← Chapters

ကြိုတင်ပြင်ဆင်ခြင်းများ

Vol. 3 Ch. 82

ကြိုတင်ပြင်ဆင်ခြင်းများ

Vol. 3 Ch. 82

ဖုန်းယာအထည်ဆိုင်က သန့်စင်သောအထည်အဖြူလိပ်အား ကိုက်ပေးနေသည်။ လင်းစစ်ယောင်နှင့် စုရွှေလျန်သည် ကလေး၏အဝတ်များအားလုံးကို ဈေးအကြီးဆုံးအစဖြင့် ချုပ်ရန်စီစဉ်ထားကြပေသည်။

ထို့အပြင် နွေရက်များမှာ နီးကပ်လာပြီဖြစ်သည်။ အားယောင်နှင့် သူမတို့နှစ်ဦးလုံးသည် အတွင်းဝတ်များပြောင်းရန် လိုအပ်လာပြီဖြစ်သည်။ ထိုအကြောင်းအားစဉ်းစားကာ စုရွှေလျန်က ဘေးပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်ပြီး ဆိုင်ရှင်အား အခြားအထည်သုံးစအားဖြတ်ပေးရန် ပြောလိုက်သည်။

သူမသည် ပန်းထိုးအလုပ်များဆီသို့ပြန်သွားကာ ငွေစငါးစလက်ခံရရှိခဲ့သည်။ ထိုငွေဖြင့်ကလေးအတွက်လိုအပ်သောပစ္စည်းများဝယ်ရန် စီစဉ်ထား၏။ သူမ မလာခင်တွင် အနှီးနှင့် ပခုံးသိုင်းကဲ့သို့ မွေးပြီးသည့်နောက် လိုအပ်မည့်ပစ္စည်းများအကြောင်းအား အဒေါ်လောင်အားမေးထားပေသည်။

"မိန်းကလေး။ ဒါလေးတစ်ချက်ကြည့်ကြည့်ပါဦး။ ဒီနေ့မှအသစ်ရောက်လာတဲ့အစပါ။ ပင်လယ်ရပ်ခြားကလာတယ်လို့တော့ပြောတာပဲ။ ဈေးကတော့ မိန်းကလေးသာကြိုက်မယ်ဆိုရင် လျော့ပေးပါ့မယ်"

အထည်ဆိုင်ပိုင်ရှင်သည် စုရွှေလျန်နှင့်ရင်းနှီးပေသည်။ သူမက သက်တော့သက်သာရှိကာ ထူးခြားသောအထည်စများအားနှစ်သက်သည်ကို ပိုင်ရှင်ကသိသည်။ ခန့်မှန်းပြောရင်းဖြင့် သူသည် ဆိုင်အကူကောင်လေးအား သူမအတွက် အသစ်ရောက်လာသောအထည်စများသွားယူစေရန် လှမ်းခေါ်လိုက်သည်။

"လီနင်စမလား"

လက်ထဲတွင်မထည့်ဘဲဖြင့် သူမသည် အထည်စအား ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"မိန်းကလေးက သိတယ်လား"

ဆိုင်ရှင်အံ့ဩသွားရသည်။ ထိုလီနင်စကိုရသည်မှာ ၎င်း၏ဆိုင်သည်သာ ပထမဆုံးဖြစ်ကာ အခြားသောဆိုင်များတွင် ရောင်းပင်မရောင်းသေးပေ။

"အရင်က စာအုပ်တစ်အုပ်ထဲမှာတွေ့မိလို့"

စုရွှေလျန်က အလောတကြီးရှင်းပြကာ ပြုံးပြလိုက်၏။ ယခင်က သူမ၏အဝတ်အစားများကို လီနင်စဖြင့်ချုပ်လုပ်ရန် ညွှန်ကြားခဲ့သည်။ တစ်ခုတည်းသောကွာခြားချက်မှာ သူမ၏အစများတွင် ပိုးနှင့်ချည်ဖြင့်ရက်လုပ်ထားကာ ပို၍ကောင်းမွန်ကာ သူမ၏ရှေ့တွင်ရှိသောလီနင်စထက် ပို၍နူးညံ့သည်။

