← Chapters

မတော်တဆလား။အရေးကြီးပုဂ္ဂိုလ်များ ခုံတန်းဆီ ပစ်လိုက်တဲ့ အရုဏ်ဦးပစ်ချက်

Vol. 5 Ch. 65

မတော်တဆလား။အရေးကြီးပုဂ္ဂိုလ်များ ခုံတန်းဆီ ပစ်လိုက်တဲ့ အရုဏ်ဦးပစ်ချက်

Vol. 5 Ch. 65

အလယ်ဆင့်နတ်ဆိုး နှောင်းပိုင်းသို့ ရီကာ ရောက်နေသည်မှာ ၁၅နှစ်ကျော်ပြီဖြစ်သည်။ အမြင့်ဆင့်နတ်ဆိုးသို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။သို့သော်လည်း ထိုအဆင့်၌ တစ်နေသည်မှာ ကြာခဲ့လေပြီ။ထိုကြောင့် ရီကာသည် နေရာတိုင်း၌ လေ့ကျင့်ခဲ့ပြီး ပြိုင်ကွင်းဆီကိုပင် ဝင်လိုက်သည်။သူ အောင်ပွဲအဆက်ဆက် ရခဲ့ပြီး ပြိုင်ကွင်းထဲရှိ အလယ်ဆင့်နတ်ဆိုး ဘုရင် ဖြစ်လာခဲ့သည်။

ပြိုင်ကွင်းထဲရှိ အလယ်ဆင့်နတ်ဆိုး ဘုရင်ဖြစ်လာပြီးသည့်အခါ အချိန်ကြာလာ သည်နှင့်အမျှ ရီကာသည် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားသည်။တစ်ဖက်တွင် ဆုလာဒ်များနှင့် အထောက်အပံ့များကို သူပျော်ရွှင်ခံစားနိုင်သည်။အခြားတစ်ဖက် တွင်လည်း အမြင့်ဆင့်နတ်ဆိုးသို့ တက်လှမ်းနိုင်ရန် မအောင်မြင်မှုများကြောင့် သူ၏စိတ်ထဲ၌ အတွေးတစ်ခု အမြစ်တွယ်လာခဲ့သည်။၎င်းသည် ပြန်ကျရှုံးမည်ကို ကြောက်ရွံ့ခြင်း၊လက်ရှိ ပစ္စည်းဥစ္စာနှင့် ဂုဏ်ဩဇာ ဆုံးရှုံးမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ထို့ပြင် သူ အမြင့်ဆင့်နတ်ဆိုးသို့ တက်လှမ်းသွားနိုင်လျှင်လည်း အရတ်စ်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အင်အားစုများကို ရင်ဆိုင်ရမည်ဖြစ်သည်။အသက်ရှင်နိုင်ချေသည် ၁၀% ထက်နည်းပေသည်။

အရတ်စ်သည် အတော်လေး တိုက်ခိုက်ချင်စိတ် ပြင်းပြသည်။ပြိုင်ကွင်းရှိ အမြင့်ဆင့် နတ်ဆိုးများသည် အမြဲပင် အရေအတွက် နည်းနည်းသာ ရှိသည်။ထို့ကြောင့် မည်သူမှ သူ့ကို စိန်မခေါ်ရဲပေ။ထို့ကြောင့် အရတ်စ်သည် တစ်ခါတစ်ရံတွင် လုပ်ပိုင်ခွင့်ဖြင့်ပွဲစဉ်များ စီစဉ်တတ်သည်။သူ၏ပြိုင်ဘက်သည် အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်လျှင် ဆုလာဒ်အမြောက်အများ ချီးမြှင့်မည်ဖြစ်သည်။မခုခံနိုင်လျှင် တစ်ခါတည်း အသတ်ခံရသည်။၎င်းသည် တိုးတက်စေရန်အတွက် တွန်းအားပေးသည့် နည်းတစ်မျိုးလည်း ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကြောက်ရွံ့မှုကိုလည်း ဖြစ်စေသည်။

