကျယ် ပြောလိုက်သည်။
“ ကျုပ်က အမှောင်လမြို့သား တစ်ယောက် ဖြစ်သွားပြီ ဖြစ်တဲ့အကြောင်း သိပ်မကြာခင်ကပဲ တော်ဝင်မင်းသမီးက အမိန့်ချပြီးသွားပြီ။ဒီနတ်ဆိုး တမင်တကာ ရန်စတယ်ဆိုတာက တော်ဝင်မင်းသမီးနဲ့ ဆရာသခင် အဲဒက်စ်ကို အထင်သေး တာပဲ။သူ့ကို အဆိပ်နဲ့သတ်တာထက်စာကင် သူ့ရဲ့အော်သံကို နားထောင်ရတာ ပိုကြိုက်တယ်။သူ့ကို နှစ်ရက်နဲ့နှစ်ည ပေးအော်ထားလိုက်။သူနောက်တစ်ခါ ကျုပ်ကို ပြဿနာလာရှာရဲရင် မရိုးပါမကျန်အောင် လုပ်ပစ်မယ်။ ”
နှစ်ရက်နဲ့နှစ်ည။
အနီးအနားမှ နတ်ဆိုးများသည် သနားစရာနတ်ဆိုးလေးအားကြည့်ပြီး ကြောက်လန့် သွားသည်။စမ်းကြည့်ချင်သည့် အချို့နတ်ဆိုးများပင် နောက်ဆုတ်လိုက်ကြသည်။
ဒီလူသားက သာမန်နတ်ဆိုးတွေထက် ရက်စက်တယ်။သူက တကယ့်ကို အဲဒက်စ်ရဲ့ စမ်းသပ်ခန်းက လူတစ်ယောက်ပဲ။
ဆရာသခင် စိန်ခေါ်ပွဲပြီးနောက်တွင် အမှောင်နတ်သူငယ် ဆရာသခင်သည် ဆန်ဒရိုအား အီးတစ်လုံးတည်းဖြင့် ပြာဖြစ်စေခဲ့သည်ဟူသော လုပ်ရပ်သည် အမှောင်လတစ်မြို့လုံး၌ ပျံ့နှံ့သွားခဲ့သည်။ဆရာသခင်အဲဒက်စ်သည် နဂါးတစ်ကောင်ကိုပင် တင်ပါးမှ အငွေ့ တစ်မျိုးဖြင့် အသေသတ်ခဲ့သည်ကို မြင်ခဲ့သည်ဟူ၍ပင် တစ်စုံတစ်ယောက်က ကြီးကြီး ကျယ်ကျယ် ပြောခဲ့သည်လည်း ရှိလေသည်။
အဲဒက်စ်သည် ရှက်ရွံ့သည်ဟု ခံစားရသော်လည်း နတ်ဆိုးတိုင်း၏ နှလုံးသားထဲ၌ အမှောင်နတ်သူငယ် ဆရာသခင်အား ရိုသေမြတ်နိုးမှုသည် အဆင့်တစ်ခုအထိ တိုးတက်သွားလေသည်။
အဆိပ်ခတ်ရန်နှင့် စကားပြောရန်ကို ချန်လွေ့ ပြင်ဆင်ထားခဲ့သည်မှာ ကြာလေပြီ။ အဲဒက်စ်ဆီမှ အဆိပ်တချို့အား ချန်လွေ့ တမင်ယူလာခဲ့ခြင်း ဖြစ်သည်။ထိုကဲ့သို့ အပြစ်ပေးပြီး အခြားသူများအား သတိပေးခြင်းသည် အမှန်တကယ်ပင် ထိရောက် သည်။လက်တွေ့ပြခဲ့သည့် ဝါဒဖြန့်မှုအောက်တွင် ရက်စက်ပြီး ကောက်ကျစ်သည်ဟူသော လူသားအလုပ်သင်၏ ပုံရိပ်သည် အလျင်အမြန် ပျံ့နှံ့သွားသည်။လမ်းတစ်လျှောက်၌ လူသားအရသာအကြောင်း မေးသည့် နတ်ဆိုး မရှိတော့ပေ။ချန်လွေ့လည်း အကြည့် အမျိုးမျိုးအား ကျင့်သားရသွားသည်။
သူ၏သခင်က နတ်ဆိုးများအား ထိတ်လန့်စေခဲ့သည်ကိုမြင်ပြီး မှင်စာ ဂုဏ်ယူမိ သွားသည်။လမ်းတစ်လျှောက်၌ စလီသည် ချန်လွေ့အား အမှောင်လမြို့၏ လက်ရှိ အခြေအနေကို ရှင်းပြလိုက်သည်။
