← Chapters

သရုပ်ခွဲမျက်လုံး။ဝိုင်ဗန်တွေကိုတောင် ဖြားယောင်းလို့ရတယ်

Vol. 3 Ch. 35

သရုပ်ခွဲမျက်လုံး။ဝိုင်ဗန်တွေကိုတောင် ဖြားယောင်းလို့ရတယ်

Vol. 3 Ch. 35

ဝိုင်ဗန်များ ပေါ်ထွက်လာခြင်းသည် ပရိသတ်များအကြား ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။ တကယ့်ဝိုင်ဗန်တစ်ကောင်ကို နတ်ဆိုးအများစုသည် ယခုမှ တွေ့ဖူးခြင်းဖြစ်သည်။ ထိုအချိန်၌ နတ်ဆိုးများအားလုံး မှင်သက်သွားကြသည်။ ချန်လွေ့ အချိန်အတော်ကြာ စဉ်းစားပြီး ဖြည်းဖြည်းချင်း ထလိုက်သည်။

“ ချန်လွေ့ ”

အဲဒက်စ်၊အသီနာ၊အဲလစ်တို့ သုံးယောက်သား တစ်ပြိုင်တည်း လွှတ်ခနဲ ပြောလိုက်သည်။

ချန်လွေ့အား အေးစက်စက် ဆက်ဆံနေသည့် အသီနာလည်း သူအမှန်တကယ် ယှဉ်ပြိုင် ချင်စိတ်ရှိသည်ကို တွေ့လိုက်သည့်အခါ သူကိုယ်သူ မထိန်းထားနိုင်တော့ပေ။

“ ဒါက ယဉ်ပါးပြီး ဝိုင်ဗန်ဆိုရင်တောင် ဂရစ်ဖင်းထက် ပိုအန္တရာယ်များတယ်။ပြီးတော့ အဆိပ်လည်းရှိသေးတယ်။အရိုင်းကောင်ဆိုရင် ငါတောင် အချိန်ခဏလေးနဲ့ ထိန်း ကျောင်းနိုင်မှာ မဟုတ်ဘူး။ ”

“ ဒီဂျိုးဆက်ပ်က တကယ်ကြီး ဝိုင်ဗန်တွေကို ‌ဒီခေါ်လာတာပဲ။။ ”

အဲလစ် မတုံ့ဆိုင်းနေပေ။

“ ချန်လွေ့။နင် မင်းသမီးလေးအတွက် ပိုက်ဆံပိုရှာပြီးတော့ ပစ္စည်းကောင်းတွေကို လုပ်ပေးရဦးမယ်။ဒီအတိုင်း သေသွားလို့မရဘူး။ငါတို့ တစ်ခါတည်း အရှုံးပေးလိုက် မယ်။သရေကျတာက မဆိုးပါဘူး။ ”

အဲဒက်စ် အများကြီးမပြောသော်လည်း ချန်လွေ့ဘက်သို့ ခေါင်းရမ်းပြလိုက်သည်။မှင်စာ စလီလည်း စိုးရိမ်နေသည်။သို့သော်လည်း သူဘာမှ မပြောရဲပေ။

“ စိတ်မပူပါနဲ့။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ ကျုပ်အကြောက်ဆုံးက သေရတာဆိုတာကို ခင်ဗျားတို့တွေ သိပါတယ်။ကျုပ်က မသေချာရင် အဲဒီကိုသွားပြီးတော့ အသေခံမှာ မဟုတ်ပါဘူး။ မင်းသမီးလေး။ချက်ချင်း အရှုံးမပေးလိုက်ပါနဲ့။ဝိုင်ဗန်တွေကို ကျုပ်အရင် သွားကြည့်လိုက်ဦးမယ်။ ”

ထိုသို့ပြောပြီး ကွင်းပြင်ဆီသို့ ချန်လွေ့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။အဆိပ်မိ မည်ကို ကြောက်သည့်ဟန်ဖြင့် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ပြီး သံလှောင်အိမ်နားသို့ ချန်လွေ့ ရောက်လာသည်။

