← Chapters

တက်သစ်စ မင်းသမီးလက်လီစတိုး

Vol. 4 Ch. 57

တက်သစ်စ မင်းသမီးလက်လီစတိုး

Vol. 4 Ch. 57

ဆိုင်းဘုတ်၏ အကျိုးသက်ရောက်မှုသည် မဆိုးလှပေ။၎င်းကို ချန်လွေ့က သာမန်ထက်သာသည်ဟု မှတ်ချက်ပေးလိုက်သည်။ချန်လွေ့ အနီးကပ် ရောက်လာသည့်အခါ စတိုးဆိုင်ထဲသို့ အဝင်အထွက်လုပ်သည့် ဈေးဝယ်သူ အရေအတွက် သိသိသာသာ တိုးသွားကြောင်းတွေ့လိုက်ရသည်။မင်းသမီးလက်လီစတိုး အတွင်းသို့ ဝင်ကြည့်လိုက်သည့်အခါ ယခင်က ရှုပ်ပွနေသည့် အပြင်အဆင်များသည် အစီအစဉ်တကျ ဖြစ်နေသည်။ဈေးဝယ်သူများကို ခြောက်လှန့်သည့် ကောက်ရိတ်ဓားကိုင်သော ခါဂူလီသည်လည်း အနောက်ဘက်ရှိ လုံခြုံရေးခန်း၌ ရှိနေသည်။ရှေ့ဘက်စားပွဲရှိ ဧည့်ကြိုကိုလည်း မှင်စာ နှင့် ကဝေမတစ်ယောက်ဖြင့် အစားထိုးထားသည်။မှင်စာ၏ စကားပြောကောင်းမှုနှင့် ကဝေမ၏ ညှို့ငင်မှုတို့ ပေါင်းလိုက်သည့်အခါ ဈေးဝယ်သူများကို ဆွဲဆောင်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။လိုလီလေးသည် ချန်လွေ့၏ အမြင်များကို အမှန်တကယ် နားထောင်ထားပုံ ရလေသည်။

ချန်လွေ့ကို ခါဂူလီ မြင်သွားသည်။ခါဂူလီသည် သူ၏အစ်ကိုကဲ့သို့ပင် ရှီရာအပေါ် သစ္စာရှိသည်။တော်ဝင်မင်းသမီး ယုံကြည်သည့် အတွင်းရေးမှူးကို တွေ့လိုက်သည့်အခါ ပထမဆုံး စတွေ့စဉ်ကကဲ့သို့ ရန်လိုမှုများ ရှိမနေတော့ပေ။ခါဂူလီ အသာလေး ခေါင်းညိတ်လိုက်သည်။ချန်လွေ့လည်း ခါဂူလီကို ပြုံးပြပြီး ဒုတိယထပ်ဆီသို့ တက်သွားလိုက်သည်။

အဲလစ်၏ အဆင့်အတန်းကြောင့် ချန်လွေ့၏ အကြံဉာဏ်မှာ မင်းသမီးလက်လီစတိုးကို တန်ဖိုးကြီးများပေါ်၌ အဓိက အာရုံစိုက်ထားစေရန် ဖြစ်သည်။ပထမထပ်ရှိ ထုတ်ကုန်များသည် တန်ဖိုးနိမ့် သုံးစွဲသူများအတွက်ဖြစ်ပြီး ဒုတိယထပ်သည် အရေးကြီးပုဂ္ဂိုလ်အလွှာ၏ ဇိမ်ခံဗာရှင်း ဖြစ်သည်။ထုတ်ကုန်များ တန်ဖိုးကြီးရုံသာမက အကြီးအကဲဂါ့စ် ကိုယ်တိုင် စီရင်ထားသည့် မှော် အကွာအကွယ်လွှာများလည်း ရှိသည်။မကောင်းကြံမည့်သူများမှ ကာကွယ်ပေးသည့်အတွက် ထုတ်ကုန်များကို ပို၍ လျို့ဝှက်ဆန်းကြယ် သွားစေသည်။

