ပထမဆုံးနိုင်ပွဲ။အသီနာ နှင့် ငညစ်
Vol. 3 Ch. 33
နောက်တစ်နေ့၌ နှစ်စဉ်ကျင်းပသည့် ကောင်းကင်တိုက်ပွဲ စတင်လေပြီ။အမှောင်လ မြို့အား မင်းသမီးရှီရာ လွှဲပြောင်းယူပြီးသည့် အချိန်မှစ၍ ဤပြိုင်ပွဲသည် ပို၍ငြီးငွေ့စရာ ကောင်းလာခဲ့သည်။တဖြည်းဖြည်းနှင့် ၎င်းသည် မင်းသမီးလေး အဲလစ်နှင့် ဘဏ္ဍာရေး အရာရှိ ဂျိုးဆက်ပ်တို့ကြားရှိ ကိုယ်ရေးကိုယ်တာ လောင်းကစားပွဲ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ယနေ့တွင် ပြိုင်ကွင်းထဲ၌ နတ်ဆိုးများ ပြည့်နှက်နေသည်။ဤသည်မှာ ဂျိုးဆက်ပ်၏လှည့်ကွက်ကြောင့်သာ ဖြစ်သည်။အများပြည်သူရှေ့၌ အမှောင်လမြို့၏ စိတ်ဓာတ်အား ဖိနှိပ်ရန် ဂျိုးဆက်ပ် ဆုံးဖြတ်ထားခြင်းဖြစ်သည်။
အများပြည်သူရှေ့၌ မပေါ်လာတာ ကြာပြီဖြစ်သည့် အဲဒက်စ်သည်လည်း ချန်လွေ့ကို အားပေးသူအဖြစ် အဲလစ်နှင့်အတူ အထူးဧည့်သည် ထိုင်ခုံ၌ ထိုင်နေသည်။နတ်ဆိုးများ အားလုံးသည် အဲဒက်စ်အကြောင်း ပြောနေကြလေသည်။၎င်းတို့သည် ဆရာသခင် စိန်ခေါ်ပွဲ၌ မြို့တော်မှ ပါရမီရှင်အား အဲဒက်စ် အီးပေါက်၍ သတ်ခဲ့သည့်အကြောင်းများ အများဆုံးဖြစ်သည်။အချိန်အတော်ကြာပြီဖြစ်သော်လည်း အမှောင်နတ်သူငယ်သည် ရှက်နေသေးသည်။
ဤအခေါက်တွင် ပြိုင်ပွဲအား စိတ်ဝင်စားမှုကို ပြသရန်အတွက် လိပ်ပြာနီနယ်မြေသည် တစ်စုံတစ်ယောက်အား အထူးတလည် လွှတ်လိုက်သည်။တော်ဝင်မင်းသမီး၏ ကိုယ်စားပြုမှာ အဘိုးကြီးဂါ့စ် ဖြစ်သည်။အရှင်မဖြစ်သည့်အလျောက် ရှီရာသည် ကိုယ်ပိုင်အဆင့်အတန်းနှင့် သိက္ခာရှိသည်။လိပ်ပြာနီအရှင်သခင် ဂျော့ရှ် ကိုယ်တိုင် မလာသည့်အတွက် သူကိုယ်တိုင်လည်း ရှိနေစရာမလိုပေ။ထိုကဲ့သို့အမူအရာမျိုးသည် ဤပွဲရလာဒ်ပေါ်၌ ရှီရာ အကောင်းကြီးမမျှော်လင့်ထားကြောင်း အနည်းနှင့်အများ ပြသနေသည်။
အမှန်တကယ်တွင် မည်သူမှ လူသားတပည့်အား အကောင်းမမြင်ကြပေ။ကောင်းကင် တိုက်ပွဲသည် အင်အားချင်း ယှဉ်ပြိုင်ရခြင်း မဟုတ်ဘဲ သားရဲထိန်းကျောင်းစွမ်းရည်ချင်း ယှဉ်ပြိုင်ရသော်လည်း လူသား၏ အစွမ်းမှာ နိမ့်ပါးလွန်းလှသည်။ယခင်တစ်ခေါက် ထိုလူသားနိုင်ခဲ့သည်မှာ အဲဒက်စ်၏ အကူအညီကြောင့်သာ ဖြစ်သည်။တိုက်ခိုက်ခြင်းကို မပြောနှင့်။ပျံသန်းနိုင်မနိုင်ပင် မသေချာပေ။ယခုတွင် ထိုလူသားသည် ကိုယ့်အား ကိုယ်ကိုးကာ ရင်ဆိုင်ရမည်ဖြစ်သည်။ထို့ကြောင့် နိုင်နိုင်ချေ လုံးဝမရှိပေ။
