လင်းလက်ကျောက် နှင့် သတင်းအချက်အလက်များ
Vol. 3 Ch. 44
ခါခါ ပြောခဲ့သည့်အတိုင်းပင် ဂန်ခီသည် ဒဏ်ရာများဖြင့် ဝတ်ရုံဂိုဏ်းသို့ လာခဲ့ပြီး အမှန်တကယ်ပင် ယဉ်ကျေးနေ၏။နတ်ဆိုးဘုံသည် ဤကဲ့သို့ပင် ဖြစ်သည်။ အစွမ်းပိုထက်သူသာ ပြောခွင့်ရှိသည်။အရှုံးသမားသည် နောက်ဆုံးအချိန်အထိ တိုက်ခိုက်နိုင်သည်။သို့မဟုတ် အရှုံးပေးရသည်။
အက်ဂ်ယောကို ဂန်ခီတွေ့ချင်သည်မှာ ကလဲ့စားချေလို၍မဟုတ်ပေ။ငြိမ်ဝပ်ပိပြားရေး အရာရှိ အဲလန်ကိုယ်စား ဝတ်ရုံဂိုဏ်းကို အမှောင်လမြို့၏ တရားဝင်အဖွဲ့အစည်းတစ်ခု ဖြစ်စေရန် ဖြစ်သည်။မှော်သလင်းကျောက်ဒင်္ဂါး အနည်းငယ်ပေးရုံဖြင့် ဝတ်ရုံဂိုဏ်းသည် ပြဿနာအကြီးအကျယ် မရှာသရွေ့ အမှောင်လမြို့၌ လွတ်လပ်စွာ လည်ပတ်နိုင်ပေမည်။
ထို့နောက် အဲလန်သည် အမှောင်လမြို့ရှိ “ လူစုအဖွဲ့အစည်း ” များကို တိတ်တဆိတ် ထိန်းချုပ်ထားကြောင့် ချန်လွေ့ သဘောပေါက်သွားသည်။တစ်နည်းပြောရလျှင် “ အရာရှိများနှင့် သူခိုးဓားပြများ၏ ပူးပေါင်းမှု ” ဆိုနိုင်ပေသည်။ဤသတင်းအချက်အလက် အသစ်များသည် ချန်လွေ့ကို ဉာဏ်ကွန့်မြူးစေခဲ့၏။အကြံအချို့ သူ၏ခေါင်းထဲ ရောက်လာသော်လည်း ၎င်းတို့ကို စီစဉ်အတွက် အချိန်လိုအပ်သည်။လက်ရှိ အာရုံစိုက်ရမည်မှာ အိမ်ပြန်ပြီး ထိုအရှိန်အဝါပစ္စည်းများကို စမ်းသပ်ရန်ဖြစ်သည်။
“ အက်ဂ်ယောက အခုအချိန်အတောအတွင်း လေ့ကျင့်နေတယ်။နောက်နှစ်ရက်နေရင် အားလောက်ပြီ ထင်တယ်။သူ့ကိုငါ အကြောင်းကြားလိုက်မယ်။သန်ဘက်ခါ ညကျရင် ဒီမှာလာတွေ့ဖို့ ဂန်ခီကိုပြောလိုက်။ ”
နတ်ဆိုးကလေးအိုသည် ထိုကိစ္စကို စိုးရိမ်နေခဲ့သည်။ထို့ကြောင့် ချန်လွေ့ပြောသည်ကို ကြားလိုက်ရာ အလွန်ပျော်ရွှင်သွားသည်။
“ဆာချန်လွေ့။အကြောင်းကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”
“ နောက်တစ်ခုရှိသေးတယ်။ ”
ချန်လွေ့ အံကြိတ်ပြီး ပြောလိုက်သည်။
“ ခင်ဗျား အက်ဂ်ယောကို တကယ်ဒေါသထွက်အောင် မလုပ်ချင်ဘူးဆိုရင် ခင်ဗျားရဲ့ သမီးကို သူ့မိန်းမလိုမျိုး ထပ်ပြီး ဟန်မဆောင်ခိုင်းနဲ့တော့။ ”
