ကြယ်စင်စုဥယျာဉ် နှင့် ဆေးရည်မည်း
Vol. 5 Ch. 73
ကြယ်စင်စုဥယျာဉ်
အသက်သွင်းရန်လိုအပ်ချက် - အရှိန်အဝါတန်ဖိုး ၂၀၀၀
လုပ်ဆောင်ချက် - အပင်အမျိုးမျိုး စိုက်ပျိုးနိုင်သည်။အလိုအလျောက် ပေါင်းသင်ခြင်း စနစ်ကို ဖွင့်၍ရသည်။အခရာအစေ့ကို ဝယ်ယူရမည်။
ချန်လွေ့သည် ချက်ချင်းပင် ကြယ်စင်စုဥယျာဉ်ကို တည်ဆောက်ရန် ရွေးချယ်လိုက်သည်။ ကြယ်စင်စု နတ်ဘုရားနောက်တွင် ဥယျာဉ်ကဲ့သို့ နေရာကွက်လပ်တစ်ခု ပေါ်ထွက် လာသည်။ဥယျာဉ်အဝင်ဝရှိ အလင်းမျက်နှာပြင်တွင် လေးထောင့်ကွက်များဖြင့် ပိုင်းခြားထားပြီး ဒစ်ဂျစ်တယ်ပုံစံ ပြုလုပ်ထားသည့် စက်ဝိုင်းပုံ နှစ်ဖက်မြင်မြေပြန့် တစ်ခုကို ပြသထားသည်။သို့သော်လည်း ကြယ်စင်စုဥယျာဉ်ထဲ ဝင်ကြည့်လိုက်သည့်အခါ အတွင်းနေရာသည် ထင်ထားသည်ထက် ပို၍ကျယ်သည်။အလယ်၌ စက်ဝိုင်းပုံစံ မြေသားရှိပြီး ထိုနေရာသည် အခရာအစေ့ စိုက်ပျိုးရမည့်နေရာ ဖြစ်နိုင်ပေသည်။
ယခုချန်လွေ့တွင် အရှိန်အဝါ ၇၅၀၀ ရှိသည်။ကြယ်စင်စုဥယျာဉ် တည်ဆောက်ရန်အတွက် အရှိန်အဝါ ၂၀၀၀ အသုံးပြုလိုက်ရသည်။ထို့ကြောင့် ချန်လွေ့တွင် အခရာအစေ့ ဝယ်ယူရန် အရှိန်အဝါ လုံလောက်နေသေးသည်။ဝယ်ယူပြီးနောက် မြေသားသည် ဖျော့ဖျော့လေး တောက်ပသွားပြီး အစေ့တစ်စေ့ကို မြင်နိုင်သည်။ချန်လွေ့သည် အချိန်ကို အာရုံစိုက် ထားလိုက်ရာ ၎င်းသည် အဆင့်(၁)စွမ်းအင်မှုန့် ၂၀ ယူနစ်လိုအပ်ပြီး ရင့်မှည့်ရန် အချိန်သုံးရက် လိုအပ်ကြောင်း ဖော်ပြထားသည်။
အဆင့်(၁) စွမ်းအင်မှုန်တဲ့လား။ချန်လွေ့သည် မြေသားအရည်အသွေးကို ပြောင်းစေသည့် “ မှော်မှုန် ”ကို တွေးမိသွားပြီး ချက်ချင်း သဘောပေါက်သွားသည်။ယခုကပင် ချန်လွေ့သည် ရှိသမျှ အမှုန့်အားလုံးကို ရှီရာထံ ပို့ပေးလိုက်ပြီ ဖြစ်သည်။သို့သော်လည်း သိုလှောင်ဂိုဒေါင်ထဲ၌ မှော်ပစ္စည်း အမြောင်အများ ရှိနေသည့်အတွက် အချိန်မတွေး ကူးပြောင်း၍ ရပေသည်။
သိုလှောင်ဂိုဒေါင်ထဲ ချန်လွေ့ဝင်လိုက်ပြီး [ အရှိန်အဝါကူးပြောင်း ] အစွမ်း၏ ရှည်ကြာသော လုပ်ငန်းစဉ်ကြီးကို စတင်လေတော့သည်။ပစ္စည်းများအားလုံးကို ကူးပြောင်းပြီးသည့်အခါ စုစုပေါင်း အရှိန်အဝါသည် ၃၂၀၀၀၀ အထိ ရောက်ရှိသွားသည်။ ၎င်းသည် ပြောင်းလဲရသော ပစ္စည်းများ၏ ကန့်သတ်မှုများကြောင့်ဖြစ်သည်။ရရှိခဲ့သည့် ပစ္စည်းများအားလုံးကို ကူးပြောင်း၍ရလျှင် အရှိန်အဝါတန်ဖိုးသည် သုံးလေးဆလောက် ဆပွားတိုးတက်သွားပေမည်။
