သတ္တုရိုင်းအပြုန်းအခန်း။နှစ်ယောက် တစ်ယောက် တိုက်ပွဲ
Vol. 6 Ch. 90
“ မင်းက ဘယ်သူလဲ။မင်းဘယ်လိုလုပ် ဒီကို လာရဲရတာလဲ။ ”
ယာဂတ်စ် ဖြစ်ဟန်တူသည့် မဟာနတ်ဆိုးက အော်ပြောလိုက်သည်။
သူ၏ဘေးမှ မိန်းမအသံတစ်သံ ထွက်လာသည်။
“ အပိုတွေ မေးမနေနဲ့တော့။ဆာ-ဘာနကယ်ရဲ့ အိမ်မွေးတိရစ္ဆာန် နာဂူရာလာ ဒီလောက်တောင် ဒဏ်ရာရထားတာကို ရှင်မမြင်ဘူးလား။ကျွန်မတို့သူ့ကိုဖမ်းပြီး အပိုင်းပိုင်းဖြစ်အောင် လုပ်ရမယ်။ ”
ထိုသို့ပြောပြီးသည်နှင့် မဟာနတ်ဆိုးနှစ်ယောက်စလုံးသည် နတ်ဆိုးမီးတောက်များကို တစ်ပြိုင်တည်းနီးပါး လောင်မြိုက်စေခဲ့သည်။
ယနေ့၏ကြမ်းတမ်းလှသော တိုက်ပွဲကို ရှောင်လွဲ၍မရနိုင်တော့ကြောင်း ချန်လွေ့ သိသည်။ယာဂတ်စ်၏ လက်နက်သည် ထိကပြန်နှင့် ဆင်တူသည်။ဤနေရာသည် ကျယ်ဝန်းပြီး ဟင်းလင်းနေခြင်းကြောင့် ချန်လွေ့အတွက် အရေးမသာနေပေ။ ချန်လွေ့သည် တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားပြီး အဓိကတွင်းဆီ ပြေးလိုက်သည်။ယာဂတ်စ် နှင့် ရှယ်လီ တို့သည် သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။ထို့ကြောင့် အမြန်ပင် လိုက်ဖမ်းတော့သည်။
ဒိုဒိုသည် ပို၍ပင် မြန်ဆန်လှသည်။သူ့ကိုယ်သူ နှေးကွေးကြောင်း သိသည့်အတွက် ချန်လွေ့၏ပုခုံးပေါ်တက်ကာ လမ်းကြုံစီးလိုက်သည်။ဆဲဘရတ်စ်လည်း ဒဏ်ရာ များကြောင့် ဒေါသထွက်သွားရင်း ဟိန်းဟောက်ကာ လိုက်ဖမ်းတော့သည်။
မျက်မိတစ်မှိတ်အတွင်းမှာပင် ပုံရိပ်သုံးလေးခုသည် အဓိကတွင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြသည်။
အဓိကတွင်းကို ဆောက်လုပ်ထားသည်မှာ နှစ်ထောင်ချီနေပြီ ဖြစ်သည်။အထူးသဖြင့် တူးဖော်ပြီးသွားသည့် အထက်လွှာ ဖြစ်သည်။အတော်လေး ကျယ်ဝန်းလှပြီး ပင့်ကူအိမ် ကဲ့သို့ ရှုပ်ထွေးလှသည့် ဝင်္ကပါလိုမျိုး ဖြစ်နေသည်။အကွာအဝေး တစ်ခုတိုင်းတွင် အလင်းရရန်အတွက် မှော်မီးအိမ်တစ်လုံး ရှိသည်။အဓိကတွင်းသို့ ချန်လွေ့ ဝင်ရသည့် အကြောင်းရင်းမှာ မြေနေရာကို အသုံးချပြီး တိုက်ခိုက်ရန်ဖြစ်သည်။သို့သော်လည်း ဆဲဘရတ်စ်၏ နှာခေါင်းသည် အတော်လေး စူးရှပြီး အမြန်နှုန်းလည်း မြင့်မားလှသည်။ ၎င်းသည် တင်းတင်းကြပ်ကြပ် လိုက်နေပြီး အတော်လေး စိတ်ရှုပ်စရာကောင်းလှသည်။
“ ဒိုဒို။ဆဲဘရတ်စ်ကို မင်းဆီ တာဝန်ပေးလိုက်ပြီ။ငါသေရင် မင်းလည်း အသက်ရှင်မှာ မဟုတ်ဘူး။ ”
ထိုစကားလုံးတိုင်းကို [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ပြောလိုက်ခြင်းဖြစ်သည်။ ထိုစကားကို ချွဲကျိကောင် ကြားလိုက်သည့်အခါ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့သွားသွားသလို ခံစားလိုက်ရသည်။၎င်း၏ ရက်စက်လှသည့်သခင်သည် ၎င်းကို ဆဲဘရတ်စ်ဆီသို့ တည့်တည့်ပစ်ထည့်လိုက်ခြင်း ဖြစ်သည်။