ပြိုင်ပွဲအတွက် ဝိုင်ဗန်များ အသုံးပြုရမည်ကို ကြားလိုက်သည့်အခါ အဲလန် စိုးရိမ် နေခဲ့သည်။သို့သော်လည်း ချန်လွေ့၏ ကြောက်လန့်နေသည့်ပုံစံအား မြင်လိုက်ရာ အဲလန်အကျယ်ကြီး လှောင်ရယ်လိုက်သည်။

“ ချီးကြောက်။ဒါက မှော်လှောင်အိမ်ဟ။အဆိပ် ဖောက်ထွင်းမနိုင်ဘူး။ ”

ပရိသတ်များကြားထဲမှ အဲလန်၏ လက်အောက်ငယ်သားများလည်း အားရပါးရ ရယ်လိုက်ကြသည်။သို့သော် ချန်လွေ့သည် အဆိပ်ကို မကြောက်ပေ။အဲလန်အား လျစ်လျူရှုပြီး လှောင်အိမ်နားသို့ သတိဖြင့် ချန်လွေ့ ချဉ်းကပ်လာသည်။လှောင်အိမ်ထဲမှ ဝိုင်ဗန်သည် သက်ရှိတစ်ယောက် ချဉ်းကပ်လာကြောင်း မြင်လိုက်ပြီး ခေါင်းပြူထွက်ရန် ကြိုစားလိုက်သည်။လှောင်အိမ်နှင့် တိုက်မိသည့်အသံသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

လူသား ထိတ်လန့်သွားပြီး ခပ်မြန်မြန် နောက်ဆုတ်လိုက်သည်။ဝိုင်ဗန်နှစ်ကောင်သည် လူသားအား အရသာခံချင်စိတ် ရှိနေကြဟန်တူသည်။သူတို့၏ခေါင်းများသည် ချန်လွေ့၏ လှုပ်ရှားမှုအတိုင်း ရွေ့လျားနေကြသည်။သူတို့သည် ဂနာမငြိမ်ဖြစ်လာပြီး ဆူဆူညံညံ အသံများ ထွက်လာသည်။လှောင်အိမ်အား ဝင်တိုက်သည့် ပမာဏမှာလည်း ပိုတိုးလာ သည်။ဤသည်က လူသားအား ပို၍ တုန်လှုပ်စေသည်။

ချန်လွေ့၏ ကြောက်လန့်နေသည့် မျက်နှာအားကြည့်ပြီး ဂျိုးဆက်ပ်၏ လှောင်ပြုံးသည် ပိုပို၍ သိသာလာသည်။ဝိုင်ဗန်များကို ခေါ်လာခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။အနိုင်အရှုံးသည် သိပ်ပြီးအရေးမကြီးပေ။ဂျိုးဆက်ပ်သည် မင်းသမီးလေးနှင့် လောင်းကြေထပ်သည်ကိုပင် ဂရုမစိုက်ပေ။ယနေ့ အဖြစ်အပျက်နှင့်ဆိုလျှင် သရေကျလျှင်ပင် အမှောင်လမြို့အား ခြောက်လှန့်နိုင်မည်ဖြစ်သည်။

သန်းခေါင်နေအရှင်ရဲ့ ဂုဏ်သတင်းက ပြိုင်ဘက်ကင်းတယ်ဆိုရင်တောင် သူတို့ ဘာလုပ်နိုင်လို့လဲ။အခုတော့ သူ့ရဲ့ မျိုးဆက်သစ်တွေက ထီးနန်းကိုတောင် မထိန်း ထားနိုင်တော့ဘူး။အမှောင်လ နယ်မြေတောင် ပြန်တိုးတက်လာဖို့ အခွင့်အရေးမရှိဘဲနဲ့ အစွမ်းထက်တဲ့ လိပ်ပြာနီနယ်မြေရဲ့ ဖိနှိပ်မှုကို ခံရမှာပဲ။

