လနတ်သား၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ
Vol. 16 Ch. 203
အမှောင် ချိတ်ပိတ် တိုက်ပွဲ စတင်သည်နှင့် အင်မော်တယ်စစ်ပွဲ စစ်မြေပြင် တစ်ခုလုံး အမှောင်ထုထဲသို့ နစ်မြုပ်သွားသော်လည်း မျက်စိတစ်မှိတ်အတွင်း ထို နတ်ဆိုးများအပေါ်မှ ချပ်ဝတ်တန်ဆာက ထူးဆန်းသော အလင်းရောင် တဖျပ်ဖျပ် လင်းလာသည်။ စစ်မြေပြင်ကို အရောင်မျိုးစုံ ထွန်းလင်းစေ၍ အရောင်အသွေးစုံသော တံဆိပ်ခတ်ထားသည့် နယ်မြေတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။နတ်ဆိုး နှစ်ထောင် တစ်ဦးချင်းစီက နတ်ဆိုး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားကြပြီး ဤပျက်စီး ချပ်ဝတ်တန်ဆာ အပိုင်းအစများသည် ကြယ် အဆင့်မှ နဂါး ငွေ့ တန်း အဆင့်အထိ ရှိကြသည်။
ယွမ်ရှောင်နှင့် ခုလေးတင် တိုက်ခိုက်ခဲ့သော လနတ်သား၏ လူသား ပုံစံတွင်ဖြစ်စေ၊ အမြီးသုံးချောင်း မြေခွေး နတ်ဆိုးဖြစ်စေ ချပ်ဝတ်တန်ဆာက ပုံသဏ္ဌာန်နှင့် အလိုက်သင့် ပြောင်းလဲ၍ မှော်စွမ်းအား တိုက်ခိုက်မှုများကို ခုခံပေးသကဲ့သို့ အချို့ချပ်ဝတ်တန်ဆာများမှာ ခန္ဓာကိုယ် တစ်ခုလုံးကိုပင် ကာကွယ်ပေးသည်။ ရေ၊ မီး၊ လေ၊ မိုးကြိုး၊ နှင်းညနှင့် ရေခဲကဲ့သို့ ဒြပ်စင်များဖြင့် စိမ့်ဝင်နေသော ချပ်ဝတ်တန်ဆာများကို နတ်ဆိုး နှစ်ထောင်က ပိုင်ဆိုင်ထားပြီး ထုတ်လွှတ်လာသော အလင်းရောင်သည် နတ်ဆိုးများ၏ သွေးနီရောင် မျက်လုံးများနှင့် ရောနှောကာ စစ်မြေပြင်ကို အိပ်မက်ဆိုးတစ်ခုမှ ကြမ်းတမ်းပြီး ရက်စက်သော မြင်ကွင်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။
နတ်ဆိုးများ၏ ပြင်းထန်သော အသက်ရှူသံများနှင့် ဟိန်းဟောက်သံများက အဖြူရောင်ဝတ် လူငယ်ကို ဝန်းရံထား၍
သူတို့၏ မျက်နှာများသည် ကြောက်မက်ဖွယ် ရှုံ့မဲ့နေကြပြီး အများအားဖြင့် ဆံပင်ဖားလျား၊ သွားစွယ်များ နှင့် ချွန်ထက်သော လက်သည်းများ ရှိသည့် ခြေလက်အင်္ဂါများ ရှိသည့် သားရဲများနှင့် တူညီသည်။ အမှောင် ချိတ်ပိတ် တိုက်ပွဲသည် တံဆိပ်ခတ်ထားသော စစ်မြေပြင်တစ်ခု ဖြစ်ပြီး အချိန် ကန့်သတ်ချက်မှာ တစ်နာရီ ဖြစ်သည်။ ယွမ်ရှောင်၏ လှည့်ဖြားမှုကို လနတ်သားမှ ဖော်ထုတ်ခဲ့ပြီးဖြစ်သောကြောင့် ဤ နတ်ဆိုး နှစ်ထောင်အတွက် ကျန်ရှိနေသော လျှို့ဝှက်ဆန်းကြယ်မှုမှာ သူ့ကို အဆုံးမသတ်မီ မည်သို့ လှောင်ပြောင်ကစားသင့်ကြောင်း ဆိုသည်ပင်။