အမှောင်နတ်ဆိုးကလေးသည် ခပ်မြန်မြန် ခေါင်းညိတ်ပြီး ချန်လွေ့ကို မျှော်လင့်ချက် ဖြင့်ကြည့်ရင်း မျက်လုံးများ တောက်ပသွားသည်။ချန်လွေ့ ကြက်သီးများ ထသွား၏။ နတ်ဆိုးကလေးအိုကြီး သူ့သမီးကို ချန်လွေ့ဆီ မရောင်းခင် ဝတ်ရုံဂိုဏ်းဌာနချုပ်မှ ချန်လွေ့ အလျင်အမြန် ပြေးထွက်လာလိုက်သည်။
ချန်လွေ့သည် စမ်းသပ်ခန်းရှိ သူ၏အခန်းထဲသို့ အမြန်ပြန်လာ၏။ထို့နောက် ချက်ချင်းပင် စူပါစနစ်၏ ကြယ်စင်စုနတ်ဘုရားကျောင်းသို့ ဝင်လိုက်သည်။ဘုရားကျောင်း အပြင်ဘက် အာကာသ၌ ဂိုဒေါင်တစ်ခု ရှိနေသည်။ဂိုဒေါင်၏ အခြေအနေကို ဖော်ပြထားသည့် အလင်းမျက်နှာပြင်တစ်ခုလည်း ပလ္လင်ပေါ်၌ ရှိနေသည်။၎င်းသည် လက်ရှိ အသေးစိတ် ကိစ္စများနှင့် သိုလှောင်နိုင်စွမ်းကို နှစ်ဖက်မြင် မျက်နှာပြင်ဖြင့် ဖော်ပြထားသည်။ထို့ပြင် အသုံးဝင်လှသည့်အလိုအလျောက် အမျိုးအစားခွဲခြားပေးသည့် လုပ်ဆောင်ချက်လည်း ပါဝင်၏။
ချန်လွေ့၏အသိစိတ် စူပါစနစ်မှ ထွက်လိုက်ပြီး အခန်းဆီသို့ ပြန်ရောက်လာသည်။ ချန်လွေ့စိတ်ဖြင့် အမိန့်ပေးလိုက်ရာ အချိန်ထဲမှ ပရိဘောဂများအားလုံးကို သိမ်းယူ သွား၏။အထုပ်အပိုးများအပါအဝင် သရုပ်ပြပုံအနေဖြင့် သေတ္တာအသေးလေး သုံးလုံးသာ အသုံးပြုရပြီး ဂိုဒေါင်တစ်ခုလုံး၏ ၁% သာရှိသည်။ဤဂိုဒေါင်သည် အမှန်တကယ် ကျယ်ပြောလှပေသည်။ထို့ပြင် ကြယ်အဆင့်တိုးလျှင်လည်း အလိုအလျောက် ကျယ်လာဦးမည် ဖြစ်သည်။
သို့ရာတွင် သိုလှောင်ခန်းကို အသက်သွင်းလိုက်သည့်အတွက် အရှိန်အဝါ ၁၂၇၀၌ ၅၇၀သာ ကျန်တော့သည်။ စမ်းကြည့်ရန်အတွက် မှော်ပစ္စည်းအပုံလိုက် ရှိနေ၍ တော်သေးသည်။
ပစ္စည်းများကို တစ်ခုပြီးတစ်ခု ချန်လွေ့ စမ်းကြည့်တော့သည်။စမ်းသပ်ပြီးနောက်တွင် သာမန်ပစ္စည်းများသည် အရှိန်အဝါ၂၀ မှ ၈၀ အထိသာ ထောက်ပံ့ပေးနိုင်ကြောင်း သိလိုက်ရ၏။သာမန်အရည်အသွေးနှင့် သန့်စင်မှုရှိသည့် နွယ်ကျောက်တစ်ခုသည် အရှိန်အဝါ ၁၆၀ ပေးစွမ်းသည်။၎င်းသည် အတော်လေးကောင်းသည့် အရှိန်အဝါ အရင်းအမြစ်တစ်ခု ဖြစ်သည်။နွယ်ကျောက်ထက် ပိုကောင်းသည့် ပစ္စည်းသုံးမျိုးလည်း