ဝံပုလွေလျင်။နံပါတ်(၆၄)၏ ဒုတိယမြောက် တိုက်ပွဲ
Vol. 4 Ch. 53
ချန်လွေ့ စိတ်ထဲ၌ ပြင်ဆင်ထားသော်လည်း မြေဆွဲအားနှစ်ဆကို အမှန်တကယ် ကြုံတွေ့သည့်အခါ ကြီးမားလှသည့်ဖိအားကို ခံစားလိုက်ရသည်။သူ၏ ခန္ဓာကိုယ် အလေးချိန်သာမက ကိုယ်တွင်းအင်္ဂါအားလုံး၏အလေးချိန်ပါ နှစ်ဆဖြစ်သွားပြီး အသက်ရှူရ အလွန်ခက်ခဲသွားသည်။ကောင်းလုနီးပါးဖြစ်နေသည့် နံရိုးရှိ ဒဏ်ရာများလည်း စတင်ကိုက်ခဲလာတော့သည်။
အရင်တုန်းကငါ ဝတ္ထုတွေ၊ရုပ်ပြတွေ ဖတ်တုန်းကဆိုရင် သူတို့တွေ မြေဆွဲအားကို အဆတစ်ရာလောက် လုပ်ပြီး လွယ်လွယ်လေး လေ့ကျင့်လို့ရတယ်လို့ ငါထင်ခဲ့တယ်။အခုတော့ မြေဆွဲအားလေ့ကျင့်ရေးက ဘယ်လောက်ခက်ခဲလဲဆိုတာကို နားလည်သွားပြီ။ဒါတောင် နှစ်ဆပဲ ရှိသေးတာ။
ချန်လွေ့သည် စိတ်ကိုအာရုံစူးစိုက်လိုက်ပြီး ကြယ်စွမ်းအင်များကိုခန္ဓာကိုယ် တစ်လျှောက်လုံး လည်ပတ်စေလိုက်သည်။ချန်လွေ့၏ အလိုက်သင့် ပြောင်းလဲနိုင်ခြင်းသည် အမှန်တကယ်ပင် အလွန်မြန်ဆန်ပြီး ခန္ဓာကိုယ်ကြွက်သားထိန်းချုပ်မှုသည်ဖိအားအောက်၌ ပို၍အသေးစိတ်ကာ ရှင်းလင်းသွားသည်။
ချန်လွေ့သည် အာကာသထဲ၌ ဖြည်းဖြည်းချင်း လမ်းစလျှောက်တော့သည်။သူ၏အသက်ရှုနှုန်းကို ထိန်းချုပ်ပြီး ခြေဆန့်လက်ဆန့် ပြုလုပ်ကြည့်လိုက်သည်။ထိုလှုပ်ရှားမှုများကို အထင်သေး၍မရပေ။အကြောင်းရင်းမှာ ပုံမှန်အခြေအနေ၌ ရိုးရိုးလှုပ်ရှားမှုများသည် ဤနေရာ၌ လုံးဝမလွယ်ကူ၍ဖြစ်သည်။အထူးသဖြင့် အရှိန်ရရန်အတွက် ခွန်အားနှစ်ဆ လိုအပ်ပေသည်။
ထိုအချိန်တွင် [ နက္ခတ်သဏ္ဍာန် ] သည် အစွမ်းအပြည့်အဝ ထုတ်ဖော်လိုက်ပြီး ချန်လွေ့၏ ကုန်ဆုံးသွားသော ကြယ်စွမ်းအားများကို အချိန်မီ ပြန်ဖြည့်တင်းပေးလိုက်သည်။အချိန်မည်မျှ ကုန်ဆုံးသွားကြောင်း ချန်လွေ့ မသိပေ။ချန်လွေ့
လွတ်လွတ်လပ်လပ် ပြေးလွှားခုန်ပေါက်၍ ရသွားသည့်အချိန်၌ ဘေးနားပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲသွားပြီး လေ့ကျင့်ရေးကွင်းအပြင်သို့ ရောက်သွားသည်။ ဘာမှမသိလိုက်ဘဲနဲ့ နှစ်ရက် အချိန်ပြည့်သွားတာပဲ။
