ဝတ်ရုံဂိုဏ်း။သခင်အားကိုးဖြင့် ခြိမ်းခြောက်သည့် အမှောင်နတ်ဆိုးကလေး
Vol. 3 Ch. 43
အမှောင်နတ်ဆိုးကလေးသည် လည်ပင်းညှစ်နေသည့် “ ငတုံးအတွင်းရေးမှူး ” ကို ကြောက်လန့်တကြားကြည့်လိုက်သည်။ဤကဲ့သို့အားနည်းသော လူသားသည် မည်သည့်အတွက်ကြောင့် အင်အားကြီးကြီးမားမားရှိကြောင်း သူအဖြေမရှာနိုင်ခဲ့ပေ။ သို့သော်လည်း နတ်ဆိုးဘုံ၌ အမှောင်နတ်ဆိုးကလေး၏ တိုက်ခိုက်ရေးစွမ်းအားသည် အောက်ဆုံး၌ ရှိနေပြီး မှင်စာထက်ပင် နိမ့်ကျသည်။သူတို့ကျွမ်းကျင်သည့်အရာမှာ လက်မှုပညာ နှင့် လှည့်ကွက် အချို့သာ ဖြစ်သည်။ထူးချွန်သည့် ပါရမီရှင်များကလွဲလျှင် ယေဘုယျအားဖြင့် အမှောင်နတ်ဆိုးကလေးများသည် အစေခံ သို့မဟုတ် ကူလီသမားများသာ လုပ်ကြရသည်။
ချန်လွေ့၏ လက်ရှိအစွမ်းဖြင့် အမှောင်နတ်ဆိုးကလေး၏ လည်ပင်းကို ချိုးပစ်နိုင် သည်။သို့သော် ထိုကဲ့သို့မလုပ်ဘဲ အဝေးသို့ လွှင့်ပစ်လိုက်၏။
နတ်ဆိုးကလေးသည် မြေပြင်ပေါ်သို့လဲကျသွားပြီး လည်ပင်းကိုအုပ်ကာ ချောင်းအကြီး အကျယ် ဆိုးတော့သည်။လှောင်ပြုံးပြုံးပြီး တစ်လှမ်းချင်းလှမ်းသည်သည့် လူသားကို ကြည့်ပြီး သူကြောက်လန့်နေ၏။
“ ငါ့အရှေ့မှာ ဒီလိုလုပ်ရဲတယ်လား။ငါက ဘယ်သူ့ တပည့်လဲဆိုတာ မင်းမသိဘူးလား။ ”
စူပါစနစ် တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် ချန်လွေ့သည် အဲဒက်စ်ကို အကာအကွယ် အနေဖြင့် သုံးလိုက်သည်။၎င်းသည် အဲဒက်စ်၏ အရှိန်အဝါကို တစ်နည်းနည်းဖြင့် အသုံးချခြင်းဟု ပြော၍ရသည်။
ထိုအချိန်မှ အမှောင်နတ်ဆိုးကလေးသည် သတိပြန်ဝင်သွားသည်။လောဘကြောင့် သတိလွတ်သွားပြီး အဆိပ်သခင်၏ တပည့်ကို အမှုန့်သုံးခဲ့မိသည်အထိ အမှားလုပ်ခဲ့မိခြင်း ဖြစ်သည်။ထို့ပြင် ထိုအဆိပ်သခင်သည် နဂါးတစ်ယောက်ကိုပင် အငွေ့တစ်မျိုးဖြင့် သတ်နိုင်သောသူဖြစ်၏။
“ မင်းကိုငါ ဘာလုပ်ရမလဲ။အရိုးပုံပဲကျန်အောင် အဆိပ်ခတ်ရင်ကောင်းမလား။ ရေအိုင်ဖြစ်သွားအောင် လုပ်လိုက်ရမလား။ ”
ဤလူသားသည် နတ်ဆိုးတစ်ယောက်အား နှစ်ရက်တိုင်တိုင် အော်ဟစ်နေအောင် လုပ်ခဲ့သည်ဟူသော ကောလာဟလတစ်ခုကို အမှောင်နတ်ဆိုးကလေး သတိရသွားသည်။ ထို့ကြောင့် ကြက်သီးများ ဖြန်းခနဲထသွားပြီး တစ်ကိုယ်လုံး တုန်လှုပ်လာသည်။
