ဆွေးနွေးညှိနှိုင်းခြင်း
Vol. 3 Ch. 45
ခါခါ ဉာဏ်ကောင်းလှသည်။အလျင်အမြန်ပင် သူပြန်ပြောလိုက်သည်။
“ ဆာဂန်ခီ။ကျုပ်တို့ရဲ့ခေါင်းဆောင်က လာတွေ့ဖို့ ပြောလိုက်ပါတယ်။ ”
ဝတ်ရုံနှင့်နတ်ဆိုးသည် ခါခါကို တစ်ချက်လှမ်းကြည့်လိုက်သည်။ခါခါလည်း တလေး တစားဖြင့် ဦးညွတ်ပြီး နတ်ဆိုးကလေးအဘိုးအိုနှင့်အတူ ဘေးဖက်၌ ရပ်နေလိုက်၏။
ဂန်ခီ၏ ခြေသံများ ပို၍ပို၍ နီးကပ်လာသည်။ခဏအကြာတွင် [ အရုဏ်ဦးပစ်ချက် ] ၏ ပထမဆုံးပစ်မှတ် ဖြစ်ခဲ့သူသည် မြင်ကွင်း၌ ပေါ်လာ၏။အချိန် အတော်အတန် ကြာပြီးသော်လည်း ဂန်ခီသည် ဒဏ်ရာများ မသက်သာသေးဘဲ စိတ်ဓာတ်ကျ နေပုံပေါ်နေသည်။
နဂိုက ဂန်ခီ အသံကျယ်ကြီး ပြောခဲ့သော်လည်း ဝတ်ရုံနှင့်နတ်ဆိုးကို တွေ့သည့်အခါ သူ၏အသံ ချက်ချင်း တိုးသွားသည်။ဂန်ခီဘေးမှ သေရွာပြန်သည် ရှေ့တက်လာပြီး စိတ်ကြီးဝင်သည့် မျက်နှာဖြင့် မေးလိုက်သည်။
“ ဒါဆို မင်းက ဝတ်ရုံဂိုဏ်းခေါင်းဆောင် အက်ဂ်ယော ပေါ့။ ”
ဝတ်ရုံနှင့်နတ်ဆိုးသည် ဘာမှမပြောဘဲ လက်မြှောက်လိုက်သည်။ထို့နောက် ဆယ်မီတာအကွာရှိ နံရံတစ်ခုဆီသို့ လက်ဖြန့်လိုက်ရာ ကြီးမားလှသည့် အလင်းလုံး ကြီးတစ်လုံး အရှိန်ပြင်းစွာဖြင့် လွင့်ထွက်သွားသည်။လမ်းတစ်လျှောက်ရှိ မြေသားများ အက်ကွဲသွားသည်။မာကျောလှသည့်နံရံလည်း အလင်းလုံးကြောင့် ချက်ချင်းပင် ပေါက်ထွက်ပြီး မယုံနိုင်စရာ အပေါက်ကြီးတစ်ပေါက် ဖြစ်သွား၏။နံရံပျက်စီးပြီးနောက် အက်ကွဲသံများကို ကြားနေရသေးသည်။အချိန်အတော်လေး ကြာပြီးမှသာ ရပ်တန့်သွား၏။
ထိုတိုက်ခိုက်မှုသည် ထိတ်လန့်ဖွယ်ပင် ဖြစ်သည်။သေရွာပြန်လည်း ကြက်သေသေ သွားပြီး သူ၏စိတ်ကြီးဝင်မှု တစ်ဝက်ခန့် လျော့ကျသွားသည်။ဘေးဖက်ရှိ ဂန်ခီသည် ထိုညကအဖြစ်အပျက်ကို ပြန်တွေးလိုက်မိရာ လွန်စွာ ကြေက်ရွံ့သွားပြီး ကြက်သီး ထသွားသည်။
ဒါကတကယ့်စွမ်းအားပဲ။ဒီစွမ်းအားက အနည်းဆုံး အလယ်ဆင့်နတ်ဆိုး လောက်ပဲ။ ပြီးတော့ ဒါကသာမန် မဟာနတ်ဆိုးရဲ့ ပါရမီမဖြစ်နိုင်ဘူး။သန္ဓေပြောင်းပါရမီပဲ ဖြစ်ရမယ်။ အဲဒီနေ့က ငါမသေသွားတာ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်။နတ်ဆိုးကလေး အိုကြီး နဲ့ ဝတ်ရုံဂိုဏ်းကို ငါပြဿနာထပ်မရှာမိလို့ တော်သေးတာပေါ့။
