ပြိုင်ကွင်း။လက်ရည်စမ်းပွဲ စတင်ခြင်း
Vol. 4 Ch. 46
ပြိုင်ကွင်းရှိ တိုက်ပွဲများ စတင်နေပြီး ညအချိန်ဖြစ်သည့်အတွက် ကျယ်လောင်သည့် အားပေးသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။၎င်းသည် ပရိတ်သတ် ၃၀% ခန့်သာ ဖြစ်သည်။ယခင်က အထွတ်အထိပ်အချိန်ဆိုလျှင် မည်မျှလောက် ကြီးကျယ်လိုက်မည်နည်း။
ချန်လွေ့ အပေါက်ဝသို့ လမ်းလျှောက်သွားလိုက်ရာ အဇရူပဒေဝတာ အစောင့် နှစ်ယောက်က တားဆီးလိုက်ကြ၏။
“ မင်းရဲ့ လောင်းကစားလက်မှတ် ဘယ်မှာလဲ။ ”
လောင်းကစားကတ်သည် ဝင်ခွင့်ကတ် ဖြစ်နေသည်။ချန်လွေ့ ခဏစဉ်းစားပြီး ပြန်ပြောလိုက်သည်။
“ တစ်ဆိတ်လောက်ပါ။ပြိုင်ကွင်းမှာ ဘယ်လိုပါဝင်ရမလဲ။ ”
အဇရူပဒေဝတာ တစ်ယောက်က ချန်လွေ့ကို သေချာစစ်ဆေးကြည့်လိုက်ပြီး အစွမ်းအစမရှိဟု ခံစားရလိုက်ကာ သရော်ပြုံးပြုံးလိုက်သည်။
“ မင်းလို အားနည်းတဲ့သူက ပြိုင်ကွင်းကို စိန်ခေါ်ရဲတာလား။ ”
ချန်လွေ့ ဘာမှမပြောဘဲ ရှေ့တက်ကာ အဇရူပဒေဝတာ၏ လက်ထဲမှ တူကို ကိုင်လိုက်သည်။ချက်ချင်းပင် တူပေါ်၌ အက်ကြောင်းများ ဖြစ်သွားသည်။
ထိုဖြစ်အင်သည် အဇရူပဒေဝတာ နှစ်ယောက်ကို ကြက်သေသေသွားစေသည်။တိုက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြသည့် နတ်ဆိုးအများစုသည် ရမ်းကားကြမ်းတမ်းကြသည်။သူတို့ကို ရန်စသူများသည် အဆုံးသတ်မလှခဲ့ကြပေ။အစောင့်တစ်ယောက် ချက်ချင်း ပြောလိုက်သည်။
“ စာရင်းသွင်းချင်ရင် တည့်တည့်သွား။ပြီးရင် ဘယ်ဘက်လှည့်ပြီး အိမ်ပေါ်ထပ် တက်သွား။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး တည့်တည့် လမ်းလျှောက်သွားလိုက်ရာ အစောင့်ပြောသည့် အိမ်ကို တွေ့သွားသည်။ထိုအိမ်သည် ကျယ်ဝန်းပြီး အတော်လေး ခမ်းနားသည့် ပရိဘောဂများ ပြည့်နေသော လော်ဘီ ဖြစ်သည်။အဝင်ဝ၌ စားပွဲစောင်းတစ်လုံး ချထားပြီး သေရွာပြန်တစ်ယောက် ထိုင်နေ၏။
“ ပြိုင်ကွင်းအတွက် ဒီမှာ စာရင်းသွင်းရတာလား။ ”