လူသားတပည့် သေချာပေါက် ရှုံးမည်ကို နတ်ဆိုးများ သေချာသော်လည်း မည်သည့် အတွက်ကြောင့် မင်းသမီးရှီရာသည် ထိုကဲ့သို့အားနည်းသည့် လူသားအား အမှောင်လ မြို့ကိုယ်စား ဝင်ပြိုင်စေခဲ့ကြောင်း သိချင်နေကြသည်။ မင်းသမီးနှစ်ယောက် အစကတည်းက ပြင်ဆင်ထားခဲ့ကြတာများလား။
“ ပွဲလာကြည့်တဲ့သူတိုင်းက အလကားလည်းကြည့်ရမယ်။ပြီးရင်လည်း ခရမ်းသလင်း ကျောက်ဒင်္ဂါး တစ်ပြားရဦးမယ်။ဂျိုးဆက်ပ်က တော်တော်လေး ရက်ရောတာပဲ။ ”
ချန်လွေ့ မနာလိုစွာ ပြောလိုက်သည်။
“ သူ့ပိုက်ဆံတွေအားလုံး ငါရရင် ကောင်းမှာပဲ။ ”
ချန်လွေ့အတွက် ပိုက်ဆံသည် အရှိန်အဝါဖြစ်သည်။ပိုက်ဆံသည် အတွေ့အကြုံဖြစ်သည်။ ပိုက်ဆံသည် စွမ်းအားဖြစ်သည်။
နောက်ဆုံးစကားကို အဲလစ်အလွန် သဘောတွေ့သွားပြီး ခေါင်းတငြိမ့်ငြိမ့်လုပ်နေ လိုက်သည်။သူတို့နှစ်ယောက်သည် ဆုလာဒ်ဝေစုအား မည်သို့ ခွဲဝေကြမည်ကို ညှိနှိုင်း ပြီးသွားလေပြီ။တစ်ချိန်တည်းမှာပင် သူတို့ရဲ့တိုက်ခိုက်ချင်စိတ်မှာလည်း တက်ကြွလာ လေသည်။ ဂျိုးဆက်ပ်သည် ပြိုင်ကွင်အပြည့် နတ်ဆိုးများပြည့်နေသည်ကို တွေ့ပြီး အလွန် ကျေနပ်သွားသည်။နတ်ဆိုးများသည် အစွမ်းထက်သူများကိုသာ ထောက်ခံ ကြသည်။ယခုတွင် ပြိုင်ပွဲလည်းရှိသည်။အကျိုးရလာဒ်လည်း ရှိသည့်အတွက် နတ်ဆိုး များအုံနေခြင်းဖြစ်သည်။ယနေ့ပြိုင်ပွဲရလာဒ်သည် မြို့တော်မှ ဘုရင်ခံ အိုဆိုင်ဒန်အား ကျေနပ်စေမည်မှာ အသေအချာပင်ဖြစ်သည်။
အဖွင့်အမှာစကား ပြောကြားပြီးနောက်တွင် အဲလစ်သည် ပြိုင်ကွင်းအလယ်သို့ လျှောက်သွားလိုက်ပြီး မှော်မိုက်ခွက်နှင့် စကားပြောလိုက်သည်။
“ ဒီနေ့ကတော့ လိပ်ပြာနီနယ်မြေ နဲ့ အမှောင်လနယ်မြေတို့ကြားက ချစ်ကြည်ရေးပြိုင်ပွဲ ဖြစ်ပါတယ်။ ”
အဲလစ်ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။ထို့နောက် ခါးထောက်လိုက်ပြီး အထူး ပုဂ္ဂိုလ်ထိုင်ခုံ၌ ထိုင်နေသည့် ဂျိုးဆက်ပ်အား လက်ညှိုးထိုးလိုက်သည်။သူ ပုံမှန် ပြောနေကျအတိုင်း အသံအကျယ်ကြီး ပြောလိုက်သည်။
