← Chapters

ရာထူးအသစ်

Vol. 3 Ch. 37

ရာထူးအသစ်

Vol. 3 Ch. 37

ချန်လွေ့ ဒေါသထွက်သွားသည်။သို့သော် « သရုပ်ခွဲမျက်လုံး » ‌၌ ရှီရာ၏ အစွမ်းကို “ မဆုံးဖြတ်နိုင် ”ဟု ဖော်ပြထားသည်။သူသည် ဂျိုးဆက်ပ် အဆင့်လောက် ရှိနိုင်ပေသည်။ သူ၏ ပိုင်နက်ထဲ ရောက်နေသည်ဖြစ်၍ ချန်လွေ့ လက်လျှော့ရမည်သာ ဖြစ်သည်။

“ အစ်မ..... ”

အဲလစ် တုန်လှုပ်သွားပြီး သူ၏မျက်လုံးများကို သနားစရာကောင်းအောင် ပြုမူလိုက်သည်။

“ အစ်မ ဒီလောက် မရက်စက်လို့ မရဘူးလား။အဲလစ် အများကြီး ကြိုးစားခဲ့ရတာ။ နွယ်ကျောက် တစ်ဝက် ချန်ထားပေးပါလား။ပြီးတော့လည်း ဝိုင်ဗန်တွေကို အဲလစ် ကစားဖို့ အခွင့်အရေးတောင် မရသေးဘူးလေ..... ”

“ နွယ်ကျောက် ၈ခု ၊ သလင်းကျောက်နက်ဒင်္ဂါး ၄၀၀။ ”

ရှီရာ သဘောမတူရုံသာမက လိုလီလေး၏ သနားစရာ လက်ကျန်လေးကိုပါ ဖြတ်တောက်လိုက်သည်။

“ အဟင့်။အဖေက အဲလစ်ကို မိုးသစ်တောနက်ထဲကနေ ကောက်လာတာလား။အဲလစ်က အစ်မရဲ့ ညီမအရင်း မဟုတ်ဘူးလား။ ”

“ နွယ်ကျောက် ၇ခု ၊ သလင်းကျောက်နက်ဒင်္ဂါး ၃၀၀။ ”

“ ဒါက နည်းနည်းများသွားပြီ။နွယ်ကျောက်၅၀ပဲ ယူမှာပါ။အဲဒါများလို့လား။ ”

“ နွယ်ကျောက်၆ခု ၊ သလင်းကျောက်နက်ဒင်္ဂါး ၂၀၀။ ”

“…”

ရက်စက်သည် အစ်မနှင့် ရင်ဆိုင်ရသည့်အခါ လိုလီလေး၏ သနားစရာ၊ချစ်စရာ သရုပ်ဆောင်မှုများ လုံးဝ အသုံးမဝင်တော့ပေ။နောက်ဆုံး၌ လိုလီလေးသည် နွယ်ကျောက်၂တုံးနှင့် သလင်းကျောက်နက်ဒင်္ဂါး ၂၀၀ ကိုသာ လက်ခံရတော့သည်။

ချန်လွေ့သည် အဲလစ်အတွက် မကျေမနပ်ဖြစ်သွားသည်။

“ ပိုက်ဆံ လောဘကြီး ” တာက လူစီဖာ မိသားစုရဲ့ အစွမ်းထက်ဆုံး သွေးမျိုးဆက် စွမ်းအား ဖြစ်မယ်ထင်တယ်။တစ်ယောက်က တစ်ယောက်ထက် ပိုရက်စက်တယ်။

“ ဒါပဲ။အဲလစ်။သွားနားတော့။ချန်လွေ့ကို ငါပြောစရာ ရှိသေးတယ်။ ”

အဲလစ်အား ရှီရာ ဆင့်ခေါ်ခဲ့သည်မှာ လုယက်ရန်သာ ဖြစ်ဟန်တူလေသည်။လိုလီလေး သည် အားပျက်စွာ လှည့်ထွက်သွားပြီး ရုတ်တရက် ရှီရာ ထပ်ပြောလိုက်သည်။

“ မှတ်ထား။နောက်တစ်ခါကျရင် အရဲမစွန့်နဲ့တော့။ ”

လိုလီလေးသည့် ဟွန့်ခနဲ လုပ်လိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ကောင်စီမှ ထွက်သွား လိုက်သည်။

