← Chapters

ရှီရာ၏ကတိ

Vol. 4 Ch. 52

ရှီရာ၏ကတိ

Vol. 4 Ch. 52

“ လူပုသွားလိုက်ပြီဆိုတော့ မင်းအခု ရှင်းရှင်းလင်းလင်း ပြောလို့ရပါပြီ။ ”

ရှီရာသည် သူ့ကိုယ်သူ မေ့လျော့သွားကြောင်း သိသွားခဲ့ပြီး ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ အဲ့ဒီမှော်အမှုန်က မဟာဆရာသခင်ရဲ့ အမွေအနှစ်ကနေ ရတာလား။မင်းရဲ့ အမွေအနှစ်က တစ်ခုခုတိုးတက်လာတာလား။ ”

ဂါ့စ်လည်း ထိုကဲ့သို့ပင် ထင်သည်။ထိုမှော်အမှုန်သည် အဲဒက်စ်ဆီမှလုံးဝ မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက အမှောင်လမြို့၏ အစားအစာပြဿနာကို ဖြေရှင်းပြီးသွားသည်မှာ ကြာလေပြီ။

ချန်လွေ့သည် ထိုနှစ်ယောက်၏ အတွေးအတိုင်း လိုက်သွားခဲ့သည်။

“ ဒါက အမှန်တကယ်ပဲ မဟာဆရာသခင်ရဲ့ အမွေအနှစ်နဲ့ ဆက်နွှယ်နေပါတယ်။ ကုန်ကြမ်းပစ္စည်းတွေ ပေးမယ်ဆိုရင် အဲ့ဒီလို မှော်မှုန့်တွေကို ပမာဏအများကြီး ကျုပ်လုပ်နိုင်တယ်။ ”

ကုန်ကြမ်းပစ္စည်းများသည် အမှန်တကယ်ပင် အရှိန်အဝါပစ္စည်းများပင် ဖြစ်သည်။ အမှုန်မှာတော့......၎င်းသည် စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချခြင်းသာ ဖြစ်သည်။သို့ရာတွင် ထို “ စွန့်ပစ်ပစ္စည်း ”သည် လက်ရှိအမှောင်လမြို့အတွက် အမှန်တကယ်ပင် အရေးကြီးနေသည်။

ချန်လွေ့ ဆက်ပြောလိုက်သည်။

“ အဲဒီအမှုန်က နေရာအကျယ်ကြီးမှာ မြေဆီလွှာအရည်အသွေးကို တိုးမြင့်‌စေနိုင်ပြီးတော့ ကောက်ပဲသီးနှံအားလုံးရဲ့ အထွက်နှုန်းကို တိုးမြှင့်စေနိုင်တာကို အတည်ပြုနိုင်ခဲ့ရင်တော့ ဒုက္ခအဖြစ်ဆုံး စားစရာပြဿနာက စိုင်းဖူမိသားစုရဲ့ ခြံမွေးတိရစ္ဆာန် မွေး‌မြူရေးနဲ့အတူ ပျောက်ကွယ်သွားမှာပဲ။ခါခါရဲ့ စမ်းသပ်ချက်ကို ကြည့်မယ်ဆိုရင် ဖြစ်နိုင်ချေက တော်တော်လေး မြင့်တယ်။ဒါပေမဲ့လည်း စမ်းသပ်တာ၊စိုက်ပျိုးတာ၊ရိပ်သိမ်းတာတွေကို လျို့ဝှက်ပြီးလုပ်ရမယ်။ပြီးတော့ အပေါ်ယံကနေပြီးတော့ လိပ်ပြာနီနယ်မြေကနေ အထောက်အပံ့ကို မှီခိုနေရသလိုမျိုး ဟန်ဆောင်ရမယ်။တော်ဝင်မင်းသမီးက နောက်ကွယ်ကနေ တိတ်တိတ်လေး စုဆောင်းရမယ်။သတ်မှတ်ချက်တွေအားလုံး စုံလင်သွားတဲ့အခါကျရင် ကျုပ်တို့အားလုံး ပေါင်းပြီးတော့ ဂျိုးဆက်ပ်နဲ့ လိပ်ပြာနီ‌နယ်မြေကို အကျပ်ဆိုက်အောင် ရိုက်နှက်မယ်။တစ်ချိန်တည်းမှာပဲ အိုဆိုင်ဒန်ကို အာရုံပြောင်းစေဖို့ အတွင်းအပြင်ပြဿနာတွေကို ဖန်တီးရမယ်။ဒါပေမဲ့ အိုဆိုင်ဒန်နဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ကို ကျုပ်တို့ အမြဲတမ်း ပြင်ဆင်ထားရမယ်။အဲ့ဒါမှ အမှောင်လနယ်မြေက လွတ်လပ်တဲ့နယ်မြေတစ်ခု ဖြစ်လာမယ်။အဲ့ဒါကြောင့် အိုဆိုင်ဒန်ကို ခွန်အားချင်းယှဉ်နိုင်မယ့် စွမ်းအားကြီးတဲ့သူတစ်ယောက် အမှောင်လမြို့မှာ ရှိဖို့လိုတယ်။ဒါက “ စုံလင်ရမယ့် ” သတ်မှတ်ချက်တွေထဲမှာ အရေးအကြီးဆုံးပဲ။ဒီသတ်မှတ်ချက်တွေ မပြည့်စုံသေးရင်တော့ အဲ့ဒီအချိန်အတောအတွင်းမှာ အရှင်မ သိုသိုသိပ်သိပ် နေရလိမ့်မယ်။ ”

