မြစ်ကြမ်းပြင်အောက်မှ ဒေါသ။
Vol. 21 Ch. 249
ကူစန်းနင်သည် အနည်းငယ်မျှ အံ့အားသင့်သွားကာ၊
“ သခင်လေး၊ နင်က ငါတို့လို လူငယ်တစ်ယောက်ရော ဟုတ်ရဲ့လားလို့ သံသယဝင်မိပါတယ် ...
... နင်က ... ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲ အကြောင်းကိုတောင် တကယ် မသိဘူးကိုး။ ”
ထို့နောက် ဆောင်းဦးရာသီ ကိုယ်ခံပညာ ပြိုင်ပွဲနှင့် ပတ်သက်သော အရာအားလုံးကို စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။
မဟာကျိုးသည် မျိုးဆက်သစ် လူငယ်များကြား ထိပ်တန်း စစ်သည်တော်များ ရွေးချယ်ရန် ဆောင်းဦးရာသီ ကိုယ်ခံပညာ ပြိုင်ပွဲကို သုံးနှစ်တစ်ကြိမ်ကျင်းပသည်။
ထိုအချိန်တွင် မဟာကျိုး၏ အကယ်ဒမီ ဆယ်ခုနှင့် ပြည်နယ်ခြောက်ခုရှိ အသန်မာဆုံး မျိုးဆက်သစ်လူငယ်များ ပါဝင်ကြပေမည်။
အကယ်၍ ဆောင်းဦးရာသီ ကိုယ်ခံပညာ ပြိုင်ပွဲတွင် ထိပ်တန်း ငါးဆယ်သို့ ဝင်နိုင်ခဲ့သော် တစ်ဦးစီသည် ဆုလာဘ်နှင့် ဘွဲ့တံဆိပ်များ ပေးအပ်ခံရပေမည်။
ထိပ်တန်းဆယ်ဦး စာရင်းဝင်သူများသည် မဟာကျိုး၏ တော်ဝင်မိသားစုတွင် အမှုထမ်းရန် အခွင့်အလမ်း ရရှိမည်ဖြစ်၏။
ထိပ်ဆုံး (၃)ဦးသည် ဧကရာဇ်ကျိုး၏ အသိအမှတ်ပြုမှု ခံရမည်သာမက လျှို့ဝှက်နဂါး ဓားဂိုဏ်းသို့ ဝင်ရောက်နိုင်မည်။
ဤသင်္ဘောပေါ်ရှိ လူငယ်တိုင်သည် ထိုပွဲအတွက် လာကြသော အထက်တန်းစား မျိုးဆက်သစ်လူငယ်များ ဖြစ်သည်။
“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲကိုတောင် မသိတဲ့ လူတစ်ယောက် ဒီမဏ္ဍပ်ထဲမှာ တကယ်ရှိနေတာပဲ။ ”
ရုတ်တရက် အပြာရောင် ဝတ်စုံဖြင့် လူငယ်တစ်ယောက်က လှောင်ပြောင်လိုသော အကြည့်ဖြင့် ပြောကြားလာတော့သည်။
သူသည် စုရီနှင့် ကူစန်းနင်တို့၏ စကားဝိုင်းကို နားထောင်နေကြောင်း ထင်ရှား ချေပြီ။ သို့သော် စုရီက သူ့ကို လျစ်လျူရှု ထား၏။
ကူစန်းနင်သည်သာ မျက်မှောင်ကြုတ်ပြီး၊
“ ဝေရှန်း၊ နင် ... ငါတို့ စကားဝိုင်းကို ခိုးနားထောင်နေတာလား လေးစားမှု ရှိပါ။”
-ဟု ပြန်လည် အော်ဟစ်လိုက်၏။
“ ဟမ့် ... ဘာကို လေးစားရမှာလဲ ဒီကမ္ဘာကြီးမှာ သူ့လိုဉာဏ်ရည်နိမ့်တဲ့ လူတစ်ဦး ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး ...