"ဟီးဟီး မိန်းကလေးက တကယ်ကိုအမြင်ရှိတာပဲ။ တကယ်ကို လီနင်စပါ။ အသားအနားက ဒီချည်စလောက်တော့ မနူးညံ့ဘူး။ လေဝင်လေထွက်ကောင်းတယ်။ ရာသီဥတုက စပူလာပြီဆိုတော့ အိမ်မှာဖြတ်ပြီး စမ်းချုပ်ကြည့်ပါလား"

ဆိုင်ရှင်က စုရွှေလျန်အား အကြံပေးလိုက်ကာ သူမအားပြုံးပြလိုက်ပြီး မျက်လုံးများက ကွေးတက်သွား၏။

သူ၏ဘေးတွင်ရပ်နေသောအမျိုးသမီးသည် အမည်မသိအမျိုးသားတစ်ယောက်နှင့်လက်ထပ်ထားသောဇနီးသည်တစ်ယောက်ဖြစ်ကာ ဆိုင်သို့လာရောက်လည်ပတ်လေ့ရှိပြီး လွန်ခဲ့သောတစ်နှစ်ကမှ အဝတ်အစားအချို့ဝယ်သွားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောတစ်နှစ်ကကဲ့သို့ပင် ရွေးထားသောပိတ်အုပ်များအတွက် ငွေများစွာပေးချေတတ်သည်။ စိတ်လွတ်ကိုယ်လွတ်ဝယ်ယူခြင်းဖြစ်သည်ဆိုလျှင်ပင် သူမသည် အထည်ကောင်းများကိုသာ ရွေးချယ်ဝယ်ယူပေလိမ့်မည်။

ဆိုင်ရှင်သည် ထိုမိန်းကလေးအား များစွာလေးစားမိသည်။ သူမသည် ငယ်ရွယ်သည့်ပုံပေါ်သော်လည်း ပိတ်စရွေးသည့်အရည်အချင်းသည် တစ်ခုပြီးတစ်ခုပြောင်းကာ‌ တစ်နာရီမျှကြာအောင်ရွေးတတ်သောမိန်းကလေးများထက်သာသည်။ သူမ မကြာခဏရွေးချယ်တတ်သောအစများမှာ သက်တောင့်သက်သာရှိကာ ဈေးလည်းကြီးပေ၏။

ထိုသို့မျိုးဖြင့် ယခုတစ်ခေါက်တွင်ဆိုင်သို့ဝင်ကာ အစရွေးသောအခါတွင် ဆိုင်ရှင်က အကူအားခေါ်ကာ အသစ်ရောက်လာသောလီနင်အထည်စများကိုနောက်ခန်းထဲမှ သွားယူစေသည်။ ထိုအစသစ်များမှာ ဆိုင်သို့မနေ့ညတွင်မှ ရောက်လာခြင်းဖြစ်သော်လည်း ပြရန်သာရည်ရွယ်ထားရသေးသည်။

"ကောင်းပြီ။ သူဌေး ဒီအရောင်ထဲကနေပြီး ငါးကိုက်လောက်စီဖြတ်ပေးပါဦး"

စုရွှေလျန်ကပြုံးကာခေါင်းညိတ်ပြလိုက်၏။

သူမသည် အပြင်ရင့်ရောင်၊ ခရမ်းဖျော့ရောင်နှင့် အဝါရောင်တို့အား ရွေးချယ်ထား၏။ အပြင်ရင့်နက်ပြာရောင်သည် အားယောင်နှင့်လိုက်ဖက်သည်ဟု သူမထင်မိသည်။ နွေသည်နီးကပ်လာပြီဖြစ်ကာ ထိုအစဖြင့် အပြင်ဝတ်ချုပ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ခရမ်းဖျော့ရောင်သည်မူ သူမအတွက်ဖြစ်သည်။ ထိုလီနင်စအား အင်္ကျီလက်ကားပုံစံချုပ်ကာ လည်ထောင်အပေါ်ပိုင်းအား ပေါ့ပါးသောစကပ်ဖြင့်ချုပ်ရန်စီစဉ်ထားကာ အဝတ်အစားများမှာ ပေါ့ပါးကာ လေဝင်လေထွက်ကောင်းပေလိမ့်မည်။ ထို့အပြင် ပွရောင်းရောင်းစကပ်သည် သူမ၏ပူထွက်လာသောဗိုက်အား ကာပေးပေလိမ့်မည်။

