စီးချင်းတိုက်ပွဲ။အလယ်ဆင့်နတ်ဆိုး၌ အစွမ်းထက်ဆုံးတိုက်ပွဲ
Vol. 5 Ch. 64
ပြိုင်ကွင်းထဲ၌ ဆွဲဆောင်မှုရှိသည့် ကဝေမသည် ပရိတ်သတ်များထံသို့ ပြိုင်ဘက် နှစ်ယောက်အကြောင်းကို စိတ်လှုပ်ရှားစွာ မိတ်ဆက်ပေးလိုက်သည်။“ ဘယ်ရော့ ” ရီကာသည် အရေးကြီးပုဂ္ဂိုလ်များ ခုံတန်းကို တစ်ချက်ကြည့်လိုက်ပြီး လက်ဗလာ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ထို့နောက်တွင် နံပါတ်(၆၄)ကို စကား၅လုံး ပြောလိုက်သည်။
“ မင်း သေဖို့ အဆင်သင့် ဖြစ်ပြီ လား။ ”
နံပါတ်(၆၄)၏ ကြေညာချက်တွင် လောင်ကြေးကိစ္စမပါသည့်အတွက် ကဝေမ အံ့အားသင့် သွားသည်။တိုက်ဆိုင်စွာပင် ချန်လွေ့ပြောလိုက်သည်မှာလည်း ရီကာကဲ့သို့ပင် စကား၅လုံး ဖြစ်သည်။
“ စိတ်ပျက်အောင် မလုပ်နဲ့။ ”
အလယ်ဆင့်နတ်ဆိုးများ၌ အစွမ်းထက်ဆုံးတိုက်ပွဲ စတင်လေပြီ။ပရိတ်သတ်များလည်း အသက်အောင့်ထားပြီး ပြင်းထန်သည့် တိုက်ခိုက်မှုများကို စောင့်ဆိုင်းနေကြသည်။ သို့သော်လည်း ပြိုင်ဘက်နှစ်ယောက်သည် တိုက်ပွဲပုံစံဝင်ပြီးနောက် တစ်ယောက်မှ မလှုပ်ရှားကြပေ။အချင်းချင်း စိုက်ကြည့်နေကြပြီး ဟာကွက်ကို ရှာဖွေနေကြသည်။
အကြည့်သည် လက်နက်ဆိုလျှင် နှစ်ဖက်စလုံးသည် ခဏအတွင်း အကြိမ် ထောင်ပေါင်းများစွာ တိုက်ခိုက်နေပြီးလေပြီ။ရီကာ၏ အကြည့်သည့် ပေါက်ကွဲတော့မည့် မီးတောင်နှင့်တူပြီး မည်သည့်လှုပ်ရှားမှုမဆိုသည် ကမ္ဘာတုန်လောက်လေသည်။ နံပါတ်(၆၄)မှာမူ ရေကန်ကဲ့သို့ တည်ငြိမ်နေပြီး ထိုတည်ငြိမ်မှုများထဲတွင် ကြီးမားသည့် စွမ်းအားကို ဖုံးကွယ်ထားလေသည်။
ပရိတ်သတ်များ စိတ်မရှည် ဖြစ်လာသည့်အချိန်၌ တစ်စုံတစ်ယောက် ဦးဆောင်တိုက်ခိုက် တော့သည်။ပထမဆုံး လှုပ်ရှားသူမှာ မမျှော်လင့်ဘဲ နံပါတ်(၆၄) ဖြစ်နေသည်။
နံပါတ်(၆၄) လှုပ်ရှားသည့်အချိန်၌ ရွိုင့်စ် နှင့် အရတ်စ်တို့၏ မျက်လုံးများသည် အလင်းရောင်များ ဖြတ်ခနဲ လင်းလက်သွားသည်။ပရိတ်သတ်များလည်း အံ့အားသင့် သွားကြသည်။အကြောင်းရင်းမှာ နံပါတ်(၆၄)သည် အမှန်တကယ် ပျောက်ကွယ်သွား၍ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရီကာထံမှ အရှိန်မြင့်ရိုက်နှက်သံများထွက်လာသည်။
“ ဖုန်း...ဖုန်း...ဖုန်း... ”