ဆဲဘရတ်စ်သည် ရန်သူတစ်ယောက်၏ အနံ့ကိုခံမိသွားပြီး ရုတ်တရက် အရှိန်လျှော့ကာ ဒိုဒိုကို စတင်ကိုက်ဖြတ်တော့သည်။ထိုလုပ်ရပ်သည် လျှပ်တစ်ပြတ်အတွင်း ဖြစ်သွားပြီး ရှယ်လီနှင့်ယာဂတ်စ်တို့မှာ မရပ်တန့်ဘဲ ချန်လွေ့နောက်ကို တင်းတင်းကြပ်ကြပ် လိုက်တော့သည်။
နောက်ဆုံး၌ ဒိုဒိုသည် ဆဲဘရတ်စ်၏ ကိုက်ခဲမှုမှ လွတ်မြောက်သွားပြီး နံရံပေါ်တွင် တုန်လှုပ်စွာ ကပ်နေလိုက်သည်။ဒိုဒိုသည် ၎င်း၏သခင်ကို မကျေမနပ်ဖြစ်နေသော်လည်း ခုနကစကားသည် ထွက်ပြေးချင်နေသည့် ချွဲကျိကောင်ကို စိတ်ပြောင်းစေခဲ့သည်။ ဒီခေါင်းနှစ်လုံးကောင်ကြီးနဲ့ လူဆိုးနှစ်ယောက်သာ သခင်ကို တိုက်ခိုက်ကျရင် သခင်က သေချာပေါက် သေမှာပဲ။သခင်သေရင် ဒိုဒိုလည်းသေမှာ။
ကြက်သွန်နီခေါင်းသည် အောက်ဘက်တွင် ဟိန်းဟောက်နေသည့် ဆဲဘရတ်စ်ကို စစ်ဆေးကြည့်လိုက်သည်။ဤ ခေါင်းနှစ်လုံး ဆဲဘရတ်စ်၏ အင်အားသည် အတော်လေး လျော့နည်းသွားပုံရသည်။အာနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့ခြင်း သည် ဒိုဒို၏ စရိုက်ပင် ဖြစ်သည်။ရုတ်တရက်ပင် ဒိုဒိုသည် သတ္တိရှိသွားပြီး ခန္ဓာကိုယ်ကို ဆွဲဆန့်ကာ ခေါင်းနှစ်လုံး ဆဲဘရတ်စ်ကို ရစ်ပတ်လိုက်သည်။
ချန်လွေ့၏ ရည်ရွယ်ချက်အမှန်သည် ထွက်ပြေးရန် မဟုတ်ပေ။သို့မဟုတ်ပါက အဓိကတွင်းဆီသို့ ထွက်ပြေးမည့်အစား တောင်ခြေသို့ပြေးသွားမည် ဖြစ်သည်။“ အမှောင်ဆန္ဒ ” ၏ [ တယ်လီပို့ ] အစွမ်းကိုလည်း သုံး၍လည်း ရပေသည်။ယခုတွင် ဆဲဘရတ်စ်သည် အပြင်းအထန် ဒဏ်ရာရနေပြီ ဖြစ်သည်။ထို့ကြောင့် ဤအခြေအနေကို တိုးတက်စေရန် သူဘာမှ လုပ်၍မရတော့ပေ။မဟာနတ်ဆိုး နှစ်ယောက်ဆီသို့ လွှတ်မြောက်သွားခဲ့လျှင်တောင် သူ့ကို မိုင်းတွင်းရုံးခန်းမှဖြစ်သည်ဟု သံသယရှိ လာနိုင်သည်။မည်သို့ပင် ဆိုစေကာမူ ချန်လွေ့နှင့် အသီနာတို့သည် ယနေ့မှ ရောက်လာခြင်းဖြစ်သည်။ထို့ကြောင့် အရာအားလုံးသည် တိုက်ဆိုင်လွန်းနေသည်။
ထို့ပြင် ရှီလန်တောင်သို့ ချန်လွေ့လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အရှိန်အဝါကြောင့် ဖြစ်သည်။ယခုတွင် ဘာနကယ်သည် လိုင်ရာမြိုသို့ရောက်နေသည်။ဤရန်သူ နှစ်ယောက်ကို သူသတ်ပစ်နိုင်လျှင် သတ္တုရိုင်းအပြုန်း အခန်းရှိ အရှိန်အဝါအားလုံးကို ရရှိနိုင်ပေသည်။
ထို့ပြင် မိုင်းတွင်းအရာရှိ ခန့်အပ်ခြင်းသည် ဂျိုးဆက်ပ်၏ အကြံအစည်ဖြစ်သည်။ ရွေးချယ်စရာ မရှိတော့လျှင် ချန်လွေ့သည် မိုင်းလုပ်သားများကို လွှတ်ပေးပြီး ထွက်ပြေးနိုင်အောင် လုပ်ပေး၍ရသည်။ထို့နောက် အမှောလမြို့ဆီပြန်လာကာ “ သတင်းပို့ ” ၍ရပေသည်။မိုင်းတွင်း၏ တကယ့်အခြေအနေကို ရှီရာသိသွားလျှင် ပုံမှန်အတိုင်းလုပ်မည် မဟုတ်တော့ပေ။
သို့သော်လည်း ဤရန်သူနှစ်ယောက်သည် ကိုင်တွယ်ရ ခက်ခဲလှသည်။ တစ်ယောက်တည်းဆိုလျှင် သူတို့၌ [ တယ်လီပို့ ] ရှိလျှင်တောင် ချန်လွေ့အတွက် ထွက်ပြေးရန် မခက်ခဲလှပေ။သို့သော်လည်း နှစ်ဖက်စလုံးသည် ချိန်သားကိုက်နေသည့် ရန်သူနှစ်ယောက် ရှိနေသည်။ချန်လွေ့သည် သူတို့၏ ခဏသာ မျက်ခြေဖြတ်ထားနိုင်ပြီး ခဏအကြာအတွင် ပြန်မှီလာတော့သည်။
