ရေကန်ပြာ။ရွိုင့်စ် ခြေလှမ်းမှားခြင်း
Vol. 5 Ch. 69
နဂိုကချန်လွေ့သည် အချိန်ဆွဲပြီး ဒဏ်ရာပြန်ကောင်းရန် ရည်ရွယ်ထားခဲ့သည်။ရွိုင့်စ် ခုန်ဝင်လာသည်ကိုချန်လွေ့မြင်လိုက်သည်။၎င်းအတွက် ချန်လွေ့စိတ်ထဲ၌ ပြင်ဆင် ထားခဲ့သည်မှာ ကြာလေပြီ။ထို့နောက် ချန်လွေ့ အော်ပြောလိုက်သည်။
“ [ အရှိန်အဝါဓားသွား ] ”
ချန်လွေ့သည် လျို့ဝှက်တိုက်ကွက်ကိုသုံး၍ မီကတ်စ်ကို နှစ်ပိုင်းပိုင်းခဲ့ကြောင်း ရွိုင့်စ် တွေ့ထားသည့်အတွက် အထင်မသေးရဲပေ။ရွိုင့်စ် အလျင်အမြန်ပင် အာရုံစိုက်ပြီး စောင့်နေလိုက်သည်။သို့သော်လည်း ၎င်းသည် ဟန်ပြတိုက်ကွက် ဖြစ်နေမည်ဟု သူ မထင်ထားခဲ့ပေ။ချန်လွေ့သည် ဆန့်ကျင်ဘက်သို့ အမြန် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ရွိုင့်သည် အထင်သေးစွာဖြင့် ပြုံးလိုက်သည်။သူ၏ခန္ဓာကိုယ်ကို ခန္ဓာကိုယ် လှုပ်ရမ်းလိုက်ပြီး အမြန်လိုက်သွားသည်။ရွိုင့်စ်သည် ခုနက မီကတ်စ်၏ ခံစားချက်များကို တဖြည်းဖြည်း နားလည်လာသည်။ ဒီ အက်ဂ်ယော...ဒါမှမဟုတ် ချန်လွေ့လို့ခေါ်ရမလား။ သူက တော်တော်လေးကို ကိုင်တွယ်ရတာ ခက်ခဲတယ်။အမြင့်ဆင့်နတ်ဆိုးဆီ မရောက်သေးခင် သူ့ရဲ့အမြန်နှုန်းက အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းလောက်ပဲ ရှိသေးတယ်။ အဲဒါကြောင့် ငါလည်း ဂရုမစိုက်မိခဲ့ဘူး။အခုသူ အဆင့်တက်သွားပြီဆိုပေမဲ့ သူ့အမြန်နှုန်းက ငါ့ထက်နိမ့်ကျသေးတယ်။ဒါပေမဲ့ သူက တကယ့်ကို ဉာဏ်များတယ်။ ငါသူ့ကို တစ်ခါတည်း မမှီနိုင်ဘူး။
သို့သော်လည်း ချန်လွေ့သည် မြို့ဘက်ဖို့ ထွက်ပြေးနေသည် မဟုတ်သည့်အတွက် ရွိုင့်စ် မစိုးရိမ်နေပေ။အကယ်၍ ချန်လွေ့သာ မြို့ထဲရှိ နန်းတော်ဆီ ထွက်ပြေးသွားခဲ့လျှင် သူ့ကို တော်ဝင်မင်းသမီး ရှီရာ ကာကွယ်ပေးထားသည့်အတွက် ရွိုင့်စ်ပင် မဆင်မခြင် လုပ်ရဲမည် မဟုတ်ပေ။
ယခုတွင် ချန်လွေ့သည် ဒဏ်ရာအပြင်းအထန် ရထားပြီး ပျာယာခတ်နေသည်။သက်လုံကို မစဉ်းစားဘဲ အရှိန်ကုန် ထွက်ပြေးနေသည့်အတွက် သူမကြာခင် အားကုန်သွားပေမည်။ ရွိုင့်စ်သည် အတွေ့အကြုံရင့်ကျက်သည်။ချန်လွေ့ကို သူအလွယ်တကူ အနိုင်ယူနိုင်သည်ဟု ယုံကြည်သည့်အတွက် လောမနေပေ။နောက်မှ တည်တည်ငြိမ်ငြိမ် လိုက်လာပြီး ချန်လွေ့အားကုန်သွားသည့်အချိန်၌ ဖမ်းဆီးရန်အတွက် စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။
