သူရဲကောင်းဝိညာဥ်များ နိုးထလာခြင်း
Vol. 16 Ch. 195
"ဧကရီ ရောက်လာပြီ"
ကောင်းကင်နယ်မြေ၏ တင်းမာနေသော အခြေအနေအောက်မှ ကျင့်ကြံသူများ သက်ပြင်းချလိုက်ကြသည်။ သူတို့အထက်တွင် မိုးခြိမ်းသံနှင့် သွေးရောင် လျှပ်စီးများ တခြိမ့်ခြိမ့်မြည်ဟီးနေကာ ကောင်းကင်ကို ဖုံးကွယ်နိုင်လောက်အောင် ထူထပ်သိပ်သည်းသော လျှပ်စစ် ကွန်ယက်တစ်ခု ဖွဲ့စည်းလာ၍ ဓားနတ်ဆိုးကို ပိတ်ဆို့ခဲ့သည်။
ဤ ပုံရိပ်ကို မြင်တွေ့သောအခါ ဓားနတ်ဆိုးအနေဖြင့် လုံးဝ ရူးသွပ်သွားပုံရသည်။
"အရုဏ်တက်နတ်ဧကရီ၊ ငါတို့ကို တရားမျှတမှု ရှာပေးပါ"
ဘီလီယံချီသော ဝိညာဥ် မျက်နှာများ နောက်တစ်ဖန် တွန့်လိမ်သွားကာ ဓားကိုယ်ထည်မှ သွေးစွန်းသော လက်များ ဆန့်ထွက်လာပြီး အရုဏ်တက်နတ်ဧကရီထံ ညွှန်ပြနေသည်။ သူမ၏ မျက်နှာတွင် မိုးကြိုးများ ယှက်သန်းနေသောကြောင့် ခန့်မှန်းမရပေ။
ဘုန်း
နောက်တစ်ခဏတွင် ဓားနတ်ဆိုးသည် အလွန်အကျွံ ဝါးမျိုအားဖြည့်ထားသည့် ဓားဝိညာဉ်ကဲ့သို့ ပေ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော သွေးမုန်တိုင်းတစ်ခု ဖွဲ့စည်း၍ သွေးမြူခိုးများ မိုးအဖြစ် လမ်းများနှင့် အဆောက်အအုံများပေါ်သို့ ရွာကျလာကာ သွေးအိုင်ကြီးများ ဖြစ်တည်လာ၏။
"အရုဏ်တက်နတ်ဧကရီ"
၎င်းက စူးရှစွာ အော်ဟစ်ရင်း ကောင်းကင်ရှိ အရုဏ်တက်နတ်ဧကရီထံ ခုန်အုပ်လိုက်သည်။
ဘုန်း
ကောင်းကင်နယ်မြေ၏ ရှေးဦးခေါင်းလောင်း ပေါ်ထွက်လာကာ သူမကို ကာကွယ်ပေးလိုက်၏။ ဓားနတ်ဆိုး၏ ဓားကြီးနှင့် ရှေးဦးခေါင်းလောင်း ထိမှန်သွားသောအခါ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ပြိုးပြက်တောက်ပသော အလင်းတန်းတစ်ခု ကောင်းကင်၌ ထွန်းလင်းနေစဥ် ခေါင်းလောင်းက ပြင်းထန်စွာ တုန်ခါသွားပြီး ဒေါင်ခနဲ မြည်သံ ကောင်းကင်နယ်မြေတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာ၏။
ဘုန်း
ဧရာမ ခေါင်းလောင်းကြီးက အရုဏ်တက်နတ်ဧကရီအပေါ်မှ ကာကွယ်ပေးရင်းမြေကြီးသို့ ထိုးကျသွားရာ အဆောက်အအုံများနှင့် လမ်း ငါးခုကို ပြားချပ်သွားစေပြီး မြေပြင် အက်ကြောင်းဖြစ်ပေါ်လာသော်လည်း ကံကောင်းစွာဖြင့် ကောင်းကင်နယ်မြေ၏ ပြည်သူများ အချိန်မီ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။