တယ်လီပို့ခုန်လာသည့် ရှယ်လီကို ချန်လွေ့ ရှောင်တိမ်းလိုက်သည်။သို့သော်လည်း ဝှီခနဲအသံများသည် သူ၏မျက်နှာကို ချဉ်းကပ်လာနေသည်။ချန်လွေ့သည် ကိုင်းညွှတ်ရန်သာ အချိန်ရပြီး ယာဂတ်စ်၏ ကောက်ရိတ်ဓားပျံကို ရှောင်တိမ်း လိုက်သည်။ထို့နောက်တွင် ရှယ်လီ တိုက်ခိုက်ပြန်သည်။
ချန်လွေ့ မရှောင်နိုင်တော့ပေ။ထို့အချိန်တွင် [ အရှိန်အဝါဓားသွား ] ၏ အစွမ်းသည် မပျောက်ကွယ်သေးပေ။ထို့ကြောင့် ချန်လွေ့သည် ရှယ်လီကို ခုတ်ချလိုက်သည်။ ဆဲဘရတ်စ်ခေါင်းအား ချန်လွေ့ ဖြတ်လိုက်သည်ကို တွေ့မြင်ခဲ့ရသည့် ရှယ်လီက ထိုလျို့ဝှက် နည်းစနစ်သည် ကြောက်မက်ဖွယ်ကောင်းသည်ကို သိသည်။ထို့ကြောင့် တိုက်ရိုက်မခုခံရဲပေ။ရှယ်လီ၏လက်ထဲတွင် ထူးဆန်းသည့် ပုံစံရှိသော ဓားမြှောင်များ ပေါ်လာပြီး ချန်လွေ့၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။ထိုလက်နက်သည် တစ်မီတာ ရှည်ပြီး လက်ကိုင်သည် အလယ်၌ ဖြစ်သည်။အစွန်းနှစ်ဖက်တွင် ထိပ်ဖျားသုံးခုရှိသည့် ဓားသွားရှိပြီး နတ်ဆိုးဘုံရှိ ထိပ်ဖူးနှစ်ခုပါသော ကြာပန်းကဲ့သို့ပင် ဖြစ်သည်။
သူ၏ [ အရှိန်အဝါဓားသွား ] သည် ရှယ်လီ၏ဓားမြှောင်ကို ယှဉ်နိုင်မနိုင် ချန်လွေ့ မသေချာပေ။ချန်လွေ့ကို လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး ဓားမြှောင်၏ နောက်ဘက်ကို ရိုက်ချလိုက်သည်။အမှန်တကယ်ပင် မီးပွင့်များ ထွက်လာသည်။ ရှယ်လီသည် ဓားမြှောင်၏ လက်ကိုင်မှတစ်ဆင့် ပုခုံးဆီ ရောက်ရှိသွားသည့် အလွန်ပြင်းထန်သော ထက်မြက်မှုတစ်ခုကို ခံစားလိုက်ရသည်။ဓားသွား ဖြတ်သွား သကဲ့သို့ပင်ဖြစ်သည်။ ဒဏ်ရာတစ်ခု ချက်ချင်းပေါ်လာသည်။ကံကောင်းသည်မှာ ထိုဓားမြှောင်သည် ဖန်တီးပြုပြင်ထားသည့် မှော်လက်နက်တစ်ခုဖြစ်သည့်အတွက် ထိခိုက်မှုအများစုကို ခုခံနိုင်ခဲ့သည်။သို့မဟုတ်ပါက ရှယ်လီ၏ လက်တစ်ဖက်လုံး ပြတ်ထွက်သွားမည် ဖြစ်သည်။ရှယ်လီသည် ပါ့ဂ်လီအို မဟုတ်ပေ။ထို့ကြောင့် သူဘာမှ မထိမ်ချထန်ထားပေ။ချန်လွေ့၏ လက်နောက်ဘက်သည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ မည်သို့ပင်ဖြစ်စေ [ အရှိန်အဝါဓားသွား ] သည် ပြိုင်ဘက်ကင်းလှသည် မဟုတ်ပေ။
ရှယ်လီ စိတ်ထဲ၌ ကြောက်မိသွားပြီး မစွန့်စားရဲတော့ပေ။အဝေးသို့ခုန်ကာ ဆုတ်ခွာပြီး [ အရှိန်အဝါဓားသွား ] ၏ ခုတ်ချက်ကို ရှောင်တိမ်းလိုက်သည်။ချန်လွေ့သည် ရှယ်လီနောက် လိုက်ချင်ခဲ့သည်။သို့သော်လည်း သူ၏နောက်ဘက်ရှိ ထက်မြက်သည့် လေသည် အသံမြည်လာပြန်သည်။အချိန်သည် တော်တော်လေး တိကျလှသည်။ ရှောင်တိမ်းရန် လုံးဝမဖြစ်နိုင်တော့ပေ။ချန်လွေ့ ချက်ချင်း အော်ဟစ်လိုက်ပြီး လှည့်လိုက်သည်။ထို့နောက် နောက်ပြန်မလှည့်ကြည့်ဘဲ လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့်[ အရှိန်အဝါဓားသွား ] သုံးကာ ခုခံလိုက်သည်။ကောက်ရိတ်ဓားပျံသည် ချက်ချင်းပင် နှစ်ပိုင်းပြတ်သွားသည်။