သေရွာပြန်သည် လေးလေးပင်ပင်နှင့် အဝင်ဝဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။ ချန်လွေ့ကြည့်လိုက်ရာ ဆိုင်းဘုတ်၌ ရှင်းရှင်းလင်းလင်း ရေးပြထားသည်ကို တွေ့လိုက်သည်။ပြိုင်ကွင်းတိုက်ပွဲကို အနိမ့်ဆင့်၊အလယ်ဆင့်၊အမြင့်ဆင့်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထားသည်။အဆင့်မြင့်လေလေ ဆုလာဒ်ပိုများလေလေ ဖြစ်သည်။နိုင်ပွဲဆက် ဆုကြေးသည်လည်း နိုင်ပွဲများလာလေလေ ပိုမြင့်လေလေ ဖြစ်သည်။စည်းမျဉ်းအရ လက်ဗလာ နှင့် လက်နက် ကြား၌ ကွာခြားမှုလည်း ရှိသည်။အောက်ခြေ၌ “ ကိုယ်ဖြစ်ကိုယ်ခံ ” ဟု သေသေချာချာ ဖော်ပြထား၏။
သေရွာပြန်သည် ချန်လွေ့ စာဖတ်ပြီးသည်အထိ စောင့်နေပြီး ပြောလိုက်သည်။
“ မင်း ဝင်ပြိုင်မယ်ဆိုရင် နာမည်နဲ့စွမ်းအား အဆင့်ကို ပြောပြ။ပုံမှန်ဆိုရင်တော့ သုံးရက်အတွင်း မင်းအတွက် ပြင်ဆင်ပေးမယ်။ပြိုင်ကွင်းအပြင်က ကြော်ငြာသင်ပုန်းဆီ သွားပြီးတော့ မင်းရဲ့ ပွဲစဉ်နံပါတ်ကို ကြည့်လို့ရတယ်။မင်းရဲ့အစွမ်းကို လိမ်ညာတာပဲ ဖြစ်ဖြစ် သတ္တိမရှိဘဲ ထွက်ပြေးရင်ပဲဖြစ်ဖြစ် ဆာအရတ်စ်က ပြင်းပြင်းထန်ထန် အပြစ်ပေးလိမ့်မယ်။ ”
“ ကျုပ် စာရင်းသွင်းချင်တယ်။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ပြိုင်ပွဲသည် သုံးရက်အတွင်း စီစဉ်ပေးမည် ဖြစ်သည့်အတွက် တိုက်ပွဲမဝင်ခင် အခြေအနေကို စောင့်ကြည့်၍ ရပေသည်။ထို့ပြင် ချန်လွေ့သည် [ အရုဏ်ဦးပစ်ချက် ] ကိုတစ်ခေါက် သုံးပြီးသွားလေပြီ။မနေ့ညက အဆိပ်နဂါး အထူးလေ့ကျင့်ရေး၌လည်း တစ်ကြိမ် သုံးခဲ့ပြီးပြီ။၂၄နာရီအတွင်း နှစ်ကြိမ်ဆက်တိုက် သုံးပြီးပြီဖြစ်သည့်အတွက် ထပ်အသုံးပြု၍ရရန် ၃နာရီကျော် ထပ်စောင့်ရမည်ဖြစ်သည်။
“ အလယ်ဆင့်နတ်ဆိုး ကနဦးအဆင့်။ ”
ချန်လွေ့ ခဏစဉ်းစားပြီး သူ၏ [ အသက်အောင့် ] စွမ်းရည်ကို ဖယ်ရှားလိုက်သည်။
“ အလယ်ဆင့်လား။ ”
သေရွာပြန်သည် အတော်လေး ခန္ဓာကိုယ်အရွယ်အစားသေးသည့် ဝတ်ရုံနှင့်“နတ်ဆိုး” ကို ကြည့်လိုက်ပြီး လေးလေးနက်နက် ဖြစ်သွားကာ ခေါင်းညိတ်လိုက်သည်။
“ အနိမ့်ဆင့်တိုက်ပွဲတွေက စိတ်လှုပ်ရှားစရာ မကောင်းဘူး။အမြင့်ဆင့်တိုက်ပွဲတွေက နည်းနည်းပဲရှိတယ်။အလယ်ဆင့် ကတော့ တိုက်ပွဲအများဆုံးပဲ။ဒါပေမဲ့ ဒီနေ့တော့ ပွဲပြည့်သွားပြီ။ဒီနေ့အတွက် နောက်ဆုံးပွဲလည်း ရောက်နေပြီ။မင်းနာမည်က... ”
