ပိန်ချည့်ချည့်အဆိပ်နဂါး
Vol. 2 Ch. 29
« သရုပ်ခွဲမျက်လုံး » ၌ “ မဆုံးဖြတ်နိုင် ” ဟုပေါ်ရခြင်းမှာ ဖြစ်နိုင်ချေနှစ်ခုရှိသည်။ ပထမတစ်ခုမှာ ဂျိုးဆက်ပ်၏ အစွမ်းသည် နိမ့်လွန်းနေခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ ချန်လွေ့၏ လက်ရှိအကဲဖြတ်မှုအကန့်အသတ်ထက် ကျော်လွန်နေခြင်း ဖြစ်သည်။ ဂျိုးဆက်ပ်သည် ဒုတိယတစ်ခုဖြစ်သည်မှာ အသေအချာပင်ဖြစ်သည်။ထို့ပြင် ချန်လွေ့ သည်လည်း အသွင်းပြောင်းခြင်း သာမန်အဆင့်၌သာ ရှိသေးသည်။
အဲလန်သည် သတ်ဖြတ်ချင်စိတ် ရှိသော်လည်း ချန်လွေ့၏မျက်လုံးထဲ၌ ပြုံးနေသည့် ဂျိုးဆက်ပ်သည် အလွန် ကြောက်စရာကောင်းလေသည်။
“ ဆရာတို့။ဒီနေ့ ဆရာသခင် အဲဒက်စ်က ကျုပ်ကို ဒေါသမြက် သွားဝယ်ခိုင်းတာ။ အဲဒါကြောင့် ဂျိုးဆက်ပ်ရဲ့ မှော်ဆိုင်မှာ လာကြည့်တာပါ။ ”
ချန်လွေ့ စိတ်တည်ငြိမ်အောင် လုပ်လိုက်သည်။ချန်လွေ့သည် အဲဒက်စ်နဲ့နာမည်ကို ထုတ်ပြောလိုက်ပြီး ဤနေရာသည် ဂျိုးဆက်ပ်၏ဆိုင်ဖြစ်ကြောင်း အဲလန်အား သတိထားပေးသည့်အနေဖြင့် ညွှန်ပြလိုက်သည်။
“ အိုး။ဆရာသခင် အဲဒက်စ်ရဲ့ အမိန့်ပဲ။ ” ဂျိုးဆက်ပ် ပြုံးနေဆဲပင်ဖြစ်သော်လည်း သူ၏အရိုးထဲမှ အထင်သေးမှုနှင့် မာနကြီးမှုကို ချန်လွေ့ ခံစားမိသည်။
“ ဘယ်လောက်လိုတာလဲ။ ”
“ ဒီက ဒေါသမြက်က မဆိုးဘူး။ဒါပေမဲ့ ဆရာသခင် မှတ်မိတာထက် ဈေးပိုကြီး နေတယ်။ဈေးတက်သွားတာ ဖြစ်ရင်ဖြစ်မယ်။ကျုပ်မှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိဘူး။အဲ့ဒါကြောင့် ပြန်ပြီးတော့ ဆရာသခင်ဆီကို အရင်သွားပြောရမယ်။ ”
ချန်လွေ့သည် အဲလန်အား မကြောက်ပေ။အဆင့်တူတူဖြစ်၍ မယှဉ်နိုင်ရင်တောင် ထွက်ပြေးနိုင်ချေ အများကြီးရှိသည်။သို့သော်လည်း ဂျိုးဆက်ပ်နောက်ရှိ မဟာနတ်ဆိုး နှစ်ယောက်မှာ တစ်ကဏ္ဍဖြစ်သည်။ဂျိုးဆက်ပ်ကိုပင် မဆိုထားဘိ။ယခု ချန်လွေ့ လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဤနေရာမှ အမြန်ဆုံးထွက်သွားရန်ဖြစ်သည်။
