အရှုံးမပေးသော။မီးလျှံများကြားထဲ အဆင့်တက်ခြင်း
Vol. 5 Ch. 67
မီကတ်စ် စကားပြောပြီးနောက် လက်ကိုဖြန့်လိုက်ရာ ချန်လွေ့ကို မီးတောက်များ ဝိုင်းရံသွားသည်။ထိုမီးတောက်သည် မဟာနတ်ဆိုးပါရမီ၏ တိုးမြှင့် နတ်ဆိုးမီးတောက် နှင့် မတူပေ။၎င်းသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အပူချိန်မြင့်မားသည့် မီးတောက် ဖြစ်သည်။စက်ဝိုင်းသည် အလျင်အမြန် ကျဉ်းမြောင်းသွားပြီး ချန်လွေ့ကို ရစ်ပတ်သွားသည်။ချန်လွေ့သည် သူ၏အသားပေါ်မှ ရှဲရှဲအသံများ ကြားနေရပြီး အဝတ်အစားများလည်း မီးလောင်သွားသည်။စိတ်စွမ်းအားသည့် အရင်းအမြစ်ဖြစ်သည့် ဝိညာဉ်သည်လည်း တုန်လှုပ်လာသည့်အတွက် ကိုယ်ခန္ဓာနာကျင်မှုသည် ဒုတိယ ဖြစ်သွားသည်။
“ အခြေခံပါရမီ သုံးမျိုးအပြင်ကို သာမန် မဟာနတ်ဆိုးမှာ သန္ဓေပြောင်းပါရမီ တစ်ခုလည်းရှိတယ်။ဒါကငါ့ရဲ့ မီးတောက်ပါရမီပဲ။သန္ဓေပြောင်း သွေးမျိုးဆက်တွေရဲ့ စွမ်းအားကို မယှဉ်နိုင်ပေမဲ့လည်း ဝိညာဉ်ကို ဖျက်ဆီးနိုင်တဲ့ အစွမ်းရှိတယ်။ဒါပေမဲ့ ငါမင်းကို ချက်ချင်း လောင်ကျွမ်းပြီး သေခိုင်းမှာ မဟုတ်ဘူး။ဝိညာဉ် နဲ့ ခန္ဓာကိုယ် နှစ်ခုလုံးကို နှိပ်စက်ခံရတဲ့ဒဏ်ကို ဖြည်းဖြည်းချင်း ခံစားရအောင်လုပ်မယ်။ တော်ဝင်မိသားစုဝင် တစ်ယောက်ကို ငါ့ရဲ့မီးတောက်ပါရမီနဲ့ သတ်ရတာက လုံးဝကို အမှတ်ရစရာ ဖြစ်နေမှာပဲ။ ”
မကြာမီတွင် ချန်လွေ့တစ်ကိုယ်လုံး မီးတောက်များ ရစ်ပတ်သွားပြီး မျက်နှာဖုံးမှာလည်း အရည်ပျော်လာ၏။သို့သော် အနာကျင်ရဆုံးမှာ သူ၏ဝိညာဉ်ပေါ်ရှိ နှိပ်စက်မှုဒဏ် ဖြစ်သည်။တစ်စတစ်စ ဆွဲဖြဲခံရသည့် ကြောက်မက်ဖွယ်ရာ ခံစားချက်ပင် ဖြစ်သည်။
မဆုတ်မနစ်ကြိုးပမ်းမှု နှင့် ပြင်းထန်သည့် နာကျင်မှုကြား၌ ချန်လွေ့သည် သူ၏အသိစိတ် ဖြည်းဖြည်းချင်း ဝေဝါးလာသလို ခံစားရလိုက်သည်။သေခြင်းတရားသည် နီးသထက် နီးလာလေပြီ။ အားလုံး အဆုံးသတ်သွားပြီလား။
ငါဒါကို လက်မခံနိုင်ဘူး။ငါမလုပ်ပြီးသေးတာတွေ အများကြီးပဲ။
ငါ အစွမ်းထက်တဲ့သူ ဖြစ်ချင်တယ်။ငါ့ကံကြမ္မာကို ငါထိန်းချုပ်ချင်တယ်။
