မင်းဘယ်လိုလဲ
Vol. 3 Ch. 77
ထိုနေ့ညတွင် လခြမ်းကွေးသည် ကောင်းကင်ပေါ်တွင်ချိတ်ဆွဲထားသောငါးမြှားချိတ်လေးနှင့်အသွင်တူပေသည်။
နူးညံ့သောလရောင်က ခြံဝန်းလေး၏လမ်းခင်းကျောက်တုံးများ အပေါ်ငွေမှုန်ကြဲထားသကဲ့သို့ ပက်ဖြန်းဖြာကျနေသည်။
သူမသည် သု၏ဇွဲမလျော့သောအာသာပြင်းပြခြင်းကို လက်လျော့လိုက်ရကာ အိပ်မောကျနေပြီး လင်းစစ်ယောင်သည်မူ နှစ်ယောက်လုံး၏ခန္ဓာကိုယ်အား ဆေးကြောသန့်စင်ပေးနေသည်။ ဆေးကြောသန့်စင်ပြီးသည့်အခါတွင် သူသည်လည်း သူမကိုထွေးပွေ့ထားလိုက်ကာ မျက်လုံးများမှိတ်ကာ အနားယူလိုက်ပေသည်။
သူ၏မျက်ခွံများသည် နှစ်နာရီမျှကြာပြီးနောက်တွင် တဖျပ်ဖျပ်ခတ်လာသည်။ လင်းစစ်ယောင်သည် အိမ်ပြင်သို့ထွက်လာ၏။ ရှောင်ချွမ်နှင့် ရှောင်ရွှယ်၏အကြည့်များအောက်တွင် ခြေလှမ်းအနည်းငယ်မျှလှမ်းလိုက်သည်နှင့် နိမိတ်မကောင်းသောအရိပ်အယောင်များအဖြစ် ပျောက်ကွယ်သွားရသည်။
"ငါတို့အချင်းချင်းမတွေ့တာ တစ်နှစ်လောက်ရှိပြီနော်။ ဘယ်လိုလုပ် ဒီလောက်ကြံ့ကြံ့ခိုင်နိုင်ရတာလဲ"
အနက်ရောင်ဝတ်ကာမျက်နှာဖုံးတပ်ထားသောသူသည် ရှို့ဖုန်းအခြေရှိ ဝါးပင်ထိပ်တွင် ဟန်ချက်ညီညီရပ်နေသည်။ သူသည် လင်းစစ်ယောင်အနားသို့ လျင်မြန်စွာချည်းကပ်လာသည်။ စကားလုံးများသည် ယဉ်ကျေးလှသော်လည်း အသံနေအထားသည် အေးစက်စက်နိုင်ကာ မြေအောက်လောကမှ နှုတ်ဆက်လိုက်သကဲ့သို့ပင်။
"အားလုံးအဆင်ပြေပါတယ်..."
လင်းစစ်ယောင်သည် အဖြူရောင်အတွင်းဝတ်ကိုသာဝတ်ဆင်ထားပြီး ဝါးရွက်ထိပ်တွင်ရပ်ကာ ထိုသူနှင့်ခပ်လှမ်းလှမ်းက နေလိုက်၏။ အေးမြသောလရောင်အောက်တွင် သူ၏ဝတ်ရုံစသည် လေပြေထဲတွင် တလိပ်လိပ်ရွေ့လျားနေကာ နတ်ဘုရားတစ်ပါးနှင့်အသွင်တူလှ၏။
"မင်းပြောင်းလဲသွားပြီ စစ်လင်"
အနက်ရောင်ဝတ်ထားသောသူက မိုက်မဲသောပြောဆိုသည့်ပုံဖြင့်ပြောဆိုလိုက်ကာ သက်ပြင်းချလိုက်မိ၏။