ပြိုင်ကွင်းရှိ နောက်ဆုံးကျန်သည့် အမြင့်ဆင့်နတ်ဆိုးသည် ‌လွန်ခဲ့သော၄လခန့်က အရတ်စ် လက်ထဲ၌ သေဆုံးသွားပြီဖြစ်၍ အမြင့်ဆင့်နတ်ဆိုး တိုက်ပွဲများ ရပ်တန့်သွားခဲ့ရသည်။

ထိုအချက်များ၏ လွှမ်းမိုမှုအောက်တွင် ရီကာသည် အောင်မြင်မှုနောက်လိုက်ချင်စိတ် တဖြည်းဖြည်း အားနည်းလာပြီး ပျင်းရိလာတော့သည်။လွန်ခဲ့သော ရက်၂၀ခန့်က အရတ်စ်သည် နံပါတ်(၆၄)ကို ယှဉ်ပြိုင်ရန် ရီကာကို နေရာချပေးခဲ့သည်။နောက်ပိုင်းတွင် ရီကာသည် ခါရွန်မိသားစု၏ မီကတ်စ် နှင့်တွေ့ဆုံခဲ့သည်။မီကတ်စ်၏ ဖိတ်ကြားမှုကြောင့် ရီကာသည် နောက်ဆုံးတိုက်ပွဲ ပြီးနောက်တွင် ပြိုင်ကွင်းမှထွက်ပြီး ခါရွန်မိသားစုထံ ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။

သို့သော်လည်း ရီကာသည် မွန်းစတားသဖွယ်ဖြစ်သည့် နံပါတ်(၆၄)နှင့် တွေ့ဆုံခဲ့ရသည်။ ရီကာသည် ခွန်အားနှင့် ခံနိုင်ရည်၌ အထူးချွန်ဆုံးဖြစ်သည်။သို့သော်လည်း ပြိုင်ဘက် ဖြစ်သူ၏ ရှေ့၌ ၎င်းတို့သည် ဘာမျှ မဟုတ်ပေ။ထို့ပြင် ပြိုင်ဘက်ဖြစ်သူ၌ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းလည်းရှိသည်။ဤအတိုင်းသာဆိုလျှင် ရီကာ နိုင်နိုင်ချေ လုံးဝမရှိပေ။

ရီကာသည် တစ်ခါက သူ့ထက်ပိုစွမ်းသည့် ပြိုင်ဘက်များကိုပင် အနိုင်ယူနိုင်ခဲ့သည်။ လွန်ခဲ့သော၅နှစ်က ဘယ်ရော့ဆိုလျှင် အကြောက်တရားမရှိဘဲ အသက်စွန့်ကာ တိုက်ခိုက်ပေလိမ့်မည်။သို့သော်လည်း လက်ရှိ ရီကာသည် ယခင်ကရှိခဲ့ဖူးသည့် တိုက်ခိုက်ချင်စိတ်နှင့်သတ္တိများ ပျောက်ဆုံးနေပြီ ဖြစ်သည်။

“ မင်းပြောတဲ့စကားတွေကို ပြန်ပြောရမယ့်ပုံပဲ။မင်းသေဖို့ အဆင်သင့် ဖြစ်ပြီလား။ ”

မျက်နှာဖုံးနောက်မှ အက်ကွဲကွဲ အသံထွက်လာပြီး ရီကာကို ပို၍ပင် ကြောက်ရွံ့သွားစေသည်။ ရီကာ အော်ဟစ်လိုက်ပြီး လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။

သို့သော်လည်း ထိုလက်သီးသည် အပြင်ပန်း၌ အစွမ်းထက်ပုံပေါ်သော်လည်း အမှန်တကယ် အားနည်းကြောင်းကို ချန်လွေ့ ပြောနိုင်သည်။ချန်လွေ့ လက်ထုတ်ပြီး ရီကာ၏ လက်သီးကို ဆုပ်ကိုင်လိုက်သည်။

