မင်းသမီးလေး အလုပ်ရုံ
Vol. 3 Ch. 39
အမှောင်လမြို့ကဲ့သို့ စီးပွားရေး ကျပ်တည်းနေသည့်နေရာ၌ ပိုက်ဆံရှာရသည်မှာ လွယ်ကူလှသည် မဟုတ်ပေ။ချန်လွေ့၌လည်း အသေးစိတ် အစီအစဉ် ချက်ချင်းရှိ မနေပေ။သို့သော်လည်း ပိုက်ဆံရှာရခြင်း၏ နောက်ဆုံး ရည်ရွယ်ချက်မှာ အရှိန် အဝါများရှာပြီး အစွမ်းတိုးမြှင့်ရန်အတွက်ပင် ဖြစ်သည်။ရေကန်ပြာရှိ အထူးလေ့ကျင့် ခန်းသည် ခက်ခဲသော်လည်း ထိရောက်မှုရှိသည်။ပါ့ဂ်လီအိုသည် အထက်တန်း နည်းပြကဲ့သို့ပင် ဖြစ်သည်။ထို့ပြင် အလကားဖြစ်သည့်အတွက် ချန်လွေ့ သေချာပေါက် ဆက်လုပ်ရပေမည်။
သို့သော်လည်း ရေကန်ပြာသည် အလွန်ဝေးပြီး ချို၃ချောင်းကြံ့ဖြင့် သွားခြင်းသည် အလွန်သိသာလှသည်။ထို့ပြင်ခဏခဏ သွားလျှင်လည်း သံသယ ဖြစ်လာစေနိုင်သည်။ မန္ဂဒါနှင်ခီဂူတို့ကို ချန်လွေ့သတိရလိုက်ပြီး ရုတ်တရက် တစ်ခုခု တွေးမိသွားသည်။
ငါ့မှာ ရဟတ်ယာဉ်နှစ်စီး ရှိနေတာပဲ။ညပိုင်းကျရင် ဝိုင်ဗန်စီးပြီး သွားရင်ကော။
ချန်လွေ့သေချာစွာ စဉ်းစားလိုက်သည်။၎င်းသည် ဖြစ်နိုင်ချေရှိသည်ဟု ခံစားရပြီး လေထဲ၌ ပျံသန်းခြင်းသည် မြေပြင်တွင် သွားခြင်းထက် ပို၍ မြန်ဆန်သည်။အသွား အပြန်ကြာချိန်သည်လည်း လွန်စွာ လျော့ကျသွားမည် ဖြစ်သည်။
“ ခီဂူ။မန္ဂဒါ။ဒီအသားတွေက စားမကောင်းဘူးလား။မင်းတို့တွေ ငါ့ရဲ့ စီးစရာ မဖြစ် ချင်ဘူးလား။ ”
“ ခီဂူ မဖြစ်ချင်ဘူး။ ”
“ မန္ဂဒါလည်း မဖြစ်ချင်ဘူး။ ”
ချက်လွေ့ မျက်မှောင်ကြုတ်သွားပြီး ဟာသတစ်ခုကို ရုတ်တရက် သတိရသွားသည်။ အဖေဖြစ်သူသည် သားဖြစ်သူအား ဘဝပန်းတိုင်အကြောင်း မေးလိုက်သည်။သားဖြစ်သူက “ချမ်းသာခြင်း နှင့် မိန်းမလှ” ဟု ပြန်ဖြေရာ အဖေဖြစ်သူသည်သူ့သားကို ဖြန်းခနဲ ပါးရိုက် လိုက်သည်။ထို့နောက် သားဖြစ်သူက “ အသက်မွေးဝမ်းကြောင်းလုပ်ငန်း နှင့် အချစ် ” ဟု ပြန်ဖြေလိုက်ရာ အဖေဖြစ်သူသည် သူ၏သားခေါင်းကို ပုတ်ကာ ချီးကျူးလိုက် သည်။
“ ခီဂူ။မန္ဂဒါ။မင်းတို့တွေ ငါ့ရဲ့ ပျံသန်းရေးအဖော် ဖြစ်ချင်ကြလား။ငါတို့တွေ ကောင်းကင် ထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရတယ်။နောက်ပိုင်းကျရင် အသံတိတ်ည စိမ့်မြေကို တောင် သွားလို့ရရင် ရနိုင်တယ်။ ”