သတ္တိမရှိကြောင်း ကျော်ကြားသည့် အမှောင်နတ်ဆိုးကလေး မကြောက်လန့်ကြောင်းကို တွေ့ပြီး ချန်လွေ့ အံ့အားသင့်သွားသည်။နတ်ဆိုးကလေးသည် အရဲစွန့်ကာ ပြောလိုက်၏။
“ မင်း.....မဆင်မခြင်မလုပ်နဲ့။ငါက ဝတ်ရုံဂိုဏ်းသား တစ်ယောက်ပဲ။ငါ့ကို အဆိပ်ခတ်သတ်ရင် ငါတို့ခေါင်းဆောင် မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။
ဝတ်ရုံဂိုဏ်းတဲ့လား။ဒါက အမှောင်လမြို့မှာရှိတဲ့ ဂိုဏ်းတစ်ခုလား။ဒါကြောင့် သူက ဝတ်ရုံအသေးလေး ဝတ်ထားတာကိုး။
ချန်လွေ့ တစ်ယောက်တည်း ရေရွတ်ပြီး မေးလိုက်သည်။
“ မင်းတို့ ခေါင်းဆောင်က ဘယ်သူလဲ။ ”
ဤသို့မေးလိုက်သည့်အခါ အမှောင်နတ်ဆိုးကလေးသည် ရုတ်တရက် ယုံကြည်ချက် ပြည့်ဝသွားသည်။
“ ငါတို့ခေါင်းဆောင်က တကယ့်ကို အစွမ်းထွက်တဲ့သူ တစ်ယောက်ပဲ။သူက လက်တစ်ဖက်တည်းနဲ့ အမှောင်လမြို့ရဲ့ နာမည်ကြီး လူမိုက်ဂန်ခီကို ခေါင်းကွဲလုနီးပါး ဖြစ်အောင် လုပ်ခဲ့တယ်။မနေ့ကတောင် ခေါင်းဆောင်သိမ်းထားတဲ့ သူ့ရဲ့တူကို ဒဏ်ရာတွေအပြည့်နဲ့ ဂန်ခီက ယဉ်ယဉ်ကျေးကျေးနဲ့ လာပြန်တောင်းရတယ်။ ”
ဂန်ခီ။တူ။ဟုတ်လား။ ဤဇာတ်ကွက်သည် ရင်းနှီးသည်ဟု ချန်လွေ့ ခံစားလိုက် ရသည်။အမှောင်နတ်ဆိုးကလေးသည် ခေါင်းဆောင်၏ အရှိန်အဝါကို အသုံးချပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
“ ငါတို့ ဝတ်ရုံဂိုဏ်းရဲ့ ခေါင်းဆောင်က အက်ဂ်ယော ပဲ။ ”
ထိုနာမည်ကိုကြားသည့်အခါ ချန်လွေ့ ချက်ချင်းပင် ကျောက်ရုပ်ဖြစ်သွားသည်။
ပထမဆုံး ကနဦးဆင့်ကဲပြောင်းလဲခြင်း ရရှိပြီး လမ်းကြား၌ နတ်ဆိုးကလေးသားအဖကို ကယ်တင်ခဲ့သည့်အချိန်ကို ချန်လွေ့ သတိရလိုက်သည်။ထို့နောက် ချန်လွေ့ ပို၍ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။
အခြားသူတွေကို ခြိမ်းခြောက်ဖို့ အစွမ်းထက်တဲ့ အဆက်အသွယ်တွေ အသုံးချတာက ဘာလဲ။ဒါမှ တကယ့်အစစ်ပဲ။
၎င်းနှင့်ယှဉ်လျှင် အဲဒက်စ်၏ နာမည်ကို ချန်လွေ့အသုံးချခြင်းသည် ဘာမှမပြော ပလောက်ပေ။
အမှောင်နတ်ဆိုးကလေးသည် ချန်လွေ့ ထိတ်လန့်သွားသည်ကိုမြင်ပြီး ခေါင်းဆောင်၏ နာမည်ကြောင့် ဤလူသားအတွင်းရေးမှူး ကြောက်လန့်သွားသည်ဟု တွေးမိလိုက်သည်။ ထို့နောက် စိတ်ဝင်စားစရာ အချက်အလက် တစ်ခုကိုပါ ထပ်ပေါင်းပြောလိုက်သည်။
“ ငါပြောပြမယ်။ခါခါ ဆိုတဲ့ငါရဲ့ ဝမ်းကွဲ ဆာရှာက ငါတို့ခေါင်းဆောင်သိပ်ချစ်ရတဲ့ဇနီးပဲ။ ”