ယာဂတ် အံ့ဩသွားသည်။သို့သော်လည်း ကြောက်မနေပေ။သူ၏လက်ထဲတွင် နောက်ထပ် ကောက်ရိတ်ဓားပျံနှစ်ခု ပေါ်လာသည်။ရှယ်လီတွင်လည်း ခန္ဓာကိုယ် အရှေ့တွင် ဓားမြောက်နှစ်သွယ် ရှိနေသည်။နှစ်ဖက်စလုံးသည် ထိပ်တိုက်ရင်ဆိုင်ရန် အခြေအနေကို ဖန်တီးလိုက်သည်။
ရှယ်လီသည် ပုံမှန် မဟာနတ်ဆိုးမ တစ်ယောက်ဖြစ်သည်။ချိုကွေးနှစ်ခုရှိပြီး အရပ်ရှည်ကာ မျက်လုံးအနီရောင် ရှိသည်။ခန္ဓာကိုယ်မှာ ဆွဲဆောင်မှု ရှိလှသည်။ ယာဂတ်စ်၏ အသွင်အပြင်သည် အနည်းငယ် ရုပ်ဆိုးလှသည်။နာရွက်ချွန်ချွန် အမာရွတ်အရှည်ကြီးတစ်ခု ရှိသည်။
အဓိကတွင်းရှိ မှော်မီးအိမ် အလင်းရောင်မှတစ်ဆင့် ယာဂတ်စ်သည် ဝတ်ရုံနက်နှင့်လူကို သေသေချာချာ စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
“ သူက အမှောင်လမြို့က အသီနာ မဖြစ်နိုင်ဘူး။မဟုတ်ရင် သူက ငါတို့ရဲ့ တွဲလုံးကို ခုခံနိုင်မှာ မဟုတ်ဘူး။ ”
“ သူဘယ်သူလဲဆိုတာ အရေးမကြီးဘူး။သူ့ကိုအရင်ဆုံး အနိုင်ယူရမယ်။ ”
ရှယ်လီ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးမီးတောက် တောက်လောင်နေပြီး သတိပေးလိုက်သည်။
“ သူ့ရဲ့ လျို့ဝှက်နည်းစနစ်ကို သတိထား။ ”
ချန်လွေ့ အလျင်အမြန်စဉ်စားလိုက်သည်။ [ အရှိန်အဝါဓားသွား ]က ဆယ်မိနစ်ပဲခံတာ။ ခဏနေ အချိန်ပြည့်တော့မယ်။[ ဖျက်ဆီးခြင်းအရှိန်အဝါ ခုတ်ချက် ] ကို သုံးမယ်ဆိုလျှင် ရန်သူနှစ်ယောက်ကို ဒဏ်ရာသေးသေးလေးတွေ ရအောင် လုပ်နိုင်မယ်။ဒါပေမဲ့ ငါ့ရဲ့ကြယ်စွမ်းအားလည်း တော်တော်လေး ကုန်သွားမယ်။အဲ့ဒါကြောင့် မတန်ဘူး။ ပြီးတော့ [ အရှိန်အဝါပစ်ချက် ] ကလည်း အခွင့်အရရမှ သုံးလို့ရမယ်။တိုက်ပွဲတစ်ခုမှာ ဗျူဟာတွေ၊ချိန်သားကိုက်မှုတွေ နဲ့ စွမ်းအားအသုံးချပုံ တွေကိုလိုမျိုး အချက်အချက်တွေ အားလုံးကို သေချာစဉ်းစားရမယ်လို့ ပါ့ဂ်လီကို တစ်ခါပြောဖူးတယ်။
ရှယ်လီသည် ချန်လွေ့ကို စဉ်းစားချိန် အများကြီးမပေးဘဲ အလျင်အမြန်ပင် တိုက်ခိုက် တော့သည်။မိန်းမဖြစ်သော်လည်း တိုက်ပွဲ၌ ရူးသွပ်ပြီး ဓားမြှောင်နှစ်လက်နှင့်အတူ အနီးကပ် တိုက်ခိုက်မှုများသည် ပို၍အစွမ်းထက်လှသည်။အဓိကတွင်းသည် ကျယ်ဝန်းသော်လည်း အပြင်နေရာလောက် မကျယ်ဝန်းပေ။ယာဂတ်စ်၏ ကောက်ရိတ် ဓားပျံများသည်လည်း သိပ်ပြီးသုံး၍မရပေ။ထို့ပြင် ချန်လွေ့နှင့် ရှယ်လီတို့ အကွာအဝေးသည် အလွန်နီးကပ်လှသည်။ထို့ကြောင့် ယာဂတ်စ်၏ အလှမ်းဝေး တိုက်ခိုက်မှုများသည် ရှယ်လီကို မတော်တဆ ထိခိုက်နိုင်ပေသည်။ထို့ကြောင့် ချက်ချင်းပင် ကောက်ရိတ်ဓားပျံကို သိမ်းလိုက်ပြီး အနီးကပ် တိုက်ခိုက်တော့သည်။