တစ်ဦးချင်းစွမ်းအားသည် စစ်ပွဲ၌ အရေးကြီးလှသည်။၎င်းသည် စစ်ပွဲဦးတည်ဘက်ကိုပင် ပြောင်းလဲနိုင်သည်။လူသားနှင့်နတ်ဆိုးကြားရှိ ယခင်စစ်ပွဲ၌ မူလက အသာစီးရနေသည့် နတ်ဆိုးများ ရှုံးနိမ့်သွားရခြင်းသည် သူတို့၏ အစွမ်းထက်ဆုံးဖြစ်သည့် သန်းခေါင်နေအရှင် သေဆုံးသွား၍ဖြစ်သည်။

အမှန်တကယ်၌ ပါ့ဂ်လီအိုသည် ချန်လွေ့ပြောခဲ့သည့် လိုအပ်ချက်များနှင့် ကိုက်ညီသည်။သို့သော်လည်း နှစ်ထပ်ချိပ်ပိတ်ကို ဖယ်ရှားသည်အထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး အဆိပ်နဂါး ကူညီချင်မချင် စောင့်ကြည့်ရဦးမည် ဖြစ်သည်။

“ ပြောသွားတာ ကောင်းတယ်။ ”

ရှီရာ၏ မျက်လုံးများသည် ရောင်ခြည်များ တောက်ပနေပြီး အကြီးအကဲဂါ့စ်ကို ပြောလိုက်သည်။

“ အပင်စိုက်ဖို့နဲ့ စမ်းသပ်ဖို့ကိစ္စကိုတော့ အကြီးအကဲကိုပဲ တာဝန်ပေးလိုက်မယ်။လျို့လျို့ဝှက်ဝှက်ဖြစ်အောင် သေချာလုပ်ပါ။ ”

အကြီးအကဲဂါ့စ် ခေါင်းညိတ်လိုက်ပြီး ချန်လွေ့ကို တလေးတစား ကြည့်လိုက်သည်။ထို့နောက် လူသားသည် စကားပြောလိုက်ပြန်သည်။

“ အရှင်မကို ကျုပ်တစ်ယောက်တည်း အရေးကြီးတဲ့သတင်းပို့စရာ တစ်ခုရှိပါသေးတယ်။ဆာ-ဂါ့စ်။ရိုင်းပြမိတဲ့အတွက်ခွင့်လွှတ်ပေးပါ။ ”

အကြီးအကဲဂါ့စ်သည် ခေါင်းခါပြီး ကိစ္စမရှိကြောင်း ပြသလိုက်သည်။အပင်စိုက်ရန်နှင့်စမ်းသပ်ရန်အတွက် အသေးစိတ်အစီအစဉ်များကို ပြင်ဆင်ရမည် ဖြစ်သည့်အတွက် ဂါ့စ်သည် ချက်ချင်းပင် ရှီရာထံမှ ခွင့်တောင်းလိုက်သည်။

