← Chapters

မှော်ပစ္စည်းများ။မဟာဆရာသခင်အဆင့် ဆေးရည် ဖြီးလုံး

Vol. 3 Ch. 42

မှော်ပစ္စည်းများ။မဟာဆရာသခင်အဆင့် ဆေးရည် ဖြီးလုံး

Vol. 3 Ch. 42

ကောင်စီခန်းမမှ ထွက်လာပြီးနောက် စမ်းသပ်ခန်းဆီသို့ ချန်လွေ့ပြန်မသွားဘဲ ဂျိုးဆက်ပ် မှော်စတိုးဆိုင်သို့ တည့်တည့်သွားလိုက်သည်။‌နွယ်ကျောက်နမူနာလည်း ရှိနေပြီဖြစ်၍ မှော်ပစ္စည်းများသည် အရှိန်အဝါများ ပိုမိုပေးစွမ်းနိုင်ပေသည်။မည်သည့်ပစ္စည်းများ အသုံးပြု၍ ရသေးကြောင်း ချန်လွေ့ သိချင်ခဲ့သည်။

ယမန်နေ့က ရှီရာသည် ချန်လွေ့အား အတွင်းရေးမှူးရာထူး ခန့်အပ်ကြောင်း ကြေညာ ခဲ့သည်။ထို့ကြောင့် နတ်ဆိုးများသည် ချန်လွေ့အား ထူးထူးဆန်းဆန်း ကြည့်နေကြသည်။ သို့သော် ချန်လွေ့သည် ၎င်းကိုကျင့်သားရနေပြီဖြစ်၍ မှော်စတိုးဆိုင်သို့ တန်းတန်း မတ်မတ် လမ်းလျှောက်သွား၏။

ကောင်း‌ကင်တိုက်ပွဲတွင် ရှုံးနိမ့်ပြီးနောက် ဂျိုးဆက်ပ်သည် အမှောင်လမြို့မှ ထွက်သွားပြီး လိပ်ပြာနီနယ်မြေသို့ ပြန်သွား၏။မှော်စတိုးဆိုင်အား ယခုတာဝန်ယူထားသူသည် ဂျိုးဆက်ပ်နောက်တွင် ချန်လွေ့မြင်ခဲ့ရသည့် မဟာနတ်ဆိုးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သူ ရွိုင့်စ် ဖြစ်သည်။

ရွိုင့်စ်၊အမျိုးသမီးမဟာနတ်ဆိုး ဗာဆာရှာ နှင့် အခြားမဟာနတ်ဆိုးတစ်ယောက်ဖြစ်သည့် အရတ်စ် တို့သုံးယောက်တို့သည် ဂျိုးဆက်ပ်၏ အထက်မြတ်ဆုံး ကောက်ရိတ်ဓားများ ဖြစ်ကြောင်း စလီထံမှ ချန်လွေ့ သိခဲ့ရသည်။ဂျိူးဆက်ပ်တစ်ခါမျှ ကိုယ်တိုင် မလှုပ်ရှားခဲ့ပေ။မည်သည့်ပြဿနာကိုမ‌ဆို ထိုသုံးယောက်က ဖြေရှင်းပေးကြ၏။သို့သော် ဂျိုးဆက်ပ်၏ အစွမ်းသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း ချန်လွေ့သိသည်။

ရွိုင့်စ်သည် အစွမ်းထက်သည့်အပြင် ဉာဏ်ပညာလည်း မြင့်မားလှ၏။ဂျိုးဆက်ပ်၏ တန်ဖိုးအထားရဆုံး အကူတစ်ယောက်ဖြစ်သည်။ဗာဆာရှာ၏ အဓိကတာဝန်မှာ သက်တော်စောင့် ဖြစ်သည်။ယခုအချိန်၌ သူသည် ဂျိုးဆက်ပ်နှင့်အတူ လိပ်ပြာနီနယ်မြေဆီသို့ ပြန်သွား၏။အရတ်စ်ကမူ ပြိုင်ကွင်းကိစ္စများကို တာဝန်ယူထားရပြီး ရန်လိုတတ်သည့် နတ်ဆိုးတစ်ယောက် ဖြစ်သည်။

ချန်လွေ့ရောက်လာခြင်းကို ရွိုင့်စ် အနည်းငယ် အံ့အားသင့်သွားသည်။ယမန်နေ့က ကောင်းကင်တိုက်ပွဲတွင် သူလည်းရှိနေခဲ့၏။