“ ဒုတိယပွဲမှာ အဲလစ်ကို ကစားခိုင်းတာက..... မင်းအကြံဟုတ်။ ”

ရှီရာ၏ အေးစက်စက်အသံသည် ချန်လွေ့၏ နားထံသို့ ရောက်ရှိသွားသည်။

“ မင်းရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ဒါနောက်ဆုံးပဲ ဖြစ်ပါစေ။ ”

ရှီရာ၏အသံ ပိုပို၍ အေးစက်လာသည်။

“ အဲလစ်က ကြင်နာတတ်ပြီးတော့ စဉ်းစားတတ်တဲ့ မိန်းကလေးပဲ။သူ့ကို အသုံးချခွင့် မပေးနိုင်ဘူး။ငါပြောတာ ရှင်းလား။ ”

ချန်လွေ့ခေါင်းငုံ့ပြီး စိတ်ထဲ၌ စက်ဆုပ်နေသည်။ တကယ့်ကို အစ်မကောင်းပဲ။ခုနက အဲလစ်ရဲ့ ပစ္စည်းဥစ္စာတွေကို လောဘတကြီး လုယူလိုက်တယ်။အခုတော့ သူက ကာကွယ်တတ်တဲ့ အစ်မလိုမျိုး ဟန်ဆောင်တယ်ပေါ့။ ချန်လွေ့သည် ရှီရာအား အနည်းငယ်....သနားခဲ့သည်။သို့သော် ယခု၌ စက်ဆုပ်၌ ခံစားချက်သာ ရှိတော့သည်။

အရှိန်အဝါ ပမာဏ အများကြီး ပျောက်သွားသည်ကို စဉ်းစားရန် ချန်လွေ့ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။သူ အေးစက်စွာ ဆန့်ကျင်စကား ပြောလိုက်သည်။

“ ကျုပ်က မင်းသမီးလေးကို အနိုင်ရဖို့ ကူညီချင်ခဲ့တာပါ။တခြားရည်ရွယ်ချက် မရှိပါဘူး။ တော်ဝင်မင်းသမီးက သူ့ကို ဒီလောက်ဂရုစိုက်ရင် ဘာလို့ ခုနကလို လုပ်ခဲ့တာလဲ။ ”

ရှီရာ အံ့အားသင့်သွားသည်။အဲလစ်အတွက် မကျေနပ်သည့် ချန်လွေ့၏စကားကို အံ့အားသင့်သွားဟန် တူသည်။သူ သက်ပြင်းချပြီး အသံလျှော့ပြောလိုက်သည်။

“ မင်း နားမလည်ပါဘူး။အဲလစ်...သူက ဒီလို တမင်လုပ်ခဲ့တာ။ ”

“ သူ ပိုက်ဆံရလာတိုင်း ငါ့ရှေ့ကိုလာပြီး တမင် လာကြွားတယ်။ပြီးရင် ပိုက်ဆံတွေကို သိမ်းယူအောင် တမင်လုပ်တာ။ ”

ရှီရာ တစ်ဖက်လှည့်ကာ ‌ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ ဒါက သူ့အစ်မကို သူကူညီတဲ့ပုံစံပဲ။ဒါပေမဲ့ ငါက သူ့အတွက် ဘာမှ မလုပ်ပေး နိုင်ခဲ့ဘူး..... ”

ချန်လွေ့ အံ့အားသင့်သွားသည်။လိုလီလေးသည် ထိုကဲ့သို့ ရည်ရွယ်ချက်ကြောင့် ပိုက်ဆံကို ချစ်မြတ်နိုးရသည်ဟု သူလုံးဝ မထင်ထားခဲ့ပေ။အဲဒီ ထူးခြားတဲ့ ဆိုင်လေး၊ နှစ်စဉ် ကောင်းကင် တိုက်ပွဲ၊ သူ့ကို ပေးခဲ့တဲ့ နွယ်ကျောက်၂ခု.......။ရုတ်တရက်ပင် တော်တော်များများကို ချန်လွေ့ သဘောပေါက်သွားသည်။

ရှီရာ ပြောသည့်အတိုင်းဆိုလျှင် အဲလစ်သည် ကြင်နာပြီး စဉ်းစားတတ်သည်။၎င်းတို့သည် လိုလီလေး၏ စိတ်နှလုံးမကောင်းမှု၊အရွယ်မလိုက်မှု နှင့် လောဘကြီးသည့် မျက်နှာ နောက်၌ ဖုံးကွယ်ထားသည့် အမူအကျင့်များ ဖြစ်ပေလိမ့်မည်။ ခဏကြာအောင် ရှီရာ တိတ်ဆိတ်သွားပြီး ထပ်ပြောလိုက်ပြန်သည်။