ရီကာသည် ခံစစ်အနေအထားအတိုင်း နေနေရပြီး သူ၏ခန္ဓာကိုယ်သည် အမှန်တကယ် တုန်ခါနေကာ နိမ့်ကျသည့် အခြေအနေသို့ ရောက်နေရသည်။အမြင်ထူးခြားသည့် ပရိတ်သတ်အချို့သည် ရီကာပတ်လည်၌ နံပါတ်(၆၄)၏ ပိန်ပါးသည့်ပုံရိပ် ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပြီး ရီကာအောက်ရှိ ကြမ်းပြင်သည် ဖြည်းဖြည်းချင်း ကွဲအက် လာသည်ကို သတိထားမိသွားကြသည်။
ပရိတ်သတ်များအကြား၌ အမှောင်နတ်သူငယ် ဂျက်စီ၏ မျက်နှာသည် ထူးထူးခြားခြား ဖျော့တော့သွားသည်။သူ၏မျက်လုံး ကျုံ့သွားပြီး ကွင်းထဲရှိ မြန်နှုန်းမြင့် ပုံရိပ်ကို စိုက်ကြည့်နေလိုက်သည်။ဂျက်စီသည် မျက်လုံးဖြင့် လိုက်မမှီတော့သလို ခံစားရသွားသည်။
ဂျက်စီသည် သူ၏အမြန်နှုန်းကို အမြဲပင် ဂုဏ်ယူနေခဲ့သည်။ယခင်တစ်ခေါက် အက်ဂ်ယောကို ရှုံးနိမ့်ခဲ့သော်လည်း သူ၏အမြန်နှုန်းသည် သာလွန်နေသေးသည်။ သို့သော်လည်း ရက်ပေါင်း၂၀သာ ကြာသေးသည်။အက်ဂ်ယော၏ အမြန်နှုန်းသည် ကြောက်မက်ဖွယ်ရာ အတိုင်းအတာတစ်ခုအထိ အမှန်တကယ် တိုးတက်သွားသည်။
အမြန်နှုန်းတင်ပဲ မဟုတ်ဘူး။အစွမ်းရောပဲ။ရှေးအိမ်မှာ ဆယ်လ်ဗာကို တိုက်ခိုက်တုန်းက ဒီလိုအစွမ်းကို သူထုတ်မပြခဲ့ဘူး။ဒီ လဝက်ကျော်အတွင်းမှာ ဘာဖြစ်သွားခဲ့တာလဲ။
အက်ဂ်ယောသည် ခွန်အားရော အမြန်နှုန်းပါ လုံးဝ အသာစီးရနေပြီ ဖြစ်သည့်အတွက် သူတို့နှစ်ယောက် ပြန်တိုက်ခိုက်ကြလျှင် ဂျက်စီသည် ၅မိနစ်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ တစ်လနေရင် ဒီကောင့်ကို ငါတကယ် စိန်ခေါ်ရမှာလား။ အမှောင်နတ်သူငယ် သည် လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်ပြီး လက်ဆစ်များ ဖျော့တော့သွားသည်။
မင်းထပ်ပြီး အစွမ်းထက်လာနိုင်သေးလား။ ထိုအသံကို သူ၏နားထဲ ပြန်ကြားလိုက်ရသည်။
“ အစွမ်းထက်နိုင်တယ်။ ”
ဂျက်စီသည် ထိုသူ့ကို ဖြေသည့်ပုံစံဖြင့် တိုးတိုးလေး နှာမှုတ်လိုက်သည်။သို့သော်လည်း ၎င်းသည် သူ့ကိုယ်သူ ပြန်ဖြေနေသည်နှင့် ပိုတူသည်။
လူပုအိုကြီး ဦးဆောင်ပြီး အားပေးရန် အထူးတလည်လာသည့် ဝတ်ရုံဂိုဏ်းသားများသည် ကြည့်နေရင်း စိတ်လှုပ်ရှားသွားပြီး သူတို့ခေါင်းဆောင်အတွက် ကျယ်လောင်စွာ အားပေး ကြတော့သည်။အရွယ်အစား အမျိုးအစားရှိသည့် ဝတ်ရုံများသည်လည်း စင်ပေါ်၌ ထူးဆန်းသည့် အခင်းအကျင်းတစ်ခု ဖြစ်သွားသည်။