အရှိန်အဝါ ၂၀၀၀ ကူးပြောင်းပြီးလျှင် မှော်မှုန်ပမာဏ ၂၀ယူနစ် ရရှိသည်။ အခရာအစေ့စိုက်ပျိုးထားသည့် မြေသားပေါ်သို့ အမှုန့်များ ဖြူးကြည့်လိုက်သည့်အခါ အနည်းငယ်အရောင်တောက်နေသည့် အစေ့သည် အရောင်ပေါင်းစုံ တောက်ပသွားပြီး မြေထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ နူးညံ့သည့် အစိမ်းရောင်အညှောင့်တစ်ခု ဖြစ်လာသည်။ရင့်မှည့်ရန် အချိန်၃ရက်လိုအပ်မည်ဖြစ်၍ ချန်လွေ့ စိုးရိမ်မနေပေ။ ချက်ချင်းပင် စူပါစနစ်ထဲမှ ချန်လွေ့ ထွက်သွားလိုက်သည်။
ယခုတစ်ခေါက်တွင် ဂျိုးဆက်ပ်၏ မှော်ဆိုင်မှ ယူလာသည့် မှော်ပစ္စည်းများမှ အရှိန်အဝါ ၂၀၀၀၀၀ ကျော် ရရှိခဲ့သည်။ကြယ်ဦးစီးအစွမ်းနှင် မိုင်ဇာအခြေအနေ တို့သည် ချန်လွေ့ကို အမြင့်ဆင့်နတ်ဆိုးနှင့် ယှဉ်ပြိုင်နိုင်စေသည်။လဲလှယ်ဌာနမှ ထာဝရဆေးရည် နှင့် ကြယ်စင်စုဥယျာဉ်တို့သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ကြသည်။ ၎င်းတို့သည် နောက်တစ်လ၌ အရတ်စ်ကို ရင်ဆိုင်ရန်အတွက် ချန်လွေ့ကိုပို၍ ယုံကြည်ချက်များ တိုးပွားလာစေသည်။
ရွိုင့်စ်သည် အရတ်စ်၏ မိတ်ဆွေရင်းဖြစ်သည်။ရွိုင့်စ်ပြောသည့်အတိုင်းဆိုလျှင် အရတ်စ်ကို နားချပြီး စစ်စာချုပ်ကို ဖျက်ဆီးရန် ဖြစ်နိုင်သည်။သို့သော်လည်း အရတ်စ်ကို အမှန်တကယ် လက်အောက်ခံ ဖြစ်စေရန်နှင့် ပြိုင်ကွင်းကို ပိုင်ဆိုင်ရရန်အတွက် ချန်လွေ့သည် တိုက်ပွဲကို အနိုင်ရရှိ ရပေမည်။ဂျိုးဆက်ပ်အတွက်မူ ချန်လွေ့၌ အခြားအကြံတစ်ခု ရှိသည်။အတွင်းရေးကိစ္စများ၌ ဂျိုးဆက်ပ်သည် အရေးကြီးသည့် နေရာ၌ ပါဝင်သရုပ်ဆောင် ရနိုင်ပေသည်။
ခါရွန်မိသားစုမှ ဆာရာဒိုသည်လည်း ဝါရင့် အမြင့်ဆင့်နတ်ဆိုးဖြစ်ပြီး အမြင့်ဆင့်နတ်ဆိုး အထွတ်အထိပ်သို့ ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာလေပြီ။ထိုအချိန်က အရတ်စ်သည် ဆာရာဒိုနှင့် ယှဉ်နိုင်ရခြင်းမှာ အရတ်စ်သည် အမြင့်ဆင့်နတ်ဆိုး အထွတ်အထိပ်သို့ ရောက်ရှိသွား၍ ဖြစ်ပေမည်။၎င်းကို ရွိုင့်စ်လည်း ထောက်ခံသည်။
ချန်လွေ့သည် ကြယ်ဦးစီး ဖြစ်သွားပြီး မိုင်ဇာအခြေအနေ၏ စွမ်းအားကို ရရှိသွား သော်လည်း မိုင်ဇာအခြေအနေ၏ စွမ်းအား နှင့် အစွမ်းများကို အသုံးပြုပုံနှင့် ပတ်သက်၍ မရင်းနှီးသေးပေ။တိတိကျကျပြောရလျှင် မီကတ်စ်ကို သတ်နိုင်ခဲ့ခြင်းသည် ကံကောင်း၍သာ ဖြစ်သည်။ချန်လွေ့သည် မီကတ်စ်၏ တွက်ချက်မှုလွဲမှားခြင်းကို အခွင့်ကောင်းယူပြီး [ အရှိန်အဝါဓားသွား ] ဖြင့် အလစ်တိုက်ခဲ့ခြင်းဖြစ်သည်။တကယ့် သန်မာမှု နှင့် တိုက်ခိုက်ရေး စွမ်းအားချင်းယှဉ်လျှင် ချန်လွေ့သည် မီကတ်စ်ထက် အနည်းငယ်နိမ့်ကျနေသေးသည်။ထို့ကြောင့် ချန်လွေ့ ရင်ဆိုင်ရမည့် စမ်းသပ်ချက်သည် ခက်ခဲနေသေးသည်။