“ ဒီနေ့မှာတော့ ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်က သူ့အဖေရဲ့ လိပ်ပြာနီနယ်မြေကို ကိုယ်စားပြုမှာဖြစ်ပါတယ်။အမှောင်လမြို့ကိုတော့ ဆရာသခင်အဲဒက်စ်ရဲ့ တပည့် ချန်လွေ့က ကိုယ်စားပြုမှာ ဖြစ်တယ်။ဒီနေ့ ကျွန်မတို့က သူတို့ကို လုံးဝ ချေမှုန်းပစ်မယ်။ ပြိုင်ပွဲကတော့ အရင်အတိုင်း သုံးပွဲပဲ။ဒါပေမဲ့ ယှဉ်ပြိုင်မယ့်သူကို ရွေးချယ်တာကတော့ နည်းနည်းလေး ပြောင်းလဲထားတယ်။ပထမဆုံးအနေနဲ့ ကျွန်မတို့ဖက်က ပထမပွဲမှာ အရင်ဆုံး ရွေးမယ်။တစ်ဖက်အဖွဲ့ကတော့ ပြိုင်ပွဲဝင်တွေကို လွတ်လွတ်လပ်လပ် ပြန်စီစဉ်လို့ရတယ်။ဒုတိယပွဲမှာတော့ တစ်ဖက်အဖွဲ့က ပြိုင်ပွဲဝင်အရင်ရွေးရမယ်။ တတိယပွဲမှာတော့ နှစ်ဖက်စလုံးကို တစ်ပြိုင်တည်း ရွေးရမယ်။ပြောင်းခွင့်မရှိဘူး။ လိပ်ပြာနီနယ်မြေကနတ်ဆိုးတွေ။ဒီစိန်ခေါ်မှုကို လက်ခံရဲလား။ ”
မြေပြင်မှ ပရိတ်သတ်များလည်း အားတက်သွားပြီး သံပြိုင်အော်လိုက်သည်။
“ လက်ခံရဲလား။ ”
ပြိုင်ပွဲဝင်ရွေးဖို့ ဟုတ်လား။ ဂျိုးဆက်ပ် စဉ်းစားလိုက်သည်။ထို့နောက် အဲလန် အနား ကပ်လာပြီး မေးလိုက်သည်။
“ ငါတို့အခု ဘယ်လိုလုပ်မလဲ။အသီနာကို ငါမယှဉ်ချင်ဘူး။ချန်လွေ့ကိုပဲ ပြိုင်ရအောင် လုပ်ပေးလို့ရမလား။ငါသူ့ကို ကိုယ်တိုင် သတ်ချင်တယ်။ ”
“ စိတ်ချပါ။အားလုံးက ငါ့လက်ခုပ်ထဲက ရေတွေပါပဲ။အဲဒီလူသား သေချာပေါက် သေရမှာပါ။ ”
ဂျိုးဆက်ပ်၏ မျက်လုံးများ စက်ဆုပ်သည့် အမူအရာပြလိုက်ပြီး ပြန်ပြောလိုက်သည်။
“ ငါ့အထင်မှန်မယ်ဆိုရင် ပြိုင်ပွဲဝင်ရွေးတဲ့နေရာမှာ သူတို့တွေ လှည့်စားဖို့ဖြစ်မယ်။သူတို့ နှစ်ပွဲနိုင်သွားရင် အဲဒီလူသာ ဝင်ပါစရာ မလိုတော့ဘူး။အဲဒါကြောင့် ပထမနှစ်ပွဲမှာ တစ်ပွဲ ပွဲတော့ နိုင်အောင်လုပ်ရမယ်။နောက်ဆုံးပြိုင်ပွဲကျရင် မင်း အဲဒီလူသားနဲ့ တွေ့ရမှာပါ။ ”
“ ခင်ဗျားက တကယ့်ကို ပါးနပ်တာပဲ။ ”
အဲလန် ပျော်ရွှင်စွာ ခေါင်းညိတ်ပြီး ချန်လွေ့အား မီးပွင့်မတတ် စိုက်ကြည့်နေလိုက်သည်။ အလွန်ကျယ်လောင်လှသည့် ရန်စမှုအောက်တွင် ဂျိုးဆက်ပ် မတ်တပ်ရပ်ပြီး ပြောလိုက် သည်။
