← Chapters

ပုံရိပ်

Vol. 015 Ch. 1478

ပုံရိပ်

Vol. 015 Ch. 1478

ခရမ်းရွှေကြွက်များ ဆုတ်ခွာသွားအပြီးတွင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများနှင့် ကောင်းကင်နတ်တံခါးမှ လူများက အချင်းချင်း စူးစိုက်ကြည့်လိုက်ကြသည်။ ကြည့်ရသည်မှာ သဏ္ဌာန်မဲ့ မီးမုန်တိုင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံလာသည်ဟု ထင်ရပေသည်။

“ရှင်တို့အားလုံးက ရွှမ်ထျန်းစံအိမ်မှာပဲ ရှိနေကြသေးတာပါ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ထားကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ကြရသည်။ တန်ခိုးရှင်များအားလုံးသည် ထိုအစွမ်းထက် စွမ်းအားမှာ ရွှမ်ထျန်းနတ်မိမယ်ထံမှ ဖြစ်ကြောင်း ခံစားသိရှိနိုင်ပေသည်။

“ကျုပ်တို့ရဲ့ ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ နတ်မိမယ်” ရှန့်ရှောင်းနန်းတော်မှ လင်ယွဲ့က လေထဲသို့ အရိုအသေပေးကာ ပြောလိုက်၏။ ဤနေရာသည် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ရွှမ်ထျန်းစံအိမ်ဖြစ်ကာ သူတို့၏ မည်သည့် ထောက်ထားမှုမှ မရှိ အချင်းချင်း ရန်စောင်နေကြသည့် အပြုအမူမှာ အလွန် ရိုင်းပျလှပေသည်။

နတ်မိမယ်သည် ကိုယ်တိုင် ထွက်လာကာ တားဆီးခဲ့သည့်အတွက် သူတို့က ဆက်လက်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။

ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ နတ်ဂီတနန်းတော်၏ တပည့် ယန်စွေ့က ရီဖူရှင်းအား ကြည့်ကာ ပြောသည်။ “အခွင့်အရေးရှိခဲ့ရင် ခင်ဗျားနဲ့ နောက်တစ်ခါ ထပ်ပြီး ပညာဖလှယ်ခွင့်ရဖို့ မျှော်လင့်ပါတယ် ... ညီနောင်ရီ”

ထိုသို့ ပြောပြီးနောက် သူက လှည့်ထွက်သွားခဲ့သည်။

ဂီတနှင့် ပညာဖလှယ်ခြင်းကဏ္ဍတွင် သူက ရီဖူရှင်းအား အရင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သော်လည်း  သူ့ကိုယ်သူ အထင်ကြီးမိသည့်အတွက် နတ်ဆိုးတူရိယာ၏ ဖိနှိပ်ခြင်းကို ခံရကာ တစ်ဖက်လူကို ရှုံးနိမ့်ခဲ့ရသည်။ သူက တကယ့်ကို ရီဖူရှင်း၏ လှည့်စားမှုကို ခံခဲ့ရလျှင်ပင် သူ့အမှားကလည်း ရှိနေသေးသည်သာ ဖြစ်သည်။ ရီဖူရှင်းက ယန်စွေ့အား ရန်ဟောင်အဆင့် ကု့ချင်း သုံးမည့်အကြောင်း ပြောခဲ့သော်လည်း ယန်စွေ့ကသာ သတိမမူခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်သာ သူက နတ်ဆိုးသံစဉ်ကြောင့် ချက်ချင်း ရှုံးနိမ့်သွားခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ရီဖူရှင်း၏ ခရမ်းရွှေကြွက်များအပေါ် ပြုမူခဲ့သည့် အပြုအမူနှင့် သူ၏ ပြင်းထန်သော တိုက်ပွဲစွမ်းရည်က သူ့ကိုယ်သူနှင့် နှိုင်းယှဉ်မိစေသည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ ရှန့်ရှောင်းနန်းတော်မှ လူတိုင်းသည်လည်း ကောင်းကင်အာဏာစက်ဘုံ၏ လူငယ်ပါရမီရှင်ကျင့်ကြံသူအား လျှော့တွက်မိခဲ့ပေသည်။

ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ လူများသည် တစ်ယောက်ပြီးတစ်ယောက် လှည့်ထွက်သွားကြ၏။ ရီထျန်းယွိသည်လည်း ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နောက်ကျောတွင် ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသကဲ့သို့ လေးလံစွာ ထွက်ခွာသွားလေသည်။

“သွားကြရအောင်” ရီဖူရှင်းက အသံတိုးတိုးနှင့် ပြောသည်။ လူတိုင်းသည်လည်း ပြန်လှည့်ထွက်ကာ သူတို့ နေထိုင်ရာ နေရာသို့ ပြန်သွားခဲ့ကြသည်။

ထို့နောက်တွင် ရွှမ်ထျန်းစံအိမ်၌ တိတ်ဆိတ်မှုက တစ်ဖန် ကြီးစိုးသွားခဲ့ပြန်သည်။

ညသို့ ရောက်ရှိလာပြီး ရွှမ်ထျန်းစံအိမ်အထက်ရှိ ကောင်းကင်သည် ထည်ဝါမှုအပြည့်ဖြင့် နေရာတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ရီဖူရှင်းက နန်းတော်အတွင်းတွင် ငြိမ်းချမ်းစွာ ကျင့်ကြံနေသော်လည်း သူ၏ အတွေးများက ရှုပ်ထွေးနေသည်။

ထိုအခိုက်တွင် ခြေသံများကို ကြားလိုက်ရပြီး ရီဖူရှင်းက သူ့မျက်လုံးများကို ဖွင့်ကာ ပြောသည်။ “ကျေးဇူးပြုပြီး ဝင်ခဲ့ပါ နတ်မိမယ်ချင်း”

သူ ထိုသို့ ပြောလိုက်ပြီးသည်နှင့် တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။ သူမသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ညအချိန်၌ တစ်ယောက်တည်းလာခဲ့သည့် သူမ၏ ပုံစံမှာ အတော်လေး အထီးကျန်ဆန်နေသယောင် ထင်မှတ်ရပေသည်။

ချင်းဟယ်က ရီဖူရှင်း၏ အနီးသို့ ရောက်မလာခင် ပြုံးကာ မေးသည်။ “ရှင် ကျင့်ကြံနေတုန်း ကျွန်မ ရောက်လာမိတာလား သခင်လေးရီ”

ရီဖူရှင်းက ပြုံး၍ သူ၏ ခေါင်းကို ခါယမ်းသည်။ “ကျုပ်လည်း နတ်မိမယ်ဆီ လာလည်သင့် မလည်သင့် စဉ်းစားနေတာပါ”

“ဒါဆို ကြည့်ရတာ ကျွန်မတို့ အတွေးတူနေတဲ့ပုံပါပဲ” ချင်းဟယ်က ခပ်ရေးရေး ပြုံးလိုက်ပြီး ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်သည်။ သူမ၏ နက်မှောင်သော ဆံနွယ်တို့က ပခုံးပေါ်တွင် ဖေးတင်နေပြီး သူမ၏ အသားအရေမှာ လရောင်အောက်၌ ပို၍ပင် ချောမွေ့နေခဲ့သည်။ ထိုသည်က သူမအား လူ့လောကသို့ ဆင်းသက်လာသည့် နတ်သမီးတစ်ပါးနှင့် အမှန်တကယ် တူနေစေပေသည်။

ရီဖူရှင်းက ချင်းဟယ်၏ စကားများကို ကြားပြီးနောက် ပြုံးလိုက်ကာ အတော်လေး နွေးထွေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ချင်းဟယ်က သူ၏ ချောမောသော မျက်နှာကို ကြည့်နေရင်း ထိုင်လိုက်ပြီးနောက်၌ပင် ဆက်လက်ကြည့်နေခဲ့သည်။

“ကျုပ်က အဲဒီလောက် ကြည့်ကောင်းနေလို့လား” ရီဖူရှင်းက ရယ်မြူးရိပ်သန်းနေသော အသံဖြင့် မေးသည်။

