ရွှေခေတ်။
Vol. 21 Ch. 246
ဤဘုန်းကြီးသည် အလွန်းပါးနပ်ပြီး သူဌေးကို များစွာကြောက်ရွံ့ပုံရ၏။ ဘုန်းကြီး ဟုန်ကျိက အပြုံးဖြင့် ကျောက်စိမ်းပြားများကို ကမ်းပေးလာပြန်သည်။
“ ဆရာစု၊ ဒီမှာ မင်းနဲ့ ပတ်သတ်တဲ့ အချက်အလက်တချို့ ဝေမျှပေးဖို့ ယူလာတယ် ဖတ်ကြည့်ပါဦး။ ”
စုရီသည် ကျောက်စိမ်းပြားများကို လက်ခံလိုက်သည်။ ကျောက်စိမ်းလက်ရာသည် အလွန်ကောင်း၏။ ၎င်းသည် မြကျောက်စိမ်း ဖြစ်ပြီး စာရေးရန် အသုံးပြုကြသည်။
“ ဧပြီလ (၇)ရက်နေ့တွင်၊ မဟာချင်နှင့် မဟာဝးဝေတို့သည် မဟာကျိုးသို့ သံတမန်အဖွဲ့ တစ်ဖွဲ့စီ စေလွှတ်ခဲ့ကြ၏။
အဖွဲ့ခေါင်းဆောင်များသည် ရှန့်လင်ကျောင်းမှ မဟာအကြီးအကဲကျိဟဲနှင့် လစက်ဝန်းဂိုဏ်းမှ ယွင်ကျန့်ချီ ဖြစ်၏။ ”
စုရီက ပထမကျောက်စိမ်းပြားရှိ သတင်းကို ဖတ်ကြည့်ပြီး၊
“ ဒီသံတမန်နှစ်ယောက် ငါ့အတွက် လာတာလား။ ”
-ဟု ပြန်မေးလိုက်သည်။
“ ဆရာစု ... ၊ မင်းရဲ့ဂုဏ်သတင်းက သူတို့နိုင်ငံတွေမှာ ... ပျံ့နှံ့နေပါပြီ အရင်တုန်းက သူတို့ရဲ့ လူအချို့ကိုတောင် ... မင်းသတ်ခဲ့ သေးတယ် မဟုတ်လား။ ”
“ ဟမ့် ... ဒါဆို သူတို့ လက်စားချေဖို့ လာခဲ့တာပေါ့။ ”
“ အဲဒီလိုတော့ အတိအကျ မဟုတ်ဘူး၊ မင်းရဲ့ကံကောင်းခြင်းအတွက် သူတို့လာတာလို့ သူဌေးက ထင်ကြေးရှိတယ်။ ”
“ ငါ့ကံကြမ္မာအတွက်လား။ ”
“ မှန်ပါတယ်။ ”
ထို့နောက် စုရီက ဂရုမစိုက်တော့ဘဲ လှောင်ပြုံးဖြင့် ဒုတိယကျောက်စိမ်းပြားကို ထုတ်ယူ ကြည့်လိုက်မိသည်။
“ လျှို့ဝှက်ကောင်းကင်ဂိုဏ်းချုပ်၏ တတိယတပည့်သည် လေးလပိုင် (၉)ရက်နေ့၌ မဟာကျိုးသို့ ရောက်ရှိလာသည်။ ထို့နောက် ၎င်းမှ ဝမ်ကျိုးနှင့်တွေ့ဆုံကာ ကျောက်စိမ်း မြို့တော်ထံ ခရီးဆက်သွား၏။ ”
ဤသတင်းသည် ကြောင်မုတ် ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်အပိုင်းအစတစ်ခုကို သတိပြန်ရလာစေသည်။
ထို့ကြောင့် ဝိညာဉ်ပိုင်ရှင် စစ်မှန်သော သခင်လျူဟွာသည် လက်စားချေရန် ရောက်ရှိ လာခြင်းဖြစ်ပေမည်။
“ မင်း ... ဒီဂိုဏ်းအကြောင်း သိလား။ ”
စုရီက မေးသည်။
“ လျှို့ဝှက်ကောင်းကင် ဂိုဏ်းဟာ ... မဟာရှရဲ့ကျင့်ကြံသူ တစ်စုပဲလို့ ငါတို့သံသယ ရှိပါတယ် ... ဆိုသူက လွန်ခဲ့တဲ့ အနှစ်(၂၀)လောက်က ...