ကြမ်းတမ်းသော သားရဲ နှစ်ထောင်က လူငယ်တစ်ယောက်ကို ဝိုင်းထားကြရင်း နတ်ဆိုးတိုင်း ပထမဆုံးတိုက်ခိုက်လိုသော်လည်း ပင်ကိုယ်အသိဖြင့် သူတို့၏ မျက်လုံးများသည် ကြီးမြတ်သော ပါရမီရှင် နတ်ဆိုး သုံးယောက် နှင့် ကြာနီ နတ်ဆိုးဧကရီ၏ သားထံ လှည့်သွားခဲ့သည်။ သို့သော် နတ်ဆိုးများ လှုပ်ရှားမှု မပြုလုပ်ခင် အခြားတစ်စုံတစ်ယောက်က လက်ဦးမှု ရယူလိုသောကြောင့် ဆယ့်နှစ်နှစ် အရွယ် မိန်းကလေးတစ်ယောက် ရှေ့သို့ ခြေလှမ်းတက်လာသည်။ သူမ၏ မျက်လုံးများ ဗလာဖြစ်နေပြီး နုနယ်သော မျက်နှာက ထူးဆန်းစွာ အေးစက်၍ အခေါင်းအတွင်းမှ တွားသွား ထွက်လာသကဲ့သို့ လူသားဖြစ်သော်လည်း နတ်ဆိုးငယ်လေးတစ်ကောင်နှင့် မခြားပေ။ သူမသည် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ သတ္တမ မင်းသမီး ဖြစ်သည်။
"သရဲ ကျင့်ကြံသူ"
နတ်ဆိုးများက သူမကို ကြောက်ရွံ့မှုကြောင့် နောက်ဆုတ်သွားကြပြီး ထိတ်လန့်တုန်လှုပ်နေကြ၏။ သတ္တမ မင်းသမီး၏ ဖြူဖျော့သော မျက်လုံးများက ယွမ်ရှောင်အပေါ် စူးစိုက်နေပြီး သတ်ဖြတ်လိုစိတ်မှာ မုန်တိုင်းပမာ ပြင်းထန်နေသည်။ သူမ၏ မွေးချင်း ငါးဦးမှာ ပတ်လည်တိုက်ပွဲတွင် ယွမ်ရှောင်လက်ချက်ဖြင့် သုတ်သင်ဖယ်ရှားခံခဲ့ရသည် မဟုတ်ပါလော။
"သူတို့အားလုံးက အသုံးမကျပေမယ့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ကို နင်းခြေဖို့ မလုပ်သင့်ဘူး။ ယွမ်ရှောင်၊ မင်းက လူသားမျိုးနွယ်ကို ကိုယ်စားမပြုနိုင်ဘူး"
သူမ၏ အသံက ရေခဲကဲ့သို့ အေးစက်နေပြီး နောက်ပိုင်းအဆင့် သူတော်စင် နယ်ပယ် အရှိန်အဝါ ထွက်ပေါ်လာကာ အ ခရမ်းရောင်ကောင်းကင် အိမ်ရှေ့စံထက်ပင် အဆင့်ငယ် နှစ်ဆင့် သာလွန်နေခဲ့သည်။ သူမ၏ မြင့်မြတ်ချီ စွမ်းအားက သရဲတစ္ဆေဆန်ဆန် မီးခိုးရောင် ဖြစ်ကာ သေမင်း စွမ်းအား၏ သင်္ကေတတစ်ခုအလား