ရှိသေးသည်။ပထမတစ်ခုမှာ အလွန်ရှားပါးသည့် ရေခဲကျောက်စိမ်းသလင်းကျောက် ဖြစ်ပြီး အရှိန်အဝါ ၈၅၀ ပေးစွမ်းသည်။ဒုတိယတစ်ခုမှာ သလင်းကျောက်နက်ထက် ပို၍တန်ဖိုးကြီးသည့် သွေးသလင်းကျောက်ဖြစ်သည်။ရှားပါးလှသည့်အတွက် ၎င်းကို သလင်းကျောက်နက်၊ခရမ်းသလင်းကျောက်များကဲ့သို့ ငွေကြေးအနေဖြင့် မသုံး သော်လည်း ၎င်းကို ရှားပါးအရာအဖြစ်သတ်မှတ်သည်။၎င်းသည် အရှိန်အဝါ ၆၂၀ ထောက်ပံ့ပေးသည်။နောက်ဆုံးတစ်ခုသည် မှော်အထောက်အကူပြုသောပစ္စည်းဖြစ်သည့် လင်းလက်ကျောက်ဖြစ်ပြီး အရှိန်အဝါ ၃၁၅ ပေးစွမ်းသည်။
စမ်းသပ်မှုပြီးသွားပြီးနောက်တွင် ချန်လွေ့၏ စုစုပေါင်း အရှိန်အဝါသည် ၄၀၁၅ အထိ ရောက်ရှိသွားသည်။ရေခဲကျောက်စိမ်းသလင်းကျောက် နှင့် သွေးသလင်းကျောက်တို့သည် အလွန်ရှားပါသည်။ရေခဲသလင်းကျောက်တစ်တုံးသည် သလင်းကျောက်နက်ဒင်္ဂါး ၁၀၀၀ ကျသင့်ပြီး သွေးသလင်းကျောက်သည် သလင်းကျောက်နက်ဒင်္ဂါး ၆၀၀ ကျသင့်သည့် အတွက် ဝယ်ရန်မတန်လှပေ။သို့သော် လင်းလင်ကျောက်သည် ခြွင်းချက်ဖြစ်သည်။၎င်းကို အဆောင်ပစ္စည်းသုံးရာတွင် အသုံးပြုပြီး အလင်းရောင် ဖျော့ဖျော့လေး လင်း၏။ နွယ်ကျောက်ထက်ပင် ဈေးပိုတော်ပြီး တစ်တုံးလျှင် သလင်းကျောက်နက်ဒင်္ဂါး ဆယ်ပြားသာ ကျသင့်သည်။၎င်း၏လုပ်ဆောင်ချက်သည် ဖိနှိပ်ရန်နှင့်တည်ငြိမ်စေရန် ဖြစ်ပြီး အချို့မှော်ကွန်တိန်နာများ၏ တန်ပြန်မှုကို ကန့်သတ်ရန် အသုံးပြုသည်။ လက်သီးဆုပ်အရွယ် လင်းလက်ကျောက်ကို အကြိမ်များစွာ အသုံးပြု၍ရသည်။ထို့ကြောင့် ဝယ်လိုအား မများလှပေ။၎င်း၏အထူးအရည်အသွေးကြောင့် မှော်ကိရိယာများပြုလုပ် ရာတွင် အသုံးပြုသည်ကများသည်။ယေဘုယျအားဖြင့် ၎င်းကို အတော်လေး သမာရိုးကျ မဟုတ်သည့် ပစ္စည်းဟု သတ်မှတ်ကြသည်။မှော်စတိုးဆိုင်တစ်ဆိုင်၌ ထိုကဲ့သို့ကျောက်မျိုး အနည်းငယ်သာ ရှိတတ်ကြသည်။
အရှိန်အဝါရရန်အတွက် ရေခဲကျောက်စိမ်းသလင်းကျောက် နှင့် သွေးသလင်းကျောက် တို့၏ ဈေးနှုန်းသည် အလွန်မြင့်လှသည်။သို့ရာတွင် လင်းလက်ကျောက်သည် အရည်အသွေး နှင့် ဈေးနှုန်းအချိုး အမြင့်ဆုံး ဖြစ်သည်။ဤကဲ့သို့ကျောက်များကို ရှာဖွေရန်အတွက် ချန်လွေ့ နည်းလမ်းရှာရပေတော့မည်။