နတ်ဆိုးဘုံ၌ တော်ဝင်မိသားစု ၇စု ရှိခဲ့သည်။အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် လူစီဖာ၊မန်မွန်၊အက်စ်မိုဒက်စ် မိသားစုတို့သာ ကျန်ရစ်ခဲ့သည်။ကျန်ရှိသူများသည် သိုသိုသိပ်သိပ် နေကြသည်များလည်း ရှိသကဲ့သို့ မျိုးဆက် ဆက်လက် တည်ရှိရန်အတွက် အင်အားကြီးသူထံ အညံ့ခံသူများလည်း ရှိကြသည်။
အမှောင်လ နယ်မြေသည် မူလက ကြယ်ကြွေတမန်အင်ပါယာ၌ အကြွယ်ဝဆုံး နယ်မြေ ဖြစ်ခဲ့သည်။သို့သော်လည်း နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့သည့် ဘယ်ဇီဘတ် တော်ဝင်မိသားစုသည် လွန်ခဲ့သည့် နှစ်၄၀၀အကြာတွင် အမှောင်လမြို့၌ ပြန်လည် ရှင်သန်လာပြီး ဂလော်ဖင်း အမည်ရှိ အစွမ်းထက်နတ်ဆိုး တစ်ယောာက် ဦးဆောင် လေသည်။ဂလော်ဖင်းသည် ဘီဇယ်ဘတ်တော်ဝင်မိသားစု၏ အဆောင်ပစ္စည်းဖြစ်သည့် “ နတ်ဘုရားဝါးမျို မျက်နှာဖုံး ” အား ကိုင်ဆောင်ထားသည်။သူ၏စွမ်းအားသည် ကြမ်းတမ်းလှသည်။အမှောင်လမြို့ အရှင်သခင် နှင့် စွမ်းအားကြီး နတ်ဆိုးများကို သူ ပေါ်တင် သတ်ဖြတ်ခဲ့သည်။ထို့နောက် အမှောင်လမြို့အား အလျင်အမြန် ချုပ်ကိုင်ပြီး အနီးနားရှိ လိပ်ပြာနီ နယ်မြေအား စတင်သိမ်းပိုက်ပြီး ကြယ်ကြွေတမန် အင်ပါယာ တစ်ခုလုံးအား တွန်းလှန်တော့သည်။
သန်းခေါင်နေ လူစီဖာ အရှင်သည် အမှောင်လမြို့အား တိုက်ခိုက်ရန် စစ်တပ်အား ဦးဆောင်ခဲ့သည်။လူစီဖာ မိသားစု၏ အဆောင်ပစ္စည်းဖြစ်သည့် “ ကြယ်ကြွေတမန်ဓား ” နှင့်အတူ သန်းခေါင်နေသည် ပြိုင်ကွင်း၌ ဂလော်ဖင်း နဲ့အတူ တစ်ယောက်ချင်း ယှဉ်ပြိုင်ခဲ့သည်။ဂလော်ဖင်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့ပြီး အဆောင်ပစ္စည်း၏ အစွမ်းကိုသုံးကာ ထွက်ပြေးသွားသည်။ထိုအချိန်မှစ၍ သူဘယ်ရောက်သွားကြောင်း မသိရတော့ပေ။ပုန်ကန်မှုသည်လည်း ရပ်တန့်သွားသည်။
ထိုစစ်ပွဲပြီးနောက်တွင် အမှောင်လနယ်မြေသည် အရင်နေ့ရက်များကဲ့သို့ မကြီးမား မချမ်းသာ နေတော့ပေ။သန်းခေါင်နေအရှင် သေဆုံးသွားပြီး ဘုရင်ခံ အိုဆိုင်ဒန်သည် ထီးနန်းဆက်ခံရမည့် သူ၏တူလေး ဂါရမ်း အား နှင်ထုတ်ပြီး အမှောင်လမြို့၏ အရှင်သခင်အဖြစ် နေခိုင်းခဲ့သည်။ထို့နောက် နည်းအမျိုးမျိုး အသုံးပြု၊ထိန်းချုပ်ပြီး အမှောင်လမြို့အား နိမ့်ကျအောင် ပြုလုပ်ခဲ့သည်။တော်ဝင်မင်းသမီးရှီရာသည် ကြီးကြီး မားမား ပြုပြင်ပြောင်းလဲခဲ့သော်လည်း ဆင်းရဲမှုအား အမြစ်မှ ပပျောက်စေရန် အစွမ်းဆောင်နိုင်ခဲ့ပေ။
