← Chapters

အလိုဆန္ဒ

Vol. 015 Ch. 1479

အလိုဆန္ဒ

Vol. 015 Ch. 1479

ဤညသည် လူတိုင်းအတွက် မအိပ်မရသော ည ဖြစ်၏။ နောက်တစ်နေ့ နံနက်စောစောတွင် မရေတွက်နိုင်သည့် လူများသည် ဗြဟ္မာ့ကောင်းကင်မြို့၏ ရွှမ်ထျန်းစံအိမ်ရှေ့တွင် စုစည်းရောက်ရှိနေကြသည်။

သူတို့သည် ချင်းဟယ်၏ လက်ထပ်မှုနှင့် ပတ်သက်သည့်အတွက် ရွှမ်ထျန်းစံအိမ်တွင် ဖြစ်ပျက်သမျှတို့အား အာရုံစိုက်နေကြပေသည်။ ယင်းသည် ကောင်းကင်အာဏာစက်ဘုံ၏ အုပ်ချုပ်မှုပိုင်းကိုပါ သက်ရောက်မှုရှိလာစေနိုင်ပေသည်။

သို့သော် သူတို့ ကြားခဲ့သည်မှာ ချင်းဟယ်သည် မနေ့က ရွေးချယ်မှု မပြုလုပ်ခဲ့ဘဲ အင်အားများမှ တန်ခိုးရှင်များကို ရွှမ်ထျန်းစံအိမ်တွင် နေစေခဲ့သည်။ ရွှမ်ထျန်းစံအိမ်၏ တောင်ထွတ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း၌ ရီဖူရှင်းက ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များအားလုံးကို ထူးခြားသာလွန်လှသော စွမ်းအားဖြင့် တိုက်ခိုက်ကာ ရှုံးနိမ့်စေခဲ့ပြီး သူတို့အား ကြီးစွာသော အရှက်ရမှုကို ဖြစ်စေခဲ့သည်။

များပြားလှသော လူများသည် ဤတိုက်ပွဲက မည်သို့ဖြစ်နိုင်သနည်းဟု စိတ်ကူးဖြင့် မှန်းဆနေကြသည်။ ရီဖူရှင်းက မည်မျှ စွမ်းအားကြီးသနည်း။

လူအများသည် ချင်းဟယ်က ရီဖူရှင်းကို ရွေးချယ်ရန် ဖြစ်နိုင်ချေများသည်ဟု ခံစားမိကြသည်။ ချင်းဟယ်သည် အခြားသူများထက်ပို၍ ရီဖူရှင်းက ချင်းဟယ်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြပေသည်။

ယနေ့တွင် ရလဒ်ကို သိရပေလိမ့်မည်။

ရွှမ်ထျန်းစံအိမ်တွင် အင်အားစုအားလုံးတို့မှ လူများသည် တစ်နေရာသို့ ဦးတည်နေကြသည်။ သူတို့သည် ရွှမ်ထျန်းနတ်မိမယ်က အင်အားစုအားလုံးမှ လူတွေကို ဖိတ်ခေါ်ထားသည့် ရွှမ်ထျန်းခန်းမသို့ လာနေကြခြင်း ဖြစ်သည်။

ကျယ်ပြောလှသည့် နေရာအတွင်း ကောင်းကင်အာဏာစက်ဘုံ၏ အားလုံးသော အင်အားစုများ ရောက်ရှိနေကြပြီ ဖြစ်သည်။ လူတိုင်းသည် ရွှမ်ထျန်းခန်းမရှေ့တွင် ရွှမ်ထျန်းနတ်မိမယ်ဆီသို့ ကြည့်နေကြသည်။ သူမအပြင် ချင်းဟယ်လည်း ရှိနေခဲ့၏။

မနေ့က ချင်းဟယ်သည် တစ်နေ့လုံး စဉ်းစားနေခဲ့သည်ဖြစ်ရာ ယခု ရွှမ်ထျန်းနတ်မိမယ်သည်လည်း သူမ၏ အဖြေကို သိရှိပြီး ဖြစ်ပေလိမ့်မည်။

ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များလည်း ရောက်ရှိလာနေပြီး သူတို့က ဆန့်ကျင်ဘက်၌ ရပ်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် သူတို့က အချင်းချင်း ကြည့်နေကြခြင်း မရှိပေ။ ရီထျန်းယွိက ချင်းဟယ်ဆီသို့ ကြည့်သည်။ သူသည် မနေ့က ချင်းဟယ် တစ်ယောက်တည်း မည်သူမှမပါဘဲ ရီဖူရှင်းနှင့် သူ့လူများ ရှိနေရာသို့ သွားရောက်ခဲ့သည်အား သိရှိပေသည်။ ရီထျန်းယွိ တစ်ယောက်သာ သိရှိခြင်းမဟုတ်ပေ။ အခြားသော လူများလည်း ထိုအကြောင်းကို သိရှိကြပေသည်။

သို့သော် ဗြဟ္မာ့သန့်စင်ကောင်းကင် တစ်ခုလုံးက ချင်းဟယ် ထိုသို့ ဆုံးဖြတ်ချက်မျိုး ချသည်ကို အမှန်တကယ် ခွင့်ပြုလိမ့်မည်လား။

သူက ဟောက်ထျန်းမြို့၌ ချင်းဟယ်နှင့် စကားပြောဆိုခဲ့သည်။ သူက ရီဖူရှင်းနှင့် သူမတို့ မိတ်ဆွေ ဖြစ်သည်ကို စိတ်မရှိပေ။ ဗြဟ္မာ့သန့်စင်ကောင်းကင်က သူမကို ကောင်းကင်နတ်တံခါး အရေးကိစ္စများ၌ ပါဝင်ပတ်သက်ရန် ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ယခု ရီဖူရှင်းသည် ကောင်းကင်နတ်တံခါးမှ လူများ၏ ဘက်မှ ရပ်တည်နေပြီး ဤတစ်ကြိမ်၌ သူသည် ကောင်းကင်နတ်တံခါး ကိုယ်စားပြုပင် ဖြစ်လာခဲ့သေး၏။

ထို့နောက် ချင်းဟယ်က ရီဖူရှင်းကို လက်တွဲဖော် အဖြစ် ရွေးချယ်လိုက်လျှင် အရာအားလုံးက ကွဲပြားသွားလိမ့်မည် ဖြစ်ကာ ထိုသည်က သူမနှင့် ရီဖူရှင်းကြားမှ ကိစ္စသက်သက် ဟုတ်တော့မည် မဟုတ်ပေ။

ရီထျန်းယွိသည်လည်း ချင်းဟယ်နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်က မည်သည့် ရွေးချယ်မှုပြုလုပ်မည်ကို မြင်တွေ့လိုပေသည်။

လူတိုင်းက တိတ်ဆိတ်စွာ နေနေကြသည်။ ရွှမ်ထျန်းနတ်မိမယ်၏ အကြည့်များက ချင်းဟယ်ထံသို့ ကျရောက်လာသည်။ ချင်းဟယ်သည် လူအုပ်ကြီးကို ကြည့်လိုက်ပြီး ခြေလှမ်းကာ ထွက်လာသည်။ သူမက ခြေနှစ်လှမ်းမျှ ရှေ့သို့ လှမ်းလိုက်၍ ပြောသည်။ “မနေ့က ဝင်္ကပါကို ချိုးဖျက်နိုင်တဲ့ တန်ခိုးရှင်များ အားလုံးကြားမှာ ကျွန်မနဲ့ လက်ထပ်ချင်တဲ့သူ ဘယ်သူများ ရှိမလဲလို့ မေးပါရစေ”

ချင်းဟယ်၏ စကားလုံးများကို ကြားပြီးနောက် လူတိုင်းက အလေးအနက် ဖြစ်လာကြသည်။ ချင်းဟယ်က ရွေးချယ်ခံရန် ဆုံးဖြတ်သည်လား။

