ရှစ်ဖုန်းလျူ ... ။
Vol. 21 Ch. 251
“ ချွင် ... ချွင် ... ။ ”
လေထုအလယ် ပျံဝဲနေသော ရှစ်ဖုန်းလျူလက်ထဲရှိ ဓားဖျားထံ၌ အလင်းများ တောက်ပလျက် အော်မြည်သံပြုလာ၏။
“ ငါမင်းကို ကြောက်နေမယ်ထင်လား။ ”
“ ဝုန်း ... ။ ”
ပင်လယ်လိပ်ကြီးက သူ့ရောင်ဝါများ ပြန်၍ ထုတ်ဖော်ပြသလိုက်ရာ မြစ်ရေပြင်တစ်ခုလုံးကို ချက်ချင်းလှိုင်းထန်သွားစေသည်။
“ ဟမ့် ... မင်းလို လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်တစ်ယောက်က လိပ်တစ်ကောင်ကို အနိုင်ကျင့်နေတာ မရှက်ဘူးလား။ ”
ထိုအချိန်တွင် မောက်မာလွန်းသော အပြစ်တင်သံနှင့်အတူ ကျောက်စိမ်းရောင်ဝတ် လူငယ်တစ်ဦး သင်္ဘောပဲ့ထိပ်သို့ လျှောက်လှမ်း လာတော့သည်။
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးခမျာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။
“ ဒီကောင် ရူးနေတာလား ... လျှို့ဝှက်နဂါးဓားဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်ကို သူ ဘယ်လိုများ ပြောရဲတာလဲ။ ”
လူတိုင်းသည် အထင်လွဲခံရမည်ကို စိုးလှသဖြင့် စုရီနှင့် အဝေးသို့ ချက်ချင်းဆုတ်ခွာ သွားကြ၏။
“ သခင်လေး နင်ဘာလုပ်နေတာလဲ။ ”
ဖူချင်းယွမ်နှင့် ကူစန်းနင်တို့သည်သာ စိုးရိမ်တကြီးဖြင့် ဦးရေပြားများ ယားယံလာပြီး စုရီလက်ကို ချက်ချင်း ဆွဲခေါ်လိုက်သည်။
“ ဟား ဟား ဟား ... ။ ”
သို့သော် စုရီမှ ရယ်မောလျက်၊
“ ငါ့ကို စိုးရိမ်နေစရာ မလိုပါဘူး ... ဒီလူရှစ်ဖုန်းလျူနဲ့ ငါကြားမှာ ဖြေရှင်းစရာလေး ရှိနေသေးတယ် ... အခုလို အခွင့်အရေးရတုန်း ဖြေရှင်းလိုက်ရအောင်။ ”
-ဟု ပြန်၍ပြောကြားလိုက်သည်။
“ ဟမ့် ... မင်းက ငါနဲ့ဖြေရှင်းစရာ ရှိနေတာလား။ ”
ရှစ်ဖုန်းလျူတစ်ယောက် အံ့သြသွား၏။ ဤလူငယ်ကို သူ မသိချေ။
“ မှန်တယ် ... လုထောင်လျူနဲ့ တခြားလူတွေကို ငါ့သတ်ဖို့ လွှတ်လိုက်တာ မင်း ... မဟုတ်လား။ ”
“ အိုး ... ဒါဆို မင်းက စုရီပေါ့။ ”
“ ဆရာစုလား။ ”
ဤစကားဝိုင်းကြောင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်နေခဲ့သည့် ပင်လယ်လိပ်ကြီး ခမျာ မှင်သပ်သွားတော့သည်။
ဤအမည်သည် မိုးကြိုးပစ်သံကဲ့သို့ သင်္ဘောပေါ်ရှိ ယောက်ျား၊ မိန်းမအားလုံးအပေါ် ရိုက်ခတ်လာခဲ့၏။
“ ဒါ ... ။ ”
