← Chapters

တန်ပြန်တိုက်ခိုက်မှု။လိုလီလေးရဲ့ အလစ်တိုက်ခိုက်ခြင်း

Vol. 4 Ch. 58

တန်ပြန်တိုက်ခိုက်မှု။လိုလီလေးရဲ့ အလစ်တိုက်ခိုက်ခြင်း

Vol. 4 Ch. 58

ချန်လွေ့သည် ရဟတ်ယာဉ်ကဲ့သို့ ဝိုင်ဗန်များကို အသားကျနေပြီဖြစ်၍ ဘတ်စ်ကားကဲ့သို့ ချို၃ချောင်းကြံ့ စီးရသည်ကို မသက်မသာ ခံစားနေရသည်။တစ်နာရီကြာပြီးနောက်တွင် အပြေးသွားနေသည့် ချို၃ချောင်းကြံ့တို့သည် ခရီးပန်းတိုင်ကို ရောက်သွားကြတော့သည်။

ကျောက်စိမ်းနဂါးမောက်သီး ပေါက်သောနေရာသည် ဂါ့ဂ်လီအိုနေသည့်နေရာနှင့် မဝေးလှပေ။အဆိပ်နဂါး လာနှုတ်ဆက်မည် သို့မဟုတ် သဲလွန်စ တစ်ခုခုကို အဲလစ်ရှာတွေ့သွားမည်ကို ချန်လွေ့ စိုးရိမ်နေသည်။ထို့ကြောင့် ချန်လွေ့သည် တမင်တကာ အသံကျယ်ကျယ်ပြောလိုက်သည်။

“ မင်းသမီးလေး။ငါတို့ရောက်ပြီ။ကျောက်စိမ်းနဂါးမောက်သီးက ဟိုတောင်ကုန်းမှာမဟုတ်လား။ ”

“ ဘာလို့နင် အကျယ်ကြီး ပြောနေတာလဲ။ ”

အဲလစ်သည် ချို၃ချောင်းကြံ့ပေါ်မှ မကျေမနပ်ဖြင့် ခုန်ချလိုက်သည်။

“ နင်ဒီမှာ တစ်ခုခု ဝှက်ထားတာလား။ငါ ရှာတွေ့သွားမှာကို စိုးရိမ်နေတာလား။ ”

သူပြောတာ မှန်နေတာပဲ။

ချန်လွေ့ ချွေးပျံလာသည်။အဲလစ်၏ ဆင်ခြင်တွက်ဆသည့် အစွမ်းများ ပြသလာပြန်သည်။၎င်းသည် အမှန်တကယ်ပင် အစွမ်းထက်နေဆဲပင် ဖြစ်သည်။

ကံကောင်းစွာပင် အဲလစ် ဆက်ပြီး မတွက်ဆတော့ဘဲ စိတ်ဝင်တစားဖြင့် အကြံပြုလိုက်သည်။

“ ငါတို့ အကင်လုပ်စား ကြဦးမယ်လေ။အရင်တစ်ခေါက် ရေကန်ပြာဆီ လာတုန်းက လိုမျိုးပေါ့။ ”

ချန်လွေ့သည် ပျော်ပွဲစားထွက်ရန် စိတ်မပါပေ။ထို့ကြောင့် ခေါင်းခါပြီး ပြောလိုက်သည်။

“ နောက်တစ်ခေါက်မှပေါ့။အခုတော့ ကျောက်စိမ်းနဂါးမောက်သီးတွေ ခူးပြီးရင် ပြန်ကြမယ်။ ”

“ ဒီအတောအတွင်းမှာ ငါ တော်တော် ပင်ပန်းနေတာ။အပြင်ထွက်ဖြစ်တာ ရှားတယ်။ ”

အဲလစ် နှုတ်ခမ်းစူပြီး ပြောလိုက်သည်။

“ ငါနဲ့ နှစ်ယောက်တည်း ရှိရတာကို နင်တကယ်ပဲ မုန်းတာလား။ဆေးပင်တွေခူးဖို့ နင်ဒီကို အသီနာနဲ့ သုံးလေးခေါက်လောက် လာခဲ့တာမလား။ ”