“ ခီဂူ ဖြစ်ချင်တယ်။ ”
“ မန္ဂဒါလည်း ဖြစ်ချင်တယ်။ ”
“…”
ဉာဏ်များသည့် အဆိပ်နဂါးနှင့်ယှဉ်လျှင် ဤရိုးစင်းသည့် ဝိုင်ဗန်များသည် အလွန် ချစ်စဖွယ် ကောင်းလှသည်။
ဝိုင်ဗန်များအား ချန်လွေ့ အောင်အောင်မြင်မြင် လိမ်လည်ပြီးချိန်၌ အသီနာနှင့်အတူ အဲလစ် ရောက်လာသည်။
လိုလီလေးသည် ကတိအတိုင်း နွယ်ကျောက်၅၀ မပေးနိုင်သည့်အတွက် ချန်လွေ့ကို တောင်းပန်လိုက်သည်။သူ၏ အစ်မ နုတ်ယူလိုက်သည့်အတွက် အဲလစ်သည် ၆ခုသာ ရပေတော့သည်။နွယ်ကျောက်၆ခု ရောက်သည့်အချိန်၌ ချက်ချင်းပေးမည်ဖြစ်ကြောင်း အဲလစ်က ချန်လွေ့ကို ပြောလိုက်သည်။
ချန်လွေ့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ထို့နောက် မချုပ်နှောင်ထားသည့် ဝိုင်ဗန်နှစ်ကောင်ကို တွေ့လိုက်ရာ လိုလီလေး၏ လှပသော ခရမ်းရောင်မျက်လုံးများ ပြူးကျယ်သွားသည်။
အသီနာနှင့်အဲလစ်သာ ဖြစ်သည့်အတွက် ချန်လွေ့ မဖုံးကွယ်ဘဲ သားရဲထိန်းကျောင်း အစွမ်းကို ပြောပြလိုက်သည်။သို့သော် ထိုအစွမ်း နိုးထသည်မှာ သိပ်မကြာသေးကြောင်း အလေးပေးပြောထားပြီး အစွမ်းသုံးရ ခက်ခဲနေသေးသည်ဖြစ်ကြောင်း ချန်လွေ့ ပြောလိုက်သည်။
မနေ့က အထူးလေ့ကျင့်ရေး၌ ဂရစ်ဖင်းနှင့် အလျင်အမြန်ရင်းနှီးသွားသည့် အဖြစ်ကို အသီနာ သတိရသွားပြီး ချက်ချင်းပင် မပျော်မရွှင်ဖြစ်သွားသည်။
“ မနေ့က လေ့ကျင့်တုန်း ငါကိုဘာလို့ မပြောတာလဲ။ ”
ချန်လွေ့ ခဏ စဉ်းစားပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ အဲဒီတုန်းက သားရဲထိန်းကျောင်းအစွမ်း နိုးထခါစပဲရှိသေးတာ။ပြီးတော့လည်း အဲဒါပြီးတော့ မင်းငါ့ကို ရှင်းပြဖို့အခွင့်အရေး ပေးခဲ့လို့လား။ ”
“ ကလဲ့စား ” အကြောင်း အသီနာတွေးမိသွားပြီး မျက်နှာထူပူသွားသည်။ဝိုင်ဗန်များကို စိတ်လှုပ်ရှားစွာ ကြည့်နေသည့် အဲလစ်ကို အသီနာ လက်ညှိုးထိုးပြပြီး ခြိမ်းခြောက်သည့် အမူအရာ ပြလိုက်ကာ အဲလစ်ကို မပြောပြရန် အရိပ်အမြွက်ပြလိုက်သည်။ချန်လွေ့လည်း ခပ်မြန်မြန် ခေါင်းညိတ်လိုက်သည်။
“ ချန်လွေ့။ငါ ဒီဝိုင်ဗန်စီးပြီး ပျံကြည့်လို့ရမလား။ ”
အဲလစ်သည် ဝိုင်ဗန်းများ မကြမ်းတမ်းသည့်အတွက် စတင်တွေး ကြည့်တော့သည်။