“ အဲလစ်က.... မင်းနဲ့ တော်တော်လေး ရင်းနှီးတယ်။ ”

သကြားလုံးများ၊ပျော်စရာ ပစ္စည်းများနှင့် နားထောင်စရာ ပုံပြင်များရှိနေသည့်အတွက် ထိုစကားကို ချန်လွေ့ မအံ့ဩပေ။ ဒီလို “ အဖိုးတန်တဲ့လူ ” ကို ဘယ်မှာတွေ့နိုင်မှာလဲ။

“ ဒါက သာမန် ရင်းနှီးတာ မဟုတ်ဘူး။အသီနာက လွဲရင် ဘယ်သူမှသူ့ကို အဲလို လုပ်ခိုင်းလို့မရဘူး... ”

ရှီရာ ရုတ်တရက် နောက်လှည့်ပြီး ခရမ်းရောင် မျက်လုံးများ ချက်ချင်း အေးစက်သွား သည်။

“ အရင်တစ်ခေါက်က ငါ့ကိုသုံးခဲ့တဲ့ လှည့်ကွက်ကို အဲလစ်အပေါ် မသုံးဖို့ ငါ သတိပေး လိုက်မယ်။မဟုတ်လို့ကတော့ မင်းဘယ်လောက်ပဲ အဖိုးတန်တန် သတ်ပစ်ဖို့ ဝန်မလေးဘူး။ ”

လိုလီလေးကို မြူဆွယ်တာလား။ဒါက လုံးဝမှားတယ်။ငါက မကောင်းတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ထပ် ၂နှစ် ကျော်သွားရင်တော့.....

မဖုံးကွယ်ထားသည့် သတ်ဖြတ်ချင်စိတ်အားချန်လွေ့ ခံစားလိုက်ရပြီး စိတ်ထဲ၌ ကြောက်လန့်သွားသည်။ထို့နောက် ချက်ချင်း ခေါင်းခါပြီး ပြောလိုက်သည်။

“ မင်းသမီးလေးအပေါ် မကောင်းတဲ့ ရည်ရွယ်ချက်မရှိတာကို ကျုပ် ကျိန်ရဲပါတယ်။ တစ်ခုခုမှားခဲ့ရင် တော်ဝင်မင်းသမီးရဲ့ အပြစ်ပေးမှုကို ချက်ချင်း လက်ခံမှာပါ။တော်ဝင် မင်းသမီး ဆက်ပြီး စိုးရိမ်နေသေးရင်လည်း မနက်ဖြန်ကစပြီး မင်းသမီးလေးနဲ့ ကျုပ် အဆက်အသွယ်အားလုံးဖြတ်လိုက်ပါ့မယ်။ ”

ရှီရာနှင့်ချန်လွေ့သည် ခဏကြာအောင် အချင်းချင်း စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံး၌ ရှီရာ အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။

“ ရပါတယ်။အဲလစ်က မင်းနဲ့တူတူရှိနေရတာ ပျော်တယ်ဆိုတာ ငါသိတယ်။အသီနာ မလာခင်‌တုန်းက သူ့မှာ သူငယ်ချင်းတစ်ယောက်တောင် မရှိဘူး။အခုတော့.... သူပျော်နိုင်သလောက် ပျော်ပါစေ။ ”

“ နားလည်ပါပြီ။အရှင်မ ”

အချင်းချင်း နားလည်မှုမလွဲတော့သည့်အတွက် ချန်လွေ့၏ စိတ်အခြေအနေ ပိုကောင်း သွားသည်။

“ အဲလစ်အကြောင်းပြောတာ တော်လိုက်ရအောင်။အခုတော့ တတိယပြိုင်ပွဲရဲ့ ဆန်းကြယ်မှုကို မင်း မရှင်းပြသင့်ဘူးလား။ ”