ပြိုင်ကွင်းထဲ၌ ပြင်းထန်သည့် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။သို့သော်လည်း စည်းချက်ပြောင်းလဲမှုသည် ပို၍အပြောင်းအလဲ ဖြစ်လာသည်။ရီကာ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသော်လည်း အဓိကနေရာများကို ကာကွယ်ထားသည့် အနေအထားသည် လုံးဝ ပြောင်းမသွားခဲ့ပေ။ထို့ကြောင့် အခြားအစိတ်အပိုင်းများကိုသာ တိုက်ခိုက်ခံရလေသည်။တိုက်စစ်၊ခံစစ် အရည်အချင်းနှင့် ခံနိုင်ရည်ရှိမှုတို့ကြောင့် ကျော်ကြားသည့် ဘယ်ရော့ဖြစ်၍သာ ဖြစ်သည်။အခြားသူတစ်ယောက်သာဆိုလျှင် မခံနိုင်တော့ဘဲ သတိလစ်သွားမည် ဖြစ်သည်။
ရီကာနောက်ဆုတ်နေရင်း ခန္ဓာကိုယ်ပေါ်၌ အနီရောင်မီးတောက်တစ်ခု ဖုန်းခနဲ ပေါ်ထွက် လာပြီး ချက်ချင်း ကိုယ်ပျောက်သွားသည်။ချန်လွေ့လည်း တစ်ချက်လွဲသွားပြီး သူ့နောက်တွင် ရီကာသည် တစ်ချိန်တည်း ပြန်ပေါ်လာကာ မီးလောင်ကျွမ်းနေသည့် လက်သီးဖြင့် ချက်ချင်း ထိုးချလိုက်သည်။နောက်ဆုံးတွင်တော့ ရီကာသည် ပထမဆုံး တန်ပြန်တိုက်ခိုက်မှုကို လုပ်ဆောင်နိုင်သွားပြီ ဖြစ်သည်။
သို့သော်လည်း ထိုလက်သီးချက်လည်း လွဲချော်သွားခဲ့သည်။ချန်လွေ့သည် မြန်ဆန် လှသည့်အရှိန်ဖြင့် ၆မီတာ ၇မီတာအကွာသို့ ဆက်ခနဲ ရွေ့လိုက်သည်။
မဟာနတ်ဆိုး မိသားစုတွင် အခြေခံပါရမီ သုံးမျိုးရှိသည်။ပထမတစ်ခုမှာ လက်နက် ကျွမ်းကျင်မှု ဖြစ်သည်။သူတို့သည် လက်နက်အမျိုးမျိုး၌ တော်ကြပြီး အထူးသဖြင့် ကောက်ရိတ်ဓား၌ ကျွမ်းကျင်ကြသည်။ထို့ကြောင့်ပင် သူတို့ကို သေမင်းဟု ခေါ်ကြခြင်း ဖြစ်သည်။
ဒုတိယတစ်ခုမှာ တယ်လီပို့ခုန်ခြင်း ဖြစ်သည်။ချန်လွေ့သည် ၎င်းကို ကောင်းကင်တိုက်ပွဲ၌ မြင်ဖူးခဲ့ပြီဖြစ်သည်။ဝိုင်ဗန်ကျောပေါ်မှ အဲလန်ပြုတ်ကျသည့်အခါတွင် လေထဲတွင် တယ်လီပို့ခုန်လိုက်ပြီး မြေပြင်ပေါ်သို့ ဘေးကင်းစွာဖြင့် ရောက်နိုင်ခဲ့သည်။ မဟာနတ်ဆိုး၏ အဆင့် ပိုမြင့်လေလေ တယ်လီပို့ ဝေးဝေးခုန်နိုင်လေဖြစ်ပြီး ပြန်လည်အသုံးပြုနိုင်ချိန်မှာလည်း ပို၍တိုတောင်းလေလေ ဖြစ်သည်။
