← Chapters

ကောင်းကင်နှင့် မြေကြီးထံမှ တန်ခိုးတော် ငှားယူခြင်း။

Vol. 21 Ch. 241

ကောင်းကင်နှင့် မြေကြီးထံမှ တန်ခိုးတော် ငှားယူခြင်း။

Vol. 21 Ch. 241

လေဟာနယ်တစ်ခုလုံး ဖရိုဖရဲဖြစ်ကာ ဖုန်မှုန့်များစွာက အကွာအဝေးတစ်ခုအတွင်း ဖုံးလွှမ်းနေ၏။

သူတို့နှစ်ဦးကို ဗဟိုပြုလျက် မြေပြင် ပျက်စီးသွားကာ မီးခိုးများနှင့် ဖုန်မှုန့်များက ကောင်းကင်ပေါ် ပျံတက်နေသည်။

စုရီရုပ်သွင်သည် လေထဲရပ်နေပြီး သိပ်သည်းသော ရောင်ဝါကြောင့် ထိခိုက်မှုလုံးဝ မရှိချေ။

တစ်ဖက်တွင် လီချန်နင်သည်လည်း ဓားကိုင်လျက် အင်္ကျီလက်များ တဖျပ်ဖျပ် ခတ်နေသည်။

ဤတွေ့ဆုံမှုသည် လက်ရည်ညီနေ၏။ လူတိုင်း အံ့ဩသွားပြီး ရလာဒ်သည် သူတို့၏ အသိတရားကို လွန်ဆန်နေသည်။

နဂါးအသွင် ပြောင်းလဲသွားသော ဓားတစ်လက်ကို မဟာသခင်သည် မည်သို့ ဖြေရှင်းနိုင်သနည်း။ ယွီရှင်းလင်တစ်ယောက် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ် သွားတော့၏။

“ သနားစရာ ကောင်းလိုက်တာ ... ဓားရည်ရွယ်ချက်ကို မင်းနည်းနည်းတော့ နားလည်နေပြီ ...

... ဒါပေမယ့် မင်းရဲ့ဓားရည်ရွယ်ချက်က ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာ မဟုတ်ဘူး ...

... နောင်တော်တွေ ထားခဲ့တဲ့ ရတနာတွေဆီကနေ တံခါးဝကို ထိတွေ့ခဲ့တာ ဒါကြောင့် မင်းဓားမှာ အကန့်အသတ် ရှိနေတယ်။ ”

စုရီက တည်ငြိမ်စွာ မှတ်ချက်ပေး ပြောကြားလိုက်သည်။ မူလတာအိုအဆင့်ရှိ ဓားရည်ရွယ်ချက်ကို အဆင့်သုံးဆင့် ခွဲခြား ထား၏။

၎င်းတို့မှာ မြေကြီး၊ ကောင်းကင်နှင့် နက်နဲအဆင့် ဖြစ်သည်။ မြေကြီးအဆင့်သည် အနိမ့်ဆုံးဖြစ်ပြီး နက်နဲအဆင့်သည် အမြင့်ဆုံးဖြစ်၏။

အဆင့်တစ်ခုစီတွင် အဆင့်နိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ ထပ်မံ ခွဲခြားထားသည်။

ဝိညာဉ်တာအိုနယ်ပယ်သို့ ရောက်သွားမှသာလျှင် ဓားရည်ရွယ်ချက်သည် အဆင့်သစ်ဖြစ်လာနိုင်မည်။

ထို့ကြောင့် လီချန်နင် ပြသခဲ့သော ဓားရည်ရွယ်ချက်သည် အပေါ်ယံမျှသာ ဖြစ်ပြီး မြေကြီးအဆင့်တံခါးကိုပင် မဝင်နိုင်သဖြင့် အဆင့် မသတ်မှတ်နိုင်ချေ။

“ ငါ့ဓားက တံခါးဝမှာလား ... ဒါပေမယ့် မင်းကိုသတ်ဖို့ လုံလောက်ပါပြီ။ ”