သေချာသလောက်ပင် သူမက ဝင်္ကပါကို စိန်ခေါ်သည့် သူများအကြားမှ ရွေးချယ်မည် ဖြစ်သည်။ ရွှမ်ထျန်းစံအိမ်သို့ ဝင်ရောက်နိုင်သည့် အင်အားစု သုံးခုမှာ ကောင်းကင်အာဏာစက် ပြည်ထောင်၊ ကောင်းကင်နတ်တံခါးနှင့် ကောင်းကင်နတ်ဆိုးနန်းတော်တို့သာ ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်၏ လူစုထဲမှ ပုဂ္ဂိုလ်တစ်ဦးက ရှေ့သို့ လျှောက်ထွက်လာခဲ့သည်။ သူတစ်ဦးသာလျှင် ရှေ့သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ကောင်းကင်အာဏာစက် ပြည်ထောင်တွင် ရီထျန်းယွိ တစ်ယောက်သာလျှင် ချင်းဟယ်နှင့် လက်ထပ်ရန် အရည်အချင်း ပြည့်မီပေသည်။

“ကျုပ်က နတ်မိမယ်ကို အမြဲ လေးစားခဲ့ပြီး တစ်သက်တာလုံး အတူတူ ကျင့်ကြံသွားဖို့ ဆန္ဒရှိတယ်။ ကျုပ်က ခင်ဗျားရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းမှာ အထီးကျန်မှုကို ခံစားမိစေမှာ မဟုတ်ပါဘူး” ရီထျန်းယွိက ပြောသည်။ သူက ကျင့်ကြံရန်အတွက် အမျိုးသမီးတစ်ယောက်ကို လက်ထပ်ယူရန် မလိုအပ်သော်လည်း ချင်းဟယ်ကဲ့သို့သော ထူးချွန်သည့် အမျိုးသမီးကို လက်တွဲဖော်အဖြစ် ရွေးချယ်ရန်မှာ သူ့အတွက် အရှုံးမရှိပေ။ ထို့အပြင် ဤကိစ္စက ကောင်းကင်အာဏာစက်ဘုံ တစ်ခုလုံးနှင့် ဆက်စပ်နေသေးပေသည်။

သူက မဟာလမ်းစဉ်ကို လိုက်စားလိုသော်လည်း ကောင်းကင်အာဏာစက် ပြည်ထောင်ကို ကောင်းကင်အာဏာစက်ဘုံ၌ ထိပ်တန်းဖြစ်လာစေရန်မှာ သူ၏ ထိပ်တန်းရည်ရွယ်ချက်ပင် ဖြစ်သည်။

ချင်းဟယ်က ပြုံးကာ ရီထျန်းယွိကို ဦးညွှတ်အရိုအသေပြုသည်။ လူအများသည် ချင်းဟယ်၏ အမူအရာကို သတိပြုမိကြသည်။ သူမသည် မနေ့ကနှင့်စာလျှင် အနည်းငယ် ပြောင်းလဲသွားပေသည်။

သို့သော် မည်သည့်အရာက ပြောင်းလဲသွားသည်လည်း မည်သူမှ ရှင်းလင်းစွာ မသိရှိပေ။

ရီထျန်းယွိက ရှေ့ထွက်လာပြီးနောက် လူတိုင်း၏ မျက်လုံးများက ကောင်းကင်နတ်တံခါးဂိုဏ်းမှ လူများဆီသို့ ကျရောက်သွားသည်။ အထူးသဖြင့် ရီဖူရှင်းပင် ဖြစ်၏။

ကောင်းကင်နတ်ဆိုးနန်းတော်က ရွှမ်ထျန်းစံအိမ်သို့ ဝင်ခွင့်ရခဲ့သော်လည်း သူတို့က ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသည့်ပုံပေါ်သည်။ သူတို့က အခြားအင်အားစု နှစ်ခုနှင့် မယှဉ်ပြိုင်နိုင်ဟု ထင်မှတ်ရပေသည်။

သူတို့ အားလုံးက ဤတစ်ကြိမ်၌ ချင်းဟယ် လက်တွဲဖော်ရွေးချယ်ရာ၌ ရီထျန်းယွိမဟုတ်လျှင် ရီဖူရှင်း ဖြစ်မည်မှာ သေချာသလောက်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ သိရှိကြပေသည်။

