← Chapters

ခြုံငုံစီစဉ်ခြင်း။ဗျူဟာပညာရှင် ပေါ်ထွက်လာမှု

Vol. 3 Ch. 41

ခြုံငုံစီစဉ်ခြင်း။ဗျူဟာပညာရှင် ပေါ်ထွက်လာမှု

Vol. 3 Ch. 41

ချန်လွေ့ လေးလေးနက်နက်စဉ်းစားလိုက်ရာ ယခင်အတွေ့အကြုံများနှင့် ဗဟုသုတများ စိတ်ထဲဖြတ်ခနဲ ပေါ်လာ၏။အများစုမှာ အသုံးဝင်နိုင်ကြောင်း ခံစားရသော်လည်း ကျစ်လစ်သည့် အကြံအစဉ်တစ်ခု တစ်ဆက်တည်း မစဉ်းစားနိုင်ခဲ့ပေ။ထို့ကြောင့် သူ၏မှတ်ဉာဏ်ထဲ၌ ဖြည်းဖြည်းချင်းသာ ဆက်လက် ရှာဖွေရတော့သည်။

ရှီရာ မနှောင့်ယှက်ဘဲ ချန်လွေ့ကို တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေပြီး အဖြေကို စောင့်ဆိုင်းနေ၏။ဤလူသားသည် ထူးထူးခြားခြား မခန့်ညားသည်မှာ အမှန်တကယ်ဖြစ်သော်လည်း သူ၏စဉ်းစားနေပုံသည် ထူးထူးဆန်းဆန်း ဆွဲဆောင်မှုရှိနေသည်။ထို့ကြောင့်ပင် အဲလစ်နှင့်အသီနာတို့သည် ချန်လွေ့နှင့်အတူ တွဲသွားတွဲလာရခြင်းကိုသဘောကျခြင်း ဖြစ်ပေမည်။

“ အရှင်မက စိတ်ဓာတ်ခိုင်မာမှတော့ ကျွန်တော့် ဉာဏ်ပညာက သာမန်ပဲဖြစ်ပေမဲ့ ကြိုးစားပြီးတော့အကြံပေးပါ့မယ်။ ”

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချန်လွေ့သည် နောက်ဆုံး၌ ဖွဲ့စည်းပုံကြမ်းတစ်ခု ရသွားသည်။

“ အမှောင်လမြို့ အခြေအနေက အတွင်းရော အပြင်ပါ တစ်ပြိုင်တည်း ပြဿနာ ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ယေဘုယျအားဖြင့်တော့ ပြင်ပပြဿနာတွေကို ကာကွယ်ဖို့အတွက် အတွင်းပြဿနာတွေကို အရင်ဖြေရှင်းရမယ်။အမှောင်လမြို့ ကိုယ်တိုင် အစွမ်းထက်ဖို့က မြို့တော်ကိုခုခံဖို့ အခြေခံအကျဆုံး သတ်မှတ်ချက်ပဲ။ ဒါပေမဲ့ လည်း အခု မင်းသားအိုဆိုင်ဒန်က စိတ်မရှည်တော့ဘူး။အမှောင်လမြို့ကို ရှင်းပစ်ဖို့ နည်းအမျိုးမျိုး သုံးနေပြီ။စစ်ပွဲသာဖြစ်ရင်တော့ လက်ရှိအခြေမှာ အမှောင်လမြို့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။အဲဒါကြောင့် ကျုပ်တို့ တစ်ခါတည်း နှစ်လမ်းသွားရမယ်။ ပထမတစ်ခုက ဖွံ့ဖြိုးတိုးတက်အောင် အချိန်ဆွဲဖို့အတွက် အိုဆိုင်ဒန်ကို အာရုံလွဲရမယ်။ ဒုတိယတစ်ခုက နယ်မြေတွင်းပြဿနာတွေကို အမြန်ဆုံးရှင်းပြီးတော့ အင်အားတိုးတက် အောင် မြန်မြန်လုပ်ရမယ်။ ”

ရှီရာသည် “ ကျုပ်တို့ ” ဟူသော စကားအသုံးကို အတော်သေး ကျေနပ်သွားပြီး ပြောလိုက်သည်။

“ အ‌ခြေအနေတစ်ခုလုံးသုံးသပ်သွားတဲ့ မင်းရဲ့အမြင်က တကယ့်ကို ကောင်းပါတယ်။ ဒါပေမဲ့ မေးစရာရှိတာက အချိန်ဘယ်လိုဆွဲမှာလဲ။တစ်နည်းပြောရရင်တော့ အိုဆိုင်ဒန်ကို ဘယ်လိုအာရုံပြောင်းအောင် လုပ်မှာလဲ။ ”