“ဟုတ်တယ်”ချင်းဟယ်က ခေါင်းညိတ်ကာ ဆက်ပြောသည်။ “ရှင့်လို အသွင်အပြင်မျိုးက တန်ခိုးရှင်လောကထဲမှာတောင် အတော်ရှားပါးတယ်”

“ဆိုးတာက တန်ခိုးရှင်လောကထဲမှာ သူတို့ရဲ့ လမ်းကြောင်းက ရုပ်ရည်ပေါ် မူတည်မနေတာပဲ။ မဟုတ်ရင် ကျုပ် ကြိုးကြိုးစားစား ကျင့်ကြံနေစရာတောင် မလိုလောက်ဘူး” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်၏။

ချင်းဟယ်က သူ့အား တောက်ပစွာ ပြုံးပြလိုက်သော်လည်း အလျင်အမြန်ပင် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ သူမက ရီဖူရှင်း၏ မျက်လုံးများကို ကြည့်ကာ မေးသည်။ “ကျွန်မ ကြားတာတော့ ရှင့်ဆီကို ကျင့်ရီး လာသွားသေးတယ်ဆို”

“ဟုတ်တယ်” ရီဖူရှင်းက ခေါင်းညိတ်သည်။

“သူမ ဘာပြောသွားတာလဲ” ချင်းဟယ်က မေးသည်။

“ထွေထွေထူးထူး ဘာမှမရှိပါဘူး” ရီဖူရှင်းက ပြုံးကာ ဆက်ပြောသည်။ “သူမက ဘာမှပြောမသွားရင်တောင် ကျုပ် ခန့်မှန်းနိုင်တဲ့အကြောင်းတွေ ရှိပါတယ်”

ချင်းဟယ်သည် ရီဖူရှင်းပြောသည်ကို ကြားပြီးနောက် သူ၏ မျက်လုံးများအား ဆက်ကာ ကြည့်နေပေသည်။ နွေးထွေးသော အပြုံးက သူ၏နက်ရှိုင်းသော မျက်လုံးများထဲတွင် ထင်ဟပ်နေသည်။

ချင်းဟယ်က ရီဖူရှင်း အမှန်တကယ် ခန့်မှန်းမိလိမ့်မည်ကို သိရှိပေသည်။

သူတို့က မည်သည့်စကားမှ မဆိုလျှင်ပင် သူတို့က တစ်ဖက်လူ မည်သို့ တွေးနေသည်ကို သိမြင်ကြပေသည်။

ထိုခံစားချက်က ဝိညာဉ်ဖက်များသာလျှင် ခံစားနိုင်သည့် ခံစားမှုမျိုးဖြစ်ကာ ထူးခြားဆန်းကြယ်လှသော ခံစားချက်ဖြစ်သည်။

“ကျွန်မ ငယ်ငယ်လေးကတည်းက ဗြဟ္မာ့သန့်စင်ကောင်းကင်မှာ ကျင့်ကြံဖို့ စေလွှတ်ခံခဲ့ရပြီး အရှင်မ ဖြစ်လာဖို့က ကျွန်မ အမြဲမက်ခဲ့တဲ့ အိပ်မက်ပဲ။ ကျွန်မ တစ်နေ့နေ့မှာ ကိုယ်ပိုင်ခေတ်တစ်ခု ဖန်တီးနိုင်ပြီး လောကကြီးထဲက အမျိုးသမီးတန်ခိုးရှင်တွေရဲ့ စံထားရာ ဖြစ်လာနိုင်ဖို့ မျှော်လင့်ခဲ့တယ်။ အဲဒီရည်မှန်းချက်တစ်ခုတည်းကပဲ ကျွန်မ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်လာခဲ့တဲ့ ရည်ရွယ်ချက်ပဲ။”

ချင်းဟယ်က မဆိုင်သည့်ကိစ္စများကို စတင်ကာ ပြောဆိုနေသည်ဟု ထင်ရသော်လည်း ရီဖူရှင်းက တိတ်ဆိတ်စွာ နားထောင်ပေးရန် ရွေးချယ်ခဲ့သည်။

