← Chapters

အငြင်းပွားမှုများနှင့် စဉ်းစဉ်းစားစား အတွေးများ

Vol. 6 Ch. 77

အငြင်းပွားမှုများနှင့် စဉ်းစဉ်းစားစား အတွေးများ

Vol. 6 Ch. 77

အဲလစ် တမင်ရည်ရွယ်၍ ပြောမပြော မသေချာပေ။သို့သော်လည်း ထိုစကားကြောင့် အသီနာသည် လေ့ကျင့်ရန်အတွက် အပြင်မထွက်ခြင်းဖြစ်ကြောင်း အဲလန် သဘောပေါက်သွားသည်။သူ၏ဒေါသလည်း အနည်းငယ် ပြေပျောက်သွားပြီး ဂျိုးဆက်ပ်ကို ဆက်ပြီး ခက်ထန်စွာ စိုက်ကြည့်နေလိုက်သည်။

အသီနာသည် မမြင်ရသည်မှာ ကြာပြီဖြစ်သည့် အဲလစ်ကိုတွေ့သွားပြီး ပြုံးပြလိုက်သည်။

“ အဲလစ် ”

“ ချန်လွေ့လည်း ရောက်နေတာကိုး။ဒီကိုလာဦး။ ”

အဲလစ်သည် ဂျိုးဆက်ပ်နှင့် အဲလန်တို့ရှေ့၌ ချန်လွေ့နှင့် အသီနာတို့၏ လက်ကိုကိုင်ပြီး ဒုတိယထပ်ဆီသို့ ဆွဲခေါ်သွားလိုက်သည်။

ခါဂူလီ၊ခီရာ နှင့် အခြားသူများလည်း ထိုနေရာ၌ ရှိနေကြသည်။ဈေးဝယ်သူ သုံးလေးယောက်လည်း ရှိနေပြီး တစ်ယောက်မှာ ဒဏ်ရာရနေသည်။ဂျိုးဆက်ပ်နှင့် အဲလန်တို့ လမ်းပိတ်ထားသည့်အတွက် ဈေးဝယ်သူများသည် မထွက်သွားရဲကြပေ။ခုနက အဲလစ်သည် ဒဏ်ရာရနေသူကို စစ်ဆေးနေသည့်အတွက် အသီနာနှင့်ချန်လွေ့ကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

အဲလစ်ကို မေးကြည့်လိုက်ရာ ဂျိုးဆက်ပ်နှင့်အဲလန်တို့သည် မဟာဆရာသခင်၏ လက်ရာဖြစ်သည့် “ ဝီဝီပဟေဠိ ” အတွက် အငြင်းပွားနေကြကြောင်း ချန်လွေ့ သိသွားသည်။ယမန်ညက အငြင်းပွားမှုကြောင့်သာမဟုတ်လျှင် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ကြသည့် ဤနှစ်ဖွဲ့သည် ယခုကဲ့သို့ အခြေအနေတင်းမာမှုမျိုး ဖြစ်နေကြမည် မဟုတ်ပေ။