“ ပစ္စည်းတွေ ပြတ်လတ်လို့ ပစ္စည်းဈေးတွေ နည်းနည်းတက်သွားတာပါ။ဒါပေမဲ့ အရင်တစ်ခေါက်မှာ ဆရာသခင်က ဆန်ဒရိုကို အနိုင်ယူခဲ့ပြီးတော့ အမှောင်လမြို့ကို ဂုဏ်ဆောင်နိုင်ခဲ့တယ်။ဒီမှာ ဒေါသမြက်စုစုပေါင်း ၅၀ ရှိတယ်။ဆရာသခင်ကို လက်ဆောင်ပေးလိုက်မယ်။အယ်လ်ဗင်မိသားစုဆီက အရိုးသားဆုံး နှုတ်ခွန်းဆက်မှု နဲ့အတူ ဒါကို ဆရာသခင်ဆီ ပေးလိုက်ပါ။တခြားလိုတာရှိရင်လည်း ဆိုင်ကနေ ဈေးအနိမ့်ဆုံးထားပြီး ရောင်းပေးမှာပါ။ ”
ယခင်က ဆန်ဒရိုလာသည့်အခါ အဲဒက်စ်အား သတ်ပစ်ရန် ရည်ရွယ်ခဲ့ပြီး အယ်ဗင်မိသားစု၏ ဂုဏ်ကျက်သရေကိုပင် အသုံးချခဲ့သည်။သူတို့သည် မဟာမိတ်များ ဖြစ်ကြသည်မှာ သေချာပေသည်။ယခု၌ ဆန်ဒရိုသေသွားလေပြီ။ဂျိုးဆက်ပ်သည် အခွင့်အရေးကို ချက်ချင်းယူပြီး အဲဒက်စ်နှင့် အချိတ်အဆက် တည်ဆောက်ရန် ကြိုစားလိုက်သည်။' ထာဝရ ရန်သူဆိုတာ မရှိဘူး။ထာဝရ အကျိုးစီးပွား ဆိုတာပဲရှိတယ်။ ' ဆိုတဲ့ စကားပုံအတိုင်းပေါ့။
ဈေးနှုန်းအရဆိုလျှင် ဒေါသမြက်၅၀သည် အနည်းဆုံး သလင်းကျောက်နက်ဒင်္ဂါး ၁၀၀ ကျသင့်သည်။ချန်လွေ့သည် ဂျိုးဆက်ပ်ကို ရိုရိုသေသေဖြင့် ကျေးဇူးတင်လိုက်ပြီး မြက် များအားလက်ခံကာ ထွက်သွားလိုက်သည်။ချန်လွေ့ တံခါးဝသို့ရောက်သည့်အခါ ချန်လွေ့ ရုတ်တရက် ပြောလိုက်သည်။
“ လူသား။မင်းက မင်းသမီးလေး၊အသီနာတို့နဲ့ မိတ်ဆွေတွေလို့ ကြားတယ်။ ”
ချန်လွေ့ နောက်ပြန်လည့်ပြီး ခါးသီးစွာပြုံးကာ ပြောလိုက်သည်။
“ ကျုပ်က အဲ့ဒီလောက် အရည်အချင်းမရှိပါဘူး။မင်းသမီးလေးက ကျုပ်ကို လူသား တစ်ယောက်ဖြစ်လို့ စပ်စုချင်ရုံပါ။တစ်ခါတလေတော့လည်း သူက အသီနာကို ခေါ်လာတတ်တယ်။ ”
“ ဒါပေမဲ့ အသီနာက မင်းကို နတ်ဆိုးအများကြီးရှေ့မှာ မိတ်ဆွေလို့ ပြောခဲ့တယ်။ မင်းသမီးလေးလည်း မင်းကို တန်ဖိုးထားတယ်လို့ ငါထင်တယ်။ ”
ဂျိုးဆက်ပ် ဟန်လုပ်ပြုံးလိုက်သည်။
“ နောက်လအစောပိုင်းမှာ မင်းသမီးလေးနဲ့ငါနဲ့ ချစ်ကြည်ရေးကစားပွဲ တစ်ခုလုပ်ဖို့ ရှိတယ်။မင်းလာကြည့်ဖို့ စိတ်ဝင်စားလား။ ”
“ ချစ်ကြည်ရေးကစားပွဲလား။ ”
ထိုအကြောင်းကို အဲလစ် နှင့် အသီနာတို့ထံမှ ချန်လွေ့ တစ်ခါမှ မကြားဖူးခဲ့ပေ။ချန်လွေ့ ပုံမှန်ပင် ပြန်ဖြေလိုက်သည်။