ချန်လွေ့သည် မိုးကြိုးပစ်ခံရသကဲ့သို့ လွန်စွာ ထိတ်လန့်သည်။ဆာရှာ၏ အလှတရား သူ၏စိတ်ထဲ၌ ပေါ်လာပြီး သူ၏နှလုံးသား လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ထိုကဲ့သို့ အသွင်အပြင်မျိုးသည်......ပုံမှန် ခြားနားလှသည် မဟုတ်ပေ။
နတ်ဆိုးဘုံသို့ လာပြီးကတည်းက မိန်းမလှအချို့အပေါ် ပုံမှန်ယောက်ျားတို့၏ တပ်မက်စိတ်ရှိကြောင်းချန်လွေ့ဝန်ခံသည်။ရေခဲတုံးတော်ဝင်မင်းသမီးနှင့် အမျိုးသမီးဘော့စ် ရှီရာ၊ သေအောင်ညှို့ငင်တတ်သည့် မာယာရှင် ခီရာ၊ တဲ့တိုးသမား အသီနာတို့သည် ထိုမိန်းမလှများထဲမှ တစ်ယောက်ဖြစ်သည်။
ဆာရှာသည် နတ်ဆိုးကလေးများကြား၌ မိန်းမလှ ဖြစ်ဟန်တူသည်။သို့မဟုတ် ထိုကဲ့သို့ မိန်းမမျိုးကို ဂန်ခီကဲ့သို့ လူမျိုး သဘောကျပေလိမ့်မည်။ချန်လွေ့၌ ထိုကဲ့သို့အကြံအစည် လုံးဝမရှိပေ။
အရင်ကလည်းမရှိဘူး။အခုလည်းမရှိဘူး။နောင်လည်းရှိမှာ မဟုတ်ဘူး။
ဒါပေမဲ့ အဲဒီလို နတ်ဆိုးကလေးမိန်းမပျိုလေးက မယုံနိုင်စရာကောင်းလောက်အောင် သူ့ကိုယ်သူ ငါ့ဇနီးလို့ ပြောတယ်တဲ့လား။ဟုတ်သား။ပဲရှိပါသေးတယ်။ဘာတဲ့။ “ သိပ်ချစ်ရတဲ့ ” ဆိုလားပဲ။
ရောင်းတာတွေ ဝယ်တာတွေကို ငါမြင်ဖူးတယ်။ဒါပေမဲ့ အစေခံတစ်ယောက်က တစ်စုံတစ်ယောက်ကို သူ့ယောက်ျား အတင်းလုပ်ခိုင်းတာတော့ တစ်ခါမျှ မတွေ့ဖူးဘူး။ ငါ့ရဲ့ နှစ်ဘဝလုံး လူပျိုဖြစ်ခဲ့တဲ့ အကျော်ဇေယျ ဂုဏ်သတင်းကတော့ မသိလိုက်ဘဲနဲ့ ကြေမွသွားခဲ့ပြီ။
အမှောင်နတ်ဆိုးကလေးသည် ဆက်၍ခြိမ်းခြောက်ချင် နေသည်။ထို့နောက် လူသားသည် ကြမ်းတမ်းစွာ ပြေးဝင်လာပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်၏။
“ အဲဒီမင်းပြောတဲ့ ဝတ်ရုံဂိုဏ်းဆီကို အခုချက်ချင်း ခေါ်သွားပေး။ ”
ခါခါသည် မြေပြင်ပေါ်မှ အထုပ်အပိုးကို ငေးကြည့်လိုက်သည်။ထို့နောက် လူသားသည် မျက်မှောင်ကြုတ်ပြီး လက်ကိုဝှေ့ရမ်းလိုက်ရာ အထုပ်အပိုးကြီး ပျောက်သွားသည်ကို သူတွေ့လိုက်သည်။ခါခါ မည်ကဲ့သို့ပင် ကြည့်ကြည့် ချန်လွေ့၌ သိုလှောင်ကိရိယာတစ်ခုမျှ မတွေ့ပေ။ ဒါက ဒဏ္ဍာရီလာ လေဟာနယ်မှော် များလား။ဒီလူသားက အစွမ်းမရှိဘူးလို့ ကောလာဟလတွေ ထွက်နေတာမလား။သူက တကယ်ပဲ ဒီလိုစွမ်းရည်တွေ ရှိနေတယ်။
“ မြန်မြန်သွား။ ”