ချန်လွေ့သည် ကြယ်စင်စု နတ်ဘုရားကျောင်းရှိ အခြေအနေပြဘားတန်းဆီသို့ ပြန်လာရာ သူ၏အတွေ့အကြုံတန်ဖိုးသည် ၈% အထိ ရောက်ရှိသွားသည်ကို တွေ့လိုက်ရ၏။မြေဆွဲအားမြင့်သောနေရာ၌ ကြယ်စွမ်းအင်ကို လေ့ကျင့်ခြင်းသည် အကျိုးကျေးဇူးများလှသည်။ဖောက်ထွင်းမြင်နိုင်သည့် ခန္ဓာကိုယ်ထဲရှိ မီးခိုးကဲ့သို့ အရိုးခြောက်သည်လည်း ပို၍ခိုင်မာလာပြီး အစိုင်အခဲ ခံစားချက်ကို ပိုပြီး ပေးစွမ်းလာသည်။
တစ်ရက်ကုန်ဆုံးသွားကြောင်း ချန်လွေ့သတိရလိုက်သည်။တကယ့်လက်တွေ့တွင် သူဘာမှ မစားရသေးပေ။ထို့ကြောင့် စူပါစနစ်ထဲမှ အလျင်အမြန် ထွက်လိုက်သည်။စူပါစနစ်၏ လုပ်ဆောင်ချက်များသည် ဆန်းကြယ်လှသည်။လေ့ကျင့်ရေးကွင်း၌ ရှိနေစဉ် ဆာလောင်သည့် ခံစားချက် မရှိပေ။အညစ်အကြေးစွန့်ရန်လည်း မလိုအပ်ပေ။သို့သော်လည်း တကယ့်လက်တွေ့ဆီသို့ ပြန်ရောက်လာသည့်အခါ ချန်လွေ့၏ ဗိုက်သည် ချက်ချင်းပင် ဂွီခနဲ မြည်လာတော့သည်။တစ်နေ့လုံး ဘာမှ မစားရသေးကြောင်း ပြသနေခြင်းပင် ဖြစ်သည်။
ချန်လွေ့ ထလိုက်သည့်အခါ ခန္ဓာကိုယ် အလေးချိန်သည် ပိုပေါ့သွားသလို ခံစားလိုက်ရသည်။ပုံမှန်မြေဆွဲအားကို သူကျင့်သား မရတော့ပေ။အခန်းထဲ၌ မည်သည့် လှုပ်ရှားမှုကိုမဆို ထိန်းချုပ်ပြီး လုပ်နေရသည်။ချန်လွေ့ အလွန်ပျော်သွားသည်။ အရှိန်အဝါ ထောင်ကျော်က အလကားဖြစ်မသွားဘူး။လေ့ကျင့်ရေးက တကယ်ပဲ အကျိုးရှိတယ်။
စားစရာ နည်းနည်းစားပြီး ကောင်းကောင်း အိပ်စက်ပြီးနောက်၌ ချန်လွေ့သည် ကြယ်စွမ်းအင်များ အပြည့်အဝ ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။ နံရိုးဒဏ်ရာသည်လည်းလုံးဝ ကောင်းသွားပြီ ဖြစ်သည်။ချန်လွေ့သည် အချိန်ဆက်ဖြုန်းမနေတော့ဘဲ ချက်ချင်းပင် လေ့ကျင့်ရေးကွင်းထဲသို့ ဝင်လိုက်သည်။
ရွေးချယ်ထားသည့် ဥပဒေသ ရှိမနေသည့်အချိန်တွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်း၌ ခန္ဓာကိုယ်ကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး အများကြီး ပေါ့ပါးသလို ခံစားရသည်။သို့သော်လည်း ဤအခြေအနေကို ပိုပြီးကျင့်သားရအောင် ပြုလုပ်ရဦးမည်ဖြစ်သည်။