မင်းသား အိုစီဒန်၏ မွေးနေ့လည်း ရောက်တော့မည် ဖြစ်မည်။အဲလန်သည် ဝီဝီပဟေဠိကိုဝယ်ပြီး မြို့တော်ရှိ သူ၏အဖေမှတစ်ဆင့် မင်းသားအိုဆိုင်ဒန်ကို လက်ဆောင်အဖြစ် ပေးအပ်ချင်ခဲ့သည်။တိုက်ဆိုင်စွာပင် ဂျိုးဆက်ပ်လည်း မင်းသမီး လက်လီစတိုးသို့ ရောက်လာခဲ့သည်။အဲလန်၏ ရည်ရွယ်ချက်ကို သိပြီးသည့်အခါ ဂျိုးဆက်ပ်သည် ဝီဝီပဟေဠိ ဝယ်ရန်အတွက် ပိုက်ဆံနှစ်ဆ ပေးလိုက်သည်။မီကတ်စ်ကို သတ်လိုက်ပြီး စံအိမ်သို့ လာရာလမ်းတစ်လျှောက်၌ တိုက်ခိုက်ခဲ့ကြသည့် ရွိုင့်စ်နှင့် အရတ်စ်တို့ကို အဲလန် မုန်းတီးနေခဲ့ပြီ ဖြစ်သည်။ယခုတွင် ဂျိုးဆက်ပ်သည် အမှောင်လမြို့သို့ ပြန်ရောက်လာပြီဖြစ်သည်။ဂျိုးဆက်ပ်သည် ‌နှစ်ဦးနှစ်ဖက် ပြေလည်အောင် မလုပ်ဘဲ ဝီဝီပဟေဠိအတွက် ယှဉ်ပြိုင်နေလေသည်။အဲလန် လွန်စွာ ဒေါပွသွားသည်။သူ၏အစွမ်းသာ မနည်းလျှင် တိုက်ပွဲတစ်ခု ဖြစ်သွားပေလိမ့်မည်။ ဒဏ်ရာရသည့် ဈေးဝယ်သူမှာ ကံမကောင်း အ‌ကြောင်းမလှသဖြင့် အဲလန်၏ လက်အောက်ခံကြောင့် ထိခိုက်သွားခြင်း ဖြစ်သည်။

“ ဂျိုးဆက်ပ်။မင်းက ဒီလောက် ချမ်းသာနေတာလား။ဒီပိုက်ဆံနည်းနည်းလေးကို မင်းရဲ့ညီ ခါနီတာနဲ့ တိုက်ခိုက်ဖို့ပဲ သိမ်းထားလိုက်။ ”

အဲလန်သည် ဂျိုးဆက်ပ်ကို ရန်လိုစွာ ပြောလိုက်ပြန်သည်။

“ ငါသုံးဆပေးမယ်။ဒီ ဝီဝီပဟေဠိက ငါ့ဟာပဲ။ ”

ဝီဝီပဟေဠိ၏ မူလဈေးနှုန်းသည် သလင်းကျောက်နက်ဒင်္ဂါး ၅၀၀၀၀ ဖြစ်သည်။ သုံးဆဆိုလျှင် ၁၅၀၀၀၀ ဖြစ်သည်။ ဒါက တော်တော်များတဲ့ ငွေပမာဏပဲ။

ယေဘုယျအားဖြင့် နတ်ဆိုးဘုံ၏ စည်းမျဉ်းမှာ အများဆုံးပေးနိုင်သူသည် အနိုင်ရရှိသည်။ အဲလစ်သည် ချန်လွေ့နှင့်အသီနာကို မနှုတ်ဆက်တော့ပေ။အဲလစ်၏ မျက်လုံးဝိုင်းဝိုင်း များသည် သလင်းကျောက်နက်ဒင်္ဂါးပုံစံ ဖြစ်သွားသည်။အဲလစ် ချက်ချင်း ပြောလိုက်သည်။

“ ဒီ ဝီဝီပဟေဠိကို.....ဂျိုးဆက်ပ်။ရှင် ဈေးပိုပေးဦးမှာလား။ ”

“ ၂၀၀၀၀၀ ”

အဲလန်သည် ခါနီတာ၏နာမည်ကို တမင်ထည့်ပြောလိုက်သည်ကို ဂျိုးဆက်ပ်ကြားသွားပြီး မျက်လုံးထဲ၌ အေးစက်စက် အ‌လင်းရောင်များ ဖြတ်ခနဲဖြစ်သွားသည်။

အဲလန်စကားပြောရန် ပြင်လိုက်စဉ် ဘေးဘက်မှ သေရွာပြန်က တီးတိုးပြောလိုက်သည်။

“ ဆာ။ကျွန်တော်တို့မှာ ပိုက်ဆံမလောက်ဘူး။ ”

ဂျိုးဆက်ပ်၏ အပြုံးကိုကြည့်ရင်း အဲလန်ပို၍ ဒေါသထွက်သွားသည်။သူ တစ်ခုခု စဉ်းစားလိုက်ပြီး ပစ္စည်းတချို့ ထုတ်လိုက်သည်။