ချန်လွေ့ စိတ်မရှည်တော့ဘဲ အော်ပစ်လိုက်သည်။ဤကိစ္စကို မဖြေရှင်းနိုင်ခဲ့လျှင် မိန်းမနှင့်ပတ်သက်၍ စိတ်ဒဏ်ရာ ရသွားနိုင်ပေသည်။
ချန်လွေ့၏ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားကို ကြောက်သည့်အတွက် ခါခါ ဘာမှထပ်မပြောရဲတော့ပေ။
ချန်လွေ့ ဒေါသထွက်သွားပြီး အရှိန်အဝါအမှတ် ၅၀၀ သုံးကာ စူပါစနစ်ရှိ သိုလှောင်ဂိုဒေါင်ကို အသက်သွင်းလိုက်ခြင်းဖြစ်သည်။စိတ်ဖြင့် မှော်ပစ္စည်းများကို အလွယ်တကူ သိုလှောင်နိုင်သည်။ဝတ်ရုံဂိုဏ်းကြောင့်သာ မဟုတ်လျှင် ချန်လွေ့သည် သိုလှောင်ဂိုဒေါင်၏ လုပ်ဆောင်ချက်များကို စမ်းသပ်ကြည့်မည် ဖြစ်သည်။
ခါခါသည် အချိန်အတော်အကြာ လှည့်ကြည့်ပြီး အနီးအနားရှိ ခြံဝင်းသေးသေးလေးထဲသို့ ချန်လွေ့ကို ခေါ်သွားလိုက်သည်။အတွင်းထဲ၌ တူညီသည့် ဝတ်ရုံများ ဝတ်ဆင်ထားကြ သည့် နတ်ဆိုးကလေးများ ရှိကြပေသည်။သူတို့၏ အရွယ်အစားနှင့် လှုပ်ရှားမှုကို ကြည့်လျှင် မှင်စာများနှင့် နတ်ဆိုးကလေးများဖြစ်ကြောင်း ထင်ရှားနေ၏။
ဝတ်ရုံနှင့် ပုတိုတို တစ်ယောက်သည် ရုတ်တရက် ထရယ်လိုက်သည်။
“ ခါခါ။မင်းဘာပြန်ယူလာတာလဲ ကြည့်ရအောင်။လူသား...တစ်ယောာက်လား။ ”
ခါခါ ခပ်မြန်မြန် ခေါင်းခါပြလိုက်သည်။အမှောင်လမြို့၌ အတွင်းရေးမှူးအသစ်ဖြစ်သည့် လူသားတစ်ယောက်သာရှိကြောင်း ဝတ်ရုံနှင့်နတ်ဆိုးများ သိကြသည်။အဆိပ်များ ဖုံးနေသည့် လူသားကို တွေးမိရင်း ဝတ်ရုံနှင့်နတ်ဆိုးများ ကြောက်လန့်သွားကြသည်။ သို့သော်လည်း မည်သည့်အတွက်ကြောင့် ဝတ်ရုံဂိုဏ်းသို့ ဤလူသားရောက်လာရခြင်းကို သူတို့ပို၍ သိချင်နေကြသည်။ သူက ဂိုဏ်းထဲ ဝင်ချင်တာလား။
သူတို့နှစ်ယောက် အိမ်ထဲဝင်သွားသည့်အခါ သူ့ကိုယ်သူ ချန်လွေ့၏ “ ယောက္ခမ ” ဟုဆိုသည့် ဒီဒီ အမည်ရှိ နတ်ဆိုးကလေးအိုကြီးသည် အလယ်ရှိထိုင်ခုံ၌ ထိုင်နေကြောင်း ချန်လွေ့ တွေ့လိုက်သည်။ဒီဒီ၏ ဘေး၌ မိန်းကလေး ဆာရှာ ရှိနေ၏။
ခါခါသည် ဒီဒီကို စကားအနည်းငယ် တီးတိုးပြောလိုက်ရာ နတ်ဆိုးကလေးအိုကြီး အံ့အားသင့်သွားပြီး မတ်တပ်ရပ်လိုက်သည်။
နတ်ဆိုးကလေးအိုကြီးသညါ ချန်လွေ့ကို ဦးညွှတ်လိုက်သည်။အဲဒက်စ်နှင့် မင်းသမီးရှီရာတို့သည် ဤလူ၏နောက်၌ရှိကြောင်း သူသိသည်။ဤလူကို သူလုံးဝ မဆန့်ကျင်နိုင်ပေ။ထို့ကြောင့် သူ၏ သခင်အကြောင်း ချက်ချင်းထုတ်ပြောလိုက်သည်။