ချန်လွေ့ အနားကပ်လာသည့်အခါ ရီကာသည် အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။

“ ငါက ခါရွန်မိသားစုကပဲ။မင်းငါ့ကို သတ်ရဲလား။ခါရွန်မိသားစုကို အာခံမိမှာ မင်းမကြောက်ဘူးလား။ ”

ချန်လွေ့ ရပ်တန့်သွားသည်။‌ထို့နောက် ရီကာ၏လက်သီးကို ရုတ်တရက် လိမ်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ကာ ရီကာကို လွှင့်ပစ်ပြီးနောက် အော်ပြောလိုက်သည်။

“ ကြည့်ရတာ မင်းကိုတမင်အရှုံးပေးဖို့ အဲလန်ငါ့ကို ခြိမ်းခြောက်ခဲ့တာကို မင်း သိနေတဲ့ပုံပဲ။မင်းငါ့ကို တကယ်ပဲ စိတ်ပျက်စေခဲ့ပြီ။ ”

ချန်လွေ့သည် အမှန်တကယ် စိတ်ပျက်သွားခဲ့သည်။မူလက ချန်လွေ့သည် ဤတိုက်ပွဲကို အခွင့်ကောင်းယူပြီး ချိုးဖောက်ကာ အဆင့်တက်ရန် စဉ်းစားခဲ့သည်။ကံမကောင်းစွာပင် ချန်လွေ့သည် တိုက်ခိုက်ချင်စိတ် ပျောက်နေသူကို ရင်ဆိုင်နေရသည်။ရီကာသည် ပို၍အစွမ်းထက်သော်လည်း ဝိညာဉ်မရှိသည့် ခန္ဓာကိုယ်တစ်ခုသာသာပင် ဖြစ်သည်။ဓားသွေးကျောက်ဖြစ်ရန် မထိုက်တန်ပေ။

ကြယ်စွမ်းအင်သုံးကာ ပြောလိုက်သည် ချန်လွေ့၏ အသံကျယ်ကြီးကို ပြိုင်ကွင်း တစ်ခုလုံးနီးပါး ကြားခဲ့ရသည်။ပရိတ်သတ်များ ဆွေးနွေးနေကြသည်။အများစုမှ ဒေါသထွက်နေကြပြီး ဆူပူနေကြသည်။ရွိုင့်စ် သရော်ပြုံးပြုံးလိုက်သည်။အရတ်စ်၏ အကြည့်သည် ရုတ်တရက် ခက်ထန်သွားပြီး ဓားသွားကဲ့သို့ပင် အဲလန်မျက်နှာကို ဘေးဘက်မှ ကြည့်လိုက်သည်။တည့်တည့်မကြည့်သော်လည်း အဲလန်သည် အပ်ချောင်းများ ထိုးသကဲ့သို့ ခံစားနေရသည်။သူ၏မျက်နှာလည်း နီလိုက်ပြာလိုက် ဖြစ်နေသည်။နောက်ဆုံး၌ အဲလန်ထိုင်မနိုင်တော့ဘဲ မတ်တပ်ရပ်လိုက်သည်။ ပြိုင်ကွင်းထဲရှိ မျက်နှာဖုံးကောင်ကို သူအစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲရန် မစောင့်နိုင်တော့ပေ။

အက်ဂ်ယော။သောက်ခွေး။သူက ဟန်ဆောင်ပြီး အရှုံးမပေးခဲ့သလို ပရိတ်သတ် အားလုံးရှေ့မှာလည်း ကိစ္စအားလုံးကို ဖွင့်ပြောလိုက်တယ်။

အက်ဂ်ယော အမှန်ပြောနေသည်ကို အဲလန်၏ အမူအရာက သက်သေထူပေးနေသည်။ အရတ်စ်၏ သတ်ဖြတ်ချက်စိတ်သည် ပို၍ပြင်းထန်လာသည်။

