← Chapters

မင်း ... ငါ့ကိုသတ်ပြီး၊ ငါ့မာနကိုလည်း အနိုင်ယူတယ် ... ။ ”

Vol. 21 Ch. 242

မင်း ... ငါ့ကိုသတ်ပြီး၊ ငါ့မာနကိုလည်း အနိုင်ယူတယ် ... ။ ”

Vol. 21 Ch. 242

မြေကြီးအဆင့် အင်မော်တယ်များသည် ကောင်းကင်နှင့် မြေကြီး၏ တန်ခိုးတော်များကို အသုံးပြုနိုင်သည်မှာ နတ်အာရုံပိုင်ဆိုင်လာ သောကြောင့် ဖြစ်သည်။

နတ်အာရုံသည် ကမ္ဘာကြီးပေါ်ရှိ မူလစွမ်းအင်များကို ခွဲခြား ခံစားနိုင်သည်။ ဤနည်းဖြင့် ကိုယ်ပိုင်တာအိုကို ရှာဖွေကာ ထိန်းချုပ်ရန် လုပ်ဆောင်နိုင်၏။

ယင်းသည် သာမန်သေမျိုးများနှင့် စစ်မှန်သော ကျင့်ကြံသူများကြား ခြားနားချက် ဖြစ်သည်။

ရုတ်​တရက်​ စုရီခန္ဓာကိုယ်​မှ မီးဖိုကဲ့သို့ ​ဟောက်​သံတစ်သံ ထွက်​လာပြီး တာအိုတေးသံ ကြည်လင်​ပြတ်​သားစွာ ကြားလာရ၏။

​စစ်မှန်သော စွမ်းအင်သည် ခန္ဓာကိုယ်မှထွက်ပြီး ဆယ်ပေပတ်လည်အတွင်း လေထုသိပ်သည်းစကို ဖိနှိပ်ပစ်သည်။

ကျင့်ကြံမှုသည် တတိယ မဟာသခင်အဆင့်သို့ ဖြတ်ကျော်ပြီးနောက်၊ နတ်အာရုံသည် ပေခြောက်ရာအကွာအဝေးကို ခံစားသိရှိလာနိုင်၏။

ထိုသို့သော အကွာအဝေးသည် မူလတာအိုကျင့်ကြံသူကို ကူကယ်ရာမဲ့စေသည် အထိ ဖြစ်စေနိုင်မည်။

ဤသည်မှာ စကြာဝဠာ ဖန်တီးခြင်း သုတ္တန်တန်ခိုးတော်ကြောင့် ဖြစ်၏။ လီချန်နင် မည်မျှပင် အစွမ်းထက်စေကာမူ သူ့ကို မီနိုင်မည် မဟုတ်ချေ။

ယင်းသည် မြေကြီးအဆင့် အင်မော်တယ်များကို ရင်ဆိုင်ဝံ့သော စုရီ၏ ယုံကြည်ချက်ဖြစ်သည်။

“ သွား ... ။ ”

လီချန်နင်က ငြိမ်သက်ခြင်းဓားကို နတ်အာရုံဖြင့်ထိန်းချုပ်ကာ လေထဲ ပစ်လွှတ် လိုက်လေသည်။

သူ စုစည်းထားခဲ့သော အရပ်မျက်နှာ အသီးသီးထံမှ စွမ်းအင်များသည် ရေလျှံပေါက် တွေ့သွားသလို တဟုန်ထိုး ပြေးသွား၏။

ငြိမ်သက်ခြင်းဓားရောင်ဝါအောက်တွင် ချက်ချင်းပင် ထက်ရှသော ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွား၏။

၎င်းဓားအလင်းသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းများထက် များစွာကျော်လွန် နေချေပြီ။

“ ခရစ် ... ။ ”

ဓားဖြတ်သွားရာ လမ်းတလျှောက် လေဟာနယ် အက်ကွဲကြောင်းတစ်ခု ထွက်ပေါ် လာသည်။ အံ့မခန်း မြင်ကွင်းမျိုးပေပင်။

ထိုမြင်ကွင်းအပေါ် အဝေးမှ ကြည့်ရှု နေသူများ၏ နှလုံးသားသည် ယားယံလာကာ ဦးရေပြားများ တုန်ယင်ကုန်၏။

“ အရမ်း ကောင်းတယ် ... ။ ”

