ထျန်းနျို လက်မထပ်ချင်ပေ
Vol. 3 Ch. 71
ဆယ့်နှစ်လမြောက် ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ထျန်းတပေါင်သည် နှင်းများတစ်ဝက်တစ်ပျက် အရည်ပျော်နေပြီဖြစ်သဖြင့် သူမတို့အိမ်သို့ ရောက်လာခဲ့သည်။။
"ရှစ်ဖူ၊ ရှစ်နျန် ကျွန်တော့်အမေက ဒီနေ့ ကျွန်တော်တို့ဘိုးဘေးတွေကို ယဇ်ပူဇော်ဖို့ ဘုရားကျောင်းကို သွားပြီး နေ့လည်စာစားဖို့ ဖိတ်လိုက်တယ်။ မလာဘူးလို့ မပြောနဲ့နော် ဒါမှမဟုတ်ရင် ကျွန်တော့်ခေါင်း နောက်တစ်ကြိမ် ရိုက်ခံရလိမ့်မယ်။ " သူ့အမေ၏သတင်းကို ပေးပြီးနောက် ထျန်းတပေါင်က ရှောင်ချွမ်၏ခေါင်းကို ပွတ်ပြီး မြောက်ပိုင်းခြံမှာ ကစားရန် သူနှင့်အတူ ထွက်သွားခဲ့သည်။
စုရွှေလျန်က ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ ဤကလေး၏ စိတ်သည် အလွန်ရင့်ကျက်လာသည်ဟု လူအများက ပြောကြသော်လည်း သူမကတော့ သဘောမတူပါ။ ဘယ်ဆယ့်သုံးနှစ်အရွယ် ကလေးက သူ့လို ဂရုမစိုက်ဘဲ အပျော်အပါးမက်နေမှာလဲ။
စိုစွတ်နေသော မျက်နှာသုတ်ပုဝါဖြင့် စုရွှေလျန်သည် တစ်ညလုံးချန်ထားခဲ့သော လက်ဖက်ရည်အနည်းငယ်ဖြင့် အပင်ကို ရေမလောင်းမီ ကြွေပန်းအိုးကို စတင်သုတ်လိုက်သည်။ ထို့နောက် မီးဖိုချောင်သို့သွားကာ တောင်ပိုင်းခြံဥယျာဉ်မှ ဟင်းသီးဟင်းရွက်အချို့ကို ခူးဆွတ်နေသည့် လင်းစစ်ယောင်နှင့် တွေ့ဆုံခဲ့သည်။
“အားယောင်၊ အဒေါ်ထျန်းက ဒီနေ့ နေ့လယ်စာ စားလာစားစေချင်နေတယ်။ ဘိုးဘေးတွေကို ပူဇော်ပြီးရင်လို့ ပြောတယ်။ ” စုရွှေလျန်က သတင်းစကားကို ထပ်ဆင့်ပြောရင်းနှင့် ဂေါ်ဖီထုပ်မျိုးစုံကို ယူလာပြီး မီးဖိုချောင်ကောင်တာထောင့်မှာ တင်ထားရင်း လင်းစစ်ယောင်ကို ကူညီခဲ့ပါသည်။ ဤဂေါ်ဖီထုပ်များစွာသည် သူတို့အတွက် နှစ်ရက်လုံးစားရန် လုံလောက်သည်။
“မင်း မသွားချင်ရင် သွားစရာ မလိုဘူး။” သူ့အတွက် အရေးမကြီးခဲ့ပါ။ လင်းစစ်ယောင်သည် လက်ဆေးကန်ဆီသို့ လျှောက်သွားပြီး သူ့လက်နှင့်မျက်နှာကို ဆေးရန် ရေအပြည့်ထည့်ထားသော ပန်းကန်လုံးတစ်လုံးကို ဖြည့်လိုက်သည်။