ဝတ်ရုံဂိုဏ်းသားများလည်း စိတ်လှုပ်ရှားသွားကြပြီး ဝတ်ရုံနှင့်နတ်ဆိုးကို ပို၍ လေးစားသွားကြသည်။အချိန်အတော်ကြာသည့်အထိ သူတို့သည် ခေါင်းဆောင်ကို ကြားသာကြားဖူးသည်။အပြင်၌ မတွေ့ဖူးခဲ့ပေ။ခေါင်းဆောင်ကို ကိုယ်တိုင်တွေ့ ရသည့်အခါ ကြားဖူးသည်ထက် ပိုကောင်းသည်။ဤကဲ့သို့ အစွမ်းထက်သည့် ခေါင်းဆောင်ရှိသည့်အတွက် အမှောင်လမြို့၌ ဝတ်ရုံဂိုဏ်း နာမည်ကျော်ကြားလာရန် သိပ်မကြာတော့ပေ။
နတ်ဆိုးကလေးအဘိုးအို ဒီဒီ တစ်ယောက်တည်းသာ နာကျင်ခံစားနေရ၏။
သခင်။လာလာချင်း ခြံဝင်းကို မဖျက်ဆီးပါနဲ့။ဒါတွေအားလုံးက မှော်သလင်းကျောက် ဒင်္ဂါးတွေ...
“ ဆာအက်ဂ်ယော။ကျုပ် ခုနက ရိုင်းပြမိသွားပါတယ်။ခွင့်လွှတ်ပေးပါ။ ”
[ အရုဏ်ဦးပစ်ချက် ] ဖြင့် သရုပ်ပြလိုက်ရာ သေရွာပြန်၏ မာနကို ဖယ်ရှားနိုင်ခဲ့သည်။ သူ၏ အမူအရာလည်း ချက်ချင်းပင် လုံးဝပြောင်းလဲသွားပြီး သူ၏လေသံလည်း ရိုရိုကျိုးကျိုး ဖြစ်သွား၏။
“ ဒီနေ့ ကျုပ်နဲ့ ဂန်ခီလာရတာက ငြိမ်ဝပ်ပိပြားရေးအရာရှိ အဲလန်ကိုယ်စား ဆာ-အက်ဂ်ယောနဲ့ ကိစ္စတစ်ခုကို ဆွေးနွေးမလို့ပါ။ ”
နာဂျစ်သည် ဝတ်ရုံနှင့်နတ်ဆိုး၏ စွမ်းအားကို ကြောက်ရွံ့သော်လည်း တည်ငြိမ် နေပုံပေါ်ပြီး မေးလိုက်သည်။
“ အက်ဂ်ယော ဆိုတဲ့ နာမည်ကို ကျုပ်တစ်ခါမှ မကြားဖူးဘူး။ဆာက ဘယ်က လာခဲ့လဲ ဆိုတာ သိလို့ရမလား။အမှောင်လနယ်မြေကို ခင်ဗျား ဘာလုပ်ဖို့ လာတာလဲ။ ”
“ ငါ့ရဲ့မွေးရပ်မြေက အမှောင်လနယ်မြေပဲ။ဒါပေမဲ့ ငါပြန်မလာတာ နှစ်ပေါင်း ၃၀၀၊၄၀၀ လောက်ရှိပြီ။အခုက ငါ့ဆရာရဲ့ အမိန့်အတိုင်း လေ့ကျင့်ဖို့အတွက် ထွက်လာရင်းနဲ့ အမှောင်လမြို့ဆီ ပြန်လာခဲ့တာ။ ”
ထိုဝတ်ရုံနှင့်နတ်ဆိုးသည် ချန်လွေ့ပင် ဖြစ်သည်။အက်ဂ်ယော၏ ဇစ်မြစ်ကို မရှင်း မလင်းဖြစ်စေရန် ထိုကဲ့သို့ တမင်ပြောလိုက်ခြင်း ဖြစ်သည်။
ဆရာတဲ့လား။အက်ဂ်ယောနောက်မှာ ပိုပြီးအစွမ်းထက်တဲ့သူ ရှိသေးတာလား။