"စစ်လင်ကသေသွားပြီ"
လင်းစစ်ယောင်၏ အေးစက်ကာရှင်းလင်းနေသောအသံသည် လေကိုဖြတ်ကာ ရောက်လာသည်။ ယခုတွင် သူသည် ဖန်းဟွာမြို့ရှိ လင်းစစ်ယောင်ဟူသော သာမန်လယ်သမားလေးမျှသာဖြစ်သည်။
"အဲ့နေ့က မင်းအသက်ရှင်နေလိမ့်မယ်လို့ ဘယ်လိုမှထင်မထားဘူး"
အနက်ရောင်ဝတ်ထားသောသူသည် မပြောခင်တွင် လင်းစစ်ယောင်အားငေးနေမိသည်။
"မင်းကျော်လွှားခဲ့တာလား"
သူ၏အတွေးမဲ့သောမေးခွန်းများက လင်းစစ်ယောင်အား တွန့်ဆုတ်အောင်မလုပ်နိုင်ပေ။ သူကခေါင်းညိတ်ပြလိုက်ကာ အသံသည် ဝါးတောတစ်ခုလုံးဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
"အမှန်ပဲ။ မင်းငါ့ဘဝကိုလိုချင်သေးတယ်ဆိုရင် မင်းကိုစိတ်ပျက်သွားစေမိတဲ့အတွက် တောင်းပန်ပါတယ်လို့ပဲ ပြောပါရစေ"
"မှားသွားပြီ။ ငါဆိုတဲ့ စစ်ထိုက တစ်ခါကျရှုံးပြီးရင် ဘယ်တော့မှ ပြန်မကြိုးစားဘူး"
အနက်ရောင်ဝတ်ထားသောသူသည် စစ်လင်ကခန့်ထားသော ဖုန်းယောင်တရားရုံး၏အလုပ်သမားဖြစ်သည်။
"ဒီလိုဆိုမှ မင်းဘာလို့ဒီညလာရတာလဲ"
သူ၏စကားမပြောင်းခင်ပင် လင်းစစ်ယောင်ကလမ်းကြောင်းပြောင်းလိုက်ကာ ထွက်သွားရန်ပြင်လိုက်သည်။ ဇနီးဖြစ်သူ အန္တရာယ်မရှိလျှင် မည်သည့်အကြောင်းမျှစိတ်မဝင်စားပေ။
“ဒဏ္ဍာရီလာလူသတ်နတ်ဘုရားက သူ့ကိုယ်သူ ဘယ်လိုများအချစ်ဌက်လေးအဖြစ်ပြောင်းပြီးနေနေရလဲဆိုတာကို လာကြည့်တာလေ"
သူ၏အသံက ကျီစယ်သောအသံဖြစ်ကာ လင်းစစ်ယောင်၏ခန္ဓာကိုယ်အား တောင့်တင်းသွားစေသည်။ ခြေတစ်လှမ်းတည်းဖြင့် တောအုပ်အပြင်သို့ ခုန်ထွက်သွား၏။
"မင်းအဲ့လောက်အချိန်တွေပိုနေရင် ဘာလို့များ ဖုန်းချင်းယာဆီသွားပြီး အလုပ်သွားမတောင်းရတာလဲ"
လင်းစစ်ယောင်၏ အံကြိတ်ကာဖြေလိုက်သံမှာ ခပ်လှမ်းလှမ်းမှနေ၍ ပဲ့တင်သံထပ်လာပေသည်။
"ဟားဟားဟား...."