"ကျွန်မတို့ ဘယ်လိုလုပ်,လုပ်နိုင်မှာလဲ" လင်းစစ်ယောင်၏ တုံ့ပြန်မှုကို သူမကြားလိုက်သောအခါ သူကို ကြည့်လိုက်ပြီး "သူတို့ကို ဒီနေ့ နေ့လည်စာစားဖို့ ဖိတ်လိုက်ရင်ရော။ သူတို့နေရာမှာ အမြဲစားရတာ အဆင်မပြေဘူး။" သို့ပေမယ့် စားပွဲကိုကြည့်လိုက်သောအခါ ထိုင်ခုံခြောက်ခုံသာလုပ်ခိုင်းထားတာကြောင့် လူခြောက်ယောက်သာ ထိုင်နိုင်လေသည်။
"နွေဦးအထိစောင့်ရင်ရောဘယ်လိုလဲ။ ငါတို့ စားသောက်ဆိုင်မှာ ကျွေးလို့ရတယ်။ "၎င်းကို သူစီစဉ်ထားပြီးသားဖြစ်သည်။ သူမမွေးနေ့တွင် ဝူချင်စားသောက်ဆိုင်ရှိ သီးသန့်ခန်းတွင် ကျင်းပမည်ဖြစ်သည်။ သူသည် လောင်နှင့် ထျန်းမိသားစုအပြင် သူမနှင့်ရင်းနှီးသော အခြားလူများကိုလည်း ဂုဏ်ပြုဖိတ်ခေါ်မည်ဖြစ်သည်။ သို့သော် မွန်းတည့်ချိန်တွင်သာလုပ်ရပေမည်၊ ညနေပိုင်းကတော့ သူ့တစ်ယောက်တည်းအပိုင်ပင်။
"ကောင်းပြီ ” စုရွှေလျန်က တစ်စုံတစ်ရာ ကန့်ကွက်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။
သူတို့ပြောင်းလာကတည်းက ဖန်းဟွာမြို့မှာလက်ထပ်ချိန်တွင် ရွာသူရွာသား တစ်ဝက်ကျော်က သူတို့၏ အကူအညီနှင့် ကောင်းချီးပေရန် လာခဲ့ကြသည်။ အထူးသဖြင့် လောင်နှင့် ထျန်းအိမ်တို့သည် ရံဖန်ရံခါ လာရောက်လည်ပတ်ကြပြီး အထောက်အကူဖြစ်စေမည့် အကြံဉာဏ်များနှင့် ညွှန်ပြချက်များပေးကြသည်။ ဤအကူအညီပေးသော အိမ်နီးချင်းများအတွက်သာ မဟုတ်ပါက သူတို့၏ အိမ်သည် ဤမျှလှပပြီး ကြီးပွားချမ်းသာလာမည်မဟုတ်ပေ။
ကြင်နာတတ်ပြီး ဖော်ရွေလွန်းသည်... စုရွှေလျန်က မပြုံးဘဲမနေနိုင်ချေ။
ကိုယ့်အကျိုးမရှိလျှင် ဘာမှမလုပ်တက်သော ဟွာအိမ်ကဲ့သို့ လူများလည်းရှိခဲ့သည်။
ကံကောင်းထောက်မစွာ ၎င်းတို့သည် မြို့၏ အနောက်တောင်ဘက် အစွန်အဖျားအစွန်ဆုံးနေရာတွင် တည်ရှိနေခဲ့သည်။ သူတို့၏ အရင်းနှီးဆုံးအိမ်နီးချင်းဖြစ်သည့် လောင်အိမ်နဲ့ဝမ်အိမ်တို့တောင် မီတာ ၅၀၀ ဝေးပါသည်။ ထိုကြောင့် တိုင်တန်းချင်လျှင် သူတို့အိမ်ဆီ လမ်းလျှောက်ရန် နာရီဝက်လောက်ကြာပါသည်။
စုရွှေလျန် တိတ်တဆိတ် ရယ်မောလိုက်သည်။ ဤအဝေးမှနေ၍ အိမ်တစ်လုံးဝယ်ခဲ့သည်မှာ တကယ်ကို စိတ်ကူးကောင်းပင်။ ဤနေရာက သူမအား စိတ်မသက်မသာဖြစ်စေမည့် 'အားကောင်းလှသော' အမျိုးသမီးကြီးများထံမှ ကင်းဝေးစေခဲ့သည်။