ဆင်တူ၍ နတ်ဘုရားတိုက်ကြီး၏ လူသားမျိုးနွယ် သတ်မှတ်ထားသော သရဲ တာအို ဖြစ်သည်။ ထိုတာအို ကျင့်ကြံသူများကို လူအများက စက်ဆုပ်ရွံရှာသောကြောင့် အမဲလိုက်ခြင်း ခံရတတ်သည်။သို့သော်လည်း ထိပ်တန်း အင်မော်တယ်နတ်ပြည်ထောင်၏ မင်းသမီးတစ်ဦးဖြစ်သော သူမက တားမြစ်ထားသော အတတ်ပညာကို ရဲတင်းစွာ လေ့ကျင့်ခဲ့သဖြင့် နတ်ဘုရားတိုက်ကြီးတွင် လုံးဝ ဥပဒေမရှိကြောင်း သိနိုင်ပြီး အာဏာဖြင့် အရာအားလုံးကို လွှမ်းမိုးနိုင်သည်။
"သရဲ တာအို၊ တားမြစ် သရဲတစ္ဆေများ"
သေမင်း၏ မြူခိုးထဲတွင် သူမ၏ ဖြူဖျော့သော မျက်လုံးများ ပြူးထွက်လာ၍ လက်သီးဆုပ်ပမာဏအထိ ကြီးမားလာပြီး ငရဲသို့ ဦးတည်ရာ တံခါးပေါက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် မကောင်းဆိုးဝါး ပုံရိပ် နှစ်ခု ထိုမျက်လုံးများမှ တွားသွား ထွက်လာပြီး သရဲတစ္ဆေဆန်လွန်း၍ နတ်ဆိုးများကိုပင် ကြက်သီးမွေးညှင်း ထစေလောက်အောင် ထူးဆန်းသော မြင်ကွင်းတစ်ခုပင်။
စစ်မြေပြင် တစ်ခုလုံး ဆိုးယုတ်ပြီး ဘေးဥပါဒ် သယ်ဆောင်လာသော သရဲတာအို စွမ်းအားဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။ ဤသတ္တမ မင်းသမီးက လူသားမျိုးနွယ်၏ ထိပ်တန်း အင်မော်တယ် ဘွဲ့ထူးအတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။
"ဝေါင်း အီး ဟီး ဟီး"
တားမြစ်သရဲတစ္ဆေ နှစ်ကောင်က ငိုယိုအော်မြည်နေကြပြီး ယွမ်ရှောင်ကို ပစ်မှတ်ထားနေကြသည်။
"သူ့ ဝိညာဉ်ကို အရင် မျိုချလိုက်စမ်း ဟီး ဟီး"
သတ္တမ မင်းသမီးက ကလေးအရွယ်နှင့် မလိုက်အောင် ရွံရှာစက်ဆုပ်ဖွယ် ရယ်မောရင်း အမိန့်ပေးနေခဲ့သည်။ ထိုအခိုက်အတန့်တွင် လှပသော မြေခွေးခေါင်းတစ်ခုက သူမ၏ နောက်ကွယ်တွင် ပေါ်ထွက်လာပြီး ရုတ်တရက် ပြင်းထန်စွာ ကိုက်ချလိုက်သည်။ ထိုကိုက်ချက်က တခစ်ခစ် ရယ်နေသော ကလေးမ၏ ဦးခေါင်းကို ဝါးမျိုသွားသဖြင့် သူမ၏ရယ်သံ ရုတ်တရက် ရပ်တန့်သွားကာ အလန့်တကြား အော်ဟစ်သံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမက မြေခွေး၏ မေးရိုးကို လက်နှစ်ဖက်ဖြင့် အစွမ်းကုန် ဆွဲဖွင့်နေသော်လည်း အချည်းနှီးသာဖြစ်ပြီး ငွေရောင် မြေခွေး၏ မျက်လုံးများထဲတွင် အရေးမစိုက်ဟန်မှလွဲ၍ ဘာမှ မရှိပေ။
