← Chapters

တာအိုရှာဖွေသူ။

Vol. 21 Ch. 252

တာအိုရှာဖွေသူ။

Vol. 21 Ch. 252

အော်ဟစ်သံများနှင့် ရုန်းရင်းဆန်ခတ်မှုများသည် သင်္ဘောအနှံ့ ပျံကျဲသွားသည်။

ထိုအချိန်တွင် လေထုအလယ်ရှိ စုရီနှင့်ဖုန်းလျူသည် ပေအနည်းငယ်အကွာသို့ ဆုတ်ခွာလိုက်ကြ၏။ လက်ရည်ညီနေသည်။

သို့သော် စုရီသည် လက်ဗလာဖြင့် စတုတ္ထအဆင့် မဟာသခင်မျှသာ ဖြစ်သည်။ မြေကြီးအဆင့် ကျွမ်းကျင်သူကို ဖိအားပေး နိုင်သည်မှာ ယုံနိုင်စရာ မရှိချေ။

“ ရေဒြပ်စင် တာအိုရောင်ဝါ။ ”

ဖုန်းလျူတစ်ယောက် အံ့သြမှုနှင့် သံသယများ ပြည့်နှက်လာခဲ့ပြီး ယခင်ကဲ့သို့ တည်ငြိမ်မှု မရှိတော့ချေ။

မဟာသခင်အဆင့်တွင် အင်္ဂါငါးပါးကို သန့်စင်ရသည်။ သို့သော် ရှေးခေတ်ကာလမှ ယနေ့အချိန်အထိ ဒြပ်စင်ငါးပါးတာအိုရောင်ဝါ သန့်စင်နိုင်သူ လက်ချိုးရေတွက်၍ရ၏။

ရေဓားရည်ရွယ်ချက်ကို လွယ်လွယ် ချိုးဖျက်နိုင်ခဲ့သည်မှာ မထူးဆန်းတော့ချေ။ ရေဒြပ်စင်တာအိုရောင်ဝါ ပိုင်ဆိုင်သူသည် ရေရည်ရွယ်ချက်ကို မကြောက်သည်မှာ သဘာဝပေပင်။

“ မင်းတကယ်ပဲ ... အသိမ်းခံလိုက်ရပြီကိုး။ ”

စုရီမှ ပြုံးသည်။ တစ်ဖက်လူသည် ပြီးပြည့်စုံသော စွမ်းအင်ကျင့်ကြံမှု နည်းစနစ်ကို အမွေဆက်ခံထားပြီး လီချန်နင်ထက် သန်မာသည်။

ထို့ပြင် အဆင့်မြင့် မြေကြီးအဆင့် ဓားရည်ရွယ်ချက်ကို ကျွမ်းကျင်ပိုင်နိုင်ကာ ရေဒြပ်စင်တာအိုရောင်ဝါလည်း သိရှိနေ၏။

ဆိုလိုသည်မှာ ဖုန်းလျူသည် မိုပြာတိုက်ကြီးမှ ကျင့်ကြံသူမဟုတ်ကြောင်း သက်သေပြနေသည်။

ရှစ်ဖုန်းလျူက မျက်ဝန်းများ မှေးစင်းလျက် မျက်နှာမည်းမှောင်လာပြီး၊

“ ဟာသပဲ ... ငါတို့နှစ်ယောက်လုံးကို ခန္ဓာကိုယ်ကို လုယူထားသူနဲ့ ... တူတယ်လို့ ထင်နေကြတယ် မဟုတ်လား ... မင်းက အခြားကမ္ဘာက တစ်စုံတစ်ယောက် ...