……
"အိုက်ယိုး၊ ဒီလောက်အလုပ်ရှုပ်စရာမလိုပါဘူး။ တပေါင်နဲ့အတူထမင်းလာစားရုံပဲကို။ ဘာမှ ယူလာစရာ မလိုဘူး။” စုရွှေလျန်ထံမှ ပုစွန်ခြောက်များကို လက်ခံရရှိချိန်တွင် အဒေါ်ထျန်းက လန့်ဖျပ်စွာ ပြောလိုက်သည်။
"ကျွန်မ ဒေါ်လေးဆီကို မကြာခဏ လာနှောင့်ယှက်မိလို့ စိတ်မကောင်းဖြစ်ရတယ်။ လက်ဗလာနဲ့ ရောက်လာတာ ရှက်စရာကောင်းနေလိမ့်မယ်။” စုရွှေလျန်က ချိုမြိန်စွာ ပြုံးပြီး ပြန်ဖြေသည်။
"အမလေး မင်းရဲ့ အားယောင်က မင်းကို တခြားသူတွေနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတာ သင်ပေးခဲ့တာပဲ...။ ကောင်းပြီ ငါလက်ခံမှာပါ။ အိမ်မပြန်ခင်မှာ အိမ်လုပ်ဆန်မှုန့် နည်းနည်းယူသွားဖို့ မမေ့နဲ့။ ဒီသေရည်က နှစ်သစ်မှာ သောက်သုံးဖို့ အသင့်တော်ဆုံးပဲ” အဒေါ်ထျန်းက ပုဇွန်ခြောက်အိတ်ကို မီးဖိုခန်းထဲမှာ ထည့်ထားရင်း နောက်ပြန်လှည့်ပြီး ထိုင်ရန် အချက်ပြရင်း ပြုံးပြလိုက်သည်။
စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် ထျန်းအိမ်၏ဒုတိယအကြီးအကဲကို ယဉ်ကျေးစွာနှုတ်ဆက်ပြီးနောက်တွင် အဒေါ်ထျန်းက ၎င်းတို့အား ခေါ်ဆောင်ရန် တွန်းအားပေးခဲ့သော ထိုင်ခုံများပေါ်တွင် အတူတူထိုင်ခဲ့ကြသည်။
"လာ၊ လာ၊ လာ၊ သိပ်ရှက်မနေနဲ့ မင်းတို့က တပေါင်ရဲ့ ဆရာနဲ့ ဆရာကတော်ပဲ၊ မင်းတို့ကို သူစိမ်းလို့ မယူဆတော့ဘူး။ မင်းတို့ ဘာစားချင်လဲ ငါတကယ်မသိလို့ စားပွဲပေါ်က ဘာမဆို စမ်းစားကြည့်လိုက် ”
"ကောင်းပါပြီ ကျွန်မတို့အတွက် စိတ်မပူပါနဲ့ အဒေါ်ထျန်း။ ကျွန်မတို့ ကိုယ့်ဘာသာယူစားနိုင်ပါတယ်။ ဟုတ်သားပဲ ဒေါ်လေးရဲ့သမီးရောဘယ်မှာလဲ? သူ့ကို မမြင်မိပါလား" စုရွှေလျန်သည် ပတ်ဝန်းကျင်ကို လှမ်းကြည့်ရင်း ထျန်းနျိုကို မမြင်သောကြောင့် စမ်းတဝါးဝါး မေးလိုက်သည်။
"အိမ်အတွင်းခန်းထဲမှာ မင်းဘာလုပ်နေသေးတာလဲ။ မင်းရဲ့ အစ်မရွှေလျန် ရောက်လာပြီလေ—” အဒေါ်ထျန်းက ထျန်းနျို ၏ အိပ်ခန်းထဲသို့ လှမ်းအော်ပြီး ရှင်းပြရန် စုရွှေလျန်နှင့် လင်းစစ်ယောင် မျက်နှာကို ပြန်လှည့်ကာ “ဒီမိန်းကလေးက မနေ့ကတည်းက ဒီလိုဖြစ်နေတာ။ သူမက ရုတ်တရက် အိမ်ပြန်ရောက်လာပြီး