တတိယတစ်ခုမှာ နတ်ဆိုးမီးတောက်ဖြစ်သည်။၎င်း၏တာဝန်သည် ရန်သူကို လောင်ကျွမ်းစေရန်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းစေရန်ဖြစ်ပြီး စွမ်းအား တိုးမြှင့်ရန်အတွက် အားတိုးဆေးနှင့် ညီမျှပေသည်။နတ်ဆိုးမီးတောက်၏ အာနိသင်နှင့် သက်ရောက်မှုကြာချိန်သည် အသုံးပြုသူ၏ ပါရမီနှင့်ခွန်အား အပေါ်၌ တိုက်ရိုက် အချိုးကျနေသည်။
နတ်ဆိုးမီးတောက်ကိုသုံးပြီး ခွန်အားကို တိုးမြှင့်ပြီးသော်လည်း ပြိုင်ဘက်၏ အမြန်နှုန်းကို မလိုက်နိုင်ကြောင်းသိလိုက်ရာ ရီကာ အံ့အားသင့်သွားသည်။တစ်ဖက်တွင်လည်း သူ၏ ပြိုင်ဘက်သည် အမြန်နှုန်းတိုက်ခိုက်မှုများ တရစပ်ပြုလုပ်ပြီးသော်လည်း မောပန်းသည့် လက္ခဏာ မပြသေးကြောင်း သိလိုက်ရသည်။
“ အမြန်နှုန်းကိုပဲ ကြည့်မယ်ဆိုရင်... ”
အရေးကြီးပုဂ္ဂိုလ်များခုံတန်းမှ ရွိုင့်စ်သည် ဖန်ခွက်ကိုချလိုက်ပြီး အရသာခံနေဟန် တူသည်။
“ နံပါတ်(၆၄)က အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းနဲ့ နီးကပ်နေပြီ။ဒီလိုအတိုင်းအတာအထိ သူဘယ်လို လေ့ကျင့်ခဲ့တာလဲဆိုတာ ငါတကယ်မသိဘူး။ဒီပွဲမှာ ရီကာနိုင်ဖို့ တော်တော်လေး ခက်ခဲမယ်။ ”
အရတ်စ် ဘာမှမပြောပေ။သူ၏မျက်လုံးများထဲ၌ ရှင်းပြ၍မရသည့် မီးတောက်များနှင့် အနည်းငယ် လောင်ကျွမ်းနေသည်။ လွန်ခဲ့တဲ့ တစ်လမှာ ဒီနံပါတ်(၆၄)က စွမ်းအားမဲ့တဲ့ အညတြတစ်ယောက်ပဲ။ဒီလိုအချိန်တိုလေးအတွင်းမှာ ဒီလောက်အတိုင်းအတာထိ တိုးတက်သွားမယ်လို့ ငါမထင်ထားခဲ့ဘူး။
အခုသူ့ကို အတော်လေး အစွမ်းထက်တဲ့ အညတြတစ်ယောက်လို့ပဲ သတ်မှတ်နိုင် သေးတယ်။ဒါပေမဲ့ အချိန်က နောက်တစ်လ ကျန်သေးတယ်။နောက်တစ်လပြီးရင် အက်ဂ်ယော ဘယ်လောက်ထိ တိုးတက်လာနိုင်မလဲ။ မဟာနတ်ဆိုးသည် ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ထို့နောက် ခေါင်းမော့ပြီး ခွက်ထဲမှ ဝိုင်ကို မော့သောက်လိုက်သည်။
“ မင်းကတိုက်ပဲတိုက်ရဲတာလား။တည့်တည့်ခုခံဖို့ သတ္တိမရှိဘူးလား။ ”
ရီကာသည် အထင်သေးစွာ သရော်လိုက်သည်။
ဒီလိုရန်စတဲ့စကား အဆင့်အတန်းက တော်တော်လေး ဆိုးဝါးတာပဲ။ ချန်လွေ့ ခေါင်းခါလိုက်သည်။တစ်ခုခုပြောရန်ပင် ပျင်းနေသည်။ထို့နောက် ချန်လွေ့သည် လက်အမူအရာနှင့် ရီကာကို လာတိုက်ရန် ပြောလိုက်သည်။ထိုကဲ့သို့ ရန်စသည့် အပြုအမူသည် ပို၍ထိရောက်ပေသည်။ဒေါသထွက်နေသည့် ရီကာကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည် ပို၍ တောက်ပလာသည်။ရီကာ ခုန်လိုက်ပြီး ချန်လွေ့ကို အပေါ်စီးမှ ဝင်တိုက်ခိုက်တော့သည်။