နာဂျစ် အံ့ဩသွားပြန်သည်။အက်ဂ်ယော၏ ဇစ်မြစ်ကို သူသိပ်ပြီး သံသယမရှိပေ။ အမှောင်လမြို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ရာနဲ့ချီခန့်က နာမည်ကျော်ပြီး စည်ကားသည့် မြို့တစ်မြို့ ဖြစ်ခဲ့သည်။ဤနေရာ၌ စုဝေးနေသည့် အစွမ်းထက်သူများစွာ ရှိခဲ့သည်။ သို့သော်လည်း ဘယ်ဇီဘတ် တော်ဝင်မိသားစုကို သန်းခေါင်နေအရှင် တိုက်ခိုက် အနိုင်ယူပြီးနောက်တွင် အမှောင်လမြို့ ဆုတ်ယုတ်လာခဲ့သည်။ထို့ပြင် မိသားစု အများအပြားလည်း အခြားနေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။အက်ဂ်ယောလည်း သူတို့ထဲကတစ်ယောက် ဖြစ်ဟန်တူသည်။
နာဂျစ်သည် အက်ဂ်ယောနောက်က အင်အားစု၏ ဇစ်မြစ်ကို သိချင်စိတ်ဖြစ်သွားပြီး အစ်အောက်ကြည့်လိုက်သည်။
“ တစ်ဆိတ်လောက်ပါ။ဆာရဲ့ ဆရာက ဘယ်သူ..... ”
“ မင်းက ငါ့ရဲ့ဆရာရဲ့နာမည်ကိုသိဖို့ အရည်အချင်း မပြည့်မှီဘူး။ ”
ဝတ်ရုံနှင့်နတ်ဆိုး အေးစက်စက် ပြောလိုက်သည်။
“ အဲလန်ရဲ့ဖခင်ဖြစ်တဲ့ ခါရွန်မိသားစုအကြီးအကဲ လီဂူတောင် မေးခွင့်မရှိဘူး။ ”
နာဂျစ် ပို၍ပင် ထိတ်လန့်သွားသည်။အက်ဂ်ယောသည် ခါရွန်မိသားစု၏ စွမ်းအား သေချာနားလည်သည့်တိုင် အရေးမစိုက်ဘဲနေမည်ဟု သူ မထင်ထားခဲ့ပေ။ ဝတ်ရုံနှင့်နတ်ဆိုး၌ နောက်ခံကောင်းကောင်းရှိမည်ဟု နာဂျစ်တွေးလိုက်သည်။ သူပြင်ဆင်လာသည့် ခြိမ်းခြောက်စကားများကို ပြန်သိမ်းထားလိုက်ရသည်။သူပို၍ သတိထားပြီး မေးလိုက်သည်။
“ ဆာက စဉ်းစားတတ်တဲ့သူ ဆိုတော့လည်း ကျုပ် ရှင်းရှင်းပဲ ပြောလိုက်မယ်။ဆာလည်း သိပြီးလောက်ပါပြီ။နေရာတိုင်းမှာ စည်းမျဉ်းတွေရှိတယ်ဆိုတာ ခင်ဗျားသိမှာပါ။ အခုလက်ရှိ ခင်ဗျားက အမှောင်လမြို့မှာ ဝတ်ရုံဂိုဏ်း တည်ထောင်လိုက်တယ်ဆိုတော့ အမှောင်လမြို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရလိမ့်မယ်။လစဉ်ကြေးအနည်းငယ်ပေးရုံနဲ့ ဗိုလ်ချုပ်အဲလန်က အမြဲအကာအကွယ်ပေးသွားမှာပါ။ပြဿနာအကြီးအကျယ် မဟုတ်ရင်ပေါ့။ ”
“ ငါ အကာအကွယ်မလိုဘူး။ငါ့ကိုပြဿနာရှာရဲရင် တစ်မိသားစုလုံး ရှင်းပစ်မယ်လို့ ဆရာက ပြောထားတယ်။ငါ အဲဒါကို ယုံကြည်တယ်။ ”
ထိုစကားသည် ဂန်ခီနှင့်နာဂျစ်တို့၏ အမူအရာကို ပြောင်းလဲစေခဲ့သည်။ အက်ဂ်ယောက သူတို့နဲ့ သဘောမတူဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ခုနကအစွမ်းနဲ့ဆို ဂန်ခီနဲ့နာဂျစ်ကို သတ်ဖို့က အက်ဂ်ယောအတွက် အလွယ်လေးပဲ။
