လုပ်ဖော်ကိုင်ဖက်။ပါ့ဂ်လီအို၏ အားပေးမှု
Vol. 4 Ch. 49
ချန်လွေ့၏လက်ရှိအစွမ်းသည် အလယ်ဆင့်နတ်ဆိုးသို့ ရောက်ခါစကဲ့သို့ပင်ဖြစ်ပြီး အရတ်စ်သည် အမြင့်ဆင့်နတ်ဆိုး အဖြစ် တည်ငြိမ်သည့်အဆင့်သို့ ရောက်နှင့်နေပြီးလေပြီ။တစ်နည်းပြောရလျှင် အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းသည် အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းနှင့် ရင်ဆိုင်နေကဲ့သို့ပင် ဖြစ်နေသည်။ အဆင့်ကြီးတစ်ခုလုံး ကွာခြားနေပြီး ထိုခြားနားမှုသည်လည်း မိုးနှင့်မြေကဲ့သို့ပင် ဖြစ်သည်။
ချန်လွေ့သည် နတ်ဆိုးဘုံသို့ ရောက်လာစဉ်က မဖြစ်နိုင်သည်များကို ဖြစ်နိုင်အောင် လုပ်ခဲ့သော်လည်း ၎င်းတို့သည် သူ၏ဉာဏ်ပညာနှင့် ကံတရားကိုသာ အမှီပြုခဲ့၍ ဖြစ်သည်။ယခုတွင်တော့ တကယ့်စွမ်းအားကို ရင်ဆိုင်နေရလေပြီ။
“ ဆာ-အရတ်စ်။ကျွန်တော် မှတ်မိပြီ။ ”
ဘေးဘက်ရှိ ခိုင်သန်သည် ခေါင်းပုတ်ကို ပြောလိုက်သည်။
“ နံပါတ်(၆၄)ရဲ့နာမည်က အက်ဂ်ယော။သူက မြို့ထဲက ဝတ်ရုံဂိုဏ်းလို့ခေါ်တဲ့ အဖွဲ့အစည်း အသေးလေးတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ ”
“ ဝတ်ရုံဂိုဏ်း ဟုတ်လား။ ”
အရတ်စ်ခေါင်းညိတ်လိုက်သည်။ချန်လွေ့ကို ကြည့်လိုက်စဉ် သူ၏အပြုံးသည် ပို၍ပင် ရက်စက်သွားသည်။
“ သိပ်ကောင်းတယ်။ဒါဆိုရင်ငါ ဝတ်ရုံဂိုဏ်းရဲ့ အဖွဲ့ဝင်အားလုံးကို သုံးပြီးတော့လည်း ညှိနှိုင်းလို့ရတယ်။မင်းကျဆုံးသွားရင် ဒါမှမဟုတ် ထွက်ပြေးသွားခဲ့ရင် မင်းအပါအဝင် ဝတ်ရုံဂိုဏ်းသားတွေအားလုံးရဲ့ ခေါင်းတွေကို ပြိုင်ကွင်းမှာ ချိတ်ဆွဲထားမယ်။ ”
ချန်လွေ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဒီစိန်ခေါ်မှုက အရမ်းခက်တယ်ဆိုတာ ဝန်ခံပါတယ်။အဲ့ဒါကြောင့် ဒီနေ့ကစပြီးတော့ အားချင်းလေ့ကျင့်ဖို့လိုတယ်။ပြီးတော့လည်း ဘယ်သူမှ နှောင့်ယှက်တာကို မလိုချင်ဘူး။ ကျုပ်မေးစရာ တစ်ခုပဲရှိတယ်။စာချုပ်ချုပ်ပြီးရင် နှစ်လအတွင်း ကျုပ်ဘယ်ရောက် နေလဲဆိုတာ ပေါ်မှာလား။ ”
“ အချိန်က နှစ်လကျော်ပြီးမှလို့ သေသေချာချာ ရေးထားတာပဲ။နှစ်လအတွင်း မင်းဘယ်မှာလဲဆိုတာကို ငါမသိနိုင်ဘူး။ ”