“ ကျုပ်ပိုက်ဆံ လုံလုံလောက်လောက် မယူလာမိဘူး။ဒါပေမဲ့ ဒီမှော်ပစ္စည်းတွေအားလုံးကို အရည်အသွေးမြင့်ကြတာချည်းပဲ။မင်းသမီးလေး လိုချင်တယ်ဆိုရင် ဒါတွေကို သလင်းကျောက်နက်အနေနဲ့ ပြောင်းလဲလို့ရတယ်။ကျုပ်မှာ ဒီလိုမျိုးတွေ အများကြီးရှိတယ်။မင်းသမီးလေးကို လျှော့ဈေးနဲ့ လဲပေးလို့ရတယ်။ ”

ဂျိုးဆက်ပ်နောက်မှ ရွိုင့်စ်သည် မှော်ပစ္စည်းများကို တွေ့လိုက်ရာ မာန်ဖီလိုက်ပြီး သတ်ဖြတ်ချင်စိတ်များ လျှံထွက်လာသည်။ဂျိုးဆက်ပ် မျက်ခုံးပင့်လိုက်သည်။ ထိုပစ္စည်းများသည် မှော်စတိုးမှ ပျောက်ဆုံးသွားသော ပစ္စည်းများဖြစ်ကြောင်း ဂျိုးဆက်ပ်သိသည်။အဲလန်၏ အပြုအမူသည် သေချာပေါက်ပင် ရန်စနေခြင်းဖြစ်သည်။ နှစ်ဖွဲ့စလုံးသည် အချင်းချင်း ဒေါသတကြီး စိုက်ကြည့်နေကြသည်။

သို့သော်လည်း ဂျိုးဆက်ပ် ဒေါသမထွက်ပေ။သူ နောက်လှည့်ပြီး ရွိုင့်စ်၏ ပုခုံးကို ပုတ်လိုက်သည်။ထို့နောက် ရွိုင့်စ်သည် သက်ပြင်းချလိုက်ပြီး ပြန်တည်ငြိမ်သွားသည်။

ချန်လွေ့သည် သရုပ်ဆောင်ကောင်းသည့် ရွိုင့်စ်ကို စိတ်ထဲမှ ချီးကျူးလိုက်သည်။ အဲလစ်တုံ့ဆိုင်းသွားပြီး စိတ်မဆုံးဖြတ်နိုင်တော့ပေ။ထို့ကြောင့် အကြံတောင်းရန် ချန်လွေ့ကို တိတ်တိတ်လေး ကြည့်လိုက်သည်။လူအများကြီးအရှေ့၌ အကြံပေး၍ မရသည့်အတွက် ချန်လွေ့သည် ဒုတိယထပ်ရှိ ကျောက်ပြားတစ်ခုကိုသာ ကြည့်နေလိုက်သည်။ထိုကျောက်ပြားပေါ်တွင် ချန်လွေ့၏ အကြံဉာဏ်အတိုင်း ရေးထွင်းထားသည့် စကားလုံးတစ်လုံး ရှိနေသည်။

“ ဂုဏ်သိက္ခာ ”

အဲလစ်သည် ဉာဏ်ကောင်းလှသည်။ချန်လွေ့၏အကြည့်အတိုင်း ကြည့်လိုက်ပြီး အဲလစ် ရုတ်တရက် သဘောပေါက်သွားသည်။အဲလစ်သည် မျက်မှောင်ကြုတ်နေပြီး စိတ်ထဲ၌ ရုန်းကန်နေရသည်မှာ အသေအချာပင် ဖြစ်သည်။နောက်ဆုံး၌ ချန်လွေ့ ပြောလိုက်သည်။

“ ဒါတွေကို ကျွန်မ မလိုချင်ဘူး။ ”

အဲလန်၏မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။ထို့နောက် အဲလစ်ဆက်ပြောသည်ကို သူ ကြားလိုက်သည်။

