← Chapters

အညံ့ခံခြင်း။ရွိုင့်စ်၏ တောင်းဆိုချက်များ

Vol. 5 Ch. 70

အညံ့ခံခြင်း။ရွိုင့်စ်၏ တောင်းဆိုချက်များ

Vol. 5 Ch. 70

ရွိုင့်စ်၏ စကားကြောင့် ချန်လွေ့ အနည်းငယ် အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ ဘာလဲဆိုတာ အရင်ပြောကြည့်။ ”

“ ဗာဆာရှာ ”

ရွိုင့်စ်၏ မျက်လုံးများ၌ ထူးထူးဆန်းဆန်း တောက်ပနေသည်။

“ သူ့ကိုရအောင် ကူညီပေးရမယ်။ ”

ဗာဆာရှာ၊အရတ်စ် နှင့် ရွိုင့်စ်တို့သည် ဂျိုးဆက်ပ် လက်ထဲရှိ ကောက်ရိတ်ဓားသုံးလက် ဖြစ်ကြောင်း ချန်လွေ့သိသည်။သူတို့သည်လည်း အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ရွိုင့်စ်သည် ဗာဆာရှာအပေါ် ထိုကဲ့သို့ခံစားချက်ရှိမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။

“ ဒီကိစ္စအတွက်တော့ ချန်လွေ့အစား ငါကတိပေးတယ်။ ”

ဘေးနားရှိ ချန်လွေ့သည် များများစားစား သိပ်မစဉ်းစားဘဲ တွေးလိုက်သည်။ မိန်းမတစ်ယောက်ကို ရဖို့က လွယ်လွယ်လေးပဲ မဟုတ်လား။

“ ကျုပ် သူ့ရဲ့ခန္ဓာကိုယ်ရော နှလုံးသားကိုပါ လိုချင်တာ။သူကအမှန်ဆို ကျုပ်ရဲ့ဇနီး ဖြစ်သင့်တာ။ဒါပေမဲ့ သူ့ရဲ့နှလုံးသားကို.....တခြားတစ်ယောက်က ယူသွားတယ်။အဲ့ဒီလူက ဂျိုးဆက်ပ်ပဲ။ ”

ရွိုင့်စ် လက်သီးဆုပ်ပြီး အသက်ရှူမြန်လာသည်။သူ၏မျက်လုံး၌ ဒေါသများ ပြည့်နှက်နေ၏။

လက်စသတ်တော့ ဒါက မတော်တရော် အတွေးတွေ မဟုတ်ဘဲနဲ့ မိန်းမခိုးခံရလို့ ဖြစ်လာတဲ့ မုန်းတီးမှုတွေကိုး။ ချန်လွေ့ အံ့အားသင့်သွားပြီး မေးလိုက်သည်။

“ ဘယ်လိုဖြစ်တာလဲ။မင်းအရင်ဆုံး သေသေချာချာ ပြောပြသင့်တယ်။ ”

ရွိုင့်စ်၏ ခံစားချက်များ တဖြည်းဖြည်း တည်ငြိမ်သွားပြီး ဖြစ်စဉ်၏ အမှန်တရားကို ပြောပြလိုက်သည်။

ရွိုင့်စ် နှင့် အရတ်စ်တို့သည်မူလက လိပ်ပြာနီအရှင်သခင် လက်အောက်ရှိ ခွန်ဒါ မိသားစုဝင်များ ဖြစ်ကြသည်။သူတို့သည် ငယ်စဉ်ကတည်းက မိတ်ဆွေများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်တစ်ရာကျော်က ခွန်ဒါမိသားစုအကြီးအကဲဖြစ်သူ ရွိုင်စ့်၏ဖလင် ခါဟန်သည် ဂျို့ရှ်ကို ဆန့်ကျင်မိသည့်အတွက် အသတ်ခံလိုက်ရသည်။ခွန်ဒါမိသားစုသည် မိသားစုနာမည် ဆုံးရှုံးသွားခဲ့ရပြီး မိသားစုဝင်များသည် ကျွန်အဖြစ်သို့ ရောက်သွားကြသည်။အရတ်စ်သည် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရှိရန် လမ်းတစ်ဝက်၌ပင် ရှိနေသေးသည်။ထို့ကြောင့် သူသည် အစောင့်များ သတိမထားမိခင်တွင် ရိုင့်စ်ကို ကာကွယ်ရင်း လိပ်ပြာနီနယ်မြေမှ ထွက်ပြေးသွားခဲ့သည်။ သုံးလေးနှစ်ကြာသည့်အခါ ရွိုင့်စ် ချစ်လှစွာသော ဇနီးလောင်း ဗာဆာရှာသည် ဂျို့ရှ် ၏ သားအကြီးဆုံးဖြစ်သူ ဂျိုးဆက်ပ်၏ အိမ်ဖော်ဖြစ်သွားသည်ကို သိလိုက်ရသည်။