“ အသီနာရဲ့ဖခင် ဗိုလ်ချုပ် ဂျော့ဂ်ျက အရှင်မရဲ့ အကြီးမားဆုံး ထောက်ခံသူပဲ။ သူကလက်ရှိအချိန် မြောက်ပိုင်းနယ်စပ်မှာရှိတဲ့ မှော်ဆရာခံတပ်ကို စောင့်ကြပ်နေတယ်။ အင်ပါယာသုံးခုက ငြိမ်းချမ်းရေးစာချုပ် ချုပ်ထားပေမဲ့လည်း သွေးရောင်အင်ပါယာက နယ်စပ်ကို ခဏခဏ နှောင့်ယှက်တတ်တယ်လို့ အသီနာပြောတာ ကြားဖူးတယ်။ တစ်ခါတစ်လေ သူတို့က တိုက်ပွဲအသေးစားတွေတောင် ဖန်တီးကြတယ်။ဒါပေမဲ့ သွေးရောင်အင်ပါယာ ဧကရာဇ်ရိုင်ဇန်က ဒါကိုမျက်ကွယ်ပြုထားတယ်။ပြီးတော့ သူက စစ်တပ်ကို မချုပ်တည်းထားဘူး မဟုတ်လား။ ”

ရှီရာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ အဲဒီတုန်းက နတ်ဆိုးဘုံအတွက် သန်းခေါင်နေအရှင် အသက်စွန့်ခဲ့တာကို အိုဆိုင်ဒန် အသုံးချပြီးတော့ သွေးရောင်အင်ပါယာနဲ့အရိပ်နက်အင်ပါယာတို့ကို ငြိမ်းချမ်းရေးစာချုပ် ချုပ်ခဲ့တယ်။ဒါပေမဲ့လည်း အိုဆိုင်ဒန်က အင်အားရော၊ဂုဏ်ဩဇာရော၊ပါရမီရော ဘယ်တစ်ခါမှ အခြားအင်ပါယာနှစ်ခုနဲ့ မယှဉ်နိုင်ဘူး။အဲဒါကြောင့် အင်ပါယာနှစ်ခုက ကြယ်ကြွေတမန်အင်ပါယာကို မျက်စိကျနေတာ။အထူးသဖြင့် မဟာရိုင်ဇန် ပေါ့။ပြီးတော့ အရိပ်နက်အင်ပါယာရဲ့ မဟာကတ်သရင်း ကလည်း မရိုးရှင်းဘူး။သူက နတ်ဆိုးဘုံ တစ်ခုလုံးမှာ ဉာဏ်အမြော်အမြင် အရှိဆုံးပဲ။ကြယ်ကြွေတမန်အင်ပါယာက အစွမ်းထက်ဆုံးကနေ အစွမ်းအနိမ့်ဆုံးအထိ ကျဆင်းသွားပြီ။ ”

“ ဒါဆိုရင် အိုဆိုင်ဒန် အကြောက်ဆုံးက တခြားအင်ပါယာ နှစ်ခုပေါ့။ဗိုလ်ချုပ်ဂျော့ချ် ကလည်း မှော်ဆရာခံတပ်မှာ ရှိနေတယ်ဆိုတော့ သွေးရောင်အင်ပါယာကို ကျုပ်တို့ အခွင့်ကောင်း ယူလို့ရတယ်။ ”

ချန်လွေ့စကားကြောင့် ရှီရာ မျက်မှောင်ကြုတ်သွားသည်။

“ မင်း နားမလည်ပါဘူး။ငါနဲ့အိုဆိုင်ဒန်ကြားက တိုက်ခိုက်မှုဟာ လူစီဖာတော်ဝင်မိသားစု နဲ့ ကြယ်ကြွေတမန်အင်ပါယာရဲ့ အတွင်းရေးပြဿနာပဲ။အမှောင်လမြို့ အခြေအနေ ဘယ်လောက်ပဲဆိုးဆိုး တိုင်းတပါးရန်သူတွေနဲ့တော့ ပူးပေါင်းတဲ့အထိ နိမ့်ကျမှာ မဟုတ်ဘူး။ရိုင်ဇန်ရဲ့စွမ်းအားနဲ့ အိုဆိုင်ဒန်ကို ဖြိုခွင်းနိုင်ရင်တောင် ကြယ်ကြွေတမန် အင်ပါယာကို သွေးရောင်အင်ပါယာဆီ ပေးလိုက်တာနဲ့ အတူတူပဲ။ပြီးရင် လူစီဖာ မိသားစုလည်း ပျက်သုဉ်းသွားမယ်။ရှီရာဆိုတဲ့ငါကလည်း အင်ပါယာရဲ့ အကြီးကျယ်ဆုံး အပြစ်သားတစ်ယောက် ဖြစ်သွားမယ်။ ”