ရှီရာ ထိုင်ချပြီး ပြောလိုက်သည်။

“ ဒီပွဲကို မင်းပြင်ဆင်ထားတယ်ဆိုတာကို ငါမသိခဲ့ရင် ဂျိုးဆက်ပ်လိုမျိုးပဲ ဒါက မတော်တဆလို့ ထင်သွားမှာ သေချာတယ်။ဒီကိစ္စလေး ငါ့ကို အလင်းပြပေးနိုင်မလား။ ”

ရှီရာ မြန်မြန် သတိထားမိသွားမည်ဟု ချန်လွေ့ မထင်မှတ်ခဲ့ပေ။သို့သော် အဲလစ်၊ အသီနာ၊အဲဒက်စ်တို့လည်း မေးကြမည်ဖြစ်သည့်အတွက် ချန်လွေ့သည် အဖြေတစ်ခု ကြိုတင်ပြင်ဆင်ထားခဲ့သည်။

“ မင်းသမီးရှီရာ။ကျုပ် ဒီအကြောင်းကို အစောကြီးကတည်းက အရှင်မဆီ ပြောပြချင်ခဲ့တာပါ။ ”

ချန်လွေ့ ခဏစဉ်းစားပြီး ပြောလိုက်သည်။

“ တကယ်တော့ ‌မနေ့တုန်းက မဟာဆရာသခင်ရဲ့ အမွေအနှစ် နည်းနည်းထပ်ပြီး နိုးထလာတယ်။ကျုပ် အစွမ်းအသစ်တစ်ခု ရထားတယ်။ ”

ယခုစဉ်းစားကြည့်လိုက်ရာ မဟာဆရာသခင်အကြောင်း အလိမ်အညာသည် လုံးဝကို အဆင်ပြေနေသည်။စူပါစနစ်ကြောင့် ပြောင်းလဲမှုများဖြစ်သည့်အခါတိုင်း ၎င်းကို အကြောင်းပြ၍ ရလေသည်။

ရှီရာ အနည်းငယ် လှုပ်ရှားသွားပြီးနောက် ချန်လွေ့ ဆက်ပြောလိုက်သည်။

“ အဲဒီအစွမ်းက နတ်ဆိုးသားရဲတွေကို ရိုးရိုးရှင်းရှင်း ဆက်သွယ်ပြောဆိုနိုင်တဲ့ သားရဲ ထိန်းကျောင်း အစွမ်းပါ။မဟုတ်ရင် ဝိုင်ဗန်နားကို ချဉ်းကပ်ဖို့ ကျွန်တော့်မှာ အဲလောက် သတ္တိ ဘယ်ရှိပါ့မလဲ။ ”

“ ငါသိသားပဲ။ဒီလိုဖြစ်သွားတာကိုး...။လေပေါ်မှာ အဲလန် တိုက်ခိုက်ခံရတာလည်း မင်းလုပ်တာပဲပေါ့။မင်း‌ တော်တော်ဉာဏ်ကောင်းတာပဲ။”

ရှီရာ ရုတ်တရက် သဘောပေါက်သွားသည်။

“ ဒါဆို နွယ်ကျောက်တွေကို မင်းလိုတာကလည်း မဟာဆရာသခင်ရဲ့ အမွေအနှစ် ကြောင့်ပဲလား။ ”

ချန်လွေ့သည် ရှီရာ၏ ဉာဏ်သွက်မှုကို ချီးကျူးလိုက်ပြီး သူ၏ စကားအတိုင်း လိုက်ပြော လိုက်သည်။

“ အရင်တစ်ခေါက် မင်းသမီးလေးဆိုင်ကို သွားတုန်းက နွယ်ကျောက်ကို အမွေအနှစ်ရဲ့ စွမ်းအား တုံ့ပြန်တာကို ခံစားခဲ့ရတယ်။မင်းသမီးလေးက ကျုပ်ကို ၂ခုပေးခဲ့တယ်။ နောက်တော့ နွယ်ကျောက်တွေရဲ့ စွမ်းအားကို အလိုအလျောက် စုပ်ယူသွားတယ်။ ရလာဒ်အနေနဲ့ မဟာဆရာသခင်ရဲ့ အမွေအနှစ်က နည်းနည်း နိုးထသွားတယ်။ဒါပေမဲ့ စွမ်းအားက မတည်ငြိမ်သေးဘူး။အစွမ်းသုံးနိုင်တဲ့ အချိန်ကာလက တော်တော်လေး နည်းတယ်။အဲဒါကြောင့် အသစ်ရလာတဲ့အစွမ်းကို တည်ငြိမ်အောင် လုပ်ဖို့နဲ့ တိုးမြှင့်ဖို့အတွက် နွယ်ကျောက်တွေ လိုအပ်တာပါ။ ”