အရတ်စ် နှင့် ရွိုင့်စ်တို့သည် ဗာဆာရှာကို ကယ်တင်ရန် နည်းမျိုးစုံကြိုးစားသော်လေည်း ဗာဆာရှာသည် ထွက်သွားချင်စိတ် မရှိပေ။နောက်မှလိုက်လာသည့် ဂျိုးဆက်ပ်သည် သူတို့နှစ်ယောက်လုံးကို အနိုင်ယူခဲ့သည်။နောက်ဆုံးစက္ကန့်၌ အမြင့်ဆင့်နတ်ဆိုးသို့ ရောက်ရှိသွားသည့် အရတ်စ်ပင် ဂျိုးဆက်ပ်ကို မယှဉ်နိုင်ခဲ့ပေ။ထိုအချိန်တွင် ဂျိုးဆက်ပ်သည် သူ၏ညီဖြစ်သူ ခါနီတာနှင့်ယှဉ်ပြိုင်နေသည့်အတွက် ပါရမီရှင်များကို လိုအပ်နေသည်။ထို့ကြောင့် သူတို့နှစ်ယောက်ကို မသတ်ဘဲ အညံ့ခံခိုင်းလိုက်သည်။

အရတ်စ် မကျေနပ်ဘဲ ပြန်စိန်ခေါ်ရန် တောင်းဆိုလိုက်သည်။ရွိုင့်စ်၏ တောင်းဆိုချက်မှာ ဗာဆာရှာဖြစ်သည်။ဂျိုးဆက်ပ်သည် ဉာဏ်နီဉာဏ်နက်များလှသည်။တစ်နှစ်တစ်ခါ စိန်ခေါ်နိုင်သည်ဟု အရတ်စ်ကို သူချက်ချင်း ကတိပေးလိုက်သည်။သူအနိုင်မရခင်အထိ ဂျုးဆက်ပ်လက်အောက်တွင် အလုပ်လုပ်ရမည် ဖြစ်သည်။ရွိုင့်စ်အတွက် သတ်မှတ်ချက်မှာ ပို၍ရိုးရှင်းသည်။ရွိုင့်စ်နောက်သို့ ဗာဆာရှာလိုက်ချင်စိတ်ရှိလျှင် ဂျိုးဆက်ပ် တားဆီးမည်မဟုတ်ပေ။တစ်ဖက်တွင်လည်း ရွိုင့်စ်သည် အရတ်စ်ကဲ့သို့ ဂျိုးဆက်ပ်၏ လက်အောက်ခံအဖြစ် နေရပေမည်။အရှင်သခင်ရာထူးရလျှင် ခွန်ဒါမိသားစု၏ ဂုဏ်ပုဒ်ကို နဂိုအတိုင်း ပြန်ဖြစ်စေမည်ဟုလည်း ဂျိုးဆက်ပ် ကတိပေးခဲ့သည်။သို့သော်လည်း ဂျိုးဆက်ပ်သည် အရှင်သခင် ရာထူးရရန်အတွက် ဝေးလွန်းနေသေးသည်ကို အရတ်စ်နှင့် ရွိုင့်စ်တို့ သိကြသည်။ထို့ကြောင့် ထိုကတိကို အခွံသက်သက်ဟုသာ သတ်မှတ်နိုင်ပေသည်။