“ မင်းသမီးလက်လီစတိုးရဲ့ ဆောင်ပုဒ်က ဂုဏ်သိက္ခာပဲ။အဲ့ဒါက ဈေးဝယ်သူတွေအားလုံး အပါအဝင်ပဲ။ဒီနေ့ အဲလန်က ဂျိုးဆက်ပ်ထက် အရင်ရောက်လာတယ်။အဲ့ဒါကြောင့် အဲလန်ကို နဂိုဈေး ၅၀၀၀၀ နဲ့ပဲ ရောင်းပါမယ်။ဒါပေမဲ့ ရှင့်ရဲ့လက်အောက်ခံက ကျွန်မ၏ ‌‌ဈေးဝယ်သူကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။အဲ့ဒီအတွက် ဆေးဖိုးဝါးခ ပေးရမယ်။ မကျေနပ်တာရှိလား။ ”

“ လုံးဝ ကျေနပ်ပါတယ်။ ”

အဲလန်သည် အလွန်ပျော်ရွှင်သွားပြီး ဒဏ်ရာရနေသူကို အလျင်အမြန်ပင် သလင်းကျောက်နက် ဒင်္ဂါး လက်တစ်ဆုပ်စာ ပေးလိုက်သည်။

“ တကယ့်ကို ကျေးဇူးပါပဲ။မင်းသမီးလက်လီစတိုးက တကယ့်ကို မြို့ထဲမှာ အကောင်းဆုံး ဆိုင်တစ်ဆိုင်ပါပဲ။တချို့သူတွေရဲ့ စတိုးဆိုင်ထက် ပိုပြီး ကောင်းတယ်။ ”

အဲလစ် ခေါင်းညိတ်လိုက်ပြီး အဲလန်၏ သလင်းကျောက်နက်ဒင်္ဂါး ၅၀၀၀၀ ကို ရေတွက်ရန် အတွက် ခါဂူလီနှင့်ခီရာကို ခိုင်းလိုက်သည်။ထို့နောက် အဲလစ်သည် မှော်အကာအရံကို ဖယ်ရှားပြီး လှလှပပ ထုတ်ပိုးထားသည့် ဝီဝီပဟေဠိကို အဲလန်ဆီ ပေးလိုက်သည်။

အဲလန်သည် သေတ္တာကို သေသေချာချာဖွင့်ပြီး အဖိုးတန်ရတနာတစ်ခု ရရှိသကဲ့သို့ပင် ဝီဝီပဟေဠိ ပရီမီယံဗားရှင်းကို ကြည့်လိုက်သည်။ထို့နောက် အလျင်အမြန်ပင် သိုလှောင်လက်စွပ်ထဲ၌ သိမ်းထားလိုက်သည်။အဲလန်၏ ပုံစံကိုကြည့်ရင်း အဲလစ်သည် သူ့အခန်းထဲ၌ ဖရိုဖရဲပုံထားသည့် “ မဟာဆရာသခင်လက်ရာ ” အပိုင်းအစများကို သတိရသွားကာ ကြိတ်ရယ်နေလိုက်သည်။သို့သော်လည်း ဤတစ်ခေါက်တွင် အဲလစ်သည် သလင်းကျောက်နက်ဒင်္ဂါး ၁၅၀၀၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်။ထိုအကြောင်းကို စဉ်းစားကြည့်လျှင်ပင် ခါးသီးလှပေသည်။

ဂျိုးဆက်ပ်သည် အဲလန်၏ ရန်စသည့် မျက်လုံးများကို လျစ်လျူရှုလိုက်ပြီး ဂုဏ်သိက္ခာ ဟူသော စကားလုံးကို ကြည့်လိုက်သည်။အဲလစ်နှင့်ချန်လွေ့တို့၏ မျက်လုံးချင်း ဆက်သွယ်မှုသည် မထင်ရှားသော်လည်း ဂျိုးဆက်ပ်ထံမှ မဖုံးကွယ်နိုင်ပေ။ချန်လွေ့ကို ခဏစိုက်ကြည့်ပြီးနောက် ဂျိုးဆက်ပ်သည် အဲလစ်ကို ဦးညွတ်ကာ ရွိုင့်စ်နှင့်ဗာဆာရှာ တို့နှင့်အတူ မင်းသမီးလက်လီစတိုးမှ ထွက်သွားလိုက်သည်။