... ဆိုရင်တောင် မဟာသခင်အဆင့်မှာ ဒီလောက် ခိုင်မာတဲ့ ... အခြေခံအုတ်မြစ်မျိုးကို ဖန်တီးနိုင်ဖို့ မလွယ်ပါဘူး။ ”

-ဟု စုရီကို ကြည့်ကာ ပြန်လည် ပြောကြားလာသည်။

“ ဟမ့် ... ဟုတ်လား။ ”

စုရီမှ ပြုံးသည်။ တစ်ဖက်လူသည် သူ့ကို စစ်ဆေးရန်ကြိုးစားနေ၏။ သူက စကားပြောရန် ပျင်းလှသဖြင့် သတ်ရန် ပြေးသွားခဲ့သည်။

“ ရွှပ် ... ။ ”

ဤတစ်ကြိမ်တွင် အမှောင်နတ်ဓားကို ဆင့်ခေါ်ပြီး လူသတ်ရန် ရည်ရွယ်ချက်ထုတ်ဖော် လိုက်တော့၏။

ရှစ်ဖုန်းလျူခန္ဓာကိုယ်ကို သိမ်းပိုက်ထား သူသည် မည်သူနည်း။ မည်သည့်အရပ်မှ လာခဲ့ သနည်း။ ၎င်းအမွေထဲတွင် တစ်ခုခု ရှိမည်လော။

မေးခွန်းများစွာဖြင့် အမှောင်နတ်ဓားသည် ဒီရေကဲ့သို့ ပြေးထွက်သွားသည်။ တစ်ဖက်လူ၏ အသွင်အပြင်အရ သူ့ကို သတ်ချင်နေမှန်း ရှစ်ဖုန်းလျူ နားလည်လိုက်၏။ ထို့ကြောင့် ဆက်၍ မတိုက်လိုတော့ချေ။

“ ဟမ့် ... ။ ”

သို့သော် ဆုတ်ခွာခါနီးတွင် မထင်မရှား တိုးညှင်းသောအသံတစ်သံ အသိစိတ်ပင်လယ်၌ ထွက်ပေါ်လာသည်။

ရှေးဟောင်း ဓားကြီးတစ်လက်က တောင်တစ်လုံးကဲ့သို့ သူ့အပေါ် ပြိုကျလာခြင်း ပေပင်။ ပြိုင်ဘက်ကင်း စွမ်းအားဖြစ်၏။

“ မကောင်းတော့ဘူး။ ”

တားမြစ်ထားသော နည်းစနစ်ကို ချက်ချင်းထုတ်ဖော်ကာ သွေးနှင့် စွမ်းအင်များ လောင်မြိုက်ပစ်လိုက်ရ၏။

“ ဝှစ် ... ။ ”

ယင်းကြောင့် သူ့ဝိညာဉ်သည် ကျူးကျော်လာသည့် စိတ်ဝိညာည်တိုက်ခိုက်မှု အပေါ် တားဆီးနိုင်ခဲ့ပြီး မီးလျှံကြိုးကြာပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ ရွှပ် ... ။ ”

တစ်ချိန်တည်းမှာပင် အမှောင် နတ်ဓားစွမ်းအင်သည် မီးလျှံကြိုးကြာအပေါ် ကျရောက်လာ၏။

မီးလျှံကြိုးကြာခမျာ အော်သံပင် မပြုလိုက်နိုင်ချေ။ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲ သွားပြီး သွေးများ မိုးအဖြစ်ရွာကျကုန်၏။

ဤမြင်ကွင်းကို အဝေးမှ မြင်လိုက်သော ဖုန်းလျူခမျာ ချွေးများဖြင့် ဖုံးလှမ်းသွားခဲ့သည်။ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို အချိန်မီ ခုခံနိုင်ခြင်း မရှိသော် သူ့ကံကြမ္မာသည် ထိုကြိုးကြာနှင့် အတူတူဖြစ်ပေလိမ့်မည်။

“ ရွှပ် ... ။ ”

စုရီက သူ့ကို အသက်ရှူခွင့်မပြုချေ။ အနှောင်နတ်ဓားအလင်းသည် ကောင်းကင်ကို ဖြတ်ကာ ကျရောက်လာပြန်၏။

“ သေစမ်း ... ။ ”

ဖုန်းလျူတစ်ယောက် ရွှေရောင် ကျောက်စိမ်းတုံးတစ်တုံးကို ချက်ချင်း ဖိချေပစ် လိုက်ရသည်။ ရွှေရောင်အခိုးအငွေ့များက သူ့အပေါ် ဖုံးလွှမ်းလာ၏။

“ စုရီ ... ၊ ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကို တွေ့ခွင့်ပေးဖို့ ငါပြန်လာမယ်။ ”