တစ်ဖက်တွင် စုရီက လက်ဗလာဖြင့် ခုန်တက်လာသည်။ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ကို လင်းထိန်သွားစေ၏။

သူ့တစ်ကိုယ်လုံး ရွှေဥက္ကာခဲအဖြစ် ပြောင်းသွားကာ ထက်ရှသော ဓားအလင်းထံ ပြန်လည်ထိုးနှက်လိုက်၏။

“ ဘုန်း ... ။ ”

ကောင်းကင်ကြီးပြိုကျပြီး မြေပြင် အက်ကွဲသွားသလိုပေပင်။ လက်သီးအစွမ်းသည် ငြိမ်သက်ခြင်းဓားကို အသက်တရှိုက်စာသာ ထိန်းနိုင်ခဲ့သည်။

ယင်းကို ပကတိမျက်စိဖြင့် မြင်နိုင်၏။ ထို့နောက် စုရီတစ်ယောက် ယိမ်းယိုင်သွားကာ တဆုတ်တည်း ဆုတ်လိုက်ရသည်။

သူ့သွေးများ ပွက်ပွက်ဆူလျက် အနည်းငယ်ရှက်ရွံ့သွား၏။ တိုက်ပွဲတလျှောက် ပထမဆုံးအကြိမ် ရှုံးနိမ့်သွားရခြင်းပေပင်။

“ ဟမ့် ... ဦးလေးဆရာရဲ့ ... ဒီဓားဟာ စကားလုံးတွေနဲ့ ဖော်ပြရတာထက် ကျော်လွန် နေတယ်။ ”

ယွီရှင်းလင်က အော်ဟစ်လိုက်သည်။ ဤသည်မှာ မြေကြီးအဆင့် အင်မော်တယ်၏ စစ်မှန်သော စွမ်းအားပေပင်။

ကျင့်ကြံသူတိုင်း ထိုစွမ်းအားမျိုးကို မက်မောသည်။ ရှစ်လန်ရှန့် နှလုံးသားသည်ပင် တဆက်ဆက် ခုန်လာ၏။

“ ဒါက အသုံးမဝင်ပါဘူး ... မင်းရဲ့ စိတ်ဝိညာဉ်က အားနည်းလွန်းတဲ့အတွက် ဒီလို လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး ...

... အတင်းအကြပ် လုပ်ယူနေတာက အချိန်ကြာလာရင် အကျိုးဆက်ကို မင်းခံစားရ လိမ့်မယ်။ ”

မူလတာအို ကျင့်ကြံသူများသည် တိုက်ပွဲဝင်သောအခါ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်ကြသော်လည်း ထိုသို့ လုပ်ဆောင်ရာတွင် အားနည်းချက်များ ရှိ၏။

ပထမအချက် အရှိန်နှေးသည်။ ဒုတိယအချက် စွမ်းအားများ မစုစည်းနိုင်ချေ။ တတိယအချက် ကျင့်ကြံမှုကို အရှိန်မြှင့်သည်။ စတုတ္ထအချက် ယင်းသည် ပြင်ပခွန်အားသာ ဖြစ်သည်။ အကျိုးဆက်ကို ခံစားရ၏။

ဆိုလိုသည်မှာ ကောင်းကင်နှင့်မြေကြီး စွမ်းအားကို ထိန်းချုပ်သောအခါ တုံ့ပြန်မှုခံရရန် အလွန်လွယ်ကူချေပြီ။

လီချန်နင် ထိန်းချုပ်နေသည့် စွမ်းအားများသည် မည်မျှ အားကောင်းနေပါစေ အချိန်ကြာလာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာမည်။

ထို့ကြောင့် ၎င်းက အချိန်မဖြုန်းဘဲ အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကာ ဒဏ်ရာ ပြင်းစွာ ရရှိအောင် အဓိကလုပ်ဆောင်၏။

“ ဖျစ် ...ဖျစ် ... ဖျစ် ... ။ ”

လေထဲမှ မိုးကြိုးများကို ဆွဲထုတ်ကာ ငြိမ်သက်ခြင်းဓားတွင် ရစ်ပတ်စေလျက် စုရီထံ ပစ်ချလိုက်သည်။

“ ဂျိန်း ... ။ ”