ထိုဆင်ခြေသည် တော်တော်လေးပြည့်စုံကြောင်း ချန်လွေ့ တွေးမိလိုက်သည်။ရှီရာသည် သူ၏တန်ဖိုးကို လိုအပ်သည့်အတွက် နွယ်ကျောက်များ အနည်းနှင့်အများ ထောက်ပံ့ နိုင်မည် ဖြစ်သည်။

အခုတွင် ရှီရာသည် မဟာဆရာသခင် အမွေအနှစ်ကို လုံးဝ ယုံကြည်သွားလေပြီ။ ထို့ကြောင့် လေးလေးနက်နက် စဉ်းစားတော့သည်။သားရဲထိန်းကျောင်း အစွမ်းသည် အထင်ကြီးစရာ ကောင်းလှသည်။ဝိုင်ဗန်ကဲ့သို့ နတ်ဆိုးသားရဲကိုပင် အသုံးပြု၍ရသည်။ ၎င်းကို ကောင်းမွန်စွာ အသုံးချလျှင် မမျှော်မှန်းနိုင်သည့် စွမ်းအားများ ရရှိစေနိုင်သည်။ ၎င်းသည် မဟာဆရာသခင် အမွေအနှစ်၏ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ဖြစ်သည်။အနာဂတ်၌မူ.......

“ ငါမင်းကို နွယ်ကျောက်အများကြီး ထောက်ပံ့ပေးနိုင်တယ်။ ”

ရှီရာ ပြောလိုက်သည်။

“ မင်းရဲ့အလားအလာနဲ့ဆို အနာဂတ်မှာ ငါ့ရဲ့ထိန်းချုပ်မှု အောက်ကနေ လွတ်သွားမယ်လို့ ခံစားနေရတယ်။မင်းနဲ့ မှင်စာနဲ့က ကျွန်-သခင် စာချုပ် မချုပ်ထားဘူးဆိုရင် ငါ...... ”

ဘာလဲ။စိတ်ကူးယဉ်မနေနဲ့။

ချန်လွေ့ ခနဲ့ပြုံးပြုံးလိုက်သည်။

“ အရှင်မ မှင်စာကို သတ်ဖို့ ရွေးချယ်လို့ ရပါတယ်။စာချုပ်ကို ဖျက်သိမ်းပြီးတော့ ကျုပ်ကို အရှင်မရဲ့ အစေခံအဖြစ် စာချုပ်ချုပ်လို့ ရပါတယ်။ ”

စာချုပ်၏စွမ်းအားသည် အံ့ဩဖွယ်ကောင်းလှသည်ကို ချန်လွေ့ သိနှင့်ပြီး ဖြစ်သည်။ သာမန်လူတစ်ယောက်သည် စာချုပ်တစ်ခုသာ ချုပ်၍ရသည်။သို့သော် ချန်လွေ့၏ ခန္ဓာကိုယ်သည် ထူးဆန်းသည်။စူပါစနစ်ကြောင့် ဖြစ်ဟန်တူသည်။ပါ့ဂ်လီအို နှင့် သဟဇီဝ စာချုပ်အပြင် စလီနှင့်လည်း ကျွန်-သခင် စာချုပ် ချုပ်ထားလေသည်။သို့သော်လည်း ထိုစာချုပ်များကြား၌ ပြဿနာမဖြစ်ပေ။

ယခုတွင် ချန်လွေ့သည် လူတိုင်း အနိုင်ကျင့်၍ရသည့် အားနည်းသူတစ်ယောက် မဟုတ်တော့ပေ။အဆိုးဆုံး အခြေအနေရောက်လျှင် အချိန်ဆွဲကာ ယဉ်ကျေး ဟန်ဆောင်ပြီး နောက်ပိုင်း ထွက်ပြေး၍ရပေသည်။

ရှီရာ၏ မျက်လုံး အရောင်လက်သွားသည်။

“ ငါလုပ်သင့်တယ် ထင်လား။ ”

“ အရှင်မက တကယ်ပဲ လုပ်ချင်တာလား။ ”