ဝမ်ယွင်ချုံးသည်လည်း ငယ်ထိပ် မြွေပေါက်သွားသလို ခံစားလိုက်ရပြီး လက်ဖျား လက်ခြေများ အေးစက်လာသည်။ အထူးသဖြင့် ဝေရှန်းပေပင်။
စုရီမှ လေထဲသို့ ခြေတစ်လှမ်း လှမ်းတက်လျက်၊
“ ရှစ်ဖုန်းလျူ ... မင်းဒီမှာ ငါ့ကို တိုက်ခိုက်ဝံ့သလား။ ”
-ဟု မေးမြန်းလိုက်တော့သည်။
ထိုအသံသည် ထူးခြားသော ဆွဲငင်အားပါရှိပြီး လူတိုင်းကို စိတ်ဝင်စား လာစေ၏။ ပင်လယ်လိပ်ကြီးသည်လည်း များစွာစိတ်လှုပ်ရှားလျက်၊
“ ဆရာစု ... ဟားဟားဟား ကောင်းတယ် အရမ်းကောင်းတယ် ... နောက်ဆုံးတော့ မင်းကို ငါမြင်ခွင့်ရပြီ။ ”
-ဟု ကျေနပ်အားရစွာ အော်ဟစ် လိုက်တော့သည်။
နှစ်ပေါင်း(၃၀၀) သက်တမ်းရှိသည့် လိပ်အိုကြီးသည် စုရီနှင့် ဆုံခွင့်ရသောကြောင့် ကလေးငယ်တစ်ယောက်ကဲ့သို့ ရွှင်မြူး နေခဲ့ချေပြီ။ သခင်ကို တွေ့ခွင့်ရသော ခွေးတစ်ကောင်လိုပေပင်။
“ ဟမ့် ... ငါနဲ့တိုက်ချင်တာလား ... ငါ့ကိုလူမိုက်များ ထင်နေလား ... ငါ စုမိသားစုရဲ့ လက်ကိုင်တုတ် အဖြစ်ခံမယ် ထင်နေလား၊ မေလ(၄)ရက်နေ့ ကျော်လွန်အောင် မင်းအရင် ကြိုးစားလိုက်ပါဦး။ ”
သူ့စကားသည် မောက်မာလှသည်ဟု ထင်စရာရှိနေသော်လည်း အမှန်တွင် စုရီနှင့် မတိုက်ဝံ့ကြောင်း ပေါ်လွင်နေ၏။
“ မင်းကိုတော့ ... သတ်ဖို့ ငါပြန်လာခဲ့မယ်။ ”
၎င်းက ပင်လယ်လိပ်ကြီးထံ တစ်ချက်လှမ်းပြောကာ မီးလျှံကြိုးကြာပေါ် ပြန်လည် ခုန်ဆင်းသွားသည်။
ဤမြင်ကွင်းသည် လူအုပ်ကို မျက်လုံးပြူးစေ၏။ လျှို့ဝှက်နဂါးဓားဂိုဏ်း၏ ဒုဂိုဏ်းချုပ်သည် ဤသို့ သူရဲဘောကြောင်စွာ ထွက်ပြေးသွားလိမ့်မည်ဟု မည်သူမျှ မထင်ထားမိချေ။
“ ရွှပ် ... ။ ”
စုရီပင် အံ့အားသင့်သွားပြီး ချက်ချင်း လှုပ်ရှားလိုက်ရ၏။ မှင်ကဲ့သို့ မည်းနက်နေသော ဓားအလင်းတစ်လက်သည် မီးလျှံကြိုးကြာထံသို့ ရုတ်ချည်း ပျံသန်းသွားတော့သည်။
ဓားအလင်းသည် ပေတစ်ရာရှည်ပြီး တောင်နှင့်မြစ်ကို ပိုင်းဖြတ်ကာ တာအိုတေးသွား တစ်ခု ပါဝင်နေ၏။ သင်္ဘောပေါ်ရှိ လူတိုင်းသည် ထိုဓားကြောင့် ဝိညာဉ်၌ စူးရှသောနာကျင်မှုကို ခံစားလာရသည်။
“ ဟမ့် ... ။ ”
ရှစ်ဖုန်းလျူခမျာ အသက်အန္တရာယ်ကို ခံစားမိသဖြင့် ဓားတစ်ချက် ပြန်၍ထုတ်ဖော်ပြီး စုရီဓားထံ ချေဖြတ်လိုက်ရသည်။
“ ခရစ် ... ။ ”
နှင်းခဲများကဲ့သို့ တောက်ပသော ဓားအလင်းတစ်လက် လေထဲဖြတ်သန်းသွားကာ အနက်ရောင်ဓားအလင်းကို ဒေါသတကြီး ဟန့်တား၏။ ဤဓားသည် ရေခဲမြစ်ကဲ့သို့ အေးစက်ပြီး ထက်ရှသည်။