“ကျင့်ကြံခဲ့တဲ့ ကာလတစ်လျှောက်မှာ အရမ်းကို ကြိုးစားခဲ့တယ်။ ကျွန်မက လူအများကြီးကို ရှုံးနိမ့်စေခဲ့ပြီးတော့ ဗြဟ္မာ့သန့်စင်ကောင်းကင်ရဲ့ နတ်မိမယ်တစ်ပါး ဖြစ်လာခဲ့တယ်။ အခု ကျွန်မက နံပါတ်တစ် နတ်မိမယ်အဖြစ် ကျော်ကြားပြီးတော့ ရည်မှန်းချက် ပြည့်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတယ်။ လက်တွဲဖော် ရှာဖို့အတွက်လိုမျိုး ကိစ္စကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး”

ရီဖူရှင်းက သူမနှင့် ဆင်ပေသည်။ သူမသည် သူမ၏ ကျင့်ကြံခြင်းအပေါ်၌သာ အာရုံစိုက်ထားသည့် မိန်းမတစ်ယောက် ဖြစ်သည်။ ကျင့်ကြံခြင်းသည်သာ သူမ၏ သစ္စာတရား၊ ယုံကြည်မှု ဖြစ်သော်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင် အထက်ပိုင်းမှ လူများက သူမအား ရုတ်တရက် တစ်ယောက်ယောက်နှင့် လက်ထပ်စေလိုနေသည့်အတွက် သူမသည် သေချာပေါက် အပြင်းအထန် ကန့်ကွက်မည်သာ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ စိတ်အခြေအနေသည် ရှန့်ထိုအဆင့်သို့ ရောက်ရှိသည့်အခါ တည်ငြိမ်မှုတို့ ရှိလာလိမ့်မည် ဖြစ်သည်။ တစ်ယောက်က သူတို့ သဘောကျသည့် တစ်စုံတစ်ယောက်နှင့် တွေ့လျှင်ပင် သူတို့ အချိန်အတော်ကြာအောင် ဆုပ်ကိုင်ထားခဲ့သည့် ယုံကြည်မှုက ယိုင်လဲသွားလိမ့်မည် မဟုတ်ပေ။

ချင်းဟယ်က ရီဖူရှင်းအား မော့ကြည့်လိုက်ပြီး အပြုံးနှင့်ပြောသည်။ “ရှင်က ပြိုင်ဘက်ကင်း ရုပ်ရည်ရှိပြီးတော့ ရှင့်ရဲ့ အရည်အချင်းကလည်း နှစ်ယောက်မရှိဘူး သခင်လေးရီ။ ကောင်းကင်အာဏာစက်ဘုံမှာ လူနည်းနည်းလောက်ပဲ ရှင့်ကို ယှဉ်နိုင်ကြမှာ။ ကျွန်မသာ ရှင်နဲ့ ငယ်ငယ်ကတည်းက ဆုံတွေ့ခွင့်ရခဲ့ရင် ကျွန်မတို့ ချိန်းတွေ့ဖို့ တကယ် မေးမိမယ်ထင်တယ်”

သူမ၏ စကားသံက စနောက်နေဟန်နှင့် တူသော်လည်း သူမ၏ တကယ့် အတွေးများပင် ဖြစ်သည်။ ချင်းဟယ်သည် ရီဖူရှင်းကို အမှန်တကယ် သဘောကျသော်လည်း သူမသည် သူတို့ ထိုကဲ့သို့ အဆုံးသတ်သွားရမည်ကို မြင်တွေ့လိုခြင်း မရှိပေ။

“ခင်ဗျား ကျုပ်ကို ဒီလို ဆက်မြှောက်နေမယ်ဆိုရင် ခေါင်မိုးပေါက်တော့မှာပဲ” ရီဖူရှင်းက ပြုံးကာ ထပ်ပြောသည်။ “ခင်ဗျားကလည်း တကယ် ရှားပါးတဲ့ အလှပိုင်ရှင်ပါပဲ နတ်မိမယ်ချင်း။ ခင်ဗျားကို ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးက လူတိုင်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တောင် ခင်ဗျားလို လူမျိုးက လက်တစ်ဆုပ် မပြည့်မှာစိုးမိတယ်။ ကျုပ်လည်း ခင်ဗျားလို လူမျိုးနဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်”