ဂျိုးဆက်ပ်ထွက်သွားသည်ကိုကြည့်ပြီး အဲလန် မာန်တက်သွားသည်။သူလည်း အဲလစ်ကို ကျေးဇူးတင်ပြီး ထွက်သွားလိုက်သည်။သူတို့နှစ်ယောက် ထွက်သွားပြီးနောက်တွင် ချန်လွေ့သည် အနားကပ်လာပြီး အဲလစ်ကို တီးတိုးပြောလိုက်သည်။အဲလစ်လည်း ချက်ချင်းပင် ဒဏ်ရာရနေသူကို နှစ်သိမ့်ပေးလိုက်သည်။ထိုသူသည် မိသားစုငယ်လေးမှ ဖြစ်ပြီး အနည်းငယ်သာ ဒဏ်ရာနေသည်။သူ့ကို ပိုက်ဆံအများကြီး ပေးစရာမလိုပေ။ မင်းသမီးလေးကိုယ်တိုင် လာပြောသည့်အတွက် ထိုသူသည် ကြင်နာမှုဖြင့် ပြည့်လျှံသွားသည်။

အဲလစ်ပြုံးပြီး ပြောလိုက်သည်။

“ အားလုံးပဲ။ဒီနေ့ ဖြစ်ခဲ့တာတွေအတွက် စိတ်မကောင်းပါဘူး။ဒါပေမဲ့ မင်းသမီး လက်လီစတိုးက ဂုဏ်သိက္ခာဆိုတဲ့ စကားလုံးကို အလေးထားတယ်ဆိုတာ အားလုံးမြင်ကြမယ်လို့ ယုံကြည်ပါတယ်။နောက်ပိုင်းမှာလည်း ဘယ်သူပဲလာလာ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ခံစားရမှာပါ။အားလုံး သက်တောင့်သက်သာနဲ့ ဈေးဝယ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ”

“ မင်းသမီးလေးက တကယ့်ကို မယုံနိုင်စရာပဲ။ ”

အဲလစ်၏ စကားများနှင့် အပြုံးများသည် အားလုံးကို သက်ရောက်စေခဲ့သည်။ ဆွေကြီးမျိုးကြီးတစ်ယောက်သည် ခံစားချက်ဖြင့် ပြောလိုက်သည်။

“ ဒီအကြောင်းတွေ လူတိုင်းကို ပြောပြမယ်။မင်းသမီးလက်လီစတိုးရဲ့ ဂုဏ်သတင်းကို အမှောင်လတစ်မြို့လုံး သိသွားစေရမယ်။ ”

ဈေးဝယ်သူအားလုံး ဈေးဝယ်ပြီး အင်တင်တင် ထွက်သွားပြီးနောက်တွင် “ ဂုဏ်သိက္ခာ ” နှင့် ပြုံးနေသည့် မင်းသမီးလေးသည် ချက်ချင်းပင် မျက်နှာပြောင်းသွားသည်။အဲလစ်သည် ဒေါသတကြီးနှင့် ချန်လွေ့၏ ကျောပေါ်တွယ်တက်ပြီး လည်ပင်းညှစ်တော့သည်။

“ အဲ့ဒါ သလင်းကျောက်နက်ဒင်္ဂါး ၁၅၀၀၀၀ နော်။ဝါး...ဝါး..။ဘာလို့လဲ။ ချန်လွေ့။နင်ငါ့ကို ပြောရမယ်။မဟုတ်လို့ကတော့ ဒီနေ့ နင့်ကို သတ်ပစ်မယ်။ ”

လည်ပင်းညှစ်ခံရသည့်အတွက် ချန်လွေ့သည် အသက်မရှူနိုင်တော့ပေ။ပိုက်ဆံ၏ လွှမ်းမိုးမှုအောက်တွင် “ ကပ်စေးနှဲရောင်ခြည် ” ရှိသည့် လိုလီလေးသည် မီက်စ်အဆင့်သို့ ရောက်သွားဟန်တူသည်။အသီနာနှင့် ခီရာတို့ မြင်သွားပြီး အလျင်အမြန် တားဆီးလိုက်သည်။ ကပ်စေးနှဲမလေးကို ချန်လွေ့၏ကျောပေါ်မှ ဆင်းလာစေရန်အတွက် အချိန်အကြာကြီး သူတို့ ဖြောင်းဖြလိုက်ရသည်။