“ နောက်မှပြောကြတာပေါ့။ဆရာတို့။အခု ကျုပ် ဆရာသခင်ဆီ အကြောင်းသွား ပြန်ရဦးမယ်။ ”
ချန်လွေ့ ထွက်သွားပြီးနောက်တွင် အဲလန် အံကြိတ်ပြီး ပြောလိုက်သည်။
“ ဂျိုးဆက်ပ်။ခင်ဗျားက အဲ့ဒီ အမှောင်နတ်သူငယ်ကို ကြောက်ပေမဲ့ ကျုပ်တော့ မကြောက်ဘူး။အဲ့ဒီလူသားကို ဘာလို့ အပိုင်းပိုင်းလုပ်ခွင့် မပေးတာလဲ။ ”
ဂျိုးဆက်ပ် လှောင်ပြုံးပြုံးလိုက်သည်။ချန်လွေ့ အတွက်လား၊အဲလန်အတွက်လား မသိပေ။
“ ရှီရာကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ဖို့ အချိန်မဟုတ်သေးဘူး။အဲ့ဒါကြောင့် အဲဒက်စ်ကို ရန်စလို့ မရသေးဘူး။အဲ့ဒီလူသားကို မင်းရှင်းချင်တယ်ဆိုရင်တော့ ငါ့မှာ အကြံတစ်ခုရှိတယ်။မင်းသမီးလေးကိုယ်စား အဲ့ဒီလူသား ဝင်ပြိုင်မယ်လို့ သတင်း လွှင့်လိုက်။ဆန်ဒရိုလိုမျိုး မျှမျှတတပွဲမှာ အဲ့ဒီလူသား သေသွားမယ်ဆိုရင် အဲဒက်စ်တောင် ဘာမှပြောနိုင်မှာ မဟုတ်ဘူး။ ”
အဲလန် ရုတ်တရက် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။
“ အကြံကောင်းပဲ။ကျုပ် ခင်ဗျားဘက်မှာ ဝင်ပြီးတော့ အဲ့ဒီလူသားကို ကိုယ်တိုင် သတ်ပစ်မယ်။ ”
ဂျိုးဆက်ပ် ပုံခုံးတွန့်လိုက်သည်။သူကြိုတင်မှန်းဆထားသလိုပင် ဖြစ်သည်။
“ မင်းဒီလိုလုပ်ဖို့ ဆုံးဖြတ်မှတော့ သတင်းဖြန့်ဖို့အတွက် ပြိုင်ပွဲမစခင်နေ့အထိ စောင့်လိုက်။ဒါမှသူတို့ သူတို့တွေ ပြင်ဆင်ဖို့ အချိန်မရမှာ။ ”
ချန်လွေ့ စမ်းသပ်ခန်းဆီ ပြန်လာပြီး အဲဒက်စ်အား ဒေါသမြက်များ ပေးလိုက်သည်။ ဂျိုးဆက်ပ် လက်ဆောင်ပေးလိုက်ကြောင်း ကြားလိုက်သည့်အခါ အဲဒက်စ် ခဏစဉ်းစား လိုက်ပြီး လက်ခံလိုက်သည်။အဲဒက်စ် နားလည်ကြောင်း ချန်လွေ့သိသည်။အဲဒက်စ်သည် အယ်ဗင်မိသားစု၏ ရည်ရွယ်ချက်ကို သေချာနားလည်သည်။ထို့ကြောင့် ဘာမှထပ် မပြောတော့ဘဲ အခန်းသို့ပြန်ကာ နားနေလိုက်သည်။
အဲလစ်သည် အရောင်းအခန်းအား အမှန်တကယ် နားထောင်ခဲ့ပုံရလေသည်။ချန်လွေ့ ဆီသို့ သုံးလေးရက်လောက် မလာခဲ့ပေ။ချန်လွေ့ထံမှ ပုံပြင်အကြွေးကိုလည်း လာမတောင်းပေ။အသီနာမှာတော့ ချန်လွေ့ဆီ ခဏခဏလာပြီး သုံးပြည်ထောင် ဇာတ်လမ်းကို လာနားထောင်သည်။စမ်းသပ်ခန်းသည် သူတို့၏ ရယ်မောသံများဖြင့် အမြဲတမ်း ပြည့်နှက်နေလေသည်။