ချန်လွေ့လည်း ရွေးစရာ မရှိတော့ပေ။ထို့ကြောင့် ပင့်သက်ရှိုက်လိုက်ပြီး လက်ချောင်း ကိုက်ကာ မီးတောက်စာချုပ်၌ အက်ဂ်ယောနာမည်ကို သွေးဖြင့်ရေးလိုက်သည်။ သွေးစာများသည် ရွှေရောင်စာများအဖြစ် ပြောင်းလဲသွားပြီး မီးတောက်ထဲ၌ ပျောက်ကွယ်သွားသည်။အရတ်စ်သည် ထိုနည်းလည်းကောင်း ပြုလုပ်လိုက်ပြီး စာချုပ်ချုပ် ပြီးသွားလေသည်။
ဘေးနားရှိ ခိုင်သန်သည် ကြက်သေသေသွားသည်။ဆာအရတ်စ်သည် အလယ်ဆင့် နတ်ဆိုးနှင့် စစ်စာချုပ်ချုပ်လိမ့်မည်ဟု သူ မထင်ထားမိခဲ့ပေ။၎င်းသည် အရတ်စ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
အရတ်စ်သည် စိတ်ဖြင့် စေခိုင်းလိုက်ရာ စစ်စာချုပ် ပျောက်ကွယ်သွား၏။ထို့နောက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ သိပ်ကောင်းတယ်။ဒါပေမဲ့ မင်းရဲ့လက်ရှိ အစွမ်းက ငါ့ကိုစိန်ခေါ်ဖို့ မလုံလောက်သေးဘူး။သေခြင်းနဲ့ရှင်ခြင်းကြားကနေမှ ချိတ်ပိတ်ထားတာကို ဖောက်ထွက်နိုင်တယ်လို့ မင်းပြောခဲ့တယ်ဆိုတော့ မင်းကိုငါ ကူညီပေးမယ်။ဒီနေ့ရဲ့ ‘ သွေးရောင်လက် ’ လန့်စ်က အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းပဲ ရှိသေးတယ်။ မင်းရဲ့နောက်ထပ် ပြိုင်ဘက်က ‘ ဝံပုလွေလျင် ’ ဂျက်စီ ပဲ။သူက အလယ်ဆင့် နတ်ဆိုးထဲမှာ အစွမ်းထက်ဆုံးပဲ။ငါမင်းကို အနားယူဖို့နဲ့ ပြန်လေ့ကျင့်ဖို့ အချိန်၁၀ရက် ပေးမယ်။မင်းရှုံးသွားမယ်ဆိုရင်တော့ ဘာဖြစ်မလဲဆိုတာကို ငါပြောစရာ မလိုတော့ဘူး ထင်တယ်။ ”
“ နားလည်ပါတယ်။ ”
ချန်လွေ့ အရှက်မဲ့စွာ ပြောလိုက်သည်။
“ နောက်နှစ်လကြာလို့ ခင်ဗျား ရှုံးနိမ့်သွားရင်ကော။ ”
တစ်နည်းပြောရလျှင် အချိန်ဆွဲသည့် အစီအစဉ် အောင်မြင်သွားခဲ့သည်။နောက်ပိုင်း ကိစ္စသည် ချန်လွေ့၏ တကယ်အစွမ်းပေါ်၌ မူတည်နေ၏။ပုံမှန်အတိုင်းဆိုလျှင် အရတ်စ်ကို စိန်ခေါ်ရန်အတွက် နှစ်လမဆိုထားနှင့်။၂နှစ်ဆိုလျှင်တောင် မဖြစ်နိုင်ပေ။ သို့သော်လည်း ချိန်လွေ့ပိုင်ဆိုင်ထားသည့် စူပါစနစ်သည် သာမန်ထက် ကျော်လွန်နေသည်။ ထို့ပြင် ချန်လွေ့၌ ပါ့ဂ်လီအို နှင့် အသစ်စက်စက် ပြောင်းလဲထားသည့် အစွမ်းထက်သူ၏နှလုံးသား လည်း ရှိနေ၏။