ဤ မြင်ကွင်းတစ်ခုတည်းကပင် ဓားနတ်ဆိုး၏ အဖျက်စွမ်းအားကို သိနိုင်ပြီး မကျေနပ်မှုများမှ နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ရဲ ချင်းထျန်း နှင့် သူ၏ အပေါင်းအပါများ ၎င်း၏စွမ်းအားကြောင့် ထိတ်လန့်တကြား ဖြစ်သွားကြသော်လည်း ကျေနပ်စွာ ရယ်မောနေကြ၏။ ဓားနတ်ဆိုး၏ ဖျက်ဆီးနိုင်စွမ်းက သူတို့ မျှော်လင့်ချက်ထားသည်ထက် ကျော်လွန်နေပြီး ပြည်သူလူထုမှာ စိတ်များ လေးလံနေခဲ့ကြသည်။
"ဧကရီ ဖိနှိပ်ခံနေရတယ်"
"ဒါ မကောင်းဘူး…"
သွေးမြူခိုးဖြင့် ဖုံးလွှမ်းနေသော ဓားနတ်ဆိုးက ဆက်လက်တိုက်ခိုက်ရန် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏ ဓားဖြင့် အရုဏ်တက်နတ်ဧကရီထံ ချိန်ရွယ်ထားသည်။
" သေလိုက်စမ်း။ ငါတို့ကို တရားမျှတမှု မပေးဘဲ အခြေခံအုတ်မြစ်ကို ဖျက်ဆီးတယ်။ ဓားကျင့်ကြံသူတွေကို သတ်ဖြတ်တဲ့အတွက် မင်း သေဆုံးရမယ်"
သည်းထန်သော သွေးမိုးက ကောင်းကင်နယ်မြေတစ်ခွင် ရွာသွန်းနေကာ ဓားနတ်ဆိုး၏ မကျေမနပ် ကြုံးဝါးသံများ အဝေးနှင့် အနီးသို့ ပဲ့တင်ထပ်နေသည်။
"ဧကရီက ဘာလုပ်ခဲ့တာလဲ"
"ငါ့ညီက ရိုးရာဝန်ကြီးဌာနမှာ အလုပ်လုပ်တယ်။ သူပြောတာက သူမဟာ တော်ဝင်အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ်ယိုဖုန်းကို ဓားတာအိုကျောက်တိုင် ဖြိုလှဲစေခဲ့တယ်"
"ဘာကြောင့် သူမက ဒီလိုလုပ်ခဲ့တာလဲ"
"မသိဘူး။ ဓားကျင့်ကြံသူ ဘိုးဘေး ဘီလီယံချီက နတ်ဆိုးများ ဖြစ်လာတဲ့အထိ အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်။ တစ်ချိန်က လူသားမျိုးနွယ်ရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ ဘိုးဘေးတွေ ဒီလောက်မုန်းတီးနေပုံထောက်ရင် သူမ တစ်ခုခု မှားယွင်းတာမျိုး ကျူးလွန်ခဲ့မှာ သေချာတယ်။ ဒီလိုမှမဟုတ်ရင် ကာကွယ်သူ ဝိညာဥ် ဘီလီယံချီက ဒီလောက် ဒေါသထွက်နေမှာ မဟုတ်ဘူး"
"ဝမ်းနည်းစရာကောင်းတယ်"
ပြည်သူ့ သဘောထားသည်လည်း စစ်မြေပြင်တစ်ခု ဖြစ်ပြီး ၎င်းတွင် အဇူရာ သစ်ရွက် အဖွဲ့၏ လွှမ်းမိုးနိုင်စွမ်းမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းသည်။ သံသယများဖြင့် ပြည့်နှက်နေသော ပြည်သူများကို နတ်ဧကရီအပေါ် ဒေါသထွက်လာစေရန် သတင်းပေါင်းစုံ ထုတ်ပြန်ခဲ့သည်။ ဤသည်မှာ အရုဏ်တက်နတ်ဧကရီ ပလ္လင်သို့ တက်လှမ်းပြီးကတည်းက