ထိုကဲ့သို့တွေးပြီး ဂျိုးဆက်ပ်သည် ပြိုင်ကွင်းတစ်နေရာသို့ တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း ဓားသွားကဲ့သို့ အေးစက်စက် မျက်လုံးများအား ထပ်မတွေ့တော့ပေ။အမှန် တကယ်၌ ဝိုင်ဗန်များ၏ သောင်းကြမ်းမှုမှာ လူသားအား “ စားချင် ” သည့်အတွက်ကြောင့် မဟုတ်ဘဲ ချန်လွေ့နှင့်စကားနေ၍ဖြစ်သည်ဟု ဂျိုးဆက်ပ် လုံးဝထင်မိခဲ့မည် မဟုတ်ပေ။

“ ခီဂူ။စိတ်ချပါ။ငါမင်းကို ကူညီမှာပါ။ ”

ချန်လွေ့၏ အသိစိတ်ထဲမှ စကားသည် ကလေးငယ်လေးအား ပြန်ပေးဆွဲချင်နေသည့် နှာ‌ဘူးကောင်နှင့် တူနေပေသည်။

“ မှားနေတယ်။ငါက ခီဂူ။သူက မန္ဂဒါ။ ”

ဝိုင်ဗန်သည် မကျေနပ်ဘဲဟိန်းဟောက်လိုက်သည်။

“သိပါပြီ။နောက်ကျရင် သဘောတူထားတဲ့အတိုင်းလုပ်။ကောင်းကောင်း ပူးပေါင်းဖို့ မမေ့နဲ့။ ”

“…”

ဂျိုးဆက်ပ်သည် သူ၏အစွမ်းအား တိတ်တဆိတ်သုံးပြီး သူ၏အသံသည် ပြိုင်ကွင်း တစ်ခုလုံး၌ ပျံ့နှံ့သွားသည်။

“ ကျုပ် တမင်တကာကို လိပ်ပြာနီနယ်မြေကနေ အစွမ်းထက်ဆုံး နတ်ဆိုးသားရဲပျံဖြစ်တဲ့ ဝိုင်ဗန်ကို ခေါ်လာခဲ့တာပါ။သတ္တိရှိတယ်လို့ ကျော်ကြားတဲ့ အမှောင်လမြို့ စစ်သည်တွေ တိုက်ခိုက်ရဲလား မသိဘူး။ ”

ဝိုင်ဗန်တို့၏ ကြမ်းတမ်းမှုကို နားလည်သော်လည်း ၊ နောက်ဆုံးပြိုင်ပွဲဝင်သည် လူသားဖြစ်မည်ကို သိကြသော်လည်း “ တိုက်ခိုက်ရဲလား ” ဟု ဂျိုးဆက်ပ် မေးလိုက် သည့်အခါ ပရိတ်သတ်များ၏ ခံစားချက်များကို ချက်ချင်းပင် ဂယက် ရိုက်သွားစေသည်။ ထိုအခိုက်တွင် နတ်ဆိုးတို့၏ တိုက်ခိုက်ချင်စိတ်များကို အသေအချာ မြင်ကြရလေသည်။ အားပေးမှုများကြားတွင် ချန်လွေ့သည် သူ၏ မိတ်ဆွေများထံ ပြန်လာသည်။

ချန်လွေ့ မည်သည်မှ ဒဏ်ရာမရဘဲ ပြန်လာကြောင်း အဲလစ်တွေ့လိုက်ရာ စိတ်သက်သာရာရသွားပြီး ဂျိုးဆက်ပ်အား ကျယ်လောင်စွာ ပြောလိုက်သည်။

“ ဒီပွဲမှာတော့..... ”

“ ဒီပွဲမှာတော့..ကျုပ်တို့ တိုက်ခိုက်မယ်။ ”

ချန်လွေ့သည် အဲလစ်၏စကားအား ရုတ်တရက် ကျယ်လောင်စွာ ဆက်ပြောလိုက်သည်။ ပရိတ်သတ်များက ချန်လွေ့အမှန်တယ် တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်ကို တွေ့လိုက်ရာ ထိုလူသားအပေါ် သူတို့၏ ဆက်ဆံပုံများ အတော်လေး ပြောင်းလဲသွားပြီး စတင် အော်ဟစ်တော့သည်။