ချန်လွေ့တွင် အရှိန်အဝါ မရှိတော့သည့်အတွက် ဆေးရည်မည်းများနှင့် လဲလှယ်၍ မရတော့ပေ။ထို့ပြင် ချန်လွေ့သည် ခုနကမှ ကုသဆေးရည်ကို သောက်ထားသည့်အတွက် အခြားဆေးရည်တစ်ခု သောက်လျှင်လည်း အကျိုးရှိလိမ့်မည် မဟုတ်ပေ။ချန်လွေ့သည် အသားကုန် ပြေးနေရတော့သည်။နောက်ဆုံး၌ ရေကန်ပြာသည် သူ၏အရှေ့၌ ပေါ်လာသည်။ချန်လွေ့သည် သက်လုံကို မစဉ်းစားဘဲ အရှိန်ကုန်ပြေးလာသည့်အတွက် ဒဏ်ရာများ၌ သွေးများ ပြင်းပြင်းထန်ထန် ထွက်လာသည်။အထူးသဖြင့် ညာဘက်ရင်ဘတ်ရှိ အပြင်းထန်ဆုံး ဒဏ်ရာမှဖြစ်သည်။[ နက္ခတ်သဏ္ဍာန် ] ၏ အတွင်းစွမ်းရည်ဖြင့်ပင် အချိန်မီ မကုသနိုင်ပေ။
“ ရွိုင့်စ် ”
ချန်လွေ့ ရုတ်တရက် ရပ်လိုက်ပြီး နောက်လှည့်ကာ အော်ပြောလိုက်သည်။
“ ငါ့နောက်မလိုက်နဲ့တော့။ ”
“ အိုး။နောက်ဆုံးတော့ မင်းမပြေးနိုင်တော့ဘူးလား။အခုဆိုရင်မင်းမှာ လျို့ဝှက် တိုက်ကွက်သုံးဖို့တောင် စွမ်းအင်မရှိတော့ဘူး မဟုတ်လား။ ”
ချန်လွေ့နောက်မှ ရွိုင့်စ်လည်း ရပ်နေလိုက်ပြီး မောဟိုက်နေသည့် ချန်လွေ့ကို ကြည့်နေလိုက်သည်။ချန်လွေ့ အားအင်ကုန်ခမ်းနေပြီဖြစ်ကြောင်းကို သိသည့်အတွက် ရွိုင့်စ် လောမနေပေ။
“ မင်းသေချာ စဉ်းစားပြီးပြီလား။မင်းထပ်ပြီး မခံစားချင်တော့ဘူးလား။ဒါမှမဟုတ် နောက်ဆုံးအကြိမ်အဖြစ် တိုက်ခိုက်ချင်တာလား။မီကတ်စ်ကို ရင်ဆိုင်တုန်းက မင်းရဲ့ စွမ်းဆောင်ရည်ကိုကို ကြည့်ရရင် မင်းက အလျှော့မပေးတတ်တဲ့သူပဲ။ နောက်ဆုံး တစ်ခုကို မင်းရွေးမှာပဲ။ဒါပေမဲ့ ငါမင်းကို သတိပေးလိုက်မယ်။ငါက မီကတ်စ် မဟုတ်ဘူး။မင်းမှာ ဘာအခွင့်အရေးမှ မရှိဘူး။ ”
“ ဒါပေမဲ့..ငါမင်းကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်။ ”
ရွိုင့်စ် ပုခုံးတွန့်ပြလိုက်သည်။