စေ့စပ်ထားသူရဲ့ မိသားစုနဲ့ လက်မထပ်ချင်တော့ဘူးလို့ အော်ဟစ်နေရောပဲ။ ငါတို့ နှုတ်ဆက်စကားဖလှယ်ပြီး ခန်းဝင်စာတွေ သူတို့ဆီ ပို့ပြီးပြီ၊ အခုချိန်မှ ဘယ်လိုမှ ရူးရူးမိုက်မိုက် ဆုံးဖြတ်လို့မရဘူးလေ။ ဒါသာ ပေါက်ကြားသွားရင် ငါတို့မိသားစု ဒီမြို့ကြီးတစ်ခုလုံး ရယ်မောစရာဖြစ်သွားလိမ့်မယ်” အဒေါ်ထျန်းသည် ဤဝန်ထုပ်ဝန်ပိုးကို ရင်ထဲထည့်ထားရပြီး စိုးရိမ်နေရတာကြောင့် စုရွှေလျန်က မေးလိုက်သည်နှင့် အခြေအနေတစ်ခုလုံး ပွင့်ထွက်လာတော့သည်။
"အာ ဒါက…” စုရွှေလျန် ထိုစကားကိုကြားလိုက်သည်နှင့် သူမသည် စကားမပြောဘဲ တုန်လှုပ်သွားကာ ရပ်လိုက်သည်။ အဒေါ်ထျန်းကို ဘယ်လိုပြန်ဖြေရမှန်းမသိသော ကြောင့် လင်းစစ်ယောင် မျက်နှာကို ပြန်လှည့်ကြည့်လိုက်သည်။
"သမီးတို့ဘာလို့ရုပ်သိမ်းလို့မရရမှာလဲ ဘာကြောင့်လဲ" မမျှော်လင့်ဘဲ ထျန်း၏သမီးသည် ရုတ်တရက် လန့်သွားပြီး ညည်းညူသည့်အသံဖြင့် သူမ၏ မျက်လုံးများကို ပွတ်သပ်ရင်းဖြင့် “အဲဒီလူက သမီးတို့မြို့ထဲက မုဆိုးမနဲ့ဖြစ်ပျက်နေတာ မြင်ခဲ့တယ်လို့ ရှောင်ဖုန်းပြောတယ်။ သမီး သူ့ကို လက်မထပ်ချင်ဘူး ဘယ်တော့မှပဲ" ဗိုက်ထဲပြည့်နှက်နေသည့် ဒေါသတို့ကို ပွင့်အန်ထုတ်လိုက်ပြီးသည်နှင့် ထျန်းနျိုက သူမအခန်းထဲပြန်ဝင်သွားပြီး တံခါးကိုဆောင့်ပိတ်လိုက်သည်။ သူမတံခါးကိုဆောင့်ပိတ်လိုက်သည့်အသံက အပြင်ခန်းတွင်တော့ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့လေသည်။ ကျန်ခဲ့သည့်လူများမှာ တယောက်ကိုတယောက်ကြည့်ရင်း စကားမပြောနိုင်ဘဲ တုန်လှုပ်သွားခဲ့ကြသည်။
“ဒါဆိုလည်း အိမ်ထောင်မပြုနဲ့ပေါ့” ထျန်းတပေါင်က ညစာ စားပွဲဝိုင်းတွင် တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ပြောလိုက်သည်။
"မင်း ကောင်စုတ်လေး၊ ဘယ်လိုပြောလိုက်တာလဲ။” စိတ်ဆိုးပြီး အဒေါ်ထျန်းက သူမ၏ တူများကို မြှောက်လိုက်ပြီး ထျန်းတပေါင်၏ ခေါင်းကို ခေါက်လိုက်သည်။ “ပေါက်ကရတွေ မပြောနဲ့။ တကယ်လို့ မင်းအစ်မက ဒီအိမ်ထောင်ရေးကို ကျောခိုင်းခဲ့ရင် နောင်မှာ လက်တွဲဖော်ရှာနိုင်မယ်လို့ မင်းထင်လား။” သူမ ဒေါသထွက်နေခဲ့သည်။