ဤသို့ဖြင့် ရွိုင့်စ်နှင့် အရတ်စ်တို့သည် ဂျိုးဆက်ပ် လက်အောက်ခံများ ဖြစ်သွားကြသည်။ နှစ်ယောက်စလုံးသည် စွမ်းဆောင်ရည်ရှိပြီး ထူးချွန်သည့်အတွက် အလျင်အမြန်ပင် တန်ဖိုးထားခံခဲ့ရသည်။အရတ်စ်သည် ဂျိုးဆက်ပ်ကို တစ်နှစ်ပြီးတစ်နှစ် စိန်ခေါ်သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ပေ။ဗာဆာရှာသည်လည်း ဂျိုးဆက်ပ်၏ မိန်းမ ဖြစ်သွားခဲ့လေပြီ။ရွိုင့်စ် မည်သည့်နည်းလမ်းမျိုးသုံးသုံး ဗာဆာရှာ၏စိတ်ကို မပြောင်းလဲနိုင်ခဲ့ပေ။ထို့ကြောင့် ရွိုင့်စ်သည် ဂျိုးဆက်ပ် လက်အောက်၌သာ အလုပ်လုပ်ရလေသည်။

နှစ်၁၀၀ကျော်သွားခဲ့လေပြီ။ရွိုင့်စ်သည် ဗာဆာရှာကိုသာ အမြဲတွယ်ကပ်နေသည်။ အရတ်စ်လည်း ဂျိုးဆက်ပ်ကို ဆက်ပြီး စိန်ခေါ်နေသည်။သို့သော်လည်း အချိန်သည် လူများကို အမြဲပင် မေ့လျော့စေသည်။ဇွဲလုံးဝဖြင့် ကြိုးစားကြသော်လည်း သူတို့ နှစ်ယောက်သည် တဖြည်းဖြည်းနှင့် လက်ရှိဘဝကို အသားကျလာခဲ့ကြသည်။

အမျိုးသမီး မဟာနတ်ဆိုးများသည် သစ္စာရှိသည်ဟု သမုတ်ကြသည်။သူတို့၏ နှလုံးသားနှင့်ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက် ရပြီးသည်နှင့် ဘယ်သောအခါမှ သစ္စာဖောက်မည် မဟုတ်ပေ။သို့သော်လည်း အမျိုးသား မဟာနတ်ဆိုးအများစုသည် စိတ်ပြောင်းမြန်ကြသည်။အပျိုရည်ဆုံးရှုံးထားသည် မိန်းကလေးတစ်ယောက်အတွက် မဆုတ်မနစ်ကြိုးစားသည့် ရွိုင့်စ်ကဲ့သို့ ယောက်ျားလေးမျိုးသည် အမှန်တကယ်ပင် ရှားပါးလှသည်။

မူလက ချန်လွေ့သည် ရှီရာထဲမှ အချက်အလက် နည်းနည်းသာ သိခဲ့ရသည်။၎င်းသည် အဓိကအားဖြင့် အရတ်စ် အကြောင်းဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် စိန်ခေါ်မှုကို လက်ခံရန်အတွက် အရတ်စ်ကို ရန်စခဲ့ဖြစ်ပြီး ၎င်းသည် အောင်မြင်ခဲ့သည်။စစ်ပွဲစာချုပ် ချုပ်ရမည်ကိုတော့ မထင်မှတ်ထားခဲ့ပေ။နောက်ဆုံးတော့ ကိစ္စတစ်ခုလုံးကို ချန်လွေ့ သဘောပေါက်သွားလေပြီ။ရွိုင့်စ် နှင့် အရတ်စ်တို့သည် ဂျိုးဆက်ပ်အပေါ် အမှန်တကယ် သစ္စာမရှိကြပေ။အကယ်၍ ချန်လွေ့သာ ချက်ကောင်းထိနိုင်လျှင် ခန့်မှန်း၍မရသော ပြောင်းလဲမှုများကို ပြုလုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဗာဆာရှာကို စိတ်ပြောင်းစေရန်ပြုလုပ်ခြင်းသည် အမှန်ပင် ခက်ခဲလှသည်။

