သူမကို လေးလေးစားစား ဆက်ဆံပါ
Vol. 2 Ch. 21
“ဥက္ကဠပေက ဒီသရုပ်ဆောင်ရွေးချယ်ပွဲကို လာတဲ့ သရုပ်ဆောင်တစ်ယောက်ကို စိတ်ဝင်စားသွားပြီလို့ မင်းဆိုလိုတာလား။ သူ ဒီကို လာတာက သူမ ဒီမှာ ရှိမယ်ဆိုတာ သိလို့လား”
ကျန်းရိမင်ပင် အံ့အားသင့်သွားသည်။
“ဒါမှမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။ တခြားအကြောင်းပြချက် ရှိနိုင်တယ်လို့ မင်းထင်လား” ဖုန်းအန်ဟွာက ရယ်မောလိုက်သည်။
“ဒါက...”
ကျန်းရိမင် အနေရခက်သွားသည်။
သူသိထားသလောက်ဆိုရင် အဲဒီနေ့က အဆက်အသွယ်သုံးပြီး သရုပ်ဆောင်ရွေးချယ်ပွဲကို လာတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ရှိတယ်။
သူမနာမည်က ဟဲရွှေရွှေတဲ့။
ကျန်းရိမင်သည် သူမတွင် ဘယ်လိုအဆက်အသွယ်မျိုး ရှိသည်ကို သေချာမသိပေ။ ထိပ်တန်းအရာရှိတစ်ဦးက သူတို့ထံ ဖုန်းခေါ်ကာ ဟဲရွှေရွှေကို ထိုနေ့တွင် သရုပ်ဆောင်ရွေးချယ်ပွဲ လာရောက်ရန် စီစဉ်ပေးခဲ့သည်ကိုသာ သူသိသည်။ သူသည် သူတို့အား သူမကို ဂရုစိုက်ရန်နှင့် ကောင်းကောင်းမွန်မွန် ဆက်ဆံရန် တောင်းပန်ခဲ့သည်။
“ဟဲရွှေရွှေ ဖြစ်နိုင်မလား”
ကျန်းရိမင်က စဉ်းစားဟန်ဖြင့် တွေးတောနေသည်။
ဖုန်းအန်ဟွာက အားပျော့စွာ ပြုံးလိုက်သည်။
“ကျွန်တော် အဲဒီသရုပ်ဆောင်ရဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်ခဲ့တယ်။ သူမက မြို့တော်ပြဇာတ်နဲ့ ရုပ်ရှင်ရုံကျောင်းမှာ ကျောင်းသူတစ်ယောက်ပဲ ရှိသေးပြီး အရင်က လုပ်ခဲ့တဲ့ အတွေ့အကြုံလည်း မရှိဘူး။ ဥက္ကဠပေရဲ့ အဆက်အသွယ်မပါဘဲ သူမ ဘယ်လို သရုပ်ဆောင်ရွေးချယ်ပွဲကို အရည်အချင်းပြည့်မီနိုင်မှာလဲ။ ကျွန်တော်ထင်တာက... ဥက္ကဠပေနဲ့ သူမရဲ့ ဆက်ဆံရေးက ပုံမှန်မဟုတ်ဘူး။ ဥက္ကဠပေကိုယ်တိုင်တောင် ဒီနေ့ လာခဲ့တာကိုကြည့်လေ။”
“မဖြစ်နိုင်ဘူး။ ဒီနှစ်တွေအတွင်း ဥက္ကဠပေကို ဘယ်သူမှ မိန်းမတစ်ယောက်နဲ့ တွဲပြီး မမြင်ဖူးဘူး။ ဒါ့အပြင် ဥက္ကဠပေက ထင်ပေါ်ကျော်ကြားတဲ့ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်လေ။ သာမန် မင်းသမီးတစ်ယောက်အတွက် သူ ဘယ်လိုလုပ် ဒီလောက်အထိ အားထုတ်နိုင်မှာလဲ...” ကျန်းရိမင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြန်ပြောသည်။
“အိုကျန်း ဥက္ကဠပေကလည်း လူသားတစ်ယောက်ပဲလေ”
ဖုန်းအန်ဟွာက တခွိခွိရယ်လိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ”
ကျန်းရိမင်လည်း စိတ်ရှုပ်ထွေးနေသည်။
“ငါတို့ ဘာလုပ်လို့ရဦးမှာလဲ။ ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပြီး ဟဲရွှေရွှေကို ဇာတ်ရုပ်အတွက် ရွေးလိုက်ရုံပဲ။ မင်းရဲ့ မူတွေ ဘယ်လိုပဲရှိပါစေ၊ ဥက္ကဠပေကို လေးစားတာထက် ပိုအရေးကြီးတာတော့ မဟုတ်ဘူးမလား။ မှတ်ထား ဥက္ကဠပေကြောင့် ဟဲရွှေရွှေကို အလေးအမြတ်ထားပြီး ဆက်ဆံရမယ်” ဟု ဖုန်းအန်ဟွာက ပြန်ဖြေသည်။
...