အခက်ခဲဆုံး အခိုက်အတန့် ဖြစ်ကာ အင်မော်တယ်စစ်ပွဲကျင်းပရန် တစ်နာရီသာ လိုအပ်သော်လည်း ဤပြဿနာသည် ကျော်လွှားမရနိုင်သော ချောက်နက်ကြီးတစ်ခုပမာ ကြီးမားပေသည်။ သူမက ရှေးဦးခေါင်းလောင်းအတွင်းမှ ခုန်ထွက်လာကာ လျှပ်စီးလက်နှစ်ဖက်ဖန်တီး၍ ဓားနတ်ဆိုးကို ချုပ်ကိုင်ရန် ကြိုးစားကာ သာယာဝပြောသော ကောင်းကင်နယ်မြေရှေ့တွင် တစ်ကိုယ်တော် ရပ်တည်နေသည်။
ဓားနတ်ဆိုးသည် ဧရာမ လျှပ်စီး လက်များကို ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်ရာ မရေမတွက်နိုင်သော လျှပ်စီးများနှင့် မီးပွားများ စင်ထွက်လာ၏။ ဓားပေါ်မှ ဘီလီယံချီသော ကြောက်မက်ဖွယ် မျက်နှာများက သူမကို စိုက်ကြည့်ရင်း သူတို့၏ ဒေါသ အားလုံးကို ထုတ်ဖော်၍ ကျိန်စာတိုက်နေသော်လည်း သူမအနေဖြင့် တိတ်ဆိတ်စွာ ရှိနေ၍ သည်းခံနေခဲ့သည်။
"ဒီကောင်မကို သတ်လိုက်စမ်း"
ရဲ ချင်းထျန်၊ ယိုဖုန်း၊ လီ ရှီရှီ နှင့် အခြားသူများက စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပြီး ယနေ့ညအတွက် အံ့ဩဖွယ် အောင်ပွဲတစ်ခုကို မျှော်လင့်နေသည်။ ဘိုးဘေးများကို အသုံးပြု၍ သူတို့၏ မျိုးဆက်များကို သတ်ဖြတ်ခြင်းက ဤသစ္စာဖောက်များအတွက် ပျော်ရွှင်စရာကောင်းပြီး စိတ်လှုပ်ရှားဖွယ်အတိ ဖြစ်နေသည်။
သွေးနီရောင် ဓားကြီးက မိုးကြိုးလက်များကို မရပ်မနား ဖောက်ထွက်၍ အရုဏ်တက်နတ်ဧကရီထံ ရောက်ရန် လက်မအနည်းငယ်သာ လိုအပ်တော့သည်။
"ပြည်ထောင်ရဲ့ ဘေးအန္တရာယ်ဖြစ်တဲ့ အရုဏ်တက်နတ် ဧကရီ သေရမယ်"
မဟာကျောင်းတော်သားများက သံပြိုင်ကြွေးကြော်ပြီး ရိုင်းစိုင်းစွာ ရယ်မောလိုက်ကြသည်။
"လူသားများနှင့် နတ်ဆိုးများ အတူယှဉ်တွဲ နေထိုင်နိုင်သည်၊ သို့သော် အရုဏ်တက်နတ်ဧကရီ သေရမည်"
ဘိုးဘေးကျောင်းတော် အစောင့် ငါးသိန်း၏ သံပြိုင်ကြွေးကြော်သံများက ကောင်းကင်နယ်မြေနှင့် ရင်းနှီးသော ဆောင်ပုဒ်တစ်ခုကို ပဲ့တင်ထပ်နေသည်။
ကမ္ဘာကို တုန်လှုပ်စေသော အခိုက်အတန့်တွင် အဖြူရောင် ပုံရိပ်တစ်ခုက အရုဏ်တက်နတ်ဧကရီရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူ၏ အကြည့်က တည်ငြိမ်နေပြီး အပြာရောင် ဓားဝိညာဉ်တစ်ခုကို ဆင့်ခေါ်ကာ ဓားနတ်ဆိုး၏ ဓားကြီးကို ကြားဖြတ် တားဆီးခဲ့သည်။ သူ၏ နောက်ကွယ်တွင် နတ်ဧကရီရှိနေပြီး ဤအဖြစ်ကို မျှော်လင့်မထားသဖြင့် သူမ၏ မျက်ဝန်းများ လှုပ်ခတ်နေသည်။