ဂျိုးဆက်ပ်က ဒီလူသားကို သတ်ချင်နေတာ မင်းသမီးလေးတို့ဘက်က သိနေမှာပဲ။ဘာလို့ ဒီနေ့ သူ့ကိုတစ်ယောက်တည်း လာခိုင်းတာလဲ။

“ ဆာ-ရွိုင့်စ်။ ”

ချန်လွေ့ နှုတ်ဆက်လိုက်သည်။သို့သော်လည်း အစွမ်းမရှိသည့် လူသားတစ်ယောက်ကို ရွိုင့်စ် အထင်သေးသည်မှာ အသေချာပင်ဖြစ်သည်။သူ မာနကြီးဟန်ပြုပြီး ဘာမှ ပြန်မတုံ့ပြန်ခဲ့ပေ။

ချန်လွေ့သည် မဟာနတ်ဆိုး၏ အမူအရာကို အာရုံမထားဘဲ ပြောလိုက်၏။

“ ဆရာသခင် အဲဒက်စ်က လက်ရှိမှာ မှော်ဆေးရည်တစ်မျိုး ဖော်စပ်နေတယ်။ အဲဒါကြောင့် ကျုပ်ကို ဒီမှာ မှော်ပစ္စည်းတွေ လာရှာခိုင်းတာ။ ”

အတွင်းရေးမှူးဟူသော သက်သေအထောက်အထားသည့် သာမန်နတ်ဆိုးများကိုသာ ခြောက်လှန့်နိုင်ကြောင်း ချန်လွေ့သိသည်။ရွိုင့်စ်ကဲ့သို့ အစွမ်းထက်သူရှေ့၌ အသုံးမဝင်ပေ။ ထို့ကြောင့် အဲဒက်စ်၏နာမည်ကို အသုံးပြုခြင်းသည် ပို၍ကောင်းပေသည်။

နောက်ဆုံး၌ ရွိုင့်စ် နားလည်သွားသည့်ပုံ ပေါ်ပြီး ပြန်ပြောလိုက်သည်။

“ အဂ္ဂိရတ်ပစ္စည်းနဲ့ မှော်ပစ္စည်းတွေက ဒီအထပ်မှာရှိတယ်။ဒုတိယအထပ်မှာက မှော်ကိရိယာတွေရှိတယ်။မင်းဘာသာမင်း ကြည့်လိုက်တော့။ ”

ဂျိုးဆက်ပ်စတိုးဆိုင်သည် အဲလစ်၏ထူးထူးခြားခြား ဆိုင်ထက် ပို၍ သင့်တင့်သည်။ ပစ္စည်းတစ်ခုစီကို အမျိုးအစားခွဲခြားထားပြီး စင်ပေါ်၌ တင်ထား၏။“ဆိုင်ပိုင်ရှင်” သည် သေရွာပြန်တစ်ယောက်ဖြစ်ပြီး အမှောင်နတ်ဆိုးကလေးများသည် “ ဆိုင်ဝန်ထမ်းများ ” ဖြစ်ကြသည်။

မကြာမီတွင် အမှောင်နတ်ဆိုးကလေး ပြန်လာပြီး သတင်းလာပို့သည်ကို ရွိုင့်စ်ကြား လိုက်သည်။ချန်လွေ့သည် ပစ္စည်းတိုင်း တစ်ခုချင်းစီ တောင်းနေပုံရသည်။ရွိုင့်စ် သံသယဖြစ်သွားပြီး မေးလိုက်သည်။

“ မင်းဘာလုပ်နေတာလဲ။ ”

ချန်လွေ့သည် ပစ္စည်းများကိုထိပြီး ဘောပင်တစ်ချောင်းနှင့် ရေးမှတ်နေ၏။ထို့နောက် ပြန်ပြောလိုက်သည်။

“ ဒီပစ္စည်းတွေရဲ့ သိပ်သည်းဆနဲ့သန့်စင်မှုကို ကျုပ်ဆုံးဖြတ်မလို့ပါ။ဆေးပညာဆိုတာက ဘာမှချွတ်ချော်လို့မရတဲ့ ပညာလို့ ဆရာကပြောတယ်။ ”