နောက်ပိုင်းရက်များတွင် ချန်လွေ့သည် စလီနှင့်အတူ အမှောင်လမြို့ထဲတွင် အရှိန်အဝါ အရင်းအမြစ် ရှာကြသည်။ထို့ကြောင့် ချန်လွေ့သည် တစ်မြို့လုံးနှင့် ရင်းနှီးသွားသည်။ နတ်ဆိုးတစ်ယောက်အား သတိပေးခဲ့ပြီ ဖြစ်သော်လည်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရ သေးသည်။“ ခေါင်းဖြတ်စက် ” ပန်းပဲဆိုင်မှ အလွန်သစ္စာရှိသည့် ဇက်ခ်၏ ကျေးဇူး ကြောင့်သာ ချန်လွေ့ အဆက်အသွယ် အများကြီး ရခဲ့ခြင်းဖြစ်သည်။ဇက်ခ်သည် ချန်လွေ့အတွက် ပြဿနာများကို ဖြေရှင်းပေးခဲ့သည်။ချန်လွေ့လည်း သူ၏အစွမ်း မထုတ်ဖော်ရသည့်အတွက် ပျော်နေပေသည်။
ထိုရက်များ၌ ရရှိခဲ့သည်များမှာ ပထမရက်လောက် မများသော်လည်း အရှိန်အဝါများမှာ အနည်းနှင့်အများ တိုးလာပေသည်။လက်ရှိတွင် ချန်လွေ့၌ အရှိန်အဝါ စုစုပေါင်း ၇၀၀ နီးပါး ရှိနေလေပြီ။သိုလှောင်ဂိုဒေါင်အား အသက်သွင်းရန် လိုအပ်ချက် ပြည့်စုံသွားပြီ ဖြစ်သော်လည်း ၎င်းအား အသက်သွင်းလိုက်လျှင် အရှိန်အဝါ ၂၀၀သာ ကျန်ပေတော့မည်။ လက်ရှိတွင် အရှိန်အဝါ အရင်းအမြစ် အသစ်များ ရှာရခက်လှသည့်အတွက် ဆက်လက် စောင့်ဆိုင်းရန် ချန်လွေ့ ဆုံးဖြတ်လိုက်သည်။
နတ်ဆိုးဘုံတွင် တဖြည်းဖြည်း နေထိုင်လာပြီးနောက်တွင် ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သည်ဟူသော သတင်းများထွက်နေသည့် ဤလောက အပေါ် ချန်လွေ့ အမြင် ပြောင်းလဲသွားသည်။
နတ်ဆိုးဘုံသည် အင်အားကြီးသူများသာ ရှင်သန်နိုင်သည်မှာ ငြင်းစရာမရှိပေ။ သို့သော်လည်း လူသားလောကသည်လည်း မခြားလှပေ။စည်းမျဉ်းကို ဖုံးအုပ်ထားသည့် လှလှပပ အလွှာတစ်ခုသာ ဖြစ်သည်။နတ်ဆိုးအများစုမှာ ရုပ်ဆိုးကြပြီး ရက်စက်ယုတ်မာ ကြသော်လည်း အပြင်ပန်း အရေပြားကို ဆွဲခွာလိုက်လျှင် လူသားနှလုံးသားရှိ အမှောင်ထု နှင့် ယှဉ်နိုင်ပေသည်။
တစ်နည်းပြောရလျှင် နတ်ဆိုးဘုံသည် လူသားလောက ကဲ့သို့ပင် ဖြစ်သည်။လူသား များထက် စွမ်းအားကို ပိုမို အားပေးကြသည်။ပို၍ တိုက်ခိုက်ကြသည်။ပို၍ ရုပ်ဆိုးကြ သည်သာ ဖြစ်သည်။