စစ်ထိုသည် ရယ်ချင်စိတ်ကိုထိန်းမရပေ။ သူ၏ရယ်မောသံက ည၏တိတ်ဆိတ်မှုကို ထိုးဖောက်သွားကာ ကောင်းကင်ယံထက်သို့ တက်သွားသည်။
……
ခြံဝန်းတံခါးအား စည်းချက်ကျကျခေါက်နေသည့်အသံထွက်ပေါ်လာသည့်အတွက် စုရွှေလျန်သည် လုပ်လက်စပန်းထိုးခြင်းအားချကာ ထလာသည်။
လွန်ခဲ့သောရက်အနည်းငယ်ချန့်က ကျန်းယင်းယွင်သည် ရှီချွေ့အား သူမအား ဌားချင်သည့် ကျင်းတုမြို့မှဖောက်သည်တစ်ယောက်ရောက်နေကြောင်း စကားပါးလိုက်၏။ ဘုရားလောင်းသားတော်အမည်ရသောပန်းထိုးပန်းချီကားသည် မီတာဝက်မျှကျယ်ကာ တစ်မီတာမျှကျယ်သည်။ သုံးလနောက်ဆုံးထားရမည်မှာ တင့်သင့်သောအချိန်ဖြစ်သောကြောင့် စုရွှေလျန်လည်း ချက်ချင်းလက်ခံလိုက်၏။ မနေ့မွန်းလွဲပိုင်းတွင် ကျန်းယင်းယွင်က ပန်းထိုးခန်းမမှလူတစ်ယောက်လွှတ်ကာ သူမအား မူကြမ်းနှင့်ပစ္စည်းများပို့ပေးလိုက်သည်။
မနက်စာစားပြီးနောက်တွင် လင်းစစ်ယောင်က လယ်လုပ်သည့်ပစ္စည်းများကိုင်ကာ လယ်ကွင်းဘက်သို့ ပဲနှင့်ပြောင်းတို့စိုက်ပျိုးရန် ဆင်းသွားသည်။ စုရွှေလျန်က သူမခုံတွင်ထိုင်ကာ သုံးရမည့်အပ်နှင့်ချည်များကို ပြင်ဆင်နေသည်။
ထို့နောက် တံခါးမှအသံထွက်ပေါ်လာ၏။
"ဘယ်သူများလဲ"
စုရွှေလျန်က ယဉ်ကျေးစွာပင်မေးလိုက်သည်။ လုဝမ်အာ၏မတော်မဆမှုဖြစ်ပြီးသည်မှစ၍ လင်းစစ်ယောင်က သူမအား အိမ်တွင်တစ်ယောက်တည်းရှိသောအခါတွင် တံခါးမဖွင့်ပေးရန် အထပ်ထပ်အခါခါသတိပေးထားသည်။
"ကျွန်တော့်နာမည်က စစ်ရှန်းပါ။ စစ်ယောင်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ"
တစ်ဖက်မှထွက်ပေါ်လာသောအသံနေအသံထားသည် ရှင်းလင်းနေကာ လင်းစစ်ယောင်အသံကဲ့သို့ အေးစက်လှ၏။
လင်းစစ်ယောင်၏လုပ်ဖော်ကိုင်ဖက်ဖြစ်သည်ကို သူမကြားလိုက်သောအခါတွင် ခင်ပွန်းဖြစ်သူဆီသို့ လာလည်သည်ဟုတွေးမိလိုက်သည်။ သူမတံခါးဖွင့်လိုက်သောအခါတွင် အသံနှင့်လိုက်ဖက်သော အေးစက်စက်မျက်နှာထားနှင့် ချောမောသောမျက်နှာပိုင်ရှင်ကိုတွေ့လိုက်ရသည်။
"မင်္ဂလာပါ မရီး"
စုရွှေလျန်နှင့် စစ်ရှန်းသည် ပထမဆုံးတွေ့ဆုံခြင်းဖြစ်သည့်အတွက် အနည်းငယ်မျှကိုးရိုးကားရားနိုင်ပေသည်။ သူသည် အစဦးအံ့ဩသွားခြင်းအား ဖိနှိပ်လိုက်ကာ ဦးခေါင်းညွှတ်ကာ နှုတ်ဆက်လိုက်၏။
"မင်္ဂလာပါ။ အမ်...အားယောင်က လယ်ထဲကနေ ခုထိပြန်မလာသေးဘူး။ မင်းက..."
စုရွှေလျန်တစ်ယောက် အနည်းငယ်မျှ ကိုးရိုးကားရားနိုင်သည်ဟု ခံစားလိုက်ရသည်။ သာမန်အားဖြင့် သူမသည် အိမ်ထဲသို့ဖိတ်ကာ လက်ဖက်ရည်တစ်ခွက်ဖြင့် ဧည့်ခံပြီး လင်းစစ်ယောင်ပြန်အလာအားစောင့်ရမည်ဖြစ်သော်လည်း သူသည် ယဉ်ကျေးသည့်ပုံပေါက်သော်လည်း အန္တရာယ်ရှိသောခံစားချက်အား ခံစားမိသောကြောင့် တွန့်ဆုတ်နေသည်။
"လယ်ထဲ?"