ယာဂတ်စ်နှင့် ရှယ်လီတို့၏ ပတ်သက်မှုကို သူခိုးဓားပြများထံမှ ချန်လွေ့ အနည်းငယ် သိခဲ့ရသည်။ထို့ပြင် သူတို့သည် အမှန်တကယ်ပင် တိုက်ပွဲ၌ လိုက်ဖက်ညီလှသည်။ ရှယ်လီ၏အစွမ်းသည် ချန်လွေ့နှင့်ဆင်တူပြီး ယာဂတ်စ်သည် ချန်လွေ့ထက် အနည်းငယ် နိမ့်ကျသည်။သူတို့နှစ်ယောက် တွဲလုံးအောက်တွင် ချန်လွေ့သည် အမြန်နှုန်း၌ အနည်းငယ် သာနေသော်လည်း လုံးဝအရေးနိမ့်နေဆဲသာ ဖြစ်သည်။[ အရှိန်အဝါဓားသွား ] ကုန်ဆုံးသွားပြီဖြစ်သည်။၎င်းကို ပြန်လည်အသုံးပြုနိုင်ရန် နောက်ထပ် တစ်နာရီ ထပ်စောင့်ရပေမည်။
ချန်လွေ့ တွေဝေနေစဉ်တွင် ရှယ်လီသည် အောက်ဘက်နံရိုးကို ပိုင်းဖြတ်လိုက်သည်။ ချန်လွေ့ အသက်မရှူနိုင်သေးခင်မှာပင် ယာဂတ်စ်၏ ပြင်းထန်လှသည့် လက်သီးချက် ရောက်လာပြန်သည်။ချန်လွေ့ လက်ထုတ်ပြီး ခုခံကာ အားသုံးပြီး နောက်သို့ပြန်ဆုတ် လိုက်သည်။ဤသို့ဖြင့် သူ၏နှလုံးသားအား ရှယ်လီတိုက်ခိုက်သည်ကို လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့သည်။ဤကဲ့သို့ ဆက်လက်တိုက်ခိုက်ရလျှင် ပို၍ခံရမည်ကို သိသည့် အတွက် ချန်လွေ့သည် လှည့်ထွက်ပြီး ဥမင်တစ်ခုဆီ ဝင်သွားလိုက်သည်။
ထိုကဲ့သို့ ပြောက်ကျားနည်းစနစ်သည် ရှယ်လီနှင့် ယာဂတ်စ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုကို အသုံးမဝင် ဖြစ်သွားစေသည်။သူတို့သည် စိတ်ထဲ၌ ချန်လွေ့ကို စက်ဆုပ်စရာကောင်း သည်ဟု ကျိန်ဆဲလိုက်ကြသည်။သူတို့သုံးယောက်၏ အစွမ်းသည် သိပ်ပြီး မခြားနားလှပေ။ ထို့ကြောင့် ချန်လွေ့သည် တစ်ကြိမ်တည်း၌ အလစ်ဝင်တိုက်ပြီး ခုခံရန် မဖြစ်နိုင်ပေ။ထို့ကြောင့် မတိုးသားမဆုတ်သာ အခြေအနေ ဖြစ်နေတော့သည်။
ရှယ်လီ နှင့် ယာဂတ်စ်တို့ ခဏလောက် လိုက်ဖမ်းနေရင်း မပြောဘဲသိသာသော သတောတူညီမှုတစ်ခု ရသွားဟန်တူသည်။သူတို့သည် တဖြည်းဖြည်းနှင့် ချန်လွေ့ကို လမ်းကြောင်းတစ်ခုဆီ တွန်းပို့နေလိုက်သည်။ချန်လွေ့သည် အဓိကတွင်းကို ယခုမှ ရောက်ဖူးခြင်းဖြစ်သည်။ထို့ကြောင့် မြေအနေအထားကို မရင်းနှီးသေးပေ။ သူတို့၏ ရည်ရွယ်ကို ချန်လွေ့ သိသွားသည့်အခါ လမ်းဆုံးကို ရောက်နေလေပြီ။ သူ၏နောက်တွင် ကျယ်ပြန့်လှသော ခန်းမတစ်ခု ရှိနေသည်။လွတ်လမ်းမရှိတော့ပြီဟု ထင်ရသည်။
ယာဂတ်စ်သည် လက်နှစ်ဖက်လုံးကို ဝှေ့ရမ်းလိုက်ရာ ကောက်ရိတ်ဓားပျံ လေးငါးချောင်းသည် ချန်လွေ့ထံသို့ တစ်ခါတည်း ပျံထွက်သွားသည်။ရှယ်လီလည်း နီးနီးကပ်ကပ်လိုက်ပြီး အလစ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။သူတို့ကို တိုက်ရိုက် တိုက်ခိုက်၍ အကျိုးမရှိကြောင်းကို ချန်လွေ့သိသည်။ထို့ကြောင့် ခန်းမဆီသို့ နောက်ဆုတ်လိုက်သည်။
ခန်းမထိပ်တွင် ကြီးမားသည့် မှော်မီးအိမ်တစ်လုံး ချိတ်ဆွဲသွားပြီး အရောင်တောက် နေသည်။နံရံများတွင်လည်း မီးအိမ်များကို အစီအရီ တပ်ဆင်ထားသည်။ထို့ကြောင့် အပြင်ဘက်ရှိ အလင်းရောင်ထက်ပိုပြီး ရှင်းလင်းနေသည်။ခန်းမထဲသို့ ရောက်သွားသည့် အခါ ထင်ထားသည်ထက် ပိုကျယ်ကြောင်း ချန်လွေ့ သိလိုက်သည်။သူ၏ ခန့်မှန်းချက် အရဆိုလျှင် ဘောလုံးကွင်းလောက် ကျယ်ဝန်းပေသည်။ခန်းမထဲတွင် နက်ရှိုင်းသည့် အပေါက်ကြီးတစ်ပေါက်ရှိနေသည်။ထိုနေရာတွင် အရွယ်အစားအမျိုးမျိုးရှိသည့် ကျောက်တုံးများ ရှိနေသည်။ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားသည်။ဒါက လူပုပြောတဲ့.....သတ္တုရိုင်းအပြုန်း အခန်း ဖြစ်မယ်။