ယနေ့ လန့်စ်ကို တိုက်ခိုက်ရသည့် တိုက်ပွဲကဲ့သို့ပင် ဖိအားခံရရန် လိုအပ်ပေသည်။ ဖိအားပိုများလေလေ အစွမ်းအစများ ပိုပို၍ ထုတ်နိုင်လေလေ ဖြစ်သည်။ချန်လွေ့သည် နောက်ဆုတ်၍ မရတော့သည့်အတွက် ရှိသမျှအကုန်ရင်းပြီး ငရဲတံခါးဝမှ လွတ်မြောက်ရန် နည်းလမ်းရှာရပေတော့မည်။
“ ငါရှုံးရင် ဟုတ်လား။ ”
အရတ်စ်သည် အရယ်ရဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို ဖြစ်သွားသည်။ ဘေးနားရှိ ခိုင်သန်လည်း ချက်ချင်းပင် လှောင်ပြုံးပြုံးလိုက်သည်။
“ မင်းတကယ်ပဲ အဲ့ဒီချိပ်ပိတ်ထားတာကို တစ်ဆင့်ပြီးတစ်ဆင့် ချိုးဖောက်နိုင်ပြီးတော့ နှစ်လအတွင်း ငါ့ကိုအနိုင်ယူနိုင်ခဲ့ရင်တော့ ဒီပြိုင်ကွင်းနဲ့ ငါ့အသက်က မင်းအပိုင်ပဲ။ ဒါပေမဲ့လည်း မင်း ထွက်ပြေးဖို့ မစဉ်းစားနဲ့။နတ်ဆိုးဘုံးအဆုံးအထိ မင်းထွက်ပြေး သွားရင်တောင် ငါမင်းရဲ့ခေါင်းကို ရအောင်ဖြတ်ပစ်မယ်။ ”
“ စစ်မှန်တဲ့ စစ်သည်တွေက တိုက်ပဲမှာပဲသေတယ်။ထွက်ပြေးရင်းနဲ့ မသေဘူး။ ”
ချန်လွေ့ ဖြည်းဖြည်းလေးပြောပြီး လှည့်ထွက်သွားလိုက်သည်။
“ ငါက အပျော်သဘောပါပဲ။နောက်နှစ်လကြာရင် ပြိုင်ကွင်းမှာ မင်းကို ခေါင်းဖြတ်ဖို့ စောင့်နေမယ်။ ”
အရတ်စ်၏ အပြုံးသည် ပို၍ ရက်စက်လာသည်။သို့သော်လည်း သူ၏မျက်လုံးထဲ၌ လေးစားမှု ဖြတ်ခနဲဖြစ်သွားသည်။
“ ခဏနေဦး။ ”
ချန်လွေ့ ပြန်လှည့်ကြည့်လိုက်သည့်အခါ အရတ်စ်သည် လက်ဝှေ့ရမ်းလိုက်သည်။ထို့နောက်တွင် တစ်မီတာ ရှိသည့် လင်းလက်ကျောက်ရုပ်ထုသည် တဖြည်းဖြည်းကြွတက်လာပြီး ချန်လွေ့ဆီသို့ ပျံသွားသည်။ချန်လွေ့လည်း လက်နှစ်ဖြင့် သေချာဖမ်းလိုက်ပြီး အတော်လေး အံ့အားသင့်သွားသည်။
“ ဒါက မင်းထိုက်တန်တာပဲ။ ”
အရတ်စ်သည် ချန်လွေ့ကို ထပ်ပြီးအာရုံမထားတော့ဘဲ ထိုင်ချကာ ဝိုင်ခွက်ကို မြှောက်လိုက်သည်။
ချန်လွေ့ ထွက်သွားသည့်အခါ ခိုင်သန်သည် သတ္တိမွေးပြီး မေးကြည့်လိုက်သည်။
“ ဆာအရတ်စ်။ခုနက ခင်ဗျား အက်ဂ်ယောကို လွယ်လွယ်လေး သတ်လိုက်လို့ရတယ်။ဘာလို့ အောက်ကျခံပြီးတော့ သူ့လို မပြည့်ဝတဲ့သူနဲ့ စစ်စာချုပ် ချုပ်လိုက်ရတာလဲ။ ”
အရတ်စ်၏ ဝိုင်ခွက်ရပ်တန့်သွားပြီး သူ၏သွေးနီရောင် မျက်ဝန်း၌ အတိတ်အကြောင်းများ ပြန်သတိရသွားပုံရသည်။သူ၏အသံ ပို၍ကြောက်စရာ ကောင်းသွားသည်။