“မိတ်ဆွေတဲ့လား” ချင်းဟယ်က ရီဖူရှင်းအား ကြည့်ကာ ပြုံး၍ တီးတိုးရေရွတ်သည်။ “တကယ့်ကို လှပတဲ့ စကားလုံးပါပဲ။ သခင်လေးရီနဲ့ သိကျွမ်းခွင့်ရတာ ဝမ်းမြောက်မိပါတယ်”

“ကျွန်တော်လည်း အတူတူပါပဲ” ရီဖူရှင်းက ခေါင်းညိတ်သည်။

ထို့နောက် ချင်းဟယ်က အပြုံးနှင့် ထရပ်လိုက်ပြီး ကောင်းကင်မှ ဆန်းသစ်စလခြမ်းကို မော့ကြည့်ကာ နူးညံ့စွာ ပြောသည်။ “ကျွန်မကတော့ မပြည့်စုံနေတာကလည်း လှပခြင်းတစ်မျိုး ဖြစ်မယ်လို့ ယူဆတယ်”

ထို့နောက် သူမက ချက်ချင်းပင် ထွက်ခွာသွားခဲ့ပြီး သူကလည်း မည်သည့် စကားမှ ထပ်မပြောခဲ့တော့ပေ။ သူက သူမအား လိုက်၍ပင် မပို့ခဲ့ပေ။ သူက သူမ၏ လှပသော ပုံရိပ်ကလေး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ထိသာ စောင့်ကြည့်နေခဲ့၏။

ချင်းဟယ်ထွက်သွားပြီး နောက်တွင် ရီဖူရှင်းက ပြောသည်။ “မင်း ချောင်းကြည့်လို့ ပြီးပြီလား”

အဟွတ် … အဟွတ် …

ချောမောသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းကို မကြည့်ဘဲနှင့် သူ့အား ဖြတ်လျှောက်သွားကာ အသံတိုးတိုးနှင့် ပြောသည်။ “စိတ်မရှိပါနဲ့ ... ငါက ဒီအတိုင်း ဖြတ်သွားရင်းနဲ့....”

ရီဖူရှင်းက ဟွားချင်းယွင်ကို ကြည့်လိုက်ပြီးနောက် သူသည် ကောင်းကင်နတ်တံခါးမှ ဟွားကလန်ဆက်ခံသူသည် အလွန် အရေထူကြောင်း သတိပြုမိ၏။

“ညလယ်ကြီးမှာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က အတူရှိနေပြီး တီတီတာတာ ကလူမနေဘဲ နက်နဲတဲ့ စကားထာတွေ ဖွက်ပြီး ပြောဆိုနေလိုက်ကြတာ.. ပျင်းဖို့ကောင်းလိုက်တာ ကိုယ့်လူရာ” ဟွားချင်းယွင်က ခေါင်းကို ခါယမ်းရင်း ရေရွတ်လိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ ထိုမြင်ကွင်းကြောင့် အတော်လေး နှမြောတသ ဖြစ်နေဟန်တူသည်။

ရီဖူရှင်းသည် ထိုနေရာမှ ထွက်လာကာ တစ်နေရာသို့ ရောက်လာခဲ့၏။ ထိုနေရာတွင် တစ်စုံတစ်ယောက်က တင်ပျဉ်ခွေထိုင်ကာ ရှိနေသည်။ လရောင်သည် ထိုသူ၏ ဝတ်စုံပေါ် တောက်ပ ဖြာကျနေကာ သူ့ကို ခန့်ညားထည်ဝါ၍ တော်ဝင်ဆန်နေစေသည်။

ထိုသူက သူ၏ မျက်လုံးများကို ဖွင့်လိုက်ကာ ရီဖူရှင်း လျှောက်လာသည်ကို မြင်သည့်အခါ ခေါ်လိုက်၏။ “ရီဖူရှင်း”