ခဏစဉ်းစားပြီးနောက်တွင် ချန်လွေ့သည် အချိန်ငါးဆ နှင့် မြေဆွဲအားနှစ်ဆ စည်းမျဉ်းကို ရွေးချယ်လိုက်သည်။အရှိန်အဝါ ၇၀၀၀ ကုန်ဆုံးသွားပြီး ၂၄၀၀၀ ဝန်းကျင်သာ ကျန်တော့သည်။
မြေဆွဲအားနှစ်ဆဖြစ်သည့် နေရာသို့ ပြန်ရောက်လာသည့်အခါ ချန်လွေ့သည် ပထမဆုံးအကြိမ်ထပ်ပိုပြီး သက်တောင့်သက်သာ ဖြစ်သွားသည်။ခန္ဓာကိုယ်ကြွက်သားများနှင့် ကြယ်စွမ်းအင်များအပေါ် ထိန်းချုပ်မှုတွင်လည်း ပို၍ ကျွမ်းကျင်သွားသည်။သူ၏ လေ့ကျင့်ရေးအစီအစဉ်မှာ အမှန်ပင် ရိုးရှင်းလှသည်။နေ့စဉ်လှုပ်ရှားမှုများ၏ မြေဆွဲခြားနှစ်ဆ ပတ်ဝန်းကျင်၌ အပြည့်အဝ လိုက်လျောညီထွေရန် ဖြစ်သည်။သာမန် လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်းမှသည် တိုက်ခိုက်ခြင်း၊ခုခံခြင်းအထိ ဖြစ်သည်။၅ရက် အချိန်ကာလသည် တစ်ရက်နှင့် မယှဉ်နိုင်ပေ။အာကာသထဲ၌ ဆာလောင်ခြင်း၊အိပ်ငိုက်ခြင်း မရှိသော်လည်း အိပ်စက်ခြင်းမရှိ၊အနားယူခြင်း မရှိသည့် လေ့ကျင့်ရေးမျိုးသည် လုံးဝကို မခံမရပ်နိုင် ဖြစ်ပေမည်။
အမှန်တကယ်တွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းမှ ကြိုပြီးထွက်ပိုင်ခွင့်ရှိသည်။သို့သော်လည်း သူမလုပ်ခဲ့ပေ။အကြောင်းရင်းမှာ လေ့ကျင့်ရေးသည် သူ၏ခန္ဓာကိုယ်ကိုသာ လေ့ကျင့်သည် မဟုတ်ဘဲ စိတ်နှလုံးကိုပါ လေ့ကျင့်ခြင်း ဖြစ်ပေသည်။
လောကတွင် အလကားစားရသည့် နေ့လယ်စာ မရှိပေ။အခြားအရာများထက်စာလျှင် စူပါစနစ်သည် ချန်လွေ့အတွက် ကောင်းမွန်သည့် စင်္ကြံတစ်ခု ထောက်ပံ့ပေးနေပြီ ဖြစ်သည်။ဇွဲလုံ့လ မရှိဘဲ စနစ်ကို လှည့်စားဖို့ကြိုးစားလျှင် ၎င်းကို တုံးအသည့် ပါးနပ်မှုဟုသာ သတ်မှတ်ရပေမည်။လန့်စ်နှင့် တိုက်ခိုက်သကဲ့သို့ပင် စစ်မှန်သည့် လေ့ကျင့်ရေး၌ အပြည့်အဝ အားထုတ်ရန် လိုအပ်ပေသည်။
တစ်နည်းပြောရလျှင် လေ့ကျင့်စဉ်အတွင်း အောင်မြင်ရန် ယုံကြည်ချက်ရှိရမယ်ဖြစ်ပြီး သေသည်အထိ စိတ်ဓာတ်ကြံ့ခိုင်ရပေမည်။