“ ကောင်းပါပြီ။မင်းသမီးအဲလစ် ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။သုံးပွဲမှာ အများဆုံး နိုင်တဲ့အဖွဲ့ နိုင်တယ်။ကျုပ်မှာ သတ်မှတ်ချက်တစ်ခုပဲရှိတယ်။ပြိုင်ပွဲဝင်တစ်ယောက်က တစ်ပွဲပဲပြိုင်လို့ရမယ်။ထပ်ပြိုင်လို့မရဘူး။ ”
ဂျိုးဆက်ပ်၏ ကမ်းလှမ်းချက်မှာ သုံးပွဲလုံး၌ အစွမ်းအထက်ဆုံးဖြစ်သည့် အသီနာ ဝင်ပြိုင်ခြင်းကို တားဆီးရန်ဖြစ်သည်။အဲလစ် သဘောတူလိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
“ ကောင်းကင်တိုက်ပွဲ အခုစတင်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။အရင်ဆုံးအနေနဲ့ အမှောင်လနယ်မြေရဲ့ အကောင်းဆုံးပြိုင်ပွဲဝင်၊အင်ပါယာရဲ့ ပထမဗိုလ်ချုပ် ဂျော့ချ်ဝဲလ်စ် ရဲ့သမီးတော် အသီနာဝဲလ်စ် ကို ကြိုဆိုလိုက်ကြရအောင်။ ”
အသီနာသည် အမှောင်လမြို့နှင့် ယခင်ပြိုင်ပွဲနှစ်ခုအတွင်း အဓိကအဖွဲ့များ၌ နာမည်ကြီး တစ်ယောက် ဖြစ်သည်။ပရိတ်သတ်များလည်း အားတက်သွားပြီး သူ၏ နာမည်အား အော်ဟစ်နေကြသည်။
“ သတိထားဦး။ ”
ယမန်နေ့က အဖြစ်အပျက်ကြောင့် အသီနာ စကားမပြောသော်လည်း ချန်လွေ့ မနေနိုင်ဘဲ ပြောလိုက်သည်။
အသီနာ၏ပုံရိပ် အနည်းငယ် ရပ်တန့်သွားသော်လည်း ဘာမှပြန်မပြောဘဲ ပြိုင်ကွင်းထဲသို့ တည့်တည့်သွားလိုက်သည်။အဲလစ်ဖက်၌ အသီနာ၏ သားရဲထိန်းချောင်းစွမ်းရည်နှင့် အစွမ်းသည် အသန်မာဆုံးဖြစ်သည်။ထို့ကြောင့် အသီနာ ပထမဆုံးပွဲ၌ ကစားခြင်းမှာ ဂျိုးဆက်ပ် ထင်သည့်အတိုင်းပင် ဖြစ်သည်။
ဂျိုးဆက်ပ်သည် ဘေးမှ ပိန်ပိန်ပါးပါး သေရွာပြန်အား အမိန့်ပေးလိုက်သည်။ သေရွာပြန်လည်း ခေါင်းညိတ်လိုက်ပြီး ပြိုင်ကွင်းဆီသို့ လျှောက်သွားလိုက်သည်။
“ လိပ်ပြာနီနယ်မြေက လီယို ပထမပွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ”
ပြိုင်ကွင်း၌ ဗဟိုဧရိယာမှာ အလွန်ကျယ်လှသည်။ဆရာသခင်စိန်ခေါ်မှု၌ ထိုနေရာ၏ အစိတ်အပိုင်း သေးသေးလေးကိုသာ အသုံးချခဲ့ခြင်းဖြစ်သည်။ယခုတွင် နေရာတစ်ခု လုံးအား လုံးဝ သန့်ရှင်းပြီးသွားလေပြီ။နတ်ဆိုးသားရဲပျံများ အရှိန်ယူပြီး ပျံသန်းရန် အတွက် နေရာလုံလောက်ပြီဖြစ်သည်။