နူးညံ့သောအဝါဖျောလေးမှာမူ ကလေးအတွက် အင်္ကျီအရွယ်အစားမျိုးစုံချုပ်လုပ်ရန်ဖြစ်သည်။

သူမသည် ရှည်လျားကာ တောက်ပြောင်သောအရောင်ရှိသည့် ချည်အားလည်းရွေးထားသေးသည်။ ထိုချည်မှာမူ မီးဖွားသည့်ကာလအတွင်းတွင် အနှီးအဖြစ်အသုံးပြုရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

စုစုပေါင်း စုရွှေလျန်သည် အထည်စဆယ်စဝယ်ယူခဲ့သည်။

ဆိုင်ရှင်ကပြုံးရင်းဖြင့် စုစုပေါင်းကုန်ကျစရိတ်အားပေါင်းနေသည်။

"မိန်းကလေး ဒီမှာ။ မင်းအတွက်ကုန်ကျငွေပါ။ စုစုပေါင်း ငွေစသုံးစကျပါတယ်"

ဆိုင်ရှင်သည် ပြုံးမပြခင်တွင်ပေသီးတွက်ခုံအား တဂျောက်ဂျောက်ဖြင့်ပေါင်းနေကာ လင်းစစ်ယောင်ပေးသောခုံတစ်ခုံတွင်ထိုင်နေသော စုရွှေလျန်အား ပြောပြလိုက်သည်။

ဒုတိယတစ်ခေါက်ပြောစရာမလိုစွာဖြင့် လင်းစစ်ယောင်က အင်္ကျီလက်ထဲသို့နှိုက်လိုက်ကာ ငွေစသုံးစထုတ်ယူလိုက်ပြီး ဆိုင်ရှင်လက်ထဲသို့ထည့်ပေးလိုက်သည်။ ဆိုင်အကူသည် ပိတ်စများအား ချည်ကြိုးဖြင့် တင်းတင်းကျပ်ကျပ်ချည်လိုက်သည်။ လက်တစ်ဖက်တွင် ထိုအရာအားကိုင်ထားကာ တစ်ဖက်သည် သူမအားရပ်နိုင်ရန် ကူညီပေးထားသည်။

"အဟင်း အဟင်း ဘယ်မိသားစုကောင်လေးကိုများပိုင်ဆိုင်ထားတာလဲ။ သူ့ဇနီးက ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို ကောင်းကောင်းလေ့ကျင့်ပေးထားတာပဲ။ ကြည့်ရတာတော့ ကလေးရှိနေတဲ့ပုံပဲ။ အံ့ဩစရာတော့မရှိပါဘူး"

"ဘယ်မိသားစုကများ ဒီမြို့ထဲမှာ ဒီလောက်လှတဲ့ချွေးမလေးရှိရတာလဲ။ တစ်ခါမှသတင်းမကြားဖူးပါဘူး"

"ဟုတ်လား။ ငွေသုံးတဲ့နေရာမှာလည်း ကျွမ်းကျင်သားပဲ။ ငွေစသုံးစတဲ့လေ။ ငါ့မိသားစုတစ်နှစ်ပတ်စာအသုံးစရိတ်ကာမိတယ်"

"အဲ့လိုလား။ လီနင်အထည်က အရမ်းဈေးကြီးတာ။ အဝတ်အစားသုံးစုံစာအတွက် ဝယ်သွားတယ်လေ"

"ဆိုင်ရှင် သူတို့က ဘယ်မိသားစုကလဲဆိုတာသိလား"

"မသိဘူး"

"အမ်... ဘာလို့သူ့ကိုရင်းနှီးတဲ့ပုံပေါ်နေပါလိမ့်"

"ဟုတ်သားပဲ။ အဲ့မိန်းကလေးက အမြဲတမ်းဆိုင်လာပြီး အဝတ်အစားဝယ်တတ်တယ်။ အခုသူလာတာ ပုံမှန်လိုဖြစ်နေပြီ"

