← Chapters

ခိုးကူး မင်းသမီးဆိုင်

Vol. 2 Ch. 27

ခိုးကူး မင်းသမီးဆိုင်

Vol. 2 Ch. 27

ချန်လွေ့ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ ဒီလိုမျိုး သတ္တုရိုင်းတွေ ရှိသေးလား။တစ်ခုဘယ်လောက်ကျလဲ။ဒါက ဆရာလိုအပ် နေတာလို့ ကျုပ်ထင်တယ်။ ”

“ ဒီလိုအရာတွေစွန်းထင်းနေတဲ့ သာမန် သံသတ္တုရိုင်းတွေက အရည်အသွေး လျော့ကျသွားတယ်။အဲ့ဒါကြောင့် အများကြီးတော့ မရှိဘူး။၂ခု သုံးခုလောက်ပဲ ရှိတယ်။ကျုပ်ညီ ကွတ်ခ်ရဲ့ ပန်းပဲဆိုင်မှာတော့ နည်းနည်းပါးပါးရှိသေးတယ်။ မင်းလိုချင်တယ်ဆိုရင်တော့ အားလုံးကို ဈေးအနည်းဆုံး ထားပေးမယ်။ ”

ဇက်ခ် မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ အဲ့ဒီအမှုန့် နည်းနည်းလေး ပေးလို့ရမလား။အဲ့ဒါနဲ့ဆိုရင် စွန့်ပစ်သတ္တုရိုင်းတွေ တော်တော်များများကို သုံးလို့ရနိုင်မယ်။ ”

မြို့ထဲက ပန်းပဲဆိုင်နှစ်ဆိုင်ကို ညီအစ်ကို နှစ်ယောက်က ပိုင်တာကိုး။

ချန်လွေ့သည် ဟန်ဆောင်ထားသည်ကို မပေါ်ချင်သောကြောင့် ပြောလိုက်သည်။

“ အဲ့ဒါက ဆရာ့ရဲ့ လျို့ဝှက်အမှုန့်ပဲ။တော်တော်လေးကို အဆိပ်ပြင်းတယ်။အဲ့ဒါကြောင့် အပြင်နတ်ဆိုးတွေကို ပေးသိလို့မရဘူး။ဒါပေမဲ့ အခုတော့ ကျန်တဲ့ သတ္တုရိုင်းတွေဆီကနေ သလင်းကျောက်တွေကို ကျုပ်ကူညီပြီး ထုတ်ပေးလို့ရတယ်။ ”

လူသား၏ ရက်ရောမှုသည် ဇက်ခ်အား အလွန်အမင်း ပျော်ရွှင်စေခဲ့သည်။ချန်လွေ့သည် ထူးခြားစွာပင် သူ၏မျက်လုံးထဲ၌ နှစ်လိုဖွယ် ဖြစ်လာသလို ခံစားလိုက်ရသည်။

တော်တော် သဘောကောင်းတဲ့လူသားပဲ။နတ်ဆိုးဘုံရဲ့ ကောလာဟလတွေက မှားနေတယ်။လူသားအားလုံးက မယုတ်မာကြဘူး။အနည်းဆုံးတော့ ဒီလူသားက မဆိုးဘူး။

ဇက်ခ်သည် အလျင်အမြန်ပင် အခြားဆိုင်မှ သတ္တုရိုင်းများအား သွားယူရန် ခါခန်အား ခိုင်းလိုက်သည်။စုစုပေါင်း ၇တုံး ရှိလေသည်။

ထို “ မဆိုးသည့် ” လူသားသည်လည်း ထပ်တူညီမျှပင် ဝမ်းသာနေသည်။

တစ်တုံးက အရှိန်အဝါ ၂၅မှတ်ရတယ်။အခုတော့ ၇တုံးတောင် ရှိတယ်။

မကြာမီတွင် ပန်းပဲဆိုင် နှစ်ဆိုင်လုံးရှိ သတ္တုရိုင်းထဲမှ သ‌လင်းကျောက်များအား ရှင်းလင်းပြီးသွားသည်။သလင်းကျောင်းများသည် ‌အရှိန်အဝါတန်ဖိုး အမျိုးမျိုး ပေးစွမ်းသည်။ယခုတွင် ချန်လွေ့၌ အရှိန်အဝါ ၁၇၅ မှတ် ရှိနေလေပြီ။