“ အရှင်မ အထင်လွဲနေပြီ။ ”

ချန်လွေ့ အသာပြုံးလိုက်သည်။

“ ကျုပ်ဆိုလိုတာက လိုအပ်တဲ့အချိန်ကျရင် သွေးရောင်အင်ပါယာကျူးကျော်တဲ့ပုံစံ ဗိုလ်ချုပ်ဂျော့ဂ်ျကို လုပ်ခိုင်းပြီးတော့ အိုဆိုင်ဒန် အာရုံစိုက်လာအောင် လုပ်ရမယ်။ဒါလည်း မလုံလောက်သေးဘူး။ပြင်ပ ပြဿနာတွေအပြင် အင်ပါယာအတွင်းမှာပြဿနာတွေ ဖန်တီးပြီးတော့ အိုဆိုင်ဒန်ကို အာရုံပြောင်းအောင် လုပ်ရမယ်။အမှောင်လမြို့အတွက် အဖိုးတန် အချိန်ဆွဲနိုင်ဖို့အတွက် အိုဆိုင်ဒန်ကို အတွင်းအပြင်ပြဿနာ တစ်ပြိုင်နက်တည်း ခံစားရအောင်လုပ်ရမယ်။ ”

ရှီရာ အသာလေးခေါင်းညိတ်ပြီး ချီးကျူးလိုက်သည် ။

“ ဒီအကြံက တော်တော်လေး ဆန်းသစ်တယ်။ဗိုလ်ချုပ်ဂျော့ချ်ကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ အတွင်းပြဿနာအတွက်တော့ ငါ့ကိုအပေါ်ယံထောက်ပံ့ပေးခဲ့တဲ့ အရှင်သခင် တွေက အိုဆိုင်ဒန်ဘက်ကို ရောက်သွားပြီ။ပြီးတော့ လိပ်ပြာနီနယ်မြေကလည်း အမှောင်လမြို့ကို အဘက်ဘက်က တားမြစ်ထားတယ်။ဒါက လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မယ်။ ”

“ ကျုပ်ပြောချင်တဲ့ အတွင်းပြဿနာဆိုတာက မြို့တော်ကို ဖိအားပေးဖို့အတွက် အရှင်သခင်တွေ အသုံးပြုဖို့ မဟုတ်ဘူး။တစ်ခြားနည်းနဲ့ပါ။ဒါပေမဲ့ ဒီနည်းအတွက် ကိုယ်စားလှယ်လောင်း လိုအပ်ချက်က တော်တော်လေးမြင့်တယ်။သူက သတ္တိ ရှိရမယ်။စကားပြောကောင်းရမယ်။ထက်မြက်ရမယ်။လိုက်လျောညီထွေမှု ရှိရမယ်။ စီးပွားရေးကျွမ်းကျင်ရမယ်။သူ့နောက်ခံက ယုံကြည်ရရင် ပိုကောင်းမယ်။ ”

“ နောက်ဆုံးလိုအပ်ချက်တစ်ခုကြောင့်သာ မဟုတ်ရင် မင်းကိုယ်မင်းပြောနေတာလို့ ငါထင်တော့မလို့။ ”

ချန်လွေ့၏စကားကို ရှီရာ စိတ်ဝင်စားသွားသည်။

“ မင်းရဲ့ အစီအစဉ်ကို ငါအရင် နားထောင်ချင်တယ်။ ”

“ ဒါက ပဏာမအကြံပါပဲ။တစ်ခုခုမှားတာရှိရင် ဗွေမယူဖို့ မျှော်လင့်ပါတယ်။ ”

ချန်လွေ့ ရှေ့ကိုကိုင်းပြီး တီးတိုးပြောလိုက်သည်။ရှီရာ၏မျက်လုံးများ တဖြည်းဖြည်း တောက်ပသွားပြီးနောက် ထိတ်လန့်သွားပုံပေါ်လာသည်။ထို့နောက် အချိန်အတော်ကြာမှ ပြန်လည်တည်ငြိမ်သွားသည်။