"ကိစ္စမရှိပါဘူးလေ။ ဘယ်သူကများ သူတို့ဘယ်မိသားစုကဆိုတာ ဂရုစိုက်နေလို့လဲ။ ဆိုင်ရှင်...လီနင်အထည်က တကယ်ရောကောင်းရဲ့လား။ ကျွန်မလည်း ငါးကိုက်ယူမယ်။ အင်္ကျီတစ်စုံလောက်စမ်းချုပ်ကြည့်ရမယ်"

"လာလာ။ အာမခံတယ်၊ စမ်းသာကြည့်ပြီးရင် မိန်းကလေး ဘယ်တော့မှအခြားပစ္စည်းဝယ်တော့မှာမဟုတ်ဘူး"

"အဲ့လောက်ကို ကောင်းလို့လား။ အဲ့လိုဆို ကျွန်မလည်း ငါးကိုက်ယူမယ်"

"ဆိုင်ရှင်။ ကျွန်မလည်းလေးကိုက်။ ကောင်းတယ်ဆိုရင် ထပ်လာခဲ့မယ်"

"ဟားဟားဟား။ ကောင်းပါပြီ။ ကောင်းပါပြီ။ အားလုံးအတွက် လုံလုံလောက်လောက်ရှိပါတယ္။ စိတ်ချပါ။ မိန်းကလေးတို့..."

စုရွှေလျန်ကိုပင် ကျေးဇူးတင်ရပေမည်။ ဖုန်းယာထည်ဆိုင်၏အသစ်စက်စက်ရောက်လာသော လီနင်အထည်လိပ်သုံးဆယ်သည် ပထမနေ့တွင်ပင် ရောင်းကုန်သွားခဲ့သည်။ ဆိုင်ရှင်သည် လွန်စွာဝမ်းသာနေသောကြောင့် စုရွှေလျန် သူ့ဆိုင်သို့နောက်တစ်ခေါက်လာလျှင် ဈေးအများကြီးလျှော့ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းတွင် နောက်တစ်လကုန်ဆုံးသွားလေသည်။ နွေရာသီသည် ဖန်းဟွာမြို့သို့ သက်ဆင်းလာပြီဖြစ်၏။

ယခုတွင် သူမသည် ပထမကိုယ်ဝန်သုံးလ၏အဆုံးသတ်သို့ရောက်ရှိကာ စုရွှေလျန်၏ မနက်ခင်းနေမကောင်းဖြစ်ခြင်းသည်လည်း တိုးတက်လာပြီဖြစ်၏။ သူမတွင်စားချင်စိတ်မရှိမရှိလှသော်လည်း အနည်းဆုံးတွင် ပျို့အန်ခြင်းများမဖြစ်တော့ကာ ရံဖန်ရံခါမျှသာဖြစ်တော့၏။ တစ်ခုတည်းသောပြဿနာမှာ ကိုယ်ဝန်ရှိလာစဉ်ကစလို့ ယခင်ကကဲ့သို့ ကောင်းကောင်းမအိပ်စက်နိုင်တော့ခြင်းဖြစ်၏။

နေ့တိုင်း မနက်သုံးနာရီနှင့်ငါးနားကြား၌ ငါးမိနစ်မှဆယ်မိနစ်ထိ နိုးနေတတ်သည်။ ထိုအခါမှသာ လင်းစစ်ယောင်သည် နေ့တိုင်းမနက်စောစီးစွာထတတ်သည်ကို သဘောပေါက်လာသည်။ မြောက်ပိုင်းခြံထဲရှိဝေယျာဝစ္စများလုပ်ပြီးသည့်နောက်တွင် တောင်ပိုင်းခြံသို့သွားကာ ထို့နောက်တွင် မီးဖိုချောင်ထဲသို့သွား၏။

သူသည် မည်သည့်အခါမျှ ခေတ္တမျှပင်မနားကာ မနက်ငါးနာရီမှခုနှစ်နာရီအထိ အိမ်တစ်လျှောက်တွင် လှုပ်ရှားသွားလာနေရသည်။

“အားယောင်...”