စကားပြောနေရင်း လိုလီလေးသည် တစ်ခုခု စဉ်းစားမိသွားပုံရပြီး သံသယ ဖြစ်သွားသည်။

“ နင်နဲ့အသီနာက ငါ မသိအောင် တစ်ခုခုဝှက်ထားတာလား။နင့်အကြောင်းပြောတိုင်း သူရဲ့မျက်နှာက ဘာလို့ထူးဆန်း နေရတာလဲ။ ”

“ အဲ့လိုမျိုး မရှိပါဘူး။ ”

အဆိပ်ခတ်ခံရသည့် အဖြစ်အပျက်ကို အသီနာ အစိုးရိမ်ဆုံးဖြစ်ကြောင်း ချန်လွေ့သိသည်။ ထို့ကြောင့် အမြင်စူးရှသည့် လိုလီလေးသည် တစ်ခုခုလွဲနေကြောင်း သတိထားမိသွားဟန် တူသည်။

“ မဟုတ်ဘူး။တစ်ခုခု လွဲနေတယ်။ ”

အဲလစ်သည် ချန်လွေ့ကို သံသယဖြင့် ကြည့်လိုက်သည်။

“ နင်တို့နှစ်ယောက် တစ်ခုခုလွဲနေတယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်။ငါသူ့ကို သိခဲ့တဲ့နှစ်‌တွေထက် အခုပိုပြီး ရှက်လာတယ်။နင် အသီနာရဲ့ ဟိုဟာ.....ကို လိမ်ညာယူခဲ့လား။ ”

ဟိုဟာကဘာလဲ။ဒါက အပျိုရည်နဲ့ သက်ဆိုင်တာနော်။

ချန်လွေ့ အလျင်အမြန် ခေါင်းခါလိုက်သည်။

“ ငါကဘယ်လိုလုပ် အဲ့ဒါကိုလုပ်ရဲမှာလဲ။မင်း အတွေးလွန်နေပြီ။ဒါနဲ့မင်းမှာ [ စိတ်ဖတ် ] အစွမ်းရှိတယ်မလား။မင်းစမ်းကြည့်ကြည့်လေ။ငါတကယ် ဘာမှ မလုပ်ခဲ့ပါဘူး။ ”

“ အဲ့ဒီ [ စိတ်ဖတ် ] အစွမ်းက အတာဆိုတာကို ဟိုးအရင်ကတည်းက နင်သိနေခဲ့တာပဲ။ ”

လိုလီလေးသည် မြေခွေးမလေးတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။

“ စဉ်းစားကြည့်ရအောင်။နင် အဲ့ဒါကို အသီနာဆီကနေ သိခဲ့တာလား။ ”

အဲလစ်၏ အမူအရာကိုကြည့်ရင်း ချန်လွေ့သည် ရှင်းမပြတတ်အောင် ကြောက်ရွံ့လာသည်။

“ အရင်တစ်ခေါက် ငါ့မှာ [ စိတ်ဖတ် ] အစွမ်းရှိတယ်လို့ ပြောတုန်းက နင်ကြောက်တဲ့ ပုံပေါ်နေတာကို ငါမှတ်မိတယ်။ ”

အဲလစ် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်စဉ်းစားနေပုံရသည်။

“ အဲ့ဒါက မဟာဆရာသခင်ရဲ့ အမွေအနှစ်အကြောင်း ဖြစ်မယ်။မဟုတ်မှလွဲရော.... အမွေအနှစ်က တစ်ခုခုလွဲနေတာလား။နင်က တကယ့်ကို ပုံပြောကောင်းတယ်။ ဧကန္တ....အမွေအနှစ်တွေ၊ကမ္ဘာဦးခေတ်တွေက အစ်ကိုဖန်တီးထားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေပဲလား။ ”

တစ်စုံတစ်ယောက်သည် ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။

ဒါက တကယ့်ကို စူးရှတာပဲ။တကယ့်ကို အံ့အားသင့်စရာ အကဲခတ်မှုပဲ။

၎င်းသည် ချန်လွေ့၏ အကြီးမားဆုံး လျို့ဝှက်ချက် ဖြစ်သည့်အတွက် ဖွင့်ထုတ်၍ မဖြစ်နိုင်ပေ။