“ မင်းရဲ့ ဉာဏ်ပညာက တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ပြောရမယ်။ ”

ရှီရာ၏ မျက်လုံးများ ခန့်ညားထည်ဝါနေသည်။

“ ဒါကို ရက်စက်တဲ့ အကြံအစည်လို့ ပြောလို့ရတယ်။ဒါသာအောင်မြင်သွားရင် မြို့တော်နဲ့ အခြားနယ်မြေတွေလည်း ဖရိုဖရဲဖြစ်သွားပြီးတော့ ငါတို့တွေလည်း ပိုက်ဆံတွေအများကြီး ရလာနိုင်တယ်။ ”

“ ကြောက်စရာ။ရက်စက်တယ်။ဟုတ်လား။အရှင်မက ကျွန်တော့်ကို ဝေဖန်နေ တာလား။ချီးမွမ်းနေတာလား။ ”

ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်သည်။

“ ဒါပေမဲ့ ဒီအကြံက အကြမ်းဖျဉ်းပါပဲ။ထပ်ပြီးတော့ အဆင့်မြှင့်ဖို့လိုတယ်။ဒါက နောက်ပိုင်းကျရင် အဓိကအခန်းကဏ္ဍမှာ ပါဝင်နိုင်တယ်။အစီအစဉ်ကို အကောင် အထည်မဖော်ခင်ပဲဖြစ်ဖြစ် အကောင်အထည် ဖော်ပြီးတဲ့အချိန်ပဲဖြစ်ဖြစ် ကျုပ်တို့ လျို့ဝှက်ထားရမယ်။ ”

ရှီရာ မျက်တောင်ခတ်ပြီး ပြောလိုက်သည်။

“ အင်း။ဒါကို လျို့ဝှက်ထားရမယ်။ဒီအကြံ ကောင်းကောင်း အလုပ်ဖြစ်ခဲ့ရင် မင်းသားအိုဆိုင်ဒန်ကို အများကြီးထိခိုက်စေမှာပဲ။ ”

“ ဒါဆို ဒါက ကျုပ်တို့ကြားက လျို့ဝှက်ချက်လေးပေါ့။ ”

ချန်လွေ့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။သို့သော်ချက်ချင်း နောင်တရသွား သည်။ သူက တော်ဝင်မင်းသမီးလည်းဖြစ်တယ်။မိန်းမလှလည်းဖြစ်တယ်။ဒါပေမဲ့ ပြဿနာက အဲဒီအရှေ့မှာ “ ရေခဲတုံး ” ဂုဏ်ပုဒ်ရှိနေတာပဲ။ အရှေ့ဆုံး၌ “ ကြောက်စရာ ” ဟူသော စကားလုံးကို ထပ်ပေါင်းထည့်ရန် လိုအပ်နိုင်ပေသည်။သူအား ဒေါသထွက်စေခဲ့လျှင် နောက်ထပ် သတ်ဖြတ်ချင်စိတ်ကို ဖြစ်စေပြီး ချန်လွေ့ ခံစားရနိုင်လေသည်။

ကံကောင်းစွာပင် ရှီရာ ဒေါသမထွက်ခဲ့ပေ။သို့သော်လည်း သူ၏မျက်လုံးများ ပို၍အေးစက်လာသည်။

“ ငါအဲဒါကို ထပ်မကြားချင်ဘူး။မင်းရဲ့ပါရမီကို ဒီလိုတွေစဉ်းစားတာထက် အစီအစဉ်ချဖို့ပဲ သုံးတာပိုကောင်းမယ်။ဥပမာ ခုနကလိုမျိုး ဆန်းသစ်တဲ့ အကြံအစဉ်ပေါ့။ ”

“ တောင်းပန်ပါတယ်။ကျုပ်ဘာမှ မရည်ရွယ်ပါဘူး။

ချန်လွေ့ ပြုံးလိုက်သည်။

“ အရှင်မက နယ်မြေအတွက် အမြဲတမ်းအလုပ်ကြိုးစားပြီးတော့ တစ်ခါမှမပြုံးတာကို သတိထားမိလို့ အရှင်မ ပြုံးစေဖို့ ရယ်စရာပြောလိုက်တာပါ။ ”

ရှီရာသည် မျက်နှာချင်းဆိုင်နံရံမှ လူစီဖာတော်ဝင်မိသားစု အမှတ်တံဆိပ်ကို စိုက်ကြည့် လိုက်သည်။သူခေတ္တ တိတ်ဆိတ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