လီချန်နင်က ငြိမ်သက်နေလျက်မှ အငွေ့အသက်များသည် ပို၍ ကြောက်စရာ ကောင်းလာတော့သည်။

လက်ရှိအတွေ့အကြုံအရ ဝှက်ဖဲကို မသုံးသော် တစ်ဖက်လူအပေါ် ဖြုတ်ချနိုင်မည် မဟုတ်ကြောင်း သိရှိထား၏။

“ ဒါဆို လာဦးမယ် ... ။ ”

စုရီခန္ဓာကိုယ်သည် မြွေနဂါးကဲ့သို့ တွန့်လိမ်တောက်ပလာပြီး နောက်တစ်ကြိမ် လက်သီးဖြင့် ထပ်မံထိုးနှက်လိုက်သည်။

“ ချိုးဖြတ်စမ်း ... ။ ”

လီချန်နင်မျက်နှာသည် နက်ရှိုင်းသော ရေကန်ကြီးတစ်ကန်ကဲ့သို့ ငြိမ်သက်သွား၏။ လက်ထဲရှိ ငြိမ်သက်ခြင်းဓားကို ဝှေ့ယမ်းကာ နဂါးပုံရိပ်ကြီး ဖန်တီးလိုက်သည်။

“ ဂျိန်း ... ဂျိန်း ... ဂျိန်း ... ။ ”

ကောင်းကင်နှင့် မြေကြီးကြားတွင် မိုးခြိမ်းသံများ ကြားလာရပြီး ဖုန်များ၊ သဲများနှင့် ကျောက်တုံးများ လွင့်ပျံသွား၏။

“ ဟိတ် ... ။ ”

စုရီက ကြိုးကြာတစ်ကောင်ကဲ့သို့ ကောင်းကင်ပေါ် ခုန်တက်ကာ လက်သီးမိုး ရွာလေသည်။

လက်သီးချက်တိုင်းသည် ရွှေသားအတိ သွန်းလောင်းထားကဲ့သို့ တောက်ပြောင်နေပြီး တာအို ကျက်သရေများ ပါရှိနေ၏။

ဤမြင်ကွင်းသည် ထင်ရှူးကြိုးကြာ နည်းစနစ်ဖန်တီးခဲ့သည့် သိုင်းဧကရာဇ်ကိုပင် အံ့ဖွယ်ပညာဟု ကြွေးကြော်မိစေမည်။

သို့သော် လီချန်နင်သည်လည်း ညံ့လှသူမဟုတ်လှချေ။ ကျန့်လင်ဘုံကျောင်းမှ မြေကြီးအဆင့်သို့ အတင်းအကြပ် ဖြတ်ကျော် လာသော ကျင်းဟီထက် သာလွန်သည်။

သူ့ဓားသည် ကြီးစိုး၏။ တစ်ချက်မျှ လှုပ်ရုံဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို ဆွဲငင်နိုင်ကာ နဂါးကျက်သရေ ပြသနိုင်သည်။

သူတို့နှစ်ဦးကြား တိုက်ပွဲသည် သေမျိုးအထက်တွင်ရှိနေသော တန်ခိုးရှင်များ၏ တိုက်ပွဲနှင့် ဆင်တူသည်။

“ ဒီကောင်က နတ်ဆိုးတစ်ကောင်ပဲ မဟာသခင်တစ်ယောက်က ​မြေကြီးအဆင့် အင်မော်တယ်တစ်ပါးကို ဘယ်လိုမှ ရင်ဆိုင်နိုင်စရာ အကြောင်းမရှိဘူး။ ”

ယွီရှင်းလင်တစ်ယောက် အမူအရာပြောင်းသွားပြီး အံကြိတ်လိုက်သည်။ တစ်ဖက်လူသည် ဦးလေးဆရာကို အမှန်တကယ် တိုက်နိုင်နေ၏။

“ ဝုန်း ... ။ ”

တိုက်ပွဲမှာ ဆက်သွားနေသည်။ ကျယ်လောင်သော ဟောက်သံနှင့်အတူ စုရီ တစ်ယောက် ရိုင်းစိုင်းပြီး အထိန်းအကွပ် မဲ့လာ၏။ ဤသို့သော ပြိုင်ဘက်သည် သူ၏ တိုက်ပွဲဝင်ဆန္ဒကို လောင်ကျွမ်းစေသည်။

“ ဝုန်း ... ။ ”