“ အက်ဂ်ယော ”
“ အက်ဂ်ယော။ဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ။ ”
သေရွာပြန်သည် ပြန်စဉ်းစားလိုက်သော်လည်း ဘာမှမမှတ်မပေ။သူ ချန်လွေ့ကို သံပြား တစ်ပြား ပေးလိုက်၏။
“ မင်းနာမည် ဘယ်လိုခေါ်ခေါ် အရေးမကြီးဘူး။တိုက်ပွဲသုံးပွဲထက်ကို မင်းအသက်မရှင် နိုင်ရင် မင်းနာမည်က အသုံးမဝင်ဘူး။အလောင်းနာမည်ကို ဘယ်သူမှ မှတ်ထားမှာ မဟုတ်ဘူး။မင်းက နံပါတ်(၆၄) ပဲ။ပြိုင်ကွင်းအပြင်က ကြော်ငြာသင်ပုန်းကို ကြည့်ဖို့ မမေ့နဲ့ဦး။တိုက်ပွဲမစခင် နှစ်ရက်လောက်ကြိုပြီး သတိပေးတယ်။ပြီးတော့ ညပိုင်းစမှာ။ အချိန်မလွဲစေနဲ့။ ”
ချန်လွေ့သည် နံပါတ်(၆၄) ကိုကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ရှိ ဆိုဖာဘေးနား၌ အလင်းရောင်ဖျော့ဖျော့လေး တောက်ပနေသည့် ရုပ်ထုတစ်ခုကို မမျှော်လင့်ဘဲ တွေ့လိုက်ရကာ ချက်ချင်းပင် ကြက်သေသေသွားသည်။ထိုရုပ်ထုသည် ၁.၃ မီတာမြင့်ပြီး လက်ရာသည်လည်း အထူးကောင်းမွန်လှသည်။ထိုရုပ်ထုသည် ထူးဆန်းသည့် အချွန်နှစ်ဖက်ပါ တံစဉ်ကို ကိုင်ထားသော အမျိုးသမီး မဟာနတ်ဆိုးပုံစံ ဖြစ်သည်။
ချန်လွေ့ မြင်သည်မှာ ရုပ်ထု၏ အနုပညာတန်ဖိုးကို မဟုတ်ဘဲ အတွင်းရှိ ပစ္စည်းကို ဖြစ်သည်။ ဒါက လင်းလက်ကျောက်ပဲ။တော်တော်ကြီးတဲ့ လင်းလက်ကျောက်။
“ ဒါက...လင်းလက်ကျောက်နဲ့ လုပ်ထားတဲ့ ရုပ်ထုလား။ ”
သေရွာပြန်သည် နောက်လှည့်ကြည့်ပြီး ကြွားလုံးထုတ်လိုက်သည်။
“ ဒါက ဆာ-အရတ်စ် အကြိုက်ဆုံး လက်ရာထဲက တစ်ခုပဲ။ဒါကို အရည်အသွေးမြင့် လင်းလင်ကျောက် တစ်ခုလုံးကနေ ထွင်းထုထားတာ။တစ်နာရီတစ်ခါ အရောင်ပြောင်းတယ်။ဆာက အခု တိုက်ပွဲကြည့်နေလို့။မဟုတ်ရင် ဒီမှာထိုင်ပြီး သောက်နေလေ့ရှိတယ်။ ”
ချန်လွေ့သည် ပြိုင်ကွင်း၌ ကြီးကြီးမားမား ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လိုချင်သည့်အရာသည် မမျှော်လင့်ထားသည့် နေရာများ၌ အမြဲပေါ်လာတတ်သည်မှာ အမှန်တကယ်ပင် ဖြစ်နေသည်။၎င်းသည် အရည်အသွေးမြင့် လင်းလင်းကျောက် ဖြစ်နေသည်။ထိုအရွယ်အစားဖြင့်ဆိုလျှင် အရှိန်အဝါ အမှန်ပေါင်း သောင်းနဲ့ချီ ရနိုင်၏။