ယခုအချိန်တွင်တော့ ချန်လွေ့သည် အမြန်နှုန်းကိုအသုံးချပြီး မရှောင်လိုက်ပေ။ ချန်လွေ့သည် ခုခံသည့်အနေအထားသို့ ပြောင်းလဲလိုက်ပြီး ရန်သူ၏ခွန်အားကို ကိုယ်ပိုင်အားနည်းချက်ဖြင့် ရင်ဆိုင်လိုက်သည်။ရီကာ၏မျက်နှာ၌ ထူးဆန်းသည့် အကြည့်တစ်ခု ပေါ်လာ၏။သူတို့နှစ်ဦးသည် ချက်ချင်းပင် ဝင်တိုက်တော့သည်။
နံပါတ်(၆၄) လက်ထုတ်လိုက်သည်ကို ပရိတ်သတ်များ တွေ့သွားကြပြီး အံ့အားသင့် သွားကြသည်။နံပါတ်(၆၄)သည် သည် ရီကာ၏ ပြင်းထန်လောင်ကျွမ်းသည့် လက်သီးချက်ကို တည့်တည့်ပင် တားဆီးလိုက်သည်။နံပါတ်(၆၄)၏ ခြေထောက်များ နောက်ဆုံးအနည်းငယ် ရွေ့သွားသော်လည်း ခန္ဓာကိုယ်ဖြင့် ထိန်းထားလိုက်သည်။
ခွမ်း
အောက်ခြေမှ ကျောက်ပြားများ အက်ကွဲသွားပြန်သည်။၎င်းသည် ထိုလက်သီးချက်၏ စွမ်းအားကို ဖော်ပြနေခြင်းပင် ဖြစ်သည်။
ချန်လွေ့လည်း ချက်ချင်းပင် ပြန်ထိုးလိုက်သည်။ရီကာသည် ထိုလက်သီးချက်ကို တားဆီးလိုက်ရာ ခန္ဓာကိုယ် နောက်သို့ အနည်းငယ် ဝှေ့ရမ်းသွားသည်။သူတို့နှစ်ယောက် လက်ရည်ညီနေဟန်တူသည်။ထို့နောက်တွင် မည်သည့် တိုက်ကွက်အလှများ မပါဝင်ဘဲ နှစ်ယောက်သား ထိပ်တိုက် ရင်ဆိုင်ကြတော့သည်။တိုက်ခိုက်သံများ အဆုံးမရှိ ထွက်ပေါ်နေတော့သည်။
ထိုကဲ့သို့ ကြမ်းတမ်းသည့် မြင်ကွင်းသည် ပရိတ်သတ်တိုင်းကို ကြက်သေသေသွား စေသည်။ဤ ဝတ်ရုံနှင့် လျို့ဝှက်ဆန်းကြယ်သည့် နတ်ဆိုးသည် အံ့ဩစရာ ကောင်းအောင် လျင်မြန်ရုံသာမက ခွန်အားသာ်လည်း ရီကာကိုပင် ယှဉ်နိုင်နေသည်။ တိုက်ခိုက်သံများ ဆက်လက် ကြားနေရသည်။သူတို့ ခြေထောက်အောက်ရှိ ထူထဲပြီး မာကြောသည့် ကျောက်ပြားများလည်း ဖိအားဒဏ်မခံနိုင်တော့ဘဲ အစိတ်စိတ် ဖြစ်သွားရသည်။၎င်းသည် ခွန်အားချင်း တိုက်ခိုက်ချင်းသာမဟုတ်ပေ။စိတ်စွမ်းအားချင်း တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။
ဒါမှ တကယ့်တိုက်ပွဲ။ဒီနေ့ ပြိုင်ကွင်းကိုလာရတာ အတန်ဆုံးပဲ။ ပရိတ်သတ်များ ဂယက်ရိုက်သွားပြီး စိတ်လှုပ်ရှားစွာ အားပေးကြတော့သည်။ဝတ်ရုံနတ်ဆိုးများ ဦးဆောင်သည့် ပရိတ်သတ်များကလည်း နံပါတ်(၆၄)အတွက် ကျယ်လောင်စွာ အားပေးကြပြီး အခြားအဖွဲ့မှာတော့ ဘယ်ရော့အတွက် အားပေးကြသည်။သူတို့၏ အားပေးသံများသည် ပို၍ပို၍ ကျယ်လောင်လာသည်။