စွမ်းအင်အကြွင်းအကျန်လှိုင်းများနှင့် ပေါက်ကွဲမှုများကြောင့် တိုက်ပွဲကွင်းပြင်အနှံ့ မြေပြင်ကျောက်ပြားများ အက်ကွဲကြေမွှ ကုန်သည်။

စစ်သည်တော်များအနက် မဟာသခင် အများစုသည် ၎င်းတို့ရောင်ဝါကို ထုတ်ဖော်ထား ကြသော်လည်း သက်ရောက်မှုကြောင့် သွေးအန်လုနီးပါး ဖြစ်နေသေး၏။

အဆုံးတွင် တိုက်ပွဲကွင်းပြင်ရှိ လေဟာနယ်ပုံပျက်လာကာ မြင်ကွင်းတစ်ခုလုံး ဝေဝါးလာတော့သည်။

“ ဝူး ... ။ ”

ထို့ကြောင့် နဂါးဖြူတစ်ကောင်နှင့် အပြင်းအထန်တိုက်ခိုက်နေသည့် ရွှေကြိုးကြာ တစ်ကောင်ကိုသာ မြင်တွေ့လာရသည်။

၎င်းတို့ တိုက်မိမှုတိုင်းသည် မရေမတွက်နိုင်သော စွမ်းအင်လှိုင်းများစွာကို ဖြစ်ပေါ်စေပြီး တိုက်ပွဲဧရိယာအတွင်း ရှုပ်ပွသွားစေ၏။

“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ။ ”

စစ်သည်တော်များအတွက် ဤအဆင့် တိုက်ပွဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ကောင်းကင်ကိုးပါးကို ကျော်လွန်ပြီး နတ်ဘုရားများကြား တိုက်ပွဲတစ်ပွဲကဲ့သို့ပင် ပြင်းထန်ကာ အမြင်ကျယ်စေ၏။

“ ငါ့လက်သီးကို ယူ ... ။ ”

“ ဝုန်း ... ။ ”

စုရီလက်သီးများသည် ပင်လယ် ရေလှိုင်းများကဲ့သို့ တဝုန်းဝုန်းပြင်းထန်ပြီး ပို၍ ရဲရင့်လာသည်။

“ ဝှစ် ... ။ ”

အဆုံးတွင် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပွားလာကာ လီချန်နင်တစ်ယောက် လေထု အလယ် ပြန်လည်ဆုတ်ခွာသွားရ၏။

“ လီချန်နင်၊ မင်းရဲ့ ကျွမ်းကျင်မှုက ဒါအကုန်ပဲဆိုရင် ငါ့အတွက် ခြေနင်းကျောက် ဖြစ်ဖို့တောင် မင်းမှာ ... အရည်အချင်း မပြည့်မီသေးဘူး။ ”

စုရီက လေထုအလယ် ဂုဏ်ယူစွာ ရပ်လိုက်ပြီး မျက်လုံးများတွင် နတ်အလင်းများ တောက်ပလျက် ပြောကြားလိုက်သည်။

“ ငါအခုသုံးနေတဲ့ ဓားရေးကို ... ‘နဂါးဖြူဓား’လို့ခေါ်တယ် တစ်ချိန်က ရွှမ်ရွယ် ကျောင်းတိုက်မှာ စီနီယာမြွေဖြူတစ်ကောင် ရှိခဲ့ဖူးတယ် သူက ...

... သူ့ဘဝတစ်လျှောက်လုံး ... သင်ယူနိုင်ခဲ့သမျှ ဓားပညာ အဆီအနှစ်တွေကို ပေါင်းစည်းပြီး ဖန်တီးထားတာ ... ဒီနေ့တော့ ငါလီချန်နင်က ဒီနဂါးဖြူဓားရဲ့ အစစ်အမှန် စွမ်းအားကို မင်းမြင်အောင်ပြမယ်။ ”

ထို့နောက်တွင် ဓားကိုမြှောက်လိုက်ပြီး ရှည်လျားသော အဖြူရောင်အလင်းတန်းအလား နေရာလွတ်များထံ ရွေ့လျားသွားကာ လေထဲ ခုတ်ပိုင်းလိုက်သည်။

“ ဟိတ် ... ။ ”