“ ခိုင်သန်။မင်းကငါ့လူယုံပဲ။ငါ့နောက်လိုက်နေတာ နှစ်၁၀၀နီးပါး ရှိနေပြီ။ဘာကို မေးသင့်၊မမေးသင့်ဆိုတာ မင်းသိသင့်တယ်။ ”
သေရွာပြန် ကြောက်ရွံ့သွားပုံပေါ်သည်။မပြောလိုက်သင့်ကြောင့် သူသိသွားပြီး ခပ်မြန်မြန် ဦးညွတ်လိုက်သည်။
“ စိတ်ချပါ။ဆာ။ခိုင်သန် နားလည်ပါတယ်။ ”
ညဉ့်နက်နေပြီ ဖြစ်သော်လည်း ချန်လွေ့၏ ဒဏ်ရာများသည် မသေးလှပေ။နှစ်လအချိန်ကြောင့် ချန်လွေ့ အချိန်ဖြုန်း၍ မရပေ။ထို့ကြောင့် ချန်လွေ့သည် စမ်းသပ်ခန်းသို့ရောက်သည့်အခါ မနားလိုက်ဘဲ ဝိုင်ဗန်စီးကာ ရေကန်ပြာဆီသို့ ပျံသွားလိုက်သည်။
လမ်း၌ ချန်လွေ့သည် စူပါစနစ်ထဲ ဝင်လိုက်သည်။အခြေအနေပြဘားတန်းရှိ အတွေ့အကြုံတန်ဖိုးသည် ၆% ရောက်ရှိသွားသည်။သုံးဖက်မြင် လူသားခန္ဓာ၏ ထူးဆန်းသော ပြောင်းလဲမှုများကို နောက်ဆုံး၌ သူသိသွားလေပြီ။ပေါင်ကြားနေရာ၌ “ အယ်ခိတ် ” အလင်းလုံးကြီးသည် ပို၍ပင် တောက်ပနေသည်။၎င်းသည် ဗဟိုပုံစံဖြစ်နေပြီး ကျန်ရှိသည့် အစိတ်အပိုင်း အားလုံးသည် ရောင်ခြည်များ ထွက်နေပြီး မှိုင်းကာကဲ့သို့ ဖြစ်နေသာည်။ပိန်ပါးသည့် အရိုးခြောက်ပုံစံတစ်ခုလည်းယဲ့ယဲ့လေး တည်ဆောက်ထားသည်။
ဒီ အရိုးခြောက် ပြောင်းလဲသွားတာက ဘာကိုဆိုလိုတာလဲ။ချန်လွေ့ ဇဝေဇဝါဖြစ်သွားသည်။လန့်စ်နှင့်တိုက်ပွဲပြီးသွားပြီးနောက်တွင် သူ၏ခန္ဓာကိုယ် သိသိသာသာပြောင်းလဲသွားပြီး စွမ်းအားသုံးရသည်မှာ ပို၍ချောမွေ့သွားကြောင်း ချန်လွေ့ ခံစားရခဲ့သည်။ပါ့ဂ်လီအို၏စကား မှန်ပေသည်။တိုက်ပွဲ ပို၍ ကြမ်းတမ်းလေလေ အစွမ်းတိုးတက်ရန် ပို၍မြန်လေလေ ဖြစ်သည်။
သို့သော်လည်း လာမည့် စမ်းသပ်မှုများသည် အလွန်ခက်ခဲနေသေးသည်။နှစ်လကြာပြီးနောက် အရတ်စ်ကို ယှဉ်ပြိုင်ရန်ကို မဆိုထားဘိ။“ ဝံပုလွေလျင် ” ဂျက်စီ သည်ပင် ကြောက်မက်ဖွယ်ရာ ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။ပြိုင်ကွင်း၌ အသက်ရှင်အောင် စွမ်းဆောင်နိုင်သူများသည် အတွေ့အကြုံရှိသည့် စွမ်းအားကြီးသူများ ဖြစ်ကြသည်။ဂျက်စီသည် အလယ်ဆင့်နတ်ဆိုး၌ အစွမ်းထက်ဆုံးဖြစ်သည်ဟု အရတ်စ် ပြောခဲ့အတွက် ဂျက်စီ၏ အစွမ်းသည် ချဲ့ကားထားခြင်း မဟုတ်ပေ။