“ နောက်ဆုံးပြုံးခဲ့တာကို ငါမမှတ်မိတော့ဘူး။ဒီပျော်ရွှင်မှုကို အဲလစ်ဆီကိုပဲ ပေးလိုက်မယ်။ ”

ချန်လွေ့ အနည်းငယ်ထိတ်လန့်သွားပြီး ခဏတိတ်ဆိတ်သွားသည်။ထို့နောက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ ကျုပ်ခုနက ပြောတာက ပြင်ပပြဿနာတွေကို ဖြေရှင်းဖို့ပါပဲ။အမှောင်လမြို့ရဲ့ အတွင်းပြဿနာတွေကလည်း အများကြီး အရေးကြီးတယ်။အမြန်ဆုံး မဖြေရှင်းနိုင်ရင် အိုဆိုင်ဒန် ဘာမှမလုပ်ရင်တောင် ကျုပ်တို့မှာ တော်လှန်ဖို့ ဘာမျှော်လင့်ချက်မှရှိမှာ မဟုတ်တော့ဘူး။ ”

ရှီရာ၏ ခရီးရောင်မျက်လုံးများ တောက်ပသွားသည်။

“ ဒီအကြောင်း မင်းရဲ့အမြင်တွေကို ငါကြားချင်တယ်။ ”

ယခင်ကဲ့သို့ ဆွေးနွေးသည့်အခြေအနေ ပြန်ဖြစ်သွားသော်လည်း အနည်းငယ် ကွာခြားနေကြောင်း နှစ်ယောက်သား ခံစားနေကြရသည်။

အမှောင်လမြို့တွင် လက်ရှိ၌ အကြီးမားဆုံး အတွင်းပြဿနာမှာ စီးပွားရေးနှင့်စစ်တပ် ဖြစ်ကြောင်း ထောက်ပြလိုက်သည်။နှစ်ခုစလုံးကို ရှီရာ အပြည့်အဝ ထိန်းချုပ်ထား သင့်ကြောင်း ပြောသည်။စစ်တပ်ပိုင်းဆိုင်ရာ၌ ရှီရာတွင် အင်ပါယာအစောင့်များ ရှိသည့်အတွက် မြို့စောင့်တပ်နှင့် ယှဉ်နိုင်သေးသည်။သို့သော် စီးပွားရေး၌ အမှောင်လမြို့၏ အသက်သွေးကြောကို လိပ်ပြာနီနယ်မြေက လုံးဝအုပ်စိုးထား သည့်အတွက် အဆိုးဆုံးအခြေအနေဖြစ်သည်။အိုဆိုင်ဒန် ပိုသိနိုင်မည့် စစ်တပ်ရေးရာ ပြဿနာနှင့်ယှဉ်လျှင် စီးပွားရေးပြဿကို ဖြေရှင်းခြင်းသည် ရှီရာ၏ ပထမဦးစားပေ ဖြစ်ရပေမည်။

ထို ခွဲခြမ်းစိတ်ဖြာမှုကို ရှီရာ သဘောတူလိုက်သည်။

“ ချန်လွေ့။မင်းရဲ့အတွေးတွေက ငါ့နဲ့ တူတူပဲ။ဒါပေမဲ့ အမှောင်လနယ်မြေရဲ့ စားစရာ အထောက်အပံ့တစ်ဝက်ကို အယ်ဗင်မိသားစုဆီကနေ ရတာ။အမှောင်လမြို့ ကုန်သည် ကြီးများအသင်းနဲ့ ဆိုင်ခန်းတစ်ဝက်က ဂျိုးဆက်ပ်လက်ထဲမှာ ရှိနေတယ်။အဲဒါကြောင့် ငါတို့ အခြေအနေက ပြုသမျှနုနေရတဲ့ဘဝ ဖြစ်နေတယ်။လွန်ခဲ့တဲ့၂နှစ်တုန်းက ခရီးသွားယာဉ်ကြီးကိုသုံးပြီးတော့ အနောက်ဘက်ကို ကုန်သွယ်လမ်းကြောင်းဖွင့်ပြီး စားစရာဝယ်ဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့ သူခိုးဓားပြတွေ လုယက်ကြလို့ ငါတို့ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။သူခိုးဓားပြတွေပြဿနာကို မရှင်းနိုင်ရင် စီးပွားရေး လမ်းကြောင်းက ဘယ်တော့မှ ချောမွေ့မှာ မဟုတ်ဘူး။ ”

“ တပ်သားတွေလွှတ်ပြီးတော့ ဘာလို့ မချေမှုန်းလိုက်တာလဲ။ ”