ဒါကို ရဖို့ ငါနည်းလမ်း ရှာရမယ်။ဒါပေမဲ့ ဒီလော်ဘီမှာ အခန်းတစ်ခန်းရှိတယ်။ အရတ်စ်က ဒီမှာနေတာလား။ဒါဆိုရင်တော့ နည်းနည်းခက်လိမ့်မယ်။
ထိုအချိန်၌ မှင်စာတစ်ယောက်သည် သူတို့ထံသို့ ကြောက်လန့်တကြား ပြေးဝင်လာပြီး ပြောလိုက်သည်။
“ မကောင်းတာတစ်ခုခု ဖြစ်သွားပြီး။ဆာ ခိုင်သန်။‘ သွေးရောင်လက် ’ လန့်စ် နဲ့ တိုက်ခိုက်ရမယ့် နံပါတ်(၅၂) ပျောက်နေတယ်။ ”
“ ဘာ။ ”
ခိုင်သန် ထိတ်လန့်သွား၏။
“ အဲ့ဒီကောင်က ‘သွေးရောင်လက်’ လန့်စ်ရဲ့ ဆိုးယုတ်တဲ့ ဂုဏ်သတင်းတွေကို ကြောက်လန့်ပြီး ထွက်ပြေးသွားတာလား။ဆာ-အရတ်စ် ဒါကိုသိလား။ ”
မှင်စာသည် ကြောက်လန့်တကြား ပြန်ဖြေလိုက်သည်။
“ ဆာ-အရတ်စ်က နံပါတ်(၅၂) နောက်လိုက်နေတယ်။ဒါပေမဲ့ နောက်ဆုံးပွဲအချိန် ရောက်တော့မယ်။ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ”
ပုံမှန်အားဖြင့် နောက်ဆုံးပွဲသည် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ပြီး လောင်းကြေးလည်း အများဆုံးဖြစ်သည်။ပြိုင်ပွဲကို ပယ်ဖျက်လိုက်လျှင် ပြိုင်ကွင်းသည် အများအပြား ဆုံးရှုံးသွားမည်ဖြစ်ပြီး ဂုဏ်သတင်းလည်း လျှော့ကျသွားပေမည်။
“ ဆာအရတ်စ်ရဲ့ လက်အောက်မှာ ဘယ်သူမှ အသက်ရှင်မှာမဟုတ်ဘူး။ ”
ခိုင်သန် စိတ်ညစ်သွား၏။ထို့နောက် သူ၏မျက်လုံးများသည် အသစ်စက်စက် စာရင်းသွင်းထားသည့် ချန်လွေ့ဆီသို့ ရောက်ရှိသွားပြီး ပြောလိုက်သည်။
“ နံပါတ်(၆၄)။မင်းရဲ့ အခွင့်အရေး ရောက်လာပြီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြိုင်ပွဲတစ်ပွဲမှာ တစ်ယောက်လိုနေတယ်။မင်းနိုင်မယ်ဆိုရင် ဆုကြေး နှစ်ဆရမယ်။ ”
လက်ရှိတွင် ချန်လွေ့၏ [ အရုဏ်ဦးပစ်ချက် ] ကို သုံး၍မရသေးပေ။နံပါတ်(၅၂) ထွက်ပြေးသွားပြီး ဆုကြေးနှစ်ဆ ရနိုင်သည်ကိုကြည့်လျှင် ‘ သွေးရောင်လက် ’ လန့်စ်သည် သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။ဤကဲ့သို့ တကယ့်တိုက်ပွဲအစပိုင်း၌ ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်သည်အထိ ချန်လွေ့ မတုံးအသေးပေ။