သို့သော် ထိုအချိန်တွင် ရီဖူရှင်းက ကောင်းကင်နတ်တံခါး လူအုပ်အလယ်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မည့်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။သူနှင့် မဆိုင်သည့် ကိစ္စအလားပင် ဖြစ်သည်။

ရီဖူရှင်းက လူများ၏ အကြည့်တို့ကို သတိပြုမိသော်လည်း သူက တိတ်ဆိတ်စွာ နေနေပြီး လှုပ်ရှားခြင်း မရှိပေ။

များပြားလှသည့် လူများက သူ့အား ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်နေကြသည်။ မည်သည်တို့ ဖြစ်နေသနည်း။

ရီဖူရှင်းက ရီထျန်းယွိနှင့် မယှဉ်ပြိုင်လိုသည်လား။

ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များပင်လျှင် ရီဖူရှင်းကို သံသယအပြည့်ဖြင့် ကြည့်နေကြသည်။ လူအများသည် ရီဖူရှင်း နှင့် ချင်းဟယ်တွင် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ဟု သိထားကြပြီး သူတို့က နန်းတော်တစ်ခုတည်း၌ပင် အတူတူ နေခဲ့ကြသေးသည်။ ရီထျန်းယွိက ချင်းဟယ်ထံ သွားလည်သည့်အခါတွင် ချင်းဟယ်က သူ့အား တံခါးဝမှာပင် လက်ခံတွေ့ဆုံခဲ့သည်။ ဤလူနှစ်ယောက်ပေါ်တွင် ထားရှိသော သူမ၏ သဘောထားက သိသာလှပေသည်။

ရီဖူရှင်းသာ ရီထျန်းယွိနှင့် ယှဉ်ပြိုင်လျှင် သူ၏ အနိုင်ရနိုင်ချေက ပို၍ မြင့်မားပေသည်။

အနည်းဆုံးတော့ ဗြဟ္မာ့သန့်စင်ကောင်းကင်က ဝင်မစွက်ဖက်သည့်အတွက် ချင်းဟယ်က သူ့ကို ရွေးချယ်ရန် ဖြစ်နိုင်ချေပိုများလိမ့်မည် ဖြစ်သည်။

ဤတစ်ခေါက်တွင် လူတိုင်းက ရီဖူရှင်းသည် ကောင်းကင်နတ်တံခါး ကိုယ်စား ရီထျန်းယွိနှင့် ယှဉ်ပြိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။

ရွှမ်ထျန်းနတ်မိမယ်ပင်လျှင် ရီဖူရှင်းကို လှမ်းကြည့်သည်။ သူမ၏ မျက်လုံးများက အလွန် နက်ရှိုင်းကာ သူမက မည်သည်တို့ တွေးနေသည်အား မည်သူမှ မြင်နိုင်မည် မဟုတ်ပေ။ သို့သော် သိသာစွာပင် သူမက အနည်းငယ် အံ့အားသင့်နေပုံရသည်။

“ကောင်းကင်နတ်တံခါးကရော ဘယ်လိုလဲ” ရွှမ်ထျန်းနတ်မိမယ်ကပင် မေးသည်။

ဟွားချင်းယွင်က ရီဖူရှင်းကို ထူးဆန်းသည့် အကြည့်နှင့် ကြည့်သည်။ သူသည် မနေ့က ချင်းဟယ်နှင့် စကားပြောနေသည်အား အနည်းငယ် ကြားလိုက်ရသည်။ ဤအကောင်က တကယ်ပဲ လက်လျှော့သည်လား။

သို့ဆိုလျှင် ချင်းဟယ်က မည်သို့လုပ်ရန် ရွေးချယ်လိမ့်မည်နည်း။

ရီဖူရှင်းက ချင်းဟယ်ကို ကြည့်သည်။ ချင်းဟယ်သည်လည်း သူ့ကို ကြည့်နေခဲ့သည်။ သူတို့က မည်သည့်စကားမှမပြောဘဲနှင့် အချင်းချင်း နားလည်မှုရှိစွာ ပြုံးလိုက်ကြသည်။