အမှောင်လမြို့၏ ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်အယ်ဗင်သည် လိပ်ပြာနီအရှင် ဂျို့ရှ်၏ သားအကြီးဆုံး ဖြစ်သည်။အပေါ်ယံကြည့်လျှင် အယ်ဗင်မိသားစုသည် အမှောင်လ နယ်မြေအား ငွေကြေးထောက်ပံ့သယောင် ထင်ရသည်။သို့သော်လည်း အမှန်တကယ်မှာ အမှောင်လမြို့၏ စီးပွားရေးအား ထိန်းချုပ်ရန်ပင် ဖြစ်သည်။ယနေ့တွင် အမှောင်လမြို့၏ တစ်ခုတည်းသော ကုန်သည်ကြီးများအသင်းနှင့် ဆိုင်ခန်းတစ်ဝက်အား ဂျိုးဆက်ပ်က ထိန်းချုပ်ထားပေသည်။အမှောင်လမြို့၏ အစားအစာ အထောက်အပံ့ပင်လျှင် အများစုမှာ အယ်ဗင်မိသားစုမှ လာခြင်းဖြစ်သည်။၎င်းသည် အမှောင်လမြို့အား အယ်ဗင်မိသားစု မှတစ်ဆင့် ထိန်းချုပ်ရန်အတွက် အိုဆိုင်ဒန်၏ သစ္စာမဲ့သော အကြံအစဉ်ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
စစ်တပ်အင်အားအရ ပထမ ဗိုလ်ချုပ် ဂျော့ချ်ဝေးလ်စ်၏ သမီး အသီနာသည် အမှောင်လမြို့၌ ရှိပြီး နယ်မြေ၏ စစ်တပ်မှာ ခါရွန် မိသားစု၏ အဲလန် လက်ထဲ၌ ရှိပေသည်။ယခင်က ခါရွန်မိသားစုသည် အိမ်ရှေ့မင်းသား ဂါရမ်းအား ထောက်ခံ သော်လည်း နောက်ဆုံး၌ ဘုရင်ခံ အိုဆိုင်ဒန်ထံ အညံ့ခံလိုက်သည်။ရှီရာ အမှန်တကယ် ပိုင်ဆိုင်သည့် စစ်တပ်အင်အားမှာ ခါဂူရွန် ဦးဆောင်သည့် အင်ပါယာ အစောင့်များပင် ဖြစ်သည်။
အိမ်ရှေ့မင်းသားချန်ထားခဲ့သည့် အရှုပ်ထုပ်ဖြစ်သော်လည်း အခြေအနေအရသာ ဖြစ်သည်။အရေးကြီးဆုံး အရာနှစ်ခုမှာ စီးပွားရေးနှင့် စစ်အင်အားသည် အခြားသူများ၏ လက်ထဲ၌ ရှိနေခြင်းပင်။ယခုအချိန်အထိ ရှီရာ ဘာမှလုပ်၍ မရသေးပေ။
ယခင်က အသီနာသည် ချန်လွေ့အား ကိစ္စတော်တော်များများကို အကျယ်တဝင့် မရှင်းပြခဲ့ပေ။ယခုမှ ရှီရာ၏ အခြေအနေသည် ထင်ထားသည်ထက် ပိုဆိုးကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။တော်ဝင်မင်းသမီးသည် မည်သည့်အတွက် အေးစက်ပြီး သန်မာကြောင်း ချန်လွေ့ ရုတ်တရက် နားလည်သွားသည်။၎င်းသည် သူ၏ ဖခင်ချန်ခဲ့သည့် ဝန်ထုပ်ဝန်ပိုးအား ထမ်းထားနိုင်သည့် တစ်ခုတည်းသာအခါ ဖြစ်ဟန်တူလေသည်။
ဘဝမှာ ဝန်ထုပ်ဝန်ပိုးတွေ အများကြီးရှိတယ်။တချို့ကတော့ ငါတို့ထမ်းရမယ့် ဝန်ထုပ်ဝန်ပိုးတွေ မဟုတ်ဘူး။