နောက်ဆုံး၌ နေရာကို ရှာတွေ့သွားလေပြီ။ချန်လွေ့၏ အဓိကရည်ရွယ်ချက်သည် ဤနေရာသို့ လာရန်ပင် ဖြစ်သည်။ကံမကောင်းစွာပင် ရန်သူနှစ်ယောက် ရှိနေသည့် အတွက် အချိန်ကောင်း မဟုတ်ခဲ့ပေ။သူတို့နှစ်ယောက်သည် ချန်လွေ့ကို အခွင့်အရေး ပေးမည် မဟုတ်ပေ။
တံခါးဘက်မှ ပြင်းထန်လှသည့် အသံထွက်ပေါ်လာသည်။ကျောက်တံခါကြီးနှစ်ခုအား ရှယ်လီပိတ်နေသည်ကို ချန်လွေ့ တွေ့လိုက်သည်။ယာဂတ်စ်၏ လက်ထဲတွက်လည်း ကောက်ရိတ်ဓားပျံနှစ်ခု ပေါ်လာသည်။သူ၏ နတ်ဆိုးမီးတောက်လည်း တောက်လောင် နေသည်။သူတို့၏ မျက်နှာများတွင် တစ်ချိန်တည်းတွင် ရက်စက်သည့်အပြုံးများ ရှိနေကြသည်။
ချန်လွေ့သည်လည်း လွယ်ကူသည့် ပစ်မှတ် မဖြစ်ချင်ပေ။ထို့ကြောင့် နောက်ဆုတ်နေရင်း မြေပြင်အခြေအနေကို စူစမ်းကြည့်လိုက်သည်။
ရှယ်လီ၏ ပုံရိပ်သည် ဖြတ်ခနဲပျောက်သွားပြီး ချန်လွေ့ထံသို အရှိန်ပြင်းစွာ ပြေးဝင်လာသည်။၎င်းသည် ယခင်ကကဲ့သို့ မုန်တိုင်းသဖွယ် အနီးကပ် တိုက်ခိုက်မှုမျိုးပင် ဖြစ်သည်။ရုတ်တရက် ရှယ်လီသည် ဟန်ဆောင် တိုက်ခိုက်လိုက်ပြီး ကျွမ်းထိုးကာ အဝေးသို့ ခုန်လိုက်သည်။ထို့နောက်တွင် ယာဂတ်စ်ကိုယ်ပေါ်ရှိ နတ်ဆိုးမီးတောက်သည် ရုတ်တရက် ကျွမ်းလောက်သွားပြီး ဒေါသတကြီး နှာမှုတ်လိုက်သည်။
“[ ဓားထောင်ချီ ] ”
ချက်ချင်းပင် ကောင်းကင်ပေါ်၌ ဝှီခနဲအသံများ ပြည့်နှက်သွားပြီး မြောက်များလှစွာသော ကောက်ရိတ်ဓားပျံများ ချက်ချင်း ပေါ်ထွက်လာကာ ချန်လွေ့ကို ဝိုင်းရံထားလိုက်သည်။ ချန်လွေ့လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။သို့သော်လည်း ကောက်ရိတ် ဓားပျံများသည် အတော်လေး ကျွမ်းကျင်သည်။တို့သည် မတူညီသော ပုံစံနှင့် တစ်ဆက်တည်း တိုက်ခိုက်ကြသည်။ပြန်လာသည့် ကောက်ရိတ်ဓားပျံကို လက်ဖြင့် တစ်ဖန် ပစ်လိုက်ရသည့်အတွက် ယာဂတ်စ်၏ ဓားပြန်သိမ်းခြင်းနှင့် ပြန်ပစ်ခြင်းတို့သည် ထူးဆန်းစွာပင် မြန်ဆန်လွန်းလှသည်။
ချန်လွေ့ဆီရောက်လာသည့် ကောက်ရိတ်ဓားပျံများသည် အဆုံးမရှိကြပေ။၎င်းသည် ပြင်းထန်စွာသေစေနိုင်သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်လွေ့ကိုယ်ပေါ်၌ ဒဏ်ရာနှစ်ခု ရသွားသည်။ကောရိတ်ဓားပျံထားသည့် အလွန်ထက်လှသည်။[ နက္ခတ်သဏ္ဍာန် ]၏ အတွင်းစွမ်းရည်ဖြင့်ပင် သွေးထွက်သည်ကို ချက်ချင်း မရပ်တန့်နိုင်ပေ။ ထိုကဲ့သို့ အရေးပေါ်အခြေအနေ၌ ချန်လွေ့သည် ဝတ်ရုံကို ချွတ်လိုက်ပြီး လက်ကိုခါလိုက်ရာ ဝတ်ရုံသည် ချက်ချင်းပင် ပျော့ပျောင်းသည့် ကြာပွတ်သဖွယ် ဖြစ်သွားကာ ကောက်ရိတ်ဓားပျံများကို ခုခံရန်အတွက် ဘယ်ညာဝှေ့ရမ်းလိုက်သည်။ သို့သော်လည်း ကြာပွတ်သည် အနည်းငယ်တိုတောင်းနေသည်။ချန်လွေ့သည် ဝှေ့ရမ်းကာ နောက်ဆုတ်နေရင်း ရုတ်တရက် ပျောက်ကွယ်သွားသည်။