“ ဆာ အတွင်းရေးမှူး။ခါခါက မသိဘဲနဲ့ ဆာကို အပြစ်လုပ်ခဲ့မိပါတယ်။ဝတ်ရုံဂိုဏ်း ကိုယ်စား ကျုပ်တောင်းပန်ပါတယ်။ကျုပ်တို့ ခေါင်းဆောင်ကို မျက်နှာထောက်ပြီး ဒီကိစ္စကို ဗွေမယူပါနဲ့တော့။ကျုပ်တို့ခေါင်းဆောင်က..... ”
လခွမ်းကို ခင်ဗျားတို့ ခေါင်းဆောင်။
ချန်လွေ့ ဂရုစိုက်အားတော့ပေ။ထို့ကြောင့် နတ်ဆိုးကလေးအိုကြီး၏စကားကို ဖြတ်ပြောလိုက်သည်။
“ ဒီလိုလုပ်ပါလား။ခင်ဗျား သူတို့ကို အပြင်သွားခိုင်းလိုက်။ခင်ဗျားကိုကျုပ် အရေးကြီးတာ ပြောစရာ ရှိတယ်။ ”
နတ်ဆိုးကလေးအို မျက်မှောင်ကြုတ်ပြီး သူ၏သမီး ဆာရှာကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
“ ဆာပြောမယ့် ကိစ္စက အရေးကြီးနိုင်ပါတယ်။ဒါပေမဲ့ ကျုပ်ရဲ့သမီး ဆာရှာက ခေါင်းဆောင်၏ ဇနီးပါ။သူ့မှာ နားထောင်ဖို့ အခွင့်အရေး လုံးဝရှိတယ်..... ”
နားထောင်နေရင်း ချန်လွေ့ ပို၍ပင် ဒေါသထွက်လာသည်။ကိုယ့်ကိုယ်ကိုယ် ယောက္ခမဟု ပြောဆိုသည့် ထိုနတ်ဆိုးကလေးအိုကြီးကို ချက်ချင်းပင် ဆွဲထိုးချင်စိတ်ပေါက်သွားသည်။ ချန်လွေ့ အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“ အပိုတွေမပြောနဲ့။ကျုပ်က စိတ်သိပ်ရှည်တာ မဟုတ်ဘူး။ ”
နတ်ဆိုးကလေးအိုသည် လူသား၏အဆိပ်အကြောင်း ကောလာဟလများကို တွေးမိပြီး တုန်လှုပ်သွား၏။ဆာရှာနှင့် ခါခါကို မျက်လုံးဖြင့် အချက်ပြလိုက်သည်။သူတို့နှစ်ယောက် ချက်ချင်းပင် အပြင်ထွက်သွားလိုက်၏။
“ ဆာ-ချန်လွေ့။ ”
နတ်ဆိုးကလေးအို၏ အမူအရာသည် ပို၍ လေးလေးစားစား ရှိသွားသည်။
“ ဆာ ကျုပ်တို့ကို ဘာလုပ်စေချင်လဲဆိုတာ သိလို့မရလား။ကျုပ်တို့ ဝတ်ရုံဂိုဏ်းက တည်ထောင်ထားတာ မကြာသေးဘူး။ကျုပ်တို့ခေါင်းဆောင်က ရှိမနေတာ များတယ်.... ”
“ အဲဒီအကြောင်းပြောနေတုန်းလား။ ”
ချန်လွေ့သည် နတ်ဆိုးကလေးအိုကို ခက်ခက်ထန်ထန် ပြောလိုက်သည်။သူ၏ မျက်နှာတွင် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း ဘာမှ မပြောနိုင်ပေ။နောက်ဆုံး၌ အံကြိတ်ကာ စကားအနည်းငယ် ပြောလိုက်သည်။
“ ခင်ဗျားက အက်ဂ်ယောရဲ့ သိက္ခာတွေ ကျသွားအောင် လုပ်လိုက်တာပဲ။ ”
မူလက ခေါင်းညိတ်ကာ လေးလေးစားစား ဆက်ဆံနေသည့် နတ်ဆိုးကလေးအိုကြီးသည် ချက်ချင်း ကြက်သေသေသွားသည်။