သေသေချာချာ စဉ်းစားပြီးနောက် ချန်လွေ့သည် အရှိန်အဝါ ၁၀၀၀၀၀ သုံးပြီး ထာဝရစွမ်းအား ဆေးရည်မည်း တစ်ပုလင်းကို လဲလှယ်လိုက်သည်။ထာဝရစွမ်းအားသည် သူ၏ ထိခိုက်မှုကို ထာဝရတိုးစေသည်။ထာဝရခန္ဓာသည် ခုခံမှု နှင့် ခံနိုင်ရည် တိုးစေသည်။ထာဝရအမြန်နှုန်းသည် အမြန်နှုန်းနှင့် တုံ့ပြန်မှုစွမ်းရည်ကို တိုးတက် စေသည်။ထာဝရစိတ်သည် စိတ်ဝိညာဉ်နှင့် ခံစားမှုကို တိုးတက်စေသည်။
အမှန်တကယ်တွင် ချန်လွေ့သည် အခြားဆေးရည်(၃)ပုလင်းကိုပါ လဲလှယ်ချင်ခဲ့သည်။ သို့သော်လည်း လေ့ကျင့်ရေးကွင်းအတွက် လိုအပ်သည်ဖြစ်၍ အရှိန်အဝါများကို စုဆောင်းထားလိုက်သည်။
ရေရှည်တွင် ကြယ်စင်စုဥယျာဉ် နှင့် [ ထိခိုက်မှုစုပ်ယူခြင်း ] တို့သည် အဓိက အရှိန်အဝါအရင်းအမြစ် ဖြစ်လာနိုင်သော်လည်း အနာဂတ်သည် အနာဂတ်သာ ဖြစ်သည်။လက်ရှိတွင် အရှိန်အဝါ ပမာဏအများကြီးကို ချန်လွေ့ အမြန်လိုအပ်နေသည်။
ယခုတစ်ခေါက် ချန်လွေ့ပြန်လာခြင်းသည် အဲလစ်ကိုရှုံးထားသည့် အရည်အသွေးမြင့် နွယ်ကျောက်၁၀၀ ယူလာပေးရန် အကြောင်းပြချက်ဖြင့် ဖြစ်သည်။ရှီရာသည် နွယ်ကျောက် ၆၀ ပေးရန် ကတိပေးထားပြီး အဲလစ်က ၆တုံးပေးရန် ကတိ ပေးထားသည်။ထို့ကြောင့် စုစုပေါင်းအရှိန်အဝါ သောင်းကျော် ရရှိနိုင်ပေမည်။
ချန်လွေ့သည် ဆေးရည်ကိုကိုင်ထားပြီး ပင့်လိုက်ရှိုက်လိုက်သည်။ထို့နောက် အဖုံးဖွင့်ပြီး တစ်ခါတည်း သောက်လိုက်သည်။၎င်းသည် ဆေးရည်မည်းကို ချန်လွေ့ ပထမဆုံး သောက်ခြင်း မဟုတ်ပေ။အကယ်၍ ဆေးရည်ဝါသနာအိုး အဲဒက်စ်သာ သူ၏တပည့်သည် ဆေးရည်မည်း ၅ပုလင်း သောက်လိုက်သည်ကို သိသွားခဲ့လျှင် ဤလူသားကို မသိဟန် ဆောင်ပြီး စမ်းသပ်ရေးစားပွဲပေါ်၌ ကြိုးတုပ်ကာ “ ခွဲစိတ်စူးစမ်း ” ပေလိမ့်မည်။
“ စစ်မှန် ” ဆေးရည်များသည် ချက်ချင်းအားတိုးဆေးကဲ့သို့ အရသာရှိလျှင် “ ထာဝရ ” ဆေးရည်သည် အရသာခံရသည့် ဝိုင်နှင့်တူပေသည်။ချန်လွေ့သောက်ပြီးသည့်အခါ တစ်ကိုယ်လုံး၌ အပူလှိုင်းများ လွင့်မျောနေသည်ကို ခံစားလိုက်ရသည်။လှိုင်းတစ်ခုစီသည် အခြားတစ်ခုထက် ပို၍ကြမ်းသည်။တဖြည်းဖြည်းနှင့် ထိုအပူများ ထပ်သွားပြီး အသက်ရှိနေသည့် ထူးဆန်းသော စည်းချက်တစ်ခု ဖြစ်သွားစေသည်။ အတိအကျ ပြောရလျှင် ၎င်းသည် စည်းမျဉ်း ဖြစ်သည်။၎င်းသည် စွမ်းအား၏ “ စည်းမျဉ်း ” ဖြစ်ကြောင်း ချန်လွေ့ သေသေချာချာ ခံစားရသည်။