လွတ်ခနဲ ပြုံးမိသွားခြင်းကြောင့် ဖြစ်ပေမည်။ချန်လွေ့နှင့်နှစ်ယောက်တည်း ရှိနေခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း ရှီရာ၏ရင်ထဲ၌ ထူးထူးဆန်းဆန်း မသက်မသာခံစားနေရသည်။သူ့ကိုယ်သူ အာရုံပြောင်းစေရန်အတွက် စတင်မေးလိုက်သည်။

“ ချန်လွေ့။ဂါ့စ်ကို ပေးမသိဘူးဆိုတော့ ဘာကများ ဒီလောက်အရေးကြီးနေလို့လဲ။ ”

“ တော်ဝင်မင်းသမီး။ကျုပ် နှစ်လ ခွင့်ယူချင်ပါတယ်။ ”

ချန်လွေ့ သက်ပြင်းချလိုက်သည်။

“ မဟာဆရာသခင်ရဲ့ အမွေအနှစ်က အကျပ်အတည်းကာလကို ရောက်နေပြီ။အရေးကြီးတယ်။နှစ်လအတွင်းမှာ ကျွန်တော့်ရဲ့ လုပ်ဆောင်မှုတွေက ထူးခြားနေမယ်။ညနေတိုင်း အပြင်သွားဖြစ်မယ်။အသေးစိတ်ကို တော်ဝင်မင်းသမီး မမေးဖို့ မျှော်လင့်ပါတယ်။ဒီအမွေအနှစ်က အရင်လိုမျိုးမဟုတ်ဘူး။အရမ်းကို ခက်ခဲတဲ့ စမ်းသပ်ချက်ပဲ။ကျုပ်......အဲ့ဒီစမ်းသပ်ချက်ကို မကျော်ဖြတ်နိုင်ရင် သေသွားမှာ။ ”

“ သေခြင်းနဲ့ရှင်ခြင်းကြားက အမွေအနှစ် စမ်းသပ်ချက်တစ်ခုလား။ ”

ရှီရာ အံ့သြသွားပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

“ ငါတစ်ခုခု ကူညီနိုင်မလား။ ”

“ ဒီနေ့ကစပြီးတော့ ကျွန်တော့်ကို နှစ်လလောက် ထွက်သွားဖို့ ခွင့်ပြုပေးပါ။ပြီးရင် ဒါကို လျို့ဝှက်ထားပေးပါ။ ”

ချန်လွေ့သည် မျက်ခုံးပင့်ကာ ထပ်ပြောလိုက်သည်။

“ ဒါနဲ့ မြေဆီလွှာတိုးမြှင့်ဖို့ကိစ္စက အရေးကြီးတယ်။မှော်မှုန့်လုပ်ဖို့အတွက် မှော်ပစ္စည်းတွေ လိုတယ်။အဲ့ဒါတွေကလည်း စမ်းသပ်ချက်အတွက် အကူအညီပေးနိုင်တယ်။ကျုပ် စာရင်း ရေးပေးလိုက်ပါ့မယ်။ပစ္စည်းတွေကို အရှင်မ အမြန်ဆုံးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။စမ်းသပ်ချက်မစခင်မှာ အမှုန်ကို အရင်လုပ်လိုက်မယ်။ ”

ချန်လွေ့သည် ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း သူ၏စိတ်ထဲရှိ ဖိအားသည်လုံးဝမသေးကြောင်း ရှီရာ ပြောနိုင်သည်။သူမ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ ငါအခုပြောမှာက မသင့်တော်ဘူးဆိုတာ သိပါတယ်။ဒါပေမဲ့ မဟာဆရာသခင်ရဲ့ အ‌မွေအနှစ်မရှိရင်တောင် မင်းရဲ့ ပါရမီနဲ့ဉာဏ်ပညာက နတ်ဆိုးဘုံမှာ နေရာတစ်နေရာရဖို့ လုံလောက်နေပါပြီ။ ”