ချန်လွေ့ အံကြိတ်ပြီး ချွေးများ အရူးအမူး ထွက်နေစဉ် မီးခိုးကဲ့သို့ အရိုးခြောက်သည် ပို၍ အစိုင်အခဲဖြစ်လာသည်။၎င်းသည် မူလက မီးခိုးကဲ့သို့ မြူမျိုးသာ ဖြစ်သည်။သို့သော် ယခုအခါတွင် ၎င်းသည် အစိုင်အခဲပုံစံသို့ ပြောင်းလဲသွားလေပြီ။ထိုပုံသဏ္ဍာန်ပေါ်တွင် မြောက်များလှစွာသော အလင်းမျှင်များရှိနေပြီး အဆက်မပြတ် လှည့်ပတ်နေသည်။
နတ်ဆိုးဘုံ၏ မှော်ဆန်သည့် ဂုဏ်ရောင်ထွန်းပြောင်သော လနှစ်စင်းသည် နေ့နှင့်ည ပြောင်းလဲသွားသည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်(၅)ရက် ကုန်ဆုံးသွားလေပြီ။
ရေကန်ပြာ၌ ပါ့ဂ်လီအိုသည် အေးအေးဆေးဆေး အိပ်မနေဘဲ မြေပြင်ပေါ်ထိုင်ကာ ညကောင်းကင်ကို ခဏခဏကြည့်နေပြီး အနည်းငယ် စိုးရိမ်နေပုံရသည်။ (၅)ရက်နေပြီးရင် ပြန်လာမယ်လို့ ချန်လွေ့ ကတိပေးထားတယ်မဟုတ်လား။ဘာလို့ သူပြန်မလာသေးတာလဲ။
ထိုအခိုက်တွင် ရင်းနှီးသည့် တောင်ပံခတ်သံတစ်ခု အဝေးမှ ကြားလိုက်ရသည်။ ပါ့ဂ်လီအိုသည် ချက်ချင်း ခုန်ထလိုက်သည်။
နောက်ဆုံးတော့ ဟိုကောင် ရောက်လာပြီ။
ဝိုင်ဗန် ချဉ်းကပ်လာစဉ်တွင် အဆိပ်နဂါးသည် အလစ်တိုက်ခိုက်ရန် ရည်ရွယ်၍ တိတ်တဆိတ် ချဉ်းကပ် လိုက်သည်။
ပါ့ဂ်လီအို ချဉ်းကပ်လာစဉ် ဝိုင်ဗန်ပေါ်မှ အရိပ်မည်းသည် အဆိပ်နဂါးနောက်ဘက်သို့ မျက်စိတစ်မှိတ်အတွင်း ဝှစ်ခနဲရောက်သွားသည်။အဆိပ်နဂါး၏မျက်လုံး အရောင်တောက်သွားပြီး နောက်လှည့်ကာ လက်သီးဖြင့်ထိုးလိုက်သည်။ထိုအရိပ်မည်း၏ အမြန်နှုန်းသည် ထင်ထားသည်ထက် ပိုနေသည်။ထိုသူသည် ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရွေ့လိုက်ပြီး လက်သီးချက်ကို ရှောင်လိုက်သည်။အဆိပ်နဂါး အရှိန်တင်လိုက်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။ပါ့ဂ်လီအိုသည် လက်သီးကို မယုံနိုင်စရာ ထောင့်အနေအထားသို့ ပြောင်းလိုက်ပြီး အရိပ်မည်း၏ ရင်ဘတ်ကို ချိန်ထားလိုက်သည်။ထိတော့မည့်အချိန်တွင် အရိပ်မည်းသည် လက်သီးချင်း ယှဉ်ထိုးလိုက်သည်။ပါ့ဂ်လီအို ဘာမှမဖြစ်ပေ။အရိပ်မည်းသည် တုန်ခါမှုကြောင့် နောက်ပြန်ဆုတ်သွားသည်။(၁၀)မီတာလောက် ရောက်မှသာ အရိပ်မည်းသည် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်သွားသည်။ထို့နောက် အော်ပြောလိုက်သည်။