စစ်ရှန်းစကားရပ်သွားသည်။ ရုတ်တရက်မှ သဘောပေါက်သွား၏။ ဤနေရာသည် ရွာလေးဖြစ်ကာ လူသတ်သမားများအား မည်သို့သုံးနိုင်မည်နည်း။ ယခုတွင် သူသည် မနေ့ည စစ်ထိုပြန်လာသောအခါတွင် စိတ်အနှောင့်အယှက်ဖြစ်ကာ ထိုးချင်စရာကောင်းသည့်အမူအရာဖြစ်နေသည်ကို နားလည်သွားပေသည်။ လူသတ်သမားတစ်ယောက်သည် လယ်စိုက်နေသည်လော။ ထိုအကြောင်းသည် ရာစုနှစ်အတွင်း ရယ်စရာအကောင်းဆုံးဟာသဖြစ်ပေမည်။
စုရွှေလျန်သည် သူမရှေ့မှ အမူအရာအားချိုးနှိမ်ထားသောသူအား မည်သို့ပြုမူရမည်ကို သေချာမသိဖြစ်နေသည်။
"အဟင်း...မရီး... သူ့ကိုစောင့်ဖို့ ကျွန်တော့်ကို အထဲခေါ်နိုင်မလား"
စစ်ရှန်းက ရွှန်းရွှန်းဝေနေသောအပြုံးလေးအား ကြိုးစားထိန်းကာပြောလိုက်၏။ သူသည် ဝမ်းသာစွာဖြင့် သူ၏ရှေ့မှမိန်းကလေးအားကြည့်လိုက်သည်။ သူမသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်ကမှ နန်းတွင်းမှထုတ်ပြန်ထားသည့်ရှာဖွေစာရင်းထဲမှတစ်စုံတစ်ယောက်နှင့် လွန်စွာတူပေသည်။
"တောင်းပန်ပါတယ်။ ဒီဘက်ပါ"
စုရွှေလျန်ကပြုံးကာ သူ့အား ဧည့်ခန်းထဲသို့ ဦးဆောင်ခေါ်သွားသည်။
သူသည် သူမနောက်မှလိုက်လာပြီး ခြံဝန်းအား ကြည့်နေကာ ကြီးမားလှသောဝမ်းဗိုက်သားများဖြင့် ခြေကားရားလက်ကားရားလှဲနေသောခွေးအားတွေ့လိုက်သောအခါတွင် အကြည့်ရပ်သွား၏။ သူသည် ခေတ္တမျှရပ်နေကာ စစ်ရှန်းမျက်ခုံးပင့်လိုက်မိသည်။ ၎င်းတို့သည် ကိုယ်ဝန်ရှိနေကြဝံပုလွေများမဟုတ်လော။ စစ်လင်တောထဲမှဖမ်းလာခဲ့ခြင်းသည်လော။ စဉ်းစားရင်းဖြင့် ပြုံးဖြဲဖြဲလုပ်မိသွား၏။
သူမလက်ထဲတွင် ချည်အမျိုးမျိုးရှိကာ ဘုရားလောင်းသားတော်မူကြမ်းနှင့်ရင်ဆိုင်နေရပါသော်လည်း စုရွှေလျန်၏ အာရုံစူးစိုက်မှုသည် အားယောင်၏လုပ်ဖော်ကိုင်ဖက်ဆိုသောသူဆီတွင်သာရှိ၏။
သူမသည် သူ့အား အနံ့မွှေးသောဆေးဖက်ဝင်လက်ဖက်ရည်နှင့် ကိတ်မုန့်အချို့အား တည်ခင်းဧည့်ခံနေသည်။ သူမလုပ်နေသည်များကို ပြန်လုပ်ရန် လုပ်ဟန်ခြေဟန်ပြကာ သူမလုပ်လက်စကိုဆက်လုပ်ရန် ပြောလိုက်သည်။
စုရွှေလျန်က ပြုံးကာ သူမ၏ပန်းထိုးအခန်းထဲသို့ပြန်သွားလိုက်ပြီး ချည်များကိုကောက်ယူလိုက်သည်။ သူမသည် လက်ဖက်ရည်သောက်ကာ မုန့်စားနေသော စစ်ရှန်းအား နှောင့်ယှက်ရန် ရည်ရွယ်ချက်မရှိပေ။