ချန်လွေ့ အံ့ဩသွားပုံရပြီး ချက်ချင်းပင် ခေါင်းခါလိုက်သည်။သူ၏မျက်လုံးထဲ၌ ခိုင်မာသည့် ဆုံးဖြတ်ချက်ကို မြင်လိုက်ရပြီး ရှီရာ အံ့အားသင့်သွားသည်။

“ ကျုပ်က ဇွဲလုံ့ဝရှိတဲ့ လူတစ်ယောက်ပဲ။ကျုပ်တစ်ခုခုကို ဆုံးဖြတ်ပြီးသွားရင် ဘယ်တော့မှ လက်မလျှော့ဘူး။အတားအဆီးတွေ သန်းပေါင်းများစွာ ရှိနေရင်တောင် စမ်းသပ်ချက်ကို ရအောင်ကျော်ဖြတ်မယ်။ ”

ချန်လွေ့၌ စူပါစနစ်မရှိလျှင် ပညာရှိလမ်းကြောင်းကိုသာ ရွေးချယ်ရပေမည်။သို့သော်လည်း စူပါစနစ်၏ အကူအညီဖြင့် ချန်လွေ့သည် စွမ်းအားကြီးသူ လမ်းကြောင်းပေါ်သို့ ခြေလှမ်းပြီးသွားလေပြီ။နတ်ဆိုးဘုံသည် စွမ်းအားကို ဦးစားပေးသည့် လောကတစ်ခုဖြစ်သည့်အတွက် ချန်လွေ့ နောက်ဆုတ်မည် မဟုတ်ပေ။

“ ‌ဇွဲလုံ့လ.... ”

ရှီရာသည် အခြားရှုထောင့်တစ်ခုကို စဉ်းစားနေဟန်တူသည်။သူမ အသာလေး သက်ပြင်းချပြီး ဆိတ်ဆိတ် နေလိုက်သည်။

ချန်လွေ့သည် မည်သည်ကို မှားပြောမိသွားကြောင်း မသိပေ။ အမှုန်တွေလုပ်ဖို့အတွက် “ ပစ္စည်း ” တွေကို ငါပိုတောင်းတာပဲ မဟုတ်လား....

“ မင်းအောင်မြင်မယ်လို့ ယုံကြည်တယ်။ ”

ရှီရာသည် သေချာပေါက် အတည်ပြုသည့် လေသံဖြင့် ပြောလိုက်သည်။သူကိုယ်တိုင် စမ်းသပ်ချက်ကို ရင်ဆိုင်နေသလိုပင် ဖြစ်သည်။

“ မင်း အဲ့ဒီစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ရင် ငါ..... ”

မင်းကိုယ်မင်း ငါ့ကိုပုံအပ်မှာလား။မဟုတ်နိုင်ဘူး။ ချန်လွေ့ မျက်လုံးပြူးသွားသည်။ရှီရာသည် ခုနကခံစားချက်များကို ချိပ်ပိတ်ရန်အတွက် မျက်လုံးများကို ရေခဲဖြင့် တိတ်တိတ်လေး ကာထားလိုက်ပြီး ပြောလိုက်သည်။

“ ငါမင်းအတွက် ခီရာကို အရင်ချီးမြှင့်မယ်။ ”

မြင်သာမြင် မကြင်ရတဲ့ မာယာရှင်လား။

“ ဒါက ဆုလာဒ်လား၊ပြစ်ဒဏ်လား။တော်ဝင်မင်းသမီး။ ”

ချန်လွေ့သည် ခါးသီးစွာ ပြုံးပြလိုက်သည်။ထို့သို့ပြောလိုက်သော်လည်း ချန်လွေ့၏ ရှီရာ၏ နှလုံးသား၌ လှုပ်ရှားမှုအနည်းငယ်ကို သတိထားမိသွားသည်။

စိတ်ထင်တာပဲလား။ဒါမှမဟုတ် တော်ဝင်မင်းသမီးရဲ့ ပုံစံပဲလား။ဒါမှမဟုတ်.....