“ မင်းသမီးလေး။မင်းတကယ် အထင်လွဲနေပြီ။မဟာဆရာသခင်ရဲ့ အမွေအနှစ်မရှိရင် ဒီလိုကိစ္စတွေ အများကြီးကို ငါဘယ်လို လုပ်နိုင်မှာလဲ။ငါ့မှာ အဆိပ်ခံနိုင်တဲ့ စွမ်းရည်နဲ့ သားရဲထိန်းကျောင်းတဲ့ စွမ်းရည် ရှိတယ်လေ။ ”

“ အဲ့ဒါက နင့်မှာ နဂိုကတည်းက ရှိတဲ့ စွမ်းရည် ဖြစ်မှာပေါ့။ဒါမှမဟုတ် နတ်ဆိုးဘုံကို ရောက်လာပြီးမှ ရတဲ့ စွမ်းရည်ပေါ့။ဒါပေ‌မဲ့ နင်က အဲ့ဒါတွေကို တမင်ဖုံးကွယ်ထားတာ၊ ဒါမှမဟုတ် အချိန်တစ်ခုကို‌ စောင့်နေတာ ဖြစ်မှာပေ့ါ။နင်က အခုထက် ပိုစွမ်းတယ်လို့ ငါထင်တယ်။အသီနာထက်တောင် ပိုပြီး စွမ်းရင် စွမ်းနိုင်တယ်။ ”

အဲလစ် မျက်မှောင်ကြုတ်လိုက်ပြီး စီအိုင်အေ အရာရှိ တစ်ယောက်လိုမျိုးပင် ချန်လွေ့ကို စစ်ဆေးကြည့်ရှုနေလိုက်သည်။

ယခုအချိန်၌ ချန်လွေ့သည် အမှန်တကယ်ဇောချွေးများ ပြန်နေလေပြီ။

လိုလီလေးက တစ်နည်းနည်းနဲ့ ငါ့ကိုစောင့်ကြည့်နေတာလား။ဒါမှမဟုတ် ဟုန်းမ်စ်....... ဝင်စားတာလား။

ဆင်ခြင်တွက်ဆခြင်းနှင့် အကဲခတ်ခြင်း အစွမ်းတို့သည် လူစီဖာ မိသားစု၏ အစွမ်းအထက်ဆုံး လျို့ဝှက်ပါရမီ ဖြစ်ဟန်တူသည်။၎င်းနှင့်ပတ်သက်လျှင် လိုလီလေးသည် လှပသော နားလည်မှုလွဲခြင်းမျိုး ဖြစ်ထားသည့် အစ်မဖြစ်သူထက် ဆယ်ဆ ပို၍အစွမ်းထက်သည်။

“ အဲ့ဒါကြောင့် ငါ့ကို ပြောပြ။ ”

အဲလစ် ရုတ်တရက် အသံစူးစူးနှင့် အော်လိုက်ရာ ချန်လွေ့ ထိတ်လန့်သွားသည်။

“ အဲ့ဒီတုန်းက ရှင်ကျွန်မ အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိခဲ့လား။ ”

လက်စသတ်တော့ ရမ်းသမ်းပြီး မှန်းတာပဲကိုး။ခြောက်လုံး လှန့်လုံးပဲ။

ချန်လွေ့ ချွေးသုတ်လိုက်သည်။အကြီးမားဆုံး လျို့ဝှက်ချက်ကို အဲလစ် သံသယ ပြောင်းသွားစေရန်အတွက် ချန်လွေ့သည် အဲလစ် စကားကိုလိုက်၍ ပြောလိုက်သည်။

“ ဒီလိုဖြစ်လာမှာတော့ အမှန်အတိုင်း ပြောရတာပေါ့။မင်းသမီးလေးကို ကျုပ် တကယ်....သဘောကျတာ နည်းနည်းရှိတယ်။မင်းသမီး‌လေးကိုမြင်တိုင်း လူသားလောကက ကျွန်တော့်ညီမလေးကို သတိရတယ်။အဲ့ဒီတုန်းက ကျွန်တော့်အသက် မင်းသမီးလေး လက်ထဲမှာဆိုတော့ အပြစ်တင်ခံရမှာကြောက်တာနဲ့ မပြောရဲတာပါ။ ”

“ တကယ် သဘောကျတာပဲ.... ”