အချိန်အတော်ကြာပြီးနောက်တွင် စည်းချက်သည် ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ထိုစည်းမျဉ်းဥပဒေသသ၏ လှုံ့ဆော်မှုကြောင့် ချန်လွေ့ ခန္ဓာကိုယ်ထဲမှ စွမ်းအားများ တိုးတက်သွားသည်။ထိုတိုးတက်မှုသည် သန်မာမှု ဆေးရည်၏ ယာယီ “ တိုးမြင့်မှု ” နှင့်မတူပေ။ခန္ဓာကိုယ်သည် စည်းမျဉ်းဥပဒေသ တစ်မျိုးမျိုးကို သဘောပေါက်သွားပြီး ကိုယ်တိုင်သဘောပေါက်ကာ တိုးတက်သွားခြင်း ဖြစ်သည်။ထို့ကြောင့် ၎င်း၏ အာနိသင်သည် ထာဝရဖြစ်သည်။
မီကတ်စ်နှင့် ထပ်ပြီး တိုက်ခိုက်ရလျှင် နိုင်နိုင်ချေသည် အနည်းဆုံး ၆၀% အထိရှိမည်ဟု ချန်လွေ့ ခံစားသွားရသည်။
၎င်းသည် ထာဝရဆေးရည်မည်း၏ အံ့ဩဖွယ်ရာဖြစ်သည်။ကံဆိုးချင်တော့ ၎င်းသည် ပထမဆုံးအကြိမ်သာ အာနိသင်ရှိသည်။ချန်လွေ့ ရုတ်တရက် သဘောပေါက်သွားသည်။ ထာဝရဆေးရည်များကို မဟာဆရာသခင်များသာ ဖော်စပ်၍ရသည့်အတွက် ထိုဆေးရည်ကိုဖော်စပ်ရန် “ စည်းမျဉ်း ” များကို သဘောပေါက်ရမည်ဟု ဆိုလိုခြင်းပေလား။တစ်နည်းသောရလျှင် ဆေးရည်ထဲမှ စည်းမျဉ်းဥပဒေသသကို သဘောပေါက်ရမည်လား။
တကယ်တော့ မနေ့ညက “ စစ်မှန် ” ဆေးရည်တွေ သောက်တုန်းက ထူးခြားတဲ့ ခံစားချက်နည်းနည်းလေး ရတယ်။ဒါပေမဲ့ အခြေအနေက အရေးကြီးနေတော့ အဲ့ဒီခံစားချက်ကို သတိမထားနိုင်ခဲ့ဘူး။အခုတော့ အဲ့ဒီခံစားချက်က တိုက်ဆိုင်မှု သက်သက် မဟုတ်တဲ့ပုံပဲ။စစ်မှန်ဆေးရည်မှာလည်း နောက်ထပ် စည်းမျဉ်းတွေ ရှိလောက်တယ်။ဒါပေမဲ့ ဆေးရည်မည်း နှစ်ခုလုံးမှာတော့ “ စည်းမျဉ်း ” တွေ ရှိတယ်ဆိုတာ သေချာတယ်။
အဆိပ်သခင်က ဘာလို့ မဟာဆရာသခင်အဆင့် ဆေးရည်တွေကို မဖော်စပ် နိုင်ရတာလဲ။ဘာလို့ ဒီခြားနားချက်ကို မကျော်ဖြတ်နိုင်ရတာလဲ။ဆေးညွှန်းလို နေတာလား။ နည်းလမ်းလိုနေတာလား။ဒါမှမဟုတ် အဓိကသော့ချက်က “ စည်းမျဉ်း ” များလား။
ဒါဆို နောက်တစ်နည်းပြောရရင် မဟာဆရာသခင်နဲ့ ဆရာသခင်ကြားမှာ အဓိက ကွာခြားချက်က “ စည်းမျဉ်း ” ပေါ်မှာ မူတည်နေတာပေါ့။ဒါမှမဟုတ် ဒါက မဟာဆရာသခင် ဖြစ်ဖို့အတွက် နားလည်ရမယ့် အခြေခံလိုအပ်ချက်များလား။ ဒီလိုသာဆိုရင်တော့ တွက်ချက်ပြီးတော့ အဆင့်တက်ဖို့ ကြိုးစားနေကြတဲ့ သူတွေအားလုံးက လမ်းကြောင်းမှားနေတာပေါ့။
ဆေးရည်မည်းသည် တိုးမြှင့်ဆေးရည်သာ ဖြစ်သော်လည်း မဟာဆရာသခင်အဆင့် ဖြစ်သည်။ဆရာသခင်အဆင့်တွင် အဆိပ်ကိုလေ့လာသူသည် တိုးမြှင့်ဆေးရည် လေ့လာသူထက် ပိုများသည်။အကြောင်းရင်းမှာ နတ်ဆိုးဘုံ၌ အဆိပ်ဖော်စပ်ခြင်းသည် ပို၍အသုံးဝင်ပြီး အာဏာပိုင်များ၏ ထောက်ပံ့မှု ပိုရရှိ၍ ဖြစ်သည်။ဆရာသခင် ဖြစ်ပြီးနောက် တိုးမြှင့်ဆေးရည် ဖော်စပ်သူများလည်း အများကြီးရှိပေသည်။ သို့သော်လည်း မဟာဆရာသခင်အဆင့် ရောက်သည်အထိ မည်သူမှ မအောင်မြင်ခဲ့ပေ။