သူဘယ်လောက်တောင်ပျော်နေမလဲ စဉ်းစားသာ ကြည့်လိုက်တော့။

ဇက်ခ်၏ ပြောကြားချက်အရ ဤသတ္တုရိုင်းများသည် ရှီလန်တောင်ရှိ မိုင်းတွင်းများမှ ရရှိခြင်း ဖြစ်သည်။၎င်းသည်အမှောင်လမြို့ရှိ တစ်ခုတည်းသော သတ္တုသိုက်လည်း ဖြစ်ပြီး အလွန်အန္တရာယ်များလှသည်။မိုင်းတွင်းထဲမှ ကြောက်မက်ဖွယ် သားရဲနတ်ဆိုးများသည် ချိပ်ပိတ်ကို ချိုးဖောက်ပြီး မိုင်းတူးသမားများအား သတ်ပစ်ခဲ့သည် ဟူသော ကောလာဟလများလည်း ထွက်နေသည်။နှစ်ပေါင်းများစွာ ကြာသည့်အခါ သတ္တုရိုင်း ထုတ်လုပ်မှုသည် ပိုပို၍ နည်းလာသည်။နောက်ဆုံး မိုင်းတွင်းအရာရှိ တင်မ် ပင်လျှင် စစ်ဆေးမှုတစ်ခု၌ ပျောက်ဆုံးသွားခဲ့သည်။သူ၏ ခန္ဓာကိုယ်အား ယခုအထိ ရှာမတွေ့သေးပေ။

ယခင်က သလင်းကျောက်ပါသည့် သတ္တုရိုင်းများအား အပြုန်းဟု သတ်မှတ်ကာ မိုင်းတွင်း၌ စွန့်ပစ်ထားခဲ့ကြသည်။ယခုတွင် မြေအောက် နတ်ဆိုးသားရဲများသည် ပို၍ပင် သောင်းကြမ်းလာပြီး သတ္တုရိုင်း အရင်းအမြစ်မှာလည်း ပို၍ပင် ရှားပါလာသည့်အတွက် ဇက်ခ်လည်း ရွေးစရာမရှိတော့ဘဲ တစ်ဝက်မကောင်းသည့် သတ္တုရိုင်းများအား ဝယ်ရတော့သည်။ထိုကဲ့သို့သော သတ္တုရိုင်းများပင် ပို၍ပို၍ ရှားပါးလာလေသည်။

ချန်လွေ့သည် ရှီလန်တောင်၏ နာမည် အား မှတ်ထားလိုက်သည်။

အဲ့ဒီနေရာက အန္တရာယ်များလွန်းတယ်။အမှောင်လမြို့နဲ့ အရင်ရင်းနှီးအောင် ငါလုပ်သင့်တယ်။အဆင့်တစ်ခုအထိ အရှိန်အဝါတွေ စုစည်းပြီးရင် အဲ့ဒီမိုင်းတွင်းကိုသွားဖို့ ငါနည်းလမ်းတစ်ခုခု ရှာလိုက်မယ်။

“ ဇက်ခ်။ခင်ဗျားလို တဲ့တိုးသမားနဲ့ အလုပ်လုပ်ရတာ သဘောအကျဆုံးပဲ။ခင်ဗျား လုပ်ရမှာက ဒီသလင်းကျောက်တွေပါတဲ့ သတ္တုရိုင်းတွေ ရအောင်လုပ်ဖို့ပဲ။ပိုများလေ ပိုကောင်းလေပေါ့။သလင်းကျောက်ကို ထုတ်ဖို့ ကျုပ်ကူညီပေးမယ်။ဈေးကတော့ ..... ”

ချန်လွေ့ စကားပြော မပြီးသေးခင်မှာပင် ဇက်ခ် ပါးစပ်ဖွင့်ပြီး ပြောလိုက်သည်။

“ ဈေးနှုန်းကတော့ တစ်တုံးကို သလင်းကျောက်ဖြူဒင်္ဂါးဆယ်ပြားပေးမယ်။ဘယ်လိုလဲ။ ဒီနေ့အတွက် အားလုံးပေါင်း ခရမ်းသလင်းကျောက်ဒင်္ဂါးတစ်ပြား ပေးမယ်။ ”