သူတို့နှစ်ယောက်သည် ပြောစရာစကား စဉ်းစား၍ မရတော့ပေ။ထိုအချိန်တွင် ကောင်စီခန်းမထဲသို့ တစ်စုံတစ်ယောက် ဝင်လာသည်။

“ အစ်မ ”

အဲလစ်သည် အသီနာနှင့်အတူ ရောက်လာသည်။

“ ချန်လွေ့။နင်လည်း ဒီမှာရှိနေတယ်ဆိုတော့ ကောင်းတာပေါ့။ ”

အဲလစ်ပျော်ရွှင်သွားပုံရသည်။သူသည် ရှီရာဘက်လှည့်ပြီး ပြောလိုက်သည်။

“ အစ်မ။မနက်ဖြန် ကျင်းပမယ့် ဖဲကြိုးဖြတ်အခမ်းအနားမှာပါဝင်ဖို့ လာဖိတ်တာပါ။ ”

“ ဖဲကြိုးဖြတ် အခမ်းအနား ဟုတ်လား။ ”

ရှီရာသည် ထိုအခေါ်အဝေါ်ကို တစ်ခါမျှ မကြားဖူးသည့်အတွက် ဇဝေဇဝါ ဖြစ်သွားပုံရသည်။

ချန်လွေ့သည် ဖဲကြိုးဖြတ် အခမ်းအနား၏ အဓိပ္ပာယ်ကို အနည်းငယ် ရှင်းပြလိုက်သည်။မင်းသမီးလက်လီစတိုးဆိုင်၏ ဖဲကြိုးဖြတ်အခမ်းအနားသည် နတ်ဆိုးဘုံနှင့် သက်ဆိုင်သည်များကို ပေါင်းထည့်ထားသည်။သို့သော်လည်း လူသိများရန်အတွက် နာမည်ကြီးများကို ဖိတ်ခေါ်ခြင်းမှာတော့ အတူတူပင် ဖြစ်သည်။

ရှီရာသည် ချန်လွေ့ထံမှ သူတို့နှစ်ယောက်၏ ပူးပေါင်းမှုကို သိထားပြီဖြစ်သည့်အတွက် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

” ဒါက နည်းလမ်းကောင်းပဲ။အဲ့ဒါဆိုရင် အမှောင်လတစ်မြို့လုံးက မင်းသမီးလက်လီ စတိုးဆိုင်နာမည်ကို မှတ်မိသွားကြမယ်။ဒါက သေချာပေါက် ချန်လွေ့အကြံပဲ။ ”

“ ဟုတ်တယ်။ ”

လိုလီလေးသည် နှုတ်ခမ်းဆူရင်း ပြောလိုက်သည်။

“ သူက တော်တော်ညစ်ပတ်တယ်။ငွေအ‌ရင်းအနှီးလည်း ဘာမှမစိုက်ဘဲနဲ့ အဲလစ် ဝင်ငွေရဲ့တစ်ဝက်ကို လိုချင်နေတယ်။ ”

ရှီရာသည် တိတ်တဆိတ် သဘောတူလိုက်သည်။ချန်လွေ့ မေးလိုက်သည်။

“ ပစ္စည်းတွေ ပြင်ဆင်တာရော ဘယ်လိုနေလဲ။ ”

“ ဒီရက်ပိုင်းအတွင်းမှာ ငါ အလုပ်တွေ ရှုပ်နေခဲ့တာ။အဆင်ပြေလောက်ပါတယ်။ ”

အဲလစ်သည် တည်ငြိမ်စွာ ခေါင်းညိတ်ပြီး ချန်လွေ့ကို ကုန်ပစ္စည်းအမျိုးအစားနှင့် နာမည်များကို ရှင်းရှင်းလင်းလင်းနှင့် သပ်သပ်ရပ်ရပ် ရေးထားသည့် စာရင်းတစ်ခု ပေးလိုက်သည်။

“ အမ်း။မဆိုးဘူး။မင်းအများကြီး တိုးတက်လာတယ်။ ”