“ စည်းမျဉ်းများ ” ကို ရှာတွေ့သွားခြင်းသည် အလွန်အရေးကြီးသည်။အထူးသဖြင့် ဆရာသခင်အဆင့်သို့ ရောက်သွားသည့်သူအတွက် ဖြစ်သည်။အဲဒက်စ်သည် သုတေသနကို အခြေပြုသည့် ပညာရှင်တစ်ယောက်ဖြစ်ပြီး ဆေးပညာကို အာရုံစူးစိုက်မှုရှိသည်။အလုပ်နှင့်ပတ်သက်လာလျှင် မရပ်မနား စကားပြောပြီး အလုပ်မှလွဲ၍ အခြားစကား အများကြီး မပြောပေ။
အမှောင်နတ်သူငယ်သည် ဖြောင့်မတ်ပြီး သည်းခံတတ်သည့် မျိုးနွယ်မဟုတ်ပေ။ အဲဒက်စ်သည် အဆိပ်သခင် တစ်ယောက်ဖြစ်ပြီး ပုံမှန် အမှောင်နတ်သူငယ် တစ်ယောက်သာဖြစ်သည်။သို့သော်လည်း အမှောင်နတ်သူငယ်သည် သူတစ်ပါး၏ ကျေးဇူးကို အမြဲမှတ်ထားသည်။ထို့ကြောင့် ရှီရာကို သစ္စာမဖောက်ဘဲ ဆန်ဒရို၏ အန္တရာယ်ရှိသော စိန်ခေါ်မှုကို လက်ခံရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ယခင်တစ်ခေါက်က ဆရာသခင်စိတ်ခေါ်ပွဲ၌ ချန်လွေ့သည် စူပါစနစ်ကို အသက်သွင်းချင်၍ ကူညီပေးခဲ့ခြင်း ဖြစ်သည်။နောက်ဆုံး၌ ချန်လွေ့သည် ဆန်ဒရိုကို အနိုင်ယူကာ သတ်လိုက်နိုင်ပြီး အဲဒက်စ်သည်လည်း နယ်နှင်ဒဏ် မခံရတော့ပေ။အဲဒက်စ်၏ ဂုဏ်သတင်းလည်း တိုးတက်သွားသည်။အမှောင်နတ်သူငယ် အများကြီး မပြောသော်လည်း စိတ်ထဲ၌ မှတ်ထားပေသည်။
ဆေးဝါး ဗဟုသုတနှင့် ပတ်သက်လျှင် အမှောင်နတ်သူငယ်သည် အခြားဆရာသခင်များ ကဲ့သို့ ဆရာစားမချန်ထားပေ။သိသမျှ အကုန်ပြောပြသည်။အနည်းဆုံးတော့ ချန်လွေ့ အတွက် ထိုကဲ့သို့ပင် ဖြစ်သည်။ထို့ပြင် ချန်လွေ့ ပြောလိုက်သည်နှင့် မည်သည့် ဆေးရည်မဆို ချက်ချင်းထုတ်ပေးသည်။အဲဒက်စ်သည် စကားတစ်ခွန်းပင် မပြောချေ။
စစ်မှန်သည့် မိတ်ဆွေများသည် စိတ်တူကိုယ်တူ ဖြစ်ရန် မလိုအပ်ပေ။တစ်ခါတစ်ရံတွင် လက်တွေ့ လုပ်ဆောင်ချက်များသည် စကားလုံးလှလှများထက်ပို၍ လက်ခံယုံကြည် စေသည်။
ဒါက အဲဒက်စ်ပဲ။
ထာဝရစွမ်းအားကို သောက်ပြီးသည့်အခါ ချန်လွေ့ အောင့်မထားနိုင်တော့ဘဲ “ အဲဒက်စ် အတွက် ” စိတ်ဝိညာဉ် သုတေသန လုပ်ပေးရန် ထာဝအမြန်နှုန်းပုလင်းကို လဲလှယ် လိုက်သည်။ထို့နောက်တွင် အရှိန်အဝါ ၁၂၀၀၀၀ သာကျန်တော့သည်။ချန်လွေ့သည် အဲဒက်စ်အတွက် အံ့ဩဖွယ်ကောင်းသော အရသာကို ဆက်ခံချင်သော်လည်း စိတ်ထိန်းကာ “ သိပ္ပံနည်းကျ စူးစမ်းရှာဖွေမှု ” ကို ရပ်ထားလိုက်သည်။