မူလက ချန်လွေ့သည် သူ့အတွက် အလွန်အဖိုးတန်လှသည့် သတ္တုရိုင်းအား ဈေးအနိမ့်ဖြင့် ဝယ်ချင်ခဲ့သည်။ ချန်လွေ့ကို ဇက်ခ်က ပိုက်ဆံပေးလိမ့်မယ်လို့ဘယ်သူထင်ခဲ့မှာလဲ။

တော်တော် သဘောကောင်းတဲ့ အဇရူပဒေဝတာပဲ။လူသားတွေရဲ့ ကောလာဟလတွေက မှားနေတယ်။နတ်ဆိုးတွေအားလုံးက ကြောက်စရာမကောင်းဘူး။အနည်းဆုံးတော့ ဒီ အဇရူပဒေဝတာက မဆိုးဘူး။

ထိုအခိုက်တွင် လူသား နှင့် အဇရူပဒေဝတာ တို့သည် ရင်းနှီးသွားကြလေသည်။

ချန်လွေ့သည် အချီကြီးပွသွားသည့်အတွက် ပိုက်ဆံမယူခဲ့ပေ။သတ္တုရိုင်းများရတိုင်း စမ်းသပ်ခန်းဆီ သတင်းပို့ရန်သာ ဇက်ခ်အား ပြောလိုက်သည်။

“ ငါတို့ အဇရူပ‌ဒေဝတာ တွေကလည်း မင်းလို တဲ့တိုးသမားတွေကို သဘောကျတယ်။ ” ထိုအပြုအမူသည် ချန်လွေ့အပေါ်၌ ဇက်ခ်၏အမြင် ပိုမိုကြည်လင်လာသည်။ဇက်ခ်သည် ရင်ဘတ်ပုတ်ပြီး ပြောလိုက်သည်။

“ ဒီနေ့ကစပြီး မင်းက ငါ့မိတ်ဆွေပဲ။မြို့ထဲမှာ ငါ့မိတ်ဆွေတွေ အများကြီးရှိတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရရင် ငါ့နာမည်ကိုသာ ပြောလိုက်။ ”

စိတ်လှုပ်ရှားနေသည့် ဇက်ခ်သည် ချန်လွေ့အား တံခါးအထိ လိုက်ပို့ပေးခဲ့သည်။ ပန်းပဲဆိုင်ရှိ မှင်စာ ခါခန်၏ အားကျသည့် အကြည့်အောက်တွင် စလီသည် ဂုဏ်ယူစွာဖြင့် သူ၏သခင်နောက် လိုက်သွားတော့သည်။

ချန်လွေ့ စိတ်ပျော်နေသည်။

ဒီခရီးက တော်တော်တန်တာပဲ။အရှိန်အဝါ ၁၇၅ မှတ်တောင်ရတယ်။ငါ [ အရုဏ်ဦးပစ်ချက် ] ၁၇ ခါလောက် ပစ်လို့ရပြီ။အဲ့ဒီအစွမ်းက တစ်ရက်ကို နှစ်ခါပဲ သုံးလို့ရတာက ဆိုးတာပဲ။တစ်ခါသုံးရင် ကြယ်စွမ်းအင်တွေ အများကြီး ကုန်သွားတယ်။

“ အိုး။ဟုတ်သားပဲ။စလီ။ထူးဆန်းတဲ့ပစ္စည်းတွေရောင်းတဲ့ဆိုင် ရှိတယ်လို့ မင်းအစက ပြောခဲ့တယ် မဟုတ်လား။အဲ့ဒီကို သွားရအောင်။ ”

စလီ ခေတ္တ တုံ့ဆိုင်းသွားပြီး တစ်စုံတစ်ခုအား စဉ်းစားလိုက်သည်။ထို့နောက် ပြုံးပြီး ပြောလိုက်သည်။

“ ကျုပ်နဲ့လိုက်ခဲ့ပါ။သခင်။အဲ့ဒီဆိုင်မှာ အံ့ဩစရာတွေ အများကြီး တွေ့နိုင်တယ်။ ”

ချန်လွေ့သည် စလီနောက်မှလိုက်သွားရင်း အတော်လေးကျယ်သည့် လမ်းအဆုံး၌ ဆိုင်တစ်ဆိုင်ကို တွေ့ခဲ့သည်။ထိုဆိုင်သည် နှစ်ထပ်ဖြစ်သည်။ပုံစံမှာ ထူးဆန်းပြီး ဆိုင်းဘုတ်လည်း မရှိပေ။