အဆုံးမရှိ ဒေါသများဖြင့် ပြည့်နှက်လာပြီး အော်ငေါက်လျက် အလင်းတန်းသဖွယ် လေထု အတွင်း ပျောက်ကွယ်သွားတော့သည်။

“ ဟမ့် ... မြေကြီးအဆင့် ကျွမ်းကျင်သူတစ်ယောက်က လွတ်မြောက် အဆောင်နဲ့ ဒီလိုထွက်ပြေးတာလား။ ”

စုရီ လှောင်ပြောင် မိလေသည်။ ဖုန်းလျူ အသုံးပြုခဲ့သော လွတ်မြောက်အဆောင်သည် ကွဲပြားသော အစွမ်းရှိသည်။ အဆောင်ထွင်းရန် ကျောက်စိမ်းနှင့်၊ ထွင်းထုသူ၏ စွမ်းအားသည် သာမန်ထက်ကျော်လွန်‌နေ၏။

ဤသို့ လျှို့ဝှက်နည်းစနစ်မျိုးနှင့် စွမ်းအားမျိုးသည် မိုးပြာတိုက်ကြီးရှိ တစ်စုံ တစ်ယောက် လက်လှမ်းမီနိုင်သည့် အဆင့်မျိုးမဟုတ်ချေ။

ဝုန်းဒိုင်းကျဲနေသော ချင်းလန်မြစ်သည် ယခင်အသွင်အပြင်များအတိုင်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။

သင်္ဘောပေါ်ရှိ လူအများသည် တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်သက်သာ လာတော့၏။

ဤတိုက်ပွဲသည် သူတို့အမြင်၌ မယုံကြည်နိုင်လောက်အောင် မြင့်မားနေပြီး နတ်ဘုရားများကြား တိုက်ပွဲတစ်ခုလိုပင်။

အံ့ဩစရာ အကောင်းဆုံးမှာ လျှို့ဝှက်နဂါးဓားဂိုဏ်းမှ ဒုဂိုဏ်းချုပ်သည် မီးလျှံ ကြိုးကြာကို ထားရစ်ပြီး ထိတ်လန့်တကြား ထွက်ပြေးခြင်းဖြစ်သည်။

ဤသတင်းသည်သာ ပျံ့နှံ့သွားပါက တစ်ကမ္ဘာလုံး တုန်လှုပ်သွားမည်ဖြစ်ပြီး ဂိုဏ်း၏ ဂုဏ်သတင်း ပျက်ပြားသွားဖွယ်ရှိသည်။

“ ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”

တောင်ကြီးတစ်လုံးကဲ့သို့ ရေပြင်ပေါ်မျောနေသော ပင်လယ်လိပ်ကြီးက အလေးအနက်ဆိုသည်။ စုရီက အမှောင် နတ်ဓားကို သိမ်းလိုက်ပြီး၊

“ မေးပါရစေ၊ မင်းက ငါ့အတွက် ဘာလို့ ထွက်လာရတာလဲ။ ”

“ ဆရာစု ... မင်းမသိဘူးလား ... မကြာသေးမီက ရေသခင်ကို ဓားနဲ့ထိုးသတ်ပြီး တစ္ဆေမြို့ကို ဖျက်ဆီးခဲ့တဲ့ မင်းရဲ့တိုက်ပွဲ အကြောင်း ပြောနေကြတယ် ...

... ငါအရမ်း သဘောကျတယ် ... နောက်တော့ ဆရာထောင်ချင်းရှန်နဲ့ တွေ့ပြီး ဆရာစုအကြောင်း ပိုသိလာတယ်။ ”

ထို့နောက် ပင်လယ်လိပ်ကြီး၏ ချီးမွန်းစကားများ အဆက်မပြတ်ထွက်ပေါ် လာတော့သည်။

မက်မွန်ပင်၏ သဘာဝဝိညာဉ်ကို စုရီမှဉာဏ်အလင်းပေးခဲ့ကြောင့် ကြားသိစဉ် သူသည်လည်း ထိုအခွင့်အရေးမျိုး တောင်းတ နေမိခဲ့သည်။