နတ်ဆိုးများသည် စစ်မှန်သည့် အစွမ်းထက်သူကို လေးစားကြပြီး ဤကဲ့သို့ ညစ်တီးညစ်ပတ် အပြုအမူများကို နက်နက်ရှိုင်းရှိုင်း မုန်းတီးကြသည်။ပရိတ်သတ် အားလုံးနီးပါး အော်ဟစ်နေကြသည်။

“ သူ့ကိုသတ်ပစ်။အဲဒီငကြောက်ကို သတ်ပစ်လိုက်။ ”

ချန်လွေ့သည် ချက်ချင်းပင် ရီကာဆီ အပြေးသွားလိုက်သည်။ပြိုင်ဘက်ဖြစ်သူသည် ခါရွန်မိသားစုကို အရေးမထားဘဲညဤကိစ္စကို ထုတ်ပြောရဲမည်ဟု ရီကာ မထင်ထားသည့် အတွက် ထိတ်လန့်သွားသည်။ရီကာသည် ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။အရေးကြီးပုဂ္ဂိုလ်များ ခုံတန်းဆီသို့ သူပြေးသွားလိုက်ပြီး အဲလန်ထံမှ အကာအကွယ် ရရှိချင်ခဲ့သည်။

ချန်လွေ့သည် ခုန်တက်လိုက်ပြီး အရေးကြီးပုဂ္ဂိုလ်များ ခုံတန်းရှိ ရွိုင့်စ် နှင့် အရတ်စ်ကို တစ်ချက်ကြည့်လိုက်သည်။သူ၏မျက်လုံး၌ ထူးဆန်းသည့် အလင်းရောင်ဖြတ်ခနဲ လင်းသွားပြီး ညာဘက်လက်ထုတ်ကာ လက်၅ချောင်း ဖြန့်လိုက်သည်။ထို့နောက် ချန်လွေ့ အော်ပြောလိုက်သည်။

“ ရီကာ။မင်းသေဖို့ အချိန်ရောက်ပြီ။ ”

၂လက်မအချင်းရှိသည့် အလင်းဖြူလုံးတစ်လုံးသည် ချန်လွေ့လက်ထဲမှ ထွက်လာသည်။ လေထဲရှိ ချန်လွေ့၏ခန္ဓာကိုယ်သည်လည်း အလင်းလုံး၏ အဟုန်ကြောင့် နောက်ပြန်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျသွားသည်။

ရီကာ နောက်လှည့်ကြည့်လိုက်ရာ အလင်းဖြူလုံးကို မြင်သွားပြီး ထိတ်လန့်သွားသည်။ သေခါနီးဆဲဆဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်လာမှုကြောင့် အလိုအ‌လျောက်တုံ့ပြန် မိသွားသည်။နောက်ဆုံးအချိန်၌ ရီကာသည် နောက်ဆုံးလက်ကျန် ခွန်အားကို အသည်းအသန်သုံးပြီး တယ်လီပို့ခုန်ကာ ရှောင်လိုက်သည်။

[ အရုဏ်ဦးပစ်ချက် ] ၏ အင်အား မလျော့သွားဘဲ အရေးကြီးပုဂ္ဂိုလ်များခုံတန်းသို့ အရှိန်မြန်စွာ သွားနေလေသည်။ထိုအချိန်၌ အဲလန်၏မျက်နှာပင် ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရတ်စ်၏ ပုံရိပ်သည် အလင်းလုံးရှေ့၌ ပေါ်လာသည်။ အရတ်စ် ဘယ်ဘက်လက်ထုတ်ပြီး အလင်းလုံးကို ဖမ်းလိုက်သည်။သို့သော်လည်း အလင်းလုံးကို ထိသွားသည့်အခါ အရတ်စ်၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ချက်ချင်းပင် ညာလက်ထုတ်ပြီး အလင်းလုံးကို အလျင်အမြန်ထိန်းလိုက်သည်။