ချန်လွေ့သည် အဲလစ်ကို ချီးကျူးလိုက်သည်။လိုလီလေးသည် ချက်ချင်းပင် ဘဝင်ခိုက်သွားပြီး သူမ၏ စွမ်းရည်များကို စတင်ကြွားလုံးထုတ်တော့သည်။ညီမဖြစ်သူ၏ စစ်မှန်သည့် အပြုံးကိုကြည့်ရင်း ရေခဲဖြင့်ဖုံးလွှမ်းထားသည့် ရှီရာ၏မျက်လုံးများသည် ချန်လွေ့ကို ကြည့်သည့်အခါ ပို၍ပင် ညင်သာသွားသည်။

အဲလစ် အကြောဆန့်လိုက်သည်။

“ ချန်လွေ့။ငါ ဒီရက်တွေမှာပင်ပန်းသွားပြီ။ကျန်တဲ့ကိစ္စကိုတွေ နင်ပဲ လုပ်လိုက်တော့။ ”

“ မရဘူး။ချန်လွေ့ကို ငါ အရေးကြီးတဲ့ တာဝန်တစ်ခု ပေးထားတယ်။ ”

ရှီရာ ပြောလိုက်သည်။

“ အဲလစ်။နင်သူ့ကို အနည်းဆုံး နှစ်လလောက် နှောင့်ယှက်လို့ မရဘူး။ ”

“ နှစ်လတောင်လား။ ”

အဲလစ်သည် မကျေမနပ်ဖြင့်ညှိနှိုင်းချင်ခဲ့သည်။သို့သော်လည်း သူမ၏အစ်မ မျက်နှာ၌ တည်ငြိမ်မှုကို မြင်သည့်အခါ ချက်ချင်း ရပ်တန့်လိုက်သည်။

“ အရေးကြီးတဲ့တာဝန်လား။ ”

အသီနာသည် အံ့ဩသွားပြီး မေးလိုက်သည်။

“ တော်ဝင်မင်းသမီး။ချန်လွေ့ကို ကူညီဖို့အတွက် ကျွန်မကို ခွင့်ပြုပေးပါ။ ”

“ စိတ်မကောင်းပါဘူး။အသီနာ။ ”

ရှီရာ ခေါင်းခါလိုက်သည်။

“ ဒီတာဝန်ကို သူတစ်ယောက်တည်းပဲ လုပ်ရမှာ။ပြီးတော့လည်း နင်က မကြာခင်ကပဲ အမြင့်ဆင့်နတ်ဆိုးကို ရောက်ထားတာ။အဆင့်မြင့်နတ်ဆိုးမီးတောက်ကို လွယ်လွယ်နဲ့ မသုံးနဲ့။မဟုတ်ရင် နင့်ကို ဝါးမျိုသွားလိမ့်မယ်။အဆင့်မြင့် နတ်ဆိုးမီးရဲ့ စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်တဲ့အထိ တရားထိုင်ပြီးတော့ လေ့ကျင့်ထားလိုက်ဦး။ ”

နောက်ဆုံး စကားကိုကြားလိုက်ရာ အသီနာသည် ဆက်လက် မတောင်းဆိုတော့ပေ။သူမသည် ချန်လွေ့ကို ကြည့်လိုက်သည်။

“ နင်....သတိထားဦး။ ”

အသီနာ အများကြီး မပြောသော်လည်း သူမ၏ ဂရုစိုက်မှုကို ချန်လွေ့ သေသေချာချာ ခံစားရသည်။ချန်လွေ့ ပြုံးကာ ပြောလိုက်သည်။

“ စိတ်မပူပါနဲ့။ငါ သတိထားမှာပါ။ ”

“ အစ်မတို့နှစ်ယောက်လုံး မနက်ဖြန်မလာနိုင်ဘူးထင်တယ်။တကယ်လို့များ ”

လိုလီလေးသည် ခဏတာဝမ်းနည်းသွားပြီးနောက် ချန်လွေ့ကို မကောင်းစိတ်ဖြင့် ပြုံးပြလိုက်သည်။

“ အစ်မက ချန်လွေ့ရဲ့ အချက်အပြုတ်ကို မမြည်းဖူးသေးဘူး။နေ့လယ်ကျရငိ ကြိုတင်အောင်ပွဲခံဖို့အတွက် ချန်လွေ့ကို ဟော့ပေါ့လုပ်ခိုင်းဖို့ ပြောချင်တယ်။ ”