"အဲ့ဒါက… အဒေါ်ထျန်း…” စုရွှေလျန်က အဒေါ်ထျန်း၏လက်ကို အသာအယာ ပုတ်ပြီး “ကျွန်မ၀င်ပြောရတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ ထျန်းနျိုရဲ့ စကားတွေက လုံးဝ ယုတ္တိမတန်တာတော့မဟုတ်ဘူးလို့ ခံစားရတယ်။ ဒါကို ဘာကြောင့် မစုံစမ်းတာလဲ။ သူပြောတဲ့အတိုင်း တကယ်ဖြစ်နေရင်ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် သူမလက်ထပ်လိုက်တဲ့အခါ ထျန်းနျိုရဲ့အနာဂတ်ဘဝက နာကျည်းမှုတွေနဲ့ပဲ ပြည့်နှက်နေစေမှာမဟုတ်ဘူးလား"
၎င်းကိုကြားသောအခါ အဒေါ်ထျန်းက ဤသို့ဖြစ်နိုင်သည်ဟု သဘောပေါက်သွားခဲ့သည်။ ထိုနေ့တွင် ထျန်းနျိုသည် သူမအိမ်ထောင်မပြုချင်ဟု အော်ဟစ်ပြီး အိမ်ပြန်လာသောအခါတွင် သူမသည် ဤဖြစ်နိုင်ချေကို တွေးတောရန် အလွန်ဒေါသထွက်နေခဲ့သည်။ သတို့သားမိသားစုက သူတို့အားပေးခဲ့သည့် ရွှေဆယ့်ငါးပြားအကြောင်း သူမ တွေးနေခဲ့သည်။ အကယ်၍ သူတို့အိမ်ထောင်ရေးကို နောက်ပြန်ဆုတ်ခဲ့မည်ဆိုလျှင် သူမသည် ရွှေဆယ့်ငါးပြားကို ပြန်ပေးရမည်သာမက သူတို့၏အိမ်သည် နာမည်ပျက်ရမည်ဖြစ်ပြီး ထျန်းတပေါင်အတွက် အိမ်ထောင်ဖက်ရှာရန် အနာဂတ်မှာလည်း ဒုက္ခရောက်နိုင်သည်။ သို့ပေမယ့် ထိုသူသာတကယ် မုဆိုးမနှင့် အတူရှိနေလျှင် သူ့သမီးက အိမ်ထောင်ပြုပြီးသည်နှင့် မကြာခင် သို့မဟုတ် နောက်ပိုင်းမှာ ရန်ပွဲများ ပေါ်ပေါက်လာနိုင်ပါသည်။ အကယ်၍ သူ့သမီးက ဘာမှမပြောခဲ့လျှင်လည်း သူမနာမည်ပျက်နေမှာပဲဖြစ်သည်။
“မိန်းကလေးရွှေ ပြောတာ မှန်နိုင်တယ်။ မနက်ဖြန်ကျရင် ချင်ထျန်းမြို့ကို ငါသွားပြီး မေးကြည့်ရမယ်။ ငါပြန်လာတဲ့အခါ မင်းကိုပြောပြမယ်။” အဒေါ်ထျန်း တွေးနေဆဲတွင် ထျန်းတဖူက ထွက်လာခဲ့သည်။ ဤအိမ်ထောင်ရေးကို စီစဉ်ပေးသည့်သူမို့ဖြစ်သော်လည်း တစ်ခုခုမှားနေလျှင်လည်း ခေါင်းထောင်ပြီး လက်ထပ်တာကို ပြန်ရုတ်သိမ်းရန် ပြောနိုင်ပါသည်။
ထျန်းအိမ်၏ ဒုတိယအကြီးအကဲက ခေါင်းညိတ်သဘောတူလိုက်သည်။ သူ့တူမလေးမှာ တစ်ခါတလေ ခေါင်းမာသော်လည်း အလုပ်ကြိုးစားဆဲဖြစ်သည်။ သို့သော် သူမဒေါသကို သူကောင်းကောင်းသိသောကြောင့် စကားမပြောရန် ရွေးချယ်ခဲ့သည် သို့မဟုတ် မဟုတ်ပါက သူမဒေါသသည့် သူ့ဆီဦးတည်လာပေလိမ့်မည်။