... မဟာကျိုးက လူငယ်တိုင်း ဆောင်းဦးရာသီ ကိုယ်ခံပညာ ပြိုင်ပွဲအကြောင်း မသိကြတာရှိလို့လား။ ”
ထိုစကားကို ပြောပြီးနောက် စုရီတို့ကို ဂရုစိုက်ရန် ပျင်းလာသကဲ့သို့ ခေါင်းယမ်းကာ တစ်ဘက်လှည့်သွားတော့၏။
ကူစန်းနင်တစ်ယောက် စိတ်မချမ်းသာသော်လည်း ငြင်းဆန်ရန် စကားများ ရှာမတွေ့နိုင်ချေ။
ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲသည် မဟာကျိုးတွင် ထိပ်တန်းပွဲတစ်ပွဲဖြစ်သည်မှာ သေချာ၏။
စစ်သည်တော်တစ်ဦး အနေဖြင့် ထိုအကြောင်း မသိသည်မှာ ထူးဆန်းနေချေပြီ။ စုရီက ပြုံးလျက် ဖန်ခွက်ကိုမြှောက်လိုက်ကာ၊
“ လမ်းတစ်လျှောက်မှာ ... မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် မင်းအတွက် တစ်ခွက်သောက်ပါရစေ။ ”
-ဟု ပြောကြားတော့၏။
သို့မှသာ ကူစန်းနင်က ပြန်၍ ပြုံးလာနိုင်ပြီးနောက် သူနှင့်အတူသောက်ရန် ဖန်ခွက်ကို မြှောက်ပြလိုက်သည်။
တစ်ဖက်တွင် အနက်ဝတ်လူငယ် ရန်ဝမ်ဖူက အသံကိုလျှော့ကာ၊
“ ညီအစ်ကို ချင်းယွမ်၊ မင်းတို့နဲ့အတူ လိုက်လာတဲ့ လူက ဘယ်သူလဲ၊ ဆောင်းဦးရာသီ ကိုယ်ခံပညာပြိုင်ပွဲအကြောင်း တကယ်ဘာလို့ မသိရတာလဲ။ ”
“ အစ်ကိုရန်၊ စိတ်မဆိုးပါနဲ့ ... သူက ခရီးသွားတစ်ယောက်ပါ ... သူ့ကို ထားလိုက် ရအောင်။ ”
“ ခရီးသွားလား။ ”
ရန်ဝမ်ဖူက ပြုံးပြီး ခေါင်းညိတ်သည်။ သူ့အာရုံကို စုရီထံမှ ဖယ်ခွာလျက် စကားစမြည် ပြောကြားနေတော့သည်။
များမကြာခင်မှာပင် ဆိပ်ကမ်းမှ သင်္ဘောထွက်ခွာလာပြီး မြစ်ပြင်တလျှောက် ရွက်လွှင့်လာခဲ့၏။
ချင်လန်မြစ်ရေသည် လှိုင်းထန်ပြီး လျင်မြန်စွာစီးဆင်းသဖြင့် တော်ဝင်မြို့တော်သို့ ဆိုက်ကပ်ရန် နှစ်နာရီသာ ကြာပေမည်။
“ အဟမ်း ... ။ ”
ထိုအချိန်တွင် ဝေရှန်းမှ ရုတ်တရက် ချောင်းဆိုးကာ၊
“ စုရီက မြေကြီးအဆင့် အင်မော်တယ်ကိုသတ်ခဲ့တဲ့ တိုက်ပွဲအကြောင်း မင်းတို့ ကြားပြီးပြီလား။ ”
-ဟု စကားစလိုက်သည်။
ချက်ချင်း လူတိုင်း စိတ်ဝင်စားလာ၏။ စားပွဲထိပ်တွင် ထိုင်နေသော ဝမ်ယွင်ချုံးကပင် ပြုံးလျက်၊
“ ဒီတိုက်ပွဲက မဟာကျိုးမင်းဆက် တစ်ခုလုံးကို တုန်လှုပ် ချောက်ချားစေခဲ့တယ် မဟုတ်လား ဘယ်သူ မသိပဲနေမလဲ။ ”
တစ်စုံတစ်ယောက်က သက်ပြင်းချပြီး၊
“ မှန်တယ် ... စုရီအကြောင်းပြောရရင် တကယ့်ကို ကြောက်စရာကောင်းတဲ့ လူပါပဲ၊ ဒီနှစ်မှ သူ့အသက်က (၁၇)ပဲ ရှိသေးတာ ... ။ ”
“ အစ်ကိုဝေရှန်း မင်းစုရီကို မြင်ဖူးလား။ ”