ချန်လွေ့သည် မှင်စာနှင့်အတူ အထဲသို့ ဝင်သွားလိုက်သည်။သူတို့ဝင်သွားသည်နှင့် စူးရှသည့် မျက်လုံးတစ်စုံ၏ စိုက်ကြည့်မှုကို ခံလိုက်ရသည်။၎င်းသည် သေမင်းမိန်းကလေး တစ်ယောက် ဖြစ်သည်။သူ၏ ခန္ဓာကိုယ်မှာ အဆင်ပြေသည်။အသားအရေသည် မဆိုး လှသော်လည်း အမူအရာ ကြမ်းတမ်းလှသည်။

အမျိုးသမီးသေမင်းသည် ဆိုင်ဝန်ထမ်း တစ်ယောက် ဖြစ်သည်။ချန်လွေ့နှင့်စလီတို့ ဝင်လာသည်ကို တွေ့သည့်တိုင် မနှုတ်ဆက်ဘဲ အေးစက်စက် ကြည့်နေသည်။ချန်လွေ့ လည်း အာရုံမထားတော့ဘဲ ဆိုင်ထဲရှိ ပစ္စည်းများမှာ လိုက်ကြည့်တော့သည်။

စလီပြောသည့်အတိုင်းပင် ထိုဆိုင်၌ ရောင်းချသည့် ပစ္စည်းများမှာ အမှန်တကယ်ပင် ထူးဆန်းလှသည်။နတ်ဆိုးသားရဲနှင့်တူသည့် အရုပ်များ၊ဆံပင်ကလစ် လှလှလေးများ၊ ခေါင်းအုံးများ၊အရသာရှိသည့် ကျောက်စိမ်းနဂါးသီးများ၊ထူးဆန်းသည့် ပုတီးများ..... စသဖြင့်ပင်။သို့သော်လည်း ၎င်းတို့သည် ချန်လွေ့ လိုချင်သည့်အရာများ မဟုတ်ပေ။ ထို့ပြင် ဈေးနှုန်းသည်လည်း အလွန်မြင့်မားလှသည်။ကျောက်စိမ်းနဂါးသီး တစ်လုံးသည် ခရမ်းသလင်းကျောက်ဒင်္ဂါး ၅၀ ပေးရသည်။အရုပ်သည် သလင်းကျောက်နက် ဒင်္ဂါး ဆယ်ပြားပေးရသည်။အမှန်တကယ်ပင် မသမာသည့် ဆိုင်တစ်ဆိုင် ဖြစ်သည်။

ထောင့်တစ်နေရာ၌ အသုံးဝင်ပုံပေါ်သည့် ကျောက်တုံးစိမ်း တစ်တုံးအား ချန်လွေ့ တွေ့သွားသည်။ချက်ချင်းပင် ပြောင်းလဲခြင်းအစွမ်းအား အသက်သွင်းပြီး စူးစမ်း ချင်ခဲ့သည်။ကျောက်တုံးအား မထိရသေးခင်မှာပင် ချန်လွေ့ရအား ‌အေးစက်စက် ကောက်ရိတ်ဓားတစ်လက်က ဖြတ်ခနဲ တားဆီးလိုက်သည်။

ထိုအမျိုးသမီး သေမင်းသည် အလွန် အစွမ်းထက်လှသည်။ဂန်ခီ၏ အဖွဲ့ပင် မယှဉ်နိုင်ချေ။

[ သရုပ်ခွဲမျက်လုံး ] အား ချန်လွေ့ မသုံးခဲ့သော်လည်း ထိုတိုက်ခိုက်မှုမှ သူ၏အစွမ်းကို အကြမ်းဖျင်း မှန်းဆနိုင်သည်။ချန်လွေ့ ပြင်ဆင်ထားလျှင်တောင် ထိုကဲ့သို့မြန်ဆန်သည့် တိုက်ခိုက်မှုအား အန္တရာယ်ကင်းကင်းဖြင့် ရှောင်နိုင်ရန် မဖြစ်နိုင်ပေ။

အမျိုးသမီးသေမင်းသည် မဲ့ပြုံးပြုံးပြီး အေးစက်စက်ပြောလိုက်သည်။

“ ကြည့်ပဲကြည့်။မထိနဲ့။ ”

ဆိုးလိုက်တဲ့ ဝန်ဆောင်မှုပဲ။ဈေးဝယ်သူက....နတ်ဆိုးဘုရားသခင်ပဲ ဆိုတာကို မင်းမသိဘူးလား။