“ ငညစ်။ဒါက အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်း ဟုတ်လို့လား။ ”
“ အပိုတွေပြောမနေနဲ့။ငါကြိုက်သလိုလုပ်မယ်။မင်းတိုက်ခိုက်နိုင်ရင် ပြန်တိုက်။ ”
အဆိပ်နဂါး၏ မျက်လုံးအရောင်တောက်သွားပြီး ချန်လွေ့ဆီသို့ အသာလေးခုန်လိုက်ကာ အမြန်တိုက်ခိုက်လိုက်သည်။
ချန်လွေ့၏ ခန္ဓာကိုယ်သည် မြန်ဆန်သော်လည်း ပါ့ဂ်လီအိုသည် ပို၍မြန်နေသည်။ချန်လွေ့၏ မျက်လုံးများသည် အဆိပ်နဂါး၏ အမြန်နှုန်းကို လိုက်မမှီတော့ပေ။သို့သော်လည်း ချန်လွေ့သည် ကြယ်စွမ်းအင် ခံစားချက်နှင့် မြေဆွဲအားပတ်ဝန်းကျင်တွင် လေ့ကျင့်ခဲ့သည့် ကြွက်သားမှတ်ဉာဏ်များကို အမှီပြုပြီး အဆိပ်နဂါး၏ တိုက်ခိုက်မှုများကို အမှန်တကယ် ရှောင်ရှားနိုင်ခဲ့သည်။
ချန်လွေ့သည် အဆိပ်နဂါး၏ လှုပ်ရှားမှုများကို တွက်ချက်ပြီး ဟာကွက်တစ်ခုတွင် လက်ဝါးစောင်းခုတ်ချက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။အဆိပ်နဂါး၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ချန်လွေ့၏လက်ကောက်ဝတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။ချန်လွေ့ အားမထုတ်နိုင်တော့ပေ။အဆိပ်နဂါးသည် ဆက်လက် မတိုက်ခိုက်တော့ဘဲ လက်ကိုလွှတ်လိုက်ကာ အံ့ဩသွားသည်။
“ မင်းရဲ့ အမြန်နှုန်းရော၊စွမ်းအားရော အလတ်ပိုင်းကို ယဲ့ယဲ့လေး ရောက်နေပြီ။ဒီရက်ပိုင်းမှာ မင်းဘယ်လို လေ့ကျင့်ခဲ့တာလဲ။ဒီနည်းအတိုင်း ဆက်သွားမယ်ဆိုရင် နှစ်လအတွင်း အမြင့်ဆင့်နတ်ဆိုးကို ရောက်နိုင်တယ်။ ”
“ ဒီလောက် ဘယ်လွယ်မလဲ။ ”
ချန်လွေ့သည် ခါးသီးစွာပြုံးရင်း ခေါင်းခါလိုက်သည်။သို့သော် သူ၏ခွန်အားသည် အလတ်ပိုင်းသို့ ချဉ်းကပ်နေပြီဟူသာ ပါ့ဂ်လီအို၏မှတ်ချက်ကြောင့် အချက်အလက်ပြဇယားရှိ အစိုင်အခဲဖြစ်တော့မည့် အရိုးခြောက်အကြောင်းကို ချန်လွေ့ တွေးမိလိုက်သည်။