ထိုတန်ခိုးသည် ကောင်းကင်ဘုံ၏ အမျက်တော်နှင့်တူသည်။ မိုးကြိုးမျှင်တိုင်းသည် မူလတာအိုနယ်ပယ်မှ တစ်စုံတစ်ဦးကို သတ်နိုင်သည်။

“ ဝှစ် ... ။ ”

သို့သော် စုရီက နတ်အာရုံဖြန့်ကျက်ကာ မိုးကြိုးများကိုရှောင်လျက် ၎င်းထွက်ပေါ်လာရာ ဗဟိုချက်ထံ ရွေ့လျားလိုက်သည်။

ရှောင်လွှဲရန် နည်းလမ်း မရှိသောအခါ ထိပ်တိုက်ရင်ဆိုင်ရန် ‌ရွေးချယ်ပေမည်။ အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် ကောင်းကင်၏ ဒေါသကို အံတုနေခြင်းနှင့်တူ၏။

“ ဂျိန်း ... ။ ”

လီချန်နင်၏ ဓားအစွမ်းသည် အံ့အားသင့်ဖွယ် အရှိန်မျိုးဖြင့် တဟုန်းဟုန်း တောက်နေခဲ့သည်။ သို့သော် ကံဆိုးစွာဖြင့် စုရီကို မထိချေ။

ဆန့်ကျင်ဘက်အနေဖြင့် ထိုမျှသော ကြောက်မက်ဖွယ် တိုက်ခိုက်မှုများ အောက်တွင် စုရီသည် ကောင်းစွာ လွတ်မြောက်ပြီး ၎င်းအနား တရွေ့ရွေ့ ချဉ်းကပ်လာသည်။

“ ဒါသာ ... မင်းလုပ်နိုင်တာ အကောင်းဆုံး ဆိုရင် အခုပဲ ရလာဒ်ကို ဆုံးဖြတ်ရအောင်။ ”

တစ်ဖက်လူသည် သူ့ကို ဒဏ်ရာပင် မပေးနိုင်သဖြင့် စုရီမှ အနည်းငယ် ပျင်းရိလာ၏။ အဆုံတွင်း အမှောင်နတ်ဓားကို ဆွဲကာ ခုတ်ချပစ်လိုက်သည်။

“ ဖရူး ... ။ ”

ရက်စက် ကြမ်းကြုတ်သော အနက်ရောင် ငှက်တစ်ကောင် အတောင်ပံ ခတ်လိုက်သကဲ့သို့ ဓားထက်တွင် ယောင်ဝါးဝါးပုံပေါ်လာသည်။

၎င်းဓားထွက်လာသည်နှင့် စုရီ၏ အငွေ့အသက်သည်လည်း ရုတ်ချည်းပြောင်းလဲ သွားခဲ့၏။

“ လီချန်နင် ... ငါ့မှာ ဓားတစ်လက်ရှိတယ် မင်းကြည့်ဖို့ သတ္တိရှိလား။ ”

စုရီမျက်လုံးများသည် လျှပ်စီးကဲ့သို့ တဖျပ်ဖျပ်တောက်ပနေပြီး အထိန်းအကွပ်မရှိ လွတ်လပ်သော အရိပ်အယောင်များကို ပြသလာသည်။

“ ဟမ့် ... ဘာလို့ မဝံ့ရမှာလဲ။ ”

လီချန်နင်က အသက်ပြင်းပြင်းရှူလျက် ရုတ်တရက် လက်ထဲကဓားကို ကောင်းကင်ပေါ် မြှောက်ထားရာမှ စုရီထံ ထိုးချိန်လိုက်သည်။

“ ရွှပ် ... ။ ”

ထိုဓားသည် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အဆက်မပြတ်စုပ်ယူပြီး ရောင်ဝါ ကြိုးမျှင် အရေအတွက် ရှစ်ရာအထိ တိုးပွားလာ၏။

“ ဒီဓားရဲ့နာမည်က ဓားရှစ်ရာအစီရင်ပဲ ကောင်းကင်နဲ့ မြေကြီးစွမ်းအားကို ထိန်းချုပ်ပြီး ဓားကိုစေစားတယ်၊ တာအိုမိတ်ဆွေစု ... မင်း လက်ခံနိုင်ပါ့မလားလို့ တွေးမိတယ်။ ”