မင်းသမီးလက်လီစတိုးရှိ ဆွဲဆောင်မှုအရှိဆုံး အရာများမှာ စစ်တုရင် နှစ်မျိုးပင် ဖြစ်သည်။တစ်ခုမှာ မင်းသမီးစစ်တုရင် ဖြစ်သည်။ဈေးဝယ်သူ၏ လိုအပ်ချက်ကိုလိုက်၍ နှာဘူးဗာရှင်း နှင့် သာမန်ဗားရှင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။ချန်လွေ့ကို ပို၍ ရှက်စေသည်မှာ နှာဘူးဗားရှင်းကို ဝယ်သည့် ဈေးဝယ်သူ အရေအတွက် ပိုများနေခြင်းပင်။ဒုတိယတစ်ခုမှာ ဂေါ်လီကျားကွက် မဟုတ်ပေ။ချန်လွေ့လုပ်ထားသည့် နောက်ထပ် “ မဟာဆရာသခင် ” လက်ရာ ဖြစ်သော နတ်ဆိုးတိုက်ပွဲ စစ်တုရင် ဖြစ်သည်။နတ်ဆိုးတိုက်ပွဲစစ်တုရင်သည် တိရစ္ဆာန်တိုက်ပွဲ စစ်တုရင် တစ်ခုသာဖြစ်သည်။တိရစ္ဆာန်များကို နတ်ဆိုးအဖြစ် ပြောင်းလဲ ထားခြင်းသာ ဖြစ်သည်။စုစုပေါင်း နတ်ဆိုး၈ယောက်ရှိသည်။အစွမ်းထက်ဆုံးမှာ ဘုရင်ဖြစ်ပြီး အလယ်ရှိ နတ်ဆိုးများမှာအတော်လေး အားနည်းသည်။အားအနည်းဆုံးမှာ ကဝေမဖြစ်သည်။ သို့သော်လည်း ကဝေမသည်ဘုရင်ကို ဘက်ပြောင်းအောင် ညှို့ငင်နိုင်လေသည်။ စည်းမျဉ်းအချို့နှင့် နာမည်အချို့ကိုလည်း လိုက်ဖက်ညီအောင် ပြောင်းလဲထားသည်။နတ်ဆိုးတိုက်ပွဲ စစ်တုရင်သည် နားလည်ရလွယ်ကူပြီး နှစ်ယောက်ကစား၍ရသည့်အတွက် မင်းသမီးစစ်တုရင်ထက် လူကြိုက်ပိုများပြီး မင်းသမီးလက်လီစတိုး၏ ထုတ်ကုန်ပြယုဂ် တစ်ခု ဖြစ်လာသည်။

မင်းသမီးလေး၏ မူပိုင်ခွင့်ချိုးဖောက်မှု သာဓက ရှိသည့်အတွက် ဤအရာများကို ကူးယူကြမည်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် အမှတ်တံဆိပ် အယူအဆကို တင်ပြခဲ့သည်။မင်းသမီးလက်လီစတိုးရှိ ပစ္စည်းများအားလုံးတွင် အထူးမှော် တံဆိပ်တစ်ခု ပါရှိရပေမည်။

မင်းသမီးစစ်တုရင် နှင့် နတ်ဆိုးတိုက်ပွဲစစ်တုရင်ကို အရည်အသွေးနှင့် လက်ရာပေါ် မူတည်၍ သာမန်အမျိုးအစား နှင့် အကောင်းစား ဟူ၍ ခွဲခြားထားသည်။ သာမန်အမျိုးအစားသည် ဈေးနှုန်းချိုသာပြီး အနောက်ဘက်တွင် မင်းသမီးလက်လီစတိုး အမှတ်တံဆိပ် ပါရှိသည်။အကောင်းစားမှာ အရည်အသွေး ပိုကောင်းရုံသာမက လက်ရာလည်း ကောင်းမွန်ပေသည်။အမှတ်တံဆိပ်အပြင် အဲလစ်၏ မှော်လက်မှတ်လည်း ပါရှိသည်။၎င်းကို ကန့်သတ်ပစ္စည်းဟု သတ်မှတ်နိုင်ပြီး ဈေးနှုန်းမှာလည်း တော်တော်လေး မြင့်မားလှသည်။