ထို့နောက် ဝတ်ရုံနှင့်နတ်ဆိုးသည် လေသံပြောင်းလိုက်သည်။
“ ဒါပေမဲ့လည်း....မင်းပြောတာ မှန်ပါတယ်။နေရာတိုင်းမှာ စည်းမျဉ်းတွေ ရှိတယ်။ အမှောင်လမြို့ဆီ ငါပြန်လာတာက မွေးရပ်မြေကို တစ်ချက်ကြည့်ဖို့နဲ့ လမ်း တစ်လျှောက်မှာ လေ့ကျင့်ဖို့ အတွက်ပဲ။အဲဒါကြောင့် ငါ့အာရုံနောက် မခံချင်ဘူး။ ဝတ်ရုံဂိုဏ်း ထောင်တာက အရင်းအမြစ်တချို့ကို ရှာဖွေဖို့ပဲ။အမှောင်လမြို့ရဲ့ စည်းမျဉ်းတွေကို ငါ လိုက်နာနိုင်တယ်။ဒါပေမဲ့ ငါ့ကိုတော့ ဘယ်တော့မှ ပြဿနာ လာမရှာနဲ့။မဟုတ်လို့ကတော့..... ”
နာဂျစ် ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး အမြန်ပြောလိုက်သည်။
“ ဆာ စိတ်ချပါ။ဘယ်လောက်ကျလဲဆိုတာကတော့ အဖွဲ့ဝင်အရေအတွက်အပေါ် မူတည်ပါတယ်။တစ်ယောက်ကို တစ်လအတွက် ပန်းရောင်သလင်းကျောက်ဒင်္ဂါးတစ်ပြား ကျပါတယ်။ဆာရဲ့ ဝတ်ရုံဂိုဏ်းမှာ အဖွဲ့ဝင်ဆယ်ယောက် ရှိတယ်ဆိုတော့ တစ်လကို ခရမ်းသလင်းကျောက်ဒင်္ဂါး ၁၀ပြား ကျပါမယ်။ ”
အက်ဂ်ယောကို ကြောက်ရွံ့သည့်အတွက် နာဂျစ် ကမ်းလှမ်းသည့်ဈေးနှုန်းသည် အနိမ့်ဆုံး ဖြစ်သည်။ချန်လွေ့သည် ဘေးနားတစ်ဝိုက်ရှိ ဝတ်ရုံအသေးလေးများကို ကြည့်လိုက်ရာ ၂၀၊၃၀ ခန့် ရှိသည်။
ဒီလူက တော်တော်လေး ပါးနပ်တာပဲ။ လျို့ဝှက်ဆန်းကြယ်မှုကို ထိန်းထားနိုင်ရန်အတွက် ချန်လွေ့သည် နာကျင်မှုကို ထိန်းထားပြီး နာဂျစ်ဆီကို သလင်းကျောက်နက်ဒင်္ဂါးတစ်ပြား ပစ်ပေးလိုက်သည်။
“ ဒါက ခါရွန်မိသားစုကို လေးစားလို့ ပေးတာပဲ။နောက်ထပ် ၁၀လလောက် ငါ့ကို မနှောင်ယှက်နဲ့တော့။ ”
နာဂျစ် အလွန်ပျော်သွားသည်။အဲလန်သည် သူတို့အား မြို့တွင်းရှိ အဖွဲ့အစည်းများကို လွှမ်းမိုးရန်အတွက်သာ ပြောခဲ့သည်။ကုန်ကျစရိတ်ကိုတော့ နာဂျစ်နဲ့ အခြားသူများက အစပြုခဲ့ခြင်းဖြစ်သည်။သူတို့ရခဲ့သည့် ပိုက်ဆံများကို သူတို့ပင် သိမ်းထားကြသည်။ တစ်ခါတစ်ခါ အဲလန်ကို သူတို့ ပစ္စည်းပြုကြသည်။အဲလန်သည် ခါရွန်မိသားစု၏ တစ်ဦးတည်းသောသား ဖြစ်သည့်အတွက် ပိုက်ဆံမရှားပေ။ပြဿနာအကြီးအကျယ် မရှိသရွေ့ အဲလန် မျက်ကွယ်ပြုထားပေးနိုင်သည်။