အဆုံးတွင် ဓားရောင်ဝါရှစ်ရာသည် ဓားကြီးတစ်လက်အဖြစ် ပေါင်းစည်းသွားကာ ကောင်းကင်တွင် လွင့်မျောနေခဲ့၏။

စွမ်အင်စားသုံးမှုသည် အလွန် များပြားသောကြောင့် မျက်စိတမှိတ်အတွင်း အသက်ရှူ မဝဖြစ်လာခဲ့သည်။

ရင်ဘတ်တစ်ခုလုံး မို့မောက်လာကာ ဆံပင်များကြားမှ မြူခိုးများ ထွက်လာတော့၏။ ချွေးများ အငွေ့ပျံနေခြင်းပေပင်။

“ ဟား ဟား ဟား ... မင်းကိုယ်မင်း အရှက်ခွဲနေတာလား။ ”

စုရီက ရယ်မောလျက် အမှောင်နတ်ဓားကိုဆွဲကာ လေထဲလှမ်းတက် လိုက်တော့သည်။

“ သွား ... ။ ”

ဓားရောင်ဝါကြိုးမျှင်ရှစ်ရာဖြင့် ဖွဲ့စည်းထားသော ဓားသည် ဆူညံသံပြုလျက် မုန်တိုင်းတစ်စင်းကဲ့သို့ စုရီထံ ဝင်ရောက် လာခဲ့သည်။

ဓားရောင်ဝါ ကြိုးမျှင်တိုင်းသည် ရှန်ရှင်းအဆင့် ကျွမ်းကျင်သူကို သတ်နိုင်၏။ ထို့ကြောင့် ကြိုးမျှင်ရှစ်ရာသည် များပြားသော စွမ်းအင် အစုအဝေးကြီး ဖြစ်ချေပြီ။

ကောင်းကင်တခွင် ပြိုင်ဘက်ကင်း ထက်ရှသော အလင်းရောင်များဖြင့် ပြည့်နေ၏။ အဝေးမှကြည့်သော် ဓားကောင်းကင်ကြီး ဖြစ်နေသည်။

“ ဟိတ် ... ။ ”

ထိုစွမ်းအားသည် အလွန်ကြောက်စရာ ပေပင်။ စုရီမှမော့ကြည့်လျက် မှောင်နတ်ဓားနှင့် မဆိုင်းမတွခုတ်ချပစ်လိုက်၏။

ပေတစ်ထောင် ရှည်လျားသော ရွှေဓား ကြိုးမျှင်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားသွားသည်။

“ အတားအဆီးတွေ အပေါ် ... ဖြတ်တောက်ပြီး ဘဝရဲ့ပျော်ရွှင်မှုကို ရယူဖို့ ငါ့မှာ ဓားတစ်လက်ရှိတယ်။ ”

ဤဓားတစ်ချက်သည် အသက်နှင့် သေခြင်းတရားကို ဆုံးဖြတ်ကာ မကောင်းမှုများ ပယ်နိုင်ချေပြီ။

ထို့ကြောင့် ၎င်းဓားအမည်ကို ‘အတားအဆီးများ ဖြတ်တောက်ခြင်း’ -ဟု ခေါ်၏။ အောင်နိုင်ခြင်း ဓားသုတ္တန်၏ နောက်ဆုံးဓားပေပင်။

“ ရွှပ် ... ။ ”

ရွှေဓားရောင်ဝါ ထွက်ပေါ်လာသောအခါ ဓားရှစ်ရာအစီရင်သည် ရုတ်တရက် ထိန်းချုပ်မှု ပျောက်ဆုံးပြီး ပြိုကွဲသွားတော့၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

တစ်ချိန်တည်းမှာပင် လီချန်နင်သည်လည်း နာကျင်စွာညည်းညူလျက် ထိတ်လန့်တုန်ရင်စွာ ဆုတ်ခွာလိုက်‌သည်။

တစ်ဖက်လူ၏ ဓားသည် သူ့နတ်အာရုံ၊ ကောင်းကင်နှင့် မြေကြီးစသည့် ဆက်နွှယ်မှုများ အားလုံးအပေါ် ဖြတ်တောက်ပြီး စွမ်းအားမဲ့ စေခဲ့၏။

“ ဘောင်း ... ။ ”