“ အမှန်အတိုင်းပြောရရင် ငါမင်းရဲ့ အစွမ်းနဲ့ ဉာဏ်ပညာကို လေးစားမိတယ်။မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ဘာရည်ရွယ်ချက်ပဲရှိရှိ ကျွန်-သခင် စာချုပ်ချုပ်ပြီးတော့ ငါ့ကို အညံ့ခံမယ်ဆိုရင် ငါမင်းကိုအသက်ချမ်းသာပေးနိုင်တယ်။ တချို့ရည်ရွယ်ချက် တွေကိုပါ...ငါကူညီပေးကောင်း ပေးနိုင်တယ်။ဒါကမင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ စဉ်းစားဖို့အချိန် တစ်မိနစ်ပေးမယ်။မင်းငြင်းမယ်ဆိုရင်တော့ ငါမထိန်းထားတော့ဘူး။ မင်းကို အစွမ်းကုန် တိုက်ခိုက်မယ်။ ”
“ ငါလည်း မင်းကို စဉ်းစားဖို့ အချိန်တစ်မိနစ် ပေးမယ်။အညံ့ခံမလား။သေမလား။ ”
ချန်လွေ့ မောဟိုက်နေသည်။သို့သော်လည်း အမှန်တကယ်ပင် ရယ်မော နေလေသည်။ချန်လွေ့သည် ရေကန်ကို လက်ညှိုးထိုးပြလိုက်သည်။
“ရေကန်ပြာဆီကို ငါဘာလို့ ထွက်ပြေးလာခဲ့လဲဆိုတာကို မင်းသိလား။ ”
ရွိုင့်စ် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။
“ ငါ့ရဲ့ဉာဏ်ပညာကို မစော်ကားနဲ့။တမင်တကာ လျို့ဝှက်ဆန်းကြယ်အောင်လုပ်တာက ဘာမှအဓိပ္ပာယ်မရှိဘူး။ငါ့ကိုသတ်ဖို့ ရေကန်ပြာမှာ ချိပ်ပိတ်ထားတဲ့နဂါးကို ဆင့်ခေါ်နိုင်တယ်လို့ မင်းပြောချင်တာလား။တကယ်တော့ မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် ငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ရင်တောင် မင်းဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။မင်းမှာအခု စက္ကန့်၄၀ပဲ ကျန်တော့တယ်။ ”
“ ပါ့ဂ်လီအို ”
ချန်လွေ့ ချက်ချင်း အော်ဟစ်လိုက်သည်။
“ သောက်ရူး။ခင်ဗျားအခု မပေါ်လာသေးရင် ကျုပ်ကိုယ်ကျုပ် သတ်ပစ်မှာနော်။ ”
“ ပါ့ဂ်လီအို ဟုတ်လား။ ”
ရွိုင့်စ် မျက်မှောက်ကြုတ်လိုက်သည်။
“ အဲ့ဒါက ရေကန်ပြာထဲမှာ အိပ်နေတဲ့ နဂါးကို မင်းပေးထားတဲ့ နာမည်လား။ အချိန်မဖြုန်း..... ”
ရွိုင့်စ်၏ ဉာဏ်ပညာသည် ထူးချွန်လှသည်။ပုံမှန်အတိုင်းစဉ်းစားလျှင် ချန်လွေ့သည် လက်ရှိအခြေအနေ၌ အခွင့်အရေး လုံးဝမရှိပေ။ပြဿနာမှာ ဤလူသားကို ပုံမှန်အမြင်ဖြင့် ဆုံးဖြတ်၍မရခြင်းပင် ဖြစ်သည်။ထို့ကြောင့် ဉာဏ်ကောင်းသူများသည်လည်း သူတို့၏ ဉာဏ်ပညာဖြင့် အရူးလုပ်ခံရလိုက်နိုင်သည်။
စကားပြောမပြီးသေးခင်မှာပင် မဟာနတ်ဆိုး၏နောက်၌ ကျယ်လောင်သည့် အသံတစ်သံ ထွက်လာသည်။
“ တော်တော်ဆိုးဝါးတဲ့ လူသားပဲ။မင်း တကယ်ပဲ ဒီလိုနည်းလမ်းကိုသုံးပြီးတော့ နဂါး တစ်ကောင်ကို ခြိမ်းခြောက်တယ်ပေါ့။ဒီလိုလုပ်တာ သမိုင်းထဲမှာ မင်းက ပထမဆုံးပဲ။ ”