ရွိုင့်စ်သည် ဆေးပညာကို သိပ်မသိပေ။ချန်လွေ့ အလေးအနက်ပြောနေသည်ကိုမြင်ပြီး ရွိုင့်စ် ထပ်မမေးတော့ပေ။အားလုံးကို စမ်းကြည့်ပြီးနောက် ချန်လွေ့ တွေးဆလိုက်ပြီး ရွိုင့်စ် ဆီ သွားလိုက်သည်။တစ်ခုခုပြောရန် ချန်လွေ့ တုံ့ဆိုင်းနေပုံပေါ်ပြီး နောက်ဆုံး၌ ပြောလိုက်သည်။

“ ဆရာသခင်မှာ အကူအညီတောင်းစရာ‌လေးတစ်ခုရှိတယ်။သူက ဆာ-ဂျိုးဆက်ပ်ကို သွားရှာခိုင်းတာ။ဒါပေမဲ့ ကံမကောင်းတာကတော့ ဆာ-ဂျိုးဆက်ပ်က အမှောင်လမြို့ ကနေ ထွက်သွားပြီ။ဆာ-ရွိုင်စ့်က သူ့ကိုယ်စား ဆုံးဖြတ်ပေးနိုင်မလား မသိဘူး။ ”

ရွိုင့်စ်သည် မြို့တော်မှ ပါရီရှင်အား အဆိပ်ဖြင့်သတ်ခဲ့သည့် အဲဒက်စ်ကို မထီမဲ့မြင် မလုပ်ရဲပေ။

“ ငါ့ကိုအရင်ပြောပြ။ဘာအကူအညီလဲ။ ”

“ ဆရာသခင်ပြောတာက ဒီရွေးချယ်ထားတဲ့ ပစ္စည်းတွေရဲ့ အသေးစားအပိုင်းအစတွေကို ပေးနိုင်မယ်ဆိုရင် စမ်းသပ်ပြီးတဲ့အခါ ဒါကို ပဏာမအများကြီးဝယ်မယ်။ ”

ရွိုင့်စ် မျက်မှောင်ကြုတ်သွားသည်ကို ချန်လွေ့ တွေ့သွားပြီး ထပ်ပေါင်းပြောလိုက်သည်။

“ ဒါကို ကူညီနိုင်မယ်ဆိုရင် စမ်းသပ်မှုအောင်မြင်တဲ့အခါ မှော်ဆေးရည်ကို ဂျိုးဆက်ပ်ဆိုင်အတွက် ဈေးအနိမ့်ဆုံးနဲ့ ရောင်းပေးသွားမယ်လို့လည်း ဆရာသခင်ပြောလိုက်တယ်။ ”

“ တစ်ဆိတ်လောက်ပါ။ဆရာသခင်က ဘယ်လို မှော်ဆေးရည်ကို စမ်းသပ်နေတာလဲ။ ”

ချန်လွေ့၏စကားကို သေရွာပြန်စိတ်ဝင်စားသွားပြီး အနားတိုးလာ၏။သေရွာပြန်သည် မှော်ပညာ၌ ကျွမ်းကျင်သည့် မျိုးနွယ်ဖြစ်ပြီး ဤကဲ့သို့ကိစ္စများအပေါ် အထူးတလည် စိတ်ဝင်စားမှု ရှိလေသည်။

ချန်လွေ့သည် သတိထားဟန်ဆောင်ပြီး ဘေးဘီဝဲယာကိုကြည့်လိုက်သည်။အမှောင် နတ်ဆိုးကလေးများ အဝေးရောက်သည့်အခါ ချန်လွေ့သည် လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

“ ဒါက လျို့ဝှက်စမ်းသပ်ချက်တစ်ခုပဲ။ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲနဲ့ စိတ်ဝိညာဉ်ကို အချိန်တစ်ခုအထိ တိုးမြှင်းနိုင်တဲ့ ဆေးရည်မျိုးကို ဆရာသခင် စမ်းသပ်နေတဲ့ပုံပဲ။အခု လက်ရှိတော့ အစမ်းအဆင့်ပဲ ရှိသေးတယ်။အဓိကအနေနဲ့ သူက ဆေးရည်သန့်စင်ဖို့နဲ့ ဘေးထွက်ဆိုးကျိုးနည်းဖို့အတွက်ကို ကြိုးစားတဲ့နေရာမှာ အခက်အခဲတွေ ကြုံနေရ တယ်။အဲဒါကြောင့် သူက ပစ္စည်းအမျိုးမျိုးနဲ့ စမ်းသပ်ဖို့ အလောတကြီး လိုအပ်နေတာ။ ”