ချန်လွေ့ ငြင်းမည်ပြင်လိုက်စဉ် အတွေးတစ်ခု ခေါင်းထဲ ဖြတ်ခနဲ ရောက်လာ၏။ ချန်လွေ့သည် ခန်းမဆီသို့ လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
“ ကျုပ် ဆုကြေးနှစ်ဆ မလိုချင်ဘူး။အဲ့ဒါ လိုချင်တယ်။ ”
ခိုင်သန်သည် ချန်လွေ့ လက်ညှိုးထိုးပြသည့် နေရာကိုကြည့်လိုက်ရာ အရတ်စ်၏ အကြိုက်ဆုံး ရုပ်ထုဖြစ်နေကြောင်း တွေ့လိုက်ရသည်။သေရွာပြန်သည် ခပ်မြန်မြန် ခေါင်းခါလိုက်သည်။သူစကားပြောရန် ပြင်လိုက်စဉ် အနောက်ဘက်မှ ထူးဆန်းသည့် အသံတစ်သံ ထွက်လာ၏။
“ ကောင်းပြီ။‘ သွေးရောင်လက် ’ လန့်စ်ကို အနိုင်ယူနိုင်ရင် မင်းကိုအဲ့ဒါပေးမယ်။ ”
ထိုအသံကို ခိုင်သန် ကြားလိုက်သည့်အခါ ရိုရိုသေသေ မတ်တပ်ရပ်လိုက်၏။
“ ဆာ-အရတ်စ် ”
ချန်လွေ့ နောက်ပြန်မလှည့်ခင်မှာပင် အခန်းထဲ၌ သွေးပေနေသည့် ခေါင်းပြတ်ကို ကိုင်ထားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ထိုနတ်ဆိုးသည် ခေါင်းပြတ်ကို မှင်စာဆီသို့ ပစ်ပေးလိုက်သည်။
“ ဒါကို အပြင်မှာ ချိတ်ထားပြီးတော့ နောက်တစ်ခါ ထွက်ပြေးရဲတဲ့သူရှိရင် ဒီလိုဖြစ်မယ်လို့ သတိပေးထားလိုက်။ ”
ထိုခေါင်းပြတ်သည် ထွက်ပြေးသွားသော နံပါတ်(၅၂) ၏ ခေါင်းဖြစ်သည်။ခိုင်သန် ပြောသည့်အတိုင်းပင် အရတ်စ်သည် မည်သူ့ကိုမှ အသက်ရှင်ခွင့်မပေးပေ။မှင်စာသည် ခေါင်းပြတ်ကို ကြောက်လန့်တကြား ကောက်ယူလိုက်ပြီး အောက်ဆင်းသွား၏။ ခိုင်သန်သည် ချက်ချင်းပင် ကြမ်းပြင်ပေါ်မှ သွေးများကို သုတ်လိုက်သည်။
“ တိုက်ပွဲအတွက် စာရင်းပေးရဲရင် သေမှာလည်း နားလည်ထားရမယ်။ ”
အရတ်စ်သည် မဖုံးကွယ်ထားသည့် စိတ်ဝိညာဉ်ကို ဖော်ထုတ်ပြနေသော ရက်စက်သည့် မဟာနတ်ဆိုး တစ်ယောက် ဖြစ်သည်။သူ၏အသံသည် အလွန်ထူးဆန်းပြီး ရွှေနှင့်သံ ရိုက်ခတ်သံကဲ့သို့ပင် ဖြစ်သည်။
“ သတ္တိမရှိတဲ့သူတွေကို ငါအရွံဆုံးပဲ။ ”
အရတ်စ်အကြောင်း ရှီရာ၏ ဖော်ပြချက်သည် ချန်လွေ့စိတ်ထဲ၌ ချက်ချင်းပေါ်လာသည်။ ဂျိုးဆက်ပ်၏ လက်အောက်ခံသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သူ အရတ်စ်သည် အမြင့်ဆင့် နတ်ဆိုးတစ်ယောက်ဖြစ်ပြီး ရဲရင့်သည်။ကြမ်းတမ်းသည်။ရက်စက်သည်။ အေးစက်သည်......