ဒုတိယထပ်ပေါ်၌ စစ်တုရင် နှစ်မျိုးအပြင် အခြားထုတ်ကုန် တချို့လည်း ရှိသေးသည်။ကောင်မလေးများ၏ စိတ်ကျန်းမာရေးကို အပြင်းအထန်ထိခိုက်စေသည့် ညစ်ညမ်းစာအုပ်များကို လိုလီလေးသည် အင်တင်တင်ဖြင့် ဖယ်ရှားဖျက်ဆီး လိုက်သည်။

ဈေးအကြီးဆုံး ထုတ်ကုန်များမှာ တော်ဝင်မိသားစု၏ “ ကန့်သတ်စုဆောင်းမှု ” ဖြစ်ပြီး ၎င်းတို့မှာ အခြေခံအားဖြင့် အရုပ်များ၊ဆံထိုးများ၊အခြား ကစားစရာများနှင့် မတရားဈေးကြီးသည့် အပိုင်းအစ များသာ ဖြစ်သည်။သို့သော်လည်း ၎င်းတို့ကို သေသေချာချာ ကိုင်တွယ်ထားလေသည်။လှလှပပ ထုပ်ပိုးထားရုံသာမက ထိုပစ္စည်းများ၏ “ သမိုင်းကြောင်း ” ကိုလည်း အသေးစိတ် ဖော်ပြထားသည်။ဥပမာပြောရလျှင် သန်းခေါင်နေအရှင် ကိုယ်တိုင် အိမ်ရှေ့မင်းသားဂရမ်းကို ပေးခဲ့သော အရုပ်၊နောက်ပိုင်း၌ အိမ်ရှေ့မင်းသားက အဲလစ်ကို ပေးလိုက်သည်......

ဤနည်းဖြင့် အဲလစ် ငြီးငွေ့သွားသည့် အရုပ်တစ်ရုပ်ကို သန်းခေါင်နေအရှင် ကိုယ်တိုင် ပေးခဲ့သည့် ဆုလာဒ်ဖြစ်သွားသည်။အဲလစ်၏ အထောက်အထားကြောင့် မည်သူမှ သံသယမဖြစ်ကြပေ။

ဝီဝီ ပဟေဠိသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။၎င်း၏ အထောက်အထားသည်လည်း ပြောင်းလဲသွားပြီး ရှေးအဂ္ဂိရတ် မဟာဆရာသခင် ပေးခဲ့သည့် အံ့ဖွယ်စုဆောင်းမှုတစ်ခု ဖြစ်သွားသည်။စုစုပေါင်း နှစ်ခုသာရှိပြီး မိုးထိမြင့်မားသည့် ဈေးနှုန်းကပ်ထားသည်။အဓိကအားဖြင့် ကြော်ကြားရန် အတွက်သာ ဖြစ်သည်။ပစ္စည်းတန်ဖိုး ပိုမြင့်လေလေ မှော်အကာအကွယ် ပိုအစွမ်းထက်လေလေ ဖြစ်သည်။