ရွိုင့်စ်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။အမြင့်ဆင့်နတ်ဆိုး ဖြစ်သော်လည်း ထိုသူသည် နောက်ဘက်သို့ ဘယ်အချိန်ကလာခဲ့ကြောင်းကို ရွိုင့်စ် အမှန်တကယ် မသိလိုက်ပေ။ထို့နောက် ရေကန်ပြာနဂါးအကြောင်းကို ရွိုင့်စ် တွေးမိသွားသည်။သူ့ကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက် ချက်ချင်း လောင်ကျွမ်းသွားပြီး တယ်လီအမြန်ပို့ခုန်လိုက်သည်။ရွိုင့်စ်၏ ပထမဆုံးတုံ့ပြန်မှုမှာ တိုက်ခိုက်ရန်မဟုတ်ဘဲ ထွက်ပြေးရန်ပင် ဖြစ်သည်။ထိုနဂါးသည် အမှန်တကယ် နိုးထလာခဲ့လျှင် အမြင့်ဆင့် နတ်ဆိုးကို မဆိုထားနှင့်။နတ်ဆိုးဘုရင်များပင် ယှဉ်နိုင်မည် မဟုတ်ပေ။
ရွိုင့်စ်သည် စွမ်းအားအပြည့်ဖြင့် တယ်လီပို့ခုန်လိုက်ပြီး ဆယ်မီတာအကွာသို့ ရောက်သွားသည်။သို့သော်လည်း ထိုအသံသည် ရွိုင့်စ်နောက်တွင် ရှိနေသေးသည်။
“ သနားစရာ သေမင်းလေး။ဆရာသခင် ပါ့ဂ်လီ ကြည့်ရအောင် ထပ်ပြီး တယ်လီပို့ ခုန်လိုက်ပါဦးလား။ ”
ရွိုင့် ရင်မောသွားပြီး နောက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်ရာ အနက်ရောင် ဆံပင်တို၊အသားညိုညိုရှိသည့် ယောက်ျားတစ်ယောက် ပြုံးဖြီးဖြီးလုပ်နေသည်ကို တွေ့လိုက်ရသည်။ရွိုင့်စ် နှာမှုတ်လိုက်ပြီး နတ်ဆိုးမီးတောက်များ တောက်ပသွားသည်။ သူ့လက်ထဲ၌ အနီရောင် ဓားရှည်နှစ်လက်ပေါ်လာပြီးချက်ချင်းပင် တစ်ခုနှင့်တစ်ခု ထပ်သွားကာ နတ်ဆိုးဘုံရှိ နာမည်ကြီး နတ်ဆိုးစား ပန်းနီနှင့်တူသော ဧရာမပန်းနီ ပုံသဏ္ဍာန် ဖြစ်သွားကာ ပါ့ဂ်လီအိုကို ဖုံးလွှမ်းသွားသည်။ပထမတစ်ချက်တည်းနှင့် ရွိုင့်စ်သည် အစွမ်းကုန် သုံးခဲ့လေသည်။
သို့သော်လည်း ထိုဧရာမပန်းသည် ချက်ချင်း အစိတ်စိတ်ဖြစ်သွားကာ အဆိပ်နဂါး၏အသံ ထွက်ပေါ်လာသည်။
“ အစကတည်းကနေ မင်းရဲ့ အနှိုင်းမဲ့တိုက်ကွက်ကို သုံးလိုက်တာလား။မင်းရဲ့ ဆုံးဖြတ်ချက်က တော်တော်လေး တိကျပါတယ်။ကံမကောင်းတာက မင်းက အားနည်းလွန်းနေတာပဲ..... ”
ထို့နောက် ရိုက်နှက်သည့် အသံထွက်လာပြီး ရွိုင့်စ်၏ပုံရိပ် လွင့်ထွက်သွားကာ ချန်လွေ့ရှေ့ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျလာသည်။ရွိုင့်စ်သည် မောဟိုက်နေရင်း ပါးစပ်ကို ဖုံးထားလိုက်သည်။ထို့နောက် အံကြိတ်ကာ မတ်တပ်ရပ်လိုက်သည်။ သူ၏ကိုယ်ပေါ်ရှိ မီးတောက်လည်း မှိန်သွားသည်။