“ ဝုန်း ... ။ ”
ဓားအလင်းနှစ်လက် တွေ့ဆုံရာ မြစ်ရေပြင်သည် အောက်သို့ ပေပေါင်းများစွာ နိမ့်ဆင်းသွား၏။ ထိုစဉ် အနက်ရောင်ဓားသည် ရေခဲမြစ်ကို ဖွင့်၍ တိုးဝင်သွာသည်။
ထိုမြင်ကွင်းက ရှစ်ဖုန်းလျူကို အံ့သြသွားစေသည်။ အချိန်မဖြုန်းဝံ့တော့ဘဲ လက်ဝှေ့ရမ်းလျက် ဓားရည်ရွယ်ချက်ဖြင့် ရေခဲဒိုင်း ဖန်တီးလိုက်ရ၏။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
အနက်ရောင် ဓားအလင်းက ထိုရေခဲဒိုင်းပေါ်သို့ ပြင်းစွာ ကျရောက်သွား တော့သည်။
“ ခရစ် ... ။ ”
ကောင်းကင်တခွင် ပြိုးပြက် လင်းလက်တောက်ပနေသော ဓားလှိုင်များ ပျံ့ကားကုန်သည်။ အကျိုးဆက်အနေဖြင့် အနက်ရောင်ဓားအလင်း ပြိုကွဲသွားကာ ရေခဲဒိုင်း အက်ကွဲလာ၏။
“ ဝုန်း ... ။ ”
အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေခဲဓားများ မိုးအဖြစ် ရွာကျလာတော့သည်။
၎င်းတို့သည် ထက်ရှလွန်းသဖြင့် မြစ်ရေမျက်နှာပြင်ကို ထောင်ပေါင်းများစွာသော အပေါက်များ ဖြစ်ပေါ်လာစေ၏။
လိပ်အိုကြီးသည် ထိုအခြေအနေ မရောက်ခင်ကပင် အန္တရာယ်ကို ခံစားမိပြီး ရေထဲ ငုပ်လျှိုးရှောင်ထွက်သွားသည်။
“ ဆရာစုရဲ့ဓား အံ့မခန်းပဲ။ ”
ထို့နောက် ရေမျက်နှာပြင်ပေါ် ပြန်တက်လာပြီး တိုက်ပွဲကို ချောင်းကြည့် လေသည်။ သူသည် စုရီအပေါ် ပို၍ ပို၍ လေးစားလာမိ၏။
သင်္ဘောပေါ်ရှိ လူတိုင်းသည် အသက်ရှူကြပ်ကုန်၏။ ရှစ်ဖုန်းလျူကဲ့သို့သော မြေကြီးအဆင့် ကျွမ်းကျင်သူပင် လုံခြုံစွာ ထွက်ခွာမသွားနိုင်ချေ။ ဤဓားကိုလှည့်ကာ ဖြေရှင်းနေရသည်။
“ ဝှစ် ... ။ ”
လူတိုင်းမှင်သပ်နေစဉ် စုရီက လေထဲလှမ်းတက်ပြီး ရှစ်ဖုန်းလျူထံ ပြေးလွှား လိုက်တော့သည်။
ကျောက်စိမ်းရောင်ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်နေပြီး လက်နှစ်ချောင်းဖြင့် ထပ်မံ ခုတ်ပိုင်းချလိုက်သည်။
“ ဟမ့် ... ။”
ရှစ်ဖုန်းလျူ၏ မျက်ခုံးများကြားတွင် အေးစက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ ၎င်းက မီးလျှံကြိုးကြာပေါ် ဆင်းသက်ကာ ဓားဖြင့် ပြန်လည်ခုတ်ချလိုက်ရ၏။
“ သွား ... ။ ”
ချင်လန်မြစ်ပြင်မှ ရေနဂါးများကဲ့သို့ ထောင်နှင့်ချီသော ရေခဲဓားများ တိုးထွက်လာပြီး စုရီလမ်းကို ဟန့်တားချေပြီ။