အဲလစ် မျက်လုံးပြူးသွားပြီး ချန်လွေ့ကို တအံ့တဩနှင့် ကြည့်လိုက်သည်။အဲလစ်၏ ခရမ်းရောက်မျက်လုံးသည် ခဏတာ ထူးထူးဆန်းဆန်း အရောင်တောက်သွားပြီး တဖြည်းဖြည်း မှိန်သွားကာ ခေါင်းငုံ့လိုက်သည်။

“ ဒါဆို ဒီတစ်လျှောက်လုံးမှာ ငါက နင့်ရင်ထဲက ညီမလေး တစ်ယောက်ပဲပေါ့။ ”

လိုလီလေးသည် ခေါင်းငုံ့ကာ ခန္ဓာကိုယ် အနည်းငယ် တုန်လှုပ်နေပြီး ငိုနေဟန်တူသည်။အဲလစ် ရုတ်တရက် ခေါင်းမော့လိုက်သည်။သို့သော်လည်း အဲလစ်၏မျက်လုံးများထဲ၌ မျက်ရည်တစ်စက်မျှ မရှိပေ။အဲလစ်သည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူသည်။

“ နောက်ပြီးတော့ကာ.....ကျွန်မ မမှတ်မိတော့ဘူး။နေဦး။ကျွန်မ ကိုးကားဖို့ ကြည့်လိုက်ဦးမယ်။ ”

ပြောရင်းဆိုရင်း အဲလစ်သည် သိုလှောင်လက်ကောက်ထဲမှ စာအုပ်တချို့ ထုတ်လိုက်ပြီး တစ်အုပ်ကို အမှန်တကယ် စဖတ်နေတော့သည်။ကြက်သေသေ လုနီးပဖြစ်သွားသည် ချန်လွေ့လည်း ခါးကိုင်းလိုက်ရာ ထို“ကိုးကားစာအုပ်များ”၏ အဖုံးကို မြင်လိုက်ရသည်။

“ လိုလီကွန် တစ်ယောက်ရဲ့ ဝန်ခံချက်များ ”

“ တားမြစ်ချက် နှင့် သွေးရင်းစပ်ယှက်မှုကြားမှ မောင်နှစ်မ ”

“ အစ်ကို။ဒီလိုလုပ်လို့ မဖြစ်ဘူး ”

……

ထိုစာအုပ်သုံးအုပ်၏ နာမည်ကိုဖတ်ပြီး ချန်လွေ့ ဇောချွေးများ ထိမ်းမရ သိမ်းမရ ထွက်လာသည်။ လက်စသတ်တော့ မင်းသမီးလက်လီစတိုးဆီက ညစ်ညမ်းစာအုပ်တွေကို ဖျက်ဆီးလိုက်တာ မဟုတ်ဘဲနဲ့ လိုလီလေးက တိတ်တိတ်လေး ဝှက်ထားတာကိုး။

“ အဲလစ် ”

ချန်လွေ့သည် အဲလစ်လက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်သည်။

“ ဒီလိုစာအုပ်မျိုး မဖတ်နဲ့။ဒါကို တော်ဝင်မင်းသမီးဆီ ပေးလိုက်မယ်။ ”

“ နင် လုပ်ရဲလား။ ”

အဲလစ်သည် “ မှော်ပညာ။စိုက်ကြည့်တဲ့သူတိုင်း ကိုယ်ဝန်ရ ” စာအုပ်ကို ကိုင်ထားရင်း မျက်စောင်းထိုးလိုက်သည်။ချန်လွေ့ တစ်ကိုယ်လုံး ချက်ချင်း ကျောက်ရုပ်ဖြစ်သွားပြီး ချန်လွေ့ယူထားသောစာအုပ်ကို အဲလစ် ပြန်ယူလိုက်သည်။

အဲလစ်သည် ကျွမ်းကျင်စွာဖြင့် စာအုပ်အားလုံးကို သိုလှောင်လက်ကောက်ထဲ ထည့်သိမ်းထားလိုက်သည်။

“ ဟမ့်။နင်ငါ့ကို သွားတိုင်ရဲရင် ငါ့ကိုနင် မကောင်းကြံတဲ့အကြောင်း အစ်မကို ပြောလိုက်မယ်။ ”