ချန်လွေ့ ပင့်သက်ရှိုက်လိုက်သည်။လိုလီ၏ ဒေါသထွက်နေသည့်မျက်နှာကြည့်ပြီး ချန်လွေ့ ခေါင်းခါလိုက်သည်။

“ အဲ့ဒီကျောက်ပြားမှာ ထွင်းတုန်းက ငါ ဘာပြောခဲ့လဲဆိုတာ မှတ်မိလား။ ”

အဲလစ် ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ ဂုဏ်သိက္ခာက နည်းဗျူဟာတွေအားလုံးထက် အလေးသာတယ် ဆိုလားပဲ။ ”

“ မင်းသမီးလေးက ဒီဆိုင်ကို အချိန်အကြာကြီး ကြီးပွားစေချင်တယ် ဒါမှမဟုတ် ဆိုင်ခွဲတွေ ပိုပြီး ဖွင့်ချင်တယ်ဆိုရင် ဒီစကားကို မှတ်ထားရမယ်။ ”

ချန်လွေ့သည် နားမလည်ပုံပေါ်နေသည့် အဲလစ်ကို မြင်လိုက်ရသည်။

“ ပုံပြင်တစ်ခုပြောပြမယ်။တစ်ခါတုန်းက ယန်အင်ပါယာမှာ ဘုရင်ကျောက်လို့ခေါ်တဲ့ နတ်ဆိုးဘုရင်တစ်ယောက်ရှိတယ်။သူက ရှားပါးတဲ့ မြင်းမတစ်ကောင်ကို ဝယ်ဖို့အတွက် သလင်းကျောက်နက် သန်းချီ သုံးခဲ့တယ်...... ”

“ ယန်အင်ပါယာ၏ ဘုရင်ကျောက်က မြင်းအသေကောင်ကို ရွှေပြားသန်းချီနှင့် ဝယ်ခဲ့ပုံ ” ပုံပြင်၏ နတ်ဆိုးဘုံ တည်းဖြတ်ဗားရှင်းကို ချန်လွေ့ ပြောပြလိုက်သည့်အခါ ခီရာနှင့် အသီနာသည် အပြည့်အဝ နားလည်ပုံမပေါ်သော်လည်း ပါးနပ်သည့် အဲလစ်သည် ဆိုလိုရင်းကို သဘောပေါက်သွားခဲ့လေပြီ။

ခီရာနှင့်ခါဂူလီတို့ရှေ့၌ ချန်လွေ့မပြောနိုင်သည့် အခြားအဓိပ္ပာယ်တစ်ခုရှိသည်။ မှော်စတိုးမှ လုယက်ထားခဲ့သည့်ပစ္စည်းများသည် ပြဿနာကြီးသည်။အဲလန်၏ လက်ထဲ၌ ရှိနေခြင်းသည် ဝံပုလွေကိုဝါးမျိုဖို့ ကျားကိုမောင်းသွင်းသည့် ဗျူဟာနှင့် ကိုက်ညီပေသည်။ ယနေ့တွင် အဲလန်၏ တမင်တကာ ကြွားလုံးထုတ်ခြင်းသည် သူတို့နှစ်ဖွဲ့၏ ဆက်ဆံရေးကို ပို၍ ဆိုးဝါးစေခဲ့သည်။ ဒါပေမဲ့ ဂျိုးဆက်ပ်ကဘာလို့ အဲလန်နဲ့ မဟာဆရာသခင်လက်ရာကို ယှဉ်ပြိုင်ရတာလဲ။အခုလက်ရှိမှာ ပြန်သင့်မြတ်ဖို့ လိုအပ်နေတာမဟုတ်ဘူးလား။