အလင်းလုံး၏ ဆန်းကြယ်သော ဖျက်ဆီးမှု စွမ်းအားကို အရတ်စ် ခံစားရလိုက်ပြီး သူ၏အနီရောင်မျက်လုံးထဲ၌ မီးများတောက်လောင်နေသည်။အရတ်စ် နှာမှုတ်လိုက်ပြီး လက်ကိုခွာလိုက်ရာ [ အရုဏ်ဦးပစ်ချက် ]သည် နှစ်ပိုင်းဖြစ်သွားသည်။သူ၏ လက်ပေါ်ရှိ အဖြူရောင်အလင်းများသည်လည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။

ဖြည်းဖြည်းပြန်ကောင်းနေသည့် လက်ဝါးပေါ်မှ ပြတ်ရှရာလေးကိုကြည့်ပြီး အရတ်စ် အံ့အားသင့်သွားသည်။သူ၏မျက်လုံးထဲရှိ မီးတောက်လည်း ငြိမ်းသွားသည်။သို့သော်လည်း အပူမလျော့သေးပေ။ပြိုင်ကွင်းထဲမှ ချန်လွေ့ကို အံ့အားသင့်စွာဖြင့် အရတ်စ် စိုက်ကြည့်လိုက်သည်။

[ အာရုဏ်ဦးပစ်ချက် ]ကို သုံးသည့်အခါ ချန်လွေ့သည် ရီကာ၏နာမည်ကို အော်ဟစ်လိုက်သည့်အတွက် အရေးကြီးပုဂ္ဂိုလ်များခုံတန်းသို့ ရောက်သွားခြင်းသည် မတော်တဆဟုသာ ထင်ကြပေမည်။၎င်းသည် မတော်တဆ ဟုတ်မဟုတ်ကို တစ်စုံတစ်ယောက်သာလျှင် သိပေလိမ့်မည်။

အလင်းလုံးကို အရတ်စ် ဆွဲဖြဲလိုက်သည့်အချိန်တွင် သူ့နောက်ဘက်ရှိ ယပ်တောင် ပုံစံနေရာ၌ အက်ကွဲကြောင်း အမြောက်အများ ပေါ်လာသည်ကို ပရိတ်သတ်များ သေသေချာချာ မြင်တွေ့ခဲ့ရသည်။၎င်းသည် သူခုခံလိုက်ရသည့် ဖိအား မည်မျှလောက်ပြင်းကြောင်းကို ပြသနေသည်။

ချန်လွေ့ဘည်း တိတ်တဆိတ် ထိတ်လန့်သွားသည်။သူ၏ အနှိုင်းမဲ့တိုက်ကွက်ကို အဆိပ်နဂါးအပြင် လက်ဗလာနှင့် ဖြေရှင်းနိုင်သောသူတစ်ယောက်ကို ပထမဆုံး တွေ့ဖူးခြင်းဖြစ်သည်။ထို့ပြင် အရတ်စ်သည် နတ်ဆိုးမီးတောက်ကို မသုံးခဲ့ပေ။ ချန်လွေ့သည် အယ်ခိတ်အခြေအနေကို မချိုးဖောက်နိုင်ခဲ့လျှင် အရတ်စ်ကို လုံးဝ ယှဉ်နိုင်မည်မဟုတ်ဟု ထင်ရသည်။

[ အရုဏ်ဦးပစ်ချက် ]၏ စွမ်းအားသည် တယ်လီပို့ခုန်ကာ ရှောင်လိုက်သည့် ရီကာကို ကြောက်လန့်သွားစေသည်။သူ သက်ပြင်းချလိုက်စဉ်တွင် သူ့ရှေ့၌ မြင့်မားသည့် ပုံရိပ်တစ်ခု တားဆီးနေသည်ကို တွေ့လိုက်ရသည်။စူးရှသည့် မျက်လုံးများသည် တကယ်အစစ်အမှန်ကဲ့သို့ပင် သတ်ဖြတ်ချင်စိတ် ပြင်းပြနေသည်။