သူ့ကဲ့သို့သော ပင်လယ်လိပ်ကြီး တစ်ကောင်သည် တာအိုရှာဖွေရန် အလွန်ခက်ခဲ ပေသည်။

အကြောင်းမသင့်ပါက လမ်းလွဲပြီး နတ်ဆိုးဖြစ်သွားနိုင်သည်။ ထို့ကြောင့် သူ့အပေါ် လမ်းပြမည့်သူ လိုအပ်၏။ စုရီသည်လည်း ဤလိပ်အိုကြီးကို သဘောကျသည်မှာ ထိုအချက်ကြောင့်ပေပင်။

“ မင်းအတွက် ဘေးဒုက္ခကြုံမှာကို မကြောက်ဘူးလား။ ”

စုရီက ပြုံးပြီးမေးလိုက်သည်။ ဝေရှန်း ပြောသလိုပင် မဟာကျိုးတွင် စုရီအမည်သည် ကပ်ဘေးဖြစ်သည်။ သူနှင့်ပတ်သတ်ခြင်းဖြင့် မုန်တိုင်းအတွင်း ငြိစွန်းသွားပေမည်။

လိပ်အိုကြီးက ခဏမျှ တိတ်ဆိတ်သွားပြီး၊

“ ဆရာစု ငါမင်းရဲ့ လတ်တလော လုပ်ဆောင်မှုတွေအကြောင်း စုံစမ်းပြီးပါပြီ ဒါကြောင့် စိတ်ပိုင်းဖြတ်ထားပါတယ်၊ ဒီနေ့ တိုက်ပွဲမှာ မင်းရဲ့ အရည်အချင်းက ...

... ငါ့ရဲ့ထင်မြင်ချက် မမှားဘူးဆိုတာ သက်သေပြနေတယ် ဒီနေ့ မင်းအတွက်ကြောင့် ငါသေသွားရင်တောင် နောင်တရနေမှာ မဟုတ်ပါဘူး။ ”

သင်္ဘောပေါ်ရှိလူတိုင်း မျက်ခုံးပင့်လိုက်ကြ၏။ ဤမျှကြောက်စရာ ကောင်းသော လိပ်တစ်ကောင်သည် စုရီကို ကျေနပ်အောင် ပြောနိုင်လွန်းချေပြီ။

“ ဒါဆို ဒီလူကို ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”

စုရီက ပြုံးလျက် ခေါင်းညိတ်ပြပြီး သင်္ဘောပေါ်မှ ဝေရှန်းထံ လှည့်ကြည့်လိုက် လေသည်။ ဝေရှန်းတစ်ယောက် မျက်နှာ ဖြူဖျော့လျက် ဒူးထောက်သွား၏။

၎င်းမှ တောင်းပန်စကားများ ဆိုချင်နေခဲ့သော်ငြားလည်း စုရီမှ ပါးစပ်ဖွင့်ခွင့် ပေးမထားချေ။

လိပ်အိုကြီးက စုရီသည် သူ့ကို စမ်းသပ်နေမှန်း သိလိုက်ကာ အမူအရာများ ချက်ချင်း လေးနက်သွားသည်။

“ ဆရာစုလို ထက်မြက်ပြီး သဘောထားကြီးလွန်းတဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင် အပြစ်ပေးစရာ မလိုပါဘူး။ ”

“ ဝှစ် ... ။ ”

စကားဆုံးသည်နှင့် လက်သည်းများ ဖွင့်ထုတ်ကာ ဝေရှန်းကို လေထဲဆွဲယူပြီး ကုပ်ဖြဲ ပစ်လိုက်သောကြောင့် လက်သည်းများကြားမှ သွေးများ စီးကျလာတော့သည်။

ဤသွေးထွက်သံယိုမြင်ကွင်းသည် သင်္ဘောပေါ်ရှိ လူတိုင်းကို ထိတ်လန့်စေကာ မျက်နှာများ ပျက်ယွင်းသွားစေသည်။

“ ဆရာစု .. အခုကစပြီး၊ ဒီလိုမျိုး မထိုက်တန်တဲ့ ပုရွက်ဆိတ်တွေကို ကိုယ်စား ငါအပြစ်ပေး ပေးပါ့မယ်။ ”