ယခင်(၅)ရက်၌ ချန်လွေ့သည် လေ့ကျင့်ခြင်း၊အိပ်ခြင်း၊လေ့ကျင့်ခြင်းဖြင့် လည်ပတ်နေသည်။ဤစက်ဝန်းတွင် ချန်လွေ့သည် လေ့ကျင့်ရေးကွင်းသို့ သုံးခေါက်သွားခဲ့သည်။ပထမတစ်ခေါက်သည် အချိန်နှစ်ဆ၊မြေဆွဲအားနှစ်ဆ ဖြစ်ပြီး ဒုတိယနှင့်တတိယအခေါက်သည် အချိန်ငါးဆ၊မြေဆွဲအားနှစ်ဆ ဖြစ်သည်။ကျန်ရှိသည့်အချိန်တွင် အနားယူပြီး သာမန်မြေဆွဲအားနှင့် လိုက်လျောညီထွေအောင် ပြုလုပ်ခဲ့သည်။
ယခုတွင် ချန်လွေ့သည် မြေဆွဲအားနှစ်ဆ၌ အပြည့်အဝ လိုက်လျောညီထွေအောင် နေနိုင်သွားလေပြီ။တတိယအခေါက်တွင် ချန်လွေ့သည် ကြယ်စွမ်းအင်ကို မသုံးဘဲ သူ၏ခန္ဓာကိုယ်ဖြင့် မြေဆွဲအားနှစ်ဆကို ခုခံရန် ကြိုးစားကြည့်ခဲ့သည်။လုံးဝ မလွယ်ကူလှပေ။သို့သော်လည်း အကျိုးရလာဒ်သည် ကောင်းမွန်လှသည်။ကြယ်စုဆောင်းသူ၏ ခန္ဓာကိုယ်လေ့ကျင့်ရေး သော့ချက်ကို ချန်လွေ့ အမှတ်တမဲ့ သဘောပေါက်သွားသည်။အတွေ့အကြုံတန်ဖိုးသည် အလျင်အမြန်တိုးတက်သွားပြီး ၃၀% အထိ ရောက်သွားကာ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း အလျင်အမြန် တိုးတက်သွားသည်။
၎င်းသည် “ အရိုးခြောက် ” အစိုင်အခဲအခြေအနေသို့ နီးကပ်လာရခြင်း၏ အကြောင်းရင်းဖြစ်ပေမည်။လေ့ကျင့်ရေးကွင်း၏ လုပ်ဆောင်ချက်သည် အတော်လေး အစွမ်းထက်လှသည်။သို့သော်လည်း ကုန်ကျစရိတ်သည် မြင့်မားလှသည်။အရှိန်အဝါ ၃၅၀၀၀ တွင် ၁၇၀၀၀သာ ကျန်တော့သည်။
“ ပါ့ဂ်လီအို။ကျုပ်ရဲ့ လက်ရှိအစွမ်းနဲ့ “ ဝံပုလွေလျင် ” ကို အနိုင်ယူနိုင်မယ်ထင်လား။သူ့ရဲ့အချက်အလက်တွေကို ကျုပ်ရှာကြည့်ပြီးပြီ။သူက အမှောင်နတ်သူငယ်။အနီးကပ်တိုက်ခိုက်တာနဲ့ ဓားမြောင် ကျွမ်းကျင်တယ်။[ နောက်ကျန်ပုံရိပ် ] လို့ခေါ်တဲ့ အစွမ်းတစ်ခုရှိတယ်။သူ့ရဲ့ပြိုင်ဘက်တွေက တစ်ချက်တည်းနဲ့ ပွဲသိမ်းသွားတာ များတယ်။ ”
ပါ့ဂ်လီအို စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“ မင်းရဲ့လက်ရှိအစွမ်းနဲ့ဆိုရင် အခွင့်အရေးတော့ ရှိနိုင်တယ်။သေတော့ မသေချာဘူး။ဒါပေမဲ့ အခွင့်အရေးတော့ရှိတယ်။အမှောင်နတ်သူငယ် မျိုးနွယ်က အမြန်နှုန်းနဲ့ အာရုံခံမှုမှာ ထူးချွန်ကြတယ်။သူတို့အားနည်းချက်က ကြာရှည်မခံနိုင်တာပဲ။ပြိုင်ဘက်ရဲ့ သတ်ဖြတ်တဲ့အကွက်ကို မင်းသေချာ အာရုံစိုက်ရမယ်။[ နောက်ကျန်ပုံရိပ် ] က သူရဲ့ပါရမီနဲ့ အမြန်နှုန်းပေါင်းထားတဲ့ အစွမ်းတစ်ခု ဖြစ်နိုင်တယ်။အဓိကအားဖြင့်တော့ ပြိုင်ဘက်ကို အာရုံထွေပြားစေဖို့ပဲ။ ပြိုင်ဘက်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာက ပြိုင်ပွဲမှာ သူဘယ်လိုလုပ်လဲဆိုတဲ့အပေါ် မူတည်တယ်။မင်းရဲ့ ဗျူဟာကလည်း အလိုက်သင့်ပြောင်းရမယ်။ရန်သူကိုလုံးဝ အနိုင်ယူမပြီးခင်အထိ အမြဲတမ်း သတိရှိဖို့ မမေ့နဲ့။ ”
ချန်လွေ့သည် နောက်ဆုံးစကားကို သေချာနားလည်ပြီး ခေါင်းညိတ်လိုက်သည်။ချန်လွေ့၏ အမြန်နှုန်းသည် အလျင်အမြန် တိုးတက်လာသော်လည်း လုံလောက်စွာ မထိန်းချုပ်နိုင်သေးကြောင်း ပါ့ဂ်လီအို ထောက်ပြလိုက်သည်။စစ်မှန်သည့် အမြန်နှုန်းဟူသည်မှာ လှုပ်ရှားမှုများမြန်ဆန်ခြင်းသာ မဟုတ်ဘဲ တိုက်ခိုက်မှုများ၏ ကြိမ်နှုန်းနှင့် ပြင်းထန်မှုတွင်လည်း သက်ရောက်မှု ရှိရပေမည်။အရှိန်နှင့်စွမ်းအား အပြည့်အဝ ပေါင်းစပ်တတ်စေရန် သိထားရပေမည်။ထို့ပြင် အချိန်ကိုက် တိုက်ခိုက်ရမည့် ပြဿနာလည်း ရှိသေးသည်။အမှောင်နတ်သူငယ်ကို ရင်ဆိုင်ရမည်ဖြစ်၍ ချန်လွေ့ သေချာ ထိန်းချုပ်ရမည်ဖြစ်သည်။
စာတွေ့ကို အသေးစိတ်ရှင်းပြန်ရန်မလိုပေ။အဓိကသော့ချက်မှာ လက်တွေ့တွင် တိုးတက်ပြီး သဘောပေါက်နိုင်ပေသည်။အရေးကြီးသည့်အရာများကို ပါ့ဂ်လီအို ပြောပြပြီးနောက် သူတို့ တဖန် တိုက်ခိုက်ပြန်တော့သည်။ကြီးမားလှသည့် ဖိအားကို ခံစားရသည့်အခါ ချန်လွေ့သည် ပါ့ဂ်လီအို၏ စွမ်းအားအဆင့်ကို မကျေမနပ် မပြောတော့ပေ။လေ့ကျင့်ရေးကိုသာ လုံးဝ အာရုံစိုက်ထားလိုက်သည်။
အဆိပ်နဂါးသည် လူသားလုပ်ဖော်ကိုင်ဖက် မျက်နှာ၌ ပြောင်းလဲမှုကို သေသေချာချာ မြင်လိုက်ပြီး တိတ်တဆိတ် ပျော်သွားသည်။သူ၏ တိုက်ကွက်များသည် ပို၍ပင် ကြမ်းတမ်းလာသည်။
အလျင်အမြန်ပင် (၁ဝ)ရက် ကုန်ဆုံးသွားသည်။အမှောင်လမြို့၏ ပြိုင်ကွင်း၌ အရောင်တောင်ပနေပြီး ပုံမှန်အတိုင်းပင် အလုပ်ရှုပ်နေကြသည်။နောက်ဆုံးတိုင်ပွဲ စတင်တော့မည် ဖြစ်သည်။