လူသတ်သမားတစ်ယောက်သည် မည်ကဲ့သို့ဖြင့် လယ်သမားတစ်ယောက်အဖြစ် ရွာလေးထဲတွင်နေနိုင်ရပါသနည်း။ အမှန်တရားသည် ကြောက်စရာကောင်းလှ၏။
စစ်ထိုနှင့်အတူ ဖန်းလော့မြို့ထဲတွင် ယောင်ပေယောင်ပေဖြင့် အချိန်ဖြုန်းခဲ့ခြင်းကြောင့်သာမဟုတ်လျှင် စစ်လင်၏ ကျောက်စိမ်းပြားအား ဆိုင်တစ်ဆိုင်တွင် တွေ့မိလိမ့်မည်မဟုတ်ပေ။ များမကြာမီတွင် လူတစ်ယောက်သည် တစ်စုံတစ်ယောက်၏အရိုးအား လက်ချောင်းထိပ်လေးဖြင့်ပင် ချိုးသွားသည်ဟုသောကောလဟလများကြားခဲ့ရသည်။ အမှန်တရာအားပို၍သိရှိရန်အတွက် ဆက်ပြီးတူးဆွသင့်ကြောင်းပြောသည့် စစ်ထို၏ တိုက်တွန်းချက်ကြောင့်သာမဟုတ်လျှင် စစ်လင်နှင့်တွေ့ရမည့်အခွင့်အရေးအားလွဲချော်သွားကာ တာဝန်ထမ်းဆောင်ရန် ဆက်လက်ထွက်ခွာသွားမည်ဖြစ်သည်။
သို့သော် သူနှင့် စစ်ထိုသည် ကိုးရိုးကားရားနိုင်လှသည့်ပုံပေါ်သည်။ သေစေနိုင်လောက်သည့်ဒဏ်ရာသည် မည်သို့ဖြင့် အပြည့်အဝကောင်းနိုင်မည်နည်း။ သို့သော်လည်း တစ်နှစ်ဆိုသောအချိန်အတောအတွင်းတွင် ကျော်လွှားနိုင်ခဲ့သည်လော။ လေ့ကျင့်ရေးတစ်ရက်မျှပင် မပေါ့ဆသော၎င်းတို့အတွက် မည်သို့အဓိပ္ပာယ်သက်ရောက်ပါသနည်း။ မိမိမျက်နှာအား ပြန်ရိုက်မိသကဲ့သို့ပင်ဖြစ်နေပေမည်။
မထင်ရှားလှသော်လည်း ထူးခြားလှပသည့်အပြင်အဆင်များကို လေ့လာနေကာ နူးညံ့သိမ်မွေ့ကာတိတ်ဆိတ်လှသောမိန်းကလေးအကြောင်းတွေးနေမိသည်။ ထိုမိန်းကလေးဖြင့်ဆိုလျှင် စစ်လင်သည် တစ်သက်လုံးအေးချမ်းစွာနေထိုင်နိုင်သည်မှာ ဖြစ်နိုင်ပေသည်။
သို့သော် ၎င်းတို့အတွက်မူကား....။ သူနှင့် စစ်ထိုသည် ဓားသွားများဖြင့် ကခုန်နေရကာ တစ်နှစ်ပတ်လုံးသွေးမိုးများကြားတွင် ကူးခတ်နေရသည်။ အနာဂတ်အကြောင်းအား မည်သည့်အခါမျှ မတွေးမိသည်မှာ လူသတ်သမားများတွင် အနာဂတ်မရှိသောကြောင့်ဖြစ်သည်။ ယနေ့အသက်ရှင်နေသော်လည်း မနက်ဖြန်တွင် သေကောင်းသေနိုင်ပေသည်။ ထိုဖြစ်နိုင်ချေမှာ ၎င်းတို့၏နှလုံးသားထဲတွင် စွဲမြဲနေ၏။
သို့သော်လည်း ဘေးသို့ကြည့်လိုက်လျှင် မျှော်လင့်ရောင်ခြည်တန်းလေးသည် စစ်ရှန်း၏နှလုံးသားထဲ၌ တောက်ပလာသည်။