“ အစ်ကိုချန်လွေ့က အစွမ်းထက်တယ်ဆိုတာကို ငါသိပြီးသားပါ။ ”

လိုလီလေး သဘောပေါက်သွားသည့်အခါ မျက်နှာသည် အလျင်အမြန်ပင် ပြောင်းလဲသွားသည်။အဲလစ်သည် မျက်တောင်ခတ်လိုက်ပြီး သတ်ဖြတ်ချင်သည့် ပုံစံမှ ချစ်စရာပုံစံသို့ ချက်ချင်းပြောင်းလဲသွားသည်။

“ ရေကန်ပြာမှာ ပျော်ပွဲစား သွားလုပ်ကြဦးမလား။ ”

“ မရဘူး။ဒီနှစ်ရက်မှာ ငါ့ခန္ဓာကိုယ်က အခြေအနေ သိပ်ကောင်းတာ မဟုတ်ဘူး။ ငါအဝေးကြီး သွားလို့မရဘူး။ ”

ချန်လွေ့ ခေါင်းခါလိုက်သည်။ လာနောက်နေတာလား။ပျော်ပွဲစား လုပ်ဦးမယ် ဟုတ်လား။သူ နောက်ထပ် မူးဝေတုတ်ချောင်းတွေနဲ့.....ကိုးကားစာအုပ်တွေကို ပြင်ဆင်ထားမှာ အသေအချာပဲ။

“ ဟုတ်လား။ ”

အဲလစ် စိတ်ပျက်သွားပုံရသည်။

“ ငါနေ့တိုင်း ဒီဆိုင်မှာ ပျင်းနေတာ။နေလို့မပျော်ဘူး။အသီနာ။ငါတို့သုံးယောက် မြို့ထဲ လိုက်သွားကြရအောင်။ ”

“ ကောင်းပြီလေ။ ”

အသီနာ ချက်ချင်း သဘောတူလိုက်သည်။

အပြင်သို့ လျှောက်သွားမည်ဖြစ်၍ ချန်လွေ့ မငြင်းနိုင်တော့ပေ။အဲလစ် ခဏစဉ်စား လိုက်သည်။

“ အောက်ထပ်မှာ ခဏစောင့်နေ။ပြီးတော့ ခီရာနဲ့ ခါဂူလီတို့လည်း အောက်ဆင်းနေ။ အသီနာကို ငါသီးသန့် ပြောစရာရှိတယ်။ ”

သုံးယောက်သား အောက်ဆင်းသွားပြီးနောက်တွင် အဲလစ်၏ မျက်လုံးများသည် အသီနာ၏ ဖွံ့ဖွံ့ဖြိုးဖြိုး ရင်သားအပေါ် ရောက်သွားပြီး ကိုယ်ပိုင်ပစ္စည်းနှင့် နှိုင်းယှဉ် ကြည့်မိလိုက်သည်။အလွန်ကြီးမားသော ဖိအားတစ်ခု အဲလစ်ခံစားလိုက်ရသည်။

“ ငါတို့က သူငယ်ချင်းကောင်းတွေလား။ ”

အသီနာသည် လိုလီလေး၏ အတွေးများကို နားမလည်ပေ။ထို့နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ ဒါပေါ့။အသီနာက ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။ ”

“ ချန်လွေ့ ကရော။ ”

အသီနာ၏မျက်နှာ အနည်းငယ် ပူလောင်သွားသည်။

“ သူ....လည်း သူငယ်ချင်းပါပဲ။ ”

အသီနာ၏ မျက်နှာပေါ် ဖြတ်သွားသည့် ရှက်သွေးသည် ရင့်ကျက်သည့် လိုလီလေးထံမှ မပုန်းကွယ်နိုင်ပေ။လိုလီလေး၏ သေးသွယ်ကျစ်လစ်သည့် ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး အာဏာရှင် တစ်ယောက်၏ အရောင်အဝါ ထုတ်လွှတ်လိုက်သည်။

“ အသီနာ။ငါတို့က သူငယ်ချင်းတွေ ဖြစ်ပေမဲ့လည်း ငါလက်မလျှော့နိုင်တာ တစ်ခုခု ရှိတယ်။ ”

“ ဘာကြီးလဲ။ ”

အသီနာ ဇဝေဇဝါဖြစ်သွားသည်။

“ ဥပမာ....အဲဒါ...”