ဂျွတ်
ပြင်းထန်သော ကိုက်ချက်ဖြင့် မြေခွေးအစွယ်များက ဦးခေါင်းကို ထိုးဖောက် ဆွဲဖြဲလိုက်ရာ သွေးများ စမ်းရေတွင်းအလား ပန်းထွက်လာသည်။
ဘုန်း
သေးငယ်သော ခန္ဓာကိုယ်လေးက ယိုင်ထွက်သွားကာ မြေပြင်တွင်လဲပြိုကျသွားစဥ် မြေခွေးခံတွင်းမှ ကလေးခေါင်းပြတ်တစ်ခု လိမ့်ထွက်လာခဲ့သည်။
"ဘာကြောင့်…"
သတ္တမ မင်းသမီးသည် နောက်ဆုံးစကား အဆုံးမသတ်ခင် အသက်ထွက်သွားပြီး ရုတ်တရက်ဆန်လွန်းသည့် အလှည့်အပြောင်းက သွေးဆာနေသော နတ်ဆိုး နှစ်ထောင်ကို ထိတ်လန့်တကြား ဖြစ်သွားစေ၍ ပါးစပ်အဟောင်းသားဖြင့် ရပ်နေမိကြသည်။ လှပသော်လည်း ရက်စက်ကြမ်းကြုတ်သော အမြီးသုံးချောင်း မြေခွေး နတ်ဆိုးကို တစ်လှည့်၊ သတ္တမမင်းသမီး၏ အလောင်းကို တစ်လှည့် စိုက်ကြည့်လိုက်မိကြသည်။
"လနတ်သား။ မင်း ဘာလုပ်တာလဲ"
ဒေါသအိုးကြီးက အထိတ်တလန့် မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။
"ထျန်းလုအတွက် လက်စားချေဖို့ ငါတို့ နတ်ဆိုး မျိုးနွယ်က ကိုယ့်ကိစ္စကိုယ် ကိုင်တွယ်နိုင်တယ်။ သူမက ဘယ်သူမို့လို့ လက်စားချေဖို့ အခွင့်အရေးကို လုယူချင်နေတာလဲ။ အားနည်းတဲ့ လူသားတစ်ယောက်အတွက် ဒီနေရာမှာ တိုက်ခိုက်ခွင့် မရှိဘူး"
လနတ်သားက နှာခေါင်းရှုံ့လိုက်ပြီး သတ္တမ မင်းသမီးသည် ယွမ်ရှောင်ကို သတ်ဖြတ်ရန် ရောက်ရှိလာသော တစ်ဦးတည်းသော လူသား ဖြစ်၍ နတ်ဆိုးများ တိတ်ဆိတ်သွားကြသည်။
"မှန်ပါတယ်။ ဒါပေမယ့် ခရမ်းရောင်ဧကရာဇ်က ငါတို့ နတ်ဆိုးတိုက်ကြီးရဲ့ လက်ပါးစေ ခွေးမလား။ ဒီကိစ္စကို အပြင်ရောက်ရင် ဘယ်လို ဖြေရှင်းမှာလဲ"
ကြာနီ နတ်ဆိုးဧကရီ၏ သား ရွှယ်ချီက မေးလာခဲ့သည်။
"ဒီလုပ်ရပ်က ခရမ်းရောင်ဧကရာဇ်ကို လူသားမျိုးနွယ်ဘက်ရောက်အောင် တွန်းပို့လိမ့်မယ်"