ယခင်ဘဝက အင်တာနက်ပေါ်၌ ချန်လွေ့ တွေ့ခဲ့သည့် စာကြောင်းကဲ့သို့ပင် ဖြစ်သည်။ ‘ အမှောင်ထု ဆိုတာ အရိပ်မတူတဲ့ အလင်းတစ်မျိုးပဲ။ ’
ပါ့ဂ်လီအိုထံမှ နဂါးထွင်းစာ လေ့လာရန် အချိန် ရောက်ရှိလာသည်။အသီနာ၌ လုပ်စရာ တစ်ခုခု ရှိဟန်တူသည်။သူ မပေါ်လာသည်မှာ ၂ရက်ရှိနေပြီ။ချန်လွေ့သည် မနက် စောစော၌ ဆေးပင်စုဆောင်းရန် ဆင်ခြေပေးကာ ဂျို၃ချောင်းကြံ့ကို ငှားပြီး ရေကန်ပြာဆီ သွားလိုက်သည်။
ရေကန်ပြာသို့ ရောက်သည့်အခါ ချန်လွေ့သည် ပါ့ဂ်လီအို၏ သတိမေ့မှုအား ကိုင်တွယ်ရန် ပြင်ဆင်ထားသည်။ပါ့ဂ်လီအို စားရန်အတွက် ဟော့ပေ့ါ ပစ္စည်းများကိုပင် အထူးတလှယ် ယူလာသည်။သို့သော်လည်း ပါ့ဂ်လီအို ပေါ်မလာပေ။ကျန်ရှိနေသည့် တစ်ခုတည်းသော အရာမှာ ခြောက်သွေ့နေသည့် ကျားကွက်နှင့် ပြန့်ကျဲနေသော ဂေါ်လီများပင် ဖြစ်သည်။ ချန်လွေ့ လန့်ဖြန့်သွားသည်။
ဘာဖြစ်သွားတာလဲ။ငါ့အသက်က အခု ပါ့ဂ်လီအိုနဲ့ ဆက်နွှယ်နေတယ်။အဆိပ်နဂါး တစ်ခုခုဖြစ်သွားရင် ငါလည်းသွားပြီ။
ရေကန်ဘေး၌ ပါ့ဂ်လီအိုအား ရှာရန် ချန်လွေ့ပြင်လိုက်စဉ် ရေကန်ထဲ၌ ရေဝဲတစ်ခု ရုတ်တရက်ပေါ်လာပြီး ဧရာမခေါင်းကြီးတစ်လုံး တဖြည်းဖြည်း ပေါ်လာသည်။ထိုညိုဝါဝါ ခေါင်းသည် အသားစား ဒိုင်နိုဆော နှင့် တစ်နည်းတစ်ဖုံ ဆင်တူနေသည်။ခေါင်းပေါ်၌ ဦးချိုအတို နှစ်ခု ရှိသည်။ပါး၌လည်း ရေယက်ကဲ့သို့ အရာများရှိသည်။ရက်စက်ကြမ်း ကြုတ်သည့် မျက်နှာရှိပြီး သွားချွန်ချွန်များလည်း ရှိသည်။ရွှေနက်ရောင် မျက်လုံးများတွင် ကြောက်စရာ အလင်းရောင်များ တောက်ပနေပြီး ချန်လွေ့အား စိုက်ကြည့်နေသည်။
ဒါက.....ပါ့ဂ်လီအို ဖြစ်မယ်။
သတိမေ့မှုကြောင့် အဆိပ်နဂါးသည် ဤကဲ့သို့ကြောက်စရာ အခြေအနေ၌ တိုက်ခိုက်လာမည်ကို ချန်လွေ့ ကြောက်ရွံ့သွားပြီး တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။လက်ထဲ၌ [ အရုဏ်ဦးပစ်ချက် ] ကိုလည်း အချိန်မရွေး ပစ်ရန် အသင့်ပြင်ထားလိုက်သည်။
“ ချန်လွေ့စုတ်။ ”