အမှန်တကယ်တော့ ၎င်းသည် ဆေးဝါးစာအုပ်ထဲ၌ ချန်လွေ့တွေ့ခဲ့သည့် ပျောက်ဆုံးနေ ပြီဖြစ်သော အဆင့်မြင့် ဆေးရည်တစ်မျိုးဖြစ်ပြီး သူ ညာဖြီးလိုက်ခြင်းပင် ဖြစ်သည်။

“ ဘေးထွက်ဆိုးကျိုး....မရှိတဲ့ စိတ်ဝိညာဉ်ဆေးရည် တဲ့လား။ ”

သေရွာပြန်သည် ရုတ်တရက် ထိတ်လန့်သွားပြီး တုန်လှုပ်စွာ ပြောလိုက်သည်။

“ အဲဒါက စစ်မှန်စိတ်ဝိညာဉ် ဆေးရည်များလား။အဲဒါကို ဒဏ္ဍာရီလာ မဟာဆရာသခင်ပဲ ဖော်စပ်နိုင်တာ။ဆရာသခင် အဲဒက်စ်က အဲဒီအဆင့်ထိ ရောက်သွားပြီလား။ ”

ချန်လွေ့လည်း အလိမ်အညာကို အကျယ်မချဲ့ချင်ပေ။ထို့ကြောင့် ပြန်ရှင်းပြလိုက်သည်။

“ ဒါက စမ်းသပ်တဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ဆရာသခင်က အကြိမ်တော်တော် များများ ကျ‌ဆုံးခဲ့ပြီးပြီ။အဲဒါကြောင့်သူက ပစ္စည်းတချို့ ချိန်ညှိချင်တာ။ဒါပေမဲ့ ဒီမှာရှိတဲ့ တချို့ပစ္စည်းတွေက ဈေးကြီးလွန်းတယ်လေ။အဲဒါကြောင့် ဆာ-ဂျိုးဆက်ပ် ဆီကနေ အကူအညီတောင်းရတာပါ။ ”

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းထောင်ချီကြာအောင် မဟာဆရာသခင်အဆင့် ရောက်ဖို့ကြိုးစားတဲ့ ဆရာသခင်တွေ အများကြီးရှိတာပဲ။အချိန်ရောက်လာတဲ့အခါ မအောင်မြင်ဘူးလို့ ပြောလိုက်မယ်။

သေရွာပြန်သည် အမှန်တကယ် စိတ်လှုပ်ရှားသွားသည်။“ စစ်မှန် ” ဆေးရည်များကို မဟာဆရာသခင်များသာ ဖော်ဆပ်နိုင်ခြင်း ဖြစ်သည်။အဆိပ်မဟာသခင်များ နတ်ဆိုးဘုံ၌ မပေါ်ထွက်လာသည်မှာ နှစ်ပေါင်းထောင်ချီပြီ ဖြစ်သည်။ဤကဲ့သို့ ဆေးရည်များ သည်လည်း ပျောက်ဆုံးသွားပြီး မှတ်တမ်းအချို့၌သာ မြင်ရတော့သည်။အဲဒက်စ်သည် အမြဲပင် သိုသိုသိပ်သိပ် နေတတ်သည်။မြို့တော်မှ ထိပ်တန်းပါရမီရှင် ဆန်ဒရိုအား အလွယ်လေး အဆိပ်ဖြင့် သတ်နိုင်ခဲ့ပြီးသည့်အချိန်မှသာ သူ၏ တကယ့်ပါရမီများကို စတင်ပြသတော့သည်။အခုတွင်လည်း ဆေးဖော်ပညာအထွတ်အထိပ်ကို စတင်စိန်ခေါ်နေလေပြီ။

အကြိမ်များစွာ အဲဒက်စ် ကျဆုံးခဲ့သော်လည်း မဟာဆရာသခင်အဆင့်ကို စိန်ခေါ် နေခြင်းသည် သူ၏အစွမ်းကို ပေါ်လွင်စေသည်။ထို့ပြင် ‌အကယ်၍ တစ်နေ့နေ့၌ အမှောင်နတ်သူငယ် ဆရာသခင် အောင်မြင်သွားခဲ့မည်ဆိုလျှင်......