... မဟာချင်မှာ စစ်မှန်သောသခင် လျူဟွာဆိုပြီး အမျိုးသမီးတစ်ယောက်ပေါ်လာ ဖူးပါတယ်၊ သူမဟာ ထူးဆန်းပြီး ပုံမှန်မဟုတ်တဲ့ နေရာတွေကို စိတ်ဝင်စားပါတယ် အထူသဖြင့် တခြားကမ္ဘာနဲ့ ပတ်သက်တဲ့ အရာတွေပဲ။ ”
ထို့နောက် ဘုန်းကြီးဟုန်ကျိမှ သက်ပြင်းချလိုက်ပြီး၊
“ ကံမကောင်းစွာနဲ့ပဲ ဘယ်လောက်ပဲ စုံစမ်းနေပါစေ ... ဒီစစ်မှန်သောသခင် လျူဟွာရဲ့ အချက်အလက်တွေကို မသိရသေးပါဘူး ...
... သူမမှာ တပည့် သုံးယောက်ရှိတယ် တစ်ယောက်စီက မြေကြီးအဆင့် အင်မော်တယ် တွေပဲ ... သူတို့က သူတို့ဆရာကို မီးလျှံသလဲသီး ဘုရင်လို့လည်း ခေါ်ကြပါတယ်။ ”
-ဟု သူ့စကားကို အဆုံးသတ် လိုက်တော့သည်။
“ ဒါဆို အဲဒီ စစ်မှန်သောသခင် လျူဟွာဆိုသူက ... ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူဆိုတာ မသိသေးဘူးပေါ့။ ”
“ ဟမ့် ... ဆရာစု အဲဒီအမျိုးသမီးက တကယ်ပဲ ဝိညာဉ်တာအိုနယ်ပယ် အဆင့်လား။ ”
ဘုန်းကြီးဟုန်ကျိခမျာ ထိုသတင်းကြောင့် အေးခဲသွားပြီး စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွား တော့၏။ စုရီမှ ခေါင်းညိတ်ပြလိုက်သည်။
“ တကယ်တော့ ငါတို့လည်း သူမကို ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူအဖြစ် သံသယ ရှိခဲ့ပါတယ် ဒါပေမယ့် ...
... အတည်မပြုနိုင်ခဲ့ပါဘူး နောက်ဆုံးတော့ ဒီလိုကြောက်စရာကောင်းတဲ့ လူတစ်ယောက် မဟာချင်ကို ရောက်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ ”
စုရီက ပြုံးပြီး ပြန်မပြောတော့ဘဲ တတိယမြောက် ကျောက်စိမ်းပြားထဲမှ စာကို ဆက်ဖတ်တော့၏။
“ လျှို့ဝှက်နဂါးဓားဂိုဏ်းမှ ဒုဂိုဏ်းချုပ်ရှစ်ဖုန်လျှိုသည် ဧကရာဇ် ဥသျှောင် ဟုန်ရှန့်ရှန်နှင့် တွေ့ဆုံရန် ကျောက်စိမ်း မြို့တော်သို့ ရောက်ရှိနေ၏။ ”
“ ဟမ့် ... သူလည်း ငါ့အတွက်ပဲလား။ ”
စုရီက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။
( ဆရာစု ... ၊ မင်းလူတွေကို သတ်ပြီး မေ့မေ့နေတာ သဘာဝပဲလား။)
အဆုံးတွင် ဘုန်းကြီးဟုန်ကျိက လုထောင်လျူ၊ လီစန်းနှင့် ရှောင်ယွင်လျူသည် လျှို့ဝှက်နဂါးဓားဂိုဏ်းမှ ဖြစ်ကြောင်း ပြန်လည် ပြောပြလိုက်ရသည်။
စုရီက ဆက်မပြောတော့ဘဲ နောက်ဆုံး ကျောက်စိမ်းပြားကို ဆက်လက်ကြည့်ရှုခဲ့သည်။ ဤတစ်ကြိမ်တွင် အကြောင်းအရာကို ဖတ်ရှု ပြီးနောက် စုရီတစ်ယောက် အနည်းငယ် မျက်ခုံးပင့်လိုက်သွားတော့သည်။