ထို့နောက် မြေကြီးတုန်ခါစေသော ပေါက်ကွဲသံများကြားတွင် ဓားကြိုးရှစ်ရာသည် ဖုန်မှုန့်များကဲ့သို့ လွင့်မျောသွားသည်။

ပေါက်ကွဲမှုမြင်ကွင်းများသည် မီးရှူးမီးပန်းများကဲ့သို့ အလွန်တောက်ပနေပြီး ခမ်းနားချေပြီ။

စုရီလက်၌ ဓားရှစ်ရာအစီရင်သည် ကြက်နှင့်ခွေးများကဲ့သို့ဖြစ်ကာ ဓားတစ်ချက်၏ စွမ်းအားကိုပင် မခံနိုင်ခဲ့ချေ။

“ အား ... ။ ”

“ ဝုန်း ... ။ ”

အဆုံးတွင် ရွှေဓားအလင်း မြေပြင်ပေါ် ပြုတ်ကျလာသောအခါ မြေငလျင်လှုပ်သကဲ့သို့ ပေတစ်ရာရှည်သော လျှိုမြောင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းအက်ကြောင်းတစ်လျှောက် ပျက်စီးခြင်းအငွေ့အသက်များ သိပ်သည်းစွာ ရစ်သိုင်းနေတော့၏။

“ ဒီဓား ... ။ ”

“ လီချန်နင်၊ ငါ့ဓားက ဘယ်လိုလဲ။ ”

လီချန်နင်တစ်ယောက် ပြန်မဖြေနိုင်ချေ။ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ့ဆံပင်များမှာ ဖွာလန်ကျဲလျက် အဝတ်အစားများ စုတ်ပြဲကုန်သည်။

မျက်နှာ ဖျော့တော့လာပြီး ရောင်ဝါများ အရှိန်အဟုန်နှင့် ကျဆင်းနေကာ အဆက်မပြတ် အားနည်းလာသည့် အရိပ်အယောင်မျိုး ပြသလာသည်။

အသက်တရှိုက်စာအတွင်း နှစ်​​ပေါင်း မရေမတွက်​နိုင်​​အောင်​ ကုန်လွန်သွားသကဲ့သို့ အသက်အရွယ် ​ကြီးရင့်သွားချေပြီ။

ရင်ဘတ်မှ သွေးများစီးကျနေသော ဒဏ်ရာအပေါ် ငုံ့ကြည့်ပြီး ခဏအကြာတွင် ခက်ခက်ခဲခဲ ခေါင်းမော့ကာ စုရီကို လှမ်းကြည့်သည်။

“ ငါဓားပညာကို (၄၉)နှစ်လောက် လေ့ကျင့်ခဲ့တယ် ... မူလတာအိုနယ်ပယ်ကို ရောက်တဲ့အချိန်မှာ ... နဂါးပျံသန်းခြင်းကို နားလည်လာပြီး ဂုဏ်ယူခဲ့ဖူးတယ် ...

... ငါ့ပြိုင်ဘက်တိုင်းက တူညီတဲ့ နယ်ပယ်အတွင်း ကျော်ကြားလှတဲ့ ဘီလူးတွေပဲ ဒါမှမဟုတ် မြင့်မားတဲ့နယ်ပယ်ရဲ့ ဓားသမားတွေချည်ပဲ ... ။ ”

ထို့နောက် စကားခဏရပ်ကာ သက်ပြင်းချလျက် လေးစားမှု၊ တွန့်ဆုတ်မှု၊ နာကြည်းမှု စသည့် အမူအရာများ ပြသလာ၏။

“ ဒါပေမယ့် ... မင်းက ငါ့မာနကို သတ်ခဲ့တယ် ... ပြီး ငါ့ဘဝကိုလည်း သတ်တယ် ဒါကြောင့် ငါဝန်မခံချင်ပေမယ့် ... ဒီဓားက တကယ် လှလွန်းတယ်။ ”

စကားအဆုံးတွင် အသက်စွမ်းအင်များ မှိန်ဖျော့လျက် လေထုအလယ် ပက်လက်လှန် ပြုတ်ကျသွား‌တော့သည်။

မဟာချင်မင်းဆက် ရွှမ်ရွယ်ကျောင်းမှ မြေကြီးအဆင့် တာအိုဘုန်းတော်ကြီးတစ်ပါး ခမျာ ဤနည်းဖြင့် သေဆုံးသွားခဲ့ချေပြီ။

***

All Chapters