အဆိပ်နဂါး ရုတ်တရက် ပြောလိုက်သည်။သိုသော်လည်း ချန်လွေ့ စိတ်အေးသွားသည်။ ပါ့ဂ်လီအို ငါ့ကို မှတ်မိသေးတာပဲ။
“ ပါ့ဂ်လီအို။ခင်ဗျားရဲ့ ပုံစံ ပြန်ပြောင်းလိုက်။မဟုတ်ရင် လွယ်လွယ်လေးနဲ့ ရှာတွေ့သွား နိုင်တယ်။”
ချန်လွေ့ သက်ပြင်းချလိုက်သည်။
“ ခင်ဗျားကို ပြောစရာရှိတယ်။ ”
ပါ့ဂ်လီအိုသည် ဒေါသတကြီးဖြင့် ခေါင်းရမ်းလိုက်သည်။ရေကန်မှ လှိုင်းလုံးကြီးတစ်ခု လွင့်စင်သွားသည်။ချန်လွေ့အား ရေစိုစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ချန်လွေ့သည် အလျင်အမြန် တုံ့ပြန်လိုက်သည်။နောက်ဘက် ၆မီတာ အကွာသို့ ခုန်ပြီး ရှောင်ရှား လိုက်သည်။
“ အမ် ”
အဆိပ်နဂါး အံ့ဩသွားဟန်တူသည်။ချန်လွေ့ ဂုဏ်မယူနိုင်ခင်မှာပင် နဂါးခေါင်း ပျောက်သွားပြီး လေထဲ၌ ပုံရိပ်တစ်ခု ပေါ်လာကာ သူ့ကို ကန်လိုက်သည်။ချန်လွေ့ မရှောင်နိုင်ပေ။လက်ဖြင့်ကာရန် ပြင်လိုက်စဉ် ကန်ချက်သည် မယုံကြည်နိုင် လောက်အောင် ပြောင်းလဲသွားပြီး ချန်လွေ့ ခါးနောက်သို့ ရောက်သွားသည်။
ဖုန်းခနဲ အသံမြည်ပြီး ချန်လွေ့ ဖင်ကန်ခံရာကာ လေပေါ် မြောက်တက်သွားပြီး ခြေကားရား လက်ကားရား ပြုတ်ကျလာသည်။ထို့နောက် တစ်ကိုယ်လုံး ရွှံ့များ ပေ သွားသည်။
“ ပါ့ဂ်လီအို။လခွမ်းပဲ။ ”
ချန်လွေ့ ဖင်ကျိန်းသွားသည်။ကံကောင်းစွာပင် ဒဏ်ရာ မရခဲ့ပေ။ထို့နောက် ချန်လွေ့ထပြီး ကြိမ်းမောင်းလိုက်သည်။
ပါ့ဂ်လီအိုသည် ပို၍ပင် ဒေါသထွက်သွားပြီး ချန်လွေ့၏ ကော်လာကို ကိုင်ကာ ပြောလိုက်သည်။
“ မင်း ဘာဖြစ်သွားတာလဲ။မင်းကြောင့် ငါသေတော့မလို့။ ”
“ ခင်ဗျားကို ကျုပ်ဘာလို့ ထိခိုက်အောင် လုပ်ရမှာလဲ။ခင်ဗျားသေရင် ကျုပ်သေမှာပဲလေ။ “
အဆိပ်နဂါးသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ချန်လွေ့အား လွှတ်ပေးလိုက်သည်။ ယခုအခါမှ ချန်လွေ့သည် အဆိပ်နဂါး၏ ညိုဝါဝါ မျက်နှာသည် ဖြူဖျော့ပြီး ပိန်လှီသွား သည်ကို သတိထားမိသွားသည်။
“ ခင်ဗျားဘာဖြစ်သွားတာလဲ။ ”
“ ငါလည်းအဲ့ဒါကို မေးချင်နေတာ။ ”
ပါ့ဂ်လီအို စိတ်မရှည်စွာ ပြောလိုက်သည်။