ချန်လွေ့၏လက်ရှိ အစွမ်းသည် အလယ်ဆင့်နတ်ဆိုး ကနဦးပိုင်းနှင့် ညီမျှသည်။နောက်၁၀ရက်၌ ဂျက်စီကို ရင်ဆိုင်ရမည့် အန္တရာယ်သည် ယနေ့တိုက်ပွဲထက် ပိုကြီးပေလိမ့်မည်။
ရုပ်ထုသည် အမှန်ပင် အရည်အသွေး ကောင်းလှသည်။ရေကန်ပြာအပေါ်သို့ ရောက်မှသာ ၎င်းကိုချန်လွေ့ အရှိန်အဝါအဖြစ် ကူးပြောင်းပြီးသွားသည်။ထိုပစ္စည်းသည် ပြဿနာ၏အရင်းအမြစ် ဖြစ်သော်လည်း ရရှိသည့် အရှိန်အဝါသည် စိတ်မပျက်သွားစေပေ။အမှတ် ၁၆၀၀၀ ကျော် ရရှိလေ၏။အခုတွင် ချန်လွေ့၌ အရှိန်အဝါ စုစုပေါင်း ၂၁၀၀၀ကျော် ရှိနေပြီဖြစ်ပြီး ၎င်းကို စဉ်းစဉ်းစားစား အသုံးချရပေမည်။လေ့ကျင့်ရေးကွင်းသည် အသင့်တော်ဆုံး “ အသုံးချရမည့် ” နေရာဖြစ်ပေသည်။
အခုအချိန်၌ ချန်လွေ့သည် အဆိပ်နဂါး၏ အကြံဉာဏ်ကို နားထောင်ရန် လိုအပ်သည်။ထို့နောက် အရေးပေါ်လေ့ကျင့်ရေး အစီအစဉ် ပြင်ဆင်ရမည် ဖြစ်သည်။
ဝိုင်ဗန်ပေါ်မှဆင်း၍ သုံးလေးလှမ်းလျှောက်ပြီးနောက် နောက်ကျောဘက်၌ တစ်ခုခုမူမမှန်ဖြစ်နေကြောင်း ချန်လွေ့ ခံစားလိုက်ရသည်။ချန်လွေ့သည် ဘေးဘက်သို့ အနည်းငယ်ရွေ့ပြီး အလစ်တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သော်လည်း ရုတ်တရက် ကပြောင်းကပြန် လဲကျသွားသည်။လဲကျနေစဉ် ချန်လွေ့သည် ခြေထောက်ကို ဝေ့ဝိုက်ရန် ကြိုးစားလိုက်သည်။သို့သော်လည်း သူ၏နောက်ဘက်ရှိလူသည် ပိုမြန်နေပြီး ချန်လွေ့ခြေထောက်ကို ဖမ်းလိုက်သည်။ချန်လွေ့သည် အားသုံးပြီး ခန္ဓာကိုယ်ကို ဝင်ရိုးအဖြစ်သုံးကာ လှည့်လိုက်သည်။ထိုလူသည်လည်း ချက်ချင်း တင်းတင်းကြပ်ကြပ် မကိုင်ထားနိုင်တော့ပေ။လှည့်နေရင်း ချန်လွေ့သည် အခြားခြေထောက်တစ်ဖက်ဖြင့် ထိုလူကို ကန်ထည့်လိုက်သည်။ထိုလူသည် နှာမှုတ်ပြီး မမျှော်လင့်ထားသည့်ကန်ချက်ကို နောက်နှစ်လှမ်း ဆုတ်ကာ ရှောင်ရှားလိုက်သည်။
“ ထူးဆန်းတယ်။မင်းပိုပြီး အစွမ်းထက်လာသလိုပဲ။ ”
ပါ့ဂ်လီအို၏အသံ အနောက်ဘက်မှ ထွက်လာ၏။
“ မင်းရဲ့ခွန်အားနဲ့ တုံ့ပြန်မှုနှုန်းက တော်တော်လေးကို တိုးတက်လာတယ်။ဒါပေမဲ့ မင်းလှည့်လိုက်တာက နည်းနည်းနှေးတယ်။မင်း ဒဏ်ရာရထားတာလား။ ”