နှစ်ဖက်စလုံးသည် ဂရစ်ဖင်းများ အသုံးပြုကြသည်။မှော်ပေတံမှ ပြသသည့် အမြင့်ဆီသို့ သူတို့ ပျံတက်သွားပြီး ပြိုင်ပွဲ စတင်တော့သည်။မီတာ၁၀၀ မြင့်သော်လည်း ချန်လွေ့၏ လက်ရှိ အမြင်ဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ချန်လွေ့သည် စူးရှသည့် မျက်လုံး များရှိသည့် အခြားနတ်ဆိုးများကဲ့သို့ပင် မြင်နိုင်သည်။
ယမန်နေ့က ချန်လွေ့ရှေ့၌ အသီနာ ပြသခဲ့သည်မှာ သားရဲပျံ ထိန်းကျောင်းရေး၏ အခြေခံအစွမ်းတစ်ခုသာ ဖြစ်သည်။အချိန်မလုံလောက်သည့်အတွက် တိုက်ပွဲအခြေ အနေအား စကားဖြင့်သာ ပြောလိုက်ရသည်။ယခု၌ ချန်လွေ့သည် တကယ့်တိုက်ပွဲအား မြင်ဖူးလေပြီ။အန္တရာယ်ကို ချန်လွေ့ သဘောပေါက်သွားပြီး ရင်ဖိုသွားသည်။
နှစ်ဖက်စလုံးသည် အကူကိရိယာမပါဘဲ ဂရစ်ဖင်းများအား ထိန်းချုပ်နေကြသည်။သူတို့ ရှောင်ရှားသည်။တိုက်သည်။လေထဲ၌ ကိုက်ကြသည်။သတိလက်လွတ်ဖြစ်သူသည် ပြုတ် ကျသွားမည် ဖြစ်သည်။
သာမန် သေရွာပြန်သည် ဒြပ်စင်မှော် တစ်ခုတည်းသာ ကျွမ်းကျင်ကြသည်။ပါရမီရှိသူ များသာ နတ်ဆိုးသားရဲများအား ထိန်းချုပ်နိုင်သည့် စွမ်းရည် ရှိသည်။လီယိုသည် ထိုကဲ့သို့ သားရဲထိန်းကျောင်း စွမ်းရည် ပိုင်ဆိုင်သည့် သေရွာပြန်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း အသီနာသည်ပို၍ တော်ပေသည်။သူ၏ ဂရစ်ဖင်းသည် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း ကဲ့သို့ပင် ဖြစ်သည်။သူသည် သေရွာပြန်၏ ဂရစ်ဖင်းအား နေရာပေါင်းစုံမှ လွတ်လွတ်လပ်လပ် တိုက်ခိုက် နိုင်လေသည်။ပွတ်တိုက်လျှင်တောင်မှ မယုံနိုင်စရာ တိုက်ခိုက်မှုများအား သူ ပြုလုပ်နိုင်ပေသည်။
သူ၏ ထိပ်တန်းသားရဲထိန်းကျောင်း စွမ်းရည်သည် မြေပြင်မှ ပရိတ်သတ်များအား အလွန်စိတ်လှုပ်ရှားစေပြီး အားပေးသံများ တစ်သံပြီးတစ်သံ ထွက်လာသည်။ လွန်ခဲ့သော ၂နှစ်၌ အသီနာ ဆက်တိုက် အနိုင်ရခဲ့ခြင်းမှာ သူ့အဖေ၏ ဂုဏ်သတင်း ကြောင့်မဟုတ်ဘဲ သူ၏ကိုယ်ပိုင် အစွမ်းအစကြောင့်သာဖြစ်ကြောင့် ချန်လွေ့ သဘော ပေါက်သွားသည်။သားရဲထိန်းကျောင်းစွမ်းရည်သက်သက်သာ ယှဉ်လျှင် ဂျိုးဆက်ပ်သည် အသီနာ၏ ပြိုင်ဘက် မဟုတ်ပေ။