ချန်လွေ့ တစ်ကိုယ်လုံး ချွေးများရွှဲသွားသည်။ ရှီရာနဲ့ လှပတဲ့ နားလည်မှုလွဲတာတောင် မပြေလည်သေးဘူး။အဲလစ် ဒီလိုလုပ်လိုက်ရင် ညီမချစ် နဲ့ ကလေးချစ်(လိုလီကွန်) တို့ တိုက်မိမှာပဲ။ဒီတိုက်ခိုက်မှုဖြစ်လာတဲ့ ပေါက်ကွဲမှုက ငါ့လို အပြစ်မဲ့တဲ့သူက ပြာဖြစ်သွားမှာ စိုးရတယ်။

“ မင်းသမီး အဲလစ်။မင်းငါ့ကို ဒီလို ချောက်ချလို့မရဘူး။ ”

ချန်လွေ့ အရှုံးပေးရတော့သည်။

“ ငါမင်းကို တကယ်ကြောက်ပါပြီ။တော်ဝင်မင်းသမီးကို သွားမတိုင်ဘူးလို့ ကတိပေးပါတယ်။အခုပဲ ပျော်ပွဲစား လုပ်ကြတာပေါ။ဟုတ်ပြီလား။ ”

“ ခုနကတည်းက ဒီလိုပြောရင် ပြီးနေပြီကို။ ”

လိုလီလေးသည် ချစ်စရာကောင်းအောင် ပြုံးလိုက်ပြီး ရုတ်တရက် မျက်နှာ အနီရောင် ပြောင်းသွားသည်။

“ ပြီးတော့ ငါ့ကို မင်းသမီးလေးလို့ မခေါ်နဲ့တော့။ငါ့ရဲ့ နာမည်ကိုပဲခေါ်တာ ပိုကြိုက်တယ်။ ”

ဒါက ခုနက ညစ်ညမ်းစာအုပ်တွေထဲက စာသားလား။ လက်ရှိလိုလီကို ချန်လွေ့ မယှဉ်နိုင်သည့်အတွက် ခေါင်းညိတ်လိုက်ရသည်။

ချန်လွေ့ သဘောတူကြောင်း တွေ့လိုက်ရာ အဲလစ်သည် ပျော်ရွှင်စွာ ထခုန်လိုက်သည်။

“ အစ်ကို။ကျောက်စိမ်းနဂါးမောက်သီးတွေ သွားခူးလိုက်။ငါဒီမှာ ပျော်ပွဲစားလုပ်ဖို့ ပြင်ထားလိုက်မယ်။ ”

လိုလီလေးပြောလိုက်သည့် “ အစ်ကို ” ဟူသော စကားလုံးသည် ပို၍ချောမွေ့လာပြီး ဟန်ဆောင်ပြောသည်နှင့် လုံးဝမတူပေ။ ကြည့်ရတာ လိုလီလေးရဲ့ သရုပ်ဆောင်က ပိုကောင်းလာတဲ့ပုံပဲ။ အဲလစ် တော်သည်ကို ချန်လွေ့ ဝန်ခံရလေသည်။

ကျောက်စိမ်းနဂါးမောက်သီးသည် မျက်နှာချင်းဆိုင် တောင်ကုန်း၌ ပေါက်ရောက်သည်။ခြင်းတောင်းကို ကိုင်ပြီး လမ်းလျှောက်နေစဉ် ချန်လွေ့သည် နောက်မှတစ်ယောက်ယောက် လိုက်နေသည်ကို သိသွားသည်။ခြေသံရ ပါ့ဂ်လီအို မဖြစ်နိုင်ပေ။ချန်လွေ့ တစ်ခုခု ပြုတ်ကျသွားဟန်ဆောင်လိုက်ပြီး ခါးကိုင်းကာ ကောက်ယူလိုက်သည်။သူ၏ အမြင်အစွန်းတွင် ကျောက်တုံးနောက်သို့ ပုံရိပ်သေးသေးလေးတစ်ခု ခပ်မြန်မြန် ပုန်းလိုက်သည်ကို တွေ့လိုက်သည်။ အဲဒါ အဲလစ်ပဲ။

လိုလီလေးက ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ။သူ တစ်ခုခု ရှာတွေ့သွားတာလား။ဒါမှမဟုတ် ငါ့ကို စနောက်ချင်တာလား။