ချင်းဟယ်က သူမကို ရီဖူရှင်းက နားလည်သည်အား သိရှိပေသည်။

မိတ်ဆွေက အလွယ်တကူ ဖြစ်နိုင်သော်လည်း သူမကို အမှန်တကယ် နားလည်သည့် သူအား ရှာတွေ့ရန် ခက်ခဲပေသည်။ သို့သော် ယခုတွင် သူမအား နားလည်သည့်သူ တစ်ယောက် ရှိနေခြင်းကို ခံစားမိပြီး ပျော်ရွှင်သည့် ခံစားချက်ကို ခံစားမိပေသည်။

“ဒါဆို ကောင်းကင်အာဏာစက် ပြည်ထောင်ရဲ့ အိမ်ရှေ့စံ တစ်ယောက်တည်းရှိတာလား” ရွှမ်ထျန်းနတ်မိမယ်က မေးသည်။ ချင်းဝယ်က သူမ၏ လက်တွဲဖော် ရွေးချယ်ခြင်းသည် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး အင်အားစု အားလုံးက သူမအတွက် ရောက်လာခဲ့ကြပေသည်။ သို့သော် အဆုံးမှာတော့ ကောင်းကင်အာဏာစက် ပြည်ထောင် မင်းသားတစ်ယောက်သာ ရှေ့ထွက်လာခဲ့သည်လား။

အခြားသူများက ကြိုးစားကြည့်ရန်ပင် ကြောက်ရွံ့နေကြသည်လား။

ဤအခြေအနေမျိုးကို မည်သူမှ မျှော်လင့်မထားမိပေ။

ကောင်းကင်နတ်တံခါးဘက်တွင် အချို့က ရှေ့ထွက်လာကာ ရီဖူရှင်းအား တစ်ခုခု ပြောလိုသော်လည်း ဟွားချင်းယွင်က သူတို့အား လက်ဝှေ့ယမ်းပြလိုက်ကာ ရပ်တန့်စေသည်။ “ဒီတိုင်း ထားလိုက်ပါ”

ကျန်းထိုက်ချူးက ရီဖူရှင်းနှင့် ဟွားချင်းယွင်၏ အမူအရာကို မြင်သည့်အခါ မည်သည့် စကားမှ မဆိုတော့ဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ထို့ကြောင့် ရီထျန်းယွိသာလျှင် ရှေ့ထွက်လာသူ ဖြစ်လေသည်။

“ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံ တစ်ယောက်တည်း ရှေ့ထွက်လာတယ်ဆိုတော့ ရွေးစရာ မလိုတော့ဘူးပေါ့” ရွှမ်ထျန်းနတ်မိမယ်က ပြောသည်။ သူမ၏ အကြည့်များက ကောင်းကင်နတ်တံခါးဘက်သို့ ကျရောက်လာသည်။

ကောင်းကင်နတ်တံခါး၏ ရီဖူရှင်းက တကယ်ပင် မယှဉ်ပြိုင်လိုသည်လား။

သူတို့က ဗြဟ္မာ့သန့်စင်ကောင်းကင်က ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ပူးပေါင်းသွားလည်း ဂရုမစိုက်သည်လား။

သူမက ထိုသို့ ပြောပြီးနောက် နေရာတစ်ခုလုံးက  တိတ်ဆိတ်သွားခဲ့သည်။ ကောင်းကင်နတ်တံခါးကလည်း ဆက်လက်တိတ်ဆိတ်နေခဲ့သည်။

“ချင်းဟယ်” ရွှမ်ထျန်းနတ်မိမယ်က ချင်းဟယ်ကို ကြည့်ကာ ပြောသည်။

ထိုအခိုက်တွင် လေထုအခြေအနေက အနည်းငယ် မွန်းကျပ်ဖွယ် ဖြစ်လာခဲ့သည်။ ခရမ်းရင့်ကောင်းကင်နန်းတော်မှ လူများသည်လည်း လှမ်းကြည့်လိုက်ပေမယ့် သူတို့က စိတ်ထဲမှ ကြိတ်ပြုံးနေကြသည်။ ကောင်းကင်နတ်တံခါးက မိမိဘာသာ လက်လျှော့မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။ သူတို့က ရီဖူရှင်း မည်သည့်အတွက် ထိုသို့ လုပ်သည်ကို နားလည်နိုင်ခြင်း မရှိကြချေ။