ချန်လွေ့ ဒေါသထွက်သွားသည်။

ဒါက ငါ့ရဲ့ အဖိုးတန် အရှိန်အဝါကို ဖြုန်းနေတာပဲ။အခုငါ့မှာ အရှိန်အဝါ အမှတ်တစ်ရာကျော် ရှိနေပေမဲ့ ကိစ္စအများကြီးအတွက် အရှိန်အဝါတွေ လိုသေးတယ်။အဲ့ဒါကြောင့် ငါသတိထားပြီး သုံးရမယ်။

ထိုအချိန်တွင် အပေါ်ထပ်မှ ဆွဲဆောင်မှုရှိသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဒီ မင်းသမီးစစ်တုရင် နှစ်ခုကိုဝယ်လို့ နောင်တမရပါဘူး။နောက်တစ်ခါလည်း လာခဲ့ပါဦး။ ”

ဒါမှ ဝန်ဆောင်မှု ဝန်ထမ်းတစ်ယောက်ရဲ့ အပြုအမူပဲ။

ထိုအသံသည် ရင်းနှီးနေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ထို့နောက် လှေကားထိပ်၌ ညှို့ငင်စွမ်းအားများ ထုတ်ပေးနေည့် မိန်းမလှလေးတစ်ယောက်အား ချန်လွေ့ တွေ့လိုက်သည်။အမျိုးသား အဇရူပဒေဝတာတစ်ယောက်သည် နောက်ပြန်လှည့် ကြည့်ရင်း အောက်ထပ်သို့ဆင်းလာလေသည်။

ဆိုင်အကူ အမျိုးသမီးအား သေချာမြင်လိုက်သည့်အခါ ထိတ်လန့်သွားပြီး နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။

“ ခီရာ ”

အမျိုးသမီးဝန်ထမ်းက မင်းသမီးလေးရဲ့ အစေခံ ခီရာ ဖြစ်နေတာပဲ။ ချန်လွေ့စိတ်ထဲမှာ “ အမြုတေစုပ်မိန်းမ ” လို့ နာမည်ပြောင်ပေးထားတဲ့ ကဝေမပေါ့။

သူ၏နာမည်အား တစ်စုံတစ်ယောက် ခေါ်သည်ကို ခီရာ ကြားလိုက်ပြီး ချန်လွေ့အား တွေ့သွားသည်။ဤအချိန်အတောအတွင်း မင်းသမီးလေးအား အလုပ်အကျွေးပြုနေသည့် ခီရာသည် ချန်လွေ့ အချက်အပြုတ်အား အကျိုးခံစားခွင့် ရလေသည်။လူသားအပေါ် သူ၏အမြင်လည်း အတော်လေး ပြောင်းလဲ သွားသည်။ချန်လွေ့အား တွေ့လိုက်သည့်အခါ ရှီရာသည် ချက်ချင်းပင် စွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။

“ ရှင်ပဲ ”

သူ့နှလုံးသား၏ နတ်ဘုရားမသည် လူသားအား ပြုံးပြလိုက်သည်ကို အဇရူပဒေဝတာ မြင်သွားပြီး အလွန် မနာလိုဖြစ်သွားသည်။ထိုနတ်ဆိုးသည် ချန်လွေ့ဆီသွားပြီး ခက်ခက် ထန်ထန် ပြောလိုက်သည်။

“ ငါဆရာ အိုဘားမားက မစ်ခီရာနဲ့ဝေးဝေးနေဖို့ မင်းကို သတိပေးနေတယ်။မဟုတ်လို့ကတော့.... ”

ချန်လွေ့သည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ထိုကဲ့သို့ ခြိမ်းခြောက်မှုအား ချန်လွေ့ စိတ်ထဲ၌ပင် မထားပေ။ထို အဇရူပဒေဝတာ၏ နာမည်သည် ချန်လွေ့အား အနည်းငယ် ထိတ်လန့်သွားစေသည်။

ဒီကောင်လည်း....ဝိညာဉ်ကူးပြောင်းလာတာလား။ဒါပေမဲ့ သူရဲ့ နှာဘူးထတဲ့ပုံကို ကြည့်ရတာ ကလင်တွန် ဒါမှမဟုတ် ဘာလူစကွန်နီလို့ ခေါ်တာက ပိုသင့်တော်မယ် ထင်တယ်။