“ဆရာ” ရီဖူရှင်းက ချင်ရွှမ်ကန်း အရှေ့သို့ လာကာ ပြောလိုက်၏။ “ကျွန်တော် ဆရာ့ရဲ့ လမ်းညွှန်မှုကို လိုအပ်နေလို့ပါ”

“ချင်းဟယ်နဲ့ ပတ်သက်တဲ့ အကြောင်းများလား” ချင်ရွှမ်ကန်းက မေးသည်။

“ဟုတ်ပါတယ်” ရီဖူရှင်းက ခေါင်းညိတ်ကာ ဆက်ပြောသည်။ “ကျွန်တော်က ဘယ်လိုရွေးချယ်မှုမျိုး လုပ်သင့်လဲဆိုတာနဲ့  ကျွန်တော့်ရဲ့ ရွေးချယ်မှုက မှန်ကန်ပါ့မလား ဆိုတာကိုပါ”

“ဆရာက မင်းတို့နှစ်ယောက် တွေးနေတဲ့ အတွေးတွေကို အနည်းနဲ့အများတော့ ခန့်မှန်းမိပါတယ်။ မင်းတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင် ဖြေရှင်းစရာတွေ ရှိကြတယ်။ အဲဒါဆို ဘာက ပြဿနာ ဖြစ်နေတာလဲ” ချင်ရွှမ်ကန်းက မေးသည်။

“ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းတင်မိလိုက်ရင် မကောင်းတဲ့ရလဒ်တွေ ထွက်လာမလားလို့ သိချင်နေတာပါ” ရီဖူရှင်းက ပြန်ဖြေသည်။

“လောကကြီးမှာ ဖြစ်ပျက်သမျှ အရာအားလုံးက အကြောင်းရှိသလို အရာအားလုံးက ဆက်စပ်မှုလည်း ရှိတယ်။ ဖြစ်ပျက်သမျှ အရာအားလုံးမှာ အကြောင်းရော အကျိုးရော ရှိတယ်။ ဒါပေမဲ့ ဘယ်သူကမှ အနာဂတ်ကို မှန်မှန်ကန်ကန် မမြင်နိုင်ကြဘူး။ အဲဒါကြောင့် မင်းရဲ့ ရွေးချယ်မှုက ရလဒ်ဆိုးတွေကို ယူဆောင်လာမယ်လို့ ဘယ်လို သေချာသိနေတာလဲ။ မင်း နောက်တစ်လမ်းကို ရွေးလိုက်ရင်ရော ရလဒ်ကောင်းမယ်ဆိုတာ သေချာရဲ့လား”

ထို့နောက် ချင်ရွှမ်ကန်းက ဆက်ပြောသည်။ “ဒါက ဟိုးနှစ်တွေတုန်းက တာလီမှာ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာနဲ့ ဆင်တယ်။ မင်းရဲ့ ဆုံးဖြတ်ချက်က ကောင်းမွန်တဲ့ဆုံးဖြတ်ချက် ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီနောက် အရာအားလုံးက မင်းမျှော်လင့်သလို ဖြစ်လာခဲ့လား”

ရီဖူရှင်းက လီယောင်ကို မသတ်ဘဲ တာလီမှ ထွက်သွားရန် ရွေးချယ်သော်လည်း မင်းသားကြီးက သူ့အား သတ်ချင်ကာ ရန်ယွင်က ကယ်တင်ပေးခဲ့ရသည်။ ထိုအဖြစ်များကြောင့် တာလီတော်ဝင်မိသားစုက တော်ဝင်အကြံပေးကိုပင် သံသယဝင်လာခဲ့ပေသည်။