“ တိုက်ခိုက်မယ်။တိုက်ခိုက်မယ်.... ”

“ နင်ရူးနေပြီလား။ ”

အသီနာသည် ချန်လွေ့၏ လက်မောင်းအား ဆုပ်ကိုင်ပြီး ရက်ရက်စက်စက် ပြောလိုက် သည်။

အဲလစ်လည်း စိုးရိမ်သွားသည်။

“ ချန်လွေ့။နင် သေတော့မှာပဲ။ ”

“ မနေ့က အသီနာကိုငါ စိတ်ဆိုးအောင် လုပ်မိသွားတယ်။အဲဒါကြောင့်...... ”

ချန်လွေ့၏ဟာသ မဆုံးသေးခင်မှာပင် အသီနာ၏မျက်လုံးများ နီနေသည်ကို တွေ့လိုက် ရသည်။သူသည် ချန်လွေ့၏လက်မောင်းအား ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား နေသည်။ ချန်လွေ့၏ ခန္ဓာသန့်စင်ပြီးနောက် ရရှိလာသည့် ကြယ်စုဆောင်းသူ အထူး ခန္ဓာကိုယ်နှင့်ပင် မခံစားနိုင်ချေ။

“ ဒီအချိန်ကြီး မင်းနောက်နေသေးတာလား။ ”

အဲဒက်စ်လည်း ထိုင်မနေနိုင်တော့ပေ။

“ မင်းမှာ တခြားနည်းလမ်း ရှိလား။ ”

“ အသီနာ။လွှတ်ပါတော့။ ”

ချန်လွေ့ အော်ပြောလိုက်သည်။

“ ငါ့လက်မောင်း ကျိုးကြေတော့မယ်။ ”

အသီနာချက်ချင်း လွှတ်လိုက်သည်။သူ၏ မျက်လုံးထဲ၌ တစ်ခါမှ မမြင်ဖူးသည့်အရာကို ချန်လွေ့ ရေးရေးလေး မြင်လိုက်သည်။သို့သော်လည်း ယခု၌ စဉ်းစားရန် အချိန်မရပေ။ ချန်လွေ့သည် အဲလစ်အား ဆွဲခေါ်ပြီး တီးတိုးပြောလိုက်သည်။လိုလီလေး ဒွိဟဖြစ်နေ သည်။သို့သော်လည်း နောက်ဆုံး၌ ခေါင်းညိတ်လိုက်သည်။

အဲလစ် မတ်တပ်ရပ်လိုက်ပြီး မှော်အသံချဲ့စက်မှတစ်ဆင့် ပြောလိုက်သည်။

“ အမှောင်လ ရဲ့ အဘိဓာန်ထဲမှာ အကြောက်တရား ဆိုတာ မရှိဘူး။သေရင်တောင် အဆုံးထိ တိုက်ခိုက်သွားမယ်။ ”

နတ်ဆိုးအုပ်ကြီးအား အားတက်စေရန် ထိုကဲ့သို့စကားများအား ပြောပြီးနောက် အဲလစ်သည် ဂျိုးဆက်ပ်ကို ပြောလိုက်သည်။

“ လိပ်ပြာနီနယ်မြေက ဝိုင်ဗန်နှစ်ကောင် ခေါ်လာမှတော့ ဒီစိတ်ဝင်စားစရာ ပြိုင်ပွဲအတွက် လောင်းကြေးကို နည်းနည်း တိုးသင့်တယ်။ဒီကောင်းကင်တိုက်ပွဲမှာ ရှင်ရှုံးသွားရင် နဂို သလင်းကျောက်နက် ဒင်္ဂါးတွေအပြင် ဒီဝိုင်ဗန် နှစ်ကောင်ရယ်၊အရည်အသွေးမြင့် နွယ်ကျောက် ၁၀၀ လိုချင်တယ်။ရှင် ဘယ်လိုထင်လဲ။ ”