ချန်လွေ့သည် ထိုပစ္စည်းများကို အမှုန့်ဖြစ်အောင် လုပ်လိုက်ပြီး သိုလှောင်ခန်းထဲ၌ ထားခဲ့ကာ စူပါစနစ်မှ ထွက်လိုက်သည်။ယခုတွင် အရှိန်အဝါ ၄၀၀၀ကျော် ရှိနေပြီဖြစ်၍ အရည်အသွေးမြင့် နွယ်ကျောက်၆၀ ရသည့်အခါ ချန်လွေ့၏ အရှိန်အဝါများ အလျှံပယ် ဖြစ်သွားပေမည်။လေ့ကျင့်ရေးကွင်း၌ တစ်ကိုယ်တည်းလေ့ကျင့်ရန် အချိန်မဟုတ် သည့်အတွက် ထိုအရှိန်အဝါကို အလွယ်တကူ မသုံးသင့်သေးပေ။ထို့ကြောင့် အရှိန်အဝါ များပိုစုဆောင်းပြီး အထူးလေ့ကျင့်ရေး၌ အဆိပ်နဂါး ပါ့ဂ်လီအိုနှင့် တိုက်ခိုက်ရာတွင် ကြယ်စွမ်းအင်များ အသုံးပြုခြင်းကို ပိုရင်းနှီးစေရန် ချန်လွေ့ ပြုလုပ်သင့်ပေသည်။
ခဏအကြာတွင် ခါဂူရွန်သည် ရှီရာဆီမှ ချန်လွေ့တောင်းထားသည့် အချက်အလက်များ ပါဝင်သည့် စာရွက်စာတမ်းနှင့်အတူ စမ်းသပ်ခန်းဆီသို့ ရောက်လာသည်။ အင်ပါယာအစောင့် ခေါင်းဆောင်သည် ရှီရာဆီမှ အမှာစကားကိုလည်း ပြန်ကြားလိုက်သည်။
“ စာရွက်စာတမ်းတွေကို အလွတ်မှတ်ပြီးရင် ဖျက်ဆီးဖို့ မမေ့နဲ့။ ”
ချန်လွေ့သည် စာရွက်စာတမ်းကို လှန်လျောကြည့်လိုက်သည့်အခါ မည်သည့်အတွက် ကြောင့် ရှီရာ သတိထားခိုင်းကြောင်း သဘောပေါက်သွားသည်။စီးပွားရေး၊စစ်ရေး၊မိသားစု တပ်ဖွဲ့များ နှင့် ဩဇာရှိ အဖွဲ့ဝင်များ အပါအဝင် အမှောင်လမြို့ထဲရှိ အခြေအနေအမျိုးမျိုး ကို အသေးစိတ် မှတ်တမ်းတင်ထား၍ ဖြစ်သည်။ကနဦးဆင့်ကဲပြောင်းလဲပြီးနောက်တွင် ချန်လွေ့၏ အစွမ်းထက်မှတ်ဉာဏ်သည် ပို၍တိုးမြှင့်သွားသည်။သူ၏ဦးနှောက်သည် ကွန်ပျူတာ ဒေတာဘေ့စ်ကဲ့သို့ဖြစ်သွားပြီး အချက်အလက်တိုင်းကို တိတိကျကျ မှတ်ထား နိုင်သည်။ထိုစာရွက်စာတမ်းကိုမူ ချန်လွေ့ မဖျက်ဆီးခဲ့ပေ။နေရာအများကြီးမယူသည့် အတွက် သိုလှောင်ခန်းထဲ၌ ချန်လွေ့ သိမ်းထားလိုက်၏။