“ ခင်ဗျားက အဲ့ဒါကိုတောင် သတိထားမိတာလား။ခင်ဗျားက တကယ့် အဆိပ်နဂါးပဲ။ခင်ဗျားရဲ့ မျက်လုံးတွေကတောင် အကြံအစည်တွေနဲ့ပဲ။ ”
ချန်လွေ့ ခါးသီးစွာ ပြုံးလိုက်သည်။
“ ကျုပ်ဒဏ်ရာတွေက မပေါ့ဘူး။ဒါပေမဲ့လည်း ကျုပ်ခန္ဓာကိုယ်အကြောင်း ခင်ဗျားသိပါတယ်။နှစ်ရက်သုံးရက်လောက်ဆိုရင် ပြန်ကောင်းပါပြီ။ ”
ပါ့ဂ်လီအို မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ မင်းဘယ်သူနဲ့ တိုက်ခိုက်တာလဲ။ဘယ်လို ဒဏ်ရာရလာတာလဲ။ ”
ပြိုင်ကွင်းရှိ အဖြစ်အပျက်အကြောင်း ချန်လွေ့ ရှင်းပြပြီးနောက်တွင် အဆိပ်နဂါးသည် ချက်ချင်း ကြိမ်းမောင်းတော့သည်။
“ အလယ်ဆင့်နတ်ဆိုး အစွမ်းလောက်လေးနဲ့ မင်းက အမြင့်ဆင့်နတ်ဆိုးကို စိန်ခေါ်ရဲတယ်လား။ပြီးတော့ အဲ့ဒီအသုံးမကျတဲ့ စစ်စာချုပ်ကိုတောင် ချုပ်လိုက်သေးတယ်။ငါတို့အသက်က ဆက်နွှယ်နေတယ်ဆိုတာ မမေ့နဲ့ဦး။မင်းငါ့ကို သေအောင် လုပ်နေတာလား။ ”
“ ကျုပ်လည်း မလုပ်ချင်ပါဘူး။ဒါပေမဲ့ အဲ့ဒီတုန်းက အခြေအနေက တော်တော်လေး အန္တရာယ်များလို့ အဲ့လိုလုပ်လိုက်ရတာပါ။ ”
ချန်လွေ့ ပုခုံးတွန့်ပြလိုက်သည်။
“ ပြိုင်ကွင်းမှာ ကျုပ်ရဲ့အစွမ်းကို တိုးအောင်သွားလုပ်ရတာက အသံတိတ်စိမ့်မြေဆီကို စွန့်စားသွားပြီးတော့ [ အလင်းအမှောင်သော့ခလောက် ] ကို အမြန်ဆုံး ဖျက်ဆီးနိုင်အောင်လုပ်ဖို့ပဲလေ။အခုမှတော့ နောင်တရဖို့ နောက်ကျသွားပြီ။နှစ်လအတွင်း အနည်းဆုံးတော့ အမြင့်ဆင့်နတ်ဆိုးအထိ ရောက်နိုင်မယ့် အရေးပေါ် လေ့ကျင့်ရေး လုပ်ကြတာပေါ့။ ”
“ နှစ်လထဲနဲ့ အလယ်ဆင့်ကနေ အမြင့်ဆင့် နတ်ဆိုး ဟုတ်လား။ ”
ပါ့ဂ်လီအို၏မျက်လုံး ချက်ချင်း ပြူးကျယ်သွားသည်။
“ အဲ့လောက်လွယ်ရင် မှင်စာတွေအများကြီးက မဟာနတ်ဆိုး ဖြစ်သွားကြပြီ။မင်းရဲ့ဉာဏ်နီဉာဏ်နက်ကိုပဲ သုံးစမ်းပါ။အဲ့ဒီမဟာနတ်ဆိုးကို ကြိုသတ်ဖို့ပဲ နည်းလမ်းစဉ်းစားထား။ ”
“ ပါ့ဂ်လီအို။ကျုပ်ပြောတာ နားထောင်ပါဦး။ဒါက အခွင့်အရေးတစ်ခုလို့ထင်တယ်။တိုးတက်ဖို့ အမြန်ဆုံးနည်းက တကယ်တိုက်ခိုက်ဖို့ပဲလို့ ခင်ဗျားပြောခဲ့တယ် မဟုတ်လား။အရင်ညကထက် ကျုပ်ရဲ့အစွမ်းက အခုပိုပြီးသိသိသာသာ တိုးတက်လာတာကို ခင်ဗျား သတိထားမိတယ်မလား။အဲ့ဒီအရတ်စ်က