ဂျိုးဆက်ပ် ပြုံးပြီး ပြောလိုက်သည်။

“ မင်းသမီးလေး။နောက်ဆုံးအချိန်၌ လောင်းကြေးထပ်ပေါင်းတာက စည်းမျဉ်းနဲ့ မကိုက် ညီဘူး။ပြီးတော့လည်း အမှောင်လမြို့က တစ်ပွဲနိုင် တစ်ပွဲသရေ ကျထားတယ်။ရှုံးဖို့ မဖြစ် နိုင်တော့ဘူး။ကျုပ်အများကြီး နစ်နာတာပေါ့။ ”

“ ရှင်နိုင်ရင်တောင် သရေပဲ ဖြစ်ဦးမယ်။ ”

အဲလစ်သည် ဂျိုးဆက်ပ် ခေါင်းခါနေသည်ကို မြင်ပြီး စကားပြောင်းလိုက်သည်။

“ ဒါပေမဲ့ ကျွန်မက ဝိုင်ဗန်နဲ့ တကယ်ပဲ ကစားချင်တယ်။ဒီလိုဆိုရင်ကော။ဒီနေ့ပြိုင်ပွဲက သရေဆိုရင် ကျွန်မ ရှင့်ကို ရှေးဟောင်း အဂ္ဂိရတ် မဟာဆရာသခင်ရဲ့ အဖိုးတန် လက်ရာ တစ်ခုပေးမယ်။ကျွန်မ နိုင်ရင်တော့ အရည်အသွေးမြင့် နွယ်ကျောက် ၁၀၀ နဲ့ ဝိုင်ဗန် နှစ်ကောင် ပေးရမယ်။ဘယ်လိုထင်လဲ။ ”

ဂျိုးဆက်ပ် မျက်မှောင်ကြုတ်လိုက်သည်။ရှေးဟောင်း မဟာဆရာသခင်၏ အဂ္ဂိရတ် လက်ရာကို သူ အံ့အားသင့်သွားသည်။ အဲဒါက တော်ဝင်မိသားစု ထိန်းသိမ်းထားတဲ့ ရတနာပစ္စည်း တစ်ခုလား။ ဂျိုးဆက်ပ်သည် မည်သည့်အတွက်ကြောင့် အဲလစ် ရုတ်တရက် ယုံကြည်မှု ပြင်းထန်နေသည်ကို နားမလည်နိုင်ပေ။ ဘာလို့ သူဒီလောက် ကြီးမားတဲ့ လောင်းကြေးကို ထပ်ရဲရတာလဲ။

အမှောင်လမြို့က တစ်ပွဲနိုင် တစ်ပွဲသရေ ဆိုတာ မှန်ပါတယ်။ဒါပေမဲ့ အဲလန်က ချန်လွေ့ ကိုနိုင်မှာက ၁၀၀% သေချာတယ်။ဒါက သရေပဲဖြစ်မှာပဲ။အဲလစ်ကဘာလို့ သေချာပေါက် နိုင်မယ် ထင်နေတာလဲ။

“ အဂ္ဂိရတ် မဟာဆရာသခင်ရဲ့ လက်ရာကို လွယ်လွယ်နဲ့တော့ ထုတ်မပြနိုင်ဘူး။ဒါပေမဲ့ ဆရာသခင် အဲဒက်စ်ကတော့အားလုံးရှေ့မှာ အဲဒီလက်ရာက အမှန်တကယ် ရှိတယ် ဆိုတာ သက်သေလုပ်ပေးနိုင်တယ်။ ”

အဲလစ်သည် ဂျိုးတဆက်ပ်အား စဉ်းစားရန် အချိန်အများကြီး မပေးပေ။အဲလစ်သည် ဂျိုးဆက်ပ် လုပ်ခဲ့သည့်အတိုင်း အကျယ်ကြီး ပြောလိုက်သည်။

“ ရှင် ကတိပေးရဲလား။ ”