အတွေးပေါင်းမြောက်များစွာ ချန်လွေ့စိတ်ထဲ ဝင်လာသည်။ချန်လွေ့ သတိမထားမိဟန်ဆောင်ပြီး ရှေ့ဆက်သွားလိုက်သည်။အဲလစ်၏ နောက်လိုက် နည်းစနစ်သည် တော်တော်လေးညံ့သည်။တစ်ခါတစ်ရံ အဲလစ်သည် အသံထွက်မိသွားသည်။သို့သော်လည်း ချန်လွေ့သည် နောက်ကိုသာ လှည့်ကြည့်လိုက်သည်။မည်သည်မှ ထူးထူးခြားခြား မတွေ့သည့်အခါ ရှေ့ဆက်သွားလိုက်သည်။

ကျောက်စိမ်းနဂါးမောက်သီးသည် ချုံပင်၌ ပေါက်ရောက်ပြီး ထူထဲသည့် လိမ္မော်သီးကဲ့သို့ အခွံရှိကာ အတွင်း၌ လတ်ဆတ်သည့် အသား‌ပျော့ရှိသည်။ချန်လွေ့သည် ဆောင့်ကြောင့်ထိုင်ပြီး ကျောက်စိမ်းနဂါးမောက်သီးများကို စတင်ခူးတော့သည်။အဲလစ်သည် လမ်းတစ်လျှောက်လုံး တစ်နေရာပြီးတစ်နေရာ ပုန်း၍လာသည်ကို [ သရုပ်ခွဲမျက်လုံး ] ဖြင့် ချန်လွေ့ ခံစားသိနိုင်သည်။အဲလစ်သည် ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

မကြာမီတွင် အဲလစ်သည် ချန်လွေ့နောက်ရှိ သစ်ပင်တစ်ပင်သို့ တွားသွားလိုက်သည်။ လိုလီလေးသည် စနောက်ချင်ကြောင်း ချန်လွေ့ တွေးမိပြီး ပြဿနာမဖြစ်စေရန် အဲလစ်ကို မဖော်ထုတ်ခဲ့ပေ။ထို့နောက်တွင် နောက်ဘက်သို့ အဲလစ်ရောက်လာသည့်အခါ ခေါင်းနောက်ဘက်သို့ လေပြင်းတိုက်ခတ်သည်ကို ချန်လွေ့ သေသေချာချာ ခံစားလိုက်ရသည်။

ချန်လွေ့ တိုက်ခိုက်ရေး အာရုံကြောများ ချက်ချင်း နိုးကြားသွားသည်။ အလစ်တိုက်ခိုက်တာလား။

ချန်လွေ့၏ လက်ရှိအစွမ်းသည် အလယ်ဆင့်နတ်ဆိုး အလတ်ပိုင်းသို့ ရောက်ရှိသွားပြီး လက်တွေ့ အတွေ့အကြုံလည်း များပြားနေပြီ ဖြစ်သည်။[ မီးတောက်နက် ] ကို အဲလစ်သုံးလျှင်တောင် ချန်လွေ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။ထိုအချိန်တွင် ချန်လွေ့သည် တစ်ခုခုရွေးရတော့သည်။ ရှောင်ရမလား။ပြန်တိုက်ရမလား။ဒီအတိုင်းပဲ နေမလား။

“ ဖုန်း ”

အသီးများခူးနေသည့် လူသားသည် ခေါင်းနောက်ဘက်ကို အရိုက်ခံရပြီး ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျကာ သတိလစ်သွားသည်။

တရားခံ အဲလစ်လည်း လန့်သွားသည်။အဲလစ်သည် လက်ထဲမှ သစ်သားတုတ်ကို ပစ်ချလိုက်ပြီး ချန်လွေ့၏ ခန္ဓာကိုယ်ကို စိုးရိမ်တကြီး လှုပ်ခါလိုက်သည်။

“ ချန်လွေ့။နင် မသေဘူးဟုတ်။ငါ တမင်လုပ်တာ မဟုတ်ပါဘူး.... ”

