သူမက သူ့ကို အခွင့်ကောင်းယူခဲ့သူပင်
Vol. 2 Ch. 16
ပေနန်ရှုသည် တစ်ခုခုပြောချင်နေပုံပင်။ သို့သော် သူ့အစ်ကို၏ စိတ်မရှည်သည့်ပုံစံကို မြင်သောအခါ သူက အချိန်မီ တားဆီးလိုက်သည်။
“မစ္စလင်း ကျေးဇူးတင်စရာမလိုပါဘူး။ ပြောပလောက်တဲ့အရာ မဟုတ်ပါဘူး။ ကျွန်တော့်မှာ လုပ်စရာရှိလို့ သွားတော့မယ်”
ထို့ကြောင့် သူသည် အနှောင့်အယှက်မဖြစ်စေရန် အကြောင်းပြချက်ပေးကာ ထွက်သွားလိုက်သည်။
ပေနန်ရှု၏ အတွင်းစိတ်၌ အံ့သဩတုန်လှုပ်သွားသည်။ လင်းယန်အနားတွင် ရှိနေသောအခါ သူ့အစ်ကိုက အထူးသဖြင့် ပို၍စိတ်နေရှည်သည်ကို သူသဘောပေါက်သွားသည်။ သူ့မျက်နှာတွင် ရှားပါးသော အပြုံးကိုပင် သူမြင်ခဲ့ရသည်...
ပေနန်ရှု ထွက်သွားပြီးနောက် လင်းယန်သည် ပေယွီချန်ကို တစ်ချက်ကြည့်ကာ အလျင်အမြန် စကားစပြောလိုက်သည်။
“မစ္စတာပေ ကျွန်မ တကယ်ကို စိတ်မကောင်းပါဘူး။ မနေ့ညက ရှင် ကျွန်မကို ကူညီခဲ့ပေမယ့် ကျွန်မက ရှင့်ကို မရိုမသေ လုပ်ခဲ့မိတယ်။ အရက်မူးနေလို့ ကျွန်မစိတ်တွေ မှားယွင်းသွားပြီး ရှင့်ကို စော်ကားမိသွားတာပါ။ နောက် ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး။ ဒီတစ်ခါတော့ ကျွန်မကို ခွင့်လွှတ်ပေးပါ...”
လင်းယန်၏ စကားဆုံးသွားသောအခါ သူမ အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူမသည် ပေယွီချန် မည်သို့တုံ့ပြန်မည်ကို မသိသောကြောင့်ပင်။
ပေယွီချန်သည် အဆင့်အတန်း၊ အာဏာနှင့် ဥစ္စာဓနရှိသော လူတစ်ဦးဖြစ်သည်။ သူသာ သူမကို တကယ်ဒုက္ခပေးလိုလျှင် သူမ ဘာမှမတတ်နိုင်ပေ။
အမှန်စင်စစ်ပင် မိန်းကလေးတစ်ယောက်အနေနဲ့ ပုံမှန်အခြေအနေတွေမှာ သူမဟာ အမြတ်ထုတ်ခံရမှာ သေချာပါတယ်။ ဒါပေမဲ့ တစ်ဖက်လူက ပေယွီချန် ဖြစ်နေခဲ့တာ...