“ မရဘူး။ဝိုင်ဗန်ရဲ့ အရေပြားနဲ့ အသက်ရှူတာတွေက တော်တော်လေးကို အဆိပ်ရှိတယ်။ မင်းသမီးလေးက သိပ်လှတယ်လေ။အရေပြား ပုပ်သွားတာ မဖြစ်ချင်ဘူး မဟုတ်လား။ ”
ချန်လွေ့သည် လိုလီလေး၏ မျှော်လင့်ချက်ကို ခပ်မြန်မြန်ပင် အမြစ်ဖြုတ်ပစ်လိုက်သည်။ အဲလစ်နှင့် ဝိုင်ဗန်ပေါင်းလျှင် ပျက်စီးမှုသည် ရိုးရှင်းလိမ့်မည် မဟုတ်ပေ။နန်းတော်ကိုပါ ဖျက်ဆီးကြပေသည်။
“ အဆိပ်ဖြေဆေး ဖန်တီးဖို့ မဖြစ်နိုင်ဘူးလား။မဟုတ်ရင် နဂါးနိုင်သူရဲကောင်းတွေ ဘယ်လိုစီးမှာလဲ။ ”
အဲလစ် မကျေမနပ် နှုတ်ခမ်းထော်ပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။
“ အသီနာ။နင့်မျက်နှာ ဘာလို့ နီနေတာလဲ။နေမကောင်းဘူးလား။ ”
“အဲ....အဲဒါက ငါ အမြင့်ဆင့် နတ်ဆိုးကို ရောက်တာ မကြာသေးလို့ဖြစ်မယ်။အဲဒါကြောင့် ငါ့ကိုယ်ထဲက မီးတောက်ရဲ့စွမ်းအားကို လွတ်လွတ်လပ်လပ် မထိန်းချုပ်နိုင်ဘူး။ ”
အသီနာ ခပ်မြန်မြန် စကားလမ်းကြောင်း လွှဲလိုက်သည်။
“ အဲလစ်။ဝိုင်ဗန်တွေက ကစားစရာ မဟုတ်ဘူး။သာမန်အဆိပ်ဖြေဆေးက အချိန်ခဏပဲ ခံတယ်။အဲလန် ဖြစ်ပျက်သွားခဲ့သလိုပေါ့။နဂါးနိုင်သူရဲကောင်းတွေရဲ့ လေ့ကျင့်ရေးက အဆိပ်ကို ခံနိုင်ရည်ရှိအောင် အဆိပ်တွေနဲ့ အချိန်အကြာကြီး ထိတွေ့ရတယ်လို့ကြားဖူး တယ်။ပြီးတော့ သူတို့က ဝိုင်ဗန်ရဲ့အဆိပ်ကို ကျင့်သားရသွားတယ်။အဆိပ်နဲ့ ထိတွေ့ရ တာကြောင့် နဂါးနိုင်သူရဲကောင်းတွေက ရုပ်ဆိုးကြတယ်။ ”
“ကောင်းပြီလေ။ငါလည်း ရုပ်မပျက်ချင်ဘူး။ ”
အဲလစ် ကြောက်သွားပုံရသည်။သူ စိတ်ပြောင်းပြီး ပြောလိုက်သည်။
“ ချန်လွေ့။ရှင့်ရဲ့ ‘ ကြော်ငြာ ’ နည်းလမ်းက မဆိုးဘူး။ဆိုင်မှာ ဈေးဝယ်သူတွေ ပိုများ လာတယ်။ဝင်ငွေလည်း ပိုများသွားတယ်။ဆိုင်ကိုနေ့တိုင်းသွားပြီးတော့ ကူညီပေးနိုင် မလား။ ”
“ စိတ်မကောင်းပါဘူး။မင်းသမီးလေး။ငါ့မှာ အချိန်တကယ်မရှိလို့ပါ။အခု တော်ဝင် မင်းသမီးက ငါ့ကို အတွင်းရေးမှူး ရာထူး ပေးထားတယ်။ငါနေ့တိုင်း အလုပ်လုပ်ရမယ်။ ”
ချန်လွေ့ ခပ်မြန်မြန် ငြင်းလိုက်သည်။