ကျုပ်အတွက် စီစဉ်ထားပေးတယ်။နောက်၁၀ရက်နေရင် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းနဲ့ ကျုပ် ယှဉ်ပြိုင်ရမှာ။ကျုပ်အနိုင်ရသွားရင် ပိုပြီးအစွမ်းထက်တဲ့သူတွေကို စီစဉ်ပေးမှာ။သူ့ကိုကျုပ် စိန်ခေါ်နိုင်တဲ့အထိပေါ့။ဒီတိုက်ပွဲတွေက အန္တရာယ်များတယ်။ဒါပေမဲ့ တစ်ဖက်ကကြည့်လိုက်ရင်တော့ အရတ်စ်က ကျုပ်ကို ရှေ့တွန်းပေးနေသလိုပဲ။အဲ့ဒါကြောင့် ကျုပ် အရဲစွန့်ပြီးတော့ အမှန်တကယ် တိုက်ခိုက်ချင်တယ်။ ”
ချန်လွေ့စကားပြောနေရင်း မျက်လုံးများ အရောင်တောက်သွားသည်။
“ ကျုပ်ဒီနေ့ သေတော့မလို့။ဒါပေမဲ့လည်း ကျုပ်အများကြီးရခဲ့တယ်။အများကြီးကိုလည်း နားလည်ခဲ့တယ်။သတ္တိတွေ၊တိုက်ခိုက်ချင်စိတ်တွေမရှိဘူးဆိုရင် မဟာဆရာသခင်ရဲ့ အမွေအနှစ် ရှိရင်တောင် ကျုပ်က အသက်ရှင်ဖို့အတွက် ကံတရားကို အားကိုးတဲ့ အခွင့်အရေးသမား ဖြစ်လာမှာပဲ။ကျုပ် အသံတိတ်စိမ့်မြေဆီ သွားနိုင်ဦးမှာလား။နတ်မိမယ်နဂါး လော်ရာကို ရှာနိုင်ဦးမှာလား။ခင်ဗျားအတွက်ပဲ မဟုတ်ဘူး။ကျုပ်အတွက်ရောပဲ။ကျုပ် အစွမ်းလိုတယ်။ကျုပ် တကယ်စစ်မှန်တဲ့ အစွမ်းထက်တဲ့သူ ဖြစ်ချင်တယ်။ ”
သူ၏လမ်းကြောင်းပေါ်ရှိ တောင်တန်းကုန်းမြင့်များစွာနှင့်ယှဉ်လျှင် အရတ်စ်သည် ရှေ့၌ကွယ်နေသည့် တောင်ထွတ်လေးတစ်ခုသာ ဖြစ်သည်။ဤတောင်ထွတ်လေးကိုသာ မသိမ်းပိုက်နိုင်လျှင် ပိုမြင့်သည့် တောင်ထွတ်များကို သူမည်ကဲ့သို့ ဖြတ်သွားနိုင်မည်နည်း။
ဖိအားများလှသော်လည်း လွှမ်းမိုးမှုအားလည်း များလှသည်။
အဆိပ်နဂါးသည် အထင်သေးစွာ ပြောလိုက်သည်။
“ လူတိုင်းက အစွမ်းထက်တဲ့သူ ဖြစ်ချင်ကြတာပဲ။ဒါပေမဲ့ ဒီလမ်းကြောင်းက အချိန်တိုင်း သေခြင်းတရားနဲ့ နီးကပ်နေတယ်။အမှန်တကယ် ရှင်ကျန်ခဲ့ပြီးတော့ အစွမ်းထက်တဲ့သူတွေက အများကြီး မရှိဘူး။မင်းသေမှာ မကြောက်ဘူးလား။သေသေချာချာ စဉ်းစားဦး။ ”
“ ပါ့ဂ်လီအို။ခင်ဗျားအခုဒီလိုဖြစ်လာအောင် တစ်ဆင့်ချင်းသွားခဲ့တာ မဟုတ်လား။ ”
ချန်လွေ့ စိတ်မပျက်သွားပေ။
“ နေရာတိုင်းမှာ သေခြင်းတရား အော်သံတွေရှိနေရင်တောင် ကျုပ် နောက်ဆုတ်မှာ မဟုတ်ဘူး။ကျုပ် ကံကြမ္မာရဲ့ ရုပ်သေးရုပ်မဖြစ်ချင်တော့ဘူး။ကျုပ် သူ့လည်ပင်းကို ညှစ်ချင်တယ်။ ”