ဝေရှန်ဆိုသည့် လူငယ်က ခန္ဓာကိုယ်ကိုပြင်လိုက်ပြီး၊
“ ရိုးရိုးသားသား ပြောရရင် ဆရာစုရဲ့ ကျက်သရေကို ... မျက်မြင်တွေ့ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ”
-ဟု လေးစားမှု အရိပ်အမြွက်ဖြင့် ပြန်လည်ပြောကြားလာသည်။
ဤစကားများသည် နားထောင်နေသည့် လူငယ်တိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင် လေသည်။
“ အိုး ... ဒီအကြောင်းပြောပြပါဦး။ ”
စားပွဲဝိုင်းထိပ်ရှိ ဝမ်ယွင်ချုံးက စိတ်ဝင်တစားမေး၏။ စုရီသည်ပင် ဝေရှန်းထံ လှမ်းကြည့်လိုက်မိလေသည်။ ဤလူငယ်သည် သူ့ကို မြင်ဖူးသည်လော။ သူ မမှတ်မိချေ။
“ အဲဒီတုန်းက အနောက်တောင်ထိပ် လူသတ်ပွဲနေ့မှာ အဖေနဲ့ငါက တောင်ခြေကနေ ကြည့်ခွင့်ရခဲ့တယ် ... ဆဋ္ဌမမင်းသားနဲ့အတူ ဆရာစု တောင်ပေါ်တက်သွားတယ်။ ”
ထို့နောက်တွင် ရေနွေးကြမ်း သောက်ပွဲအကြောင်း လူတိုင်းစိတ်ဝင်စားအောင် ပြန်ပြောင်းပြောပြတော့သည်။
စုရီမှ ဝေရှန်းကို ထူးဆန်းစွာ ကြည့်မိ၏။ တောင်ခြေမှနေ၍ တောင်ထိပ်ပေါ်ရှိ လူသတ်ပွဲ အကြောင်း အသေးစိတ် ပြန်လည်ပြောပြနိုင်ရ လောက်အောင် ဤလူငယ်သည် အမြင်စူးရှ ချေပြီ။ အမှန်ပင် ကြွားလုံးထုတ်နိုင်၏။
“ ဒါဆို စုရီက ဘယ်လို ပုံစံလဲဆိုတာ ပြောပြပါဦး ... ကောလဟာလတွေထဲကအတိုင်း ရုပ်ဆိုးပြီး ကြောက်စရာကောင်းလား။ ”
ကူစန်းနင်က သိချင်သွားသည်။
“ ဟမ့် ... ၊ မိန်းမတွေက ယောက်ျားတစ်ယောက်ရဲ့ အသွင်အပြင်ကို ဘာလို့များ ဂရုစိုက်နေကြတာလဲ။ ”
ဝေရှန်းက ကူစန်းနင်ကို တစ်ချက် ပြန်ကြည့်လိုက်ပြီး၊
“ စစ်သည်တော် တစ်ယောက်အနေနဲ့ အဲဒီစုရီ ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာမျိုး ... မေးရမှာ မဟုတ်ဘူးလား။ ”
-ဟု ပြန်လည် မေးခွန်းထုတ် လိုက်တော့သည်။ ဤအရာက ကူစန်းနင်ကို ရှက်ရွံစွာ ခေါင်းငုံ့ကျသွားစေခဲ့၏။
***
ထို့နောက်တွင် ဝေရှန်းသည် အနောက်တောင်ထိပ် လူသတ်ပွဲကို အဝေးမှ ကြည့်ခွင့်ရရုံဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောင်း ပြောပြလာတော့သည်။
ကျန်ရှိနေသော အင်ပါယာပြည်နယ် သခင်စံအိမ် တိုက်ပွဲ၊ ရတနာဘုံကျောင်းတိုက်ပွဲ၊ မိုးတိမ်တောင်တန်း တိုက်ပွဲ စသည်တို့ကိုမူ တစ်စုံတစ်ဦးထံမှ ပြန်၍ သိမြင်ခဲ့သကဲ့သို့ ပြောကြားနေခဲ့သည်။
လီချန်နင်နှင့် စုရီတိုက်ပွဲအကြောင်း ပြောသောအခါတွင် လူတိုင်း အငွေ့အသက်မှာ ပွက်ပွက်ဆူလာခဲ့၏။ သူတို့ကိုယ်တိုင် တိုက်ပွဲကို မြင်နေရသကဲ့သို့ တက်ကြွလာသည်။