မူလနေရာ ပြန်ရောက်လာချိန်၌ သူဖန်တီးထားသော ထိုဓားအလင်းများသည် အလွှာကိုးလွှာအဖြစ် ပေါင်းစည်းသွား၏။

ထိုအလွှာများသည် မိုးကြိုး၊ လျှပ်စီး၊ ကောင်းကင်မီးတောက်၊ မကောင်းဆိုးဝါးမြူနှင့် လေပြင်း စသည်တို့ကဲ့သို့သော ဆန်းကြယ်သည့် စွမ်းအားကိုးမျိုး ဖြစ်သည်။

အဆိုပါ စွမ်းအားကိုးပါးကို ဓားရည်ရွယ်ချက်နှင့် ပေါင်းစပ်လိုက်သောအခါ ဓားရောင်ဝါသည် ကြောက်စရာကောင်းသည့် အဆင့်အထိ ရုတ်တရက် တိုးလာခဲ့၏။

“ ချိုး ဖြတ် ... ။ ”

အဆုံးတွင် ကျယ်လောင်သော အော်ဟစ်ကြုံးဝါးသံနှင့်အတူ လီချန်နင်က စုရီကို ခုတ်ပိုင်းလိုက်တော့သည်။

ဤတစ်ကြိမ် ဓားရည်ရွယ်ချက်သည် ယခင်ထက် ပိုမိုသိပ်သည်းကာ ပြင်းထန်နေ၏။ အထူးသဖြင့် အဖျက်စွမ်းအားများ သိသိသာသာ တိုးလာခဲ့သည်။

“ အရမ်းကောင်းတယ် ... ။ ”

စုရီက လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်သည်။ ဆံပင်များ တဖျပ်ဖျပ် ခတ်လျက် ဝတ်ရုံစ လွင့်ပျံသွား၏။

သို့သော် ထိုလက်သီးချက်သည် လေထုခွင်းသံပင် မကြားရဘဲ သဘာဝအတိုင်း တိတ်ဆိတ်ရိုးရှင်းလှချေ၏။

လက်သီးသွားရာ လမ်းတလျှောက် တိုညှင်းသော တုန်ခါသံသာ လိုက်ပါလာသည်။ ၎င်းက နဂါးဖြူနှင့်တွေ့ဆုံသည်။

“ ဘုန်း ... ။ ”

လူတိုင်း မိုးကြိုးပစ်ခံရသကဲ့သို့ ခံစားလိုက်ရပြီး သွေးချောင်းဆိုးလု မတတ် နာကျင်ကုန်၏။

စုရီသည် ချီစုစည်းခြင်းအဆင့်ဖြင့်ပင် တာအိုကြယ်ချီကို သန့်စင်ကာ တာအိုတေးသွား ဖမ်းမိခဲ့သည်။

ထို့ကြောင့် သူ့လက်သီးသည် ကောင်းကင်နှင့် မြေကြီး၏ တန်ခိုးများ လွှမ်းခြုံ နေချေပြီ။ သို့သော် လက်သီးတွင် နာမည် မရှိချေ။ ယင်းကြောင့် တာအိုလက်သီးဟု နာမည်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ ဘောင်း ... ဘောင်း ... ဘောင်း ... ။ ”

အလင်းလွှာများအားလုံး ဆက်တိုက် ပေါက်ကွဲလာသည်။ အဆုံးတွင် ကောင်းကင်မှ အဖြူရောင်မိုးစက်များ ရွာချလာ၏။

ထိုအချိန်တွင် လီချန်နင်သည်လည်း လက်သီးချက်ထိမှန်ကာ ခြေများစွာ ပြန်ဆုတ် သွားခဲ့ရသည်။

လေထုအလယ် ရပ်ခြေငြိမ်သွားသောအခါ အဝတ်အစားများ စုတ်ပြဲပြီး ဆံပင်ပွထနေသည့် မျက်နှာဖြင့် နှုတ်ခမ်းထောင့်စွန်းတွင် သွေးများ စီးကျနေသည်။

လူတိုင်း အံသြသွားပြီး ရူးလုမတတ် ဖြစ်ကုန်ကြသည်။ တတိယအဆင့် မဟာသခင် ခွန်အားသည် မြေကြီးအဆင့် အင်မော်တယ် တစ်ပါးထက် မနိမ့်ကျချေ။