သူက ချင်းဟယ်အား ရီထျန်းယွိထံ အဘယ်ကြောင့် လက်လွှတ်ပေးလိုက်ရသနည်း။

နတ်ဆိုးကလန်မှ တန်ခိုးရှင်များကလည်း ဤမြင်ကွင်းအား တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ လူသားတန်ခိုးရှင်လောကသည် ပို၍ ကြီးထွားသန်မာလာလျှင်ပင်  နတ်ဆိုးကလန်များအား သက်ရောက်စေလိမ့်မည် မဟုတ်ပေ။ အချို့ သာမန်ထက် ထူးခြားသာလွန်သော ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာခြင်းမှ မဟုတ်လျှင် ကောင်းကင်နတ်တံခါး ပျက်စီးခြင်း မပျက်စီးခြင်းက သူတို့နှင့် မသက်ဆိုင်ပေ။

အချို့သော နတ်ဆိုးကလန်များသည် ယခုအဖြစ်အပျက်ကြောင့် ကျိတ်၍ပင် ဝမ်းသာနေကြသည်။

ထို့ကြောင့် သူတို့သည် ဤရလဒ်ကို ဂရုစိုက်ခြင်း မရှိပေ။ ကောင်းကင်နတ်တံခါးဂိုဏ်းကပင် ဂရုမစိုက်သည့် ကိစ္စအား သူတို့က မည်သည့်အတွက် ဂရုစိုက်သင့်သနည်း။

ရီဖူရှင်းသည် တုံ့ပြန်မှု မရှိဘဲ ဖြစ်နေဆဲပင် ဖြစ်သည်။ သူနှင့် ကောင်းကင်နတ်တံခါးက ပွဲကြည့်ရန် ရောက်လာခြင်း ဖြစ်သကဲ့သို့ပင် ဖြစ်၏။

ထိုအချိန်တွင် ချင်းဟယ်က ရီထျန်းယွိကို ကြည့်ကာ ပြုံး၍ ပြောသည်။ “အရှင်မင်းသားရဲ့ လေးစားမှုကြောင့် ဝမ်းမြောက်မိပါတယ်။ ကျွန်မလည်း အရှင်မင်းသားရဲ့ အကြောင်းကို ကြားဖူးခဲ့တာ ကြာပါပြီ။ အရင်က ခရမ်းရင့်ကောင်းကင်နန်းတော်နဲ့ ကောင်းကင်နတ်တံခါးတုန်းက တိုက်ပွဲတွေမှာ ပြောင်မြောက်လှတဲ့ အရည်အချင်းကို ပြသခဲ့တယ်။ ဒီနေ့ အခွင့်အရေးရတုန်းလေး ကျွန်မက အရှင်မင်းသားနဲ့ ကိုယ်တိုင် သိုင်းပညာ ဖလှယ်ကြည့်ချင်ပါတယ်။ အရှင်မင်းသားက ကျွန်မရဲ့ ဆန္ဒလေးကို ဖြည့်ဆည်းပေးနိုင်မလား သိချင်မိပါရဲ့”

ထိုသည်က ချင်းဟယ်၏ ရီထျန်းယွိအပေါ် နောက်ဆုံးစမ်းသပ်ခြင်းပေလား။

ရီထျန်းယွိက ရှုံးနိမ့်သွားခဲ့လျှင် သူက ချင်းဟယ်နှင့် လက်ထပ်ရန် အရည်အချင်း မမီသည်မျိုး ဖြစ်သွားနိုင်ပေသည်။

သို့ပေမဲ့ ချင်းဟယ်တွင် အားကောင်းသည့် တိုက်ပွဲစွမ်းရည် ရှိသော်လည်း ရီထျန်းယွိအား ရှုံးနိမ့်စေနိုင်လောက်သည်အထိ အစွမ်းမထက်နိုင်ပေ။