သူသည်လည်း ဓားများကိုချထားကာ စစ်လင်ကဲ့သို့နေနိုင်မည်ဟု အိပ်မက်မက်နိုင်သည်လော။ လယ်တစ်ကွက်၊ အိမ်ငယ်တစ်လုံး၊ ခြံဝန်းငယ်တစ်ခုနှင့် သူ၏နေ့ရက်များအား အေးချမ်းစွာဖြတ်သန်းနိုင်သည်လော။
သူက မချိပြုံးပြုံးလိုက်ပြီး ခေါင်းရမ်းပြလိုက်သည်။ မည်မျှရယ်စရာကောင်းလိုက်သနည်း။ နေ့တွင်မက်သောအိပ်မက်အား ရနံ့သင်းပျံ့ကာ အရောင်စုံသောအခန်းထဲတွင် ချန်ထားခဲ့ရသည်။
ထိုအချိန်တွင် အိမ်အပြင်ဘက်မှ ရှောင်ချွမ်၏ နှုတ်ဆက်ညည်းတွားသံကိုကြားလိုက်ရသည်။
စုရွှေလျန်က မတ်တပ်ရပ်လိုက်သည်။ နောက်ဆုံးတွင် အားယောင်အိမ်သို့ပြန်လာလေပြီ။ မငြိမ်မသက်ဖြစ်နေသောနှလုံးသားသည် နောက်ဆုံးတွင် စိတ်သက်သာရာရသွား၏။ ထို့နောက်တွင် ထူးဆန်းသောသူစိမ်းယောင်္ကျားတစ်ယောက်နှင့် တစ်မိုးအောက်တွင်ရှိနေခြင်းသည် သူမအား အတော်လေးစိတ်ဖိစီးစေသည်။
"အားယောင် ရှင်ပြန်လာပြီပဲ"
စုရွှေလျန်က ထလာသော စစ်ရှန်းအား ကျော်သွားကာ အိမ်ပြင်သို့ပြေးထွက်သွားသည်။ သူမသည် ခြံဝန်းထဲသို့ဆင်းလိုက်သောအခါတွင် လင်းစစ်ယောင်က သူ၏လယ်ယာပစ္စည်းများကိုချထားကာပြုံးပြလိုက်၏။
"အင်း"
လင်းစစ်ယောင်ခေါင်းညိတ်ပြလိုက်ကာ သူမ၏အသံက စိတ်သက်သာရာရသွာသည့်အသံဖြစ်နေသည့်အတွက် အံ့အားသင့်နေမိသည်။ မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် စုရွှေလျန်ကို သူ့နောက်တွင်ထားလိုက်ပြီး သူမအားကာကွယ်ပေးလိုက်သည်။
သူသည် အိမ်ပြင်သို့ထွက်လာသော စစ်ရှန်းနှင့် မျက်နှာချင်းဆိုင်လိုက်၏။ ကောင်းပေသည်။ သူမသည် တစ်ယောက်ပြီးတစ်ယောက်အား အိမ်ထဲသို့ ဝင်ခွင့်ပြုနေသည်လော။ လူများစိတ်ရှိသည့်အတိုင်း ဝင်ခွင့်ထွက်ခွင့်ပြုနေသည်လော။
“မတွေ့ရတာကြာပြီပဲ"
စစ်ရှန်းက စစ်လင်၏ ကာကွယ်ပေးသောလှုပ်ရှားမှုအားတွေ့လိုက်သောအခါတွင် ပြုံးလိုက်မိသည်။ အမှိုက်မျှသာတန်ဖိုးရှိသော်လည်း သူကနှုတ်ဆက်လိုက်လေ၏။
ထို့နောက်တွင် သူ၏အသက်မဲ့သောမျက်နှာအား အံ့ဩသွားရသည်။ သူကရှေ့တွင်ရှိနေသောသူသည် အမှန်ပင်လူသတ်နတ်ဘုရား စစ်လင်မဟုတ်လော။ အညိုရောင်လယ်သမားဝတ်စုံ၊ ခေါက်တင်ထားသောအင်္ကျီလက်များနှင့် ရွှံ့များပေကျံနေသည့်ဖိနပ်များ။ အေးစက်စက်မျက်နှာပေးနှင့် သတိမမူသောမျက်ခုံးများမှလွဲ၍ လူသတ်သမားတစ်ယောက်၏အရိပ်အယောင်မျိုးမတွေ့ရတော့ပေ။