သူမထလာပြီးနောက်တွင် စုရွှေလျန်က ဆံပင်ကို ရိုးရှင်းစွာပြင်ဆင်လိုက်ကာ မီးဖိုချောင်ထဲသို့သွားသည်။ စုရွှေလျန်ခြံတောင်ပိုင်းသို့ရောက်သောအခါတွင် မျှော်မှန်းထားသည့်အတိုင်းပင် လင်းစစ်ယောင်သည် ကြက်ခြံအားဂရုစိုက်ပေးနေလေသည်။

"ဘာလို့ နည်းနည်းကြာကြာလေးထပ်မအိပ်ရတာလဲ"

နှလုံးသားမှစိတ်ပူပန်းခြင်းအား စုရွှေလျန်ရှင်းရှင်းလင်းလင်းခံစားမိသည်။ စုရွှေလျန်သည် နွေဦးရာသီအတွက် လေဝင်လေထွက်ကောင်းသော အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသော်လည်း ဝတ်စုံ၏ပါးလွှာသောအစသည် သူမ၏ပုံရိပ်အား မဖုံးကွယ်ထားနိုင်ပေ။ သူမသည် ထိုသို့မျိုးသာ ကိုယ်အလေးချိန်ဆက်ကျနေပါလျှင် မည်သို့လုပ်မည်နည်း။ မီးဖွာစဉ်အတွင်း ခက်ခဲရှုပ်ထွေးမှုများဖြစ်လာလျှင်...။

အဝတ်အစားသေတ္တာအောက်တွင်သိမ်းထားသော ကျောက်စိမ်းအမြုတေရည်ပါသည့် ဘူးသီးခြောက်ပုလင်းအားပြန်ယူကာ သူမအားတိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် ထိုမျှပိန်နေပါလျှင် မီးဖွားသည့်အခါတွင် မည်သို့လုပ်မည်နည်း။ သိုင်းပညာတက်ကျွမ်းသောသူ့အတွက် ထိုသို့အသုံးမချလျှင် တန်ဖိုးရှိတော့မည်မဟုတ်ပါ။

"ကျွန်မအိပ်ပြီးပြီလေ"

စုရွှေလျန်က သူ့မျက်နှာပေါ်ကချွေးများကိုသုတ်ပေးလိုက်ကာ ပြုံးလိုက်ပြီး

"ရှင်းဇနီးအဖြစ် သင့်လျော်တဲ့အလုပ်တစ်ခုကိုတောင်မလုပ်ရသေးဘူး။ ရှင်ဒီလောက်စောစောနိုးတယ်ဆိုတာကို မသိခဲ့ဘူး"

"အဓိပ္ပာယ်မရှိတာ"

လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

"ကိုယ်တို့ သဘောတူထားတဲ့အတိုင်းလုပ်နေတာပဲ‌။ ပြီးတော့ဝမ်းသာလိုက်။ မင်းက ဇနီးကောင်းလုပ်ရမှာလွဲလို့ ဘာမှလုပ်စရာမလိုဘူး။ အဲ့လိုထပ်မပြောနဲ့"

"အဲ့လိုဆိုလည်း ကောင်းပါပြီ"

သူသည် ထိုအကြောင်းနှင့်ပက်သက်၍ လွန်စွာလေးနက်နေသည်ကို တွေ့ရသောကြောင့် ခေါင်းညိတ်ပြကာသာ သဘောတူလိုက်၏။

" အားယောင်...အဒေါ်ထျန်းက မနေ့က ဦးလေးထျန်း ကလေးပုခက်လုပ်ပြီးသွားပြီလို့ လာပြောတယ်။ ဒီနေ့ယူလာပေးမယ်တဲ့"

လွန်ခဲ့သောရက်အနည်းငယ်ခန့်က အားယောင်သည် ကလေးမွေးမည်နှင့်ပက်သက်သည့်အရာအားလုံးအား ပြင်ဆင်ကာဖြင့် အလုပ်ရှုပ်နေပေသည်။ အတွင်းခံအဝတ်မှစ၍ ကလေးပုခက်အထိပင်ဖြစ်သည်။ ယခုတွင် ပြီးလုနီးပါးဖြစ်လေပြီ။