“နတ်မိမယ်က စိတ်ဝင်စားတယ်ဆိုမှတော့ ကျုပ်ကလည်း နတ်မိမယ် စိတ်ကျေနပ်တဲ့အထိ အတူ လေ့ကျင့်ပေးဖို့ ဆန္ဒရှိပါတယ်” ရီထျန်းယွိက ပြုံးကာ ပြောသည်။

ချင်းဟယ်က ရှေ့သို့ တက်လာကာ ရွှမ်ထျန်းခန်းမ လှေကားအောက်ခြေသို့ ဆင်းလာပြီးနောက် အောက်ဘက် မြေပြင်သို့ ခုန်ဆင်းလာသည်။ ရီထျန်းယွိ၏ ခန္ဓာကိုယ်ကလည်း ဖျတ်ခနဲ လှုပ်ရှားလာပြီး သူသည်လည်း ထိုနေရာသို့ ဆင်းသက်လာပေသည်။

လူတိုင်းက အရှေ့သို့ တိုးကာ သူတို့အား ငုံ့ကြည့်လိုက်ကြသည်။ ချင်းဟယ်နှင့် ရီထျန်းယွိသည် ထူးခြားသာလွန်လှသည့် ရောင်ဝါကျက်သရေတို့နှင့် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ကောင်းကင်အာဏာစက်ပြည်ထောင် အိမ်ရှေ့စံ ရီထျန်းယွိသည် ယနေ့ခေတ် ကောင်းကင်အာဏာစက်ဘုံတွင် အတောက်ပဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ချင်းဟယ်သည်လည်း ဗြဟ္မာ့သန့်စင်ကောင်းကင်၏ နံပါတ်တစ်နတ်မိမယ်ဖြစ်သည်။

“ကျေးဇူးပြုပြီး သင်ပြပေးပါဦး အရှင်မင်းသား” ချင်းဟယ်က လုပ်ရိုးလုပ်စဉ်အတိုင်း အရိုအသေပြုကာ ပြောသည်။

“နတ်မိမယ် အရင်စပါ” ရီထျန်းယွိက ပြောသည်။ သူက ချင်းဟယ်ကို အရင်ဆုံး စတင်တိုက်ခိုက်ရန် ခွင့်ပြုခဲ့သည်။

ချင်းဟယ်က ငြင်းပယ်ခြင်းမရှိပေ။ သူမသည်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် ကောင်းကင်မှ တိမ်တိုက်များနှင့် လေထုက အရောင်ပြောင်းသွားခဲ့ကာ မဟာလမ်းစဉ် စွမ်းအားများ စုစည်းလာသည်။ ချင်းဟယ်အနောက်တွင် သန့်စင်မြင့်မြတ်သော နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာသည်။ ဤနတ်ဘုရားမပုံရိပ်သည် ယခင် ရွှမ်ထျန်းဝင်္ကပါ၌ ပေါ်ပေါက်လာဖူးကာ ယင်းသည် ခေါင်းသုံးလုံး လက်ခြောက်ဖက် ပါဝင်၍ ပေတစ်ရာခန့် မြင့်မားလေသည်။ မရေတွက်နိုင်သည့် နတ်အလင်းများက ချင်းဟယ်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူမအား နတ်ဘုရားမတစ်ပါးအသွင် ဖြစ်လာစေသည်။

လူအများသည် တအံ့တသြ ဖြစ်သွားကြသည်။ ချင်းဟယ်က အစမှာကတည်းက ထိုမျှ အစွမ်းထက်သည့် အင်အားမျိုးကို ထုတ်သုံးနေသည်။ သူမ၏ ရည်ရွယ်ချက်က မည်သည့်နည်း။

ချင်းဟယ်က လက်ဝါးကို ဆန့်ထုတ်လိုက်လျှင် နတ်ဘုရားမကလည်း ထပ်တူလိုက်လုပ်ပေသည်။ မဟာဗြဟ္မာ့ကောင်းကင်ဘုံ အသံက ကောင်းကင်နှင့် မြေကြီးအကြားမှ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်သန်း လွှမ်းခြုံသွားသည်။ မဟာလမ်းစဉ်က ပေါက်ကွဲထွက်လာပြီး ကောင်းကင်ရှိ တိမ်တိုက်နှင့် လေထုက အော်မြည်နေသည်။ များပြားလှသည့် နတ်ဓားများ ထွက်ပေါ်လာကာ နတ်ဘုရားမ၏ လက်ချောင်းက အောက်သို့ ညွှန်ပြလာ၍ မရေတွက်နိုင်သည့် ဓားများက လေထုကို ထိုးခွဲကာ ရီထျန်းယွိထံသို့ တိုးဝင်လာသည်။