ယင်းသည် လီချန်နင်ကိုပင် ဒဏ်ရာ ပေးနိုင်ခဲ့သည်။ လီချန်နင်တစ်ယောက် ပြုံး၏။ ကြောက်ရွံ့မှုအစား မျက်ဝန်းများ ပို၍ တောက်ပ လာသည်။

“ အံ့သြစရာပဲ ... မဟာသခင်အဆင့်နဲ့ ကောင်းကင်ဘုံကို အံတုနိုင်တဲ့ ... အုတ်မြစ်မျိုး အဲဒီဝိညာဉ်က တည်ဆောက်ပေးခဲ့တယ် ...

... ဒါက မင်းကို ရှားပါးတဲ့ပါရမီရှင် ဖြစ်စေသလို မင်းရဲ့ ကိုယ်ခံပညာတွေမှာလည်း တာအိုကျက်သရေတွေ ရှိနေစေတယ် ...

... ဒါပေမယ့် မင်းက မြေကြီးအဆင့် မရောက်သေးတာ သနားစရာပဲ ဒီနေ့ငါ့လက်မှာ မင်းသေရလိမ့်မယ်။ ”

“ ချွင် ... ။ ”

စကားဆုံးသည်နှင့် ဓားမြည်သံများ ထွက်ပေါ်လာ၏။ လေထုအလယ် ပျံဝဲလျက် ဝှေ့ယမ်းလိုက်ကာ လေနှင့်မိုးကို ဆင့်ခေါ်လေသည်။

မိုင်ပေါင်းများစွာအကွာမှ ဝိညာဉ် စွမ်းအင်များ ရွေ့လျားလာပြီး သူ့အနားတွင် မုန်တိုင်းကဲ့သို့ စုစည်းနေချေ၏။

“ ဂျိန်း ... ။ ”

ကြည်လင်သော ကောင်းကင်သည် ရုတ်တရက် မိုးခြိမ်းသံများနှင့် တိမ်မည်းများ ပြည့်နှက်လာ၏။ လီချန်နင်၏ မျက်နှာတွင် ချွေးများစီးကျလာပြီး ဖြူဖျော့ဖျော့ အသွင်အပြင်မျိုး ဖြစ်လာချေပြီ။

“ ဒါက ... ။ ”

လူတိုင်း ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖျက်ဆီးခြင်းကဲ့သို့သော ရောင်ဝါများသည် တဟုန်းဟုန်း တောက်လောင်လာ၏။

ကောင်းကင်ဘုံ၏ တန်ခိုးတော် ရှေ့မှောက်ရောက်ရှိနေသူများကဲ့သို့ မည်သူမျှ အရေးမပါတော့ချေ။

“ ဟမ့် ... မိုးရွာတော့မှာလား။ ”

မိုးတိမ်တောင်ခြေတွင် စုရီကို စောင့်ဆိုင်းနေသော ရှောင်တျန်းချွယ်က ကောင်းကင်ပေါ် မော့ကြည့်မိ၏။

မုန်တိုင်းတစ်စင်း လာနေသကဲ့သို့ မိုးတိမ်များက တောင်ထိပ်တွင် လာရောက် စုရုံးနေသည်။

ထိုအရပ်ရှိ သစ်ပင်များအားလုံး ယိမ်းထိုးတုန်ခါလျက် သဲနှင့်ကျောက်တုံးများ ပျံဝဲနေသည်ကို မြင်လာရ၏။

ဤဖြစ်စဉ်သည် စုရီကိုပင် မျက်ခုံးပင့် မိစေသည်။ တစ်ဖက်လူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အသုံးပြုနိုင်ရန် လျှို့ဝှက်နည်းစနစ် ထုတ်ဖော်နေခြင်းပေပင်။

“ နည်းနည်းတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ ... မင်းရဲ့ မူလတာအိုနယ်ပယ် ကျင့်ကြံမှုအကုန်လုံးကို ပေးပြီးရင် မင်းခွန်အား ဘယ်လောက်တိုးလာမလဲ ငါကြည့်မယ် ... ။ ”

***

All Chapters