လင်းစစ်ယောင်သည် ထျန်းတဖူအား စုရွှေလျန်လက်ဖြင့်ဆွဲထားသောပုံကိုအခြေခံကာ ပုခက်အားပြုလုပ်ခိုင်းသည်။ အသုံးပြုသောသစ်သားမှာ သူကိုယ်တိုင် ဖြတ်တောက်ထားခြင်းဖြစ်သည်။ သစ်သားသည် ထိပ်တန်းအရည်အသွေးရှိ တရှီတောင်မှ ဝမ်ကွေ့သစ်သားဖြစ်ကာ ပုံစံသည် စုရွှေလျန်တစ်ယောက် စူကျိုးမြို့တွင် ခေတ်အစားဆုံးပုံစံအား မှတ်မိသလောက်ပြန်ဆွဲထားခြင်းဖြစ်သည်။ ကလေးကပုခက်နှင့်ကုတင်အဖြစ် နှစ်ခုလုံးအဖြစ်သုံး၍ရကာ တစ်မီတာကျယ်ကာ တစ်မီတာမျှရှည်သည်။ သာမန်အားဖြင့် မွေးလာသောကလေးသည် ခြောက်လအထိ ပုခက်လိုအပ်ကာ ထို့နောက်တွင်မူ ကလေးကုတင်ထဲတွင် အိပ်စက်နိုင်ပြီဖြစ်၏။ ကုတင်အရွယ်စားကိုအခြေခံ၍ ကလေးသုံးနှစ်မျှအထိ သုံးနိုင်မည်ဖြစ်သည်။

ထို့နောက်တွင်မူ....

လင်းစစ်ယောင်သည် အိမ်မြောက်ပိုင်းနှင့် အနောက်ပိုင်းရှိအသုံးမပြုသောမြေအချို့ကိုဝယ်ရန် စီစဉ်နေပေသည်။ လက်ရှိအိမ်သည် အိုဟောင်းလာကာ ဖွဲ့စည်းပုံမှာလည်း အချိန်နှင့်အမျှပျက်စီးလာပြီဖြစ်သောကြောင့် ကျယ်ဝန်းကာ ခန်းမနှစ်ခုနှင့်ခြံဝန်းသုံးခုပါသော ပို၍ကြီးသောအိမ်ကိုဆောက်ရန် လိုအပ်လာပြီဖြစ်သည်။ အမှန်တွင် အိမ်အဟောင်းအား ဖြိုပစ်သင့်ပေသည်။ လင်းစစ်ယောင်oည် မိမိအလိုရှိသည်ကို သိပြီးဖြစ်သည်။ သူသိမှာကြာလှပြီဖြစ်၏။

"ကောင်းပြီ။ အရင်ဆုံးမနက်စာစားရအောင်။ မင်းကြိုက်တဲ့ မှိုဟင်းချိုလုပ်ထားတယ်။ အဲ့တာကြောင့် များများသောက်နော်"

လင်းစစ်ယောင်သည် ကြက်ခြံအား ရှင်းလင်းသန့်စင်ပြီးနောက်တွင် ကြက်ချေးများကျုံးကာ လက်ဆေးရန်ထွက်သွားသည်။ ထို့နောက်တွင် ဗိုက်ဆာနေပြီဖြစ်သော စုရွှေလျန်အား မီးဖိုချောင်ထဲသို့ ခေါ်သွားလေသည်။

မနက်(၇)နာရီနှင့် (၉)နာရီပြီးနောက်တွင် လင်းစစ်ယောင်သည် အပြင်သို့ထွက်ရန် စီစဉ်နေလေပြီ။

"မင်း...မင်းကိုယ်မင်းဂရုစိုက်ဦး။ နေ့လည်ပိုင်းမတိုင်ခင် ပြန်လာခဲ့မယ်"

လင်းစစ်ယောင်က ရှောင်ချွမ်အား ချယ်ရီပင်အောက်ကအကွာတွင် သူမအားစောင့်ကြည့်ရန် မှာနေလေသည်။ စုရွှေလျန်သည် ချယ်ရီပင်အောက်ရှိခုံတန်းရှည်တွင်ထိုင်နေကာ သူ၏နွေရာသီအဝတ်အထည်များအား ချုပ်လုပ်နေပေသည်။

"စိတ်ချပါ။ နှစ်နာရီလောက်ပါပဲ။ အဲ့ဒီအချိန်အတောအတွင်းမှာ ကျွန်မဘာဖြစ်နိုင်မှာမလို့လဲ"

သူမက သူ့အားကျီစယ်လိုက်သည်။

"ကောင်းပြီ။ ရှင်ပြန်အလာကို ဒီမှာဂရုတစိုက်ထိုင်စောင့်နေပါ့မယ်။ ဟုတ်ပြီလား"