ရွိုင့်စ် အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ချန်လွေ့ကို သူ ဓားစာခံ လုပ်ချင်ခဲ့သည်။ သို့သော်လည်း ပါ့ဂ်လီအို၏ပုံရိပ်သည် သူ့ရှေ့၌ ပြန်ပေါ်လာပြီး လေထဲသို့ ကန်ထုတ်ခံလိုက်ရသည်။ထို့နောက်တွင် ပါ့ဂ်လီအိုသည် ရိုင့်စ်အား လေထဲမှာပင် ပြင်းထန်စွာ ရိုက်ချလိုက်သည်။၎င်းတို့သည် သာမန် တိုက်ခိုက်မှုဟုသာ ထင်ရသော်လည်း ရွိုင့်စ်ကို အပြင်းအထန် ထိခိုက်သွားစေပြီး မထနိုင်တော့ပေ။
ပါ့ဂ်လီအို မည်မျှလောက် အစွမ်းထက်ကြောင်းကို ချန်လွေ့ နောက်ဆုံးတော့ နားလည်သွားလေပြီ။ချိပ်ပိတ်ကြောင့် ပါ့ဂ်လီအို၏ အစွမ်းသည် မဟာနတ်ဆိုးဘုရင် အဆင့်သာ ရှိသည်။အကယ်၍ ချိပ်ပိတ်ကို ပယ်ဖျက်နိုင်ခဲ့လျှင် ပါ့ဂ်လီအို.....
နတ်ဆိုးဘုံတွင် ပါ့ဂ်လီအိုတစ်ယောက်တည်းသာ နတ်ဆိုးအရှင်သခင် စွမ်းအားကို ပိုင်ဆိုင်သည် မဟုတ်ပေ။သွေးရောင်အင်ပါယာရှိ မဟာရိုင်ဇန်သည် အစွမ်းထက်ဆုံး နတ်ဆိုးရှင်ဘုရင်ဖြစ်ပြီး အရိပ်နက်အင်ပါယာရှိ မဟာကတ်သရင်းသည်လည်း ထိုကဲ့သို့ စွမ်းအားရှိသည်။ထို့ပြင် ပါ့ဂ်လီအိုကို ချိပ်ပိတ်ခဲ့သည် ကြောက်စရာယောက်ျား တစ်ယောက်လည်း ရှိသေးသည်။အခုတွင် ချန်လွေ့၏ ရန်သူများမှာ အမြင့်ဆင့် နတ်ဆိုးများသာ ဖြစ်ကြသည်။ထို့နောက်တွင် ချန်လွေ့ ရင်ဆိုင်ရသည်မှာ နတ်ဆိုးဘုရင်၊မဟာနတ်ဆိုးဘုရင်၊နတ်ဆိုးဧကရာဇ်......
ချန်လွေ့ ကြောက်မနေဘဲ တိုက်ခိုက်ချင်စိတ်များ ပြည့်ဝနေသည်။သူ ဇွဲလုံ့လထားပြီး ကြိုးစားလေ့ကျင့်လျှင် ဒဏ္ဍာရီလာ အစွမ်းထက်သူတစ်ယောက် ဖြစ်လာမည်မှာ အိပ်မက် မဟုတ်တော့ပေ။လက်ရှိတွင် ချန်လွေ့သည် မိုင်ဇာအခြေအနေသို့ အောင်အောင်မြင်မြင် ရောက်ရှိသွားပြီး မဟာနတ်ဆိုး မီကတ်စ်ကို သတ်ပစ်နိုင်ခဲ့သည်။လွန်ခဲ့သော သုံးလေးလ ကဆိုလျှင် ချန်လွေ့သည် မည်သည့်စွမ်းအားမှ မရှိသည့် အားနည်းသော လူတစ်ယောက်သာ ဖြစ်သည်။
“ ဟေး။နေ့ခင်းကြောင်တောင် အိပ်မက် မက်မနေနဲ့။ ”
အဆိပ်နဂါး၏ အသံသည် ချန်လွေ့၏ အတွေးများကို နှောင့်ယှက်လိုက်သည်။