ဒေါသအိုးကြီးက လနတ်သားအပေါ် မကျေမနပ် ဖြစ်နေသည်။ နတ်ဆိုးတိုက်ကြီးတွင် မကျေနပ်မှုမှ ပေါက်ဖွားလာသော နတ်ဆိုးများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သားရဲ နတ်ဆိုးများ၏အစွမ်းမှာ သာမန်မျှသာ ဖြစ်၍ အပင် နှင့် အင်းဆက် နတ်ဆိုးမျိုးနွယ်များအောက်သို့ပင် ရောက်နေခဲ့သည်။ မကျေနပ်မှု နတ်ဆိုးပါရမီရှင်များ ကိုယ်တိုင် ဘေးထွက်နေကြသော်လည်း လနတ်သား လှုပ်ရှားလိုက်သဖြင့် မကျေနပ်ကြပေ။
"ဒေါသအိုးကြီး၊ မင်းမှာ ဦးနှောက်တောင် ရှိရဲ့လား။ ခရမ်းရောင်ဧကရာဇ်က ကပ်ဖားယပ်ဖားလုပ်ရင်တောင် အရုဏ်တက်ဧကရီက လက်ခံမှာ မဟုတ်ဘူး။ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက နတ်ဆိုးတိုက်ကြီးကို ဖိနပ်မလျှက်ရင် သေဖို့ပဲ"
လနတ်သားက အထင်သေးစွာ လှောင်ပြောင်လိုက်သည်။
" ငါတို့အားလုံး မပြောရင် သတ္တမ မင်းသမီး သေရတ ယွမ်ရှောင်ရဲ့ လက်ချက်ပဲ။ ဘယ်သူမဆို ဒီကိစ္စ ပေါက်ကြားခဲ့ရင် နတ်ဆိုးတိုက်ကြီးရဲ့ အကျိုးစီးပွားကို လျစ်လျူရှုတဲ့ သစ္စာဖောက်တစ်ဦး ဖြစ်ရလိမ့်မယ်။ နားလည်ပြီလား"
ထိူ့နောက် သူက အခြားနတ်ဆိုးများကို တစ်ချက်ဝေ့ကြည့်၍ သတိပေးလိုက်ရာ အားလုံး ဆွံ့အသွားကြ၏။
"လနတ်သား၊ မင်း ထျန်းလုကို တကယ်ရော ဂရုစိုက်ရဲ့လား။ သားရဲ မျိုးနွယ်ရဲ့ တားမြစ်ချက်ကို မင်း မသိဘူးလား"
မင်္ဂလာပွဲသရဲ၏ မေးခွန်းကြောင့် အလိမ်ပေါ်သွားနိုင်ရာ ယွမ်ရှောင် နှင့် လနတ်သား နှစ်ဦးစလုံးကို တုန်လှုပ်သွားစေသည်။ ဤသို့သော စကားလုံးများကို လူသားမျိုးနွယ်သာ အသုံးပြုတတ်ပြီး နတ်ဆိုးများအတွက် သစ္စာဖောက်ဟူသောသဘောတရားမှာ နားလည်ရန် မလွယ်ချေ။ သူတို့က အသက်ကို ပေါ့ပေါ့တန်တန် တန်ဖိုးထားကြပြီး သေဆုံးခြင်း နှင့် ဂုဏ်သိက္ခာက အရေးမပါပေ။ မင်္ဂလာပွဲသရဲ၏ စကားကြောင့် လနတ်သား၏ ရည်ရွယ်ချက် ထွက်ပေါ်မလာခင် ယွမ်ရှောင်က လက်ဦးအောင် တိုက်ခိုက်ပစ်လိုက်ပြီး အုပ်စုလိုက် တိုက်ပွဲမှာ သူ၏ အားသာချက် ဖြစ်သည်။
လနတ်သား နှင့် ဒေါသအိုးကြီး ငြင်းခုံနေစဉ်၊ ယွမ်ရှောင်က ရုတ်တရက် ပြေးထွက်လာပြီး ဓားပျံဖြင့် စစ်မြေပြင်အထက်မှ ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူက အဆင့်မြှင့်တင်ထားသော ကောင်းကင်တာအိုဆေးလုံး လက်တစ်ဆုပ်ကို မျိုချပစ်လိုက်ပြီး ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ဖြင့် သန့်စင်၍ မြင့်မြတ်ချီစွမ်းအင် အဖြစ် ပြောင်းလဲကာ ကြယ်သွေးကြောများအတွင်း စီးဆင်းစေလိုက်ရာ စွမ်းအားများ ပေါက်ကွဲထွက်လာ၏။ ဤနေရာတွင် စုစုပေါင်း ဖန်ဆင်းရှင် အင်မော်တယ်မျိုးစေ့ ငါးခု ရှိပြီး အားလုံးမှာ ခန္ဓာကိုယ် အမျိုးအစား ဖြစ်သောကြောင့် လနတ်သားအနေဖြင့် သူတို့ကို စုပ်ယူနိုင်သည်။
(မှတ်ချက်။ ။ အင်မော်တယ်မိုးစက်အစား ဖန်ဆင်းရှင်မျိုးစေ့၊ အင်မော်တယ်မျိုးစေ့ အဖြစ် ပြောင်းလဲ အသုံးပြုသွားပါမည်)
ယွမ်ရှောင်က စစ်မြေပြင်ကို တစ်ချက်ဝေ့ကြည့်၍ လေမီးတောက်ကပ်ဘေးနယ်ပယ်သာ ဖြစ်သော်လည်း သူတော်စင်နယ်ပယ် ကျင့်ကြံသူ၏ စွမ်းအားမျိုး အသုံးပြုနိုင်နေသည်။
ဓာတ်ကျမ်းတော်၊ မီးနတ်ဘုရားရဲ့ အမျက်ဒေါသ
အနီရောင် မီးလျှံ ၁၈ခုက သူ၏ လက်ဟန်တွင် ထွက်ပေါ်လာကာ စစ်မြေပြင်အထက်၌ နေ ၁၈ စင်း တောက်လောင်နေသကဲ့သို့ အလင်းရောင်သည် နတ်ဆိုးချပ်ဝတ်တန်ဆာ အစုံ နှစ်ထောင်၏ အလင်းရောင်ကို ချက်ချင်း လွှမ်းမိုးသွားသည်။
"ဒါက ဘာကြီးလဲ"
အရိုးလေးက အော်ဟစ်လိုက်ပြီး မျက်လုံးများတွင် သရဲတစ္ဆေမီးလျှံ လောင်ကျွမ်းနေကာ ဤတာအို ဂါထာကို မှတ်မိခဲ့သည်။ သို့သော် မီးနတ်ဘုရား၏ အမျက်ဒေါသသည် ပုံမှန်အားဖြင့် ထုတ်ဖော်နိုင်သည်မှာ မီးလျှံ တစ်လုံးတည်းသာ ဖြစ်ပြီး ၁၈ လုံး မဟုတ်ပေ။ တာအို ဂါထာများသည် တစ်ဦးချင်း တိုက်ပွဲတွင် ထိရောက်မှု အားနည်းသော်လည်း အုပ်စုလိုက် တိုက်ပွဲများတွင် အသုံးဝင်မှု အထွတ်အထိပ်ဖြစ်ကာ
ယွမ်ရှောင်၏ တာအို ဂါထာများအပေါ် ကျွမ်းကျင်မှုက တစ်ကိုယ်တည်းဖြင့် စစ်တပ်တစ်ခုအလား သန်မာစေ၏။
"ငါက မင်းတို့ကို ငရဲကြီး ၁၈ ထပ်ဆီ ပို့ဆောင်ပေးလိုက်မယ်"
မီးလုံး ၁၈ လုံးက နေလုံးကြီးများ ကျဆင်းလာသကဲ့သို့ နားကွဲလောက်သော ပေါက်ကွဲသံ တဝုန်းဝုန်းဖြင့် နတ်ဆိုး နှစ်ထောင်ထံ တိုက်ခိုက်လာသည်။
ဘုန်း ဘုန်း ဘုန်း။