ပါ့ဂ်လီအို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ အမျိုးသမီး မဟာနတ်ဆိုးရဲ့ သစ္စာရှိမှုက သေချာပေါက်ကို ခေါင်းကိုက်စရာပဲ။ အဲဒီယောက်ျားက သူ့ကို မျှော်လင့်ချက်အားလုံး ဆုံးရှုံးသွားအောင် လုပ်ရင်လုပ်၊ ဒါမှမဟုတ် အဲ့ဒီယောက်ျားနဲ့ ပတ်သက်တဲ့ သူ့ရဲ့မှတ်ဉာဏ်တွေအားလုံးကို အထူး မှော်ပညာသုံးပြီး ဖျက်ပစ်မှပဲ။မဟုတ်ရင် ဂျိုးဆက်ပ်ကို သတ်တာတောင်မှ ဗာဆာရှာ စိတ်ပြောင်းမှာ မဟုတ်ဘူး။ဒါပေမဲ့ အဲ့ဒီအရူးမကလွဲပြီး အခြားဘယ်သူမှ မှတ်ဉာဏ်တွေကို လိုသလို မဖျောက်ပစ်နိုင်ဘူး။နတ်ဆိုးအရှင်သခင် အစွမ်းရှိတဲ့သူ လုပ်မယ်ဆိုရင်တောင် ဗာဆာရှာ အရူးဖြစ်သွားနိုင်ချေက အများကြီးပဲ။ ”

“ ဘယ်အရူးမလဲ။ ”

ရုတ်တရက် ရွိုင့်စ်သည် မျှော်လင့်တကြီး ဖြစ်သွားသည်။

“ အဲ့ဒီမိန်းမအကြောင်းကိုတော့ အခုမစဉ်းစားနဲ့ဦး။ဖြစ်နိုင်ချေက တစ်သောင်းပုံ တစ်ပုံလောက်ပဲရှိတယ်။ ”

ပါ့ဂ်လီအို ပြောသည့်ကိစ္စကို ချန်လွေ့ သေသေချာချာသိသည်။ နတ်မိမယ်နဂါး လော်ရာ နဲ့ ပါ့ဂ်လီအိုကြားမှာ မကျေနပ်ချက်ရှိတဲ့အတွက် ရတနာရှာဖို့ ချပ်ပိတ်ကို သူဖျက်ပေး ရင်တောင် ကောင်း‌နေပြီ။သူဘာလို့ ဒီကိစ္စကို ကူညီမှာလဲ။ပြီးတော့လည်း လော်ရာ ဘယ်မှာလည်းဆိုတာကို သူမသိသေးဘူး။

တစ်ခုတည်းသော နည်းလမ်းမှာ ဂျိုးဆက်ပ်ကို ဆာဗာရှာအပေါ် လက်လျှော့ရန် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ဒါပေမဲ့ ဂျိုးဆက်ပ်က ဘယ်လိုလူမျိုးလဲ။ ဂျိုးဆက်ပ်သည် ဆာဗာရှာကို အရုပ်တစ်ရုပ်ဟုသာ သတ်မှတ်လျှင်တောင် ဆာဗာရှာကိုထိန်းချုပ်ခြင်းကို ရွိုင့်စ်ကို ထိန်းချုပ်ခြင်းဖြစ်သည်ကို ဂျိုးဆက်ပ်သိသည်။ထို့ကြောင့် သူ့ကိုယ်သူ ထိခိုက်လောင်အောင် တုံးအလိမ့်မည် မဟုတ်ပေ။

“ ငါအကြံကတော့ ဗာဆာရှာက ဂျိုးဆက်ပ်ကို လက်မလျှော့တဲ့အတွက် ဂျိုးဆက်ပ်ကို လက်လျှော့အောင်ပဲ လုပ်လို့ရမယ်။ဂျိုးဆက်ပ်ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူ့ရှေ့မှာ ပိုကြီးမားတဲ့အကျိုးအမြတ် ရှိမယ်ဆိုရင် သူ့ကိုယ်သူကလွဲပြီးတော့ အရာအားလုံးကို စွန့်ပစ်မှာပဲ။မင်းက ငါ့ရဲ့ လူသားအထောက်အထားကိုလည်း သိပြီးပြီ။တကယ်တော့ ငါက တော်ဝင်မင်းသမီး ရှီရာရဲ့ အယုံကြည်ရဆုံး အကြံပေးပဲ။ဂျိုးဆက်ပ်ကို ကိုင်တွယ်ဖို့ အတွက် အကြံရှိပြီးသား။ဗာဆာရှာကို ကယ်တင်ဖို့ကလည်း အကြံအစည်ထဲ ပါတယ်။ ဒါပေမဲ့ လက်ရှိအကြံအစည်ကတော့ ရှေ့ပြေးပုံစံပဲ။အကောင်အထည်ဖော်လို့ မရသေးဘူး။အဲ့ဒါကြောင့် ဆက်ပြီးသည်းခံနေရဦးမယ်။မင်း ဒီအကြံအစည်ကို ဖြစ်နိုင်မယ်ထင်ရင် အခုပဲ စာချုပ်ချုပ်လို့ရပြီ။ဒါမှမဟုတ်ရင်တော့ မင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်ပေးမယ်။ ”