အမျိုးသမီးသေမင်းသည် လက်ထဲမှ လက်နက်ဖြင့် ကြမ်းပြင်အား ထုရိုက်ကာ အော်ပြောလိုက်သည်။

“ ထွက်သွား ”

ဆရာ အိုဘားမားသည် တုန်လှုပ်သွားပြီး ဝယ်ထားသည့်ပစ္စည်းများအားလုံး ကြမ်းပြင်ပေါ်တွင် ပလဲသွားသည်။ထို့နောက် သူသည် ပစ္စည်းများအား အလျက်အမြန် ကောက်ယူလိုက်သည်။

ချန်လွေ့သည် အိုဘားမား ဝယ်သည့် ပစ္စည်းများအား တွေ့လိုက်ပြီး သူ၏အကြည့် အေးခဲသွားသည်။

ဒါက..... ဟွာရုံတောက်နဲ့....တူသလိုပဲ။

ဒါပေမဲ့ ချောင်ချောင်၊ကွမ်ယု နဲ့ ကျောက်ယွမ် တို့က မိန်းမလှလေးတွေ ဖြစ်သွား ကြပါလား။

ခိုးချတာ။ဒါက မူပိုင်ခွင့်ကို သက်သက် ချိုးဖောက်တာပဲ။

နေပါဦး။မင်းသမီးစစ်တုရင် ဆိုပါလား။

ချန်လွေ့ သဘောပေါက်သွားသည်။

ဒါက အဲ့ဒီ လိုလီလေးပဲ ဖြစ်ရမယ်။

ဆရာ အိုဘားမားသည် ပစ္စည်းများအား ကောက်ယူကာ ဘာမှထပ်မပြောဘဲ အလျင်အမြန် ထွက်သွားလိုက်သည်။

“ ခီရာ။မင်းဘယ်တုန်းက ဒီလိုဆိုင် ဖွင့်လိုက်တာလဲ။ ”

ချန်လွေ့ အပေါ်ထပ်တက်သွားပြီး မေးကြည့်လိုက်သည်။ချန်လွေ့နှင့်ခီရာသည် ရင်းနှီး ကြောင်း အမျိုးသမီးသေမင်း သတိထားမိပြီး မနှောင့်ယှက်တော့ပေ။သို့သော်လည်း စလီကြောက်နေသည်။သူအပေါ်ထပ် တက်မလာရဲပေ။

ခီရာ ခေါင်းခါလိုက်သည်။

“ ဒီဆိုင်ပိုင်ရှင်က မင်းသမီးလေးပါ။ ”

ငါသိသားပဲ။အဲလစ်က စီးပွားရေးသမားလား။တကယ်ကြီးလား။

ဒါကြောင့် ဒီဆိုင်က ထူးဆန်းတာတွေနဲ့ ပြည့်နေတာကိုး။ဒီလိုဆိုင်မျိုးမှာလည်း ဈေးဝယ်သူတွေ ရှိတာလား။

သဘာဝအတိုင်း ညှို့ဓာတ်ပြင်းသည့် ခီရာအား ချန်လွေ့တစ်ချက်ကြည့်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။

ပျားရည်ထောင်ခြောက်ပဲ။

လိုလီလေးက တော်တော်ဆိုးတာပဲ။ခီရာရဲ့ အလှအပကို အမှီပြုပြီးတော့ ကြော်ငြာ နေတာပဲ။ဒါကြောင့်သူက ရုပ်ကြမ်း အမျိုးသမီးသေမင်းကို အလုပ်ခန့်ထားတာကိုး။ အစွမ်းထက်တဲ့ အဟန့်အတားမရှိရင် နှာဘူးတွေအများကြီးက လုပ်ချင်သလို လုပ်ကြမှာပဲ။

ဒါပေမဲ့လည်း အမှောင်လမြို့ ဒါမှမဟုတ် နတ်ဆိုးဘုံးတစ်ခုလုံးရဲ့ ဆိုင်ခန်းတွေက ဈေးဝယ်သူလာမှာကို စောင့်နေတဲ့ ပုံစံတွေပဲ။အဲလစ်က တော်တာတောင် ဘောင် အပြင်ဘက်ကို မစဉ်းစားနိုင်သေးဘူး။အရင်ဘဝက ငါသင်ခဲ့တဲ့ စီးပွားရေးနဲ့ ကြော်ငြာနည်းလမ်းတွေကို အသုံးချမယ်ဆိုရင် ဆိုင်ရဲ့ စီးပွားရေးက ဒီလိုဖြစ်မှာ မဟုတ်တော့ဘူး။