ဤသည်မှာ ရွှေခေတ်နှင့် သက်ဆိုင်သော မှတ်တမ်းဖြစ်၏။ မိုးပြာတိုက်ကြီး၌ ထူးဆန်းပြီး ပုံမှန်မဟုတ်သော အန္တရာယ်ရှိသည့် အရပ်ဒေသများရှိသည်။
မဟာကျိုး၏ နတ်ဆိုးတောင် ရှစ်လုံး၊ မဟာဝေ၏ လျှို့ဝှက်တားမြစ် နယ်မြေ လေးပါး၊ မဟာချင်၏ ဖရိုဖရဲပင်လယ် စသည်တို့သည် ဥပမာပေပင်။
၎င်းအရပ်များတွင် အလွန်ကြောက်စရာ ကောင်းသော အခြားကမ္ဘာနှင့် ဆက်စပ်နေသည့် အာကာသဆုံမှတ်များရှိ၏။
ထိုဒေသများ၌ ထူးဆန်းသော တာအိုရတနာများ ရရှိတတ်သည်။ တစ်ချိန်က တန်ခိုးကြီးသောဂိုဏ်းများသည် ဤတိုက်ကြီး၌ အမြစ်တွယ်ခဲ့ဖွယ်ပေပင်။
ကောင်းကင်နှင့် မြေကြီးကြား ဖောက်လွှဲဖောက်ပြန်မှုများကြောင့် ၎င်းတို့ခမျာ ပျောက်ဆုံးသွားခဲ့ပုံရ၏။
ဆိုလိုသည်မှာ ဝိညာဉ်စွမ်းအင်များ ပါးလျလာပြီး ရတနာများ ရှားပါးလာသဖြင့် တာအိုများ ပျောက်ကွယ်သွားခြင်းပေပင်။
ယခုမူ ထိုသို့သော လှပသောကမ္ဘာကြီး ပြန်လည်ရောက်ရှိလာရန် ဟောပြောချက်များ နေရာအနှံ့မှ ထွက်ပေါ်နေပြီဖြစ်၏။
၎င်းတို့အနက် အကျော်ကြားဆုံးမှာ ပင်လယ်ဘုရင် ရရှိထားသော ကျောက်ပြားကြီး ပေါ်ရှိ ဟောပြောချက် လေးရပ်ဖြစ်သည်။
“ ချိပ်ပိတ်ထားသော စွမ်းအားများ တစ်နေ့တွင် ကမ္ဘာကြီးမှ လွတ်မြောက်လာ ပေလိမ့်မည်။
ထိုအချိန်တွင် ချုပ်နှောင်ထားသည့် အရာရာတိုင်း နှောင်ကြိုးမှ လွတ်မြောက်မည် ဖြစ်၏။
အမှောင်တွေဝင်လာပြီး သွေးလွှမ်းသောကမ္ဘာကြီးသည် ယခင်ထက်ပို၍ ခမ်းနားလာပေမည်၊။
မြူများဖုံးလွှမ်းလျက် သဘာဝ မကျလွန်းသော နိမိတ်လက္ခဏာများ အားလုံး ထွက်ပေါ်လာမည်။ ”
အထက်ပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် သွေးနတ်ဆိုး တောင်တန်းရှိ အာကာသဆုံမှတ်ထံ သတိရမိ၏။
တစ်နေ့တွင် ချိပ်ပိတ်ထားသော စွမ်းအားများလွတ်မြောက်ပြီး အတားအဆီးများ ချိုးဖောက်သွားပါက ကမ္ဘာခြားရှိ ကျင့်ကြံသူများ ဝင်ရောက်လာမည်ဖြစ်သည်။
ဤနည်းဖြင့် ပုံမှန်မဟုတ်သော ဖြစ်စဉ်များပေါ်လာကာ ဝိညာဉ်စွမ်းအင်များ ပြန်၍ ထူထပ်လာမည်ဖြစ်၏။ ထိုကာလကို ရွှေခေတ်ဟု ခေါ်သည်။ မည်မျှ ပျော်စရာ ကောင်းမည်နည်း။
ခဏအကြာတွင် စုရီက အတွေးများ ရုတ်သိမ်းလိုက်ပြီး ကျောက်စိမ်းပြားများကို ဘုန်းကြီးဟုတ်ကျိထံ ပြန်ပေးလိုက်သည်။
“ ဆရာစု အခု ... လာမယ့် ပျော်ရွှင်ဖွယ်ကမ္ဘာကြီးကို ဘယ်လိုမြင်လဲလို့ တွေးမိပါတယ်။ ”
ဘုန်းကြီးဟုန်ကျိမှ ပြုံးလျက် စူးစမ်းလာ၏။
“ ဒါက ငါ့အတွက် စိတ်ဝင်စားစရာ အချိန်အခါမျိုးပါပဲ၊ အခြားသူတွေ အတွက်တော့ ကောင်းချီးတွေနဲ့ ကပ်ဘေးတွေ ဖြစ်နိုင်တယ်၊ ...