ရွိုင့်စ်၏ မျက်လုံးများ အရောင်တောက်သွားသည်။ချန်လွေ့၏မျက်လုံးထဲသို့ သူခဏကြည့်လိုက်ပြီး ဒူးထောက်လိုက်သည်။သူ၏လက်ထဲတွင် ဖောက်ထွင်းမြင်နိုင်သည့် ထူးဆန်းသော စာလိပ်နီတစ်ခု ပေါ်လာသည်။စာသားများသည် သွေးဖြင့် ရေးထားဟန် တူသည်။၎င်းသည် ကျွန်-သခင် စာချုပ်ဖြစ်သည်။ချန်လွေ့သည် ဒဏ်ရာများမှ သွေးကို မသုံးဘဲ လက်ထိပ်ကို ကိုက်ကာ တည်တည်တံ့တံ့ လက်မှတ်ထိုးလိုက်သည်။

ရွိုင့်စ် အညံ့ခံလိုက်သည်အကြောင်းရင်းတွင် ပါ့ဂ်လီအိုသည် အစိတ်အပိုင်းအကြီးကြီး ပါဝင်နေသည်။အစွမ်းထက်သော နဂါးတစ်ကောင်နှင့် သဟဇီဝစာချုပ် ချုပ်နိုင်သူသည် ယခုတွင် အမြင့်ဆင့်နတ်ဆိုးသာ ရှိသေးသော်လည်း သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။

“ သခင် ”

ရွိုင့်စ် ထပြီး ချန်လွေ့ကို ဦးညွတ်လိုက်သည်။ကျွန်-သခင် စာချုပ် ချုပ်ဆိုခြင်းသည် ရွိုင့်စ် နှင့် ချန်လွေ့တို့၏ ကံကြမ္မာတို့ ဆက်နွှယ်နေသည်ဟု ဆိုလိုသည်။အကယ်၍ သခင်သာ မမျှော်လင့်ဘဲ သေဆုံးသွားလျှင် ကျွန်လည်း သေသွားပေမည်။သို့သော်လည်း ကျွန် သေသွားလျှင် သခင်အပေါ် သက်ရောက်မှု မရှိပေ။ထို့ကြောင့် ပါ့ဂ်လီအိုသည် ရွိုင့်စ်ပေါ်ရှိ အဆိပ်ကို ပယ်ဖျက်ပေးလိုက်သည်။

အကယ်၍ ချန်လွေ့သာ ရွိုင့်၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးနိုင်လျှင် ဂျိုးဆက်ပ်ထံမှ ကောက်ရိတ်ဓားသုံးလက်ကို သိမ်းယူနိုင်ဖို့ များလေသည်။ထို့ပြင် ရွိုင့်စ်သည် မှော်စတိုးဆိုင်ကို တာဝန်ယူထားရသည်။ချန်လွေ့သဘ် အထဲမှပစ္စည်းများကို မျက်စိကျ နေသည်ကို ကြာလေပြီ။ထို့ကြောင့် လုပ်စရာကိစ္စများ အများကြီးရှိနေသည်။

“ သခင့်ရဲ့ ဉာဏ်ပညာကို ကျုပ်သိပြီးပါပြီ။သခင်က ဒီလိုပြောမှတော့ ကျုပ်ကို ဘေးချိတ်ထားမှာ မဟုတ်ပါဘူး။ ”

ရွိုင့်စ် မျက်လုံးထဲတွင် စိတ်ဆန္ဒများ တောက်လောင်နေသည်။

“ ကျုပ် နှစ်၁၀၀ကျော် စောင့်ပြီးပြီပဲ။ဘာကို သည်းမခံနိုင်စရာရှိသေးလို့လဲ။ကျုပ် စာချုပ်ချုပ်ပြီးပြီဆိုတော့ သခင့်ကို လျို့ဝှက်ချက်တစ်ခု ပြောပြရမယ်။ ”