တကယ်လို့ သန်းခေါင်နေအရှင်သာ အသက်ရှင်နေသေးရင် ၊ တကယ်လို့ ဂါရမ်းက ထီးနန်းဆက်ခံခဲ့ရရင် မင်းသမီးလေးရဲ့ မျက်လုံးထဲမှာ အရင်က သိမ်မွေ့ခဲ့တဲ့ အစ်မတော်က အေးစက်စက် မျက်နှာဖုံးကို ဝတ်ထားစရာမလိုတော့ဘူး။ဒါပေမဲ့ အခုတော့ ဒီမျက်နှာဖုံးက သူနဲ့ တစ်သားတည်း ဖြစ်သွားလောက်ပြီ။ချွတ်လို့ရတော့မှာ မဟုတ်ဘူး။
ချန်လွေ့သည် အတွေးများကို စုစည်းလိုက်ပြီး မှင်စာအား မေးလိုက်သည်။
“ စလီ။မြို့ထဲမှာ ထူးဆန်းတဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင် ရှိလား။အထူးကုန်ကြမ်းတွေ၊ ဒါမှမဟုတ် သတ္တုရိုင်းတွေပေါ့။ ”
“ အထူးအဆန်းတွေ ရောင်းတဲ့ဆိုင်လား..... ”
စလီ စဉ်းစားဟန်ပြုလိုက်ပြီး သူ၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည်။
“ အဲ့ဒီလို စတိုးဆိုင်တော့ရှိတယ်။ဒါပေမဲ့ အဲ့ဒီဆိုင်က... တကယ်လို့ သခင်က သတ္တုရိုင်းတွေကိုပဲ ကြည့်ချင်တယ်ဆိုရင် ရှေ့က ပန်းပဲဆိုင်မှာ ရှိလောက်တယ်။ ”
“ ကောင်းပြီလေ။ဒါဆိုလည်း ပန်းပဲဆိုင်ဆီ အရင် သွားကြတာပေါ့။ ”
ဤဆိုင်သည် မြို့တစ်မြို့လုံးတွက် နှစ်ဆိုင်သာရှိသည့် ပန်းပဲဆိုင် နှစ်ဆိုင်ထဲမှ တစ်ဆိုင် ဖြစ်သည်။နာမည်မှာ အတော်လေး ကြောက်စရာကောင်းသည်။ “ ခေါင်းဖြတ်စက် ” ဟုခေါ်လေသည်။ပန်းပဲဆိုင်ပိုင်ရှင်သည် သန်မာသည့် အဇရူပဒေဝတာ တစ်ယောက် ဖြစ်သည်။ဆိုင်ထဲ၌ ပန်းပဲထုလုပ်နေသည့် နတ်ဆိုးသုံးယောက်မှာလည်း အဇရူပဒေဝတာများ ဖြစ်ကြသည်။ထို့ပြင်အစေခံအဖြစ် မှင်စာတစ်ယောက်လည်း ရှိသေးသည်။
အဇရူပဒေဝတာ၏ ခွန်အားသည် နတ်ဆိုးများအကြား၌ နာမည်ကြီးလှသည်။တိုက်ပွဲများ၌ အစွမ်းထက်သည့် နေရာ၌ ပါဝင်သည့်အတွက် အချို့သည် ကျွမ်းကျင်သည့် ပန်းပဲဆရာ တစ်ယောက် ဖြစ်လာနိုင်သည်။
ဈေးဝယ်သူတစ်ယောက် လာသည်ကို သတိထားမိသွားပြီး စကားပြောစွမ်းရည် ကောင်းသည့် မှင်စာသည် ချက်ချင်း နှုတ်ဆက်လိုက်သည်။ချန်လွေ့၏ မျက်နှာအား မြင်လိုက်ရာ သူခေတ္တ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
“ လူသား...မင်းက ပြိုင်ကွင်းက လူသားပဲ။ ”
ဆရာသခင် စိန်ခေါ်ပွဲသည် အမှောင်လနယ်မြေ၌ နာမည်ကျော် ကိစ္စတစ်ခု ဖြစ်ခဲ့ သည်။ထို့ကြောင့် ချန်လွေ့အား ချက်ချင်း မှတ်မိခြင်း ဖြစ်သည်။