အမှောင်လနယ်မြေသည် မူလက နာမည်ကြီးပြီး ယောက်ယက်ခတ်လှုပ်ရှားနေသည့် နေရာတစ်ခုဖြစ်သည်။ထို့ကြောင့် စီးပွားရေးအင်အား တောင့်တင်းသည့် မိသားစုများ မရှားလှပေ။သို့သော်လည်း ယခင်နှစ်များမှ တဖြည်းဖြည်း ချို့တဲ့လာမှုကြောင့် မိသားစုများသည် အခြားနေရာများကိုသာ အာရုံစိုက်ကြတော့သည်။သို့သော်လည်း နှစ်ရှည်လများ စုဆောင်းခဲ့သည့် အခြေခံအုတ်မြစ်တော့ ရှိနေသေးသည်။ထို့ကြောင့် ငွေအင်အား မရှားလှပေ။အဓိကသော့ချက်မှာ အသုံးပြုရန်အတွက် ထုတ်ကုန်များနှင့် နေရာများ ရှားပါးနေခြင်းပင် ဖြစ်သည်။

အဲလစ်နှင့်ခီရာတို့သည် ဆိုင်အကူမဟာနတ်ဆိုးမ၃ယောက်နှင့်အတူ ဒုတိယထပ်၌ ရှိနေသည်။အဲလစ်သည် စီးပွားရေးပိုင်ရှင် တစ်ယောက်ကဲ့သို့ပင် တက်တက်ကြွကြွနှင့် ထိုင်နေ၏။အဲလစ်သည် မင်းသမီးဖြစ်သည့်အတွက် စကားများများ ပြောရန်မလိုပေ။ရံဖန်ရံခါ ဈေးဝယ်သူတစ်ယောက်အား တစ်ခုခုပြောလိုက်လျှင်ပင် သက်ရောက်မှု ကောင်းကောင်းတစ်ခု ပေးစွမ်းနိုင်လေသည်။

စောင်းတန်းရှိ ခီရာသည် ချန်လွေ့ကို အရင်ဆုံး သတိထားမိသွားသည်။ခီရာ၏ မျက်လုံးများသည် ထူးဆန်းသည့်အကြည့် ဖြတ်ခနဲဖြစ်သွားပြီး အနည်းငယ် ရင်းနှီးပုံမပေါ်ပေ။ခဏလေးသာဖြစ်သော်လည်း ထိုအကြည့်ကို ချန်လွေ့ ဖမ်းယူနိုင်ခဲ့သည်။ချန်လွေ့၏ စိတ်ထဲ၌ တစ်မျိုးတစ်မည် ခံစားလိုက်ရသည်။

ဒီမာယာရှင်ကို ငါရန်မစမိပါဘူး။

ခီရာ၏မျက်လုံးများသည် ချက်ချင်းပင် ညှို့ငင်သည့်ပုံစံသို့ ပြန်ရောက်သွားပြီး ချန်လွေ့အနားကပ်ကာ တီးတိုးပြောလိုက်သည်။

“ ဆာ အတွင်းရေးမှူး။ရှင် ရောက်လာပြီပဲ။ ”

ချန်လွေ့နားထဲရှိ ကျေနပ်စရာအသံနှင့် နှာခေါင်းထဲဝင်လာသည့် ထူးဆန်းသော ရနံ့သည် ချက်ချင်းပင် တက်စတိုစတီရုန်း ဟော်မုန်းကို အရှိန်မြင့်သွားစေသည်။ချန်လွေ့၏ ရာဂသည် မြင့်တက်လာပြီး လူယုံအလယ်၌ အရှက်ကွဲလုမတတ် ဖြစ်သွားသည်။

ပြိုင်ကွင်းရှိ ကဝေမ၏ ညှို့ငင် ပါရမီကို တွေးမိလိုက်ပြီး ခီရာသည် တမင်တကာ ဖြားယောင်းနေသည်ကို ချန်လွေ့ ချက်ချင်း သဘောပေါက်သွားသည်။သို့သော်လည်း ၎င်းသည် ပြိုင်ကွင်းရှိ ကဝေမထက် အ‌ဆပေါင်းများစွာ အစွမ်းတက်လေသည်။လက်ရှိအစွမ်းဖြင့်ပင် ချန်လွေ့ မခုခံနိုင်ပေ။ထို့ကြောင့် သူ၏စိတ်ကို အလျင်အမြန် စုစည်းလိုက်သည်။ချန်လွေ့ စကားမပြောခင်မှာပင် လိုလီလေး၏ အံ့အားသင့်နေသောအသံကို ကြားလိုက်ရသည်။