ချန်လွေ့ဘာမှမပြောဘဲ ပြန်မေးလိုက်သည်။

“ အရင်က ဆရာသခင်အဲဒက်စ်ကို ကျွန်-သခင်စာချုပ် ဘာလို့ အတင်းမချုပ်ခိုင်းခဲ့တာလဲ။ ”

ချန်လွေ့စကား၏ အဓိပ္ပာယ်ကို ရှီရာ သဘောပေါက်သွားပြီး တိတ်ဆိတ်သွားသည်။

“ စာချုပ်ရဲ့ အစွမ်းကကြီးမားတယ်။ဒါပေမဲ့ နတ်ဘုရားတစ်ပိုင်းလို နတ်ဘုရားလို အဆင့်မျိုးကိုတော့ ချုပ်ထိန်းနိုင်မှာမဟုတ်ဘူး။မဟာဆရာသခင်ရဲ့ အမွေအနှစ်လုံးဝ နိုးထသွားတဲ့အခါကျရင် စာချုပ်စွမ်းအားက မင်းကို ချုပ်ထားနိုင်မှာမဟုတ်လောက် တော့ဘူး။အရင်တစ်ခေါက...ပန်းခြံမှာ မင်းပြောခဲ့တဲ့ ဆင်ခြေတွေကို ငါယုံရမလားပဲ။ ”

ရှီရာသည် ချန်လွေ့အား တည့်တည့် စိုက်ကြည့်လိုက်ပြန်သည်။

“ ဒါ ငါထင်တဲ့ အကြောင်းပြချက်ပဲ။မင်းဘယ်လိုထင်လဲ။ ”

“ အရှင်မက အဲဒါကို ဆင်ခြေလို့ ထင်နေသေးတာပဲ။ကျုပ်မှာ မရှိသင်တဲ့ အတွေ့တချို့ ရှိနေတယ်ဆိုတာ ဝန်ခံပါတယ်။ဒါပေမဲ့ အဲဒါက ဖြစ်ချင်တာ မဟုတ်ပါဘူး။ကျုပ်က ဒီမှာ နေချင်ရုံပါ။အရင်ကလည်း ဒီလိုပဲ။အခုလည်း ဒီလိုပါပဲ။နောက်လည်း ဒီလိုပဲဖြစ်မယ်လို့ မျှော်လင့်ပါတယ်။”

ချန်လွေ့သည် လှပသော အထင်လွဲမှုအား တွေးမိလိုက်ပြီး စိတ်ပိုတည်ငြိမ်သွားကာ ရှီရာကို တည့်တည့် ကြည့်လိုက်သည်။

သို့သော် ရှီရာ မျက်နှာ လွှဲလိုက်သည်။

“ တကယ်ပဲလား။ ”

“ တကယ်ပါ။ဒါပေမဲ့ အမှောင်လရဲ့ လက်ရှိ အခြေအနေက မကောင်းဘူး။အရှင်မ လူမှားယုံမိရင် မမျှော်မှန်းနိုင်တဲ့ အကျိုးဆက်တွေ ခံစားရလိမ့်မယ်။ ”

ထိုစကားသည် အလွန်လေးနက်ကြောင်း ရှီရာ ခံစားရသည်။လုပ်ချင်သူသည် မလုပ်ရန် ကိုယ့်ကိုယ်ကို ဆင်ခြေပေးနေပြီး မလုပ်ချင်သူသည် အခြားသူကို လုပ်ရန် အကြောင်း ရင်းများ ပေးနေသကဲ့သို့ပင် ဖြစ်နေည်။၎င်းသည် တစ်နည်းနည်းဖြင့် စမ်းသပ်ချက်တစ်ခု ဖြစ်နိုင်သည်။

အချိန်အတော်ကြာပြီးနောက် သူ၏မျက်လုံးများ ပြတ်သားသွားသည်။

“ လူမှားယုံတာက မယုံရဲတာထက် ပိုကောင်းပါသေးတယ်။အားလုံးရင်းလိုက်ရင် မျှော်လင့်ချက်တော့ ရှိနိုင်ပါသေးတယ်။ငါမင်းကို အတွင်းရေးမှူး ရာထူး ပေးချင်တယ်။ မင်းလက်ခံဖို့ဆန္ဒရှိလား။ ”

အတွင်းရေးမှူး။အမျိုးသား အတွင်းရေးမှူးတဲ့လား။အနည်းဆုံးတော့ ကျွန်-သခင် စာချုပ်ထက် ပိုကောင်းပါတယ်။ကြည့်ရတာ ရှီရာက ငါ့ကို အမှောင်လမြို့ အစိုးရအဖွဲ့ထဲ တရားဝင် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီ ထင်တယ်။