ချန်လွေ့ သိချင်စိတ်ဖြင့် မေးလိုက်သည်။ချန်လွေ့၏ အမြင်၌ ထိုသူခိုးဓားပြများသည် စစ်တပ်မြင်လျှင် ထွက်ပြေးသွားတတ်ကြသည်။

ရှီရာ ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

“ အဲလန်ကို ဦးဆောင်စေပြီးတော့ သူတို့ကို အမြစ်ဖြုတ်ပစ်ဖို့ သုံးလေးခေါက် စေလွှတ် ခဲ့ပြီးပြီ။ဒါပေမဲ့ တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ဒီသူခိုးဓားပြတွေက လိပ်ပြာနီနယ်မြေ ဖန်တီး ထားတဲ့ ထောင်ခြောက်လို့ ငါသံသယရှိတယ်။ရည်ရွယ်ချက်ကတော့ အမှောင်လမြို့ကို ပိုပြီးထိန်းချုပ်ဖို့ပဲ။ပြီးတော့ အဲလန်ကလည်း ကြံရာပါ ဖြစ်နိုင်တယ်။ ”

ချန်လွေ့ ‌မျက်မှောင်ကြုတ်လိုက်သည်။ မျက်လုံးဖြူ ဝံပုလွေ နဲ့‌ ကြောင်သူတော် ကျား တို့က အတွင်းနဲ့ပြင် ပူးပေါင်းနေတာပဲ။အမှောင်လမြို့ နည်းနည်း တိုးတက်လာရင် တိုးတက်မှုက ချက်ချင်း ပျောက်ဆုံးသွားတယ်။ဒီနှစ်ယောက်ကို အဆုံးမသတ်ဘဲနဲ့ အလှည့်အပြောင်းလုပ်ဖို့ ရှီရာမှာ အခွင့်အရေး မရနိုင်ဘူး။

ဝံပုလွေ နဲ့ ကျား။အိုး။ဟုတ်သားပဲ။ဝံပုလွေကို ဝါးမျိုဖို့အတွက် ကျားကိုမောင်းထုတ်တာ ဖြစ်နိုင်လား။ဒါပေမဲ့ ဒီနှစ်ယောက်က လက်ရှိ ပူးပေါင်းနေတယ်။အချင်းချင်း သတ်ကြအောင် လုပ်ဖို့ မဖြစ်နိုင်တဲ့ပုံပဲ။

“ တော်ဝင်မင်းသမီး။အတိကျဆုံး အချက်အလက်တွေ လိုတယ်။နယ်မြေအတွင်းက စာရင်းအင်း အမျိုးမျိုးတွေ၊မိသားစုတိုင်းရဲ့ အခြေအနေနဲ့ အရေးကြီးအဖွဲ့ဝင်တွေ အပါအဝင်ပေါ့။အထူးသဖြင့် ဂျိုးဆက်ပ် နဲ့ အဲလန် ပေါ့။ ”

စစ်မြေပြင်သည် ဈေးဝယ်စင်တာနှင့်တူပြီး စစ်ပွဲသည် ဈေးကွက် အပြင်အဆင်နှင့် တူသည်။အစီအစဉ်ကောင်းတစ်ခု ပြုလုပ်နိုင်ရန်အတွက် ပထမဦးစွာ ဈေးကွက်အခြေ အနေကို ခွဲခြမ်းလေ့လာ ရပေမည်။

“ မင်းမှာ သူတို့နှစ်ယောက်ကို ကိုင်တွယ်နိုင်ဖို့ နည်းလမ်းရှိနေပြီလား။ ”

ယခင်ရွေးချယ်မှုနှစ်ခုမှာ မှန်ကန်သည်ဟု ရှီရာခံစားရသည်။မဟာဆရာသခင်၏ အမွေအနှစ် မရှိလျှင်တောင် ဤလူသား၏ အစွမ်းသည် သူအတွက် တန်ဖိုးရှိပြီး အသုံးဝင်နေသည်။

“ ကျွန်တော့်ကို အထင်ကြီးနေတာပဲ။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။

“ အခုလက်ရှိတော့ ဘာအကြံမှ မရှိသေးဘူး။အဲဒါကြောင့် အသေးစိတ်အချက်အလက် တွေ ပိုပြီး လိုအပ်တယ်။ကျုပ်တို့ လူသားတွေမှာ ရှေးဟောင်း စစ်ပွဲအနုပညာဆိုတာ ရှိတယ်။ကိုယ့်ကိုယ်ကိုယ်သိပြီး ရန်သူကိုသိရင် စစ်ပွဲတိုင်း အောင်နိုင်မယ်။ ”