“သူမက အဲဒါ ဘာအဓိပ္ပာယ်လဲ” ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် ရှန့်ရှောင်းနတ်ဘုရားနန်းတော်မှ လူများက မျက်မှောင်ကြုတ်လိုက်ကြသည်။ ချင်းဟယ် တိုက်ခိုက်နေသည့် ပုံစံက လေ့ကျင့်နေခြင်းနှင့် မတူပေ။

လူအများ၏ စိတ်ထဲတွင် အတွေးများ ပေါ်ပေါက်လာသည်။ ချင်းဟယ်က ရီထျန်းယွိအား လက်မထပ်ချင်သည်များလား။

သူမက ရီထျန်းယွိအား ရှုံးနိမ့်သွားစေလိုသည်မှာ ဖြစ်နိုင်ပေသည်။

ရီထျန်းယွိက ထိုနေရာတွင် ရပ်နေပြီး ချင်းဟယ်၏ တိုက်ခိုက်မှုကို မြင်သည့်အခါ သူက တစ်စုံတစ်ခုအား နားလည်သွားသည်။ သူ၏ မျက်လုံးထဲ၌ များများစားစား ပြောင်းလဲသွားခြင်း မရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှ ရက်စက် ပြင်းထန်သည့် တိုက်ပွဲ ဝိညာဉ် ထွက်ပေါ်လာသည်။ တောက်ပနေသည့် ပန်းချီကားက သူ့နောက်တွင် ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာတစ်ခုလုံးကို နတ်အလင်းတို့ဖြင့် လွှမ်းခြုံသွားစေခဲ့သည်။

သူတို့နှစ်ယောက်က ရုတ်တရက် အလွန် အစွမ်းထက်သော စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။  သူတို့က လက်ထပ်တော့မည့် စုံတွဲနှင့် လားလားမျှ မတူပေ။

ရီထျန်းယွိက လက်ဝါးရိုက်ချက်ကို ဖော်ထုတ်လိုက်ပြီး သူသည် အထက် ကောင်းကင်မှ နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရသည်။ ကြောက်မက်ဖွယ် နတ်ဘုရားကဲ့သို့ ပုံရိပ်သည် ရီထျန်းယွိ၏ အနောက်တွင် ပေါ်ပေါက်လာကာ လက်များကို မြှောက်သည်။ မရေတွက်နိုင်သည့် လက်ဝါးရိပ်များက ကောင်းကင်ဆီသို့ ထိုးတက်သွားကာ ဝိညာဉ်သန့်စင်ခြင်း နတ်ဓားများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ခဏလေးအတွင်းတွင် ကောင်းကင်သည် ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများဖြင့် လွှမ်းခြုံသွားခြင်းကို ခံရပေသည်။

“ဘာတွေ ဖြစ်နေတာလဲ” ရွှမ်ထျန်းစံအိမ်၏ အပြင်ဘက်အောက်ဘက်ရှိ မရေတွက်နိုင်သည့် လူများက ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး မေးသည်။ သူတို့က ကြောက်မက်ဖွယ် မဟာလမ်းစဉ်၏ ပြင်းထန်သော စွမ်းအားများက အပြင်းအထန် လွှမ်းမိုးလာသည်ဟု ထင်မှတ်ရကာ ရက်စက်ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် သူတို့သည် အထက်ကောင်းကင်တွင်  နတ်ဘုရားမနှင့် နတ်တစ်ပါးတို့၏ ပြိုင်ဘက်ကင်း ပုံရိပ်ကို တွေ့ကြရပေသည်။

တိုက်ခိုက်နေသည့် သူများက မည်သူတို့ ဖြစ်မည်နည်း။

***

All Chapters