“ သတိထားဦး....ငါအကြာကြီး မနေရသေးဘူး။ ”
ဂရုစိုက်တဲ့စကား ကောင်းကောင်း မပြောတဲ့ ပေကပ်ကပ် နဂါး။
“ မင်းအောင်မြင်မယ်လို့ ငါယုံကြည်တယ်။ ”
ရေခဲတုံးကွာကျပြီး ပြုံးလိုက်တဲ့အပြုံးက ခဏလေးပဲဖြစ်ပေမဲ့ ငါ့မှတ်ဉာဏ်ထဲမှာ စွဲထင်ကျန်ရစ်နေတယ်။
“ နင်.....သတိထားဦး။ ”
မျက်ဝန်းနီကြားက ဂရုစိုက်မှုက စစ်မှန်ပြီးတော့ နွေးထွေးလိုက်တာ။
“ လူသားအစ်ကို.... ”
ငါ လက်မခံနိုင်ဘူး။
အဲ့ဒီအသံတွေကို ငါထပ်မကြားရတော့ဘူးဆိုတာကို ငါ လက်မခံနိုင်ဘူး။
အဲ့ဒီမျက်နှာတွေကို ငါထပ်မမြင်ရတော့ဘူးဆိုတာကို လက်မခံနိုင်ဘူး။
ငါ့အတွက်ပဲ ဖြစ်ဖြစ် သူတို့အတွက်ပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် ထလိုက်စမ်း။ချန်လွေ့။
ကြောက်ရင် နှစ်ခါသေတယ်။
စိတ်စွမ်းအားက ခန္ဓာကိုယ်ကို ဆုံးဖြတ်ပေးတယ် ဟုတ်လား။အကန့်အသတ်တစ်ခု ကျော်သွားရင် ငါ့ခန္ဓာကိုယ်လည်း ပြိုလဲသွားနိုင်တယ်။ဒါပေမဲ့ အဲ့ဒီတော့ ဘာဖြစ်လဲ......
ပိတ်လုနီးပါးဖြစ်နေသည့် ချန်လွေ့၏ မျက်လုံးများသည် အဖြူရောင်အလင်းဖြင့် ရုတ်တရက် တောက်ပသွားသည်။
မီးတောက်ထဲ၌ လောင်ကျွမ်းနေသည့် ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာသည်ကို မီကတ်စ် သတိထားမိလိုက်သည်။မီးတောက်များကြားထဲ၌ အဖြူရောင်အလင်းတစ်ခု ယဲ့ယဲ့လေး တောက်ပနေသည်။
“ မင်းမှာ တကယ်ပဲ ရုန်းကန်ဖို့ အင်အား ရှိသေးတာလား။ ”
မီကတ်စ်သည် မီးတောက်များ၏ စွမ်းအားကို တိုးမြင့်လိုက်သည်။မီးပို၍ တောက်လောင်လာပြီး ပတ်ဝန်းကျင် မြေသားမှာလည်း နီမြန်းသွားသည်။အလင်းဖြူသည် ဖြည်းဖြည်းချင်း စက်လုံးပုံသဏ္ဍာန်ဖြစ်သွားကာ မီးတောက်များ မရစ်ပတ်နိုင်တော့သလို ဖြစ်သွားသည်။
မီကတ်စ်သည် တစ်ခုခုလွဲနေကြောင်း သတိထားမိလိုက်ပြီး အလင်းလုံးရှေ့သို့ တယ်လီပို့ခုန်ကာ လက်သီးဖြင့် ထိုးလိုက်သည်။အလင်းဖြူလုံးသည် ကိုယ်ထည်ပုံစံ ရှိပုံရသည်။၎င်းသည် အနည်းငယ် တုန်လှုပ်သွားသည်။မီကတ်စ်သည် နတ်ဆိုး မီးတောက်ကို လောင်မြိုက်လိုက်ပြီး အလင်းလုံးကို အပြင်းအထန် တိုက်ခိုက် တော့သည်။သို့သော်လည်း အလင်းလုံးကို မထိုးဖောက်နိုင်သေးပေ။