အဆုံးမရှိသော အာမေဋိတ်သံများ၊ တုန်လှုပ်မှု၊ သက်ပြင်းသံနှင့် ကူကယ်ရာမဲ့မှုများ ပြသနေခဲ့၏။
ထိုမျှဖြင့် မပြီးသေးဘဲ အဆုံးတွင် ဝေရှန်းသည်လက်ချောင်းများကို ရေတွက်ကာ စုရီသတ်ခဲ့သည့် အထင်ကရပုဂ္ဂိုလ်များ အမည်စာရင်းကို ရွတ်ဆိုပြတော့၏။
“ လုံလောက်ပြီ ... စုရီရဲ့ အတိတ်က အောင်မြင်မှုအကြောင်း ပြောနေစရာအကြောင်း မရှိပါဘူး ... လက်ရှိ ကျောက်စိမ်းမြို့တော် အတွက် သူက ကပ်ဘေးပဲ။ ”
ဝမ်ယွင်ချုံးက ဟန့်တားလာ၏။ သို့မှသာ လူတိုင်းတိတ်ဆိတ်သွားပြီး အားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ဤကာလအတွင်း စုရီသည် ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိသောအခါ၌ ဆိုးရွားသော ကပ်ဘေး ဖြစ်လာမည်ဟု သူတို့၏ စီနီယာများထံမှ မှတ်ချက်များ ကြားထားဖူးချေပြီ။
“ ဟမ့် ... အစ်ကိုဝမ်ပြောတာ လုံးဝမှန်ပါတယ် ဒီစုရီကမဟာကျိုးရဲ့ မိစ္ဆာပဲ အင်ပါယာကို ဖျက်ဆီးမဲ့လူ။ ”
ရုတ်တရက် လေသံနှင့် ခံယူချက် ပြောင်းသွားခဲ့သော ဝေရှန်းအသွင်အပြင်ကြောင့် လူတိုင်းမှ ပဟေဠိ အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ဝေရှန်းတစ်ယောက် ထိုအကြည့်များကို ရှက်ရွံ့စွာခံယူလျက်၊
“ မင်းတို့အားလုံးပဲ စဉ်းစားကြည့်ပါ ဒီကာလအတွင်းမှာ မဟာကျိုးရဲ့ ကျွမ်းကျင်သူ အများကြီးကို သူ သတ်ပစ်ခဲ့တယ်၊ ...
... ဒါက မဟာကျိုးအပေါ် မငြိမ်မသက် ဖြစ်စေပြီး သူ့ကို ဒီအတိုင်း ဆက်ထားလိုက်ရင် ပြိုင်ဘက်အင်ပါယာတွေက ငါတို့ကို ကျော်တက်သွားလိမ့်မယ်။ ”
-ဟု ချက်ချင်း ရှင်းပြလိုက်၏။
ထို့နောက် သူ့စကားများအတိုင်း မတ်တပ်ထရပ်ကာ နက်ရှိုင်းစွာမုန်းတီးသော အသွင်မျိုးဖြင့်၊
“ ငါ့အမြင်အရ စုရီဟာ ကပ်ဘေးပဲ မဟာကျိုးကို ဘယ်လိုအစေခံရမလဲ မသိတဲ့ မိစ္ဆာတစ်ကောင် ... သူ့အပြုအမူက နတ်ဆိုးနဲ့ မခြားဘူး ငါတို့အားလုံး သူ့ကို မြင်ရင် သတ်သင့်တယ်။ ”
သူ့စကားများသည် အားမာန် ပါလွန်းသောကြောင့် နားထောင်နေသူများက ကြောက်လန့်ကုန်ကြ၏။ မုန်တိုင်းအတွင်း ဆွဲသွင်းခံရမည်ကို စိုးရိမ်မိသည်။
ကူစန်းနင်သည်သာ မျက်မှောင်ကြုတ် လိုက်ပြီး မကျေမနပ် ဖြစ်လာခဲ့၏။ ဤလူသည် ခွေးနှစ်တွင် မွေးပုံရသည်။ သခင့်အလိုကျ ဟောင်ရန် အသင့်ရှိနေ၏။
“ ဒါဆို မင်းဘာလို့ သူ့ကို မသတ်တာလဲ။ ”
ထိုအချိန်တွင် ဖူချင်းယွမ်မှ ပြုံးကာ မေးမြန်းလိုက်သဖြင့် ဝေရှန်းတစ်ယောက် မျက်နှာ ပျက်ယွင်းသွားတော့သည်။