အသီနာ အသာစီးရနေချိန်တွင် သူစီးနေသည့် ဂရစ်ဖင်းသည် ရုတ်တရက် ပြောင်းလဲ သွားသည်။အလွန်သတ္တိရှိသည့် သားရဲပျံသည် အမှန်တကယ်ပင် ကြောက်ရွံသွားသည်။ အသီနာ မည်မျှပင် အော်ပြောပြော ထပ်မတိုက်ရဲတော့ပေ။ထို့ပြင် ၎င်းသည် ခဏ ရပ်တန့်သွားပြီး လှည့်ကာ ပြေးတော့သည်။တစ်ဖက်တွင် လီယို၏သားရဲမှာ အားဖြည့် ဆေး ထိုးလိုက်သကဲ့သို့ပင် ဖြစ်သွားကာ အလွန် ကြမ်းကြုတ်သွားပြီး အသီနာ၏ ဂရစ်ဖင်းနောက်သို့ လိုက်လေတော့သည်။
လီယို၏ သားရဲပျံသည် အသီနာ၏ ဂရစ်ဖင်းနားကပ်လာပြီး တိုက်ခိုက်တော့သည်။ အသီနာ၏ဂရစ်ဖင်းသည် အော်ပြီး ထွက်ပြေးရုံသာ လုပ်နိုင်တော့သည်။ပြန်တိုက်ခိုက်ရန် သတ္တိမရှိပေ။ပြိုင်ကွင်းအတွင်းရှိ အားပေးသံများလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ အနိုင်ရရန် သေချာနေသည့် အသီနာသည် ရုတ်တရက် ရှုံးနိမ့်တော့မည်ပုံ ဖြစ်လာမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
အထူးပုဂ္ဂိုလ်ခုံ၌ ဂါ့စ်သည် လိပ်ပြာနီနယ်မြေ သံတမန်၏ စိတ်လှုပ်ရှားမှုကို လျစ်လျူရှုထားလိုက်သည်။သူ၏မျက်လုံးများ ကျဉ်မြောင်းသွားပြီး အကြည့် အေးစက်သွားသည်။ ဂရစ်ဖင်း တုန်ခါနေပြီး ထိန်းမနိုင်တော့သည်ကို မြင်ပြီးနောက် အသီနာသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး နတ်ဆိုးပုံစံ အသွင်ပြောင်းလိုက်သည်။သူ၏ အနီရောင် မျက်လုံးသည် အရောင်တောက်သွားပြီး တစ်ကိုယ်လုံးလည်း မီးကဲ့သို့ ရောင်ခြည်တန်းများ ဖုံးလွှမ်းသွားသည်။ထိုမီးတောက်ကဲ့သို့ ရောင်ခြည်များ ဂရစ်ဖင်း အပေါ် ကျရောက်လာသည့်အခါ မလောင်ကျွမ်းဘဲ ရစ်ပတ်လိုက်သည်။လီယို၏ ဂရစ်ဖင်းသည် ထိုမီးတောက်အား အလွန်ကြောက်သည်။ထို့ကြောင့် ချက်ချင်း အနား မကပ်ရဲပေ။
အောက်မှ ဂျိုးဆက်ပ်သည် ထိုမီးတောက်အား လီယိုနှင့်ဂရစ်ဖင်း ကြောက်နေသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
“ ဒါက အဆင့်ဖိနှိပ်ခြင်းပဲ။အသီနာက.....”