“ ဆာ-အရတ်စ်။.... ”

ရီကာ၏ ခန္ဓာကိုယ် ကြက်သေသေသွားသည်။ထို့နောက် သူ၏အသံတုန်တုန်လည်း ရပ်တန့်သွားသည်။

အရတ်စ် နှာမှုတ်ပြီး ရီကာကို ဂရုမစိုက်ဘဲ ရှေ့တက်သွားသည်။၅လှမ်းမြောက်တွင် ရီကာ၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြိုလဲကျပြီး မြေပြင်၌ ပြန့်ကျဲကာ သွေးများ ဖုံးလွှမ်းသွားတော့သည်။

ရီကာကို အရတ်စ် မည်ကဲ့သို့သတ်လိုက်ကြောင်းကို ချန်လွေ့အပါအဝင် ပြိုင်ကွင်းထဲရှိ အားလုံးနီးပါး မသိကြပေ။

“ ညစ်ပတ်ရင် သေရမယ်။ ”

အရတ်စ်သည် ရီကာ၏အလောင်းကို လှည့်မကြည့်ပေ။ဝတ်ရုံအသစ် ဝတ်ထားသည့် ချန်လွေ့ကို ကြည့်ပြီး ပြောလိုက်သည်။

“ ဒီပြိုင်ပွဲမှာ နံပါတ်(၆၄) အက်ဂ်ယော အနိုင်ရရှိတယ်။ ”

နံပါတ်(၆၄)၏ နာမည်ကို အရတ်စ်ကိုယ်တိုင် ကြေညာကြောင်းကြားလိုက်သည့်အခါ ပရိတ်သတ်များ ထလိုက်ကြပြီး ပဲ့တင်ထပ်သွားသည်။ ပြိုင်ကွင်းရဲ့ အလယ်ဆင့်နတ်ဆိုး ဘုရင်အသစ် အက်ဂ်ယော။

အဲလန် ဒေါသထွက်သွားပြီး လှည့်ထွက်သွားသည်။ဘေးနား၌ရပ်နေသည် နာဂျစ်သည် ကြောင်သွားသည်။

အဲလန်သည် အမှန်တကယ်ပင် စိတ်ဆိုးမာန်ဆိုးဖြစ်နေသည်။သူ၏လောင်းကြေးလည်း ဆုံးရှုံးခဲ့ရသည့်အပြင် ခါရွန်မိသားစုထဲ ဝင်ရောက်ခားသည့် ရီကာကိုလည်း အရတ်စ် သတ်လိုက်သည်။အဆိုးဆုံးမှာ ပြိုင်ပွဲမတိုင်ခင် ခြိမ်းခြောက်မှုကို နံပါတ်(၆၄)က လူသိရှင်ကြား ထုတ်ပြောလိုက်ခြင်းပင် ဖြစ်သည်။အဲလန်၏ ဂုဏ်သိက္ခာလုံးဝ ဆုံးရှုံးသွားပြီဖြစ်သည်။ပြိုင်ကွင်းထဲသို့ ခြေချရန်ကိုပင် အမြဲတမ်း အရှက်ရ နေပေတော့မည်။

ပရိတ်သတ်များ၏ အားပေးသံများမှ ချန်လွေ့ ကျေနပ်အားရမှု မခံစားရဘဲ အားမလို အားမရ ခံစားနေရသည်။ရီကာနှင့် ထိပ်တိုက်ရင်ဆိုင်စဉ်က ချန်လွေ့သည် နောက်ထပ် နယ်ပယ်တစ်ခုဆီ ရောက်လုနီးပါး ဖြစ်နေပြီး ဈန်ဝင်စားခြင်း ရလာသည်။၎င်းသည် လေ့ကျင့်ရေးကွင်း၌ ရရှိနိုင်သည့် အရာမျိုး မဟုတ်ပေ။သို့သော်လည်း ရီကာ၏ စိတ်စွမ်းအား ကျဆင်းသွားသည့်အတွက် တိုက်ပွဲအရေအသွေး ကျဆင်းသွားပြီး ဈာန်ဝင်စားခြင်း ပျောက်ကွယ်သွားသည်။၎င်းကို ချန်လွေ့ ရှာမတွေ့နိုင်တော့ပေ။