ပစ်မှတ်ပျောက်သွားသည့်အတွက် ယာဂတ်စ်သည် ထိတ်လန့်သွားသည်။ အမှန်တကယ်တွင် ချန်လွေ့သည် ဧရာမအပေါက်ကြီးထဲ ကျသွားခြင်းဖြစ်ပြီး တိုက်ဆိုင်စွာပင် ထိုနေရာသည် သူ၏ဦးတည်ဘက် မျက်ကွယ်ရာ ဖြစ်နေသည်။ ယာဂတ်စ်သည် ကောက်ရိတ်ဓားပျံများကို တစ်ခုပြီးတစ်ခု သိမ်းလိုက်သည်။[ ဓားထောင်ချီ ] ဆိုသည်မှာ ချဲ့ကားပြောခြင်းသာ ဖြစ်သည်။သို့သော်လည်း အနည်းဆုံး အခု၁၀၀လောက် ရှိသည်။ထပ်ကာထပ်ကာ ပြန်ဖမ်းခြင်း၊ပြန်ပစ်ခြင်းနှင့် ပေါင်းလိုက်သည့် အခါ ၎င်းသည် အမှန်တကယ်ပင် အာရုံနောက်လှသည့် အနှိုင်းမဲ့တိုက်ကွက်တစ်ခု ဖြစ်လာသည်။
ယာဂတ်စ် လွဲသွားသည်ကို မြင်ပြီး ရှယ်လီရှေ့တက်ရန်ပြင်လိုက်သည်။သို့သော်လည်း ချန်လွေ့သည် အလျင်အမြန်ပင် တွင်းထဲသို့ ဆုတ်ခွာသွားပြီဖြစ်သည်။ချန်လွေ့သည် ရုတ်တရက် အမြင့်သို့ခုန်လိုက်သည်။သူ၏လက်ထဲတွင် ကောက်ယူထားသည့် ကောက်ရိတ်ဓားပျံ သုံးလေးခုရှိသည်။သို့သော်လည်း သူ၏ပစ်မှတ်မှာ လိုက်ဖမ်းနေသည့် ရှယ်လီကိုမဟုတ်ဘဲ လေထဲရှိ အကြီးမားဆုံး မှော်မီးအိမ်ကိုပင် ဖြစ်သည်။
သို့သော်လည်း ဓားပျံများသည် ပစ်ရမလွယ်ပေ။အထူးသဖြင့် ပြန်လာနိုင်သည့် ဓားပျံများသည် ပို၍ခက်သည်။ကြည့်ရသည်မှာ လွယ်ကူသော်လည်း သုံးကြည့်သည့် အခုတွင်တော့.....တော်တော်လေး ခက်ခဲပေသည်။ချန်လွေ့ သုံးလေးခုပစ်လိုက် သော်လည်း တစ်ခုမှ ပစ်မှတ်နှင့်မနီးပေ။အတိကျဆုံးတစ်ခုသည် မှော်မီးအိမ်ကို ထိလုနီးပါးဖြစ်သွားသော်လည်း ဝှေ့ဝိုက်ပြီး ပြန်ရောက်လာသည်။ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေ၌မဟုတ်လျှင် ချန်လွေ့ အလွန်ရှက်နေမည်ဖြစ်သည်။ချန်လွေ့ အောက်ပြန်ရောက်သည့်အခါတွင် ရှယ်လီကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါး ဖြစ်သွားခဲ့သည်။
ရှယ်လီသည် ယခင်အကွက်အတိုင်း ချန်လွေ့ကို ယာဂတ်စ်၏ ကောက်ရိတ်ဓားပျံ အဝန်းအတွင်းသို့ ဝင်ရောက်ရန်အတွက် တွန်အားပေးရန် ရည်ရွယ်ထားသည်မှာ အသေအချာ ပင်ဖြစ်သည်။ချန်လွေ့လည်း နောက်တစ်ကြိမ် အလှည့်စားခံမည် မဟုတ်ပေ။
ယာဂတ်စ်သည်လည်း အပြင်၌ စောင့်မနေဘဲ တွင်းထဲ၌ ပေါ်လာသည်။[ ဓားထောင်ချီ ] တိုက်ခိုက်မှု၏ ရှေ့ပြေးနိမိတ် ဖြစ်သည့် သူ၏ နတ်ဆိုးမီးတောက် အရောင်တောက် လာပြန်သည်။ချန်လွေ့ နောက်တစ်ကြိမ် ပြန်ခုန်လိုက်သည့်အချိန်၌ လက်ထဲတွင် ကျောက်တုံးတစ်တုံး ရှိနေသည်။ချန်လွေ့ ကြမ်းကြမ်း ပစ်ထည့်လိုက်ရာ မီးအိမ်ကို တည့်တည့် ထိသွားတော့သည်။မည်သည့် ခေတ်တွင်မဆို အနီးကပ်ဖြစ်ဖြစ် အလှမ်းဝေးတိုက်ခိုက်မှုဖြစ်ဖြစ် ကျောက်တုံးသည် အကောင်းဆုံးဖြစ်သည်မှာ အမှန်တကယ်ပင် ဖြစ်ပေသည်။