အသီနာ၏မီးတောက် ပျောက်ကွယ်သွားသည့်အခါ သူ၏ဂရစ်ဖင်းသည် သတ္တိ ပြန်ရှိလာသည်။အမိန့်ပေးမှုနှင့်အတူ ၎င်းသည် လှည့်ပြီး လီယိုဆီသို့ ပြေးဝင်လာ သည်။လီယို၏ ဂရစ်ဖင်းသည် တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးသွားသည့်အတွက် အခြေအနေ ပြောင်းပြန် ဖြစ်သွားသည်။နတ်ဆိုးများလည်း စိတ်လှုပ်ရှားသွားကြပြီး ကျယ်လောင်စွာ အားပေးကြတော့သည်။
အသီနာ ဒေါသထွက်နေဟန်တူပြီး ဂရစ်ဖင်းအား သောင်းကြမ်းကာ တန်ပြန်တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။လီယို၏ ဂရစ်ဖင်း အော်ဟစ်နေတော့သည်။ထို့နောက် မထိန်းနိုင် တော့ဘဲ ပြုတ်ကျသွားသည်။လီယိုလည်း မြေပြင်သို့ရောက်ခါနီး၌ ဟန်ချက်ပျက်သွားပြီး လေးငါးမီတာ အကွာမှ ပြုတ်ကျသွားသည်။သူ၏ အားနည်းသည့် ခန္ဓာကိုယ်သည် မခံ နိုင်ပေ။သူ၏ခြေထောက်အရိုးများ ချက်ချင်းကျိုးကြေသွားသည်။ကံကောင်းစွာပင် သူအသက်ရှင်နေဆဲ ဖြစ်သည်။
အနိုင်ရ ဂရစ်ဖင်းသည် လေထဲ၌ ပျံဝဲနေပြီး အသီနာ၏ ဒေါသသံ ထွက်လာသည်။
“ ရွံစရာကောင်။ရှင်တကယ်ပဲ ညစ်ပတ်ပြီးတော့ မှော်ပညာကို သုံးခဲ့တယ်။ရှင့်ရဲ့ အကြောက်တရားမန္တန်ကို နတ်ဆိုးမီးတောက်နဲ့ မပယ်ဖျက်ခဲ့ဘူးဆိုရင် ရှင့်ရဲ့ အရှက် မရှိတဲ့ လျို့ဝှက်ကြံစည်မှုက အောင်မြင်သွားခဲ့မှာပဲ။ ”
“ အကြောက်တရားမန္တန်ပဲ မဟုတ်ဘူး။သူ့ရဲ့ ဂရစ်ဖင်းကိုလည်း သွေးဆာမန္တန် မန်းမှုတ်ခဲ့တယ်။ ”
ဂါ့စ်၏ အသံသည် မှော်အသံချဲ့စက်နှင့်အတူ ပြိုင်ကွင်းတစ်ခုလုံး၌ ပျံ့နှံ့သွားသည်။
“ ဂရစ်ဖင်းရဲ့ ကိုယ်ပေါ်မှာ မှော်အကြွင်းအကျန်တွေ ရှိနေသေးတယ်။ ”
အကြောက်တရားမန္တန်သည် ပစ်မှတ်အား ကြောက်လန့်ကာ ထွက်ပြေးစေပြီး သွေးဆာမန္တန်သည် တိုက်ခိုက်ရေးစွမ်းအားနှင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အား တိုးမြင့်စေနိုင်သည့် မှော်ဖြစ်သည်။
အသီနာ၏ ဂရစ်ဖင်းသည် ခုနကမည်သည့်အတွက် ထူးထူးခြားခြား ပြုမူကြောင်း ယခုမှ ပရိတ်သတ်တို့ သဘောပေါက်သွားသည်။နတ်ဆိုးအုပ်ကြီးသည် အားတက်သွားပြီး အဲလစ် ပထမဆုံး အော်ဟစ်လိုက်သည်။