ထိုအချိန်တွင် အဲဒက်စ်လည်းမတ်တပ်ရပ်လိုက်ပြီး မဟာဆရာ၏ လက်ရာသည် အမှန်တကယ်ဖြစ်ကြောင်း အတည်ပြု ခေါင်းညိတ်လိုက်သည်။အဲဒက်စ်၏ လက်ရှိ ဂုဏ်သတင်းနှင့် မစဉ်းစားဘဲ ပြောလောက်မည် မဟုတ်သည်ကို ဂျိုးဆက်ပ် သိသည်။ မဟာဆရသခင်၏ အဂ္ဂိရတ်လက်ရာသည် အတုအယောင် မဟုတ်နိုင်ဟု ထင်ရသည်။ ထို့ပြင် ၎င်းသည် အတုအယောင် ဖြစ်နေခဲ့လျှင် အမှောင်လမြို့အား ဖိနှိပ်ရန် ဆင်ခြေ အနေဖြင့် သုံး၍ရလေသည်။

“ ရှေးဟောင်း မဟာဆရာသခင် ” ၏ လက်ရာသည် အဲလစ်၏ ဆိုင်၌ ရောင်းချသည့် အပြင် သူ၏အခန်း၌ အမျိုးကွဲအနည်းငယ် ရှိနေသည်ကို မည်သူမှ မသိပေ။

လူသားအား မပြိုင်စေရန်အတွက် ကတိဖျက်သည်ကလွဲလျှင် နောက်ဆုံးပွဲ၌ အဲလစ် အနိုင်ရရန် သို့မဟုတ် သရေကျရန် အခွင့်အရေးမရှိကြောင်း ဂျိုးဆက်ပ် တွေးလိုက်မိ သည်။အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် နောက်ဆုံး၌ အဲလစ်၏ တောင်းဆို ချက်အား ဂျိုးဆက်ပ် သဘောတူလိုက်သည်။

“ အဲလန်။ဝိုင်ဗန် အရေပြားက အဆိပ်ရှိတယ်။စည်းမျဉ်း‌တွေကတော့ အကူပစ္စည်း ခွင့်မပြုဘူး။ဒီအဆိပ်ဖြေဆေးနှစ်လုံးက မိနစ်၂၀လောက် ခံတယ်။ဆေးသောက်ပြီးလို့ အချိန်ကျော်သွားမယ်ဆိုရင် ကိုယ့်အစွမ်းကိုယ်သုံးပြီး အဆိပ်ကို ခုခံရမယ်။ ”

ထိုဝိုင်ဗန်နှစ်ကောင်သည် အရွယ်မရောက်သေးပေ။ယဉ်ပါးအောင် လုပ်ထားသည် မှာလည်း မကြာသေးပေ။ဂျိုးဆက်ပ်၏ အစွမ်းနှင့်ဆိုလျှင် အဆိပ်ကို အလွယ်တကူ ခုခံနိုင်သည်။သို့သော်လည်း သူပြိုင်နိုင်တော့သည့်အတွက် အဲလန်ကိုသာ သတိပေး ရသည်။

အဲလန် တုံ့ဆိုင်းပြီး ပြောလိုက်သည်။

“ အဲဒီလူသားက အဲဒက်စ်ရဲ့ စမ်းသပ်မှုပြီး တော့ သန္ဓေပြောင်းသွားတယ်လို့ ကြားတယ်။သူ့ကိုယ်ထဲမှာ သေစေနိုင်တဲ့ အဆိပ်တွေ ရှိနေတယ်။သူက အဆိပ်ကို မကြောက်တာ ဖြစ်နိုင်မလား။ ”

ထိုစကားကိုကြားသည့်အခါ အဲလစ်၏ အစီအစဉ်မှာ လူသား၏ ခန္ဓာ သို့မဟုတ် အဲဒက်စ်၏ အဆိပ်ဖြေဆေးကို သုံးကာ အဲလန် အဆိပ်ကို မခုခံနိုင်သည်အထိ အချိန်ဆွဲကာ အနိုင်ယူရဟု ဂျိုးဆက်ပ် တွေးမိလိုက်သည်။

တစ်ဖက်အသင်း၏ အကြံအစဉ်အား တွေးမိသွားပြီဟု ထင်နေသည့် ဂျိုးဆက်ပ်သည် ပို၍ပင် စိတ်ပြတ်သားသွားပြီး အဲလန်အား ပြောလိုက်သည်။