“ လျို့ဝှက်တဲ့ငနဲ။မင်း ဒီရုပ်ထုကို လိုချင်ရင် လန့်စ်ရဲ့ခေါင်းနဲ့ လဲလှယ်ရမယ်။မင်းသတ္တိ မရှိဘူးဆိုရင် ဒီပြိုင်ကွင်းကနေ အခုပဲထွက်သွားတော့။ ”
မဟာနတ်ဆိုး၏ စူးရှသောမျက်လုံးများသည် ချန်လွေ့မျက်နှာပေါ် ကျရောက်လာသည်။ သို့သော်လည်း ချန်လွေ့သည် ယနေ့ ဆွေးနွေးညှိနှိုင်းရန်အတွက် လိုရမယ်ရ သတ္တု မျက်နှာဖုံးတစ်ခု ဝတ်ထားခဲ့လေသည်။
ချန်လွေ့ ခပ်မြန်မြန်စဉ်းစားလိုက်ပြီး စိတ်ဆုံးဖြတ်လိုက်သည်။
“ ဘယ်အချိန် စမှာလဲ။ ”
ဝတ်ရုံနှင့်နတ်ဆိုး ကြောက်မနေသည်ကို တွေ့သွားပြီး အရတ်စ် ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။
“ အခုပဲ ”
‘ သွေးရောင်လက် ’ လန့်စ်သည် စင်ပေါ်၌ ရောက်နေပြီဖြစ်သော်လည်း သူ၏ပြိုင်ဘက် နံပါတ်(၅၂) ရောက်မလာသေးသည့်အတွက် ပြိုင်ကွင်းထဲ၌ ဆူညံသံများ ပဲ့တင်ထပ်သွား၏။
ထိုအချိန်၌ လှစ်ဟာပြနေသည့် ဝတ်စုံဝတ်ထားသည့် ကဝေမတစ်ယောက် စင်ပေါ်သို့ ကနွဲ့ကလျ လျှောက်လာပြီး မှော်အသံချဲ့စက် စွမ်းအားဖြင့် စကားပြောလိုက်သည်။
“ အားလုံးပဲ။နံပါတ်(၅၂)က ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားတယ်ဆိုတဲ့ သတင်းကို ကျွန်မတို့ ရထားပါတယ်။ပြီးတော့သူ့ကိုလည်း ဆာအရတ်စ် ကိုယ်တိုင် ခေါင်းဖြတ် လိုက်ပါပြီ။ဒါပေမဲ့ စိတ်လှုပ်ရှားစရာတိုက်ပွဲကို ပယ်ဖျက်မှာ မဟုတ်ပါဘူး။လေးပွဲဆက် နိုင်ထားတဲ့ ‘ သွေးရောင်လက် ’ လန့်စ်ကို တိုက်ခိုက်မယ့် နံပါတ်(၅၂) နေရာကို လျို့ဝှက်ဆန်းကြယ်တဲ့ နံပါတ်(၆၄)က အစားထိုးပါမယ်။အရင်ကလောင်းထားတာတွေ တရားဝင်နေတုန်းပါပဲ။ ”
ယခင်က ပရိတ်သတ်များသည် တိုင်အမြင့်ကြီးပေါ်၌ သွေးများပေနေသည့် ခေါင်းကို မှင်စာတစ်ယောက် ချိတ်ဆွဲလိုက်သည်ကို တွေ့ခဲ့စဉ်က နံပါတ်(၅၂)၏ အဆုံးသတ်ကို ခန့်မှန်းမိပြီးသား ဖြစ်ကြသည်။တိုက်ပွဲ ဆက်လက်ဖြစ်မည်ဖြစ်ကြောင်း ကြားလိုက် သည့်အခါ ပရိတ်သတ်များ စိတ်ပြန်လည် တက်ကြွသွားကြသည်။