ရွိုင့်စ်၏ဖခင် ခါဟန်ကို လိပ်ပြာနီအရှင်သခင် သတ်လိုက်ရခြင်းမှာ ရှားပါးရတနာ တစ်ခုကြောင့် ဖြစ်သည်။ထိုရတနာသည် ခါဟန်၏ အလုပ်ကြိုးစားမှုကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။သို့သော်လည်း ကံမကောင်းစွာပင် တစ်စုံတစ်ယောက် ချွန်တွန်းလုပ်လိုက်သည့်အတွက် ခါဟန်ကို ဂျို့ရှ် သတ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ရတနာ၏ တည်နေရာ ပျောက်ဆုံးသွားခဲ့သည်။၎င်းကို ရှာမတွေ့သေးပေ။

အမှန်တကယ်ပင် ခါဟန်သည် ရတနာ၏ သဲလွန်စများကို သူ့သား၏ ဇနီးလောင်း ခန္ဓာကိုယ်ထဲတွင် ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။သဲလွန်စများ ပေါ်လာစေရန်အတွက် ရွိုင့်စ်နှင့် ဗာဆာရှာတို့ ပေါင်းစည်းရပေမည်။ရွိုင့်စ်မဟုတ်ဘဲ အခြားသူတစ်ယောက်က ဗာဆာရှာကို ပိုင်ဆိုင်လျှင်တောင် သဲလွန်စများကို ရှာတွေ့မည် မဟုတ်ပေ။ ဤလျို့ဝှက်ချက်ကို ရွိုင့်စ် တစ်ယောက်တည်းသာ သိသည်။ဗာဆာရှာ ကိုယ်တိုင်ပင် မသိခဲ့ပေ။

“ ရတနာမရှိရင်တောင် ဗာဆာရှာကို ကျုပ်ပြန်ခေါ်မှာပဲ။သူက ကျုပ်ရဲ့ ဇနီးလောင်းလည်း ဖြစ်သလို ငယ်ကတည်းက တိတ်တဆိတ် ချစ်ခဲ့ရတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အခြားဘယ်သူမှ ပိုင်ဆိုင်ခွင့် မပေးနိုင်ဘူး။ ”

ရွိုင့်စ်၏ အမူအရာများသည် ဟန်ဆောင်နေပုံ မရပေ။ထို့ပြင် သူသည် ချန်လွေ့နှင့် စာချုပ် ချုပ်ထားပြီ ဖြစ်သည့်အတွက် တစ်သက်လုံး ကျွန်တစ်ယောက်သာ ဖြစ်ရပေတော့မည်။ ထို့ကြောင့် အလိမ်အညာပြောခြင်းသည် ဘာမှ အဓိပ္ပာယ်မရှိပေ။သူ၏ နှလုံးသားထဲ၌ ဗာဆာရှာ၏ နေရာသည် အတော်လေး အရေးပါပုံရသည်။

“ အဲ့ဒီရတနာကို သခင့်ဆီ ကျုပ် ပေးအပ်မှာပါ။ဒါပေမဲ့ ကျုပ်လက်နဲ့ အဆုံးသတ်ချင်တဲ့ သူတစ်ယောက် ရှိတယ်။သခင့်ရဲ့ အကူအညီ တောင်းခံပါတယ်။ ”

ထိုသို့‌ပြောပြီး ရွိုင့်စ် ဒူးထောက်လိုက်သည်။ ဂုဏ်သိက္ခာကို အသက်နှင့်အမျှ တန်ဖိုးထားပြီး မိသားစုဆက်ခံသူ တစ်ယောက် ဖြစ်ခဲ့ဖူးသည့် မဟာနတ်ဆိုးမးသည် အမှန်တကယ်ပင် ဒူးထောက်လိုက်ပြန်သည်။၎င်းသည် ချန်လွေ့က သခင်ဖြစ်နေ၍ မဟုတ်ပေ။စိတ်ဆုံးဖြတ်၍ တောင်းဆိုခြင်းမျိုးပင် ဖြစ်သည်။

ချန်လွေ့နှင့် အဆိပ်နဂါးတို့ အချင်းချင်းကြည့်ပြီး ပြောလိုက်သည်။

“ ငါမင်းကို ကတိပေးတယ်။ ”