“ ချန်လွေ့ ”

“ နင့်ကိစ္စတွေ ပြီးသွားပြီလား။ ”

အဲလစ် ခုန်ဆွခုန်ဆွ လုပ်လိုက်သည်။

“ နင် ဒီနေ့ စတိုးဆိုင်ကို လာကူညီတာလား။ ”

ဒီလိုလီလေးကတော့ တွေ့တွေ့ချင်းပဲ ငါ့ကို ကူလီလုပ်ခိုင်းချင်တာပဲ။ ချန်လွေ့ ခေါင်းမြန်မြန် ခါလိုက်သည်။

“ မပြီးသေးဘူး။အရင်နေ့တွေတုန်းက ငါအရမ်း အလုပ်ရှုပ်နေတာ။ဒီနေ့ ခဏနားရလို့။ ဒါပေမဲ့ ညကျရင် အလုပ်များမှာ။လဝက်လောက် ငါအားမှာ မဟုတ်ဘူး။ ”

“ အဲ့လိုလား.... ”

လိုလီလေး စိတ်ပျက်သွားသည်။အဲလစ်၌ ပြောစရာ အများအပြား ရှိနေဟန်တူသည်။လိုလီလေးသည် သူ့ကိုကြည့်နေသည့် ဈေးဝယ်သူများကို မျက်လုံး ကလယ်ကလယ်လုပ်ကာ ကြည့်လိုက်သည်။

“ နဂါးကျောက်စိမ်းသီးက ရောင်းကုန်လုနီးပါးပဲ။အဲ့ဒီအသီးသွားခူးဖို့ ရေကန်ပြာဆီကို နင့်ကို အခုပဲငါ့နဲ့လိုက်ခဲ့ဖို့ အမိန့်ပေးတယ်။ ”

ချန်လွေ့သည် ညှို့ငင်မှုကို အချိန်အရွေး ထုတ်နိုင်သည့် အန္တရာယ်မာယာရှင်ကို တွေးမိသွားပြီး ဤနေရာ၌ ဆက်နေလျှင် ပိုဆိုးသွားမည်ဖြစ်ကြောင်း သိသည့်အတွက် ကတိပေးလိုက်သည်။အဲလစ်လည်း ပျော်ပျော်ရွှင်ရွှင် ပြောလိုက်သည်။

“ ဒါဖြင့် အခုပဲ သွားကြမယ်။ ”

“ ငါတို့နှစ်ယောက်တည်းလား။ ”

ချန်လွေ့ ကြက်သေသေသွားသည်။

“ အင်းလေ။အသီနာက အမြင့်ဆင့်နတ်ဆိုးရဲ့ နတ်ဆိုးမီးတောက်ကို လေ့ကျင့်နေတာ။ ဒီဆိုင်ကိုလည်း ခီရာ မရှိဘဲ လည်ပတ်လို့မရဘူး။ ”

အဲလစ် ထူးထူးဆန်းဆန်း ပြောလိုက်သည်။

“ နင့်ကို.....ငါ အရှင်လတ်လတ် ဝါးစားမှာကို ကြောက်နေတာလား။ ”

“ ဒါဆိုလည်း အခုပဲ သွားတာပေါ့။ ”

ချန်လွေ့သည် ဈေးဝယ်သူအများကြီးရှေ့၌ ထိတ်လန့်စရာတစ်ခုခုကို လိုလီလေးပြောမည်ကို ကြောက်သည့်အတွက် အလျင်အမြန် ထွက်သွားလိာက်သည်။

သူတို့နှစ်ယောက်သည် ချို၃ချောင်းကြံ့များကို စီးပြီး မြို့ဂိတ်မှ ထွက်လာကြသည်။အဲလစ်သည် စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တော့ပေ။သူ၏ပါးစပ်မှ စကားများ ပေါက်ပေါက်ဖောက်သလို ထွက်လာတော့သည်။