လိပ်အိုကြီးက လေးလေးနက်နက် ကတိပေးသည်။ ဝေရှန်းကို သတ်ပစ်ရန် မဆိုနှင့် သင်္ဘောကို တစ်ကျိုက်တည်း မျိုချခိုင်းလျှင်ပင် သူ တွန့်ဆုတ်နေမည် မဟုတ်ချေ။

စုရီက သက်ပြင်းချပြီး၊

“ လိပ်ကလေး၊ မင်းမှာ ရိုးသားပေမယ့် ဉာဏ်ပညာမရှိဘူး ငါစုရီက လူသတ်ချင်နေရင် အကျိုးဆက်ကို ဘယ်တော့မှ ဂရုမစိုက်ဘူး။ ”

“ ဒါ ... ။ ”

လိပ်အိုကြီးခမျာ တုန်လှုပ်သွားသည်။ စာမေးပွဲကျရှုံးသွားသည်ဟု ထင်နေစဉ်၊

“ ထပ်ပြောစရာ မလိုပါဘူး ... မင်းရဲ့ အရည်အချင်းက နည်းနည်းလေး ထုံထိုင်းလွန်း ပေမယ့် နှလုံးသားကတော့ ရှားရှားပါးပါး ရိုးသားပါတယ် ငါစုရီ မင်းရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးတယ် ဒီမှာခဏစောင့်ပါ။ ”

စုရီက လေထဲမှနေ၍ သင်္ဘောပေါ်သို့ ပြလည် ဆင်းသက်တော့သည်။ စုရီ ရောက်ရှိ လာသည်ကို မြင်ချိန်၌ ဝမ်ယွင်ချုံးတစ်ယောက် အလွန်ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ခြေတစ်လှမ်း ဆုတ်ခွာလိုက်၏။

သို့သော် စုရီမှ သူ့ကို ဂရုစိုက်မစိုက်ချေ။ ဖူချင်းယွမ်နှင့် ကူစန်းနင်ထံသာ လျှောက်လှမ်း သွားပြီး၊

“ မင်းတို့နှစ်ယောက်၊ ငါနဲ့အတူ ဒီလိပ်ကလေးကိုစီးပြီး ကျောက်စိမ်းမြို့တော်ကို လိုက်ချင်လား။ ”

-ဟု မေးမြန်းလိုက်သည်။

ဖူးချင်းယွမ်မှ အံ့အားသင့်သွားပြီး၊

“ ငါ့ညီမနဲ့ငါက ... အစ်ကိုစုကို မမှတ်မိခဲ့တဲ့အတွက် လမ်းတစ်လျှောက်မှာ စကားအရာနဲ့ စော်ကားမိခဲ့ပါတယ် မသင့်လျော်ပါဘူး။ ”

-ဟု ချက်ချင်း ငြင်းဆန်သည်။

“ ဟမ့် ... မင်းတို့နှစ်ယောက် ငါ့ကို လမ်းတစ်လျှောက် ကောင်းကောင်း ဂရုစိုက် ခဲ့ပါတယ် ... ဒါဆို ဘယ်သူက မသင့်လျော်ဖူးလို့ ပြောဝံ့မှာလဲ။ ”

စုရီစကားကြောင့် ဖူချင်းယွမ်နှင့် ကူစန်းနင်သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

“ ဝှစ် ... ။ ”

စုရီမှ မနှောင့်နှေးချေ။ သူ့လက်ကို ဝှေ့ယမ်းပြီး မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ထိုနှစ်ယောက်ထံဆွဲငင်ကာ လိပ်အိုကြီးကျော ပေါ်သို့ ဆင်းသက်လိုက်သည်။

၎င်းကျောပြင်သည် တောင်ကြီးတစ်လုံး ကဲ့သို့ ကြီးမားလှပြီး သင်္ဘောထက် ပို၍တည်ငြိမ် ချေပြီ။ လူတိုင်းသည် ရင်တထိတ်ထိတ်ဖြင့် ငေးကြည့် ကျန်ရစ်ခဲ့သည်။

ချင်လန်မြစ်တွင် လိပ်တစ်ကောင်ကို စီးနင်းကာ ခရီးထွက်သည်လော။ ယင်းသည် စစ်မှန်သော အင်မော်တယ်တစ်ပါး၏ အသွင်အပြင်မျိုးပေပင်။

***

Book-21

All Chapters