“ မင်း အဆိပ်ကို ယူသွားပြီးတော့ ဒုတိယမြောက်ညမှာ သဟဇီဝစာချုပ် ရုတ်တရက် ပြောင်းလဲသွားတယ်။အဲ့ဒါက ငါ့ရဲ့ အစွမ်းနဲ့ အသက်ဓာတ်တွေကို စုပ်ယူသွားတယ်။အခု ငါ့သက်တမ်းက တစ်ဝက်ပဲ ကျန်တော့သည်။ငါ့ရဲ့ စွမ်းအားကလည်း တော်တော်လေး အားနည်းသွားပြီ။ ”
“ ဘယ်လိုဖြစ်ရတာလဲ။ ”
ချန်လွေ့ သေချာစဉ်းစားလိုက်သည်။ထိုနေ့သည် ဆရာသခင်စိန်ခေါ်ပွဲ အဆုံးသတ်နေ့ ဖြစ်သည်။ ပြီးတော့ စူပါစနစ် စပွင့်သွားတယ်။ပြီးတော့ ခန္ဓာသန့်စင်ခြင်း..... ဟုတ်တယ်။အဲ့ဒါက ကနဦး ဆင့်ကဲပြောင်းလဲတဲ့ နေ့ပဲ။
ထိုအချိန်တွင် အဆင့်မြင့် သန့်စင်သော အသက်စွမ်းအင်အား တွေ့ရှိသည်ဟု အသိပေး ချက်ပြောခဲ့ပြီး အဆင့်တက်ရန်အတွက် အရှိန်အဝါအဖြစ် ပြောင်းလဲလိုက်သည်။ အဲ့ဒါက သဟဇီဝစာချုပ်ရဲ့ အစွမ်း ဖြစ်နေတာကိုး။ဒါကြောင့် ငါက ကြယ်စုဆောင်းသူ ခဏလေးနဲ့ ဖြစ်သွားတာပဲ။ဒီတစ်ခေါက်တော့ အစ်ကိုကြီး အဆိပ်နဂါးက တကယ်ပဲ အများကြီး ဆုံးရှုံးခဲ့ရတဲ့ပုံပဲ။
“ စားစရာအရင်လုပ်ပြီးမှ စားပြီးပြောရအောင်။ ”
ချန်လွေ့ လိပ်ပြာမလုံပေ။ထို့ကြောင့် ပါ့ဂ်လီအိုအား အစာကောင်းကောင်း ကျွေးရန် ဆုံးဖြတ်လိုက်သည်။ထို့နောက် ဂျို၃ချောင်းကြံ့အား ကြိုးချည်ထားသည့်နေရာမှ ပစ္စည်းများအား ချက်ချင်းသွားယူပြီး အမြန်ဆုံးနည်းဖြင့် ဟော့ပေါ့ ပြင်ဆင်တော့သည်။
“ဒါက စားကောင်းတာပဲ။ ”
ပါ့ဂ်လီအိုသည် အနည်းငယ် မြည်းကြည့်ပြီး ချက်ချင်း ချီးကျူးလိုက်သည်။ထို့နောက် အလျင်အမြန် မျိုဆို့လေတော့သည်။
အဆိပ်နဂါး၏ စိတ်အခြေအနေ တဖြည်းဖြည်း ကောင်းလာသည်ကို ချန်လွေ့ သတိထားမိပြီး ပြောလိုက်သည်။
“ ဒီလိုပါ။ကျုပ်ရဲ့ မဟာဆရာသခင် အမွေအနှစ်က အခုတကယ် အသက်ဝင်သွားပြီ.... ”
ချန်လွေ့သည် စူပါစနစ်၏ လုပ်ဆောင်ချက်အား မဟာဆရာသခင်၏ အမွေအနှစ်အပေါ် “ အပြစ်တင် ” လိုက်သည်။အမွေအနှစ်၌ တစ်ခုခုဖြစ်သွားပြီး စွမ်းအားရလာကြောင်း ချန်လွေ့ ပြောပြလိုက်သည်။ထို့ပြင် ထိုစွမ်းအားသည် ဆက်လက် တိုးမြှင့်နိုင်ကြောင်း လည်း ထပ်ပြောလိုက်သည်။