ချန်လွေ့သည် ဂျိုးဆက်ပ်၏ အချက်အလက် အကြောင်းကို သေချာသတိထားသည်။ ဂျိုးဆက်ပ်သည် အသက်၃၀၀ ရှိပြီဖြစ်သည်။သို့သော်လည်း မဟာနတ်ဆိုးများထဲ၌ သက်လတ်ပိုင်းအရွယ်ဟုသာ သတ်မှတ်နိုင်သည်။ဂျိုးဆက်ပ်သည် လိပ်ပြာနီနယ်မြေ အရှင်သခင် ဂျို့ရှ်၏ သားအကြီးဆုံးဖြစ်ပြီး အယ်ဗင်မိသားစုဝင် ဖြစ်သည်။ဂျို့ရှ်၌ သားသမီး သုံးလေးယောက် ရှိသည့်အတွက် ဂျိုးဆက်ပ်သည် တိုက်ရိုက် အရိုက် အရာဆက်ခံသူ မဟုတ်ခဲ့ပေ။သားသမီးများထဲ၌ ဂျိုးဆက်ပ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ဂျို့ရှ် သဘောအကျဆုံးဖြစ်သည့် အငယ်ဆုံးသား ခါနီတာ ဖြစ်သည်။ အရိုက်အရာဆက်ခံသူဖြစ်ရန် အခွင့်အရေးပိုများရန်အတွက် အမှောင်လမြိုဆီသို့ ဂျိုးဆက်ပ် လာခဲ့ခြင်း ဖြစ်သည်။ခါနီတာသည် လိပ်ပြာနီမြို့မှ အဝေးရောက်နေသော် လည်း သူနှင့်ဂျိုးဆက်ပ်ကြားရှိ တိုက်ခိုက်မှုသည် ဘယ်တော့မှ အဆုံးမသတ်ခဲ့ပေ။ ရှင်သန်ရေး နှင့် လိုက်လျောညီထွေမှုသည် နတ်ဆိုးဘုံ၏ ယဉ်ကျေးမှု ဖြစ်သည့်အတွက် ဂျို့ရှ်သည် သူတို့နှစ်ဦးကို မတားဆီးပေ။၎င်းသည် မျိုးရိုးစဉ်ဆက် အရိုက်အရာ လွဲပေးသည့် ပုံစံမျိုးလည်း ဖြစ်သည်။
နတ်ဆိုးဘုံတွင် ၎င်းထက် ဘယ်အရာမှ အရေးမကြီးပေ။တော်ဝင်မိသားစုအတွက်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ရှီရာကို အသီနာ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်ဂျော့ဂ်ျ ထောက်ခံသည့် အကြီးမားဆုံး ရည်ရွယ်ချက်မှာ မင်းသားအိုဆိုင်ဒန်သည် “ ကြယ်ကြွေတမန်ဓား ” ကို အပြည့်အဝ နားမလည်သေး၍ ဖြစ်သည်။ထို့ကြောင့် အိုဆိုင်ဒန်သည် သန်းခေါင်နေ အရှင်၏ မျိုးဆက်များကို သုတ်သင်ပြီး အဆောင်ပစ္စည်းကို ဆက်ခံရန် လူစီဖာမိသားစု၏ နောက်ဆုံးမျှော်လင့်ချက်ကို ဆုံးရှုံးသွားအောင် လုပ်၍မရခြင်းပင်။ဤသည်က လူစီဖာ မိသားစုကို အခြားသုတ်သင်ခံရသည့် မိသားစုများကဲ့သို့ဖြစ်ရန် တားဆီးပေးနေသည်။ တစ်နည်းပြောရလျှင် “ ကြယ်ကြွေတမန်ဓား ” ၏ အသိအမှတ်ပြုခြင်းကို အိုဆိုင်ဒန် ရရှိသွားလျှင် ဗိုလ်ချုပ်ဂျော့ဂ်ျသည် ရှီရာကို ဆက်လက် ထောက်ပံ့၍မရတော့ပေ။ သို့မဟုတ်ပါက သစ္စာဖောက်ဟုအခေါ်ခံရပြီး မိသားစုလိုက် အမြစ်ဖြတ်သုတ်သင်ခြင်းကို ခံရပေလိမ့်မည်။