“ လက်စသတ်တော့ ဆာက ကျုပ်တို့ခေါင်း...အဲ..ကျုပ်သခင်ကို သိနေတာကိုး။ ”
“ ခင်ဗျားသခင်ရဲ့အသက်ကို ကျုပ်ကယ်ခဲ့တာလို့ ပြောလို့ရတယ်။ကျုပ်တို့ရဲ့ ရင်းနှီးမှုက ခင်ဗျား စိတ်ကူးကြည့်လို့တောင် မရနိုင်ဘူး။ ”
တစ်ယောက်တည်းသာဖြစ်၍ ထိုစကားသည် အမှန်တကယ်ပင် ဖြစ်သည်။
နတ်ဆိုးကလေးအိုသည် သံသယဖြစ်သွားပုံရသည်။
သခင်အက်ဂ်ယောက တော်တော်လေး အစွမ်းထက်တယ်။သူက ဂန်ခီကိုတောင် လွယ်လွယ်လေး အနိုင်ယူနိုင်တယ်။အနည်းဆုံး အလယ်ဆင့် နတ်ဆိုးလောက် ဖြစ်မယ်။သူက ဘာလို့ ဒီလိုအစွမ်းမရှိတဲ့လူသားရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရတာလဲ။
ဒီဒီ သံသယဖြစ်နေသည်ကို ချန်လွေ့ သတိပြုမိသွားပြီး အေးစက်စက် ပြောလိုက်သည်။
“ အဲဒီညက အက်ဂ်ယော ခင်ဗျားတို့ကို ကယ်ပြီးသွားတော့ သူခင်ဗျားကို ခရမ်းသလင်းကျောက်ဒင်္ဂါးတစ်ပြား ပေးခဲ့တယ်။ပြီးတော့ ခင်ဗျားက သူ့ရဲ့ အစေခံဖြစ်ဖို့ တောင်းဆိုတယ်။နောက်တော့ သူက ခင်ဗျားကို နှစ်ပြား ထပ်ပေးတယ်။ကျုပ်ပြောတာ မှားလား။ ”
ထိုအဖြစ်အပျက်ကို နတ်ဆိုးကလေးသားအဖနှင့် အက်ဂ်ယောသာ သိသည်။ထို့ကြောင့် နတ်ဆိုးကလေးအိုလည်း သံသယမဖြစ်ရဲတော့ဘဲ အမြန်ပြောလိုက်သည်။
“ ဆာချန်လွေ့။ဒီဒီ ခုနက ရိုင်းပြမိသွားပါတယ်။သခင်က ဘယ်မှာလဲဆိုတာ ပြောပြနိုင်မလား။ ”
“ သူကပိုပြီး အစွမ်းထက်အောင် လေ့ကျင့်နေတယ်။ ”
ချန်လွေ့သည် နတ်ဆိုးကလေးအိုကို ကောင်းကောင်း မဆက်ဆံပေ။
“ ခင်ဗျားက သူ့ရဲ့အစေခံမဟုတ်တာကို နှလုံးသားထဲကနေခင်ဗျား သိတယ်။တကယ် တော့ သူခင်ဗျားကို ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးပြားပေးခဲ့တာက ခင်ဗျားကို စမ်းသပ်ဖို့ အတွက်ပဲ။ခင်ဗျားက ခင်ဗျားရဲ့ သမီးကို သူ့မိန်းမအဖြစ် ဟန်ဆောင်ခိုင်းတယ်။ပြီးတော့ လူယက် လိမ်ညာဖို့အတွက် ဝတ်ရုံဂိုဏ်း ထောင်လိုက်တယ်ဆိုတာကို ကျုပ် မယုံနိုင်ဘူး။ သူဒါကို သိသွားရင် ခင်ဗျားကို သေချာပေါက် သတ်ပစ်လိမ့်မယ်။ ”
“ ဒါဆို သခင်က ကျုပ်ကို စမ်းသပ်ချင်တာပေါ့။ ”
နတ်ဆိုးကလေးအိုသည် ချွေးပျံလာသည်။ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးပြားကို မသုံးမခဲ့ခြင်းအတွက် တိတ်တဆိတ် ပျော်မိသွားသည်။