ရွိုင့်စ်ပြောနေသည့်သူမှာ ဂျိုးဆက်ပ် မဟုတ်ဘဲ လီဒိုဖြစ်နေကြောင်း ကြားလိုက်ရာ ချန်တွေ့တို့နှစ်ယောက် အံ့အားသင့်သွားသည်။

ထိုရန်သူသည် ရွိုင့်စ်ကဲ့သို့ပင် ခွန်ဒါမိသားစုမှ ဖြစ်နေသည်။

ဤကဲ့သို့ ဇာတ်လမ်းဇာတ်ကွက်မျိုးသည် ပုံမှန်သာဖြစ်သည်။အိမ်ထောင်ပြုပြီး မွေးလာသည့်ကလေးသည် ဆက်ခံသူကို မနာလိုဖြစ်ပြီး မိသားစုကို မုန်းတီးနေခြင်း ဖြစ်သည်။သူသည် မတုံ့ဆိုင်းဘဲ သူ့အဖေနှင့် မိသားစုကို ဖျက်ဆီးရန် ချွန်တွန်းခဲ့သည်။ သူ့ညီအစ်ကို၏ ဇနီးလောင်းကိုပင် သခင်အသစ်ဆီ ဆက်သခဲ့လေသည်။

လီဒိုသည် အမြဲပင် အမှောင်ထဲ၌ ရှိနေသည်။သူသည် ဂျိုးဆက်ပ် အယုံကြည်ရဆုံးသူ ဖြစ်သည်။ဂျိုးဆက်ပ်သည် ရွိုင့်စ်နှင့် လီဒိုကြားရှိ အခဲမကျေမှုကို နားလည်သည့်အတွက် သူတို့ကို အချင်းချင်း ပေးမတွေ့ပေ။သို့သော်လည်း ရွိုင့်စ်သည် သဲလွန်စများကို ရှာတွေ့ခဲ့သည်။ရွိုင့်စ်သည် မိသားစုတစ်ခုလုံး ပျက်စီးရခြင်း၏ အဓိကတရားခံကို အလွန်ပင် ရွံရှာ မုန်းတီးနေပြီး လီဒိုကို ကိုယ်တိုင်သတ်ရန် ကျိန်ဆိုထားခဲ့သည်။

ချန်လွေ့၏ ကတိကြောင့် ရွိုင့်စ် အလွန်ပျော်သွားပြီး အခြားအရေးကြီးသည့် ကိစ္စတစ်ခုကို တင်ပြလိုက်သည်။ဂျိုးဆက်ပ်သည် လွန်ခဲ့သောနှစ်ရက်ခန့်၌ လိပ်ပြာနီနယ်မြေမှ ထွက်သွားခဲ့ပြီဖြစ်သည်။နောက်တစ်နေ့မနက်တွင် ဂျိုးဆက်ပ်သည် အမှောင်လ နယ်မြေသို့ ရောက်ရှိမည်ဖြစ်သည်။

“ ဂျိုးဆက်ပ် ပြန်လာပြီလား။ ”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။

“ သူ ခါနီတာကို ရှင်းပစ်လိုက်ပြီလား။ ”

“ မဟုတ်ပါဘူး။ ”

ရွိုင့်စ်သည် သိုလှောင်ကိရိယာထဲမှ ကုသဆေးရည် တစ်ပုလင်းထုတ်ပြီး သောက်ကာ ရှင်းပြလိုက်သည်။