ကျန်တဲ့ ဆေးရည်မည်းနှစ်ပုလင်းကို သေချာပေါက် လဲလှယ်ရမယ်။ဒီ အရှိန်အဝါ ၁၂၀၀၀၀ ကတော့ လေ့ကျင့်ရေးအတွက်ပဲ။ငါထက်သုံးလို့ မဖြစ်ဘူး။အရှိန်အဝါတွေပို၍ ရတဲ့အထိ စောင့်ရမယ်။
ချန်လွေ့သည် ရွိုင့်စ်၏ သတင်းအချက်အလက်ကို သတိရသွားပြီး အဲဒက်စ်ကို ကြိုတင်သတိပေးရန် ဆုံးဖြတ်လိုက်သည်။ချန်လွေ့ ချက်ချင်း အခန်းထဲမှ ထွက်သွားပြီး စမ်းသပ်ခန်းဆီ သွားလိုက်သည်။အဲဒက်စ်သည် ခွေးခြေပေါ်တွင် ထိုင်နေပြီး စမ်းသပ်ရန်အတွက် ဆေးရည်တစ်ပုလင်း ကိုင်ထားသည်။ဆေးပညာဗဟုသုတ အခြေခံရှိသွားပြီဖြစ်သည့် စလီသည် ဘေးနားမှ သေသေချာချာ ကြည့်နေသည်။
ချန်လွေ့ ရုတ်တရက် ရှက်သလိုခံစားလိုက်ရသည်။အဆိပ်သခင်၏ “ အလုပ်သင်တပည့် ” ဖြစ်သော်လည်း ချန်လွေ့သည် မှင်စာ၏လေ့လာပုံကို မယှဉ်နိုင်ပေ။
“ စလီ။ဆရာနဲ့ငါ အရေးကြီးတာ ဆွေးနွေးစရာ ရှိတယ်။အပြင်မှာ သွားစောင့်နေ။ တစ်ယောက်ယောက်လာရင် ချက်ချင်း ငါ့ကို အကြောင်းကြား။ ”
“ ဟုတ်ကဲ့ပါ။သခင်။ ”
စလီသည် အမှန်တကယ်ပင် အာရုံစူးစိုက်နေခဲ့စည်။သို့သော်လည်း ချန်လွေ့၏စကားကို ကြားသည့်အခါ ဘာမှမပြောဘဲ ချက်ချင်း ထွက်သွားလိုက်သည်။မှင်စာ၏ နှလုံသား ထဲတွင် ချန်လွေ့သည် နတ်ဆိုးဘုံတစ်ခုလုံး၌ အကောင်းဆုံး သခင်တစ်ယောက် ဖြစ်နေသည်။သူ ဆေးပညာများကို လေ့လာရပြီး အဆိပ်သခင်ဘေး၌ အလကား နေနေရခြင်းသည် သူ့သခင်၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
အဲဒက်စ်လည်း စမ်းသပ်ချပ်ကို ရပ်တန့်လိုက်ပြီး ချန်လွေ့ကို ထူးထူးဆန်းဆန်း ကြည့်လိုက်သည်။
“ ဘာပြောမလို့လဲ။မင်းရဲ့ အမွေအနှစ် စမ်းသပ်ချက်မှာ တစ်ခုခု ဖြစ်လို့လား။ ”
ချန်လွေ့လည်း ဝေ့ဝိုက်မနေတော့ဘဲ အမှောင်လမြို့ဆီ ဂျိုးဆက်ပ်ပြန်လာ တော့မည့် အကြောင်း နှင့် အဲဒက်စ်၏ ပျောက်ဆုံးသွားသည့်ညီမအကြောင်းကိုသုံးပြီး ခြိမ်းခြောက် နိုင်သည့်အကြောင်းကို တစ်ခါတည်းပြောလိုက်သည်။ချန်လွေ့ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
“ ဂျိုးဆက်ပ်က တကယ်ပဲ ငါ့ညီမကို ရှာတွေ့သွားပြီလား။ ”
“ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆရာ့ကို ဂျိုးဆက်ပ် ခြိမ်းခြောက်ရန် ဆရာဘယ်လို လုပ်မှာလဲ။ ”
ထိုမေးခွန်းသည် အဲဒက်စ်ကို တုံ့ဆိုင်းသွားစေသည်။ခဏကြာသည်အထိ သူဘာမှ မပြောပေ။သူ၏ နှလုံးသားသည် ဝေခွဲမရ ဖြစ်နေသည်မှာ အသေအချာပင် ဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် အဲဒက်စ်၏ အကြည့် ပြတ်သားသွားသည်။