ရောမမြို့သည် တစ်ရက်တည်း ဖြစ်လာသည်မဟုတ်ပေ။ဤကဲ့သို့ ယေဘုယျ အတွေး များကို ထိန်းသိမ်းထားသင့်သည်။အလုပ်ဖြစ်စေ ကိုယ်ရေးကိုယ်တာကြောင့်ဖြစ် ထိုနတ်ဆိုးနှစ်ယောက်သည် သူ၏ ပစ်မှတ်များ ဖြစ်ကြသည်။

“ ကိုယ်ကိုယ်သိပြီး ရန်သူကိုသိရင် စစ်ပွဲတိုင်း အောင်နိုင်မယ်တဲ့လား။ ”

ရှီရာ ချန်လွေ့ကို လေးလေးနက်နက် ကြည့်လိုက်သည်။

“ နတ်ဆိုးဘုံကလည်း လူသားလောကနဲ့ မစိမ်းဘူး။ဒီစကားကို ငါမကြားဖူးပေမဲ့ မင်းက ငါ့ရန်သူဟုတ်တာကို ဝမ်းသာမိတယ်။ဆန်းသစ်တဲ့ အကြံအစည်ပဲဖြစ်ဖြစ် ခြုံငုံကြံစည် တာပဲဖြစ်ဖြစ် အကြီးအကဲဂါ့စ်တောင် မင်းကို မယှဉ်နိုင်ဘူး။မင်းရဲ့ဉာဏ်ပညာက မဟာဆရာသခင်ရဲ့ အမွေအနှစ်နဲ့ သိပ်ပြီ မဆိုင်လောက်ဘူး။ဒါက မင်းရဲ့ ပါရမီသက်သက်ပဲ။ ”

ဒါက “ လောင်ကျုံးအစီအစဉ် ” ရဲ့ နတ်ဆိုးဘုံဗားရှင်း ဖြစ်နိုင်မလား ။အဲ။ငါ့က ဗျူဟာပညာရှင်ဖြစ်ဖို့ အလားအလာ ရှိပါတယ်....။

ချန်လွေ့ တခစ်ခစ် ရယ်လိုက်သည်။

“ မင်းသမီးလေး။တကယ်တော့ ကျုပ်... ”

“ ကောင်းပါပြီ။ရှင်းပြစရာ မလိုဘူး။မင်းက အမှောင်လမြို့ရဲ့ အတွင်းရေးမှူးဆိုတာကိုပဲ ငါသိတယ်။ဒါက လုံလောက်ပြီ။အချက်အလက်တွေ စုဆောင်းပြီးရင် စမ်းသပ်ခန်းဆီကို ခါဂူရွန်နဲ့ ပို့ခိုင်းလိုက်မယ်။ ”

စာရွက်စာတမ်းများကို ရှီရာပိတ်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ ငါမင်းကို သတိပေးရမယ်။အဲလန်က ကိုင်တွယ်ဖို့မခက်ဘူး။ဒါပေမဲ့ သူ့နောက်ခံက ခါရွန်မိသားစု ဖြစ်နေတယ်။သူ့ကိုသတ်လိုက်ရင် ပိုပြီးကိုင်တွယ်ရ ခက်ခဲခဲ့သူက စစ်အာဏာကို ကိုင်ထားလိမ့်မယ်။ဒါဆို ကောင်းတာထက် ဆိုးတာပိုများသွားမယ်။ ဒါပေမဲ့လည်း ဂျိုးဆက်ပ်က မရိုးရှင်းဘူး။မင်းက ကောင်းကင်တိုက်ပွဲမှာ ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပေမဲ့ သူ သံသယတွေ ဖြစ်လာမှာပဲ။အဲဒါကြောင့် မင်း သတိထားရမယ်။ ”

ချန်လွေ့ နား‌လည်သည့်ဟန် ပြလိုက်ပြီး ပြန်ပြောလိုက်သည်။

“ ကျုပ်လည်း အရှင်မကို ပြန်သတိပေးချင်တယ်။ဒါက မဟာဆရာသခင် အမွေအနှစ်ကြောင့် ဖြစ်လိမ့်မယ်။ဂျိုးဆက်ပ်ကို တွေ့ရင် ထူးဆန်းတဲ့ ခံစားချက်ရတယ်။သူ့အစွမ်းက အသီနာထက် မြင့်တဲ့ပုံပဲ။ဘာပဲဖြစ်ဖြစ် အရှင်မ သတိထားသင့်တယ်။ ”