“ ဒါကမင်းပြောတဲ့ မဟာနတ်ဆိုးလား။သူက တော်တော်အားနည်းတာပဲ။သူ့ကို သတ်လိုက်ရန် စစ်ပွဲစာချုပ်ကို စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား။ ”
“ သူမဟုတ်ဘူး။တခြား မဟာနတ်ဆိုး တစ်ယောက်။ ”
ချန်လွေ့ ခေါင်းခါပြီး အရှက်မဲ့စွာ လက်ဖြန့်တောင်းလိုက်သည်။
“ ကျုပ်ကို ကျောက်စိမ်းပုလဲ တစ်လုံးပေး။ကျုပ်သေလုနီးပါးဖြစ်နေတာ မတွေ့ဘူးလား။ ”
ကျောက်စိမ်းပုလဲသည် အဆိပ်ဖြေနိုင်သည်သာမက ဒဏ်ရာများကိုလည်း ကုသနိုင်သည်။ ၎င်းသည် ကုသဆေးရည်ထက် ပို၍အကျိုးသက်ရောက်မှု ရှိသည်။ထို့ပြင် ကုသဆေးရည် များသည် ပြန်လည်းအသုံးပြုနိုင်ချိန် ကြာသည့် အဆင့်နိမ့် ဆေးရည်များ ဖြစ်ကြသည်။ အချိန်မပြည့်သေးသည့်အတွက် ဆေးရည်သောက်လျှင် အကျိုးမရှိနိုင်ပေ။
“ သေလုနီးပါးဖြစ်နေတာဆိုရင် မင်းကဘာလို့ ဒီလောက် တက်ကြွနေရတာလဲ။မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တယ်လို့ ပြောခဲ့တယ်မလား။အခုငါ့ရှေ့မှာ သေပြလေ။ ”
ထိုသို့ ပတ်ဂ်လီအို ပြောလိုက်သော်လည ကျောက်စိမ်းပုလဲတစ်လုံး ပစ်ပေးကာ ချန်လွေ့ကို ခဏကြည့်လိုက်သည်။ရုတ်တရက် သူ၏အသံတွင် အံ့ဩမှုများ ပြည့်သွားသည်။
“ အခုမင်းရဲ့ စွမ်းအားက.....အမြင့်ဆင့် နတ်ဆိုးလား။ ”
“ ဟုတ်တယ်။ကျုပ် မကြာသေးခင်ကပဲ အဆင့်တင်သွားတာ။ပြီးတော့ အမြင့်ဆင့်နတ်ဆိုး တစ်ယောက်ကိုတောင် သတ်ခဲ့တယ်။ဒါပေမဲ့ သူက တော်တော်လေး ဉာဏ်များတယ်။ နောက်ဆုံး၌ သူထွက်လာတာ။သူဖမ်းတာ မိတော့မလို့ပဲ။ ”
ချန်လွေ့သည် ကျောက်စိမ်းပုလဲကို သောက်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
“ ခင်ဗျားက တော်တော် ကပ်စီးနဲတာပဲ။ကျုပ်ကို တစ်လုံးပဲပေးတယ်။ပြီးတော့ အရသာလည်း မကောင်းဘူး။ဒါကို နည်းနည်း အဆင့်မြှင့်လို့ မရဘူးလား။ ”
“ ဒါက သကြားလုံးများ မှတ်နေတာလား။တော်တော်လောဘကြီးတဲ့ကောင်ပဲ။ ”
ပါ့ဂ်လီအို စိတ်ရှုပ်သွားပုံရသည်။
“ နှစ်လတည်းနဲ့ မင်းက တကယ်ပဲ အလယ်ဆင့်နတ်ဆိုးကနေ အမြင့်ဆင့်နတ်ဆိုးကို ရောက်သွားတယ်။မင်းဘာလို့အမြဲတမ်း ကံကောင်းရတာလဲ။မဟာဆရာသခင်ရဲ့ အမွေအနှစ်လိုမျိုး ရှားပါးတာတွေကိုတောင် မင်းရခဲ့တယ်။အိုး။ဟုတ်သားပဲ။ မင်းပြောခဲ့သလိုပဲ။ကောင်းတာတွေက မင်းအပေါ် ဖြုန်းတီးနေတာပဲ။ ”