ရွိုင့်စ်သည် ဆေးဖော်ပညာကို နားမလည်သော်လည်း ‌ဆေးရည်မဟာသခင်သည် မည်သည်ကို ကိုယ်စားပြုကြောင်း နားလည်၏။အဲဒက်စ်သည် အောင်အောင်မြင်မြင်နှင့် မဟာဆရာသခင်အဆင့် ရောက်ရှိသွားခဲ့လျှင် အဲဒက်စ်အပေါ် မင်းသားအိုဆိုင်ဒန်၏ အပြုအမူပင် ပြောင်းလဲသွားနိုင်ပေသည်။လူသားရွေးချယ်ထားသော ပစ္စည်းများသည် တန်းဖိုးရှိသော်လည်း ထိုကိစ္စနှင့်ယှဉ်လျှင် အသေးအဖွဲပင် ဖြစ်သည်။

“ ဒီကိစ္စကိုတော့ ဆာဂျိုးဆက်ပ် ကိုယ်စား ငါ ကတိပေးနိုင်ပါတယ်။ ဂရောဂစ်။ဆရာသခင်လိုအပ်တဲ့ ပစ္စည်းတိုင်းကို ဒီလူသားဆီပေးလိုက်။ အပိုင်းအစမဟုတ်ဘူး။တစ်ခုလုံးပေးလိုက်။ ”

ရွိုင့်စ်သည် အတော်လေးပါးနပ်ပြီး ကောင်းကျိုး ဆိုးကျိုးကို ချက်ချင်း ချိန်ကြည့် လိုက်သည်။အဲဒက်စ်ကို သိမ်းသွင်းရန်အတွက် ဂျိုးဆက်ပ် ယခင်က ဖော်ပြခဲ့ဖူးသည်။ ထို့ကြောင့် ရွိုင့်စ် ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်သည်။

“ တကယ်ကောင်းတဲ့ရွေးချယ်မှုပဲ။ဆာ ”

ဂရောဂစ်လည်း ဖြစ်နိုင်ချေရှိသော မဟာဆရာသခင်၏ လက်ရာကို မြင်ဖူးချင်သည်။ သူပြောပြီးနောက် ချက်ချင်းပင် စင်သို့သွားပြီး ကောက်ယူတော့သည်။ချန်လွေ့ တောင်းဆိုသည့်အတိုင်း “ အပိုင်းအစများ ” ကို မရွေးဘဲ အရည်အသွေးကောင်းပြီး ပြည့်စုံသည့် ပစ္စည်းများကို ရွေးချယ်လိုက်၏။

ရွိုင့်စ်၏ “ ဒီလူသား ” ဟူသော အသုံးသည် မယဉ်ကျေးသော်လည်း ချန်လွေ့သည် အလွန်စိတ်လှုပ်ရှားနေသည့်အတွက် ဂရုမစိုက်အားပေ။

“ ကျေးဇူးပါပဲ။ဆာ။ဆာရဲ့ ရက်ရောမှုနဲ့စေတနာတွေကို ဆရာသခင်ဆီ စကားပါး လိုက်ပါ့မယ်။ ”

“ စမ်းသပ်နမူနာ ” ဆိုတာက ပေါက်ကရအကြံပဲ။ငါတကယ်ကြီး အများကြီးရလာမယ် မထင်ခဲ့ဘူး။ပြန်ပြီးရင် ဒါတွေကို [ အရှိန်အဝါကူးပြောင်း ] အစွမ်းသုံးပြီးတော့ ဘယ်ဟာက အရှိန်အဝါ အများဆုံးရလဲ‌ဆိုတာ စမ်းကြည့်ရမှာပဲ။

မှော်ဆိုင်၏ စင်များပေါ်တွင်ရှိသော ပစ္စည်းများကို ချန်လွေ့ မျက်စိကျနေသေးသော်လည်း အလွန်အကျွံ မလုပ်သင့်ကြောင်း သိသည်။လောဘကြီးလွန်းလျှင် နှောင့်နှေးသွားနိုင်၏။ အရေးအကြီးဆုံးအရာသည် စစ်မှန်စိတ်ဝိညာဉ် အဆိပ်ရည်မှာ ဖြီးလုံး တစ်ခုသာ ဖြစ်ခြင်းပင် ဖြစ်သည်။