အဲလန်သည် ခါရွန်မိသားစု အကြီးအကဲ လီဂူ၏ တစ်ဦးတည်းသောသားဖြစ်သည်။ ခါရွန်မိသားစုသည် ယခင်က အိမ်ရှေ့မင်းသား ဂါရမ်းနှင့် သူ၏သွေးသားများကို ထောက်ခံခဲ့သည်။သို့သော် ဂရမ်း သေဆုံးသွားသည့်အခါ မင်းသားအိုဆိုင်ဒန်ဆီ၌ အလုပ်အကျွေးပြုတော့သည်။အဲလန်၏အစွမ်းသည် လက်ရှိ၌ အလယ်ဆင့်နတ်ဆိုး အထွတ်အထိပ်ဖြစ်သည်။ယခင်က အသီနာနှင့် တူတူပင် ဖြစ်သည်။သို့ရာတွင် အသီနာ သည် ယခု အမြင့်ဆင့် နတ်ဆိုး ဖြစ်သွားပြီ ဖြစ်သည့်အတွက် အဲလန်နောက်ကျကျန်ခဲ့ လေပြီ။အလယ်ဆင့်နတ်ဆိုး အထိတ်အထိပ် နှင့် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းသည် တစ်ဆင့်သာ ခြားသော်လည်း အဆင့်ချင်းကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ယခု အချိန်တွင် အဲလန်သည် အသီနာကို လုံးဝမယှဉ်နိုင်ပေ။သို့သော်လည်း အဲလန်ကို ခါရွန်မိသားစုမှ အစွမ်းထက်နတ်ဆိုးများ ဝိုင်းရံကာကွယ်ထားပေးသည့်အတွက် မလျှော့တွက်သင့်ပေ။
အမှောင်လမြို့သည် မူလက စည်ကားကျော်ကြားသည့် နေရာတစ်ခုဖြစ်ခဲ့ပြီး စီးပွားရေး အင်အားကောင်းသည့် မိသားစုများ မရှားပါးခဲ့ပေ။လွန်ခဲ့သောနှစ်၄၀၀၌ စစ်ပွဲကြောင့် ပျက်စီးပြီးသည့်အချိန်မှစ၍ မိသားစုတော်တော်များများသည် အခြားနေရာများကို ရွှေ့ပြောင်းသွားခဲ့ကြသည်။သို့သော်လည်း နှစ်ပေါင်းများစု စုဆောင်းခဲ့သည့် အခြေခံ အုတ်မြစ်သည် ဤနေရာ၌ ရှိနေသေးသည်။စိုင်ဖူလ်မိသားစု နှင့် မယ်လွန်မိသားစုတို့သည် ရှေးဟောင်းမိသားစု၏ ကိုယ်စားပြု အင်အားစုများ ဖြစ်ကြသည်။စိုင်ဖူမိသားစုသည် ရှီရာအပေါ် သစ္စာရှိသည်။လွန်ခဲ့သော၂နှစ်၌ ဂျိုးဆက်ပ်သည် အကြီးအကဲ ကာတာ၏ သားဖြစ်သူ တင်မ်ကို ရှီလန်တောင်၏ အန္တရာယ်အရှိဆုံး နယ်မြေကို မိုင်းတွင်းအရာရှိ အဖြစ် တာဝန်ပေးလိုက်သည့်အတွက် အစအနရှာမရဘဲ သေဆုံးသွားခဲ့သည်။ထို့ကြောင့် ကာတာသည် ဂျိုးဆက်ပ်နှင့်အယ်ဗင်မိသားစုကို အရိုးထဲဆွဲအောင် မုန်းတီးနေလေသည်။ မယ်လွန်မိသားစုသည် လက်ရှိတွင် ဂျိုးဆက်ပ်ဘက်မှ ဖြစ်သည်။အခြားမိသားစု သေးသေးလေးများသည်လည်း အဖွဲ့အစည်းတစ်ခုစီကို ထောက်ခံထားကြသည်။