မီကတ်စ်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများ အသုံးမဝင်ကြောင်း တွေ့သွားပြီး တိုးမြှင့်ပါရမီအောက်၌ မီးတောက်ပါရမီကို အပြည့်အဝသုံးရန် လက်နှစ်ဖက်ကို ဝှေ့ရမ်းလိုက်သည်။ကြက်သွေးရောင် မီးတောက်များ လောင်ကျွမ်းလာပြီး အလင်းလုံးသည် ဖြည်းဖြည်းချင်း ကျုံ့သွားသည်။မီးတောက်၏ သက်ရောက်မှု အောက်တွင် အလင်းလုံး၏အရောင်သည် အဝါရောင် ဖြစ်သွားဟန်တူသည်။
သို့သော်လည်း မီကတ်စ်၏ ပုံစံသည် ပို၍ပင် စိုးရိမ်သလို ဖြစ်သွားသည်။သူ၏ စိတ်ထဲ၌ ပြင်းထန်သည့် မသက်မသာမှုများ ရှိနေသည်။အလင်းလုံး အရွယ်အစား သေးလာခြင်းမှာ မီးတောက်၏ ထိခိုက်မှုကြောင့် လုံးဝမဟုတ်ပေ။၎င်းသည် အတွင်းထဲရှိ လျို့ဝှက် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတချို့ ဖောက်ထွက်ရန်အတွက် မီးတောက်၏ ဖိအားကိုသုံးနေဟန်တူသည်။
မျက်စိတစ်မှိတ်တစ်တွင်းမှာပင် မီကတ်စ်၏ စိုးရိမ်မှုများ အမှန်တကယ် ဖြစ်လာသည်။ အလင်းလုံးသည် ဝုန်းခနဲ ပေါက်ကွဲသွားပြီး နေရာအကျယ်ကြီးကို ဖုံးကွယ်ထားသည့် တွင်းတစ်ခုသည် မြေပြင်ပေါ်၌ ရုတ်တရက် ပေါ်လာသည်။မီးတောက်၏ စွမ်းအား လုံးဝ ပယ်ပျက်သွားပြီး ပျောက်ကွယ်သွားသည်။ပေါက်ကွဲမှုကြောင့် ဖြစ်လာသည့် ဒဏ်ကို မီကတ်စ် တည့်တည့် မရင်ဆိုင်ရဲပေ။ထို့ကြောင့် အဝေးတစ်နေရာသို့ တယ်လီပို့ ခုန်လိုက်သည်။
ပေါက်ကွဲနေသည့် ရောင်ခြည်ဝါများသည် မပျောက်ကွယ်သွားဘဲ ဆက်လက် ဖြန့်ကျက်နေသည်။၎င်းသည် ၁၀မီတာလောက်အထိ ရှည်သွားပြီး အလယ်ဗလိုရှိ လူသားခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။
မြေပြင်ပေါ်၌ အဝါရောင်မီးတောက်နှင့်အတူ ကြယ်ကြွေကျမှုကြောင့် ဖြစ်သည့် ပေါက်ကွဲမှုကဲ့သို့ပင် မြေသားနှင့် ကျောက်များကို အစိတ်စိတ်ဖြစ်သွားစေသည့် တွင်းအကြီးကြီးလည်း ရှိနေသည်။မီကတ်စ်သည် ပြိုင်ဘက်ဖြစ်သူမှ ဖိအားကို ခံစားလိုက်ရသည့်အခါ ထင်ယောင်ထင်မှား ဖြစ်သကဲ့သို့ ခံစားလိုက်ရသည်။ ဒါက အလယ်ဆင့်နတ်ဆိုးရဲ့ အစွမ်းမဟုတ်တာ အသေအချာပဲ။ဧကန္တ......