အဆိပ်နဂါး၏ မျက်လုံးများသည် တဖြည်းဖြည်း လေးလေးနက်နက်သွားပြီး ယခင်ကတစ်ခါမှ လေးလေးနက်နက် မရှိခဲ့သည့် လူသားကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။
“ ယုံကြည်မှုလွန်ကဲနေတဲ့ကောင်။မင်းဒီလိုလုပ်ချင်တာ သေချာပြီလား။ ”
“ ကျုပ်တို့လူသားတွေမှာ ‘ ကြောက်ရင် နှစ်ခါသေတယ် ” ဆိုတဲ့ စကားပုံရှိတယ်။ခင်ဗျား စိုးရိမ်နေတာကို ကျုပ်သိပါတယ်။သဟဇီဝစာချုပ်ကို ဖယ်ရှားလို့ရတာပဲ မဟုတ်လား။စာချုပ်မရှိရင်တောင် အသံတိတ်ည စိမ့်မြေဆီ သွားတော့ ခင်ဗျားရဲ့ ချိပ်ပိတ်ကို ဖွင့်ပေးဖို့ ကူညီပေးမှာပဲ။ခင်ဗျားမယုံရင်...... ”
“ နတ်ဘုရားတစ်ပိုင်းအဆင့် မရောက်ရင် စာချုပ်ရဲ့အစွမ်းကို ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး။ပြီးတော့လည်း မင်းရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ လောဘကို ငါစိုးရိမ်တယ်။စာချုပ်ကို ဒီအတိုင်းထားထားတာ ပိုကောင်းမယ်။ ”
အဆိပ်နဂါးသည် စိတ်မရှည်စွာဖြင့် စကားဖြတ်လိုက်သည်။
“ မင်းဆုံးဖြတ်ပြီးမှတော့ ဆရာသခင်ပါ့ဂ်လီအိုကလည်း မင်းနဲ့အတူ အရဲစွန့်ရတာပေါ့။ကံကြမ္မာရဲ့လည်ပင်းကို မင်းဘယ်လိုညှစ်မလဲဆိုတာ ငါတကယ် ကြည့်ချင်တယ်။ငါအခုသိသွားပြီ။မင်းက လောဘကြီးပြီး စက်ဆုပ်စရာ ကောင်းတာတင်မဟုတ်ဘူး။မင်းက လုံးဝကို အရူးတစ်ယောက်ပဲ။ဒီလို လုပ်ဖော်ကိုင်ဖက်မျိုး ငါဘယ်လိုရထားလဲဆိုတာကို တကယ်နားမလည်ဘူး။ ”
“ ဒါပေမဲ့လည်း မင်းဆုံးဖြတ်ပြီပြီးဆိုတော့ စမ်းကြည့်ပေါ့။မင်းတကယ်မလုပ်နိုင်ရင် အဲ့ဒီကောင်ကိုရှင်းဖို့ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်။ ”
အဆိပ်နဂါးသည် တစ်ဆက်တည်း ထပ်ပြောလိုက်သည်။
ပါ့ဂ်လီအို ချိုချိုသာသာ မပြောသော်လည်း သူ၏ယုံကြည်မှုနှင့် အားပေးမှုကို ဖော်ပြခဲ့သည်။“ လုပ်ဖော်ကိုင်ဖက် ” ဟူသော စကားလုံးသည် ချန်လွေ့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်။အကြောင်းမှာ ဤမာနကြီးသည့် နဂါးသည် သူ၏သတ္တိကို အပြည့်အဝ အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ချန်လွေ့ သိလိုက်၍ဖြစ်သည်။ သူ၏ပါးစပ်မှာမူ ယခင်အတိုင်းပင် ပေကပ်ကပ်နိုင်လှပေသည်။