ယခင်က ခါရွန်မိသားစု၏ နာမည်နှင့်ဆိုလျှင် နာဂျစ်အတွက် ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။သို့သော်လည်း ဤ အက်ဂ်ယောသည် ဆရာကြီးတစ်ယောက် ဖြစ်နေ၏။ခါရွန်မိသားစုကိုပင် မကြောက်လန့်နေပေ။ထို့ကြောင့် ဤခရီးကို အောင်မြင်သည်ဟု မြင်နိုင်ပေသည်။
“ ရက်ရောမှုအတွက် ကျေးဇူးပါပဲ။ဆာ ”
နာဂျစ်သည် ဂန်ခီနှင့်အတူ ဦးညွှတ်လိုက်သည်။
“ ကျုပ်တို့အကူအညီ လိုအပ်တာတစ်ခုခုရှိရင် အကောင်းဆုံး ကူညီပေးမှာပါ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ပေ။နာဂျစ်လည်း အကင်းပါးစွာဖြင့် ဂန်ခီနှင့်အတူ ထွက်သွားလိုင်သည်။နတ်ဆိုးကလေးအိုကြီးသည် ဘေးနားပတ်လည်မှ ဝတ်ရုံအသေးလေးများက သူ၏သခင်ကို တောက်ပနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေးလိုက်ရသည့်အတွက် စကားပြောလိုက်သည်။
“ မင်းတို့အားလုံး အခု ထွက်သွားကြတော့။ခေါင်းဆောင် အနားယူတာကို မနှောင့်ယှက်ကြနဲ့။ ”
အမှောင်နတ်ဆိုးကလေးများနှင့် မှင်စာများသည် အိပ်ယာမှ နိုးထလာသည့်ပုံစံ ဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။သူတို့ခေါင်းဆောင်၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီးနောက်တွင် သူတို့၏မျက်နှာများ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားကြသည်။
နတ်ဆိုးကလေးအိုကြီးသည် ရိုသေလေးစားစွာဖြင့် ပြောလိုက်သည်။
“ သခင်။အထဲဝင်ပြီး ထိုင်ပါဦး။ ”
ချန်လွေ့ ဘာမှ မပြောဘဲ အိမ်ထဲဝင်ကာ အလယ်ဗဟိုရှိ ကုလားထိုင်ပေါ်၌ ထိုင်လိုက်သည်။
“ သခင်.... ”
နတ်ဆိုးကလေးအိုကြီးသည် ခရမ်းသလင်းကျောက်ဒင်္ဂါးများ လက်အပြည့် ကိုင်ထားရသည်။၃၀ မှ ၄၀ အထိ ရှိနိုင်သည်။
“ သခင်။သခင်ပေးခဲ့တဲ့ ခရမ်းသလင်းကျောက်ဒင်္ဂါး ၃ပြားကို အရင်းပြုပြီးတော့ ၃၈ပြားရအောင် ဒီဒီ လုပ်နိုင်ခဲ့တယ်။အခု ဒါတွေအားလုံးကို သခင့်ဆီ ပေးမလို့ပါ။ ”
ခရမ်းသလင်းကျောက်ဒင်္ဂါး ၃၈ ပြားတဲ့လား။ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး ပြောလိုက်သည်။
“ မင်းက ၁၀ပြားကျော်ပဲ ရတာလို့ ငါ့ရဲ့မိတ်ဆွေ မနေ့ကပြောခဲ့တယ်။ ”