မှော်မီးအိမ်၏ သဘောတရားမှာ အလင်းရောင်ရရန်အတွက် အထူးကုန်ကြမ်းတစ်ခု( အများအားဖြင့် မီးအိမ်ကျောက်တုံး) ကို လှုံ့ဆော်ရန် မှော်စက်ဝန်း နိယာမကို အသုံးပြုရသည်။ကျောက်တုံးဖြင့် ချေမွခံလိုက်ရသည့်အတွက် မှော်စက်ဝန်းလည်း ပျက်စီးသွားပြီး မီးအိမ်ကျောက်တုံးလည်း ငြိမ်းသွားတော့သည်။အဝေးနံရံမှ အလင်းဖျော့ဖျော့လေးမှလွဲ၍ အလယ်တွင် မှောင်တူးနေသည်။ချန်လွေ့သည် အမှောင်ထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားသည်။
မဟာနတ်ဆိုးနှစ်ယောက်သာ ခန္ဓာကိုယ်ပေါ်တွင် မီးလောင်ကျွမ်းနေပြီး ထင်းခနဲ မြင်နေရသည်။
အဓိကတွင်းထဲမှ ဟိန်းသံများနှင့် ပေါက်ကွဲသံများကြောင့် တံခါးပေါက်သို့ ရောက်ရှိလာသည့် သူခိုးဓားပြများသည် ဝင်မသွားရဲပေ။ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် တစ်ခုခု ပြောလိုက်သည်။
“ နာဂူရာလာ အမဲလိုက်နေတဲ့အချိန် ငါတို့ မချဉ်းကပ်သင့်ဘူး။ရန်သူမထွက်ပြေးအောင်လို့ ငါတို့တွေ ဝင်ပေါက်ကိုပဲ စောင့်ကြပ်မယ်။ပြီးတော့ အထဲမှာက အကျယ်ကြီးပဲ။ ငါတို့မဆင်မခြင် ဝင်သွားရင် မိန်းကလေး ရှယ်လီအတွက် ဝန်ထုတ်ဝန်ပိုးပဲ ဖြစ်နေမှာ။သူတို့တွေ မကြာခင် ကိစ္စပြတ်သွားမယ် ထင်တယ်။ ”
ထိုအကြံပြုချက်ကို အားလုံး သဘောတူလိုက်ကြပြီး မီးတောက်များထွန်းညှိကာ မှော်အလင်းကိရိယာများနှင့် အဓိကတွင်း ဝင်ပေါက်ကို ဝိုင်းရံထားတော့သည်။
ဆဲဘရတ်စ် နာဂူရာလာသည် ယခုအချိန်၌ အလွန့်အလွန် စိတ်ဓာတ်ကျနေသည်ကိုတော့ မည်သူမှ မသိကြပေ။
ဒီ ဖောက်ထွင်းမြင်ရတဲ့ ကြက်သွန်နီခေါင်းက ခန္ဓာကိုယ်ကို စိတ်ကြိုက်ပြောင်းလို့ ရနေတယ်။ပြီးတော့ ဒီလိုအမျိုးအစားက အဆင့်အနိမ့်ဆုံး ချွဲကျိကောင်ပဲလေ။ဒါပေမဲ့ ဒီလိုအစွမ်းထက်တဲ့ ချွဲကျိကောင် ရှိလို့လား။
ဒီရန်သူက အားနည်းတယ်လို့ ထင်ရတယ် ။ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ငါသူ့ကို မသတ်နိုင်ဘူး။ကိုက်တာပဲဖြစ်ဖြစ်၊မီးလုံးနဲ့ ပစ်တာပဲဖြစ်ဖြစ် အဲ့ဒါက အပိုင်းအစရာနဲ့ချီ ကွဲကြေသွားတယ်။ပြီးတော့ အကုန်ပြန်စုစည်းပြီး ကြက်သွန်နီခေါင်း ပြန်ဖြစ်သွားတယ်။ စိတ်ရှုပ်စရာက ဒါပဲမဟုတ်ဘူး။သူ့ရဲ့ [ အသွင်ပြောင်း ] အစွမ်းလည်းပါတယ်။ခုနက ငါသတိလွတ်ပြီးတော့ သူ့ရဲ့ကြိုးပုံစံနဲ့ ရစ်ပတ်တာခံလိုက်ရတယ်။ငါ့ဒဏ်ရာက အသားတွေနဲ့သွေးတွေပါ ပျောက်ကွယ်သွားတယ်။ဝါးမျိုခံလိုက်ရသလိုပဲ။ငါ အချိန်မီ အဲ့ဒါကို မဖယ်ရှားနိုင်ခဲ့ရင် အကြီးအကျယ် ဆုံးရှုံးခဲ့ရမှာ သေချာတယ်။
ဒီငတုံး ကြက်သွန်နီခေါင်းကို သေအောင် ငါဘယ်လို သတ်ရမှာလဲ။
ဒဏ်ရာအပြင်းအထန် ရနေသည့် နာဂူရာလာသည် လျှာထုတ်ပြီး အလွန်မောဟိုက် နေသည်။မြေပေါ်ရှိ အစိတ်အပိုင်းများသည်လည်း တစ်ဖန်ပြန်လည် ဖွဲ့စည်းသွားသည်။ နာဂူရာလာသည် မြေပြင်ကို သတိနှင့်ကြည့်နေစဉ် ဖောက်ထွင်းမြင်ရသည့် “ အရာ ” အချို့သည် ၎င်းအပေါ်ရှိ ကျောက်နံရံပေါ် တိတ်တဆိတ် တွယ်ကပ်ပြီး တက်သွားသည်ကို သတိမထားမိလိုက်ပေ။ဆဲဘရတ်စ်၏ ခေါင်းသည်လည်း ထိုနေရာအောက်နား၌ပင် ရှိနေသည်။