ပြိုင်ပွဲဝင်တစ်ယောက်သည် နာမည်ကြီးပင် ဖြစ်သည်။ထိုသူသည် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်း၌ အစွမ်းထက်ဆုံးဖြစ်သည့် “ ဝံပုလွေလျင် ” ဂျက်စီ ဖြစ်သည်။နောက်ပြိုင်ပွဲဝင်သည် “ သွေးရောင်လက် ” လန့်စ်ကို လွန်ခဲ့သော (၁၀)ရက်က သတ်ခဲ့သည့် နံပါတ်(၆၄) ဖြစ်သည်။ထိုတိုက်ပွဲသည် ပရိတ်သတ် အတော်များများကို ဆွဲဆောင်နိုင်ခဲ့ပြီး လောင်းကြေးများမှာလည်း နှစ်ဆနီးပါး ဖြစ်သွားခဲ့သည်။
ထိုအချိန်သည် ပေါ့ပေါ့ပါးပါး ဝတ်စုံနှင့် ဂျက်စီသည် တိုက်ပွဲကွင်းပြင်သို့ ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။သို့သော်လည်း နံပါတ်(၆၄) မှာ ပေါ်မလာသေးပေ။
အရေးကြီးပုဂ္ဂိုလ် ထိုင်ခုံ၌ ရှိနေသည့် ခိုင်သန်သည် စိုးရိမ်နေပုံပေါ်သော်လည်း အရတ်စ်သည် လက်ထဲမှ ဝိုင်ကို အေးအေးဆေးဆေး အရသာ ခံနေ၏။
“ အဲ့ဒီနံပါတ်(၆၄)။ဧကန္တ..သူ မလာရဲတာများလား။ ”
သေရွာပြန် မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီတိုက်ပွဲကနေ သူထွက်ပြေးသွားရင်တော့ ကျုပ်တို့ ဆုံးရှုံးမှုတွေက.... ”
သေရွာပြန်စကားမဆုံးပင်မှာပင် အရတ်စ်၏ ရွှေကဲ့သို့အသံ ထွက်ပေါ်လာသည်။
“ သူဒီကို ရောက်နေပြီ။ ”
မျက်နှာဖုံးဝတ်ထားသည့် ဝတ်ရုံနှင့်နတ်ဆိုးတစ်ယောက်သည် မျက်နှာချင်းဆိုင် ပြိုင်ပွဲဝင်ဥမင်ကို ဆင်းလာသည်။ထိုသူသည် နံပါတ်(၆၄) ဖြစ်သည်။
အရတ်စ်သည် မျက်နှာဖုံးနှင့် နတ်ဆိုးကို ခဏစိုက်ကြည့်လိုက်ပြီး ချက်ချင်းပင် မျက်ခုံးပင့်လိုက်သည်။ဝေးနေသော်လည်း နံပါတ်(၆၄)၏ အပြုအမူသည် လွန်ခဲ့သော(၁၀)ရက်နှင့်ယှဉ်လျှင် အတော်လေး ပြောင်းလဲသွားကြောင်းကို သူ၏အမြင့်ဆင့်နတ်ဆိုး စွမ်းရည်ဖြင့် ခံစားနိုင်လေသည်။
“ အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်း ပါလား။ ”
အရတ်စ်၏ မီးတောက်နေသည့် အနီရောင် မျက်ဝန်းများ အနည်းငယ်ကျုံ့သွားပြီး အံ့အားသင့်သည့် အရိပ်အယောင် ပေါ်လာသည်။သူ ရုတ်တရက် ရယ်လိုက်သည်။
“ ဒီတိုက်ပွဲက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ..... ”