“ အဆိပ်က သူ့ကို မသတ်နိုင်ရင်တောင် သူ့လို ပုရွက်ဆိတ်သာသာ ကောင်ကို မင်း လွယ်လွယ်လေး ဖြေရှင်းနိုင်ပါတယ်။မှတ်ထား။အချိန်မဆွဲနဲ့။မြန်မြန်လုပ်ရမယ်။ ”

အဲလန်သည် ဝိုင်ဗန်ကို ကြောက်နေကြောင်း ဂျိုးဆက်ပ်သိသည်။ထို့ကြောင့် တည်ငြိမ်စွာ ထပ်ပြောလိုက်သည်။

“ တကယ်တော့ နိုင်တာရှုံးတာက ငါ့အတွက် အရေးမကြီးဘူး။ဒါပေမဲ့ မင်း အဲဒီမိန်းမကို လုံးဝ လက်လျှော့သင့်တယ်။ ”

မျက်နှာချင်ဆိုင်ဘက်ရှိ အသီနာသည် စိုးရိမ်သည့် မျက်နှာဖြင့် ချန်လွေ့အား စကား ပြောနေသည်ကို အဲလန်မြင်ပြီး မနာလိုမှုများဖြင့် ပြည့်သွားသည်။ထို့နောက် အဆိပ် ဖြေဆေးအား ချက်ချင်း လက်ခံလိုက်သည်။

ချန်လွေ့သည် အဲဒက်စ်ထံမှ “ အဆိပ်ဖြေဆေး ” ပုလင်းအသေးလေး တစ်လုံး တောင်းပြီး အများရှေ့၌ သောက်လိုက်သည်။ထို့နောက် အသီနာအား “ ငါ့ကိုယုံလိုက် ” ဟူသော အကြည့်ကြည့်လိုက်ပြီး သွားတော့သည်။ချန်လွေ့ နှင့် အဲလန်တို့ သံလှောင်အိမ်ဆီ လမ်းလျှောက်သွားသည်ကို နတ်ဆိုးအများစုက အသက်အောင့်ရင်း ကြည့်နေကြသည်။ လှောင်အိမ်ပေါ်၌ မန်းမှုတ်ထားသည့် အဆိပ်ဒဏ်ခံ မှော်အား တစ်စုံတစ်ယောက် စတင် ဖယ်ရှားနေလေပြီ။

ချန်လွေ့အပေါ် အသီနာ၏ အပြုအမူအား တွေးမိလိုက်သည့်အခါ အဲလန်၏ မျက်လုံးများထဲမှ သွေးဆာလောင်မှုသည် ပို၍ အေးစက်လာပြီး အထင်သေးစွာ ပြောလိုက်သည်။

“ တုန်လှုပ်စမ်း။အားနည်းပြီး မပြည့်ဝတဲ့ လူသား။ ”

“ စောစောမသေနဲ့ဦး။ငါမင်းရဲ့ အရိုးတစ်ချောင်းစီတိုင်းကို နှိပ်စက်ရမယ်။ ”

“…”

သနားစရာ ကလေးလေး။မင်းရဲ့ မနာလိုမှုက မင်းကို စောက်သုံးမကျတဲ့ ကျွမ်းကျင်သူ အဖြစ်နီပါး ပြောင်းလဲပေးနေတာပဲ။အရင်က အမေရိကန် အမျိုးသားဘတ်စကက်ဘော အစည်းအရုံး ပိတ်သိမ်းလိုက်တော့ ဘာမှလုပ်စရာမရှိတဲ့ကောင်က ဒီကို ကမ္ဘာကူးလာတာ တော့ မဟုတ်ပါဘူးနော်။အခုတော့ ပိတ်ချတာ ပြီးသွားတော့ သူပြန်မတတ်တော့ဘူး....