ရှီရာ၏ အနည်းငယ်အံ့ဩသည့် အကြည့်အောက်၌ ချန်လွေ့သည် ပျော်ရွှင်စွာ သဘောတူလိုက်သည်။

နေ့လယ်၌ အဲဒက်စ်၊ဂါ့စ်၊ခီရာ၊ စလီနှင့်တကွ အားလုံးတို့သည် နန်းတော်၌ စားသောက်ပွဲ ကျင်းပတော့သည်။စားဖိုမှူးသည် ချန်လွေ့ဖြစ်သည်။ထမင်းစားပွဲ၌ ရယ်သံများနှင့် လိုက်ဖက်မှုများသည် ချန်လွေ့ကို နွေးထွေးသွားစေသည်။

‌နတ်ဆိုးဘုံ၌ ပြန်လည်မွေးဖွားပြီးကတည်းက ဤကဲ့သို့ လန်းဆန်းသည့် ခံစားချက်မျိုးကို ယခုမှ ခံစားရခြင်းဖြစ်သည်။၎င်းသည် အခြားပိုင်ဆိုင်မှုများ ဟုတ်မဟုတ် ချန်လွေ့ မသေချာပေ။သို့သော် ရေကန်ပြာရှိ ပါ့ဂ်လီအို နှင့်တကွ ထိုလူများနှင့်ဆိုလျှင် ဤလောကသို့ ပထမဆုံးရောက်လာစဉ်က ခံစားရသည့် အထီးကျန်မှုနှင့်ကြောက်ရွံ့မှုတို့ မရှိတော့သည်မှာ သေချာသည်။

နှစ်လ။ဒီစမ်းသပ်ချက်ကို ငါသေချာပေါက် ကျော်ဖြတ်ရမယ်။

နေ့လယ်စာစားပြီးနောက်တွင် မှော်မှုန့် “ ပြုလုပ်ရန် ” အတွက် မှော်ပစ္စည်းအမြောက်အများကို လူလွှတ်ပြီး ပို့ခိုင်းလိုက်သည်။ကံမကောင်းစွာပင် ရေခဲကျောက်စိမ်း သလင်းကျောက်နှင့် သွေးသလင်းကျောက်ကဲ့သို့ အဆင့်မြင့်သည်များ မပါပေ။လင်းလက်ကျောက်များသည်ပင် အရည်အသွေး အနိမ့်များဖြစ်သည်။သို့သော်လည်း ပစ္စည်းပမာဏကိုကြည့်လျှင် ရှီရာသည် နန်း‌တော်ဂိုဒေါင်ထဲမှ ရှိသမျှအားလုံး ပို့လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ချမ်းသာတဲ့ဘဝက နေထိုင်ရလွယ်တယ်။ဒါပေမဲ့ ဆင်းရဲတဲ့မိသားစုက ထောက်ပံ့ဖို့ ခက်ခဲတယ်။ဒီမိသားစုကို ထောက်ပံ့ဖို့က ရှီရာအတွက် မလွယ်ဘူး။နယ်မြေဖွံ့ဖြိုးရေးအတွက် ရှီရာက နန်းတော်ရဲ့ အရင်ကစုဆောင်းမှုတွေကို ရောင်းချခဲ့ရဖူးတယ်။ နှစ်လကြာ၍ စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့လျှင် ရှီရာကို သက်တောင့်သက်သာ ဖြစ်စေဖို့ အလုပ်ကြိုးစားမည်ဟု ချန်လွေ့သည် စိတ်ပိုင်းဖြတ်လိုက်သည်။

ချန်လွေ့သည် မှော်ပစ္စည်းအားလုံးကို ကူးပြောင်းလိုက်သည်။မနေ့ညက ရုပ်ထုကို မယှဉ်နိုင်ပေ။သို့သော်လည အမှတ်၁၃၀၀၀ ရရှိခဲ့သေးသည်။ချန်လွေ့၌ အရှိန်အဝါစုစုပေါင်း ၃၅၀၀၀ မှတ် ကျော်နေပြီ ဖြစ်သည်။ထို “ မှော်မှုန် ” များကိုတော့ အကြီးအကဲဂါ့စ်ထံ ပေးလိုက်သည်။