“ ငါ ဘယ်တော့မှ တော်ဝင်မင်းသမီးကို သစ္စာဖောက်မှာ မဟုတ်ဘူး။ဒါပေမဲ့ ငါ့ညီမလေးကို ကယ်ဖို့အတွက် ငါ့အသက်စွန့်ရမယ်ဆိုရင်တောင် ငါအကောင်းဆုံး ကြိုးစားမယ်။ ”
အဲဒက်စ်သည် အဆိပ်သခင် တစ်ယောက်သာ မဟုတ်ပေ။မှော်ပညာ၌လည်း ပါရမီရှင် တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် လေမှော်ပညာ ကျွမ်းကျင်သည်။အဲဒက်စ်သည် မန္တန်မရွတ်ဘဲ လျှပ်စီးကို အသက်သွင်းနိုင်သည်။ဆေးပညာကို ဝါသနာမထုံခဲ့လျှင် အဲဒက်စ်သည် သေရွာပြန်ကို ကျော်နိုင်သည့် မှော်ဆရာတစ်ယောက် ဖြစ်သွား ပေလိမ့်မည်။သို့သော်လည်း အဲဒက်စ်သည် တိုက်ခိုက်ရေး၌ မကျွမ်းကျင်ပေ။အကယ်၍ သူသာတိုက်ခိုက်လျှင် သာမန် အလယ်ဆင့်နတ်ဆိုး တစ်ယောက်ကိုပင် ယှဉ်နိုင်မည် မဟုတ်ပေ။
ချန်လွေ့ တည်ကြည်လေးနက်သွားပုံပေါ်သည်။
“ ဆရာ။ကျွန်တော့်ကိုယုံတယ်ရင် ဂျိုးဆက်ပ် ရောက်လာတဲ့အခါ အခုလိုမျိုးပဲ တုံ့ဆိုင်းပြီးတော့ သူ့ကို အချိန်ဆွဲထားပေ။ကျွန်တော် ဆရာ့ရဲ့ ညီမကို ကယ်တင်ဖို့ ကြိုးစားပေးမယ်။ ”
“ မင်းကလား။ ”
အဲဒက်စ် သံသယရှိသွားသည်။သို့သော်လည်း ချန်လွေ့ကို ယုံကြည်မည်ဟု သူပြောလိုက်သည့်အတွက် ထပ်ပြီး သံသယဖြစ်၍ မရတော့ပေ။
ချန်လွေ့သည် အဲဒက်စ၏ ခံစားချက်များကို သဘောပေါက်သွားပြီး ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
“ ဆရာ။ဘာနည်းလမ်းကို သုံးမယ်ဆိုတာနဲ့ ဘယ်သူက ကယ်မယ်ဆိုတာကို အာရုံမထားနဲ့။ကျွန်တော့်ကို ယုံကြည်ထားရုံပါပဲ။ပြီးတော့လည်း ကျွန်တော် သိသလောက်ဆိုရင် ဂျိုးဆက်ပ်က ဆရာ့ရဲ့ညီမကို ရှာမတွေ့သေးဘူး။သူ့မှာ သဲလွန်စပဲ ရှိသေးတယ်။အဲ့ဒါကြောင့် သူလှည့်စားတာ မခံမိစေနဲ့။သူ့ကို တကယ်ပဲ အချိန်မဆွဲ နိုင်ရင်တော့ ဆရာ့ရဲ့ညီမကို ကိုယ်တိုင် တွေ့ချင်တယ်လို့သာ ပြောလိုက်။ ”
အဲဒက်စ်သည် ချန်လွေ့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။မည်သည့် နည်းလမ်းသုံးမည်ဖြစ်ကြောင်း နှင့် သတင်းအချက်များကို မည်ကဲ့သို့ ရရှိကြောင်း ချန်လွေ့ကို မမေးတော့ဘဲ အဲဒက်စ် အသာလေး ခေါင်ညိတ်လိုက်သည်။
“ ဒါကြောင့်မင်းကို တော်ဝင်မင်းသမီးက ယုံကြည်ပြီးတော့ တန်ဖိုးထားတာကိုး။ မင်းရဲ့ပါရမီကို လျစ်လျူရှုလို့ မရဘူးပဲ။ငါမင်းကို ယုံတယ်။ဒါပေမဲ့ ဂျိုးဆက်ပ်က ငါ တော်ဝင်မင်းသမီးအပေါ် သစ္စာရှိတာကို အသေအချာသိတာပဲ။မြို့တော်က ဘုရင်ခံ ဖိတ်တာကိုလည်း ငါငြင်းခဲ့တာပဲ။သူကဘာလို့ ငါ့ကိုခေါ်ယူဖို့ ကြိုးစားနေသေးတာလဲ။ အရင်တစ်ယောက်က ဆရာသခင်စိန်ခေါ်ပွဲတုန်းက င့ါရဲ့ စွမ်းဆောင်ရည် ကြောင့်လား။ တကယ်တော့ သူတကယ်ပဲ အဆိပ်သခင်တစ်ယောက် လိုချင်ရင် ငါ့ထက်ပိုပြီး သိမ်းသွင်းရလွယ်ကူတဲ့သူရှိမှာပဲ။ ”