“ ဆာချန်လွေ့။သခင်အက်ဂ်ယောကို ပြောပေးပါ။သခင့်ရဲ့ စမ်းသပ်ချက်ကို အကောင်းဆုံး ကြိုးစားပါ့မယ်လို့။ဒီဒီက သခင့်ကို ဝတ်ရုံဂိုဏ်း ကူညီထောင်ပေးပြီးသွားပြီ။ဒါက အစပဲ ရှိသေးပေမဲ့ နောက်ပိုင်းကျရင် ပိုပြီး အင်အားကြီးလာမှာပါ။ ”
စကားပြောနေရင်း နတ်ဆိုးကလေးအိုသည် လက်တစ်ဆုပ်စာ ခရမ်းသလင်းကျောက် ဒင်္ဂါများကို ထုတ်ပြီး လက်နှစ်ဖက်ဖြင့် ချန်လွေ့ဆီ ကမ်းပေးလိုက်သည်။
“ သခင်ပေးထားတဲ့ ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးပြားရဲ့ သုံးလေးဆလောက် ရထားပြီးပြီ။ဒါတွေကို အစေခံရဲ့ အရိုးသားဆုံး လက်ဆောင်အနေနဲ့ သခင့်ဆီကို ပေးပေးပါ။ ”
နတ်ဆိုးကလေးအိုသည် ဝတ်ရုံဂိုဏ်းထောင်ပြီး ခိုးယူလုယက်ရသည်ကို နောင်တမရဘဲ ဂုဏ်ယူနေသည်။သခင့်အတွက် အသက်မွေးဝမ်းကြောင်းအလုပ်တစ်ခု တည်ထောင်ပေးနေသည်ဟု သူယုံကြည်နေသည်။
နတ်ဆိုးဘုံ၌ ကိုယ်ပိုင်စည်းမျဉ်းများရှိကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် သူ များများ စားစား မပြောတော့ပေ။သို့သော်လည်း နတ်ဆိုးကလေးအို၏ နည်းလမ်းကို ချန်လွေ့ အံ့ဩသွားသည်။သုံးလေးရက်ထဲဖြင့် ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးပြားသည် ဆယ်ပြား ကျော် ဖြစ်သွားသည်။ ဒီ ဝတ်ရုံနဲ့ကောင် သေးသေးလေးတွေ ကလိမ်ကျတာကို အမှီပြုပြီးတော့လား။
ဤပိုက်ဆံ၏ ၉၀% သည် နတ်ဆိုးကလေးအိုကြောင့် ဖြစ်ကြောင်း ချန်လွေ့ သဘော ပေါက်သွားသည်။နတ်ဆိုးကလေးအိုသည် ဉာဏ်ကောင်းလှသည်။အမှောင်လမြို့ရှိ ဆိုင်များကို နှံ့နှံ့စပ်စပ်သိသည်။ဥပမာပြောရလျှင် မြို့၏မြောက်ပိုင်း၌ သားရဲသားရေသည် ဈေးအတော်ဆုံးဖြစ်ပြီး သလင်းကျောက်ဖြူဒင်္ဂါး ၁၀ပြားဖြင့် ရောင်းချသည်။မြို့ တောင်ပိုင်း၌ ၎င်းကို သလင်းကျောင်းဒင်္ဂါးဖြူ ၁၃ပြားဖြင့် ရောင်းနိုင်ပေသည်။နတ်ဆိုး ကလေးအိုသည် ဤအရောင်းအဝယ်ကိ အသုံးချပြီး အကျိုးအမြတ်ရအောင် လုပ်သည်။ ယခင်က နတ်ဆိုးကလေးအိုသည် နေ့စဉ်စားသောက်နိုင်ရန်အတွက် လုပ်ငန်းအသေးစား လုပ်ခဲ့သည်။သို့သော်လည်း ဂန်ခီကဲ့သို့ အနိုင်ကျင်သူများနှင့် ခဏခဏ တွေ့ခဲ့သည်။ ထို့ကြောင့် သူ၏ ဘဝသည် ခက်ခဲလှသည်။