စလီသည် မျိုးနွယ်တူတစ်ယောက်၌ အံ့ဩသည့်အမူအရာကို မြင်သွားပြီး ဂုဏ်ယူ မိသွားသည်။ထို့နောက် မိတ်ဆက်ပေးလိုက်သည်။
“ ဒါက ငါ့ရဲ့သခင် ချန်လွေ့။ဆရာသခင် အဲဒက်စ်ရဲ့ အလုပ်သင်တပည့်။ ”
“ မင်းက လူသားတစ်ယောက်ရဲ့ အစေခံ ဖြစ်သွားတာလား။ ”
ထိုမှင်စာသည် ပို၍ အံ့အားသင့်သွားသည်။သို့သော်လည်း ချက်ချင်းပင် အထင်သေး သွားသည်။နတ်ဆိုးများသည် စွမ်းအားကြီးသူများကို ထောက်ခံကြသည်။ ဒီလူသားက စွမ်းအားမရှိဘူးလို့ သတင်းတွေထွက်နေတယ်။နတ်ဆိုးထဲမှာ အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ မှင်စာတွေထက်တောင် အားနည်းတယ်။မျိုးနွယ်တူထဲက ဒီအရူးက ဒီလူသားကို သခင်အဖြစ် အသိအမှတ်ပြုတာကို ငါမယုံနိုင်ဘူး။ဆရာသခင်အဲဒက်စ်ရဲ့ အစေခံအဖြစ် အသိအမှတ်ပြုခံရမယ်ဆိုရင်တောင် ကြွားလို့ရသေးတယ်။
“ ခါခန်။မင်းဘာလုပ်နေတာလဲ။ ”
ဆိုင်ရှင် အဇရူပဒေဝတာ ထွက်လာသည်။ထို့နောက် ချန်လွေ့အား ခြုံငုံကြည့်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
“ အားနည်းတဲ့လူသား။ဇက်ခ်ရဲ့ ပန်းပဲဆိုင်ကနေ မင်းဘာလိုချင်တာလဲ။မင်းလိုချင်တဲ့ ဆေးပင်တွေ ငါတို့မှာ မရှိဘူး။ ”
ယခင်ည တိုက်ပွဲသည် ချန်လွေ့အား ယုံကြည်ချက် ခိုင်မာစေခဲ့သည်။ထို့ကြောင့် ထိုနတ်ဆိုးများမှ မထီလေးစားမှုများကို ချန်လွေ့ သိပ်ဂရုမစိုက်ပေ။
“ အဆိပ်တွေ သန့်စင်ဖို့အတွက် အထူး သတ္တုရိုင်းတချို့ကို ရှာဖို့အတွက် ဆရာအဲဒက်စ်က ကျုပ်ကို ပြောထားတယ်။အဲ့ဒါကြောင့် ကျုပ်ဒီကို ရောက်နေတာပဲ။ ”
အီးပေါက်ဘုရင် ဆရာသခင်၏ ဂုဏ်ပုဒ်သည် အလွန်အသုံးဝင်လှသည်။သတ္တုရိုင်းနှင့် အဆိပ်ကြားရှိ ဆက်နွှယ်မှုအား ဇက်ခ် နားမလည်သော်လည်း ဂရုမစိုက် မလုပ်ရဲပေ။ ဇက်ခ်သည် ချန်လွေ့အား သတ္တုရိုင်းများ ရှိရာသို့ ချက်ချင်းခေါ်သွားလိုက်သည်။
ရွေးချယ်သည့်နေရာတွင် [ သရုပ်ခွဲမျက်လုံး ] သည် အသုံးမဝင်သည့်အတွက် ချန်လွေ့သည် [ အရှိန်အဝါပြောင်းလဲ ] အစွမ်းအား အသက်သွင်းပြီး တစ်ခုပြီးတစ်ခု ကိုင်ကြည့်လိုက်သည်။[ အရှိန်အဝါပြောင်းလဲ ] အစွမ်းသည် မိနစ်၃၀တိုင်း အရှိန်အဝါတစ်မှတ် သုံးစွဲသည်။
ချန်လွေ့ အချိန်အကြာကြီး ရွေးချယ်ခဲ့သော်လည်း ကောင်းကောင်းမွန်မွန် တစ်ခုမျှ မတွေ့ခဲ့ပေ။ဇက်ခ်သည် ဘေးမှ ကြည့်၍ စိတ်မရှည်ဖြစ်လာသည်။ထို့နောက် လူသားမျက်နှာ၌ ထူးဆန်းသည့် အမူအရာတစ်ခု တွေ့လိုက်သည်။ချန်လွေ့သည် သလင်းကျောက်များ မြှုပ်ဝင်နေသည့် သတ္တုရိုင်းအား ကိုင်ပြီး မေးလိုက်သည်။