ထိုမြင်ကွင်းသည် လူအုပ်ကြီးကို စိတ်ပျက်အားငယ် သွားစေနိုင်လောက်အောင် ထက်ရှကာ အန္တရာယ်များလှ၏။
ဤဓား၏စွမ်းအားသည် ရေရည်ရွယ်ချက်ဖြစ်ပြီး သာမန်ဓားသမားများ မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ချေ။ လီချန်နင် သည်ပင် ဆုတ်ခွာရပေမည်။
အဆင့်မြင့် မြေကြီးအဆင့်ရှိ ဓားရည်ရွယ်ချက်သည် တူညီသောနယ်ပယ်မှ ပြိုင်ဘက်များကို အလွယ်တကူ သတ်ပစ်ရန် လုံလောက်သည်။ ရေရည်ရွယ်ချက်ကို ထပ်မံ ပေါင်းထည့်ပြီးနောက် ဆိုဖွယ်မရှိချေ။
“ ဝှစ် ... ။ ”
စုရီက နောက်မဆုတ်ချေ။ သူ့ပုံသဏ္ဍာန်အပေါ် အနက်ရောင်အငွေ့များ ရစ်သိုင်းလျက် ရှောင်တိမ်းပြေးလွှာကာ အရှိန်ကို တိုးမြှင့်လိုက်သည်။
အနက်ရောင်ဓားအလင်းသည် ထောင်ပေါင်းများစွာသော ရေဓားများအပေါ် ကင်းဗတ်စတစ်ခုလို ထိုးခွဲလျက် သူ့ကို လမ်းဖွင့်ပေးနေသည်။
ဤမြင်ကွင်းသည် ကောင်းကင်ဘုံကို တိုက်ခိုက်ရန် လှမ်းတက်နေသော တန်ခိုးရှင်နှင့် တူသည်။ များမကြာခင် လမ်းဖွင့်ပေးနေသော အနက်ရောင်ဓားအလင်းသည် လေထုအလယ် လွင့်ပါးပျက်ပြယ်သွားသည်။
“ ဝှစ် ... ။ ”
“ တောင်တန်းနှင့်ပင်လယ်ကို ခွဲဖြတ်ဖို့ ငါ့မှာ ဓားတစ်လက်ရှိတယ်။ ”
တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ် ပြေးတက်နေသော စုရီသည် ရှစ်ဖုန်းလျူနှင့် ဆယ်ပေအကွာအဝေးသို့ ရောက်ရှိလာပြီး ဓားအလင်းဖြင့် ခုတ်ပိုင်းတော့သည်။
“ ဟမ့် ... ။ ”
ဖုန်းလျူမျက်နှာ အနည်းငယ် ပြောင်းလဲ သွားသည်။ တစ်ဖက်လူသည် သူ့ရေဓားများကို ဤမျှ မြန်မြန် ဖြတ်ကျော်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ ချိုး ဖြတ် စမ်း ... ။ ”
ထို့ကြောင့် တုန့်ဆိုင်းရန် အချိန်မရှိဘဲ မြေကြီးဓားရည်ရွယ်ချက်၏ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်လိုက်ရသည်။
“ ဝုန်း ... ။ ”
ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ကာ အကြွင်းအကျန် စွမ်းအင်လှိုင်းများ ပျံ့နှံ့သွားသည်။
ထိုပေါက်ကွဲမှုအောက်ရှိ မြစ်ပြင်သည် တုန်ခါလျက် နိမ့်ဆင့်သွားပြီး ခဏအကြာတွင် ပြန်လည်ကန်ထွက်လာတော့သည်။
ဤနည်းဖြင့် ရေလှိုင်းများက အရပ်ရပ်သို့ ပျံ့ကားရိုက်ခတ်သွား၏။ သင်္ဘောပေါ်ရှိ လူတိုင်း ယိမ်းထိုးလျက် ပြင်းစွာ ထိတ်လန့်ကုန်သည်။ စွမ်းအားသည် တိမ်းမှောက်လုလုပေပင်။
***