ရူးလောက်အောင် တောက်ပနေသည့် အဝါရောင်အလင်းများသည် ဗဟိုခန္ဓာကိုယ်ထံသို့ ပြန်ဝင်သွားသည်။ချန်လွေ့၏ မူလက အဖြူရောင် မျက်လုံးသည်လည်း ထူးဆန်းသည့် အဝါရောင်ပြောင်းသွားပြီးနောက် အမည်းရောင် ပြန်ဖြစ်သွားသည်။
သေခါနီးဆဲဆဲ၌ မည်သည်ဖြစ်သွားသည်ကို ချန်လွေ့ နားမလည်ခဲ့ပေ။ ကြောက်မက်ဖွယ်ရာ မီးတောက်ကြောင့် သူ၏ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်ကိုသာ ရေးတေးတေး မှတ်မိခဲ့သည်။ အခြေအနေပြကားချပ်ရှိ လူသားပုံစံ၏ အရိုးနှင့် ကြွက်သားများအပြင် “ အယ်ခိတ် ” အလင်းလုံးကြီးပါ ပြည့်လျှံသွားပြီး ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကြယ်မှုန်များ ဖြစ်သွားကြသည်။သို့သော်လည်း မတ်တပ်ရပ်လိုက်သည့် ပြင်းထန်သော စိတ်စွမ်းအားသည် ပြန်ကျဲနေသော ကြယ်မှုန်များ မပြိုကွဲသွားခဲ့ဘဲ ထူးခြားသည့်နည်းလမ်းဖြင့် စတင် လည်ပတ်တော့သည်။
ထိုအချိန်တွင် အပြင်ဘက်ရှိ နတ်ဆိုးမီးတောက်နှင့် တိုက်ခိုက်မှုများသည် ခြိမ်းခြောက်မှု မဟုတ်တော့ဘဲ သန့်စင်ပေးမှု ဖြစ်သွားသည်။ထိုသို့သန့်စင်နေရင်း ကြယ်မှုန် စီးဆင်းမှုသည် ပို၍ပင် တည်ငြိမ်သွားသည်။“ အယ်ခိတ် ” အဖြူရောင် အလင်းလုံးသည်လည်း မူလအခြေအနေသို့ ပြန်ရောက်သွားပြီး အဝါရောင် အလင်းလုံးတစ်လုံး အသစ်ပေါ်လာသည်။ထိုအလင်းလုံးတွင် “ မိုင်ဇာ ” ဟူသော စာလုံးတစ်လုံးသည် အတွင်းထဲမှ ဖြည်းဖြည်းချင်း ပေါ်လာ၏။
အဝါရောင် အလင်းလုံး လုံးဝ ပြီးစီးသွားသည့်အခါ ဖိသိပ်ထားသည့် အားသည်လည်း ပေါက်ထွက်သွားပြီး အဆင့်တက်သွားသည်။ချန်လွေ့သည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သွားပြီး ဒဏ်ရာအားလုံး ပြန်ကောင်းသွားသည်။သူ၏စိတ်လှုပ်ရှားမှုကို ထိန်းမထား နိုင်တော့ပေ။ နောက်ဆုံး သေလုဆဲဆဲ အချိန်မှာ ငါ အယ်ခိတ်အခြေအနေကနေ အဆင့်တက်သွားပြီ။
ဒါက ဒဏ္ဍာရီလာ အပြည့်အဝ ပြန်လည်ရှင်သန်ခြင်းများလား။ငါ့အဝတ်အစားတွေနဲ့ မျက်နှာဖုံးက မီးလောင်သွားပြီ။ကိုယ်လုံးတီးနဲ့ လျှောက်သွားနေလို့ မဖြစ်ဘူး။ဟိုင်းရား။ မြန်မြန် ဝတ်ရုံတစ်ခု ဝတ်လိုက်မယ်။ဘာမှ မဝတ်ထားတာထက် စာရင်တော့ ပိုကောင်းပါတယ်။
အချက်အလက်ပြ ဇယားထဲ၌ အောက်ပါအတိုင်း ဖော်ပြထားလေ၏။
ဂုဏ်ပုဒ် - ကြယ်ဦးစီး
ဆင့်ကဲပြောင်းလဲခြင်းအဆင့် - ကြယ်နှစ်ပွင့်
အတွေ့အကြုံတန်ဖိုး - ၀%
အရှိန်အဝါ တန်ဖိုး - ၃၂၅၁