“ ပြန်လာရင်လည်း သားရဲထိန်းကျောင်းအစွမ်း လေ့ကျင့်ရမယ်။ဆရာအဲဒက်စ် ဆီကနေလည်း ဆေးပညာတွေ သင်ရမယ်။တစ်နေ့လုံး အလုပ်များနေမှာ။တော်တော် လေးကို ပင်ပန်းတယ်။ငါမင်းကို ကူညီဖို့ ဘယ်လိုလုပ် အားရှိမှာလဲ။ ”
“ သားရဲထိန်းကျောင်း လေ့ကျင့်ဖို့လား။ ”
အဲလစ်၏မျက်လုံး တောက်ပသွားသည်။သို့သော် ဝိုင်ဗန်၏အဆိပ်ကို တွေးမိသွားပြီး မကျေမနပ် ပြောလိုက်သည်။
“ အချိန်အကြာကြီးခံတဲ့ အဆိပ်ဖြေဆေးရလာရင် လျို့ဝှက်လေ့ကျင့်ဖို့အတွက် ငါကို ခေါ်သွားဖို့ မမေ့နဲ့။ငါလည်း ဝိုင်ဗန်စီးပြီး ကစားချင်တယ်။ ”
ချန်လွေ့ သာမန်ကာလျှံကာ သဘောတူလိုက်သည်။အဲလစ် ခဏစဉ်းစားပြီး ပြောလိုက်သည်။
“ ချန်လွေ့။ရှင့်မှာ အကြံတွေ အများကြီး ရှိတယ်ဆိုတာ ငါသိတယ်။ရှင်ဘယ်လိုထင်လဲ။ တကယ်လို့ ငါက ကုန်သည်ကြီးများအသင်း တည်ထောင်ဖို့ နည်းလမ်းရှာရင် အဲဒီ မကောင်းတဲ့ ဂျိုးဆက်ပ်ကို ယှဉ်နိုင်မှာလား။ ”
ချန်လွေ့ ကြောင်သွားသည်။အဲလစ်၏ စိတ်သည် အလွန် ရှင်းလင်းသည်။ကုန်သည်ကြီး များအသင်း ထောင်ရန်ပင် အကြံရှိနေသည်။သူသည် အစ်မဖြစ်သူအား စီးပွားရေးအကျပ် အတည်းမှ လွတ်မြောက်နိုင်ရန် အမှန်တကယ် ကူညီချင်ပုံရသည်။အဲလစ်သည် အမှန် တကယ်ပင် စဉ်းစားတတ်သည့် လျို့ဝှက်အမူအကျင့်များရှိသော လိုလီလေးပင် ဖြစ်သည်။ သို့သော် လိုလီလေး မည်မျှပင် တော်ပါစေ သူသည် ငယ်ရွယ်လွန်းသည်။ကိစ္စအများစုကို လွယ်ကူသည်ဟု သူ ထင်နေပုံရသည်။
“ ကုန်သည်ကြီးများအသင်းအတွက်တော့ အခုအချိန်မှာ မင်းသမီးလေး မစဉ်းစားနဲ့ဦး။ ဒီလမ်းကြောင်းကို တကယ်သွားချင်တယ်ဆိုရင်တော့ အရင်ဆုံး ဆိုင်ကိုပဲ ကောင်းကောင်း လည်ပတ်အောင် လုပ်လိုက်ပါဦး။ ”
အဲလစ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ ငါရဲ့ဆိုင်က ကောင်ကောင်းကြီး လည်ပတ်နေတယ်လို့ ထင်တယ်။ ”
“ မလုံလောက်သေးဘူး။ ”
လိုလီလေး မကျေနပ်ဘဲ ပြန်ခံပြောရန် ပြင်လိုက်စဉ် ချန်လွေ့၏ မျက်လုံးထဲ၌ ယုံကြည်မှုကို မြင်သွားပြီး စကားပြောင်းလိုက်သည်။
“ ဒါဆို ငါ ဘာလုပ်ရမလဲ။ ”
ကိုယ်ပိုင် ပိုက်ဆံရှာအစီအစဉ်တစ်ခု ချန်လွေ့ စဉ်းစားမိလိုက်ပြီး သူ၏နှလုံးသား လှုပ်ရှားသွားသည်။ အဲဒါက အဆင်သင့်ရနိုင်တဲ့ဆိုင် မဟုတ်လား။