ကြီးမားလေးလံသည့် အထုပ်အပိုးအတွင်း၌ မှော်ပစ္စည်းအမျိုးပေါင်း ၃၀ကျော်ရှိသည်။ ချန်လွေ့သည် သေရွာပြန်ကို ကျေးဇူးတင်လိုက်ပြီး အထုပ်အပိုးကို သယ်ရခက် ဟန်ဆောင်ကာ တံခါးမှ ထွက်သွားလိုက်၏။

ချန်လွေ့ထွက်သွားပြီးနောက်၌ ရွိင့်စ်သည် ဂရော်ဂစ်ကို ပြောလိုက်သည်။

“ ချက်ချင်း အပေါ်ထပ်တက်ပြီး ဆာဂျိုးဆက်ပ်ကို မှော်ကျောက်တုံးနဲ့ ဆက်သွယ်လိုက်။ပြီးရင် မဟာဆရာသခင်အဆင့် ဆေးရည်ကို အဲဒက်စ် စမ်းသပ်နေတဲ့အကြောင်းပြောလိုက်။ဒီအဖြစ်အပျက်ကို လျို့ဝှက်ထားရမယ်။ ပေါက်ကြားသွားလို့မဖြစ်ဘူး။ဆာ-ဂျိုးဆက်ပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ပြီးမှ တစ်ခုခုလှုပ်ရှားရမယ်။ ”

“ ဟုတ်ကဲ့ပါ။ဆာ ”

ဂရော်ဂစ်လည်း အချိန်မဆွဲရဲဘဲ ချက်ချင်း အပေါ်ထပ်တက်ပြီး ညွှန်ကြားသည့်အတိုင်း လုပ်တော့သည်။

ချန်လွေ့သည် အထုတ်အပိုးကြီးကို သယ်ကာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း စမ်းသပ်ခန်းဆီသို့ လမ်းလျှောက်လာ၏။သို့သော် လမ်းတစ်ဝက်၌ တစ်စုံတစ်ယောက် စိုက်ကြည့်နေကြောင်း ခံစားလိုက်ရသည်။ရွိုင့်စ် နှင့် ဂရော်ဂစ်တို့သည် နောက်လိုက်ရန် တစ်ယောက်ယောက် လွှတ်မည်မဟုတ်ကြောင်း ချန်လွေ့သိသည်။သူခိုးတစ်ယောက် ယောက် ဖြစ်နိုင်၏။ထို့နောက် ချန်လွေ့ စိတ်ပြောင်းပြီး တိတ်ဆိတ်သော နေရာတစ်ခုထံ လမ်းလျှောက်သွားသည်။

ချန်လွေ့နောက်သို့ တစ်စုံတစ်ယောက် အမှန်တကယ် ရောက်လာသည်။လူပြတ်သည့် လမ်းကြားတစ်ခုသို့ရောက်သွားသည့်အခါ ထိုသူရှေ့မှလူသားသည် ရုတ်တရက်ပျောက် ကွယ်သွားသည်။နတ်ဆိုးလည်း လန့်ဖြန့်သွားပြီး သေသေချာချာ ရှေ့တိုးလာသည်။ ထိုသူသည် အမှောင်နတ်ဆိုးကလေးဖြစ်ပြီး ဝတ်ရုံသေးသေးလေးတစ်ခု ဝတ်ထားသည်။ ထိုနတ်ဆိုးကလေး လည့်ပတ်ကြည့်နေရင်း သူ့နောက်မှ အသံတစ်သံ ထွက်လာသည်။

“ မင်းဘာရှာနေတာလဲ။ ”

အမှောင်နတ်ဆိုးကလေး ထိတ်လန့်သွားသည်။သူလှည့်ကြည့်လိုက်ရာ သူလိုက်နေသည့် ပစ်မှတ်သည် အထုပ်အပိုးကြီးကို မြေပြင်၌ချထားပြီး သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရ၏။

“ ဆာ...‌ဆာ အတွင်းရေးမှူး ”

နတ်ဆိုးကလေးသည် အမှန်တကယ် ဦးညွတ်လိုက်သည်။သူ၏မျက်နှာကို မျက်နှာ ချိုသွေးသည့် အပြုံးတစ်ခု ဖုံးလွှမ်းသွားသည်။