၎င်းတို့ ပေါက်ကွဲထွက်လာသောအခါ အနီရောင် မီးလျှံလှိုင်းများသည် ချော်ရည်ပူပမာ ပြန့်ထွက်လာပြီး နတ်ဆိုး အများအပြား အချိန်မီ မရှောင်တိမ်းနိုင်ခဲ့ဘဲ မီးရှို့ခံလိုက်ရသဖြင့် အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲသွားကာ သူတို့၏ အလောင်း အကြွင်းအကျန်များ မီးလောင်ကျွမ်း၍ မည်းနက်သွားသည်။ ဧရာမ ပေါက်ကွဲမှု ၁၈ ခုမှ မီးလျှံများ ကောင်းကင်သို့ ထိုးတက်လာကာ နတ်ဆိုးများ အော်ဟစ်ငိုယိုနေကြသော်လည်း အပြင်ဘက်မှ ပရိသတ်များအနေဖြင့် အလင်းတန်းများ တဖျတ်ဖျတ် လင်းနေသည်ကိုသာ မြင်တွေ့ရပြီး အသံတစ်သံမျှ မကြားနိုင်ခဲ့ပေ။ ၎င်းတိုက်ကွက်က ချီစွမ်းအင်များစွာ ကုန်ခမ်းစေသော်လည်း ကံကောင်းသည်မှာ ကောင်းကင်တာအိုဆေးလုံးအထောက်အပံ့ရှိနေသောကြောင့် နောက်ထပ်တာအိုဂါထာ တစ်ခု ဖြစ်တည်လာသည်။
ဓာတ်ကျမ်းတော်၊ တောင်ဖြိုဂါထာ
ယွမ်ရှောင်၏ လက်ထဲတွင် မဟာကျောင်းတော်၏ တာအို ဂါထာက ယခင်က မရှိခဲ့ဖူးသော ဖြောင့်မတ်မှန်ကန်မှုနှင့် တန်ဖိုးရှိ အဆင့်တစ်ခုသို့ မြှင့်တင်ခံလိုက်ရသည်။
ဘုန်း ဘုန်း ဘုန်း
မြေကြီး ပြင်းထန်စွာ တုန်ခါသွားပြီး မြေဆီလွှာများက လှိုင်းလုံးများဖြင့် ဒေါသထွက်နေသော ပင်လယ်ပမာ လှုပ်ရှားသွား၍ သူ့ကို တိုက်ခိုက်ရန်အတွက် ကောင်းကင်သို့ ပျံတက်ရန် ကြိုးစားနေသော နတ်ဆိုးများကို မြေကြီးအောက်တွင် မြှုပ်နှံပစ်လိုက်သည်။ ထို့နောက် ဂါထာနှစ်ခု ထပ်မံ ဖြစ်ပေါ်လာကာ နတ်ဆိုးများကို ရွှေ ရုပ်တုများအဖြစ်သို့ ပြောင်းလဲပစ်၍ မရေမတွက်နိုင်သော အနက်ရောင် နွယ်ပင်များဖြင့် ရစ်ပတ်ကာ ပြင်းထန်စွာ အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်။ သူတော်စင်နယ်ပယ်အောက်ရှိ နတ်ဆိုးများမှာ သူ၏ တိုက်ကွက်များအောက်တွင် ထိခိုက်ဒဏ်ရာမရဘဲ ထွက်ပြေးနိုင်ရန် ရုန်းကန်နေကြသည်။
"သူ့ကို သတ်ကြစမ်း"
ယွမ်ရှောင်၏ တိုက်ခိုက်မှုမှ လွတ်မြောက်လာသော နတ်ဆိုးများအတွက် ဤအင်အားမှာ နှလုံးသားကို တူဖြင့်ထုလိုက်သကဲ့သို့ သတိဝင်လာစေသည်။ လနတ်သားနှင့် တစ်ဦးချင်း တိုက်ပွဲတွင် တစ်ဖက်လူသည် ဤစွမ်းရည်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပုံပေါ်သည်။ အစစ်အမှန်ပုံစံ ပြောင်းလဲထားသော နတ်ဆိုးများ၏ အားသာချက်မှာ အနီးကပ်တိုက်ပွဲ ဖြစ်သောကြောင့် သူ့ထံ ချီတက်လာ၍ စွမ်းရည်မျိုးစုံဖြင့် တိုက်ခိုက်လိုက်ကြသည်။ ပြင်းထန်ကြမ်းကြုတ်သော တန်ပြန်တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ယွမ်ရှောင်က တစ်ချက်ပင် မကြည့်ဘဲ လက်ဟန်တစ်ခု ဖန်တီးလိုက်သည်။