သူမ ဘယ်လိုပဲ ရှင်းပြရှင်းပြ သူ့ကို အခွင့်ကောင်းယူခဲ့သူက သူမပင်။
ပေယွီချန်သည် သူမ၏ တောင်းပန်စကားကို ကြားသောအခါ သူ့အကြည့်က စဉ်းစားနေဟန်ဖြင့်။
“ငါလည်း အဲဒီလို မျှော်လင့်ပါတယ်” ဟု သူက တိုးတိုးလေး ပြန်ဖြေသည်။
သူဘက်မှ ထိုကိစ္စကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ လင်းယန်က သက်ပြင်းချလိုက်သည်။
“စိတ်မပူပါနဲ့။ ကျွန်မ နောက်ထပ် ရှင့်ရှေ့ကို ဘယ်တော့မှ ပြန်ပေါ်လာမှာ မဟုတ်ပါဘူး”
သူမ၏စကားကို ကြားသောအခါ ပေယွီချန်က သူမျက်လုံးများကို အန္တရာယ်ရှိစွာ မှေးလိုက်သည်။ သို့သော် ထိုတုံ့ပြန်မှုက ခဏတာပင်။
ပေယွီချန်၏ မျက်လုံးများမှာ သန်မာသောပုံစံရှိသည့် မိန်းကလေးကို စူးစမ်းကြည့်နေသည်။
“မစ္စလင်းက ကျွန်တော့်ကို အာမခံထားတဲ့အတွက် ကျွန်တော် စိတ်အေးရပါပြီ။ ကျွန်တော့်ယာဉ်မောင်းနဲ့ ခင်ဗျားကို ပြန်ပို့ခိုင်းလိုက်မယ်။”
လင်းယန်၏ ပထမဆုံးအလိုဆန္ဒမှာ သူ့ကမ်းလှမ်းမှုကို ငြင်းပယ်ရန်ဖြစ်သည်။ သို့သော် ခဏအကြာတွင် သူမစိတ်ပြောင်းသွားသည်။ ပြန်စဉ်းစားကြည့်လျှင် အနီးအနားတွင် အများပြည်သူသယ်ယူပို့ဆောင်ရေး မရှိနိုင်ပေ။ တက္ကစီငှားရန် ဈေးကြီးလွန်းပြီး သူမတွင် ပိုက်ဆံလည်း မရှိပေ။ သူမတတ်နိုင်သလောက် ငွေချွေတာရမည်ပင်။
“ဒါဆို... ကျေးဇူးတင်ပါတယ်”
သူမ ယခင်က ပေယွီချန်အကြောင်းကို မှားယွင်းစွာ ထင်မြင်ခဲ့ပုံပင်။ သူ ထိုမျှလောက် သဘောကောင်းလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဪ ဟုတ်သားပဲ။ သူက အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ နာမကျန်းဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာမဟုတ်ဘူးလား။ သူ့ကိုကြည့်ရတာ ဘာမှမဖြစ်သလိုပဲ…
သေချာတာက ကောလာဟလတွေကို ဘယ်တော့မှ မယုံသင့်ဘူး…
လင်းယန် ထွက်သွားပြီးနောက် ပေနန်ရှုသည် တံခါးကို တွန်းဖွင့်ကာ အခန်းထဲသို့ ပြန်ဝင်လာသည်။
“အစ်ကိုကြီး တကယ်ပဲ နေကောင်းရဲ့လား”
သူသည် ပေယွီချန် နောက်ထပ်အချိန်အတော်ကြာ မေ့မြောနေလိမ့်မည်ဟု ထင်နေခဲ့ခြင်းပင်။ အိမ်သို့ ပြန်ရောက်ပြီးနောက် နိုးလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ပေယွီချန်၏ မျက်လုံးများမှာ ပြတင်းပေါက်များဆီသို့ တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်သည် အောက်ထပ်ရှိ မိန်းကလေးဆီသို့ ရောက်သွားသည်။
“ငါက နေမကောင်းတဲ့ပုံ ပေါက်နေလို့လား”
ပေနန်ရှုက ခေါင်းခါလိုက်သည်။
သူသည် နေကောင်းရုံသာမက စိတ်ဓာတ်နှင့် စိတ်အခြေအနေလည်း အတော်လေးကောင်းနေပုံရသည်။
သူ့အစ်ကို ဒီလောက်ကောင်းတဲ့ပုံစံကို မမြင်ခဲ့တာ အတော်ကြာခဲ့ပြီ…
“အစ်ကိုကြီး အဲဒီမိန်းကလေးက ဘယ်သူလဲ”
ပေနန်ရှုသည် သူ့ကို စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။
လင်းယန်၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူမသည် သူ့အစ်ကိုကို သိပုံမရပေ။
သို့သော် သူ့အစ်ကို၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့်... သူသည် သူမကို အချိန်အတော်ကြာ သိကျွမ်းခဲ့ပုံပင်...
ပေယွီချန်က သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
“မင်းရဲ့ မရီးဖြစ်လာမဲ့သူ”
ပေနန်ရှု အံ့အားသင့်သွားသည်။
ဘာ…
သူ့အစ်ကိုက ပြောနေတာက... ဒီမိန်းမက သူ့ရဲ့ အနာဂတ် မရီးဖြစ်လာမယ်တဲ့လား…
ပေနန်ရှုသည် သူ့အစ်ကိုက ရုတ်တရက် မိန်းကလေးတစ်ယောက်ကို ချစ်သွားနိုင်သည်ကို အတော်အံ့သြသွားသည်။