“ ဒါက မင်းသမီးလေး ဆိုင်ကို အမှန်တကယ် ကောင်းကောင်း လည်ပတ်ချင်လား မလည်ပတ်ချင်ဘူးလား ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။မင်းသမီးလေးက ကစားရုံပဲဆိုရင် ဒါက လုံလောက်ပြီ။ဒါပေမဲ့ အတည်အတံ့လုပ်ပြီးတော့ တော်ဝင် မင်းသမီးကို ကူညီချင်တယ် ဆိုရင်တော့ အများကြီး ကြိုးစားအားထုတ် ရဦးမယ်။ လူသားလောကမှာ ဆိုရိုးတစ်ခုရှိတယ်။လောကမှာ သင် မလုပ်ချင်တဲ့အရာတွေ ရှိရင် ရှိမယ်။ဒါပေမဲ့ သင် ကောင်းကောင်းမလုပ်နိုင်တဲ့အရာဆိုတာ မရှိဘူး။ ”
လိုလီလေးသည် ရှားပါးလှသည့် မျက်နှာတည်ကြီးဖြစ်သွားပြီး ပြန်ပြောလိုက်သည်။
“ ငါတကယ် အောင်မြင်ချင်တယ်။အဲဒီ မကောင်းတဲ့ ဂျိုးဆက်ပ်ကို အနိုင်ယူချင်တယ်။ ”
ချန်လွေ့ ခေါင်းညိတ်ပြီး သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။
“ မင်းသမီးလေး။ငါအမှန်အတိုငိး ပြောပြမယ်။သားရဲထိန်းကျောင်းအစွမ်းက မှော်ပစ္စည်း တွေ အများကြီး ရေရှည်လိုအပ်တယ်။ဥပမာ နွယ်ကျောက်လိုမျိုးပေါ့။ငါတို့ပူးပေါင်းပြီး တော့ ဆိုင်ဖွင့်ဖို့ စဉ်းစားနေတာ။မင်းက ဆိုင်နဲ့ ငွေကြေးကို ထောက်ပံ့။ငါက အကြံဉာဏ် တွေပေးမယ်။ရလာတာတွေကို ငါတို့အညီအမျှ ခွဲဝေကြမယ်။ဘယ်လိုထင်လဲ။ ”
“ ဒါကြောင့် ရှင်ကဒီနေ့ နွယ်ကျောက်တစ်ဝက် တောင်းခဲ့တာကိုး။ ”
လိုလီလေး ရုတ်တရက် သဘောပေါက်သွားသည်။ထို့နောက် ခေါင်းခါလိုက်သည်။
“ ဒါပေမဲ့ နင်က ညစ်ပတ်လွန်းတယ်။ငါက ဆိုင်နဲ့ အရင်းအနှီး စိုက်ထုတ်ရတယ်။ဒါပေမဲ့ နင်က အကြံပေးရုံပဲ။ဒါတောင် နင်က တစ်ဝက်လိုချင်သေးတာလား။ငါ အများကြီး မဆုံးရှုံးဘူးလား။ဒါက နင်ပြောခဲ့တဲ့ အရင်းအနှီးမလိုဘဲ ပိုက်ဆံရှာတာ ဖြစ်မယ်။ ”
ပိုက်ဆံနှင့် ပတ်သက်လာလျှင် အဲလစ်သည် အတွက်အချက် ထူးချွန်သွားသည်။ချန်လွေ့ ပြုံးပြီး ပြောလိုက်သည်။
“ မင်းသမီးလေး။ဒီလို တွက်ချက်ရတာ မဟုတ်ဘူး။ဥပမာပြောပြမယ်။အရင်က မင်း တစ်နေ့ကို သလင်းကျောက်နက်ဒင်္ဂါး ၄ပြားရတယ်ထားလိုက်။ဒါပေမဲ့ ငါ့ရဲ့ အကြံဉာဏ် တွေ ထပ်ဖြည့်လိုက်ရင် တစ်နေ့ကို သလင်းကျောက်နက်ဒင်္ဂါး ပြား၄၀ ရမယ်။ငါ့ကို တစ်ဝက်ပေးရင်တောင် မင်းရမှာက နဂိုရတာထက် ပိုများတယ်လေ။သေချာစဉ်းစား ကြည့်။မင်းရှုံးသေးလား။ ”