ဝှစ် ဝှစ် ဝှစ်
ရေမြူ ဒိုင်းကာ အလွှာ သုံးဆယ်က သူ့ကို လွှမ်းခြုံသွားပြီး ရေနဂါးပုံရိပ် ကိုးဆယ် ပတ်ပတ်လည်တွင် ဝဲပျံနေ၍ နတ်ဆိုးစွမ်းရည်များကို ကာကွယ်၍ နတ်ဆိုးများကို လွင့်စင်သွားစေခဲ့သည်။ တိုက်ပွဲ ရာပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသော်လည်း နတ်ဆိုး များအတွက် ယွမ်ရှောင်ကဲ့သို့ တာအိုပညာ နှင့် ဓားသိုင်း နှစ်မျိုး ထူးချွန်သည့် ပုံမှန်မဟုတ်သော ပါရမီရှင်မျိုးကို လုံးဝ မမြင်ဖူးခဲ့ပေ။ တစ်ဖက်လူက ကိုယ်တိုင် အစွမ်းထက်ရုံသာမက တတ်မြောက်ထားသော တာအိုဂါထားများ၏ အစွမ်းကိုပင် အဆင့်မြှင့်တင်နိုင်စွမ်း ရှိနေသည်။
"မီး၊ လေ၊ ရေ၊ မြေ၊ သတ္တု။ ဓာတ်ကျမ်းတော်၊ ပေါင်းစပ်တိုက်ကွက်"
ယွမ်ရှောင်က နတ်ဆိုးများကို တွန်းလှန်ပြီးနောက် ကောင်းကင်တာအိုဆေးလုံး နောက်တစ်ဆုပ် မျိုချကာ ကြုံးဝါးလိုက်သည်။ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရပြီး သူ၏ဝမ်းဗိုက်မှာ ဖားတစ်ကောင်ကဲ့သို့ ဖောင်းကားနေသည့်အပြင် ချောမောခန့်ညားသော မျက်နှာပင် ပွရောင်းရောင်း ဖြစ်လာသည်။ စွမ်းအင်ပမာဏက ကြောက်မက်ဖွယ်ကောင်းသော်လည်း ကံကောင်းစွာဖြင့် သူ၏ နဂါးကိုးကောင် ဒန်တန် နှင့် ကိုးလွှာကောင်းကင် ကြယ်စွမ်းအင်ကြောများက ခံနိုင်ရည် ရှိကြပေသည်။
"ပြေး"
နတ်ဆိုးများသည် အဖြူရောင်သေမင်း ပုံရိပ်အတွင်းမှ ဒြပ်စင် ငါးမျိုး ပေါင်းစပ်မှုကို မြင်တွေ့ရသောအခါ ပင်ကိုယ်သိစိတ့ကြောင့် ထိတ်လန့်တကြား ထွက်ပြေးကုန့သည်။
"ဓာတ်ကျမ်းတော်၊ ပေါင်းစပ်တိုက်ကွက် ဟုတ်လား။ ဒါက ဘယ်လို သောက်ကျိုးနည်းဂါထာကြီးလဲ"
ဓာတ်ကျမ်းတော်အကြောင်း သိထားပြီး ထိုသို့သော တိုက်ကွက်မျိုး မရှိကြောင်း နားလည်ထားသည့် အရိုးဖြူ ဝိညာဉ်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် မော့ကြည်လိုက်မိလေသည်။