စွမ်းအား အကဲဖြတ်မှု - [ D ]
ဆင့်ကဲပြောင်းလဲခြင်းအဆင့်သည် ကြယ်နှစ်ပွင့်သို့ ရောက်သွားလေပြီ။ကနဦး ဆင့်ကဲပြောင်းလဲခြင်းမှုလွဲ၍ နောက်ဆုံး ဆင့်ကဲပြောင်းလဲခြင်းများသည် အကြာကြီး အိပ်စက်ရန် မလိုအပ်ပုံရသည်။အတွေ့အကြုံတန်ဖိုးသည်လည်း သုညသို့ ပြန်ရောက်သွားသည်။အရှိန်အဝါတန်ဖိုး ၁၀၀၀၀ လျော့သွားသည်။ဂုဏ်ပုဒ်သည်လည်း “ ကြယ်စုဆောင်းသူ ” မှ “ ကြယ်ဦးစီး ” သို့ ပြောင်းလဲသွားသည်။
အချိန်မရှိကြောင်း ချန်လွေ့သိသည့်အတွက် မိုင်ဇာနယ်ပယ်၏ အခြားပြောင်းလဲမှုများကို မကြည့်တော့ဘဲ ချက်ချင်းပင် အစွမ်းသစ်ပင်ဆီ သွားလိုက်သည်။တောက်ပနေသည့် နောက်ထပ်အဆင့်ကို အစွမ်းသစ်ပင်သို့ ပေါင်းထည့်ထားလိုက်သည်။အစွမ်း(၄)မျိုး ပေါင်းထည့်ထားပေသည်။
[ ထိခိုက်မှု စုပ်ယူခြင်း ]
( အလိုအလျောက်အစွမ်း - ရရှိသည့် ထိခိုက်မှု ၃၀% ကို စုပ်ယူပြီး အရှိန်အဝါ အဖြစ်သို့ ပြောင်းလဲပေးသည်။ )
[ ရုပ်ဖျက်ခြင်း ]
( အသုံးချအစွမ်း - အရပ် နှင့် ရုပ်ရည်ကို လိုအပ်သလိုပြောင်းလဲနိုင်သည်။တစ်မိနစ်လျှင် အရှိန်အဝါ တစ်မှတ် ကျသင့်မည်။ )
[ အထူး စိစစ်မှု ]
( အသုံးချအစွမ်း - အထူးအချက်အလက် စိစစ်မှုနဲ့ သိုလှောင်မှုအတွက် တစ်ခါသုံးလျှင် အရှိန်အဝါ ၁၀၀၀၀ ကုန်ကျမည်။မိနစ်၃၀အထိ အသုံးပြုနိုင်သည်။ )
[ အရှိန်အဝါဓားသွား ]
( အသုံးချအစွမ်း - ကြယ်စွမ်းအင် တိုက်ခိုက်မှု အစွမ်း - လက်များ အထူးသန်မာသွားပြီး ထက်မြက်သည့် ဓားသွားကဲ့သို့ ဖြစ်သွားမည်။တစ်နာရီလျှင် တစ်ကြိမ်သာ သုံး၍ရသည်။တစ်ခါသုံးလျှင် အရှိန်အဝါ ၂၀ ကုန်သည်။၁၀မိနစ်အထိ ကြာရှည်ခံနိုင်သည်။[ အရှိန်အဝါဓားသွား ]ကို အသက်သွင်းပြီးနောက်တွင် [ ဖျက်စီးခြင်း အရှိန်ဝါ ထိုးချက် ] ကို အသက်သွင်းနိုင်သည်။ )
[ ဖျက်ဆီးခြင်း အရှိန်အဝါ ထိုးချက် ]
( နေရာပြည့်တိုက်ခိုက်မှု အစွမ်း - ၅မီတာအတွင်း ရန်လိုသည့် သက်ရှိတိုင်းကို မြန်နှုန်းမြင့် လေတိုက်ချက်ဖြင့် ချက်ချင်း ခုတ်သည်။အရှိန်အဝါ ၁၀၀ လိုအပ်သည်။ )
ထိုအစွမ်း၄မျိုးထဲတွင် ချန်လွေ့ စိတ်အဝင်စားဆုံးမှာ [ အရှိန်အဝါဓားသွား ] ဖြစ်သည်။ထိုတိုက်ခိုက်မှု အစွမ်းသည် [ အရုဏ်ဦးပစ်ချက် ] နှင့်မတူပေ။၎င်းသည် အနီးကပ် တိုက်ခိုက်မှုဖြစ်ပြီး လက်ဝါးကို ဓားသွားကဲ့သို့ မာကြောစေခြင်းဖြစ်သည်။ထို့ပြင် ၎င်းသည် နေရာတစ်ခုကို အရမ်းမဲ့ ပစ်မှတ်ထား၍ရသည့် [ ဖျက်ဆီးမှု အရှိန်အဝါ ထိုးချက် ] ကိုလည်း အသက်သွင်းနိုင်သည်။[ ထိခိုက်မှုစုပ်ယူခြင်း ] အတွင်းစွမ်းရည်သည်လည်း အတော်ပင် အစွမ်းထက်လှသည်။သို့သော်လည်း သူ့ရှေ့၌ ရန်သူရှိနေသည့်အတွက် ချန်လွေ့သည် ၎င်းတို့ကိုကြည့်ရန် အချိန်မရပေ။