မင်းသမီးလက်လီစတိုး၏ ကြမ်းကျယ်လှသည့် ဖဲကြိုးဖြတ်အခမ်းအနားကို ရှီရာကိုယ်တိုင် တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး စီးပွားရေးလည်း ချက်ချင်း ပိုကောင်းလာသည်။ပထမတွင် အထောက်အပံ့ပေးရန် အဓိက ရည်ရွယ်ချက်ဖြင့် အထက်တန်းလွှာများ ရောက်လာခြင်းဖြစ်သော်လည်း တဖြည်းဖြည်းနှင့် စစ်တုရင်နှစ်မျိုးကို နတ်ဆိုးများ အမှန်တကယ် သဘောကျလာကြသည်။အထူးသဖြင့် နတ်ဆိုးတိုက်ပွဲ စစ်တုရင်ကို ဖြစ်သည်။ဈေးဝယ်သူများလည်း ဖြည်းဖြည်းချင်း တိုးပွားလာပြီး သာမန်အတန်းစားများလည်း ပါဝင်လာကြသည်။မင်းသမီးလက်လီစတိုး အမှန်တံဆိပ်ကိုလည်း အောင်အောင်မြင်မြင် သတ်မှတ်နိုင်ခဲ့လေပြီ။အထူးသဖြင့် စစ်တုရင်နှစ်မျိုး၏ ကန့်သတ်ထုတ်ဝေမှုသည် အလျင်အမြန် ကုန်သွားသည်။နေ့စဉ်ဝင်လာသည့် မှော်သလင်းကျောက် ဒင်္ဂါးများကိုကြည့်ရင်း လိုလီလေးသည်း ပါးစပ် နားရွက်ချိတ်အောင် ‌ပြုံးနေခဲ့လေသည်။

“ ငါ့မှာ သတင်းကောင်းရှိတယ်။ဝီဝီ ပဟေဠိ နှစ်ခုထဲက တစ်ခုကို မယ်လွန်မိသားစု အကြီးအကဲဆီ ရောင်းလိုက်ပြီ။ ”

ချန်လွေ့ မျက်လုံးပြူးသွားသည်။ဝီဝီ ပဟေဠိသည် မိုးမိမြင့်သည့် ဈေးနှုန်းကပ်ထားသော်လည်း အမှန်တကယ် တစ်ခု ရောင်းထွက်ခဲ့လေပြီ။

ပြီးတော့ အဲ့ဒါက မယ်လွန်မိသားစုက ဝယ်လိုက်တာ။သူတို့က ဂျိုးဆက်ပ်အဖွဲ့ကို ထောက်ခံတာမလား။ဘာလို့ ငါတို့ကို ဒီလောက် အများကြီး ထောက်ပံ့ပေးရတာလဲ။

မယ်လွန်မိသားစုသည် ယန္တရား မိသားစုဖြစ်ကြောင်းကို အဲလစ်ရှင်းပြပြီးနောက်၌ ချန်လွေ့ သဘောပေါက်သွားသည်။အကြီးအကဲကိုယ်တိုင်ကပင် ယန္တရားပညာရှင် ဖြစ်သည်။သို့သော်လည်း မိသားစုဝင် အများစုသည် အမှောင်လမြို့ အပြင်ဘက်၌ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေကြသည်။နာမည်အကြီးဆုံးမှာ ယန္တရားဆရာသခင်ဘွဲ့ကို ရရှိခဲ့သည့် ကာလ်မယ်လွန် ဖြစ်ပြီး လက်ရှိတွင် လိပ်ပြာနီနယ်မြေ အရှင်သခင် ဂျို့ရှ်အယ်ဗင် လက်အောက်၌ အလုပ်လုပ်နေသည်။၎င်းသည် ဂျိုးဆက်ပ်လက်ထဲသို့ မယ်လွန်မိသားစု ရောက်ရှိသွားသည့် အဓိက အကြောင်းရင်းထဲမှ တစ်ခုဖြစ်သည်။