အသေးအဖွဲကိစ္စများကို ဖြေရှင်းပြီးနောက်တွင် ချန်လွေ့သည် စိတ်တည်ငြိမ်အောင်လုပ်ပြီး နဂါးငွေ့တန်း နတ်ဘုရားကျောင်းရှိ လေ့ကျင့်ရေးကွင်းထဲသို့ ဝင်သွားလိုက်သည်။ယခုတွင် ချန်လွေ့၌ အရှိန်အဝါ ၃၅၀၀၀ ကျော်ရှိနေပြီဖြစ်သည်။ခဏတာစဉ်းစားပြီးနောက် ချန်လွေ့သည် ဥပဒေနှစ်ခုကို ရွေးချယ်လိုက်သည်။တစ်ရက်အတွက် အချိန်နှစ်ဆ နှင့် မြေဆွဲအားနှစ်ဆ ဖြစ်သည်။ဆိုလိုသည်မှာ ချန်လွေ့သည် မြေဆွဲအားနှစ်ဆဖြစ်နေသည့် လေ့ကျင့်ရေးကွင်း၌ ‌နှစ်ရက် နေနိုင်မည်ဖြစ်ပြီး တကယ့်လက်တွေ့၌ ၂၄ နာရီသာ အချိန်ကြာမြင့်‌ပေသည်။

ကြယ်စင်စု နတ်ဘုရားကျောင်းသည် စိတ်ဝိညာဉ်လောက သို့မဟုတ် သီးခြားနေရာလွတ်တစ်ခု ဟုတ်မဟုတ် ချန်လွေ့ အဖြေမရှာရသေးပေ။ယေဘုယျအားဖြင့် စိတ်ဝိညာဉ်လောက၌ ထိခိုက်မှုများ၊ရရှိမှုများသည် တကယ့်လက်တွေ့ ခန္ဓာကိုယ်နှင့်ဦးနှောက်ကို သက်ရောက်မှုရှိသည်။ဥပမာအနေဖြင့် စိတ်ဝိညာဉ်လောက၌ သေသွားလျှင် ဦးနှောက်၏နာ့ဗ်ကြောအားလုံး အလုပ်မလုပ်တော့ဘဲ အမှန်တကယ် သေဆုံးသွားပေမည်။ထိုကဲ့သို့ ဥပမာသည် ပုံမှန်သာဖြစ်သည်။သို့သော်လည်း သိုလှောင်ဂိုဒေါင်၏ အခြေအနေကိုကြည့်လျှင် စူပါစနစ်သည် သီးခြားနေရာလွတ်နှင့် ပိုတူပေသည်။

သို့သော်လည်း ထိုကိစ္စကို စုံစမ်းရန် အချိန်မဟုတ်သေးပေ။အချိန်နှစ်ဆ နှင့် မြေဆွဲအားနှစ်ဆ ဥပဒေအတွက် တစ်နေ့လျှင် အရှိန်အဝါ၂၀၀၀ အသီးသီးကျသင့်ပြီး စုစုပေါင်း အရှိန်အဝါ၄၀၀ဝဖြစ်သည်။အရှိန်အဝါသည် ချက်ချင်းပင် ၃၀၀၀၀ ကျော်သာ ရှိတော့သည်ကို ချန်လွေ့ကြည့်လိုက်ပြီး ခေါင်းကိုက်သွားရသည်။ပိုက်ဆံရှာခြင်းထက် သုံးရခြင်းက ပို၍လွယ်ကူသည်မှာ မည်သည့်လောကမဆို၌ အတူတူပင် ဖြစ်ပုံရသည်။

ဥပဒေသကို အသက်သွင်းလိုက်ပြီးနောက်တွင် လေ့ကျင့်ရေးကွင်း၏ အဝင်ဝသည် အလိုအလျောက် ပျောက်ကွယ်သွားပြီး ခက်ခဲသည့်လေ့ကျင့်ရေး တရားဝင်စတင်တော့သည်။

All Chapters