“ ဒါက တကယ့်ကို အံ့ဩစရာပဲ... ”
မီကတ်စ် ခဏတာ တုံ့ဆိုင်းသွားပြီး သူ၏ အသံဩဩ ပြန်ထွက်လာသည်။
“ နောက်ဆုံးအခိုက်အတန့်မှာ မင်းတကယ်ပဲ အမြင့်ဆင့်နတ်ဆိုးအဖြစ် အဆင့်တက် သွားတာပဲ။ငါမင်းကို ဒီနေ့ပဲ အဆုံးသတ်ရမယ်။ ”
ချန်လွေ့ကို မျက်နှာဖုံးတပ်ရန် မစောင့်တော့ဘဲ ချန်လွေ့ရှေ့၌ ထိုအသံ ပေါ်ထွက်လာသည်။အစွမ်းထက်သည့် လက်သီးချက်သည် ချန်လွေ့မျက်နှာဆီသို့ လာနေသည်။သို့သော်လည်း ချန်လွေ့၏ စွမ်းရည်သည် ကြီးကြီးမားမား တိုးတက်သွားပြီ ဖြစ်သည်။မီကတ်စ်၏ လှုပ်ရှားမှုများကို ချန်လွေ့သေသေချာချာ မြင်နေရသည်။၎င်းသည် ယခင်က ဆေးရည်သောက်ပြီးသည့် ခံစားချက်နှင့် လုံးဝ ကွဲပြားနေသည်။
ချန်လွေ့သည် ဘေးဘက်ရွှေ့ပြီး ရှောင်လိုက်ရာ သုံးလေးမီတာ အကွာသို့ ရောက်ရှိ သွားသည်။ထိုအချိန်တွင် ချန်လွေ့၏ ကိုယ်ထဲရှိ ကြယ်စွမ်းအားများသည် ပြည့်ဝပြီး ဘယ်တော့မှ မဆုံးတတ်သည့် ယန်ကျိမြစ်ကဲ့သို့ပင် ဖြစ်နေသည်။အရည်အသွေး ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၎င်းသည် အယ်ခိတ်အခြေအနေထက် ပိုကောင်းပေသည်။သို့သော်လည်း ချန်လွေ့သည် တစ်ခါတည်း အသားမကျပေ။
မီကတ်စ်သည် ထိုးချက် လွဲချော်သွားသော်လည်း ချန်လွေ့ မတည်ငြိမ်ခင်တွင် ချန်လွေ့နောက်ဘက်သို့ တယ်လီပို့ခုန်ပြီး တိုက်ခိုက်လိုက်သည်။ချန်လွေ့၏ ကျောကို ထိသွားသော်လည်း ချန်လွေ့၏ ခန္ဓာကိုယ်သည် အနည်းငယ်သာ ယိမ်းသွားသည်။ ချန်လွေ့ ဘာမှ မဖြစ်ပေ။ချန်လွေ့သည် ခုနက အလွယ်တကူ အရိုက်ခံရပြီး လွင့်သွားသူနှင့် လုံးဝပင် မတူတော့ချေ။
မီကတ်စ် တိတ်တဆိတ် ထိတ်လန့်သွားသည့်အချိန်တွင် ချန်လွေ့ ပြန်တိုက်ခိုက် နေလေပြီ။မီကတ်စ် အလျင်အမြန် တုံ့ပြန်လိုက်ပြီး ချန်လွေ့၏ လက်သီးချက်ကို လက်မောင်းဖြင့် ကာကွယ်လိုက်သည်။ပြင်းထန်သည့်အားကို သူခံစားလိုက်ရပြီးနောက်သို့ အနည်းငယ် ရွေ့သွားသည်။