“ ဝီဝီ ပဟေဠိက သလင်းကျောက်နက် ဒင်္ဂါး ၅၀၀၀၀ နဲ့ ရောင်းထွက်ခဲ့တာ။ ”

ထိုကိစ္စနှင့် ပတ်သက်သည့်အခါ လိုလီလေး၏ တောက်ပသွားပြီး မျက်လုံးထဲ၌ ဒေါ်လာသင်္ကေတများ ဖြစ်သွားဟန် တူသည်။

“ မင်းသမီးစစ်တုရင် နဲ့ နတ်ဆိုးတိုက်ပွဲစစ်တုရင်တွေရဲ့ ကန့်သတ်ထုတ်လုပ်မှုတွေ ပိုလုပ်ရအောင်။ဒီတွေကို ပိုက်ဆံအများကြီးနဲ့ ရောင်းလို့ရတယ်။ ”

“ မဖြစ်ဘူး။ ”

ချန်လွေ့၏ စကားများသည် လိုလီလေး၏ အတွေးများကို နှောင့်ယှက်လိုက်သည်။

“ ဝီဝီ ပဟေဠိက ဘာလို့ဒီလောက် ဈေးအမြင့်ကြီးနဲ့ ရောင်းထွက်သွားတာလဲ။မင်းသမီးစစ်တုရင် နဲ့ နတ်ဆိုးတိုက်ပွဲစစ်တုရင်တွေက ဘာလို့ခဏလေးနဲ့ ကုန်သွားရတာလဲ။ဒါကို ရှားပါးမှု ‌ဈေးနှုန်းလို့ခေါ်တယ်။ဝီဝီ ပဟေဠိ အပြင်ကို သာမန်အမျိုးအစားနဲ့ အကောင်းစား ဂိမ်းတွေလည်း တူတူပဲ။လက်ရာ နဲ့ ပစ္စည်း ကွာခြားတာ၊မင်းရဲ့ လက်မှတ်ပါတာ ကြောင့်ရယ်သာ ဈေးနှုန်းကို အဆအဆ ပြောင်းသွားတာ။အရေအတွက် များလာရင် ရှားပါးမှုတန်ဖိုးလည်း ပျောက်သွားမယ်။ဈေးနှုန်းလည်း ကျသွားမှာ အသေအချာပဲ။မင်း သဘောပေါက်လား။ ”

အဲလစ်သည် အလွန်ပါးနပ်သည့်အတွက် ချက်ချင်း သဘောပေါက်သွားသည်။လိုလီလေးသည် ရုတ်တရက် သဘောပေါက်သွားပုံရပြီး မျက်လုံးထဲရှိ ဒေါ်လာသင်္ကေတများသည် လေးစားအားကျသည့် ကြယ်ပွင့်များ ဖြစ်သွားကြသည်။

“ အိုး။ဒီလိုကိုး။လူသားအစ်ကိုက အမြဲတမ်း ညစ်တာပဲ။အစ်ကိုပြောတာ ငါ.....အမြဲတမ်း နားထောင်မှာပါ။ ”

“ ငါရမယ့်ပိုက်ဆံကို မင်းဘယ်တော့ ပေးမှာလဲ။ ”

လိုလီလေး၏ အနှိုင်းမဲ့တိုက်ကွက်ကို ချန်လွေ့ မဖြုံတော့ပေ။ချန်လွေ့သည် “ အစ်ကို ” ဟူသော စကားလုံး၏ သေစေနိုင်မှုကို တည့်တည့်ပင် လျစ်လျူရှုလိုက်သည်။

“ ပိုက်ဆံအကြောင်းပြောတာက ခံစားချက်တွေကို ထိခိုက်စေတာပဲ။ ”