"ဒါပေမယ့် မနက်ဖြန်.... ကောင်းပြီလေ ဒါဆိုသတိထားပါ။ ဒီပြဿနာကို တခြားသူတွေသတိမထားအောင်လုပ်ပါ” အဒေါ်ထျန်းက သူ့ကို နှစ်သစ်ပြီးလျှင် ဤပြဿနာကို စစ်ဆေးကြည့်စေချင်သော်လည်း ထျန်းနျို၏ တောင်းဆိုချက်က တကယ်မှန်တယ်ဆိုလျှင်တော့ ပြဿနာကို ကြာကြာမဆွဲသည်မှာ အကောင်းဆုံးပင်ဖြစ်သည်။ သူ့ကို ထပ်ခါထပ်ခါ သတိပေးပြီးမှသာ အဒေါ်ထျန်းသည် လင်းစစ်ယောင်နှင့် စုရွှေလျန် ထိုင်နေသည့် မီးဖိုချောင်စားပွဲဆီသို့ ပြန်သွားခဲ့သည်။
"မင်းတို့နှစ်ယောက်ကို အရမ်းရှက်စရာကောင်းတဲ့ အရာတစ်ခုကို တွေ့လိုက်စေရလို့ တောင်းပန်ပါတယ်။ ထျန်းနျိုက ဘယ်အရာကိုမှ မညည်းညူတက်ပေမဲ့ အခုတော့ အစာစားချင်စိတ်တောင် ပျောက်သွားမှာကို စိုးရိမ်နေမိတယ်” အဒေါ်ထျန်းက ကြက်ပေါင်ကင်တစ်ပိုင်းကို ကောက်ယူပြီး စုရွှေလျန် ရှေ့မှ ပန်းကန်ပြားပေါ် တင်လိုက်ပြီး လင်းစစ်ယောင်၏ ပန်းကန်ပြားပေါ် ဝက်ခြေထောက်ကို ချထားလိုက်သည်။ "မြန်မြန်စား အေးသွားရင် အရသာမကောင်းတော့ဘူး။ ဒီနေ့က အားလပ်ရက်ဆိုတော့ ပျော်ပျော်သာနေကြ။ နောက်လာမယ့်နှစ်တွေမှာလည်း ငါတို့မိသားစုနှစ်ခု အတူရှေ့ဆက်ကြတာပေါ့”
“အဒေါ်ထျန်းရဲ့သမီးကို အပြင်ထွက်စားဖို့ သွားဆွဲဆောင်ကြည့်လိုက်ဦးမယ်” ခဏလောက်စဉ်းစားပြီးသည့်အခါ စုရွှေလျန်က အဒေါ်ထျန်းအား သူမစိတ်ကူးကို အဆိုပြုခဲ့သည်။ ယနေ့သည် အားလပ်ရက်လေးဖြစ်သောကြောင့် တစ်မိသားစုလုံး ပျော်ရွှင်နေသင့်ပါသည်။ ထို့အပြင် ထျန်းနျိုသည် ယခုအချိန်တွင် အတော်လေး စိတ်အခြေအနေမကောင်းဖြစ်နေပေသည်။
“ဒါဆို…. သွားပြီး စမ်းကြည့်လိုက်လေ...။ သတိတော့ထား သူ့ရဲ့ ပေါက်ကွဲထွက်လာတဲ့ ဒေါသကြောင့် မင်းကိုပါ ထိခိုက်သွားဦးမယ်” အဒေါ်ထျန်းက သူ့သမီးအကြောင်း တွေးနေမိသော်လည်း နောက်ဆုံး သူမ၏ပေါက်ကွဲဒေါသကို ရင်ဆိုင်ရဲသည့် သတ္တိမရှိခဲ့ပါ။ ထို့ကြောင့် စုရွှေလျန်က စပြောလာသည့်အခါတွင် သူမ ပျော်ပျော်ကြီးသဘောတူလိုက်တော့သည်။
“အဲ့လိုမဖြစ်လောက်ပါဘူး ” စုရွှေလျန်သည် ခေါင်းအသာရမ်းကာ ထျန်းနျို၏ အိပ်ခန်းရှိရာသို့ လျှောက်သွားလိုက်သည်။
….