မီကတ်စ်သည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်း ရောက်သည်မှာ ဆယ်စုနှစ်ကျော်ပြီ ဖြစ်သည်။ထို့ကြောင့် “ အမြင့်ဆင့်နတ်ဆိုး ” သို့ ယခုမှ တက်လှမ်းလာသူ၏ ရှေ့၌ အားနည်းချက် ထုတ်မပြချင်ပေ။မီကတ်စ်သည် နတ်ဆိုးမီးတောက်ကို အလျင်အမြန် တောက်လောင်စေလိုက်ပြီး ထပ်ထိုးတော့သည်။ချန်လွေ့သည် နောက်သို့ နှစ်လှမ်း ဆုတ်သွားသည်။ချန်လွေ့ ပြန်တိုက်ခိုက်တော့မည့်အချိန်တွင် နံရိုးအောက်ပိုင်းကို တိုက်ခိုက်ခံလိုက်ရပြီး ချန်လွေ့၏ ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရှားသွားသည်။ ချန်လွေ့ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထိပ်တိုက် ရင်ဆိုင်တော့သည်။
၎င်းသည် ပြိုင်ကွင်းထဲ၌ ရီကာနှင့် တိုက်ခိုက်ခဲ့သည့် ပုံစံမျိုးနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။သို့သော်လည်း ဖိအားနှင့် ဖျက်ဆီးမှု စွမ်းအားတို့မှာတော့ လုံးဝခြားနားလှသည်။ သူတို့ တိုက်ခိုက်နေရင်း ရွေ့လျားကြသည့်အတွက် သစ်တောထဲရှိ သစ်ပင်များ ပျက်စီးသွားကြသည်။ထိုကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုထဲတွင် ချန်လွေ့သည် အထိုးအကြိတ် အနည်းငယ် ခံရသော်လည်း သူ၏အသစ်ရထားသည့် စွမ်းအားကို ဖြည်းဖြည်းချင်း ကျင့်သားရလာသည်။အစပိုင်းတွင် ဖိနှိပ်ထားသည့် ပုံစံဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အခြေအနေသည် ရှေ့မဆိုးသာ နောက်မဆုတ်သာ ဖြစ်သွားသည်။ထို့ပြင် ချန်လွေ့၏ အမြန်နှုန်း နှင့် ခန္ဓာကိုယ် ဝိသေသလက္ခဏာများ၏ အားသာချက်များသည် စတင်ပေါ်လွင်လာသည်။
မီကတ်စ်သည် တိုက်ခိုက်နေရင်း ပို၍ကြောက်လာသည်။သူကိုယ်တိုင် မမြင်ရလျှင် ဤစွမ်းအားသည် နေ့တစ်ပိုင်းသာ မကြာသေးသည့် အမြင့်ဆင့်နတ်ဆိုး၏ စွမ်းအားဟု ယုံကြည်လိမ့်မည် မဟုတ်ပေ။ယခင်က ချန်လွေ့ကို တော်ဝင်မိသားစု ဖြစ်လိမ့်မည်ဟု မီကတ်စ် ထင်ထားခဲ့သည်။သို့သော်လည်း တော်ဝင်မိသားစု၏ ထူးခြားသည့် တိုက်ပွဲ ဖိနှိပ်ခြင်းကို မခံစားခဲ့ရပေ။ထို့ပြင် ဤမျက်နှာကို သူတစ်နေရာရာ၌ ဖြစ်ဖူးသလို ရှိနေသည်။သို့သော်လည်း ချက်ချင်း မမှတ်မိပေ။
မီကတ်စ် အနည်းငယ် အာရုံထွေပြားစဉ်တွင် ပြိုင်ဘက်ဖြစ်သူသည် အခွင်ကောင်းယူပြီး မျက်နှာကို ပြင်းပြင်းထန်ထန် ထိုးပစ်ခဲ့သည်။မီကတ်စ် နောက်သို့ဆုတ်သွားသည့်အခါ ချန်လွေ့သည် မီကတ်စ် နောက်သို့ ရောက်သွားသည်။ချန်လွေ့သည် မီကတ်စ်၏ လက်ကို ကိုင်ပြီး အဝေးသို့ ဆွဲပစ်လိုက်သည်။မီကတ်စ်သည် ကျောဘက်၌ စူးရှသည့် နာကျင်မှု တစ်ခု ခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ရန် ကြိုးစားလိုက်ချိန်တွင် နံရိုးအောက်ပိုင်း၌ တစ်ခုခု ခံစားရလိုက်သည်။သူ အကန်ခံလိုက်ရပြန်ပြီ ဖြစ်သည်။မီကတ်စ် အချိန်မီ တယ်လီပို့ မခုန်နိုင်လျှင် ဆက်တိုက် အတိုက်ခံရပေမည်။