“ ဂျိုးဆက်ပ် ဒီတစ်ခေါက် ပြန်တာလာက အကြောင်းရင်း နှစ်ခုရှိတယ်။ပထမတစ်ခုက ကောင်းကင်တိုက်ပွဲမှာ မင်းသမီးလေးကို ရှုံးထားတဲ့ အရည်အသွေးမြင့် နွယ်ကျောက်တွေကို သယ်ဆောင်လာဖို့ပဲ။နောက်တစ်ခုကတော့ အမှောင်လမြို့ရဲ့ သုံးလတစ်ခါကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ဖို့ပဲ။ဒါပေမဲ့ သူ့ရဲ့တကယ့် ရည်ရွယ်ချက်က ဒါတစ်ခုမှ မဟုတ်ဘူး။တကယ့်ရည်ရွယ်ချက်က ဆရာသခင် အဲဒက်စ် ကြောင့်ပဲ။အရင်တစ်ခေါက် မှော်စတိုးဆိုင်ကို သခင်လာတုန်းက မဟာဆရာသခင်အဆင့် ဆေးရည်ကို အဲဒက်စ် ဖော်စပ်ဖို့ ကြိုးစားနေတယ်လို့ ဂျိုးဆက်ပ်ဆီကို ကျုပ် သတင်းပို့လိုက်တယ်။အဲ့ဒါကြောင့် သူပြန်လာတာ။သူက အဲဒက်စ်ရဲ့ ပျောက်ဆုံးနေတဲ့ ညီမလေးရဲ့ သဲလွန်စ ရသွားပြီလို့ ကြားတယ်။သူက အဲဒက်စ်ကို ခြိမ်းခြောက်ပြီးတော့ ခါနီတာကို ရင်ဆိုင်တဲ့အခါ အစွမ်းထက်ဆုံး နယ်ရုပ်အနေနဲ့ထားဖို့ လုပ်ချင်နေတာ။ ”

“ မဟာဆရာသခင်အဆင့် ဆေးရည်လား။ ”

မှော်ပစ္စည်းများ ရရှိရန်အတွက် လိမ်ညာခဲ့သည်များကို ချန်လွေ့ သတိရလိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသည်။သူ၏ အလိမ်အညာများကို အတည်ကြီး သဘောထားမည်ဟု သူ မထင်ထားခဲ့ပေ။သို့သော်လည်း အဲဒက်စ်၏ ပျောက်ဆုံးနေသောညီမ သဲလွန်စကို ရရှိထားခြင်းသည် အရေးကြီးသည့် သတင်းအချက်အလက်ဖြစ်သည်။ချန်လွေ့ ချက်ချင်း တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ချန်လွေ့ စကားပြောလိုက်သည်။

“ အခုအချိန်တော့ ဒီကိစ္စကို စောင့်ကြည့်ရဦးမှာပဲ။အဲဒက်စ် ညီမရဲ့ တကယ့်သဲလွန်စကို ရရင်တော့ အကောင်းဆုံးပေါ့။ငါ့ဒဏ်ရာတွေက မသေးဘူး။ငါ အမြန်အားပြည့်ဖို့ လိုတယ်။ဒါပေမဲ့ နောက်ထပ်အရေးကြီးတာတစ်ခု ရှိနေသေးတယ်။အဲ့ဒါက မီကတ်စ်ပဲ။ အဲလန်က ငါ့ကိုသတ်ဖို့ မီကတ်စ်ကို လွှတ်လိုက်တာ။သူ့ကို ငါသတ်လိုက်ပေမဲ့လည်း အလောင်းကောင်က ဘာမှတန်ဖိုးမရှိတာတော့ မဟုတ်ဘူး။သူ့ရဲ့ အလောင်းကို ကောင်းကောင်း အသုံးချပြီးတော့..... ”

“ သခင်က မီကတ်စ်ကို အသုံးချပြီးတော့ ဂျိုးဆက်ပ်နဲ့ ခါရွန်မိသားစုကြားမှာ ပြဿနာဖြစ်အောင် လုပ်ချင်တာလား။ ”

ရွိုင့်စ်သည်လည်း ပါးနပ်သောသူတစ်ယောက်ဖြစ်သည်။ယခုတွင် ရွိုင့်စ်သည် စိတ်ပြန်လည် တည်ငြိမ်သွားပြီဖြစ်သည့်အတွက် ချန်လွေ့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် မှန်းဆနိုင်ခဲ့သည်။

ချန်လွေ့ လေးစားသွားပြီး ခေါင်းညိတ်ကာ အတွေးများကို ပြောပြလိုက်သည်။ရွိုင့်စ်၏ မျက်လုံးများ တောက်ပသွားသည်။နားထောင်နေရင်း သူလည်း အကြံတချို့ ပေးလိုက်သည်။ငပျင်းအဆိပ်နဂါးလည်း တစ်ခါတစ်ခါ ဝင်ပြောသည်။ဤသို့ဖြင့် ဉာဏ်နီဉာဏ်နက်များ ပြည့်နေသည့် လူသုံးယောက် ဆွေးနွေးနေရင်း အကြံအစည်တစ်ခု တဖြည်းဖြည်း ဖြစ်လာတော့သည်။

All Chapters