နတ်ဆိုးအုပ်ကြီးထဲ၌ အဲလန်၏ လက်အောက်ငယ်သားမျာသည် ကျယ်လောင်စွာ အားပေးပြီး အားနည်းသည့် လူသားအား ဟားတိုက်နေကြသည်။

ချန်လွေ့ စိတ်မရှည်ပေ။သံလှောင်အိမ် ပွင့်လာသည်ကို ကြည့်ရင်း လက်မြှောက်ကာ ချန်လွေ့ အော်လိုက်သည်။ “ အမှောင်လ ” ထိုကြွေးကြော်သံသည် ချက်ချင်းပင် အမှောင်လမြို့ နတ်ဆိုးများဆီမှ ပြိုင်ကွင်းတစ်ခုလုံး ချက်ချင်း ပဲ့တင်ထပ်သွားသည်။“ အမှောင်လ၊အမှောင်လ ” ဟူသော အားပေးသံများသည် ပို၍ပို၍ ကျယ်လောင်လာပြီး လှောင်ရယ်သံများကို ဖုံးလွှမ်းသွားသည်။

ချန်လွေ့သည် အဲလန်အား ရန်စသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ကောင်လေး။ ကျယ်ကျယ်ပြောလေ။မကြားရဘူး။ ထိုလူသားသည် သတ္တိရှိမည်ဟု အဲလန် မထင် ထားခဲ့ပေ။သူဒေါသထွက်ရန် ပြင်လိုက်စဉ် လှောင်အိမ်တံခါး ပွင့်သွားသည်။ဝိုင်ဗန် နှစ်ကောင်သည် ယဉ်ပါးလုနီးပါး ဖြစ်သော်လည်း သံကြိုးများဖြင့် ချည်ထားရသေးသည်။ သေရွာပြန်နှစ်ယောက်သည် သူတို့အား အစာကျွေးကာ ခေါ်လာသည်။ဝိုင်ဗန်များသည် လှောင်အိမ်မှ ထွက်ပြီး တိုးတိုးလေး မာန်ဖီနေလိုက်သည်။သူတို့၏ ကြောက်စရာကောင်း ပြီး စိတ်လှုပ်ရှားနေသည့် ပုံစံသည် လန့်စရာ ကောင်းလှသည်။

အဲလန်သည် သတိရှိပုံပေါ်သည်။အဆိပ်ဖြေဆေးအား သောက်လိုက်ပြီး ခုခံရန် တိတ်တဆိတ် ပြင်ဆင်ထားလိုက်သည်။ထို့နောက် ဝိုင်ဗန်များဆီသို့ သွားလိုက်ပြီး သားရဲထိန်းကျောင်း ဆက်သွယ်ရေး နည်းလမ်းကို အသုံးပြုလိုက်သည်။ထို့နောက် သေရွာပြန်ထံမှ လတ်လတ်ဆတ်ဆတ် အသားတုံးကြီးတစ်တုံးအား ယူပြီး နားလည်မှု တိုးစေရန် ပစ်ပေးလိုက်သည်။

အစပိုင်းတွင် ချန်လွေ့ တုံ့ဆိုင်းနေသည်။ထို့နောက် အရာအားလုံး ပုံအောလိုက်သည့် အမူအရာ ပြလိုက်ပြီးနောက် “ ခီဂူ ” ဟုအမည်ရသည့် ဝိုင်ဗန်ဆီသို့ သွားလိုက်သည်။ ချန်‌လွေ့သည် အဲလန်ကဲ့သို့အသားကို ပစ်မပေးပဲ လက်ကမ်းလိုက်သည်။ဤသည်မှာ နတ်ဆိုးသားရဲနှင့် ရင်းနှီးရန် အကျိုးအရှိဆုံး နည်းလမ်းဖြစ်သည်။သို့သော်လည်း အန္တရာယ် အများဆုံးဖြစ်သည်။ဝိုင်ဗန်ကဲ့သို့ သားရဲမျိုးအတွက် ၎င်းသည် အန္တရာယ်ရှိ လွန်းလှသည်။

ထိုကဲ့သို့ ရဲတင်းလှသည့် အပြုအမူသည် ပရိသတ်များအား ချွေးပျံသွားစေသည်။လူသား ဆီသို့ ဝိုင်ဗန်တစ်လှမ်းချင်း လျှောက်လာစဉ်တွင် ပြိုင်ကွင်းတစ်လုံးနီးပါး တိတ်ဆိတ် သွားသည်။

All Chapters