သူသည် မုန့်ပန်းကန်အချို့နှင့် ရေပုလင်းအား ကျောက်တုံးစားပွဲပေါ်တွင်ချထားပေးခဲ့သည်။ သူမလုပ်ရမည်မှာ ထိုအရာများအားယူ၍စားရန်သာဖြစ်သည်။

"ကိုယ်ရည်ရွယ်တာအဲ့လိုမဟုတ်ဘူးနော်"

လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ကျွန်မသိပါတယ်။ ကျွန်မကရှင်တွေးသလိုမျိုးလည်း နူးညံ့နေတာမဟုတ်ပါဘူး။ အဲ့တာအပြင် အရင်ရက်တွေကတည်းက ကျောက်စိမ်းအမြုတေရည်ကိုသောက်ထားပါတယ်။ အဲ့တာကြောင့် စိတ်ပူစရာမလိုပါဘူး"

စုရွှေလျန်က သူမအားစိတ်ပူနေသည်ကိုသိသော်လည်း် သူ၏အကာအကွယ်လွန်နေသောစိတ်သည် သူမ၏အမေနှင့်နှိုင်းယှဉ်လျှင်ပင် ပို၍လွန်ကဲနေပြီဖြစ်၏။

"ကောင်းပြီ။ အဲ့လိုဆို အခုကိုယ်သွားတော့မယ်။ ဘယ်သူတံခါးလာခေါက်ခေါက် ဘာကိစ္စရှိရှိ ဖွင့်မပေးနဲ့နော်"

သူသည် သူမ၏လုံခြုံရေးအတွက်ကိုမူ လုံလောက်စွာအသားမပေးနိုင်သေးပေ။

ယခုတွင် ရှောင်ရွှယ်သည်လည်း တရှီတောင်ပေါ်သို့ ဝံပုလွေဘုရင်နှင့်နေထိုင်ရန် ဝံပုလွေပေါက်လေးသုံးကောင်ကို ခေါ်သွားပြီဖြစ်၏။ ယခုတွင် ရှောင်ချွမ်သာကျန်တော့သည်။ လင်းစစ်ယောင်မည်သို့စိတ်အေးနိုင်မည်နည်း။

ယခင်ကတံခါးလာခေါက်သောသူများမှာ အချစ်ရူးများ၊ ဓားပြများနှင့် သူ၏အဖွဲ့အစည်းမှ လူသတ်သမားများသာဖြစ်သောကြောင့် စိတ်ပူမိသည်မှာ မထူးဆန်းပေ။

စစ်ထိုချန်ထားခဲ့သည့် လျှို့ဝှက်ချက်ပြခြင်းကြောင့်သာ မဟုတ်လျှင် သူသည် အိမ်မှခြေတစ်ဖဝါးမှပင်ခွာမည်မဟုတ်ပါ။

တစ်ခုခုမှားယွင်းနေလေပြီ။ လင်းစစ်ယောင်မျက်မှောင်ကြုတ်လိုက်မိသည်။ စစ်ထိုသုံးသောလျှို့ဝှက်ကုတ်မှာ အနည်းဆုံးတွင် သုံးယောက်ထဲမှတစ်ယောက်သည် ပြင်းပြင်းထန်ထန်ဒဏ်ရာရထားကြောင်း ပြောနိုင်ပေသည်။ ထိုသို့မှမဟုတ်လျှင် စစ်လော့၏စပ်စုတတ်သောသဘာဝဖြင့်ဆိုလျှင် တာဝန်ထမ်းဆောင်ပြီးသည်နှင့် သေချာပေါက်လာရောက်လည်ပတ်မည်ဖြစ်သည်။

လင်းစစ်ယောင်သည် အရှိန်မြှင့်လိုက်သည်။ ထိုအချိန်တွင် အနီးအနာတွင်သာ တစ်ယောက်ယောက်ရှိလျှင် အေးစက်သောလေတိုးသွားမည်ဟုသာထင်ကာ အစိမ်းရောင်ပုံရိပ်တစ်ခုဖြတ်သွားသည်ကိုသာ မြင်နိုင်ပေလိမ့်မည်။

***

All Chapters