“ ဒါက ဘာသတ္တုရိုင်းလဲ။ ”
ဇက်ခ်သည် ပုံမှန်အတိုင်းပင် ပြန်ပြောလိုက်သည်။
“ ဒါက တစ်ဝက်မကောင်းတဲ့ သတ္တုရိုင်းလို့ သတ်မှတ်လို့ရတယ်။အဝါရင့်သလင်း ကျောက်က တော်တော်လေး ပြဿနာတက်တယ်။ဆွဲထုတ်ဖို့ အများကြီး အားထုတ် ရတယ်။ကောင်းကောင်း မထုတ်ရင်လည်း အကြွင်းအကျန်က သံရဲ့ သန့်စင်မှုကို သက်ရောက်မှု ရှိစေနိုင်တယ်။ ”
စွန့်ပစ် သတ္တုရိုင်းတဲ့လား။ ချန်လွေ့ ပျော်သွားသည်။ ဒီသတ္တုရိုင်းကို ငါခုနက ထိလိုက်တဲ့အချိန်မှာ ကူးပြောင်းတဲ့အစွမ်းက အသိပေးချက် ပေါ်လာတယ်။ဒါပေမဲ့ ဘယ်လောက် အာနိသင် ရှိလဲဆိုတာတော့ ငါလည်း မသိဘူး။
ချန်လွေ့ အကြံတစ်ခုရသွားပြီး ပြောလိုက်သည်။
“ ဒီထူးဆန်းတဲ့ သလင်းကျောက်က ဆရာလိုအပ်တာလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် ကျုပ် စမ်းသပ်မှု သေးသေးလေးတစ်ခု လုပ်ရမယ်။ဒါပျက်စီးသွားရင် ခင်ဗျားကို လျော်ကြေးပေးပါ့မယ်။ ”
ဇက်ခ် ခေါင်းညိတ်လိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါက တစ်ဝက်မကောင်းတဲ့ သတ္တုရိုင်းပဲလေ။
ချန်လွေ့သည် အမှုန့်အနည်ငယ် ထုတ်ပြီး သလင်းကျောက်ပေါ်တွင် ဖြူးကာ လက်တင်လိုက်သည်။သလင်းကျောက်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သတ္တုရိုင်းအား မပျက်စီးစေဘဲ အမှုန့်ဖြစ်သွားသည်ကို ဇက်ခ် တွေ့လိုက်ရာ မျက်လုံးပြူးသွားလေသည်။ အားပြင်းပြင်းရိုက်ရင်တောင် ဖယ်ရှားဖို့ ခက်ခဲတဲ့ သလင်းကျောက်ကို ဒီလူသားက အေးအေးဆေးဆေး ဖယ်ရှားလိုက်တယ်လား။ ပြီးတော့လည်း နည်းနည်းလေးတောင် မကျန်ဘူး။
ဇက်ခ်၏ မျက်လုံးထဲ၌ ဆေးရည်ဆရာသခင်များ၏ စွမ်းရည်များသည် ပို၍ပင် ဆန်းကြယ် သွားသည်။
အလုပ်သင်တပည့်တောင် ဒီလိုထူးဆန်းတဲ့ အစွမ်းရှိတာပဲ။
ချန်လွေ့သုံးခဲ့သည့် အမှုန့်မှာ ဟန်ပြသာဖြစ်သည်။အမှန်တကယ် ချန်လွေ့ သုံးခဲ့သည်မှာ [ အရှိန်အဝါပြောင်းလဲခြင်း ] အစွမ်းဖြစ်သည်။ချန်လွေ့အား ပျော်ရွှင်စေခဲ့သည်မှာ ပြောင်းလဲသွားသည့်အရာမှာ အပြုန်းဟု သတ်မှတ်ထားသည့် သလင်းကျောက်များ ဖြစ်နေခြင်းပင်။၎င်းတို့သည် အမှန်တကယ်ပင် အရှိန်အဝါ ၂၅မှတ်အဖြစ် ပြောင်းလဲသွားသည်။