မီကတ်စ်သည် ခုနကပင် ထိုကဲ့သို့ တိုက်ကွက်ဖြင့် ချန်လွေ့ကို တိုက်ခိုက်ခဲ့သည်။ ထိုအတိုင်း တိုက်ခိုက်ခံရမည်ဟု သူ မထင်ထားခဲ့ပေ။ထို့ပြင် တော်တော်လေးလည်း ခံစားလိုက်ရသည်။၎င်းသည် “ မိုင်ဇာ ” စွမ်းအားကို ချန်လွေ့ ပို၍အသားကျ လာခြင်းဖြစ်ကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။ထို့ပြင် ချန်လွေ့၏ အမြန်နှုန်း အားသာချက်သည်လည်း ပိုထင်ရှားလာပြီး စိတ်ရှိသလို တိုက်ခိုက်နိုင်နေသည်။
ချန်လွေ့သည် ကြယ်စွမ်းအားကိုသုံးပြီး အသက်ရှူငြိမ်အောင် ထိန်းချုပ်လိုက်သည်။ အခြေအနေသည် အတော်လေး တိုးတက်သွားသော်လည်း ချန်လွေ့ အဆင့်တက်သည်မှာ တစ်နာရီပင် မကျော်သေးသည့်အတွက် သူ၏ စွမ်းအားအပြည့်အစုံသည် အနည်းငယ် နိမ့်ကျနေသေးသည်။ခုနကတိုက်ခိုက်မှုတွင် သက်လုံ တော်တော်ကုန်ခမ်းသွားသည်။ ထို့ကြောင့် [ အရှိန်အဝါဓားသွား ] ကိုသုံးပြီး မီကတ်စ်ကို အလစ်တိုက်ရန် တွေးလိုက်သည်။
မီကတ်စ်သည် အဝေးတစ်နေရာသို့ တယ်လီပို့ခုန်လိုက်သည်။သူ၏ခွန်အား အကြီးအကျယ် ကုန်ဆုံးသွားကြောင်း ခံစားလိုက်ရသည်။မီကတ်စ်သည် နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်ကာ မောဟိုက်နေသည်။သူ၏ နှလုံးသားထဲရှိ ဒေါသနှင့် အရှက်တို့သည် အဆုံးစွန်ထိ ရောက်ရှိသွားသည်။ အစက ပုရွက်ဆိတ်လို ကောင်လေးက ငါ့ကို ဒီလောက်ထိ ထိခိုက်အောင် လုပ်နိုင်တယ်။ငါသူ့ကို ဒီည မသတ်လိုက်ရင် သူ့ကို ရပ်တန့်လို့ရမှာ မဟုတ်တော့ဘူး။
မီကတ်စ်၏ လက်ထဲ၌ လက်နက်တစ်ခုပေါ်လာသည်။ထိုလက်နက်သည် အနက်ရောင် ချိန်းကြိုးဖြစ်ပြီး နှစ်ဖက်စလုံး၌ အရိုးတိုသော ကောက်ရိတ်ဓားထက်ထက်များ ရှိနေသည်။ မီကတ်စ်ကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည်လည်း လောင်ကျွမ်းနေပြီး ချိန်းကြိုးပေါ်ရှိ အနီရောင်အလင်းပြန်နေသည်ကို မြင်နိုင်သည်။မီကတ်စ်သည်ချိန်းကြိုးကို အမြန်လှည့်လိုက်ရာ ပူလောင်သည့် လေပြင်း ဖြစ်သွားစေပြီးပတ်လည်ရှိ မြေသားနှင့် ကျောက်တုံးများကို လေပေါ်ပျံသွားစေသည်။ကောင်းကင်ပေါ်ရှိ လနှစ်စင်းသည် ခဏတာ ဝေဝါးသွားသကဲ့သို့ပင် ဖြစ်သွားသည်။
“ အက်ဂ်ယော။သေပေတော့။ ”