"ယွမ်ရှောင်"
ဓား သူတော်စင် စွန်း၊ စုလန်လန် နှင့် အခြားသူများ မင်သက်သွားကြပြီး နတ်ဆိုးလက်ပါးစေများ၏ မျက်နှာထား တင်းမာကုန်သော်လည်း ခဏအတွင်း ရယ်မောလိုက်ကြပြန်သည်။
"ပစ်မှတ်တစ်ခုတည်းဆိုပေမယ့် နှစ်ယောက်လုံး သေသွားရင် ကောင်းတာပဲ"
"တစ်စုံတစ်ခုက ဓားနတ်ဆိုးကိုထိန်းချုပ်နေတယ်"
ယွမ်ရှောင်က နူးညံ့စွာ ပြော၍ သူမကို အသိပေးလိုက်၏။
"အဲ့တာက ဘာလဲ…"
"ကျုပ်တာဝန် ထားလိုက်"
ယွမ်ရှောင်၏ မျက်လုံးတွင် ယုံကြည်ချက်ပြည့်ဝနေပြီး သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော်လည်း ဤပြဿနာကို ဖြေရှင်းနိုင်မည်ဟု မည်သူမှ မယုံကြပေ။
"ဘေးဖယ်စမ်း"
သွေးရောင် ဓားကြီးပေါ်မှ မျက်နှာများက ဒေါသတကြီးဖြင့် ယွမ်ရှောင်ကို စိုက်ကြည့်ကြသည်။ ပေ တစ်ထောင် ဓားကြီးနှင့် သုံးပေ အပြာရောင် ဓားသွားက အားပြိုင်ရင်း တုန်ခါနေသည်။
"ဘိုးဘေးတို့"
ယွမ်ရှောင်က ထိုမျက်နှာများကို စိုက်ကြည့်နေရင်း သူ၏ဓားဝိညာဥ်ကို ရုတ်တရက် လွှတ်ချကာ ဧရာမဓားကြီးရှေ့တွင် ရင်ကော့ပေးလိုက်၏။ ဓားနတ်ဆိုးက မရေမတွက်နိုင်သော သွေးမြူခိုး တိမ်တိုက်များ ထုတ်လွှတ်နေသော်လည်း ဓားဖျားမှာ ချက်ချင်း ရပ်တန့်သွားခဲ့သည်။
"ဘေးဖယ်စမ်း"
ဘီလီယံချီသော ဘိုးဘေးများက ထို ဓားကျင့်ကြံသူ တစ်သိန်းကို ချမ်းသာပေးခဲ့သဖြင့် ယွမ်ရှောင်ကိုလည်း တိုက်ခိုက်မည် မဟုတ်ပေ။သူက ရှေးခေတ်နောက်ပိုင်းတွင် ကြယ်သတ်ဓားသိုင်း၏ ပထမဆုံး အရိုက်အရာ ဆက်ခံသူ ဖြစ်သောကြောင့် ထိုဝိညာဥ်များနှင့် နက်ရှိုင်းသော ဆက်နွယ်မှုတစ်ခု ဖွဲ့စည်းထားပြီးဖြစ်သည်။ ဤအချက်က ရာစုနှစ်များစွာ ကြာမြင့်ခဲ့သော ဝတ်ပြုမှုများကို သာလွန်နေပြီး နတ်ဆိုးမဖြစ်ပြောင်းလဲသွားသည့်တိုင် ယွမ်ရှောင်၌ မျှော်လင့်ချက် မြင်တွေ့ခဲ့ကြသဖြင့် သူ့ကို သူတို့၏ အနာဂတ်အမွေခံ အဖြစ် မှတ်ယူထားကြ၏။
"သူ့ကို သတ်စမ်း"
အသံတစ်ခုက ဓားနတ်ဆိုး၏ နက်ရှိုင်းသော အတွင်းပိုင်းမှ အမိန့်ပေးနေသော်လည်း ရင်ကော့ပေးထားသည့် ယွမ်ရှောင်ကြောင့် ဘီလီယံချီသော မျက်နှာများမှ မျက်ရည်များ ကျဆင်းလာသည်။
"ကြည့်ကြစမ်းပါ ဘိုးဘေးတို့။ ဓားလမ်းစဥ်က အနာဂတ်ရှိတယ်။ ကျုပ်ကြောင့် အမွေအနှစ်ပျောက်ကွယ်သွားမှာ မဟုန်လို့ မကျေမနပ်ဖြစ်စရာ မရှိပါဘူး"