တမင် မဟုတ်ဘူး ဟုတ်လား။ဒါပေမဲ့ မင်းငါ့ကို ချောင်းရိုက်တယ်လေ။ သတိလစ်ဟန် ဆောင်နေသည့် ချန်လွေ့သည် စိတ်ထဲ၌ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ ချန်လွေ့၏ လက်ရှိအယ်ခိတ် အခြေအနေ ခန္ဓာနှင့် ကြယ်စွမ်းအင် ခုခံမှုတို့ ပေါင်းလိုက်သည့်အခါ ခုနက ရိုက်ချက်သည် မသေးလှသော်လည်း သိပ်ပြီး ထိခိုက်မှု မရှိခဲ့ပေ။သို့သော်လည်း ထိုသစ်သားတုတ်သည် မူးဝေသည့် အစွမ်းရှိပြီး ချန်လွေ့၏ ဦးနှောက်ကို မူးသွားစေသည်။

မျက်လုံးပိတ်ထားသော်လည်း ချန်လွေ့သည် အဲလစ်၏ နွေးထွေးပြီး သေးငယ်သည့် လက်ကလေးများသည် နဖူးကိုထိပြီး အသက်ရှူမရှူ စစ်ဆေးနေသည်ကို ခံစားရသည်။အဲလစ်သည် ချန်လွေ့၏ ရက်ဘတ်ပေါ်တွင် ခေါင်းတင်ပြီး နှလုံးခုန်သံကို နားထောင်လိုက်သေးသည်။နောက်ဆုံး၌ ချန်လွေ့ မသေသေးကြောင်း အတည်ပြုလိုက်နိုင်ပြီး အဲလစ်သက်ပြင်း ချလိုက်သည်။

“ဒီ မူးဝေတဲ့ အစွမ်းထည့်ထားတဲ့ သစ်သားချောင်းက တော်တော်လေး အသုံးဝင်တာပဲ။ သုံးလေးခေါက်ပဲ လုပ်လို့ရတာ တော်တော်ဆိုးတယ်။နောက်တစ်ခါကျရင် အကြီးအကဲဂါ့စ်ကို နောက်တစ်ခု သွားလုပ်ခိုင်းရမယ်။ ”

လိုလီလေးသည် ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။လိုလီလေးသည် ကုပ်ကုပ်လေးထိုင်ကာ ချဉ်းကပ်လာပြီး နေရာပြောင်းလိုက်သည်။ထို့နောက် ချန်လွေ့၏ ခန္ဓာကိုယ်ကို ခဏလောက် ရှာဖွေကြည့်လိုက်သည်။

သူ တစ်ခုခု ရှာနေတာလား။

ချန်လွေ့ ပို၍ ထူးထူးဆန်းဆန်း ခံစားလာရသည်။ ငါ့မှာ ရတနာလည်း မရှိဘူး။ရှိရင်တောင် သိုလှောင်ခန်းထဲမှာ သိမ်းထားမှာပဲ။ ချန်လွေ့ မသင်္ကာဖြစ်နေစဉ် ရုတ်တရက် ဝမ်းဗိုက်အဖိခံလိုက်ရသည်။အဲလစ်သည် အမှန်တကယ်ပင် ချန်လွေ့ပေါ် ထိုင်ချလိုက်သည်။

ချန်လွေ့သည် ခြေကားယားဖြင့် ထိုင်နေသည့် အဲလစ်၏ ပုံစံကို မျက်လုံးမဖွင့်ပဲ ဖြင့်ပင် ခံစားမိသည်။ ဒါက....နည်းနည်းတော့ ကလက်တက်တက် ဖြစ်တာပဲ။

အဲလစ်သည် တဖြည်းဖြည်း ခါးကိုင်းလိုက်ပြီး ချန်လွေ့၏ခန္ဓာကိုယ် အနီးကပ်လာသည်။အဲလစ်၏ နွေးထွေးသည့် အသက်ရှူသံသည် ချန်လွေ့၏ မျက်နှာကို ချဉ်းကပ်လာသည်။အဲလစ်လည်း အနည်းငယ် ကြောက်နေပုံ ပေါ်သည်။ချန်လွေ့သည် အဲလစ်၏ခန္ဓာကိုယ်ပေါ်မှ မွှေးရနံ့နှင့် နွေးထွေးမှုကို ခံစားရပြီး တဒိတ်ဒိတ်နှင့် နှလုံးခုန် မြန်လာသည်။

ဒီ လိုလီလေး ဘာလုပ်ဖို့ ကြံနေတာလဲ။

All Chapters