ဤအချက်အလက်သည် အလွန်အသုံးဝင်သည်။သို့ရာတွင် ဂျိုးဆက်ပ်နှင့် အဲလန်ကို အတွင်းရေးပြဿနာဖြစ်အောင် လုပ်ရန် လွယ်ကူလှသည် မဟုတ်ပေ။ချန်လွေ့သည် ဂျိုးဆက်ပ်ဘက်မှ အရင်မစနိုင်သည့်အတွက် အဲလန်ဘက်မှ အရင်စရပေမည်။အဓိက သော့ချက်မှာ အခွင့်အရေးဖြစ်သည်။ထို့ပြင် ဂျိုးဆက်ပ်၏ ပြိုင်ဘက်ညီလေးကိုလည်း ချန်လွေ့ အသုံးချနိုင်သေးသည်။သို့သော် လက်ရှိတွင် ချန်လွေ့၌ မည်သည့်အကြံအစည် ကောင်းကောင်းမှ မရှိပေ။
ရှီရာသည် အလွန်စဉ်းစဉ်းစားစားရှိသည်။စမ်းသပ်ခန်းနယ်မြေထဲ ခိုးဝင်ခြင်းကို မဖြစ်စေရန်နှင့် ညပိုင်း၌ ဝိုင်ဗန်တို့၏ မူမမှန်မှုများကို သတိမထားမိစေရန်အတွက် နန်းတော်အပြင်ဝင်း၏ လုံခြုံရေးကို တင်းကြပ်လိုက်သည်။ဤအခြေအနေသည် မဟာဆရာသခင်ဆေးရည်ကို အဲဒက်စ် စမ်းသပ်နေသည်ဟူသော ရွိုင့်စ်၏ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
ချန်လွေ့သည် မည်သို့ကံကောင်းသွားကြောင်း မသိပေ။အထူးလေ့ကျင်ရေးအတွက် ဝိုင်ဗန်စီးပြီး ရေကန်ပြာဆီ ချန်လွေ့သွားလိုက်သည်။ထို့နောက် နေ့လယ်ခင်း၌ အတွင်းရေးမှူးအဖြစ် အလုပ်လုပ်ရင်း အမှောင်လမြို့အခြေအနေကို ရှီရာနှင့် ပြောဆိုသည်။
နှစ်ရက်ကြာပြီးနောက်တွင် ယနေ့ည၌ ဝတ်ရုံဂိုဏ်းသို့ သွားရမည်ဖြစ်ကြောင်းကို ချန်လွေ့ သတိရသွားပြီး ဝတ်စုံပြင်တော့သည်။မည်သို့ပင်ဆိုစေကာမူ အက်ဂ်ယောသည် ဝတ်ရုံဂိုဏ်း၏ ခေါင်းဆောင်ဖြစ်နေသေးသည်။
ကောင်းကင် ပို၍ မှောင်မည်းလာသည်။ဝတ်ရုံဂိုဏ်း၏ ဌာနချုပ် ဝင်ပေါက်၌ နတ်ဆိုးကလေးအိုကြီး ဒီဒီသည် ကြောက်ကြောက်နှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ဂန်ခီကို သူဖိတ်ခဲ့ပြီးပြီဖြစ်၍ အချိန်မရွေးရောက်လာနိုင်သည်။ သို့သော်လည်း သူ၏သခင် အက်ဂ်ယော ပေါ်မလာသေးပေ။လူသားအတွင်းရေးမှူးသာ ဤကိစ္စကို မလျို့ဝှက်ထားခိုင်းလျှင် ဒီဒီသည် စမ်းသပ်ခန်းဆီ လိုက်သွားတော့မည် ဖြစ်သည်။