“ အရှက်မရှိဘူး။ရွံစရာကောင်။အစုတ်အပြတ်။ ”
တော်ဝင်မိသားစုအား ကိုယ်စားပြုနေသည့်အတွက် သူသည် ထပ်မပြောတော့ဘဲ ချန်လွေ့ နှင့်ခီရာတို့နားရှိခုံ၌ ပြန်ထိုင်လိုက်သည်။သို့သော်လည်း ပရိတ်သတ်များမှာတော့ စတင် ကြိမ်းမောင်းတော့သည်။
“ လီယို။အနိုင်ရဖို့အတွက် မင်းတကယ်ကြီး ဒီလိုလုပ်ခဲ့တယ်ပေါ့။မင်းက ငါတို့ အယ်ဗင် မိသားစုကို အရှက်ရစေတာပဲ။ ”
ဂျိုးဆက်ပ်၏ ပုံရိပ်သည် ချက်ချင်းပင် တုန်လှုပ်နေသည့် သေရွာပြန် အရှေ့၌ ပေါ်လာပြီး သူ၏ အသံနိမ့်သည့်ကြက်သီးထစရာအသံသည် ပရိတ်သတ်တို့၏ အားပေးသံကို ဖုံးလွှမ်း သွားသည်။
လီယို စကားမပြောနိုင်ခင်မှာပင် ဂျိုးဆက်ပ်၏ ခန္ဓာကိုယ်သည် အနီရောင်အလင်းတန်း ထုတ်လွှတ်နေသည်။သူ၏လက်၅ချောင်းဖြင့် အဝေးမှ ညှစ်လိုက်ရာ သေရွာပြန်၏ ခေါင်းသည် ချက်ချင်း ပွင့်ထွက်သွားသည်။
ပရိတ်သတ်တို့သည် ငညစ်အား ဂျိုးဆက်ပ်ကိုယ်တိုင် သုတ်သင်သည်ကို တွေ့သွားကြပြီး ပထမပွဲ၌ အမှောင်လမြို့ အနိုင်ရသည့်အတွက် အားပေးလိုက်ကြသည်။ချန်လွေ့ အပါအဝင် အချို့သူများသည် စက်ဆုပ်သွားကြသည်။
ဒါကသူ့ရဲ့ မကောင်းတဲ့ လျို့ဝှက်ချက်တွေ မပေါ်အောင်လို့ တားဆီးတာပဲ။သနားစရာ လီယိုလေး။မင်းသေရတာ မတရားဘူး။
ဂျိုးဆက်ပ်သည် တဖြည်းဖြည်း ဆင်းသက်လာသည် အသီနာအား ဖြတ်ခနဲကြည့်ပြီး ပြောလိုက်သည်။
“ ဂုဏ်ယူပါတယ်။အသီနာ။မင်း အမြင့်ဆင့်နတ်ဆိုးဆီကို အောင်အောင်မြင်မြင် ရောက်သွားပြီဆိုတာ ငါမသိခဲ့ဘူး။ငါတို့ရဲ့ မဟာနတ်ဆိုးမျိုးနွယ်မှာ ငယ်ရွယ်တဲ့ ပါရမီရှင်တစ်ယောက် တိုးလာပြီထင်တယ်။ ”
၁၉နှစ်အရွယ် အမြင့်ဆင့်နတ်ဆိုး။အနာဂတ်မှာ အသီနာက မဟာနတ်ဆိုးရဲ့ အထက်ကန့်သတ်ချက်ကို ချိုးဖောက်နိုင်ပြီးတော့ နတ်ဆိုးဘုရင် ဒါမှမဟုတ် မဟာနတ်ဆိုးဘုရင် ဖြစ်လာနိုင်မှာလား။
အဲလန် ကြောင်သွားသည်။အသီနာနှင့် သူ၏ကြားရှိ အကွာအဝေးသည် ပိုပိုပြီး ဝေးလာကြောင်း ခံစားလိုက်ရသည်။