ခဏအကြာတွင် ရိုက်ကူးရေးအဖွဲ့သည် သရုပ်ဆောင်ရွေးချယ်ပွဲ စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မင်းသမီးများသည် အခန်းအပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် သရုပ်ဆောင်ရွေးချယ်ပွဲကို စောင့်ဆိုင်းနေကြသည်။
မကြာမီတွင် မင်းသမီးများသည် သူတို့၏ နံပါတ်များကို ခေါ်သောအခါ တစ်ဦးပြီးတစ်ဦး အခန်းထဲသို့ ဝင်ရောက်လာကြသည်။
လင်းယန်တွင် အချိန်ကြာကြာနေရန် အစီအစဉ်မရှိပေ။ ထို့ကြောင့် သူမသည် လှည့်ပြန်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် ဝန်ထမ်းတစ်ဦးသည် အခန်းထဲမှ အလျင်အမြန် ပြေးထွက်လာသည်။
“နံပါတ် ၃၃။ နံပါတ် ၃၃ ဘယ်မှာလဲ”
ထိုဝန်ထမ်းသည် လင်းယန်၏ ရင်ဘတ်ပေါ်ရှိ နံပါတ်ကို မြင်လိုက်ပြီး သူမဆီသို့ အလျင်အမြန် ပြေးလာကာ “မင်း ဘာဖြစ်နေတာလဲ။ ငါ မင်းကို ခေါ်တုန်းက ဘာလို့ ပြန်မထူးတာလဲ။ မင်း မဝင်တော့ဘူးလား” ဟု မေးလိုက်သည်။
လင်းယန်က ထိုဝန်ထမ်းလူမှားနေသည်ကို သဘောပေါက်သွားသည်။
“ကျွန်မ... ကျွန်မ မဟုတ်ပါဘူး...”
သူမ၏ ရင်ဘတ်ပေါ်ရှိ နံပါတ်သည် ညံ့ဖျင်းသော ဇာတ်လမ်းဖြင့် အခြားသရုပ်ဆောင်ရွေးချယ်ပွဲမှ ကျန်ခဲ့ခြင်းဖြစ်သည်။
“မြန်မြန်လုပ်။ ဒီနေ့ တစ်ခုခု လွဲချော်သွားရင် ငါ အလုပ်ပြုတ်လိမ့်မယ်”
လင်းယန်တွင် ငြင်းဆိုခွင့်ပင်မရလိုက်ဘဲ ဝန်ထမ်းက သူမကို အခန်းထဲသို့ ဆွဲခေါ်သွားသောကြောင့် ဝေဝါးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ဒါရိုက်တာ လာနေပြီ။ တိတ်တိတ်နေ”
သူ စကားပြောပြီးခဏအကြာတွင် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာတို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။
လင်းယန် တိတ်တဆိတ်သာ နေလိုက်ရတော့သည်။
ကျန်းရိမင်သည် အခန်းကို အလျင်အမြန် ကြည့်ရှုပြီးမှ စကားစပြောသည်။
“နံပါတ် ၂၉ ဘယ်မှာလဲ”
“သူမ မရောက်သေးဘူး...”
ဝန်ထမ်းတစ်ဦးက တိုးတိုးလေး ညည်းညူလိုက်သည်။
“ဘာ”
ကျန်းရိမင်က ဒေါသထွက်နေဟန် ပေါ်၏။
ကျန်းရိမင်သည် နောက်ကျသော နာမည်ကြီး အနုပညာရှင်များကို မုန်းတီးကြောင်း ဝန်ထမ်းတိုင်း ကောင်းစွာ သိထားကြသည်။
ဖုန်းအန်ဟွာသည် သူ့ဒေါသကို ရိပ်မိသောအခါ ကျန်းရိမင်၏ နားရွက်နားသို့ တိုးတိုးလေး ပြောလိုက်သည်။
“အိုကျန်း၊ နံပါတ် ၂၉ က ဟဲရွှေရွှေ။”
ကျန်းရိမင်သည် ထိုစကားကို ကြားသောအခါ သူ့ဒေါသကို မြိုသိပ်လိုက်သည်။
“ဒါဆို ခဏလောက် စောင့်ရအောင်။”
“စောင့်ရမယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ကျန်းရိမင်၏ ရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးချယ်ခံနေရသူ မည်သူမဆို နောက်ကျပါက ချက်ချင်း ပယ်ချခံရမည်ဖြစ်သည်။ သူက အဘယ်ကြောင့် ဤအမျိုးသမီးကို စောင့်နေသနည်း။