"အစ်မရွှေလျန် နားမလည်ပါဘူး။ ရှောင်ဖုန်း ပြောတာကို ကျွန်မကြားလိုက်တာနဲ့ ရင်ထဲမှာ အရမ်းနာသွားခဲ့တာ” ထျန်းနျိုသည် ရွှေလျန်ဆီသို့ တိုးတိုးတိတ်တိတ် အသံဖြင့် ရှင်းပြရင်း စောင်ပေါ်တွင် လှဲနေသည်။
"ငါနားလည်နိုင်ပါတယ်။” စုရွှေလျန် ကုတင်အစွန်းမှာ ထိုင်ရင်း ခေါင်းညိတ်လိုက်သည်။ သူမပုခုံးကို အသာအယာပွတ်သပ်ရင်း “ဒါပေမယ့် အမျိုးသမီးတိုင်းက ကိုယ့်အတွက် အကောင်းဆုံးကို လိုချင်တယ်ဆိုတဲ့ စိတ်တစ်ခုတည်းရှိကြတယ်။ ”
“ဟုတ်တယ်၊ ဒါပေမယ့် အရည်အချင်းရှိတဲ့ဘယ်လိုယောက်ျားမျိုးက မုဆိုးမနဲ့ ပေါင်းသင်းနိုင်မှာလဲ” ထျန်းနျိုသည် စုရွှေလျန်ကို မကြည့်မီ သူမ၏ ခေါင်းကို မော့လိုက်ပြီး ရှူရှိုက်လိုက်သည်။ ရွှေလျန်သည် လှောင်ပြောင်သည့်အကြည့်မျိုးမပြသည်ကိုမြင်လိုက်ရသောအခါ ထျန်းနျိုသည် ချင်ထျန်းမြို့မှ သူမ၏ခင်ပွန်းလောင်းအကြောင်း ပြောပြဖို့ရန် ပိုမိုပွင့်လင်းလာခဲ့သည်။
ရှင်းရှင်းပြောရလျှင် သူနှင့် နှစ်ကြိမ်သာ တွေ့ဖူးခဲ့သည်။ ဒါပေါ့၊ တွေ့ခဲ့သည့်နှစ်ကြိမ်လုံးကလည်း စေ့စပ်ကြောင်းလမ်းမှုပြီးကာမှပင်။ ပထမအကြိမ်သည် နှစ်၏ပထမလ မီးပုံးပွဲတော်တွင် ဖြစ်သည်။ ထိုနေ့တွင် ချင်ထျန်းပြဇာတ်အဖွဲ့ကို ဖိတ်ခေါ်သဖြင့် သူမသည် တပေါင်ကို ကြည့်ရှုရန် ခေါ်သွားခဲ့သည်။ ထိုနေ့တွင် သူသည် သူတို့ကိုလာခေါ်ခဲ့သည်။ ဒုတိယအကြိမ်သည် သတ္တမလ၏ သတ္တမနေ့၌ဖြစ်သည်။ ထိုနေ့တွင် သူတို့နှစ်ဦးနှင့် ရွာသုံးရွာမှ အခြားမိန်းကလေးအချို့သည် နတ်သမီး၏ညချီတက်ပွဲကိုကြည့်ရှုရန် မြို့ထဲသို့သွားခဲ့ကြသည်။ နှစ်ယောက်စလုံးမှာ ထိုအချိန်တုန်းက အချင်းချင်း သိပ်ဆက်ဆံတာမဟုတ်သော်လည်း သူမနှလုံးသားထဲတွင် ချိုမြိန်မှုကို ခံစားနေဆဲဖြစ်သည်။