ထိုညက ဂန်ခီကို ချန်လွေ့ သင်ခန်းစာ ပေးပြီးနောက် နတ်ဆိုးကလေးအဘိုးအိုသည် ဂန်ခီ၏ညီ ဂေါ့ဘ်နှင့် ဆုံခဲ့သည်။နတ်ဆိုးကလေးအိုက မိမိသည် ထိုညက လူစွမ်းကောင်း၏ အစေခံဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဆိုလိုက်ရာ ဂေါ့ဘ်သည် အမှန်တကယ်ပင် ကြောက်ပြီး ထွက်ပြေးသွားသည်။နတ်ဆိုးကလေးအို၏ သတ္တိလည်း ချက်ချင်း မြင့်တက်သွားသည်။ခရမ်းသလင်းကျောက်ဒင်္ဂါး သုံးပြားကို အရင်းပြုကာ ဝယ်ပြီးပြန်ရောင်းသည့် စီးပွားရေးကို တိုးချဲ့တော့သည်။ ဂန်ခီကို အလွယ်အကူ အနိုင်ရခဲ့သည့် အက်ဂ်ယော၏ ဂုဏ်သတင်းကိ အသုံးချပြီး နတ်ဆိုးတစ်စုကို ခေါ်ယူနိုင်ခဲ့သည်။တစ်ခါတစ်ရံ၌ အက်ဂ်ယော၏ အရှိန်အဝါကို အသုံးချပြီး ခြိမ်းခြောက်ဝယ်ကာ ပြန်ရောင်းသည်မှာလည်း ရှိသည်။၎င်းတို့သည် ယနေ့တွင် အစစ်နှင့်တွေ့သည့်အခါ မြင်သာသွားသည်။
ချန်လွေ့ အံ့အားသင့်သွားသည်။သူစဉ်းစားနေသည်မှ အခြားတစ်ခုဖြစ်သည်။ နတ်ဆိုးကလေးအိုသည် ခြားနားချက်မှ ပိုက်ဆံရှာရန် အခွင့်အရေးကို မြင်ခဲ့ပြီး အချိန်တိုအတွင်း အဖွဲ့အစည်းတစ်ခု တည်ထောင်နိုင်ခဲ့သည်။သူ၏ အရည်အချင်းမှာ အမှန်ပင် ထူးခြားလှသည်။ဝတ်ရုံသည် ရယ်စရာဖြစ်သော်လည်း ယခုအချိန်သည် အရှိန်အဝါအတွက် ပိုက်ဆံနှင့်ပစ္စည်းကုန်ကြမ်းများ လိုအပ်နေသည့် အရေးကြီး ကာလဖြစ်သည်။ဤကဲ့သို့ စီးပွားရေး ဈေးကွက်မြင်သည့် နတ်ဆိုးကလေးအိုသည် အထောက်အပံ့ ကြီးကြီးမားမား ဖြစ်လာနိုင်သည်။
“ ခင်ဗျားဒီပိုက်ဆံကို ယူထားပြီးတော့ အက်ဂ်ယောကို ကိုယ့်ဘာသာကိုယ် ပေးလိုက်။ ”
ချန်လွေ့ ခပ်မြန်မြန် စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
နတ်ဆိုးကလေးအိုသည် လူသားကို လာဘ်ထိုးရန် ရည်ရွယ်ချက်ဖြင့် ပိုက်ဆံထုတ် ပေးခဲ့ခြင်းဖြစ်သည်။သူ၏သခင်လက်ထဲ၌ ခရမ်းသလင်းကျောက်ဒင်္ဂါများ ရောက်သည့် အခါ အများဆုံး တစ်ဝက်သာ ကျန်တော့မည်ဖြစ်ကြောင်း သူတွေးလိုက်သည်။သို့သော် လည်း ငြင်းပယ်ခံရမည်ဟု သူထင်ပေ။သခင်အက်ဂ်ယော နှင့် လူသားအတွင်းရေးမှူးတို့ ဆက်ဆံရေးသာ သာမန်မဟုတ်ကြောင်း သူသေချာသိတယ်။ထို့နောက် သူ၏ အပြုအမူ ပိုလေးစားသွားပြီး မေးလိုက်သည်။
“ ဆာချန်လွေ့။သခင် ဘယ်တော့ပြန်လာမလဲ သိလို့ရမလား။ဂန်ခီက သူကျန်ခဲ့တဲ့ တူကို မနေ့တုန်းက လာပြန်ယူသွားတယ်။ပြီးတော့ သခင့်ကို တွေ့ချင်တယ်လို့လည်း ပြောသွားတယ်။ ”
“ ဘာ။သူက လက်စားချေချင်သေးတာလား။ ”
ချန်လွေ့သည် ဂန်ခီကဲ့သို့ နတ်ဆိုးတစ်ယောက်ကို ဂရုစိုက်မနေနိုင်တော့ပေ။