“ ဒီလိုပါ။သခင်။ ”
နတ်ဆိုးကလေးအိုကြီးသည် သူ၏ သခင်နှင့် လူသားအတွင်းရေးမှူးတို့၏ ရင်းနှီးမှုကို အပြည့်အဝ အတည်ပြုနိုင်ခဲ့သည်။
“ ဆာချန်လွေ့ ပြောတာ မှန်ပါတယ်။မနေ့က ၁၄ ပြားပဲ ရှိတာပါ။ဒါပေမဲ့ မနေ့ညတုန်းက ပြိုင်ကွင်းမှာ သွားပြီးလောင်းကစားလုပ်တော့ ၁၉ ပြားလောက် အနိုင်ရခဲ့တယ်။ဒီနေ့မှာ ၅ပြားထပ်ရတယ်။စုစုပေါင်း ၃၈ပြားရှိပါတယ်။လက်ခံပေးပါ။သခင်။ ”
နတ်ဆိုးကလေးအို သေချာရှင်းပြနေသည်ကို ကြည့်ပြီး ချန်လွေ့ အသာလေး ခေါင်းညိတ်ကာမေးလိုက်သည်။
“ ပြိုင်ကွင်းက ဘယ်လိုမျိုးလဲ။ ”
သူ၏သခင်သည် ပိုက်ဆံလက်မခံသည့်အတွက် နတ်ဆိုးကလေးအိုကြီး ပို၍ စိုးရိမ်လာပြီး သေသေချာချာ ရှင်းပြလိုက်သည်။
“ ပြိုင်ကွင်းမှာ နေ့တိုင်း တိုက်ပွဲတွေ အများကြီး ရှိတယ်။ဘယ်သူနိုင်မလဲ ရှုံးမလဲ ဆိုတာကို လောင်းကြေးထပ်လို့ရတယ်။ပြိုင်ကွင်းက အမှောင်လမြို့မှာ လူအစည်ဆုံး နေရာလို့ ကြားတယ်။ပြီးတော့ တိုက်ပွဲတိုင်းမှာလည်း ပရိတ်သတ်တွေက စင်အပြည့်ပဲ။ ဒါပေမဲ့လည်း အခုတော့ တော်တော်လေး တိတ်ဆိတ်သွားပြီ။ပြီးခဲ့တဲ့ ဆရာသခင်စိန်ခေါ်ပွဲ လိုမျိုး၊ကောင်းကင်တိုက်ပွဲလိုမျိုး ပြိုင်ပွဲကြီးတွေ မရှိဘူးဆိုရင်တော့ ပုံမှန်ပရိတ်သတ်က ပြိုင်ကွင်းရဲ့ ၃၀% ထက် နည်းတယ်။ ”
ချန်လွေ့သည် ပြိုင်ကွင်းသို့ နှစ်ကြိမ်ရောက်ဖူးသည့်အတွက် ထိုနေရာသည် အလွန် ကျယ်ကြောင်း သိသည်။အပြည့်ဆိုလျှင် ပရိတ်သတ်ပေါင်း သောင်းနှင့်ချီ ဝင်ဆံ့နိုင်သည်။ ၃၀% နည်းသည်ဆိုလျှင်လည်း ပရိတ်သတ် ထောင်ကျော်နေသေးသည်။
ချန်လွေ့သည် ပြိုင်ကွင်း၌ ပြုလိုက်သည့် တိုက်ပွဲကို စိတ်ဝင်စားသွားသည်။နတ်ဆိုး ကလေးအိုကြီးကို မေးကြည့်လိုက်ရာ ပြိုင်ကွင်းကို စီမံသူသည် ဂျိုးဆက်ပ်၏ ကောက်ရိတ်ဓား သုံးလက်ထဲမှ တစ်လက်ဖြစ်သော အရတ်စ် ဖြစ်ကြောင်း သိသွားသည်။အစွမ်းထက်ပြီး ယုံကြည်ချက်ရှိသူ မည်သူဆို စာရင်းပေးသွင်း နိုင်သည်။အနိုင်ရရှိသူသည် ဆုလာဒ်အများကြီးရပြီး ရှုံးနိမ့်သူသည် မစို့မပိုသာ ရသည်။သို့သော်လည်း ဤကဲ့သို့ တိုက်ပွဲများသည် အသက်ရင်းရသည့်အတွက် အတော်ပင် အန္တရာယ်များသည်။နေ့တိုင်း အသေအပျောက် ရှိသည်။