သို့ပေမယ့် မနေ့က အဝေးမှ ဆွေမျိုးအိမ်တွင် ငယ်သူငယ်ချင်း လျှို့ရှောင်ဖုန်းနှင့် တွေ့ဆုံခဲ့သည်။ အတင်းအဖျင်းပြောသံကို သူမကြားသောအခါ မလှုပ်မယှက်ဖြစ်ခဲ့ရသည် ရှက်ရွံ့ဒေါသကို ထိန်းထားရင်း မိခင်ဖြစ်သူကို ရင်ဆိုင်ရဲသည့်သတ္တိကို မစုစည်းခင် အိမ်ပြန်ခဲ့ပြီး စေ့စပ်ပွဲကို ပယ်ဖျက်ရန် သူမ၏ ဆုံးဖြတ်ချက်ကို ပြောပြခဲ့သည်။
"ဒါပေမဲ့အခြေအနေတစ်ခုလုံးက မရှင်းသေးတဲ့အတွက် ဘယ်သူကမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ ဆန္ဒမရှိသေးဘူး။ မင်းအဖေက မနက်ဖြန် ချင်ထျန်းမြို့ကိုသွားပြီး သွားစုံးစမ်းကြည့်မယ်လို့ ပြောထားတယ်။ မင်းကြားတဲ့စကားက အမှန်တရားဆိုရင် မင်းရဲ့ဆန္ဒကိုလည်း သူတို့ဘက်က နားထောင်ပေးလိမ့်မယ်ထင်တယ်။ ” စုရွှေလျန်က ထျန်းနျိုကို ဆက်လက်ဖြားယောင်းသွေးဆောင်ရင်း ပြောသည်။ တစ်ချိန်တည်းမှာပင် သူမအား ထမင်းစား စားပွဲဆီသို့ ဆွဲခေါ်သွားခဲ့သည်။
“ထိုင်ပြီး ထမင်းကို ကောင်းကောင်းစားလိုက်။ မင်းမနေ့ညက ညစာကောင်းကောင်းမစားခဲ့သလို ဒီမနက်လည်း မနက်စာကောင်းကောင်းမစားရသေးဘူးမလား" စုရွှေလျန် ပြုံးပြီး ထျန်းနျိုကို တစ်ချက်ကြည့်လိုက်သည်။ "အဆိုးလေး ပြောစရာရှိရင် မင်းအဖေနဲ့အမေနဲ့ သေချာဆွေးနွေးပေါ့။ မင်းတို့အားလုံးက မိသားစုတွေပဲမဟုတ်လား"
“အစ်မရွှေလျန် …” ထျန်းနျို ရှက်ကိုးရှက်ကန်း ခေါင်းညိမ့်လိုက်သည်။ စုရွှေလျန်သည် သူ့ထက်တစ်နှစ်သာပိုကြီးသော်လည်း သူမသည် သူမကဲ့သို့ပင် တင်းမာခြင်းမရှိပေ။ တစ်ချိန်တည်းမှာပင် သူမ ပေါက်ကွဲပြီးနောက် သူမသည် များစွာ သက်သာလာခဲ့သည်။ ခေါင်းငုံ့ထားရင်း စုရွှေလျန်က သူမကို အခန်းထဲမှ ဆွဲထုတ်ပြီး မီးဖိုချောင်ထဲသို့ ဆွဲခေါ်လာလိုက်သည်။
"ကောင်းပြီ စားရအောင်။ ကြည့်ပါဦး စားစရာတွေ အေးနေပြီ။” ထျန်းနျို နှစ်သက်သော ပြည်ကြီးငါးပေါင်းကို ကောက်ယူပြီး ပန်းကန်လုံးပေါ်တွင် တင်ထားပေးပြီး အဒေါ်ထျန်းက တခြားဘာမှ မပြောတော့ပေ။
နေ့လည်စာသည် နောက်ဆုံးတွင် ငြိမ်းအေးစွာ ပြီးဆုံးသွားခဲ့သည်။
***