ဤကဲ့သို့ ရူးသွပ်ကြမ်းတမ်းသည့် တိုက်ပွဲအတွင်း၌ သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု ပေါ်ထွက်လာတော့မည့်နှယ် အလင်းဖြူအလွှာတစ်ခု ယဲ့ယဲ့လေး ပေါ်လာသည်ကို ချန်လွေ့ သတိမထားမိလိုက်ပေ။
“ သူက အစွမ်းထက်သားပဲ။အနည်းဆုံးတော့သူ့မှာ ရီကာလိုမျိုး ခွန်အားနဲ့ ခံနိုင်ရည် တူတူပဲ။ဒီပွဲကို အလယ်ဆင့်နတ်ဆိုး အစွမ်းထက်ဆုံးတိုက်ပွဲလို့ ခေါ်ဖို့ထိုက်တန်တယ်။ ဒါပေမဲ့ ဒီ နံပါတ်(၆၄)မှာက အမြင့်ဆင့်နတ်ဆိုးလောက်နီးပါး အမြန်နှုန်းရှိတယ်။သူဘာလို့ ဒီလိုဉာဏ်နည်းတဲ့ နည်းလမ်းနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်ရတာလဲ။ ”
ဗျူဟာရေးဆွဲရသည်ကို သဘောကျသည့် အမြင့်ဆင့်နတ်ဆိုး ရွိုင့်စ်သည် အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
ရွိုင့်စ်၏ မှတ်ချက်ကို နားထောင်ပြီးနောက်တွင် အဲလန်ပို၍ ယုံကြည်ချက်ရှိသွားသည်။ နာဂျစ်ကို လွှတ်ပြီး သူ့ကိုခြိမ်းခြောက်ခိုင်းလိုက်လို့ တော်သေးတာပေါ့။မဟုတ်ရင် ရီကာ တကယ်ကြီးရှုံးသွားမှာ။ဒီတစ်ခေါက် ငါအကြီးကြီး လောင်းခဲ့တယ်။အချီကြီးပွတာပဲ။အဲ့ဒီ အက်ဂ်ယောက တော်တော်လေး ပါးနပ်သားပဲ။သူ့ရဲ့အစွမ်းအစကလည်း မဆိုးဘူး။ နောက်ပိုင်းကျရင် သူ့ကို ခါရွန်မိသားစုမှာအလုပ်ခန့်ဖို့ စဉ်းစားထားရမယ်။
“ ဓားသွေးကျောက် တဲ့လား.... ”
အရတ်စ် မျက်မှောင်ကြုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ဖြေလိုက်သည်။ချန်လွေ့၏ ရည်ရွယ်ချက်အမှန်ကို သူနားလည်ပုံပေါ်သည်။
တဖြည်းဖြည်းနှင့် အချိန်ကုန်ဆုံးသွားခဲ့သော်လည်း ပြိုင်ကွင်းထဲရှိ တိုက်ပွဲစည်းချက်သည် မနှေးသွားသေးပင် ဖြစ်သည်။သို့ရာတွင် နှစ်ဖက်စလုံးသည် အနည်းငယ် မောဟိုက် နေလေပြီ။မူလက ရီကာသည် သူ၏ခံနိုင်ရည်ကိုမှီခိုကာ ပြိုင်ဘက်ကို မောပန်း စေချင်ခဲ့သည်။သို့သော် ပြိုင်ဘက်ဖြစ်သူ၏ ခံနိုင်ရည်သည် သူ့ထက် အနည်းငယ် သာလွန်မည်ဟု မထင်ထားမိခဲ့ပေ။အထူးသဖြင့် အသက်စွန့်ရနိုင်ခြင်းကို “ ဘယ်ရော့ ” တိတ်တဆိတ် စိုးရိမ်သွားသည်။