မကြာမီတွင် ပရိတ်သတ်များ၏ အားပေးသံများကို ရွှေသံမဏိကဲ့သို့ ထူးဆန်းသည့် အသံက ဖိနှိပ်လိုက်သည်။

“ အက်ဂ်ယော။မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်။မင်းအတွက် နောက်ထပ် ဓားသွေးကျောက်ကိုတော့ မင်းဘာသာမင်းပဲ ရှာရတော့မယ်။မင်းမှာ တစ်လ အချိန်ရှိသေးတယ်။အဲ့ဒီအချိန်ကျရင် စစ်မှန်တဲ့ အစွမ်းထက်သူတစ်ယောက်ကို သုတ်သင်ဖို့ ငါစောင့်နေမယ်။ ”

အားပေးသံများပြည့်နေသည့် ပြိုင်ကွင်းသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ အရေးကြီးပုဂ္ဂိုလ်များခုံတန်းရှိ ရွိုင့်စ်ပင် လှုပ်ရှားသွားသည်။

အရတ်စ်၏စကားသည် အားလုံးကို ထိတ်လန့်သွားစေသည်။အထူးသဖြင့် အမှောင်နတ်သူငယ် ဂျက်စီနှင့် ဝတ်ရုံဂိုဏ်းသားများ ဖြစ်သည်။

နောက်တစ်လနေရင် အက်ဂ်ယောရဲ့ ပြိုင်ဘက်က အရတ်စ်ပဲ။ပြိုင်ကွင်းပိုင်ရှင်။သူက အမှောင်လတစ်မြို့လုံးရဲ့ အမြင့်ဆင့်နတ်ဆိုးထဲမှာ အစွမ်းထက်ဆုံး ဖြစ်ဖို့များတယ်။

ယခင်တိုက်ပွဲများ မည်မျှပင် ခက်ခဲစေပါမူ ၎င်းတို့သည် အလယ်ဆင့်နတ်ဆိုး တိုက်ပွဲများသာဖြစ်သည်။အလယ့်ဆင့်နတ်ဆိုးနှင့် အမြင့်ဆင့်နတ်ဆိုးသည် အဆင့်ကြီး တစ်ဆင့် ခြားနားနေသည်။အဆင့်ခြားနားမှုကို ကျော်ဖြတ်ပြီး ပြိုင်ဘက်ကို အနိုင်ယူ နိုင်သည့်သူကို မည်သူမှ မမြင်ဖူးခဲ့ပေ။အကယ်၍ အက်ဂ်ယောသာ တစ်လအတွင်း အမြင့်ဆင့်နတ်ဆိုးသို့ တက်ရောက်နိုင်ခဲ့လျှင်တောင် အရတ်စ်ကို ယှဉ်နိုင်မည်မဟုတ်ပေ။ လွန်ခဲ့သော၄လခန့်က အမြင့်ဆင့်နတ်ဆိုး အလတ်ပိုင်းသည် အရတ်စ်၏ လက်ထဲ၌ ၁၀မိနစ်ပင် တောင့်မခံနိုင်ခဲ့ပေ။