ထိုစကားကို ကြားလိုက်ရာ ချန်လွေ့ လိပ်ပြာမလုံဖြစ်သွားပြီး ပြောလိုက်သည်။
“ ဒါက...ကျွန်တော် မတော်တဆ လုပ်မိသွားပြီးတော့..... ဂျိုးဆက်ပ်ကို အထင်လွဲသွားအောင် လုပ်လိုက်မိတာ ဖြစ်မယ်။ ”
အဲဒက်စ် မေးလိုက်သည်။
“ ဘာများလဲ။ ”
မှော်စတိုးဆိုင်မှ ပစ္စည်းများ လိမ်ယူရန်အတွက် ဆင်ခြေပေးလိုက်သည့်အကြောင့် ချန်လွေ့ ပြောလိုက်ရာ အဲဒက်စ် ခဏ ကြက်သေသေသွားသည်။ထို့နောက် အဲဒက်စ်သည် ချန်လွေ့၏ ကော်လာကို ကြမ်းတမ်းစွာ ဆုပ်ကိုင်ပြီး အော်ပြောလိုက်သည်။
“ သောက်ရူး။အခြားကိစ္စတွေကို မင်းလှည့်စားလို့ရတယ်။ဒါပေမဲ့ ပညာရပ်နဲ့ ပတ်သက်ပြီး ဘာမှ မလိမ်ညာသင့်ဘူး။အရင်တစ်ခေါက် ဆန်ဒရိုကို အဆိပ်ခပ်နိုင်လို့ ငါနာမည်ကျော် သွားပေမဲ့ ငါအမြဲတမ်း အရှက်ရနေခဲ့တယ်။အဲ့ဒါက မင်းရဲ့ ရူးကြောင်ကြောင် အီးပေါက် ဘုရင် အကြံကြောင့် မဟုတ်ဘူး။အဲ့ဒါက ငါ့ရဲ့တကယ့် စွမ်းအား မဟုတ်လို့ပဲ။ အခုတော့ မင်းက မဟာဆရာသခင်အဆင့် ဆေးရည်နဲ့ပါ ပြဿနာရှာလိုက်ပြီ။မင်းကင့ါကို မထိုက်တန်တဲ့ ဂုဏ်သတင်းရဖို့အတွက် ဆေးဝါးပညာနယ်ပယ်တစ်ခုလုံးကို လှည့်စားဖို့ တွန်းအားပေးနေတာပဲ။ ”
ဆေးပညာနှင့် ပတ်သက်သည်နှင့် အမှောင်နတ်သူငယ်သည် အရူးအမူး ဖြစ်သွား တော့သည်။တကယ့်ပင် ဝါသနာအိုး ဖြစ်သည်။သို့သော်လည်း လူသားဖြစ်သူသည် စကားလုံးများကို စိတ်ဝင်တစား လေ့လာနေသည်။ မထိုက်တန်တဲ့ ဂုဏ်သတင်း ရဖို့အတွက် ဆေးဝါးပညာနယ်ပယ်တစ်ခုလုံးကို လှည့်စားတာ တဲ့လား။ညီအစ်ကို ရွှင်းကျိက နယ်ပယ်ကူးပြောင်းလာပြီးတော့ နတ်ဆိုးဘုံမှာ နတ်ဆိုးဘုရင် ဖြစ်သွားလို့လား။ဒါမှမဟုတ် အဲ့ဒါက တချို့နတ်ဆိုးဘုံ ဝတ္ထုရှည်ထဲကလား။
လှဲလှယ်ဌာန မတည်ဆောက်ရသေးခင်ကဆိုလျှင် အဲဒက်စ် ဆူသည့်အခါ ချန်လွေ့ ကူကယ်ရာမဲ့သလို ခံစားရပေလိမ့်မည်။သို့သော်လည်း ယခုတွင်တော့.....
အဲဒက်စ်သည် ဒေါသများ ပြည့်နှက်နေပြီး ဆက်လက် ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သည်။ရုတ်တရက် သူတုန်လှုပ်သွားပြီး သူ၏လုပ်ရပ်လည်း ချက်ချင်း ရပ်တန့်သွားသည်။သူ၏အကြည့်လည်း ရပ်တန့်သွားသည်။အကြောင်းရင်းမှာ လူသားကိုင်ထားသည့် ဆေးရည်ပုလင်းကြောင့် ဖြစ်သည်။
၎င်းသည် သာမန်ပုလင်းသာ ဖြစ်သည်။ထူးခြားသည်မှာ ပုလင်းထဲရှိ ဆေးရည်များသည် အမည်းရောင် ဖြစ်နေခြင်းပင်။