... ရွှေခေတ်လာရင် အရင်းအမြစ်တွေ ရုန်းရင်းဆန်ခတ်မှု၊ သွေးထွက်သံယိုတိုက်ပွဲတွေ စတဲ့ မလွဲမသွေ သတ်ဖြတ်မှုတွေ ပါလာကြ လိမ့်မယ် အဲဒီအချိန် ဘာတွေဖြစ်လာမလဲ ဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ”
“ ဆရာစုရဲ့ ထင်မြင်ချက်က ... ငါတို့ ရှစ်ဖန်းခန်းမနဲ့ ထပ်တူကျတယ် ကံမကောင်းစွာ နဲ့ပဲ ... အဲဒီရွှေခေတ် ဘယ်အချိန်ရောက်မယ် ဆိုတာ ဘယ်သူမှ ခန့်မှန်းလို့ မရသေးပါဘူး။ ”
စုရီမှတ်ချက်ကြောင့် ဘုန်းကြီးဟုန်ကျိမှ ရွှင်မြူးသွားသော်လည်း အဆုံးတွင် သက်ပြင်းချ လိုက်တော့သည်။
“ ဒါဆို ရှစ်ဖန်းခန်းမက ရွှေခေတ်ကို ရင်ဆိုင်ဖို့ ... ငါနဲ့ ဆက်ဆံရေးကောင်းတစ်ခု ထူထောင်ချင်နေတာလား။ ”
“ ဆရာစု ... အကြောင်းအရာတွေကို ခန့်မှန်းတာ မင်းအရမ်းတော်တယ် ... ငါတို့နဲ့ ပူးပေါင်းဖို့ ဆန္ဒရှိလားလို့ တွေးမိပါတယ်။ ”
“ မင်းသတ်မှတ်လို့ရတယ်။ ”
စုရီထံမှ သဘောတူညီချက် ရသည်နှင့် ဘုန်းကြီးဟုန်ကျိတစ်ယောက် ဝမ်းသာအားရ ချက်ချင်း ထပြန်တော့၏။ စုရီ စိတ်ပြောင်း သွားမည်ကို စိုးရိမ်နေပုံရသည်။
“ နောက်ဆုံးတော့ ငါပြန်သွားပြီး ... သူဌေးကိုသတင်းပို့လို့ရပြီ ထပ်မနှောင့်ယှက် တော့ပါဘူး ဆရာစု နှုတ်ဆက်ပါတယ်။ ”
“ ခဏနေပါဦး ... ။ ”
စုရီက ဘုန်းကြီးဟုန်ကျိ၏ ပွင့်လင်းကလေးဆန်သော အမူအရာကို ကြည့်ကာပြုံးပြီး ဟန့်တားလိုက်သည် ။
“ ဆရာစု ... မင်းစကားကို အခု ပြန်ယူလို့မရပါဘူး ပြောစရာရှိရင် ငါတို့နောက်မှ ပြန်လာခဲ့ပါ့မယ်။ ”
ဘုန်းကြီးဟုန်ကျိမှ ပြန်လှည့်မကြည့်ဘဲ ထွက်ခွာရန် အလျင်လိုနေတော့၏။
“ ကောင်းပြီ ... မင်းငါ့ကို ပေးခဲ့တဲ့ အချက်အလက်တွေက အရမ်းအသုံးဝင်ပါတယ် ဒါကြောင့် မင်းသူဌေးကို...
... သုံးနှစ်ကနေ ငါးနှစ်အတွင်းမှာ မင်းပြောတဲ့ ပျော်ရွှင်ဖွယ်ကမ္ဘာကြီး ရောက်လာ တော့မယ်လို့ ပြန်ပြောလိုက်ပါ။ ”
“ ဆရာစု ... မင်း။ ”
ဘုန်းကြီးဟုန်ကျိတစ်ယောက် ရင်တထိတ်ထိတ်ခုန်လာပြီး ထိတ်လန့်တကြား လက်သီးကို ဆုပ်လိုက်၏။
ဤသည်မှာ မည်မျှပေါက်ကွဲစေနိုင်သော သတင်းမျိုး ဖြစ်သနည်း။ ရှစ်ဖန်းခန်းမအတွက် ပြိုင်ဘက်များကို ဖြတ်ကျော်ရန် ပြင်ဆင်ချိန် (၃)နှစ်ရရှိခြင်း မည်သည်။
ချက်ချင်း ပြန်လှည့်ကြည့်ကာ လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လျက်၊
“ မင်းရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် ဆရာစု ... ။ ”
-ဟု လေးနက်စွာ ဦးညွှတ်လိုက်တော့၏။
စုရီက သူ့လက်ကို ဝှေ့ယမ်းပြီး၊
“ မြန်မြန်သွားပြီး မင်းသူဌေးကို ပြန်ပြောလိုက်ပါ။ ”
-ဟု ပြုံးပြလိုက်တော့သည်။
ဘုန်းကြီးဟုန်ကျိခမျာ အချိန်ဖြုန်းရန် မတတ်နိုင်တော့ဘဲ အလျင်စလို ထွက်ခွာသွား လေသည်။
စုရီသည်လည်း ကြိမ်ကုလားထိုင်ပေါ် ပြန်၍လဲလျောင်းလျက် တိတ်ဆိတ်စွာ အိပ်ပျော် သွားတော့၏။ ကောင်းကင်တခွင် အမှောင်များ အုံ့မှိုင်းနေချေပြီ။
***