ပရိတ်သတ်များ၏ အားပေးသံကိုကြည့်လျှင် အများစုသည် ‘ သွေးရောင်လက် ’ လန့်စ်ကို ထောက်ခံကြောင်း သိနိုင်သည်။စင်ပေါ်၌ အတော်ငယ် အရွယ်အစားငယ်သည့် နံပါတ်(၆၄) ပေါ်လာသည့်အခါ ပရိတ်သတ်များသည် ပို၍ပင် လန့်စ်ဆီသို့ ရောက်သွားသည်။နံပါတ်(၅၂) ကို နဂိုကလောင်းထားသည့် ပရိသတ်အနည်းငယ်သာ လျို့ဝှက်ဆန်းကြယ်တဲ့ မျက်နှာဖုံးဝတ် နတ်ဆိုးနှင့်အတူ ကံစမ်းချင်ကြည့်ချင်နေကြသည်။
“ သွေးရောင်လက် ” လန့်စ်သည် ရက်စက်သည့်ပုံစံရှိပြီး သန်မာသည့် အဇရူပဒေဝတာ တစ်ယောက်ဖြစ်သည်။သူ၏ သုံးပွဲဆက် နိုင်ထားသည့် မှတ်တမ်းကိုကြည့်လျှင် လန့်စ်သည် အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်ကြောင်း သေချာသည်။စင်ပေါ်၌ နှစ်ယောက်သားတွေ့ကြရာ လန့်စ်သည် ပြုံးဖြီးဖြီးလုပ်ကာ အစွယ်ဖြူများကို ပြလိုက်သည်။
“ ကောင်လေး။မျက်နှာဖုံးတပ်ပြီး လျို့ဝှက်ချင်ယောင်ဆောင်တာလား။စိတ်ချပါ။ မင်းဘယ်လိုပုံရှိလဲဆိုတာ ငါဂရုမစိုက်ဘူး။ငါဂရုစိုက်တာက မင်းကိုဘယ်လို နှိပ်စက်ရမလဲ ဆိုတာပဲ။ပုံမှန်ဆိုရင်တော့ ငါ့ရန်သူတွေရဲ့ ခြေလက်တွေကို အရင်ချိုးတယ်။ပြီးရင် နှလုံးကိုထုတ်တယ်။နောက်ဆုံးကျရင် ခေါင်းပေါက်ကွဲတဲ့အထိ ညှစ်ချေတယ်။မင်း အဆင်သင့်ပဲလား။ ”
ရက်ရက်မှု နှင့် ကြမ်းတမ်းမှုသည် ပြိုင်ကွင်း၏ အဓိကပြယုဂ် ဖြစ်သည်။အစွမ်းကို ဦးစားပေးသည့် နတ်ဆိုးဘုံ၌ တိုက်ပွဲတစ်ပွဲသည် သွေးသံရဲရဲနှင့်စိတ်လှုပ်ရှားစရာ ကောင်းလေလေ ပရိတ်သတ်များ ပိုစိတ်လှုပ်ရှားကြလေလေ ဖြစ်သည်။ ထိုစကားများကြောင့် ပရိတ်သတ်များသည် လန့်စ်ကိုပို၍ အားပေးတော့သည်။
ချန်လွေ့သည် လန့်စ်ကို အရေးမစိုက်ပေ။ယခင်က အဆိပ်နဂါး၏ အထူး လေ့ကျင့်ရေးမြင်ကွင်းများ သူ့စိတ်ထဲ ရောက်လာ၏။အဆိပ်နဂါးသည် ရက်စက်သော်လည်း သူ၏အစွမ်းကို ထိန်းချုပ်ထားသည်။သို့သော် ယခုအချိန်တွင် ထိုကဲ့သို့ မဟုတ်ပေ။အမှန်တကယ် သူသေကိုယ်သေ တိုက်ပွဲဖြစ်သည်။သို့သော်လည်း ချန်လွေ့ နောင်တမရပေ။ဖြစ်လာရမည့်ကိစ္စများသာ ဖြစ်လာမည်သာ ဖြစ်သည်။ နောက်ဆုံး၌ အမှန်တကယ် တိုက်ခိုက်မှုတစ်ခုကို ချန်လွေ့ ကြုံတွေ့ရလေပြီ။လင်းယုန် များသည် ပေါက်စလေးများကို အပျံတတ်စေရန်အတွက် ချောက်ကမ်းပါးမှ ထပ်ကာ ထပ်ကာ တွန်းချရသည်။ချန်လွေ့ လုပ်ခဲ့သည်မှာ ချောက်ကမ်းပါးမှ ခုန်ချသည်ထက် မပိုပေ။