ပထမဆုံးအကြိမ်အဖြစ် လူသားသရုပ်နှင့်အတူ “ ဆာ ” ဟု အခေါ်ခံရခြင်းသည် ထူးဆန်းလှသည်။အတွင်းရေးမှူးသည် အသေးစား ဗျူဟာပညာရှင်သာဖြစ်သော်လည်း မှင်စာများ အမှောင်နတ်ဆိုးကလေးများ၏ အမြင်၌ ချန်လွေ့သည် အစိုးရ အရာရှိကဲ့သို့ပင် ဖြစ်သည်။

ဤ နတ်ဆိုးကလေးသည် သတင်းစုံပုံရသည်။ဤနတ်ဆိုးကလေး၏ ရည်ရွယ်ချက်ကို ချန်လွေ့ တကယ်မသိပေ။ထိုကဲ့သို့နတ်ဆိုးကိုလည်း ချန်လွေ့ ဂရုမစိုက်နိုင်ပေ။ချန်လွေ့ မေးလိုက်သည်။

“ မင်းငါ့ကို လမ်းတစ်လျှောက်လုံး နောက်ကလိုက်လာတာ။မင်းဘာလုပ်မလို့လဲ။ ”

သူ၏လှုပ်ရှားမှုများကို ခပ်မြန်မြန် ရှာတွေ့သွားသည့်အတွက် အမှောင်နတ်ဆိုးကလေး ထိတ်လန့်သွားပြီး အလျင်အမြန် ခုခံပြောဆိုလိုက်သည်။

“ ဆာ အထင်လွဲနေပါပြီ။‌ဆာက ပစ္စည်းတွေအမျာကြီး သယ်လာရတော့ ကျုပ် ကူညီပေးချင်တာပါ။သလင်းကျောက်ဖြူဒင်္ဂါး ၅ပြားပေးမယ်ဆိုရင် ခါခါ ပစ္စည်းတွေကို စမ်းသပ်ခန်းဆီ သယ်သွားပေးနိုင်ပါတယ်။ ”

အထမ်းသမားလား။ ချန်လွေ့သည် နတ်ဆိုးကလေး၏ ခန္ဓာကိုယ်သေးသေးလေးကို စစ်ဆေးကြည့်ပြီး ခေါင်းခါလိုက်သည်။

“ ရပါတယ်။ငါ့ဘာသာ သယ်နိုင်တယ်။ ”

“ ဆာ။၅ပြားက ဈေးကြီးတယ်ဆိုရင် ၄ပြားလည်းရပါတယ်...... ”

အမှောင်နတ်သူငယ်သည် အလျင်အမြန် ရှေ့ဆိုးလာပြီး ဈေးနှုန်းကို ဖြတ်တောက်လိုက်သည်။

“ ၂ပြားပဲယူမယ်။ဒီထက် မလျှော့နိုင်တော့ဘူး။ ”

ထိုသို့ပြောနေရင်း နတ်ဆိုးကလေးသည် လက်ဝှေ့ရမ်းလိုက်ပြီး ချန်လွေ့ကို အမှုန့်ဖြင့် ပက်လိုက်သည်။ချန်လွေ့သည် စမ်းသပ်ခန်းထဲ၌ ဗဟုသုတ တော်တော်များများကို လေ့လာခဲ့ပြီးဖြစ်သည်။၎င်းသည် စိတ်ရှုပ်ထွေးပန်း ဖြစ်ကြောင့် အနံ့ဖြင့် ချန်လွေ့ သိလိုက်သည်။၎င်းသည် အချိန်တိုအတွင်း အားအင်ဆုံးရှုံးသွားစေသည်။ချန်လွေ့လည်း မူးဝေဟန်ဆောင်ပြီး မြေပြင်ပေါ်သို့ လှဲချလိုက်သည်။

“ ဘာအတွင်းရေးမှူးလဲ။လူသားငတုံးလေးပဲ။ ”

အမှောင်နတ်ဆိုးကလေး အလွန်ပျော်ရွှင်သွားသည်။အထုပ်အပိုးများယူရန်ပြင်လိုက်စဉ် သူ၏ လည်ပင်းကို တစ်စုံတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။ သူ၏ အားနည်းသည့် ခန္ဓာကိုယ်လည်း လေပေါ်သို့ ရောက်သွားသည်။သူ ရုတ်တရက် အသက်ရှူ မရတော့ဘဲ လေထဲ၌ ခြေလက်များကို ရုန်းကန်နေတော့သည်။

All Chapters