ချန်လွေ့သည် ဒုတိယထပ်မှ ပစ္စည်းများအား ကြည့်လိုက်ပြီး မင်းသမီးစစ်တုရင်၏ နေရာအား ရှာတွေ့သွားသည်။ဟွာရုံတောက်အား အမှန်တကယ် လုံးဝပင် ပြန်ပြင်ဆင် ထားသည်။နှာဘူးနတ်ဆိုးများထံမှ ‌လွှတ်မြောက်အောင် ပြေးရသည့် ဆွဲဆောင်မှုရှိသော နတ်ဆိုးမ လှလှလေးတစ်ယောက် သို့မဟုတ် နှာဘူးနတ်ဆိုးမများထံမှ ထွက်ပြေးရသည့် နတ်ဆိုးတစ်ယောက်၏ ဇာတ်ကြောင်း ဖြစ်သွားသည်။

ချန်လွေ့ စိတ်ဓာတ်ကျသွားသည်။

ဟွာရုံတောက် ဖန်တီးရှင်သာ ဒါကိုတွေ့ရင် သေချာပေါက် မျက်ရည်နဲ့မျက်ခွက် ဖြစ်မှာပဲ။

“ ဒီမင်းသမီးစစ်တုရင်ကို....မင်းသမီးလေးက လုပ်ထားတာလား။ ”

ခီရာသည် ချန်လွေ့၏ စိတ်လှုပ်ရှားမှုအား မြင်ပြီး ခေါင်းညိတ်လိုက်သည်။

“ မင်းသမီးက အရမ်းတော်တာ။ပုံမှန်အတိုင်းဆို ဘယ်သူမှ ဝယ်ချင်မှာ မဟုတ်ဘူး။ အခုဆိုရင် အများကြီးရောင်းပြီးသွားပြီ။ရှင်အရမ်း ပျော်စရာ မလိုပါဘူး။ ”

ငါ‌ကပျော်နေတဲ့ပုံ ပေါက်လို့လား။

ချန်လွေ့သည် စကားမပြောနိုင်လောက်အောင် ခဏတာ “ ပျော် ” သွားသည်။

ဒုတိယထပ်၌ ပစ္စည်းများစွာ ရှိသည်။ခိုးကူး မင်းသမီးစစ်တုရင်တစ်ခုတည်း မဟုတ်ပေ။အခြားစာအုပ်များလည်း ရှိသည်။အဲလစ်အား ချန်လွေ့ ပြောပြခဲ့သည့် “ နတ်ဆိုးဘုရင်နှင့် မင်းသမီးလေး - နောက်ဆုံး အပြည့်ထုတ်ဝေချက် ” လည်း ရှိနေသည်။နောက်ထပ် ခိုးကူး တစ်ခုပင်ဖြစ်သည်။

ကြည့်ရတာ လိုလီလေးရဲ့ ခိုးကူးတဲ့ ဆန္ဒက တအား ပြင်းထန်တဲ့ပုံပဲ။သူသိထားတဲ့ဟာကို ချက်ချင်းပြန် အသုံးချတယ်။နတ်ဆိုးဘုံမှာရှိတဲ့ စာအုပ်တွေက ပုံနှိပ်တာလား။ဒါမှမဟုတ် မှော်နဲ့လုပ်တာလား သေချာမသိဘူး။

ပထမဆုံးစာအုပ်အချို့သည့် ပုံမှန်သာဖြစ်သည်။သို့သော် နောက်ပိုင်းစာအုပ်များ၏ ခေါင်းစဉ်သည်ပင် ချန်လွေ့အား ချွေးပြန်စေလေသည်။ “ ယောက်ျားတွေအားလုံးက တိရစ္ဆာန်တွေပဲ ” ၊ “ ပထမနောက်ဆက်တွဲ ( တိရစ္တာန်ထက်ဆိုးတယ် ) ” ၊ “ ဒုတိယနောက်ဆက်တွဲ ( တိရစ္ဆာန်တွေလို့ ယှဉ်လို့မရ ) ၊ “ မှော်အစွမ်း။စိုက်ကြည့်လိုက်တာနဲ့ ကိုယ်ဝန်ရတယ် ” ၊ “ မိန်းမတွေထက် ယောက်ျားတွေက ပိုသန်မာတယ်လို့ ဘယ်သူပြောလဲ။သူတို့ကို ကလေးမွေးခိုင်းကြည့်လိုက်”..…..