“ ငါဆိုင်ရဲ့ ဝင်ငွေကို အဲဒီလောက် တိုးသွားအောင် နင်တကယ် လုပ်နိုင်တာလား။ ”
အဲလစ် ရုတ်တရက် လေးနက်သွားသည်။
“ ဒါက ပြဿနာ မဟုတ်ပါဘူး။ ”
ချန်လွေ့သည် လောဘကြီး လိုလီလေးကို ဆက်ပြီး မျှားခေါ်သွားသည်။
“ ဆိုင်ကိုလည်ပတ်နေရင်းနဲ့ အတွေ့အကြုံတွေ စုဆောင်းလို့ရတယ်။အချိန်ကျလာရင် ဆိုင်ခွဲတွေ ဖွင့်လို့ရမယ်။အဲဒါက တော်ဝင်မင်းသမီးကို ကူညီပေးနိုင်သလို ဂျိုးဆက်ပ်ကို လည်း ဖိနှိပ်နိုင်မယ်။နောက်ပိုင်း ငါတို့မှာ အင်အား လုံလုံလောက်လောက်ရှိရင် ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီးတော့ ဂျိုးဆက်ပ်ကို အနိုင်ယူဖို့က မဖြစ်နိုင်တာ မဟုတ်တော့ဘူး။ ”
“ တကယ်ပဲလား။ ”
အဲလစ်၏ ကြီးမားလှပသည့် မျက်လုံးများသည် အရောင်တောက်ပသွားသည်။ထို့နောက် ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
“ ဆုံးဖြတ်လိုက်ပြီ။နင်က စွမ်းဆောင်ရည်ရှိတာ ငါသိတယ်။နင်က အံ့ဩဖွယ်ရာတွေကို လုပ်ဆောင်ခဲ့ပြီးပြီ။အဲဒါကြောင့် ငါရှင့်ကို ယုံကြည်တယ်။အဲလစ်ရဲ့ အနာဂတ်က.... .ရှင့်လက်ထဲမှာနော်။အစ်ကို ချန်လွေ့။ ”
နောက်ဆုံးစကားသည် နည်းနည်းတော့ များသည်။ချန်လွေ့ သိမ့်သိမ့်တုန်သွားပြီး စိတ်တည်ငြိမ်အောင် မနည်းကြိုးစားလိုက်ရသည်။ထို့နောက် ချန်လွေ့ ပြန်ပြောလိုက် သည်။
“ အမြင့်ကြီးမမှန်းနဲ့ဦး။အခုတော့ အရင်ဆုံး ဆိုင်ကောင်းကောင်း လည်ပတ်အောင် လုပ်ရမယ်။အရင်က ရိုးရိုးကြော်ငြာတာတွေက ဆိုင်လူသိများလာအောင် လုပ်တာပဲ။ ဆိုင်ထဲ လူပိုဝင်လာလေ ပစ္စည်းတွေ ပိုပြီးဝယ်ဖို့ အခွင့်အရေး ပိုများလေပဲ။ဆိုင်ကို ကောင်းကောင်းလည်ပတ်ဖို့က ဒါနဲ့ မလုံလောက်ဘူး။မင်းရဲ့ဆိုင်မှာရှိတဲ့ ပစ္စည်းတွေက ဈေးကြီးတယ်။ဒါပေမဲ့ ဈေးကြီးတဲ့ပစ္စည်းတွေကလည်း သူ့နည်းနဲ့သူ့ဟန် ရောင်းလို့ရတာ တွေရှိတယ်။မင်းက မင်းသမီးလေးဖြစ်တာ ကံကောင်းတာပဲ။မင်းဆိုင်က ပစ္စည်းကို ဝယ်ရင် ဂုဏ်ယူတဲ့ ခံစားချက်ရအောင် လုပ်လို့ရတယ်။ဒါက အကြံအစည် အကျဉ်းပါပဲ။ စီးပွားရေး ကောင်းကောင်းလည်ပတ်ဖို့ အဘက်ဘက်ကနေ ကြည့်ရတယ်။ဥပမာပြောရင် ဈေးဝယ်သူတွေကို ဆက်ဆံနဲ့ပုံစံနဲ့ ဆိုင်ဝန်ထမ်းအချင်းချင်း စကားပြောတဲ့ ပုံစံတွေပေါ့။ ဈေးဝယ်သူတွေနောက်တစ်ခါလာဝယ်ဖို့ သက်သောင့်သက်သာနဲ့ လေးလေးစာစား ခံရအောင်လုပ်ရမယ်။ဝန်ထမ်းတွေ နေရာချတာကိုလည်း ပြောင်းလဲရမယ်။ဥပမာ ခါဂူရီကို ကြည့်။သူက ဆိုင်လုံခြုံရေး လုပ်လို့ရတယ်။ဒါပေမဲ့ ဈေးဝယ်သူတွေကို ကြိုဆိုဖို့ အဆင် မပြေဘူး။ပြီးတော့ ပစ္စည်းအမျိုးအစားခွဲတာတွေ၊ ပြသတာတွေ၊ ဈေးနှုန်းကိစ္စတွေလည်း ရှိသေးတယ်.... ”
ချန်လွေ့အများကြီး ပြောလိုက်သည်။အသီနာ စိတ်မဝင်စားပေ။သို့သော် အဲလစ်၏ မျက်လုံးများ တောက်ပသထက် တောက်ပလာသည်။တစ်ခါတစ်ရံ မေးခွန်းထမေးသည်။ ချန်လွေ့လည်း တစ်ခုပြီးတစ်ခု စိတ်ရှည်စွာ ပြန်ဖြေပေးသည်။လိုလီလေးသည် အမှန် တကယ်ကို ဘောပင်ထုတ်ကာ ရေးမှတ်နေသည်။ ချန်လွေ့နှင့် အဲလစ်တို့ ဆိုင်ဖွင့်ရန် ကြံပြီး ဆွေးနွေးမှုများလုပ်နေသည်ကို ကြည့်ရင်း အသီနာ ဝင်မပါနိုင်ပေ။ထို့နောက် သူသည် အကြောင်းပြချက်မရှိဘဲ မပျော်မရွှင်ဖြစ်သွားသည်။
“ ဆုံးဖြတ်လိုက်ပြီ။ငါ့ရဲ့ဆိုင်ကို မင်းသမီးလက်လီဆိုင် လို့ နာမည်ပေးမယ်။”
အဲလစ်သည် မိုးပေါ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“ မင်းသမီးလက်လီဆိုင်ကို အမှောင်လမြို့မှာ နာမည်အကျော်ဆုံးနဲ့ အဆင့်မြင့်ဆုံး ဖြစ်အောင် ငါလုပ်ချင်တယ်။ပြီးရင် ဆိုင်ခွဲတွေ အများကြီးဖွင့်မယ်။နောက်ပိုင်းကျရင် ကုန်သည်ကြီးများအသင်းထောင်ပြီး လိပ်ပြာနီနယ်မြေကနတ်ဆိုးတွေကို အမှောင်လ နယ်မြေကနေ မောင်းထုတ်ပစ်မယ်။ ”
အဲလစ်သည် စီးပွားရေး၌ ပါရမီရှိသည်။သင်ပေးသည့်အခါ အလွယ်တကူ နားလည်သည်။ သို့သော်လည်း ချန်လွေ့သည် စတိုးဆိုင်ဖွင့်ရာ၌သာ အတွေ့အကြုံရှိသည်။ ကုန်သည်ကြီးများအသင်းအကြောင်း ဆွေးနွေးရန် စောလွန်းသေးသည်။
“ မဖြစ်ဘူး။ဆိုင်ကိုအခုပဲ သွားရမယ်။ ”
အဲလစ် ဘဝင်ခိုက်နေသည်။
“ အရင်ဆုံး ဆိုင်ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပစ္စည်းတွေကို ပြန်စီစဉ်ရမယ်။အဆင်သင့် ဖြစ်သွားရင် နင်ပြောသလိုမျိုး မဟာ ပြန်လည်-ဖွင့်ပွဲကြီးကို လုပ်မယ်။အသီနာ။နင်ငါနဲ့ လိုက်ချင်လား။ ”
အသီနာ ခေါင်းခါလိုက်သည်။