“ပြောင်းပြန်အနေနဲ့ ပြောရရင် မင်းရဲ့ဆုံးဖြတ်ချက်က အကောင်းဆုံးပဲ။ ယောက်ျားတစ်ယောက်က ဆုံးဖြတ်ချက်ကို ရဲရဲဝံ့ဝံ့ချနိုင်မှသာ ခေါင်းမော့ရင်ကော့ပြီး နေနိုင်လိမ့်မယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ စိတ်မပူနဲ့။ ဆုံးဖြတ်ပြီးသား ကိစ္စကို နောင်တရနေစရာလည်း မလိုဘူး။ ဆရာတို့တွေ လုပ်နိုင်တာက အနာဂတ်အကြောင်းကို မတွေးဘဲ လက်ရှိကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ပဲ” ချင်ရွှမ်ကန်းက ဆက်ပြောသည်။

ရီဖူရှင်းသည် သူ့ဆရာ၏ စကားများကို ကြားပြီးနောက် ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူက ပြန်ဖြေသည်။ “ကျွန်တော် နားလည်ပါပြီ”

“အခု သွားတော့ ဒါဆို” ချင်ရွှမ်ကန်းက ပြောလိုက်လျှင် ရီဖူရှင်းက ခေါင်းညိတ်ကာ ထွက်ခွာသွားခဲ့သည်။ ရီဖူရှင်းထွက်သွားပြီးနောက် သူက မျက်လုံးမှိတ်ကာ ဆက်လက် ကျင့်ကြံနေတော့သည်။ သူ့ခန္ဓာမှ အလင်းများက မဟာလမ်းစဉ်နှင့် တသားတည်း ပျော်ဝင်သွားခဲ့သည်။

ရီဖူရှင်းသည် ပြန်ရောက်လာပြီးနောက် မည်သည့်အကြောင်းကိုမှ မတွေးတော့ဘဲ မျက်လုံးများကို ပိတ်ကာ ကျင့်ကြံရန် ရွေးချယ်သည်။

တိတ်ဆိတ်သည့် ညသည် ရှည်လျားလှပြီး ရွှမ်ထျန်းစံအိမ်သည် ပုံမှန်ထက်ပိုကာ တိတ်ဆိတ်နေသည်ဟု ထင်မှတ်ရပေသည်။ အင်အားစုများအားလုံးမှ တန်ခိုးရှင်များသည် ကျင့်ကြံနေရင်း အရုဏ်တက်သည်အား စောင့်ဆိုင်းနေကြ၏။

ချင်းဟယ်က နောက်တစ်နေ့၌ သူမ၏ အဖြေကို ပြောလိမ့်မည် ဖြစ်သည်။

သူမက အားလုံးသော တန်ခိုးရှင်များကို မည်သည့်အဖြေမှ သိမသွားရဘဲနှင့်တော့ ထွက်မသွားခိုင်းနိုင်ပေ။

ရီဖူရှင်းက ညလယ်သို့ ရောက်သည့်အခါ ထူးခြားဆန်းကြယ်၍ တည်ငြိမ်ပြီး ထိုးထွင်းသိမြင်နိုင်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ သူက ကျင့်ကြံခြင်း၌ နက်နဲစွာ ဈာန်ဝင်စားနေခြင်းကြောင့် ရုပ်တုတစ်ခုကဲ့သို့ ပြောင်းလဲသွားပြီဟု ထင်မှတ်ရသော်လည်း သူ၏ စိတ်စွမ်းအား ခံစားနိုင်မှုကတော့ နေရာအနှံ့ကို ဖြန့်ကြက်သွားကာ အရာရာကို မြင်နိုင်စေရန် လုပ်ဆောင်ပေးသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက သူ၏ စိတ်အတွင်း ပေါ်ပေါက်လာသည်ဟု ထင်မှတ်ရပေသည်။ ယင်းသည် လေထုအတွင်း၌ ရုပ်လုံးပေါ်လာသကဲ့သို့ ထင်မှတ်ရသည်။

ထိုမျက်နှာသည် သူနှင့်အလွန်ပင် ရင်းနှီးနေပေသည်။ သူက ကျင့်ကြံခြင်း၌ ဈာန်ဝင်စားနေသည့် အချိန်တွင် လောကကြီးမှာ ဖြစ်ပျက်နေသမျှတို့ကို ရှင်းလင်းစွာ မြင်လာနိုင်သော်လည်း ထိုပုံရိပ်ယောင် ပေါ်ပေါက်လာသည့်အချိန်၌ သူ၏ နှလုံးသားက ပြင်းထန်စွာ နာကျင်လာရပေသည်။ ထိုသည်မှာ သူ့အား တစ်ခုခုနှင့် ရိုက်နှက်လိုသက်ကဲ့သို့ပင် ဖြစ်သည်။