မင်းသမီးလေးသည် စိတ်နှလုံးမကောင်းကာ စောပြီးရင့်ကျင့်သော လိုလီလေး ဖြစ်လာရသည့် အရေးကြီးဆုံး အကြောင်းရင်းတစ်ခုကို ချန်လွေ့ နောက်ဆုံး၌ သဘောပေါက်သွားသည်။

တံငါနားနီးတံငါ။မုဆိုးနားနီးနာဆိုးပဲ။ဒါက ကလေးတွေအပေါ် ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်ရဲ့ ကြီးမားတဲ့ သက်ရောက်မှာပဲ။

အဲလစ်သည် မည်သည့်အတွက် စီးပွားရေးတစ်ခု စတင်ရန် ဆိုင်တစ်ဆိုင် ဖွင့်လိုက်ခြင်းကို ချန်လွေ့ သိချင်နေသေးသည်။အမှောင်လမြို့အား ရှီရာ လက်လွှဲယူခဲ့သည့်အခါတွင် အခက်အခဲအများကြီး ရင်ဆိုင်ခဲ့ရသည်ဟု ခီရာက ချန်လွေ့အား ပြောပြခဲ့သည်။ အထူးသဖြင့် ငွေကြေးပြဿနာပင်ဖြစ်သည်။ကြံရာမရသည့်အဆုံး ရှီရာသည် တော်ဝင်ရတနာများနှင့် သူ စုဆောင်းထားသည်များကို ရောင်းချရတော့သည်။ နောက်ဆုံး၌ သူ အဆင်ပြေသွားခဲ့သည်။

ဤဆိုင်သည် ထိုအချိန်က ကျန်ရှိသည့်အရာဖြစ်သည်။အဲလစ် ပျင်းနေသည့်အတွက် ဤဆိုင်အား လက်လွှဲယူခဲ့သည်။အချိန်ကုန်မြန်စေရန် နှင့် မုန့်ဖိုးရရန်အတွက် အဲလစ် သည် ပစ္စည်းသေးသေးလေးများအား ရောင်းချလေ့ရှိသည်။ရံဖန်ရံခါ ခီရာ လာကူပေး သည်။ခီရာပြောသည့်အတိုင်းဆိုလျှင် ဆိုင်ဖွင့်ပြီး နှစ်လအတွင်း အဲလစ်သည် ရှီရာထံမှ မှော်သလင်းကျောက်ဒင်္ဂါးတစ်ပြားမျှ မတောင်းခဲ့ပေ။

ထိုဇာတ်လမ်းသည် ပျင်းစရာကောင်းပြီး စိတ်ဝင်စားစရာ နည်းပါးသည်။သို့သော် ဝမ်းနည်းမှု အငွေ့အသက်အား ချန်လွေ့ သတိထားမိသည်။နယ်မြေအား အုပ်စိုးရန် အတွက် ရှီရာသည် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည်။သူ မိသားစု၏ အမွေအနှစ် များကိုပင် ရောင်းချခဲ့ရသည်။သို့သော်လည်း အဲဒက်စ်ကဲ့သို့ ထူးချွန်သူများကို ဆက်ဆံ ရာ၌ မတွန့်တိုခဲ့ပေ။အဲလစ်သည် အလွန်သိတတ်လှသည်။အဲလစ်သည် ဒုက္ခပေး တတ်သော်လည်း ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲဆုံး အချိန်၌ ရှီရာရောက်နေစဉ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေခဲ့ပေ။

ဆိုင်၏အခြေအနေကိုကြည့်လျှင် လိုလီလေးသည် အနည်းငယ် တော်သည်။သို့သော် လည်း စီးပွားရေးလုပ်ရာ၌ အတွေ့အကြုံနုသေးသည်။ ချန်လွေ့စဉ်စားနေစဉ် အောက်ထပ်မှအသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။စလီသည် တမင်ပင် အသံမြှင့်ကာ ပြောလိုက်သည်။

“ မင်းသမီး အဲလစ် ”

လိုလီလေး ရောက်လာပြီ။

All Chapters