ရှီရာ၏ ခရမ်းရောင်မျက်လုံးများ အံ့အားသင့်သွားပုံပေါ်သည်။

“ မင်းက တကယ်ပဲ မဟာဆရာသခင်ရဲ့ ဆက်ခံသူပဲ။မင်းရဲ့ခံစားချက်က.... မမှားလောက်ဘူး။ ”

ရှီရာ၏ တုံ့ပြန်မှုကို နားထောင်ပြီးနောက် အခြေအနေကို သူသိသွားပြီဖြစ်ကြောင်း ချန်လွေ့ သိသွားသည်။ထို့ကြောင့် ဆက်မပြောတော့ပေ။ရေခဲမင်းသမီး နှင့် ကြောင်သူတော် ကျားတို့သည် “ မဆုံးဖြတ်နိုင် ” ဟု ပြသသည့်အတွက် မည်သူ ပိုအစွမ်းထက်ကြောင်း ချန်လွေ့ မသိပေ။

မနေ့က ကောင်းကင်တိုက်ပွဲ ပြီးဆုံးသွားသည့်အခါ ဂျိုးဆက်ပ်သည် အထူး သံတမန်နှင့်အတူ လိပ်ပြာနီနယ်မြေသို့ ပြန်သွားကြောင်း သတင်းများ ထွက်နေ သည်။သူက ဖခင်ဖြစ်သူကို သွားတောင်းပန်ရန် သွားခြင်း ဖြစ်နိုင်သည်။

ချန်လွေ့ ခဏစဉ်းစားပြီးနောက် အဲလစ်နှင့်အတူ ပေါင်းပြီး စတိုးဆိုင်တစ်ဆိုင် ဖွင့်မည့်အကြောင်း ထုတ်ပြောလိုက်သည်။ပထမဦးစွာ စီးပွားရေးဗျုဟာကို အကြောင်းပြချက်အနေဖြင့် သတ်မှတ်ခဲ့သည်။ထို့နောက် ပုံကြမ်းတစ်ခုရေးဆွဲပြီး ဂျိုးဆက်ပ်ကို တိုက်ခိုက်ရန်အတွက် ကုန်သည်ကြီးများအသင်း တည်ဆောက်ရန် စတိုးဆိုင်များ ထပ်ဖွင့်နိုင်ကြောင်း ပြောခဲ့သည်။နောက်ဆုံး၌ သားရဲထိန်းကျောင်း အစွမ်းအတွက် မှော်ပစ္စည်းများဝယ်ရန် ပိုက်ဆံရှာလိုကြောင်း ပြောပြလိုက်သည်။

ဤကိစ္စကို ရှီရာမဆန့်ကျင်ပေ။သူ အားနာသလို ဖြစ်သွားခဲ့သည်။

“ မင်းစဉ်းစားထားတာက တကယ့် ရေရှည်တွေပဲ။ငါမင်းကို အပြည့်အဝ ထောက်ပံ့ပေးမယ်။ဒါပေမဲ့ အခုလက်ရှိ‌တော့ ငါ့မှာ အရင်းအမြစ် နည်းနည်းပဲရှိတယ်။ ကုန်ကြမ်းတွေ ငွေကြေးတွေကို ထပ်ပြီး မထောက်ပံ့နိုင်သေးဘူး။ ”

ချန်လွေ့ အလွန်ပျော်သွားသည်။ငွေကြေးနှင့်ကုန်ကြမ်းများသည် ခဏသာ ဖြစ်သည်။ အဓိကသော့ချက်မှာ မူဝါဒဖြစ်သည်။ရှီရာ အပြည့်အဝ ထောက်ပံ့သည့်အတွက် ၎င်းသည် ယနေ့မှစ၍ ပိုက်ဆံရှာအစီအစဉ်အတွက် အကြီးမားဆုံး မြှင့်တင်ခြင်း ဖြစ်မည်မှာ မလွဲနိုင်ပေ။

ချန်လွေ့ ပြန်သည့်အခါ ရှီရာ၏ အသံတိုးတိုးလေးကို ကြားလိုက်သည်။

“ ပထမနေ့မှာ မင်းလုပ်ခဲ့တာက တော်တော်လေး အထင်ကြီးစရာပဲ။အတွင်းရေးမှူး။ ”

ချန်လွေ့ ပြုံးပြီး တံခါးဖွင့်ကာ ပြန်သွားလိုက်သည်။

All Chapters