မြေပြင်ပေါ်သို့ လဲကျနေသည့် ရွိုင့်စ်သည် သတိလစ်မနေပေ။သူ အရဲစွန့်ပြီး တယ်လီပို့ခုန်ကာ ထွက်ပြေးချင်ခဲ့သည်။သို့သော်လည်း သူ မစွမ်းဆောင်နိုင်ပေ။သူ၏ ခွန်အားကိုသာ အသုံးပြု၍မရပေ။၎င်းသည် အဆိပ်နဂါး၏ အဆိပ်တစ်မျိုးမျိုးကြောင့် ဖြစ်ပေမည်။ထို့ပြင် ပါ့ဂ်လီအို၏ စကားတိုင်းသည် ရွိုင့်စ်ကို တုန်လှုပ်စေခဲ့သည်။
ရေကန်ပြာရဲ့ အဆိပ်နဂါးက တကယ်ပဲ ချိပ်ပိတ်ကို ချိုးဖောက်ပြီးတော့ နိုးထလာပြီ။
တကယ့်ကို အက်ဂ်ယောက ချန်လွေ့ဆိုတဲ့ လူသားပဲ။
အဆိပ်နဂါးနဲ့ ချန်လွေ့တို့ရဲ့ ပတ်သက်မှုက လုံးဝကို မရိုးရှင်းဘူး။
အလယ်ဆင့်နတ်ဆိုးကနေ အမြင့်ဆင့်နတ်ဆိုးကို ရောက်ဖို့အတွက် ချန်လွေ့ အချိန်နှစ်လပဲ ယူလိုက်ရတယ်။
မဟာဆရာသခင်ရဲ့ အမွေအနှစ်ဆိုတာက ဘာများလဲ။ဧကန္တ... တကယ့် မဟာဆရာသခင်က အဲဒက်စ် မဟုတ်ဘဲနဲ့.....
ဒီ စွမ်းအားမရှိပုံပေါ်တဲ့ လူသားမှာ တုန်လှုပ်စရာ လျို့ဝှက်ချက်တွေ ဘယ်လောက်များ ရှိနေတာလဲ....
သို့သော်လည်း ရွိုင့်စ်အရှေ့၌ လျို့ဝှက်ချက်အများကြီးကို ပြောရခြင်းသည် အဆိပ်နဂါးက သူ့ကို အလွတ်ပေးမည် မဟုတ်သည်မှာ အသေအချောပင် ဖြစ်ကြောင်း ရွိုင့်စ် သိသည်။
ဒီလိုမှန်းသာသိရင် လမ်းကတည်းကနေ ချန်လွေ့ကို အားကုန်သုံးပြီး သတ်လိုက်မှာပဲ။ အခုတော့ နောင်တရလို့ ဘာမှ မထူးတော့ဘူး။ဒါပေမဲ့ ငါ လက်မခံချင်သေးဘူး။
“ ဆရာသခင် အဆိပ်နဂါး ”
ရွိုင့်စ်သည် ခဏစဉ်းစားပြီး နောက်ဆုံး၌ စကားပြောလိုက်သည်။
“ ကျုပ်က သေရမှာကို ကြောက်တဲ့သူ မဟုတ်ပါဘူး။ဒါပေမဲ့ ဒီအတိုင်း မသေသွားချင်ဘူး။ကျုပ် အညံ့ခံမယ်ဆိုရင် အသက်ရှင်ခွင့် ပေးမှာလား။ ”
နတ်ဆိုးဘုံတွင် စွမ်းအားကြီးသူထံ၌ အညံ့ခံခြင်းသည် အရှက်ရစရာ မဟုတ်ပေ။ အထူးသဖြင့် ပါ့ဂ်လီအိုကဲ့သို့ အစွမ်းထက်နဂါး တစ်ယောက်ထံ၌ ဖြစ်သည်။
ပါ့ဂ်လီအိုသည် ရွိုင့်စ်သည် စိတ်ဝင်တစား ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ မင်းရဲ့စွမ်းအားက နည်းနည်းတော့ ဆိုးတယ်။ဒါပေမဲ့ မင်းရဲ့ တုံ့ပြန်မှုနဲ့ ဦးနှောက် ကတော့ မဆိုးဘူး။မင်း အညံ့ခံတာကို ငါလက်ခံတယ်။ ”