အသီနာ၊အဲလစ်၊အဲဒက်စ်....နဲ့ ပါ့ဂ်လီအို တို့လည်း ဒီမှာရှိတယ်။ငါဒီမှာ အုတ်မြစ်ချပြီးတော့ အဆိပ်နဂါးရဲ့ ချိပ်ပိတ်ကလည်း မဖြေရှင်းရသေးဘူးဆိုတော့ကာ အမှောင်လမှာပဲ ဆက်နေရမှာပဲ။အမှောင်လမြို့ ပိုတည်ငြိမ်ပြီး အစွမ်းထက်လေလေ ငါပိုပြီး ဘေးကင်း လေလေပဲ။

အခြားရွေးစရာမရှိ၍ ထိုကဲ့သို့ ရှီရာ ပြောလိုက်ရသည်ကို ချန်လွေ့သိသည်။သူချက်ချင်း ဦးညွတ်ပြီး ပြောလိုက်သည်။

“ ကျုပ် အရှင်မဆီမှာ အလုပ်အကျွေးပြုဖို့ ဆန္ဒရှိပါတယ်။ဒီနေ့ အရှင်မရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်ဆိုတာကို အချိန်နဲ့အဖြစ်အပျက်တွေက သက်သေပြသွားမှာပါ။ ”

“ ကောင်းပြီ။မင်းဒီနေ့ ကောင်းကင်တိုက်ပွဲအတွက် အများကြီး ကြိုးစားခဲ့တာပဲ။ စောစောပြန်နားတော့။မနက်ဖြန်ကစပြီး မနက်တိုင်း ကောင်စီခန်းမကိုလာပြီး သတင်းပို့ ရမယ်။ဂါ့စ်က ဘာလုပ်ရမလဲဆိုတာကို ပြောပြလိမ့်မယ်။ ”

ရှီရာ ကျေကျေနပ်နပ် ခေါင်းမော့လိုက်သည်။

“ ပြီးတော့လည်း အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အသုံးဝင်တဲ့ အကြံတွေကို ပေးနိုင် မယ်လို့လည်း မျှော်လင့်ပါတယ်။ ”

ဤ အတွင်းရေးမှူး တာဝန်သည် စာရေးတာဝန်နှင့် အကြမ်းဖျဉ်းတူညီကြောင်းကို ချန်လွေ့ သဘောပေါက်သွားသည်။ရှီရာ၏ အပြုအမူအရ သူသည် ချန်လွေ့အား နောက်ကွယ်မှ ဗျူဟာပညာရှင် တစ်ယောက်‌အနေဖြင့် ဆောင်ရွက်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။

ကမ္ဘာခြားက မဟာဗျူဟာ ပညာရှင်ဆိုပဲ။ ချန်လွေ့ ခေါင်းကုတ်လိုက်သည်။အားလပ်ရက် အကြောင်း မေးကြည့်ရန် ချန်လွေ့ ပြင်လိုက်စဉ် ရှီရာ ပြောသည်ကို ကြားလိုက်ရသည်။

“ လိပ်ပြာနီနယ်မြေကနေ နန်းတော်ဆီကို နွယ်ကျောက်တွေ ရောက်တဲ့အခါ ငါမင်းကို အခု၆၀ ပေးမယ်။မလောက်သေးရင် ငါ့ကို ပြန်ပြော။ ”

အခု၆၀တောင်လား။ဒါက အရည်အသွေးမြင့် နွယ်ကျောက်တွေနော်။တစ်ခုတိုင်းက အနည်းဆုံး သလင်းကျောက်နက်ဒင်္ဂါး၁၀၀ လောက်ရှိတယ်။

ပျောက်ဆုံးသွားတော့မည် ထင်ခဲ့သည့် အရှိန်အဝါများ ပြန်ရောက်လာသည့်အတွက် ချန်လွေ့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။အခြားအပြုအစုများကို သူဂရုမစိုက်တော့ပေ။ထိုစကားသည် မင်းသမီးရှီရာ ပြောဖူးသမျှထဲတွင် ရင်ထဲအထိဆုံးစကားဟု ချန်လွေ့ ခံစားလိုက်ရသည်။

All Chapters