မနေ့ညက အဆိပ်နဂါးသည် ချန်လွေ့၏ အစွမ်းအမျိုးမျိုးမှာ အခြေအနေတစ်ခုထိ တည်ငြိမ်သွားပြီဖြစ်ကြောင်း ပြောခဲ့သည်။တိုးတက်မှုသည်လည်း စတင်နှေးကွေး လာသည်။သူ၏ အတွေ့အကြုံကို ထပ်ပြီးတိုးတက်စေကာ အမှန်တကယ်တိုက်ပွဲ မှတစ်ဆင့် သူ၏အတွင်း စွမ်းပကားကို လှုံ့ဆော်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ချန်လွေ့ သည် ၎င်းကို အကျဉ်းချုံးပြီး အထူးလေ့ကျင့်ရေး၌ တိုးတက်စေနိုင်သည်။၎င်းသည် တိုးတက်ရန်အတွက် အမြန်ဆုံးနှင့်အထိရောက်ဆုံး နည်းလမ်း ဖြစ်သည်။
ချန်လွေ့ ခဏစဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပြီး ပြောလိုက်သည်။
“ ငါ့ရဲ့ လူသားမိတ်ဆွေက မင်းရဲ့ အားထုတ်မှုတွေကို ပြောပြခဲ့တယ်။ဒီလိုဆိုမှတော့ ငါမင်းကို အခွင့်အရေးပေးမယ်။ငါ့ရဲ့လိုအပ်ချက်အတိုင်း ရောက်အောင် လုပ်နိုင်မယ်ဆိုရင် မင်းကငါ့ရဲ့ တရားဝင် အစေခံတစ်ယောက်ဖြစ်လာမယ်။ဝတ်ရုံဂိုဏ်းကိုလည်း ငါ့ရဲ့ အင်အားစုက အမှန်တကယ် ကာကွယ်ပေးမယ်။ ”
နတ်ဆိုးကလေးအိုကြီး အလွန်ပျော်ရွှင်သွားပြီး ခရမ်းသလင်းကျောက်ဒင်္ဂါးများကို လက်နှစ်ဖက်ဖြင့် ကမ်းလိုက်ပြန်သည်။သို့သော်လည်း ချန်လွေ့ လက်မခံခဲ့ဘဲ ထိုအပေါ်တွင် သလင်းကျောက်နက်ဒင်္ဂါး နှစ်ပြား ထပ်ထည့်လိုက်သည်။
“ ဒါတွေက မင်းလှုပ်ရှားဖို့အတွက် ဘဏ္ဍာငွေပဲ။ပြိုင်ကွင်းမှာ ထပ်ပြီး မလောင်း နဲ့တော့။ငါမင်းကို တာဝန်သုံးခု ပေးမယ်။ပထမတစ်ခုက ဝတ်ရုံဂိုဏ်းကို အသုံးချပြီး မြို့ထဲက အချက်အလက်မှန်သမျှကို ရအောင်လုပ်။ပြီးရင် ငါလိုတဲ့အခါတိုင်း သတင်း ပို့ရမယ်။ဒုတိယတစ်ခုက ကလိမ်ကျတာတွေ၊ခြိမ်းခြောက်တာတွေ လုပ်မယ့်အစား စီးပွားရေးလုပ်ငန်း နည်းလမ်းတွေ ပိုပြီးလေ့လာရမယ်။စတိုးဆိုင်ဖွင့်ဖို့ အသင့်ပြင်ထား။ နောက်ဆုံးတစ်ခုကတော့ လင်းလက်ကျောက်ကို စုဆောင်းဖို့ အကောင်းဆုံး ကြိုးစား။ အရည်အသွေးကောင်းလေ ပိုကောင်းလေပဲ။ငါလိုအပ်တဲ့ ပစ္စည်းတွေရှိသေးတယ်။ငါ့ မိတ်ဆွေတစ်ယောက်ကိုပြောပြီး မင်းကို စာရင်း ပေးလိုက်မယ်။ ”