ယွမ်ရှောင်က သူ၏ ဓားဝိညာဥ်အဆင့်ကို ထုတ်ဖော်ပြသ၍ လက်ဖဝါးဖြင့် ဧရာမဓားကြီးအထက်မှ မျက်နှာများကို ပွတ်သပ်ပြီး နှစ်သိမ့်ပေးနေခဲ့သည်။
"နှစ်ထောင်ပေါင်းများစွာ မျိုးရိုးစဥ်ဆက်တစ်လျှောက် ဘိုးဘေးတို့ရဲ့ စိတ်ဆန္ဒက မပျက်စီးခဲ့ဘူး။ ဘာကြောင့် နတ်ဆိုးသွေးထိုးမှုကို လက်ခံရတာလဲ။ အချိန်နဲ့ ရာသီဥတုဒဏ်ကိုတောင် ခံနိုင်ရည်ရှိခဲ့တယ်လေ။ နတ်ဆိုးတွေရဲ့ လှုံ့ဆော်မှုကြောင့် မယိမ်းယိုင်ကြပါနဲ့။ ဓားတာအိုကျောက်တိုင်က သင်္ကေတတစ်ခု သက်သက်သာ ဖြစ်ပြီး ဓားတာအို ထာဝရတည်တံ့ဖို့သာ ကျုပ်တို့ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက် ဖြစ်တယ်မလား"
"ကျုပ်အနေနဲ့ ဓားတာအိုရဲ့ ဘိုးဘေးတွေက မြူခိုးများကို ထွင်းဖောက် မြင်တွေ့ဖို့၊ ယုတ်မာတဲ့ နတ်ဆိုးများကို ခွဲခြားသိမြင်ဖို့ နဲ့ မျိုးဆက်သစ်များကို ကာကွယ်ပေးဖို့ တောင်းပန်ပါတယ်။ ငါတို့ ဓားကျင့်ကြံသူများကို အခွင့်အရေးတစ်ခု ပေးသနားဖို့ တောင်းပန်ပါတယ်။ ဘိုးဘေးတို့၏ စွမ်းအားဖြင့် ကျုပ် အညစ်အကြေးနှင့် သစ္စာဖောက် အားလုံးကို ချေမှုန်းနိုင်ရန် လမ်းညွှန်ပါ"
သူ၏ စကားများကြောင့် ဓားနတ်ဆိုးက ပြင်းထန်စွာ တုန်ခါသွားပြီး ဘီလီယံချီသော ဝိညာဥ်မျက်နှာများ ပြင်းထန်သော မကျေနပ်မှုမှ တဖြည်းဖြည်း လွတ်မြောက်လာသည်။ မျက်ရည်များ ကျဆင်းလာပြီး သူတို့၏ အဓိပ္ပါယ်နက်ရှိုင်းသော အကြည့်များ ဤလူငယ်အပေါ်တွင် စုဝေးတည်ရှိနေသည်။ ဓားနယ်မြေ၏ ဘိုးဘေးများက အနာဂတ်အတွက် ကြံ့ကြံခံခဲ့သော နေ့ရက်များကို ပြန်လည်အမှတ်ရသွားကြပြီး ဓားလမ်းစဥ် ရှင်သန်ထမြောက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
သူတို့၏ ရှေ့မှ ဤ လူငယ်သည် သူတို့၏ အိပ်မက်များအတွက် ပြည့်စုံသော ဆက်ခံသူ ဓားသမား ဖြစ်ပေသည်။
"သူ့ကို သတ်စမ်း။ မြန်မြန်လုပ်"
ဓားနတ်ဆိုးအတွင်း၌ အနက်ရောင် မြူခိုးက အသံကုန်အော်ဟစ်နေသော်လည်း မည်မျှ လှုံ့ဆော်ပါစေ၊ ဓားနတ်ဆိုးသည် ငြိမ်သက်နေသော ရေပြင်ပမာ တည်ငြိမ်နေဆဲဖြစ်သည်။
"ဘိုးဘေးများ၊ လမ်းပြတော်မူပါ"