“ ဖူချင်းယွမ် ... ငါသူ့လို မိစ္ဆာကို မယှဉ်နိုင်ဘူးဆိုတာ ဝန်ခံပါတယ် ... ဒါပေမယ့် ဒီကောင်က စိတ်ထင်တိုင်း လူသတ်နေတာ မဟာကျိုးအတွက် ကပ်ဘေးဆိုတာ ဝေဖန်ခွင့်တော့ ရှိပါသေးတယ်။ ”
“ ဟမ့် ... စုရီနဲ့ သူ့ပြိုင်ဘက်တွေကြား ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာကို ငါတို့မသိနိုင်ပါဘူး ... ဒါဆို မင်းဒီလိုပုတ်ခတ် ပြောဆိုနေရအောင် ... မင်းကိုယ်မင်း အရည်အချင်း ပြည့်မီတယ်ထင်နေလား။ ”
“ ငါ ... ။ ”
ဝေရှန်းတစ်ယောက် မျက်နှာနီရဲသွားပြီး ဖူချင်းယွမ်ကို ပြန်တုန့်ပြန်တော့မည့် အချိန်တွင် ဝမ်ယွင်ချုံးက လက်ဝှေ့ယမ်းလျက် နှောင့်ယှက်လာကာ၊
“ ကောင်းပြီ ... ဒီကိစ္စကို ငြင်းခုံ မနေကြနဲ့တော့ ... စုရီနဲ့ သူသတ်ခဲ့တဲ့လူတွေက ငါတို့မမြင်နိုင်တဲ့ အမြင့်မှာ ရပ်တည်နေတဲ့ မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေပဲ၊ ...
... ဒီဘဝမှာ ငါတို့နဲ့ ဘယ်တော့မှ မဆုံဖြစ်မှာကို ကြောက်မိတယ် သူ့လုပ်ရပ်တွေ အတွက် ဒေါသ ထွက်နေစရာ မလိုပါဘူး။ ”
-ဟု ပြောကြားလိုက်တော့သည်။
“ ဒါပေမယ့် ... ငါ့အမြင်အရတော့ အဲဒီစုရီကိုလေးစားဖို့ ထိုက်တန်ပါတယ် ကြည့်ပါ တိုက်ပွဲတိုင်း ရန်သူတိုင်း ... သူ့ကို သတ်မို့ လာခဲ့ကြတာချည်ပဲ သူသွားခဲ့တာ မဟုတ်ဘူး။ ”
ကူစန်းနင်မှ ပြတ်သားစွာ ပြောကြား လိုက်သည်။ လူတိုင်း နှုတ်ဆိတ်ကုန်တော့၏။ သူတို့တွင် ပြန်လည်ချေပစရာ စကားလုံး ရှာမတွေ့ကြချေ။
စုရီ ပြုံးပြီး ဝိုင်တစ်ခွက်ကို သောက်ယူလိုက်သည်။ သူသည် သတ်မှတ်ချက် စံနှုန်းများကို စိတ်မဝင်စားချေ။ ထို့ကြောင့် စုရွှမ်ကြွယ်ဘဝ၌ ဓားမိစ္ဆာဘွဲ့ရသည်အထိ လူသတ်ခဲ့သည်။
“ မိန်းကလေးကူ ... တစ်စုံတစ်ယောက် အပေါ် လေးစားဖို့ ထိုက်တန်ခြင်းရှိ-မရှိဆိုတာ သူတို့ရဲ့ ခံယူချက်နဲ့ပဲ သက်ဆိုင်ပါတယ် ဒီလို တိုက်တွန်းနေစရာ မလိုပါဘူး။ ”
ဝမ်ယွင်ချုံးက အေးစက်စွာ တုန့်ပြန် ပြောကြားလျက်မှ လက်ဝှေ့ယမ်းလိုက်ပြီး၊
“ ငါတို့ ... ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ရအောင်။ ”
-ဟု စကားဝိုင်းကို အဆုံးသတ် လိုက်တော့သည်။
“ ဟမ့် ... ငါကတော့ ဒီကိစ္စကို ... ဒီမှာ မရပ်နိုင်ပါဘူး။ ”
ရုတ်တရက် မြစ်ရေပြင်တစ်ခုလုံး ဒေါသထွက်လာသကဲ့သို့ ရုန်းကြွတက်လာကာ မိုးခြိမ်းသံအလား ကန့်ကွက်သံကြီးတစ်သံ ပဲ့တင်ထပ်လာတော့သည်။
***