တစ်လကျော်ပြီးနောက် မည်ကဲ့သို့ ရလာဒ်မျိုးဖြစ်ပါစေ အက်ဂ်ယော၏ ဒဏ္ဍာရီလာ တိုက်ပွဲသည် ဆရာသခင်စိန်ခေါ်ပွဲ နှင့် ကောင်းကင်တိုက်ပွဲပြီးနောက်တွင် ရေပန်းအစားဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ရိုင့်စ်၏ တည်ငြိမ်သောမျက်လုံးများထဲ၌ ထူးဆန်းသည့် စိတ်တစ်မျိုးဖြင့် လက်ခနဲ ဖြစ်သွားသည်။ပွဲကြီးတစ်ပွဲကြည့်ရန်အတွက် အရတ်စ်သည် သူ့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ပြိုင်ကွင်းထဲရှိ စွမ်းဆောင်ရည်ကိုကြည့်လျှင် အလားအလာ အပြည့်ရှိသည့် နံပါတ်(၆၄)သည် အမှန်တကယ်ပင် ထူးချွန်သည်။ရွိင့်သည် အက်ဂ်ယောကို ခေါ်ယူချင်ခဲ့သည်။သို့သော်လည်း အက်ဂ်ယောသည် အရတ်စ်၏ ပစ်မှတ်ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ အရတ်စ်ကို လက်လျော့ဖို့ ငါနားချလိုက်ရမလား။ဒါမှမဟုတ် အရင် လေ့လာကြည့်ရင် ကောင်းမလား။

“ ကျုပ်လည်း ပြိုင်ကွင်းပိုင်ရှင်အသစ်ဖြစ်ဖို့ စောင့်နေပါတယ်။ ”

ချန်လွေ့ ပင့်သက်ရှိုက်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ပြင်ဆင်ရေးခန်းသို့ ပြန်သွားလိုက်သည်။

ရွိုင့်၏အကြည့် လှုပ်ရှားသွားပြီး သိချင်စိတ် ပိုတိုးလာသည်။ ဒီ အက်ဂ်ယောက မရိုးရှင်းဘူး။သူကတကယ်ပဲ တည်ငြိမ်နေတယ်။သူ့ရဲ့ယုံကြည်ချက်တွေ ဘယ်ကနေ လာတာပါလိမ့်။

အစောင့်များ၏ ကြောက်ရွံ့ရိုသေမှုအောက်တွင် ချန်လွေ့သည် လူပုအိုကြီးတို့နှင့် မတွေ့တော့ဘဲ ပြိုင်ကွင်းမှ တစ်ခါတည်း ထွက်သွားလိုက်သည်။

သို့သော်လည်း ပြိုင်ကွင်းမှမနီးမဝေး လမ်းကြားတစ်ခု၌ တစ်စုံတစ်ယောက်၏ တားဆီးမှုကို ခံလိုက်ရသည်။

“ အက်ဂ်ယော ”

အံကြိတ်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။ချန်လွေ့သည် လူသားအသွင်၌ ထိုပေါက်ကရပြောသည့်အသံကို အများကြီး ကြားဖူးခဲ့လေပြီ။ထို့ကြောင့်တစ်ဖက်သူသည် အဲလန်ဖြစ်ကြောင်းကို မျက်လုံးမှိတ်၍ပင် ပြောနိုင်လေသည်။

“ အရာရှိအဲလန်။ငါပြောခဲ့တယ်လေ။မင်းကျေနပ်စေမယ်လို့။အခု ဘယ်လိုခံစားရလဲ။ ”

ချန်လွေ့ သရော်ပြုံးပြုံးလိုက်သော်လည်း မျက်လုံးများသည် အဲလန်ဘေးရှိ မဟာနတ်ဆိုးကိုသာ ကြည့်နေသည်။

ထိုမဟာနတ်ဆိုးသည် မျက်လုံးတစ်လုံးသာ ရှိပြီး ကျန်တစ်လုံးကို မျက်ကာနှင့် ဖုံးထားသည်။[ သရုပ်ခွဲမျက်လုံး ] ၌ ထိုနတ်ဆိုး၏ စွမ်းအားအပြည့်အစုံကို [ D ] ဟု ဖော်ပြထားလေသည်။

All Chapters