နတ်ဆိုးကလေးအိုကြီးသည် သူ့၏သခင်က သူ့ကို ဤမျှလောက် ယုံကြည်မည်ဟု မထင်ထားခဲ့ပေ။သလင်းကျောက်နက်ဒင်္ဂါးနှစ်ပြားပင် ထပ်ပေးခဲ့သေးသည်။ယခုအကြိမ် သည် ယခင်က “ စမ်းသပ်ချက် ” နှင့် လုံးဝ ကွဲပြားသည်။၎င်းသည် အရေးကြီးသည့် တာဝန်ယူမှုတစ်ခု ဖြစ်သည်။ယခင်က သူသည် အနိုင်ကျင့်ခံရခြင်းမှ ရှောင်ရှားရန်အတွက် အစွမ်းထက်သူတစ်ယောက်ကိုသာ မှီခိုချင်ခဲ့သည်။ယခုတော့ သူ၏ဆုံးဖြတ်ချက် မှန်ကန်သည့်ပုံပေါ်သည်။သခင် အက်ဂ်ယောနှင့်အတူရှိလျှင် ဝတ်ရုံဂိုဏ်းသည် အခွံသက်သက်သာ မဟုတ်တော့ဘဲ အကြောက်အလန့်ကင်းမဲ့စွာ ဖွံ့ဖြိုးနိုင်ပေမည်။
စီးပွားရေးလုပ်ခြင်းသည် နတ်ဆိုးကလေးအိုကြီး အကျွမ်းဆုံးအပိုင်းဖြစ်သည်။ သူ၏သခင်သည် သူ၏ပါရမီကို ထုတ်လွှန်ရန် နေရာအကျယ်ကြီး ပေးလိုက်သည် နှင့်တူသည်။ဒီဒီ ချက်ချင်း ဦးညွှတ်လိုက်သည်။
“ သခင့်ရဲ့ ညွှန်ကြားချက်တွေကို ဒီဒီ သေချာပေါက် ပြီးစီးအောင် လုပ်မှာပါ။ ”
ချန်လွေ့သည် ပြိုင်ကွင်းရှိ အခြေအနေကို သိချင်စိတ် ပြင်းပြနေပြီး ဤနေရာ၌ ဆက်မနေချင်တော့ပေ။ထို့နောက် ချန်လွေ့ ပြောလိုက်သည်။
“ ချန်လွေ့က ငါအယုံကြည်ရဆုံး မိတ်ဆွေပဲ။သူ့စကားတွေက ငါ့ရဲ့အမိန့်လိုပဲ။ဒါကြောင့် မင်းငါ့ကို ဆက်ဆံသလိုမျိုး မင်းသူ့ကို လေးလေးစားစား ဆက်ဆံရမယ်။ငါအခု လျို့ဝှက်နေရာကိုသွားပြီး လေ့ကျင့်တော့မယ်။တစ်ခုခု အရေးကြီးတာရှိရင် ငါသူ့ကို ပြောခိုင်းလိုက်မယ်။ ”
နတ်ဆိုးကလေးအိုကြီးသည် လူသားနှင့် သူ၏သခင်ကြားရှိ ပတ်သက်မှုကို သဘော ပေါက်သွားပြီး အလျင်အမြန် သဘောတူလိုက်သည်။ထို့နောက် သူ၏သခင် ရုတ်တရက် ပြန်လှည့်လာပြီး အံကြိတ်ကာ ပြောလိုက်သည်ကို တွေ့လိုက်သည်။
“ ပြီးတော့လည်း မင်းရဲ့သမီးက ငါ့မိန်းမဆိုတဲ့ သတင်းမှားတွေကို ထပ်မကြားချင် တော့ဘူး။မဟုတ်လို့ကတော့ ဝတ်ရုံဂိုဏ်းကို ငါအရင်ဆုံး ဖျက်ဆီးပစ်မယ်။ ”
သူ၏သခင် ဆုံးဖြတ်ပြီးသည်ကို ကြားလိုက်ရသည့်အတွက် နတ်ဆိုးကလေးအိုကြီးသည် ကြိုပြင်ထားသည့် သူ၏သမီးအကြောင်း အကြံပေးချက် အတွဲလိုက်ကို ကိုယ်တိုင်သာ သိမ်းထားရတော့သည်။
ဝတ်ရုံဂိုဏ်းမှ ထွက်လာပြီးနောက်တွင် ချန်လွေ့သည် ဝတ်ရုံမချွတ်ခဲ့ဘဲ ပြိုင်ကွင်းအထိ ရောက်အောင် ဆက်သွားတော့သည်။