မည်သို့ပင်ဆိုစေကာမူ ရီကာသည် အလယ်ဆင့်နတ်ဆိုး ဘုရင်ဖြစ်နေသေးသည်။ ထို့ကြောင့် သူ၏အစွမ်းသည် ကံကောင်းချင်းကြောင့် ရလာခြင်း လုံးဝမဟုတ်ပေ။ အနီးကပ်ဆက်တိုက်ခိုက်နေလျှင် သူ့အတွက်ပိုဆိုးလာမည်ကို သူသိသည်။ထို့ကြောင့် ချက်ချင်းပင် ရီကာ အော်ဟစ်ပြီး ချန်လွေ့ကို အားကုန်သုံးကာ လက်သီးဖြင့်ထိုး လိုက်သည်။တစ်ယောက်ချင်းစီ၏ ခွန်အားများဖြင့် နှစ်ယောက်လုံးလွင့်ထွက်သွား ကြသည်။ရီကာသည် တယ်လီပို့ခုန်ကာ ချန်လွေ့နောက်၌ ချက်ချင်းပေါ်လာသည်။ ရီကာ၏ ကိုယ်ပေါ်၌ မီးတောက်မီးလျှံများဖုံးလွှမ်းနေသည်။သူ၏လက်နှစ်ဖက်ကို အလုံးပုံစံလုပ်လိုက်ပြီး လက်ဝါးထဲ၌ လောင်ကျွမ်းနေသည့် အလင်းလုံးကြီးတစ်လုံး အလျင်အမြန် ဖြစ်ပေါ်လာသည်။ထို့နောက် ၎င်းကို ချန်လွေ့ထံ ပစ်ထည့်လိုက်သည်။
၎င်းသည် ရီကာ၏ ပါရမီများကို ပေါင်းစည်းပြီး ဖန်တီးထားသော အနှိုင်းမဲ့ တိုက်ကွက် ဖြစ်သည့် [ အပူပေါက်ကွဲမှု ] ဖြစ်သည်။၎င်းသည် မယုံနိုင်စရာ ထိခိုက်မှုရှိပြီး သူ၏အမည် “ ဘယ်ရော့ ” ၏ ဇာစ်မြစ်ဖြစ်သည်။
ချန်လွေ့သည် ကောင်းကောင်း ခြေမချရသေးပေ။သူ့ခွန်အားလည်း ကုန်ဆုံးနေပြီး ပြန်မပြည့်သေးပေ။ထို့ပြင် သူ့ကိုယ်သူ ထောက်ပံ့ရန်အတွက်လည်း နေစရာမရှိပေ။ ထိုကဲ့သို့ အရေးကြီးသည့်အချိန်၌ ချန်လွေ့သည် နောက်လှည့်ကာ လက်မောင်းကို ကြက်ခြေခတ်ပြီး ခုခံ၍သာ ရတော့သည်။
[ အပူပေါက်ကွဲမှု ]သည် ချန်လွေ့ကို ထိသွားသည့်အခါ အတွင်းဘက်သို့ ကျွံဝင်သွားပြီး ပြင်းထန်လှသည့် အားတစ်ခုကြောင့် အဝေးသို့ လွင့်ထွက်သွားသည်။သူ၏ဝတ်ရုံပင် စုတ်ပြဲသွားသည်။ရီကာ သေသေချာချာ ထိသွားသည့်အခါ လက်အမူအရာ ပြန်လုပ် လိုက်ပြီး နောက်ထပ် [ အပူပေါက်ကွဲမှု ] နှစ်ခုဖြင့် ချန်လွေ့ထံ ပစ်ထည့်လိုက်ပြန်သည်။ ပေါက်ကွဲသံများသည် ပြိုင်ကွင်းထဲ၌ ပဲ့တင်ထပ်နေလေသည်။
ဒီအခွင့်အရေးကိုယူပြီး နံပါတ်(၆၄)ကို ငါသတ်ပစ်ရမယ်။ရီကာသည် အားအင်ကုန်ခမ်း သွားပြီဖြစ်သည်။သူ၏ လက်တစ်စုံသည် လေးဖက်ဖြစ်သွားပြီး [ အပူပေါက်ကွဲမှု ]များကို စက်သေနတ်ကဲ့သို့ တစ်ခုပြီးတစ်ခု ပစ်ခတ်တော့သည်။
ပေါက်ကွဲသံများသည် ပြိုင်ကွင်းတစ်ခုလုံး၌ ပဲ့တင်ထပ်ပြီးရင်း ထပ်နေသည်။ဖုန်မှုန့်များ အပိုင်းအစများကိုသာ သူတို့တွေ့ရသည်။အတွင်း၌ မည်သို့ဖြစ်နေကြောင်း မြင်နိုင်ရန် ခဲယဉ်းလှသည်။