“ နင်ပဲသွားလိုက်ပါ။စီးပွားရေးအကြောင်း ငါဘာမှ မသိဘူး။ပြီးတော့ ဒီဝိုင်ဗန် နှစ်ကောင်းကို ငါပိုပြီး လေ့လာချင်သေးတယ်။ ”
“ နင့်မျက်နှာက နီနေတုန်းပဲ။ကိုးကားဖို့အတွက် ဒါနင့်ကို ပေးလိုက်မယ်။အသာလုပ်ဖို့ မမေ့နဲ့နော်။ ”
အဲလစ် မျက်လုံးကစားလိုက်ပြီး အသီနာကို စာအုပ်လေးတစ်အုပ်ပေးကာ စမ်းသပ်ခန်းမှ ထွက်သွားလိုက်သည်။
အသီနာ စာအုပ်လေးကိုယူပြီး မကြည့်ခဲ့ပေ။ဝိုင်ဗန်များကိုသာ သဘောကျစွာ ကြည့်နေသည်။
“ ငါ ငယ်ငယ်ကတည်းက နဂါးနိုင်သူရဲကောင်း ဖြစ်ချင်ခဲ့တာ။ဝိုင်ဗန်တွေကို စီးနိုင်မယ့် နည်းလမ်း ရှာပေးနိုင်မလား။ ”
အသီနာသည် သားရဲထိန်းကျောင်းရာ၌ ကျွမ်းကျင်ကြောင်း ချန်လွေ့သိသည်။သူသည် အဲလစ်ကဲ့သို့ အရမ်းမဲ့ လုပ်မည်မဟုတ်ပေ။ထို့ကြောင့်ချန်လွေ့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ အစွမ်းထက်တဲ့ အဆိပ်ဖြေဆေးတစ်ခု ဆရာဖော်စပ်ပြီးတဲ့အခါကျရင် မင်းကိုအရင် ပြောပြမယ်။သားရဲထိန်းကျောင်းတဲ့အကြောင်း ငါမင်းကို မေးစရာနည်းနည်းရှိသေးတယ်။ ဒါပေမဲ့ အဲလစ်ကို မပြောနဲ့နော်။သူ ဝိုင်ဗန်စီးရင် ဘာတွေပြဿနာရှာမလဲ ဘယ်သူမှ မသိနိုင်ဘူး။ ”
“ တကယ်လား။ ”
သူတို့နှစ်ဦးကြား၌ လျို့ဝှက်ချက်ဖြစ်ကြောင်း ကြားလိုက်ရာ အသီနာ စိတ်ထဲ၌ ပျော်သွား သည်။ယခင်ကမပျော်ရွှင်မှုအနည်းငယ်သည်လည်း ချက်ချင်းပင် အစအနပါမကျန် ပျောက်ကွယ်သွားသည်။
“ အင်း။ငါကတိပေးပါတယ်။ ”
ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ အိုး။ခုနက အဲလစ် မင်းကို ဘာပေးလိုက်တာလဲ။ ”
အသီနာ စာအုပ်ကို မြှောက်လိုက်ရာ ချန်လွေ့သည် သိချင်စိတ်ဖြင့် အနားကပ်ကြည့် လိုက်သည်။စာအုပ်အဖုံး၌ စာသားများမှာ အောက်ပါအတိုင်းဖြစ်သည်။ ရှက်ခြင်းမှ ဝေးဝေးပြေး။ယောက်ျားတစ်ယောက်ကို ကိုယ့်လက်ထဲမှာ ထိန်းချုပ်နည်း သင်ပေးမယ်။ ခုနက ပျောက်သွားသည့် အရှက်သည် ချက်ချင်းပင် အသီနာ၏မျက်နှာတစ်ခုလုံးကို ဖုံးသွားသည်။သူ ဆက်မနေနိုင်တော့ဘဲ ခပ်မြန်မြန် ထွက်သွားလိုက်သည်။ ထိုနေရာ၌ “ ယောက်ျားတစ်ယောက် ” သာ ထိတ်လန့်ပြီး ကျန်ရစ်နေခဲ့သည်။သူ၏ ပင်ကိုယ် အရည်အချင်း မည်မျှပင် ထူးချွန်နေပါစေ နတ်ဆိုးမိန်းကလေးသည် နတ်ဆိုး မိန်းကလေးသာ ဖြစ်ပေသည်။