နတ်ဆိုးကလေးအိုကြီး၏ တူဖြစ်သူ ခါခါသည် အလျင်အမြန် သတင်းပို့လိုက်သည်။
“ ဦးလေးဒီဒီ။ဂန်ခီနဲ့ သူ့အဖွဲ့သားတွေက လမ်းကြားအဝင်အဝထဲ ရောက်နေပြီ။ ”
“ သခင်လည်း မရောက်သေးဘူး။ငါတို့ ဘာလုပ်ကြမလဲ။ ”
နတ်ဆိုးကလေးအိုကြီး စကားပြောပြီးသည့်အခါ ခါခါသည် သူ၏နောက်ဘက်ကို တအံ့တဩ ကြည့်နေကြောင်း တွေ့လိုက်သည်။
နတ်ဆိုးကလေးအိုကြီး နောက်လှည့်လိုက်ရာ အသံမထွက်ဘဲ သူ့နောက်တွင် တစ်စုံတစ်ယောက် ရောက်နေကြောင်း တွေ့လိုက်သည်။ဒီဒီချက်ချင်းပင် ကြောက်လန့်တကြား နောက်ဆုတ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ အသုံးမကျတဲ့ကောင် ”
အေးစက်ပြီး အနည်းငယ် အက်ကွဲသည့်အသံ ထွက်ပေါ်လာသည်။
နတ်ဆိုးကလေးအိုငြီးသည် မျက်နှာဖုံးထားသည့် ဝတ်ရုံနှင့်နတ်ဆိုးကိုကြည့်ပြီး မှတ်ဉာဏ်ထဲမှ ပုံရိပ်တစ်ခုနှင့် ဆင်တူသလို ခံစားလိုက်ရသည်။သို့သော် အသံသည် အနည်းငယ် ကွဲပြားသည်။ဒီဒီ မသေမချာနှင့် မေးလိုက်သည်။
“ သခင်....သခင်လား။ ”
“ မင်း ငါ့လက်ခံမှုကို မရသေးဘူး။ငါကလည်း မင်းရဲ့သခင် မဟုတ်ဘူး။ ”
ဝတ်ရုံနှင့်နတ်ဆိုးသည် လက်ဆန့်လိုက်ပြီး နတ်ဆိုးကလေးအဘိုးအိုကို ချိန်လိုက်ကာ အေးတိအေးစက်နှင့် ပြောလိုက်သည်။
“ မင်းငါ့နာမည်ကိုသုံးပြီး ဝတ်ရုံဂိုဏ်းကို ထောင်ခဲ့တယ်ဆိုတဲ့အချက်နဲ့တင် မင်းကို အစိတ်စိတ် အမွှာမွှာဖြစ်အောင် ဖောက်ခွဲဖို့ လုံလောက်နေပြီ။ ”
နတ်ဆိုးကလေးအဘိုးအိုက ၎င်းသည် ကြောက်စရာ အလင်းလုံးကြီး ထုတ်လွှတ်သည့် အမူအရာဖြစ်ကြောင်း သတိရသွားပြီး သံသယထပ်မဖြစ်ရဲတော့ဘဲ ကြောက်လန့်တကြား တောင်းပန်တော့သည်။
“ ခွင့်လွှတ်ပေးပါ။သခင်။ဒီဒီက သခင့်အတွက် တစ်ခုခု လုပ်ပေးချင်တာပါ။ ”
“ ဟမ့် ”
ဝတ်ရုံနှင့်နတ်ဆိုးသည် ဖြည်းဖြည်းချင်း လက်ရုပ်သိမ်းလိုက်သည်။
“ အရင်ဆုံး ဘေးဖယ်နေ။အဲဒီအရှုံးသမားကို အရင်ရှင်းပြီးမှ မင်းနဲ့ စာရင်းရှင်းမယ်။ ”
နတ်ဆိုးကလေးအိုကြီးသည် အလျင်အမြန်ပင် ဘေးနား၌ ရိုရိုသေသေ ရပ်နေလိုက်သည်။ထိုအခိုက်တွင် အပေါက်ဝမှ ဂန်ခီ၏အသံ ကြားလိုက်ရသည်။
“ မင်းတို့ရဲ့ခေါင်းဆောင် ဘယ်မှာလဲ။ ”