ဤပြိုင်ပွဲသည် ပြိုင်ကွင်းအတွင်း၌ သူ၏ပထမဆုံး တိုက်ပွဲဖြစ်သည်။အတိအကျ ပြောရလျှင် နတ်ဆိုးဘုံ၌ ချန်လွေ့ ပြန်လည်မွေးဖွားလာသည့်အချိန်မှ စ၍ ပွဲဦးထွက်တိုက်ပွဲတစ်ပွဲ ဖြစ်သည်။
“ နံပါတ်(၆၄)။ရှင့်မှာ တိုက်ပွဲကြေညာချက် တစ်ခုခုရှိလား။ ”
ဆွဲဆောင်မှုရှိသည့် ကဝေမသည် မှော်အသံချဲ့စက်ကို ချန်လွေ့နား ကပ်ပေးလိုက်သည်။
“ ကျုပ်အတွက် လောင်းကြေးအဆက ဘယ်လောက်လဲ။ ”
ထိုမေးခွန်းသည် ကဝေမကို ကြက်သေသေသွားစေ၏။ထို့နောက် သူ ကျွမ်းကျွမ်း ကျင်ကျင် ပြန်ဖြေလိုက်သည်။
“ ရှင်က နံပါတ်(၅၂) ကို အစားထိုးလိုက်တာ။ပြီးတော့ နံပါတ်(၅၂) ကိုနိုင်ဖို့ လောင်းတဲ့ သူကလည်း မရှိသလောက်ပဲဆိုတော့ ရှင့်အတွက် လောင်းကြေးအဆက ၁ : ၁၂၀ ပါ။ ”
“ ဒီလောက်တောင် မြင့်တာလား။ဒါဆို ကျုပ်နိုင်ရင် ၁၂၀ဆ ရမှာပေါ့။ ”
ချန်လွေ့သည် ဝတ်ရုံကို ချွတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ထို့နောက် သလင်းကျောက်နက် ဒင်္ဂါးတစ်ပြားကို ကဝေမဆီ ပစ်ပေးလိုက်၏။
“ ကျုပ်နိုင်တဲ့ဘက်ကို သလင်းကျောက်နက် ဒင်္ဂါးတစ်ပြား လောင်းမယ်။ ”
လျို့ဝှက်ဆန်းကြယ်သည့် နံပါတ်(၆၃) ထိုကဲ့သို့ ပြုလုပ်မည်ဟု ကဝေမ မထင်ထားခဲ့ဘဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ထိုအချိန်၌ သံကဲ့သို့ခိုင်မာသည့် အသံတစ်သံ ထွက်လာသည်။
“ လောင်းကြေးကို လက်ခံတယ်။ ”
“ အဲ့ဒါ ဆာ-အရတ်စ်ပဲ။ ”
ပရိတ်သတ်များသည် အထူးဧည့်သည့် ထိုင်ခုံများ၌ ပေါ်လာသည့် မဟာနတ်ဆိုးကို ရိုသေလေးစားသည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
နံပါတ်(၆၄)၏ လုပ်ရပ်သည် လန့်စ်ကို ရန်စခြင်းဖြစ်သည်မှာ သေချာသော်လည်း ပြိုင်ပွဲလေးပွဲဆက် နိုင်ထားသည့် “ သွေးရောင်လက် ” ကို ဤဝတ်ရုံနှင့်နတ်ဆိုး အနိုင်ယူနိုင်မည်ဟု ဘယ်သူမှ မယုံကြည်ကြပေ။