ရွိုင့်စ် သက်ပြင်းချလိုက်သည့်အခါ အဆိပ်နဂါးသည် လေသံပြောင်းပြီး ချန်လွေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ ဒါပေမဲ့ မင်းစာချုပ်ချုပ်ရမယ့် သခင်က ငါနဲ့ မဟုတ်ဘူး။ဒီကောင်နဲ့ စာချုပ်ချုပ်ရမယ်။ ”
ရွိုင့်စ်၏ မျက်လုံးထဲ၌ ဒေါသများ ပြည့်နှက်သွားပြီး တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်သည်။ ပါ့ဂ်လီအိုသည် ရွိုင့်၏ ဝိရောဓိကို သတိထားမိပြီး ပြောလိုက်သည်။
“ ဒီလူသားက မင်းထက်အားနည်းပြီးတော့ သူ့ဆီမှာ အညံ့ခံရတာက ရှက်စရာ ကောင်းတယ်လို့ ထင်နေတာလား။တစ်လပြီးရင် သူမင်းကို အေးဆေးတက်နင်းနိုင်မယ်လို့ ငါမင်းကို ပြောရဲတယ်။ ”
အက်ဂ်ယော၏ မြန်ဆန်သည့် တိုးတက်နှုန်းနှင့် တစ်လအကြာတွင် အရတ်စ်နှင့် စိန်ခေါ်ပွဲရှိသည်ကို ရွိုင့်စ်တွေးလိုက်ပြီး သူ၏စိတ် စတင်ပြောင်းလဲလာသည်။ ထိုအချိန်တွင် အဆိပ်နဂါးသည် အံ့ဩစရာကောင်းသည့်အရာတစ်ခုကို ထပ်ပြောလိုက်ပြန်သည်။
“ ငါမင်းကိုပြောပြမယ်။သူနဲ့ငါကြားမှာရှိတဲ့ စာချုပ်က ညီတူမျှတူစာချုပ် မဟုတ်ဘူး။ သဟဇီဝ စာချုပ်ပဲ။သာမန်လူတစ်ယောက်က စာချုပ်တစ်ခုကိုပဲ သယ်ဆောင်နိုင်တယ်။ ဒါပေမဲ့ ဒီကောင်ကတော့ တကယ့်လူထူးဆန်း။သူ့မှာအခု စာချုပ်နှစ်ခု ရှိနေပြီ။ ”
ရွိုင့်တုန်လှုပ်သွားပြီး ပါ့ဂ်လီအို၏ တည်ငြိမ်နေသည့်မျက်နှာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ထို့နောက် သူ၏မျက်လုံးများသည် ချန်လွေ့ဆီသို့ ကျရောက်လာသည်။ အဆိပ်နဂါးလို အစွမ်းထက်တဲ့ နဂါးမျိုးနွယ်နဲ့ သဟဇီဝစာချုပ် ချုပ်နိုင်လောက်အောင် ဒီလူသားမှာ ဘာစွမ်းအားတွေ ရှိနေတာလဲ။ဒါဆို သူရဲ့သက်တမ်းက နှစ်ပေါင်း သုံးလေးသန်းအထိ ရှိနိုင်တယ်လို့ ဆိုလိုတာ မလား။
အဆိပ်နဂါးက ဒီလိုလျို့ဝှက်ချက်ကိုတောင် ပြောတယ်ဆိုတော့ အညံ့မခံဘူးဆိုရင် ငါတကယ်သေမှာ ထင်တယ်။
“ ကျုပ်မှာလည်း ဂုဏ်သိက္ခာနဲ့ မာနရှိတယ်။ ”
ရွိုင့်စ် သက်ပြင်းရှိုက်ပြီး ခန္ဓာကိုယ်ကို ထောက်ပံ့ကာ မတ်တပ်ရပ်လိုက်သည်။ထို့နောက် ချန်လွေ့ကို တည့်တည့်ကြည့်လိုက်သည်။
“ မင်းငါ့ကို ကတိတစ်ခု ပေးနိုင်ရင် မင်းရဲ့ အစေခံလုပ်မယ်။မဟုတ်ရင်တော့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းပြီးတော့ပဲ အသေခံလိုက်မယ်။ ”