အချိန်အတော်ကြာပြီးနောက်တွင် ရီကာသည်ပစ်ခတ်မှုကို ရပ်တန့်လိုက်သည်။သူ အလွန် မောဟိုက်နေပြီဖြစ်သည်။သူ့ကိုယ်ပေါ်ရှိ မီးတောက်သည်လည်း သိသိသာသာ အားနည်း လာသည်။သူ၏ ခံနိုင်ရည် မည်မျှ ကောင်းမွန်ပါစေ အကန့်အသတ်တော့ ရှိနေသေးသည်။[ အပူပေါက်ကွဲမှု ] များ အဆက်မပြတ် ပစ်ခတ်လိုက်ခြင်းသည် ရီကာ၏ စွမ်းအား အကုန်လုံးကို ကုန်ခမ်းလုနီးပါး ဖြစ်သွားစေသည်။သို့သော်လည်း ဤကဲ့သို့ ခက်ခဲလှသည့် ပြိုင်ဘက်တစ်ယောက်ကို ရှင်းလိုက်နိုင်သည့်အတွက် ရီကာ ပြုံးမိသွားသည်။သန္ဓေပြောင်း ပါရမီ အားကုန်ပစ်ခတ်မှုကို မည်သည့် အလယ်ဆင့်နတ်ဆိုးမှ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဟု သူထင်ထားခဲ့သည်။
ဖုန်မှုန့်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရီကာ၏ အပြုံးသည်လည်း အေးခဲသွားသည်။မီးခိုးများကြားတွင် ရပ်နေသည့် ပုံရိပ်တစ်ခုသည် တဖြည်းဖြည်း ပိုထင်ရှားလာသည်။ထိုပုံရိပ်ကို မြင်သည့်အခါ ဝတ်ရုံဂိုဏ်းသားများနှင့် နံပါတ်(၆၄)ကို ထောက်ခံသူများ ချက်ချင်းပင် အားပေးကြတော့သည်။
ယခုအချိန် ချန်လွေ့၏ အခြေအနေမှာလည်း သိပ်မကောင်းလှပေ။ကြယ်စွမ်းအားကို ချိန်ညှိနေရင်း မောဟိုက်နေသည်။သူ၏ဝတ်ရုံလည်း ပျက်စီးသွားခဲ့လေပြီ။သူ၏ခန္ဓာကိုယ် တွင်လည်း [ အပူပေါက်ကွဲမှု ] ကြောင့်ဖြစ်သည့် ထိတ်လန့်စရာ ဒဏ်ရာများ ဖုံးလွှမ်း နေသည်။သူ၏ခြေထောက်အောက်ရှိ ကြမ်းပြင်လည်း အစိတ်စိတ်ဖြစ်သွားပြီး ချိုင့်ကြီး ဖြစ်သွားသည်။
သို့သော်လည်း ချန်လွေ့၏ ဒဏ်ရာများမှာ အပေါ်ယံသာဖြစ်သည်။မည်သည့် ကြွက်သား၊အရိုးကိုမှ မထိခိုက်ခဲ့ပေ။၎င်းသည် ဤရက်ပိုင်းများတွင် အယ်ခိတ် အခြေအနေရှိ [ သန့်စင်ခန္ဓာ ]ကို ကြီးကြီးမားမား လေ့ကျင့်ထား၍ဖြစ်သည်။လွန်ခဲ့သော ရက်၂၀ကဆိုလျှင် ချန်လွေ့ သေနေပြီဖြစ်သည်။
ချန်လွေ့သည် ကျန်နေသည့် ဝတ်ရုံကို ဆွဲဖြဲပြီး ခုန်တက်ကာ ချိုင့်ထဲမှ ထွက်လိုက်သည်။ ထို့နောက် ရီကာထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားလိုက်သည်။ သူ၏ခြေလှမ်း များသည် မမြန်သော်လည်း ခြေတစ်လှမ်းတိုင်းသည် “ ဘယ်ရော့ ” ၏ နှလုံးသားကို တက်နင်းနေသကဲ့သို့ ဖြစ်နေသည်။
ရီကာ၏ နှလုံးသား အနည်းငယ်တုန်လှုပ်သွားပြီး ကျောဘက်၌ အေးစက်စက် ဖြစ်သွားသည်။