ယွမ်ရှောင်သည် ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်ကို ဆုပ်ကိုင်၍ သူ၏ မျက်လုံးများ၌ နတ်ဘုရားဆန်ဆန် အရောင်အဝါ ထင်ဟပ်နေ၏။ ကြမ်းတမ်းသော ဓားနတ်ဆိုးကြီးက ရုတ်တရက် နှစ်ပိုင်းကွဲထွက်သွားကာ အလည်တည့်တည့်တွင် ရှိနေသော အနက်ရောင်မြူခိုးထံ သူ၏ ဓားကို ပစ်ခတ်လိုက်သည်။
ဘန်း
ကောင်းကင် သင်္ချိုင်း ဓားဝိညာဉ်က ပျံထွက်သွားပြီး ငရဲ မိစ္ဆာကို ချက်ချင်း ထိုးဖောက်လိုက်သည်။
"အား"
၎င်းက ခဏတာ ရုန်းကန်ပြီးနောက် ဘာမှမရှိသည့်အဖြစ်သို့ ချေမှုန်းခံလိုက်ရပြီး ဓားနတ်ဆိုးအဖြစ်မှ သွေးရောင်တိမ်တိုက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။ ၎င်းက ယွမ်ရှောင် ပတ်ပတ်လည်တွင် ရစ်သိုင်းနေကာ ဝိညာဥ်မျက်နှာများ ပျော့ပြောင်းသွားပြီး သတ်ဖြတ်လိုစိတ် လုံးဝ ပျောက်ကွယ်လာခဲ့၏။ သူက အချိန်တိုအတွင်း နတ်ဆိုးလက်ပါးစေများ၏ ဆိုးညစ်ယုတ်ညံ့သော အကြံကို ဖြေရှင်းလိုက်သောကြောင့် ဓားကျင့်ကြံသူ တစ်သိန်းသည် လက်သီးလက်မောင်းတန်း၍ အောင်ပွဲခံလိုက်ကြသည်။ ဓား သူတော်စင် စွန်း၊ နန်းကုန်းရှီ နှင့် အခြားသူများ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး မျက်ရည်များ သူတို့၏ မျက်နှာတွင် တသွင်သွင် စီးကျနေသည်။ ထွက်ပြေးသွားခဲ့သော ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများ ပြန်လှည့်လာကြပြီး အဖြစ်အပျက်အပြည့်အစုံနှင့် အမှန်တရားကို မသိသော်လည်း လုံခြုံမှုကို ခံစားမိသောကြောင့်ပင်။
ယွမ်ရှောင် တစ်ဦးတည်း အခြေအနေကို ပြောင်းလဲပစ်ခဲ့ခြင်း မဟုတ်ဘဲ ဘီလီယံချီသော ဓားနယ်မြေ ဘိုးဘေးများ၏ မျိုးဆက်များသစ်အပေါ် မသေဆုံးနိုင်သော ချစ်ခြင်းမေတ္တာက သော့ချက် ဖြစ်ခဲ့သည်။ နတ်ဆိုးလက်ပါးစေ ခွေးများကမူ မယုံကြည်နိုင်ဟန်ဖြင့် မျက်နှာများ ရှုံ့မဲ့နေကြပြီး နေရာ၌ ကြက်သေသေနေကြသည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ သူက ဒီအကြွင်းအကျန်ဝိညာဥ်တွေကို ဘယ်လို နှိုးလိုက်တာလဲ။ ငရဲ မိစ္ဆာက အပြည့်အဝ ထိန်းချုပ်ထားခဲ့တယ်လေ"
လီ ရှီရှီ၏ မျက်နှာ ပုံပျက်သွားပြီး အစစ်အမှန် မျောက်မျက်နှာ ထွက်ပေါ်လာသကဲ့သို့ ရဲချင်းထျန်း၊ ယိုဖုန်း၊ မူတန်းရှီ နှင့် အခြားသူများ တစ်ကိုယ်လုံး ပြာနှမ်းသွားကြသည်။
"ဒုက္ခတော့ ရောက်ပြီ"
ကောင်းကင်နယ်မြေ၏ သစ္စာဖောက် မျိုးနွယ်ဝင်များက အကြည့်ချင်း ဖလှယ်၍ မျက်နှာထားများ အကျည်းတန်နေခဲ့လေသည်။