လိုလီလေး၏ လှပတော့ မျက်လုံးများသည် အဆက်မပြတ် အရောင်လက်နေလေသည်။

“ ငါ့ရင်ထဲက အစ်ကိုက ဝါကြွားတဲ့သူ မဟုတ်ပါဘူး။ ”

ပြဿနာက ခံစားချက်အကြောင်းကို မင်းနဲ့ ပြောရတာကငါ့ပိုက်ဆံအိတ်ကို နာကျင်စေတာပဲ.......။

ချန်လွေ့သည် ရှီရာကဲ့သို့ အထုံမရှိပေ။ထို့ကြောင့် ထိုကဲ့သို့ အကြည့်မျိုး၏ လွှမ်းမိုးမှုကို ခံလိုက်ရသည်။လိုလီလေးသည် ချန်လွေ့ကို ဆက်ပြီး မနောက်တော့ဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ ပိုက်ဆံကို အစ်မ ယူသွားပြီ။နင်လိုချင်ရင် အစ်မဆီသွားလိုက်။ပြီးတော့လည်း နောက်နှစ်လနေရင် နင့်ကို ခီရာချီးမြှင့်မယ်လို့.....အစ်မပြောတယ်။ ”

ယခင်က ရှီရာ၏ကတိသည် အမှန်တကယ် ဖြစ်လာခဲ့ပြီး အဲလစ်ကိုပင် ပြောလိုက်လေသည်။

“ ငါ ခီရာကို ပြောပြီးပြီ။ဒါပေမဲ့သူက သဘောကျတဲ့ပုံ မပေါ်ဘူး။ ”

ခီရာနှင့်တွေ့စဉ်က စိမ်းကားသည့် အကြည့်နှင့် ညို့ငင်ပါရမီကို တမင်တကာသုံးခဲ့သည်ကို သတိရလိုက်ပြီး ချန်လွေ့ သဘောပေါက်သွားသည်။

“ ခီရာက တကယ့်ကို တုံးတာပဲ။ရှင့်ရဲ့ အစေခံဖြစ်ရတာက ဘာမကောင်းလို့လဲ။ ”

လိုလီလေး စိတ်ပျက်သွားပုံရသည်။သူ စကားပြောကာ လက်ချိုးရေလိုက်သည်။

“ ရှင်ချက်ပြုတ်တာကို သူနေ့တိုင်း စားလို့ရမယ်။သူပျင်းရင် ရှင့်ကို ပုံပြင်ပြောပြခိုင်းလို့ရတယ်။ပျော်စရာတစ်ခုခု လုပ်ခိုင်းလို့ရတယ်။သူ့မှာ ပိုက်ဆံမရှိရင်လည်း ရှင့်ကိုပေးခိုင်းလို့ရတယ်..... ”

ချန်လွေ့ ဆွံ့အသွားသည်။

ဒါက ဘယ်လိုလုပ် အစေခံဖြစ်ရမှာလဲ။ဒါက သခင်ထက်ပိုပြီး သခင်နဲ့တူတယ်။

လိုလီလေး စကားပြောနေစဉ် ချစ်စရာ မျက်နှာပုံစံ လုပ်လိုက်ပြန်သည်။

“ အစ်ကို။ငါ အစ်ကို့ရဲ့ အစေခံလုပ်မယ် ဆိုရင်ကော။ ”

“ မင်းသမီးလေး။နောက်မနေပါနဲ့တော့။ငါမင်းကို တကယ်ကြောက်တာပါ။ဟုတ်ပြီလား။မြန်မြန်သွားရအောင်။ ”

ချန်လွေ့ ထိတ်လန့်သွားပြီး ချို၃ချောင်းကြံ့ကို မြန်မြန်ပြေးစေချင်စိတ် ဖြစ်သွားသည်။လိုလီလေးလည်း တစ်ခုခု သဘောပေါက်သွားပြီး ချန်လွေ့နောက် လိုက်တော့သည်။

All Chapters