"တကယ့်ကိုပဲ"
စစ်ရှန်းသည် စစ်ထို၏ပါးစပ်ဖွာမှုကြောင့် ရောက်လာရသည်ကို သူသိပေသည်။ ထိုသူများသည် မည်သည့်အချိန်ကစ၍ မိန်းမများကဲ့သို့ အတင်းအဖျင်းပြောလာတတ်ကြသနည်း။
"ကြည့်ရတာတော့ မင်းကောင်းကောင်းနေနေတာပဲ"
ထိုစကားသည် မလိုအပ်သောလောကဝတ်ပင်ဖြစ်သည်။
စစ်ရှန်းက လက်ချိုးလိုက်ကာ အေးစက်စက် လင်းစစ်ယောင် နှင့်အကြည့်ချင်းဆိုင်နေလိုက်သည်။
အမှန်တွင် ဖုန်းယောင်တရားရုံးနောက်မှလိုက်ခြင်းခံရကာ သေလုမျောပါးဖြစ်သွားပြီးနောက်တွင် သူ့အားတိုက်ခိုက်မည့်လက်နက်တစ်ခုကိုပင် မထုတ်သည့်အတွက်ပင် ကျေးဇူးတင်ရပေမည်။ သူသည် မည်သို့ဖြင့် နွေးထွေးစွာပွေ့ဖက်ကြိုဆိုမှုအား မျှော်လင့်နိုင်မည်နည်း။
ထို့အပြင် လူသတ်သမားများသည် အေးစက်ကာ ခံစားချက်ကင်းမဲ့တတ်သည်။ မလိုအပ်သောသရုပ်ဆောင်မှုများလိုအပ်သည်လော။ စစ်လင်တွင်လည်း ခြွင်းချက်ရှိပြီးဖြစ်၏။
"အားလုံးက မင်းကျေးဇူးတွေကြောင့်ပါပဲ"
လင်းစစ်ယောင်၏မျက်လုံးက သူ့အားစူးစမ်းနေကာ သူသည်လည်း စိတ်မဆိုးပေ။ သူသည် စုရွှေလျန်အား မီးဖိုချောင်ထဲသို့ခေါ်သွားသည်။
“အားယောင် တကယ်အဆင်ပြေရဲ့လား"
စုရွှေလျန်က သူ့အတွက်ခြေလက်ဆေးရန် မီးဖိုချောင်ထဲတွင် လက်ဖက်ရည်နှင့်ရေနွေးပြင်ဆင်ကာမေးလိုက်၏။ သူမက နူးညံ့သောတဘက်တစ်ထည်ကမ်းပေးလိုက်ကာ လက်အခြောက်ခံရန်ဖြစ်သည်။ သူမသည် ခြံထဲရှိ ရှောင်ချွမ်အား မမှိတ်မသုန်ကြည့်နေသာ စစ်ရှန်းအား ချောင်းကြည့်လိုက်သည်။ ကျောင်းနေဖက်ညီနောင်များဖြစ်ကြသည်လော။ အဘယ့်ကြောင့် ညီနောင်ဆက်ဆံရေးမျိုးမပြဘဲ ထူးဆန်းနေရပါသနည်း။
"သူ့ကိုစိတ်ထဲမထားနဲ့"
လင်းစစ်ယောင်က ခြောက်ကပ်ကပ်ဖြင့်ပြောလိုက်၏။ သူသည်လည်း ဖုန်းယောင်အား လက်လွှတ်လိုက်ပြီးဖြစ်သောကြောင့် စစ်ထိုနှင့်အခြားသူများအား ရန်မူတော့မည်မဟုတ်ပေ။
သို့သော်လည်း ၎င်းတို့အား ခွင့်လွှတ်လိုက်သည်ဟုမဆိုလိုပေ။ သူသည် ၎င်းတို့အား ကြိုဆိုလိမ့်မည်ဟုလည်း မဆိုလိုပေ။
***