“ဂျီယူ” ရီဖူရှင်းက စကားလုံးတစ်လုံးအား ရေရွတ်သည်။ သူ၏ မျက်လုံးများက ရုတ်တရက် ဖွင့်ဟလာသည်။ သူသည် ချက်ချင်းပင် တရားထိုင်နေသည့် အခြေအနေမှ ဆတ်ခနဲ နိုးထလာခဲ့သည်။ သူ၏ စိတ်အတွင်းမှ ပုံရိပ်ယောင်သည် တဖြည်းဖြည်း ဝေဝါးလာကာ ပျောက်ကွယ်သွားခဲ့သည်။ ထိုပုံရိပ်သည် ယခင်က မည်သည့်အခါမှ ပေါ်ပေါက်မလာဖူးသကဲ့သို့ပင် ဖြစ်သည်။

သူက လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ မျက်လုံးများက စူးရှသွား၏။ သူသည် နေရာအနှံ့သို့ ပိုက်စိပ်တိုက်ကာ ရှာဖွေကြည့်ရှုလိုက်ပေသည်။

ဖြစ်နိုင်ချေတစ်ခုမှာ ထိုပုံရိပ်ယောင်သည် သူ ဂျီယူအား လွမ်းဆွတ်လွန်း၍ ပေါ်ပေါက်လာခြင်း ဖြစ်နိုင်ကာ သူ၏ ကျင့်ကြံဆင့်က သူ့အား ကွဲပြားမှုများကို သိစေနိုင်ပေသည်။ ယခင်က ပေါ်လာသည့်အခါတွင် သူ၏ စိတ်ဝိညာဉ်က မတည်ငြိမ်သောကြောင့် ထိုပုံရိပ်ယောင်အား ဖြစ်စေသည်ဟု တွေးထင်ခဲ့သည်။

သို့သော် ပုံရိပ်ယောင်က တစ်ဖန်ထပ်ကာ ပေါ်ပေါက်လာသည်လား။

ထိုအချက်က မဖြစ်နိုင်ပေ။

ဗြဟ္မာ့သန့်စင်ကောင်းကင်သည် သေချာပေါက်တစ်ခုခု ပတ်သက်မှု ရှိနေနိုင်ပေသည်။

သူက ယခင် ပုံရိပ်ယောင်အား တွေ့မြင်စဉ်က ထိုပုံရိပ်နောက်သို့ လိုက်ရင်း ချင်းဟယ် ရှိနေသည့်နေရာသို့ ရောက်သွားခဲ့သည်။ ထိုနေရာမှာ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ကျင့်ကြံရေးနယ်မြေတစ်ခု ဖြစ်သည်။ သူက လက်ရှိတွင် ရွှမ်ထျန်းစံအိမ်သို့ ရောက်ရှိနေပြီး ဤနေရာက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နယ်မြေဖြစ်ပေသည်။

ယခင်က ဂျီယူသည် ဗြဟ္မာ့သန့်စင်ကောင်းကင် အရှင်မ၏ စွမ်းအားကို ဆင့်ခေါ်နိုင်ခဲ့ပေသည်။

ဂျီယူ အသက်ရှင်နေသေးသည်ကသာ အမှန်ဖြစ်လျှင် သူမက ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တစ်နေရာရာတွင် ရှိနေသည်လား။

မဟုတ်လျှင် သူမက သူ၏ စိတ်အတွင်း၌ မည်သို့ နှစ်ကြိမ်တိုင်တိုင် ပေါ်ပေါက်လာနိုင်မည်နည်း။

သို့သော် သူသည် အဘယ်ကြောင့် ထိုနေရာ၌ မည်သူ့ကိုမှ မြင်တွေ့နိုင်ခြင်းမရှိရသနည်း။

***

All Chapters