“ ငါရဲ့အစွမ်းတွေကို စုပ်ယူလိုက်တာ့ တကယ်ပဲ မင်းကိုး။ချီးထုပ်။ဒီအတိုင်းသာ ဆိုရင် တော့ ငါ့အသက်က တဖြည်းဖြည်း တိုသွားလိမ့်မယ်။ ”
အဆိပ်နဂါး ပြန်တိုက်ခိုက်မည်ကို ချန်လွေ့ တွေ့လိုက်ပြီး အမွေအနှစ်အား အသက်သွင်းရန် အတွက်သာ သဟဇီဝစာချုပ်အစွမ်း လိုအပ်ကြောင်း၊နောက်ထပ် မလိုတော့ကြောင်း ၊ ဒါကြောင့် ဒီရက်တွေမှာ ဘာမှ ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်တော့မှာ မဟုတ်ကြောင်း အလျင်အမြန် ရှင်းပြလိုက်သည်။
မူလက ချန်လွေ့သည့် မည်သည့်အတွက်ကြောင့် “ အဆင့်မြင့် သန့်စင် အသက်စွမ်းအင် ” ထပ်မပေါ်လာရကြောင်းကို တွေးရင်း ဝမ်းနည်းနေခဲ့သည်။အရှိန်အဝါပို၍ ရနိုင်သည်။ ယခုတွင်တော့ ထိုကဲ့သို့ အသိပေးချက် ပေါ်လာလျှင်တောင် ချန်လွေ့ သဘော မတူရဲတော့ပေ။အစွမ်းထက်ရန်အတွက် အရေးကြီးဆုံးမှာ အသက်ရှင်ရန် ဖြစ်သည်။ တစ်စက္ကန့်သာ အသက်ရှင်ရမည်ဆိုလျှင် ပြိုင်ဘက်ကင်းခြင်းအား မည်သည့်အတွက် သုံးနိုင်မည်နည်း။
ချန်လွေ့ ရှင်းပြသည်ကို နားထောင်ပြီး ပါ့ဂ်လီအို တည်ငြိမ်သွားသည်။နဂါးတစ်ကောင်၏ သက်တမ်းသည် အလွန်ရှည်လှသည်။တစ်ဝက်ပဲ ကျန်လျှင်တောင် နှစ်ပေါင်း သုံးလေး သန်းခန့် နေနိုင်သေးသည်။ဤနေရာ၌ နှစ်ပေါင်းသုံးလေးသန်းခန့် ချိပ်ပိတ်ခံရလျှင် ကံမကောင်းပါက နှစ်ပေါင်းထောင်ချီအတွင်း အသတ်ခံရနိုင်သည်။အစွမ်းအတွက် သူ တဖြည်းဖြည်း ပြန်ကောင်းလာပြီး ပြန်လည် ကျင်ကြံနိုင်သည်။အဓိကမှာ ချန်လွေ့၏အစွမ်းအား အမှန်တကယ် တိုးမြှင့်နိုင်ခြင်းပင် ဖြစ်သည်။၎င်းသည် ပါ့ဂ်လီအိုအတွက် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းနိုင်သကဲ့သို့ မတော်တဆ အသတ်ခံရနိုင်ချေမှာလည်း လျော့ကျစေနိုင်သည်။ထိုက်တန်သည်ဟု ထင်ရပေသည်။
သူတို့နှစ်ဦးသည် သဟဇီဝစာချုပ် ချုပ်ဆိုထားသည့်အတွက် ထပ်ပြီး စုံစမ်းစစ်ဆေးရန် မလိုတော့ပေ။ ခဏအကြာတွင် အနည်းငယ် ခံပြင်းနေသည့် အဆိပ်နဂါးသည် ဟော့ပေါ့နံ့ကြောင့် တည်ငြိမ်သွားသည်။မဟာဆရာသခင်ထံမှ ဆက်ခံထားသည့် တိုက်ခိုက်ရေးအစွမ်းတစ်ခု ချန်လွေ့၌ရှိကြောင်း ကြားလိုက်ရာ ပါ့ဂ်လီအို ပို၍ပင် စိတ်လှုပ်ရှားသွားသည်။