ရုတ်တရက် အဲလစ်၏ အရောင်အဝါ ပျောက်ဆုံးသွားပြီး ခေါင်းငုံ့လိုက်သည်။ထို့နောက် လက်ညှိုးထိပ်နှစ်ခုကို ညင်သာစွာထိပြီး ဗလုံးဗ‌ထွေး ပြောလိုက်သည်။

“ တစ်ယောက်ရှိတယ်....မဟုတ်ဘူး။ငါတို့နှစ်ယောက်လုံး စားချင်တာ တစ်ခုရှိတယ်..... ”

“ လွယ်ပါတယ်။ ”

အသီနာ မစဉ်းစားဘဲ ပြောလိုက်သည်။

“ ဓားနဲ့ တစ်ပိုင်းပိုင်းလိုက်။ငါတို့ တစ်ယောက်တစ်ဝက်စားကြတာပေါ့။ ”

အဲလစ်သည် စိုးရိမ်နေပုံပေါ်သည်။ထိုစကားကို ကြားလိုက်ရာ သူ၏မျက်လုံးများ ထူးထူးဆန်းဆန်း အရောင်တောက်သွားသည်။

“ တစ်ပိုင်းပိုင်းလိုက် ဟုတ်လား။ ”

“ ဟတ်ချိုး ”

အောက်ထပ်မှ ချန်လွေ့ နှာချေလိုက်သည်။ခီရာ မျက်မှောင်ကြုတ်လိုက်သည်ကိုမြင်ပြီး ချန်လွေ့သည် တောင်းတောင်းပန်ပန် ပြုံးပြလိုက်သည်။

“ တကယ်လို့ ပိုင်းမရဘူးဆိုရင်ကော။ ”

လိုလီလေး ခဏစဉ်းစားပြီး ဝေ့လိုက်ပြောလိုက်သည်။

“ တကယ်တော့ ငါတကယ်စားချင်ပါ့မလား မသိဘူး။ဒါပေမဲ့ “အဲဒါကြီး ” က ငါ့ကို ထူးထူးဆန်းဆန်း ခံစားရစေတယ်။ငါနည်းနည်း စားချင်လောက်တယ်.... ”

“ နင်ပြောနေတာကို ငါနားမလည်ဘူး။ ”

အသီနာ ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

“ ဒါပေမဲ့ ပိုင်းလို့မရတာဆိုရင်တော့ ကုန်တဲ့အထိ တစ်ကိုက်စီ စားလို့ရတယ်။ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ။ကောင်းတဲ့အရာတွေကို ဝေမျှသင့်တယ် မဟုတ်လား။ ”

“ တကယ်။တစ်ယောက် တစ်ကိုက်စီလား။ ”

အရေးကြီးပြဿနာများ ဖြေရှင်းပြီးသွားသကဲ့သို့ လိုလီလေး၏ မျက်လုံးဝိုင်းဝိုင်းများ တောက်ပသွားပြီး ပျော်ရွှင်စွာ ခုံပေါက်နေလိုက်သည်။

“ ငါမသိသေးပေမဲ့......ဒါပေမဲ့ အသီနာ။နင်က တကယ့်ကို ငါ့ရဲ့ သူငယ်ချင်းကောင်းပဲ။ ”

“ အရင်ကတည်းက မဟုတ်လို့လား။ ”

အသီနာသည် အဲလစ် အဘယ်ကြောင့် အစပိုင်းတွင် တုံ့ဆိုင်းနေပြီး နောက်ပိုင်းမှ ပျော်သွားရသည်ကို သဘောမပေါက်သေးပေ။

“ သွားရအောင်။ ”

အဲလစ်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည်တက်ကြွသွားပြီး အသီနာ၏လက်ကိုကိုင်ကာ အောက်ထပ်သို့ ခုန်ဆွခုန်ဆွ သွားလိုက်သည်။

All Chapters