ချန်လွေ့၏ ဆုံးဖြတ်ချက်
Vol. 6 Ch. 79
ချန်လွေ့ လေးလေးနက်နက် စဉ်းစားပြီးမှ ထိုကဲ့သို့ ပြောလိုက်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ချန်လွေ့သည် မိုင်းတွင်းသို့ သွားရမည်ဖြစ်၍ ဤကဲ့သို့ ပြောလိုက်ခြင်းသည် ပိုကောင်းပေသည်။မနေ့ညက ချန်လွေ့သည် ရွိုင့်စ်ထံမှ လျို့ဝှက်စာတစ်စောင် ရရှိခဲ့သည်။မင်းသမီးလက်လီစတိုးရှိ အဖြစ်အပျက်ကြောင့် ဂျိုးဆက်ပ်သည် ချန်လွေ့ကို သံသယရှိနေပြီ ဖြစ်သည်။အမှောင်လမြို့၌ ချန်လွေ့ ကြာကြာနေလျှင် ပို၍ကသိကအောက် ဖြစ်လာပေလိမ့်မည်။
ရှီလန်တောင်သည် အန္တရာယ်များသော်လည်း အသံတိတ်ည စိမ့်မြေကို မယှဉ်နိုင်ပေ။ ချန်လွေ့သည်လည်း အမြင့်ဆင့်နတ်ဆိုးဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပြဿနာ မရှိလောက်ပေ။ထို့ပြင် ချန်လွေ့၏အဓိက ရည်ရွယ်ချက်မှာလည်း “ သတ္တုရိုင်းအပြုန်းများ ” ထဲမှ အရှိန်အဝါအလုံးအရင်း ရရှိရန်ဖြစ်သည်။မိုင်းတွင်းများသည် မကြာသေးမီနှစ်များတွင် ပြောင်းလဲမှု သိပ်မရှိခဲ့ပေ။ထို့ကြောင့် ချန်လွေ့အနေဖြင့် အချိန်တိုအတွင်း မည်သည့်ရလာဒ်မှ ရအောင်လုပ်ပေးစရာ မလိုအပ်ပေ။
အရတ်စ်၏ စစ်ပွဲစာချုပ်အတွက် ချန်လွေ့သည် ဝိုင်ဗန်ခိုးစီးပြီး ပြန်လာ၍ရသည်။ထိုကဲ့သို့ အလီဘိုင် ( သက်သေ )ဖြင့်ဆိုလျှင် အက်ဂ်ယောနှင့်ချန်လွေ့တို့သည် တစ်ယောက်တည်း ဖြစ်မည်ဟု မည်သူမှ သံသယရှိကြမည် မဟုတ်ပေ။
“ ချန်လွေ့ ”
ရှီရာ ရုတ်တရက်ထလိုက်သော်လည်း ဂျိုးဆက်ပ် အရင်ပြောလိုက်သည်။
“ ကောင်းတယ်။တကယ့်ကို တော်ဝင်မင်းသမီးနဲ့ကျုပ် တန်ဖိုးထားရတဲ့ ပါရမီရှင် တစ်ယောက်ပဲ။တစ်ခုခုလိုရင် ငါ့ကိုပြော။ငါမင်းကို အပြည့်အဝ ထောက်ခံတယ်။ ”
ရှီရာ မျက်မှောင်ကြုတ်လိုက်သည်။
“ ချန်လွေ့။အမှောင်လမြို့မှာ မင်းနေတာ အချိန်ခဏလေးပဲ ရှိသေးတယ်။မိုင်းတွင်းက အန္တရာယ်ကို မင်းနားမလည်ဘူး။ပြီးတော့လည်း မင်းက အားနည်းလွန်းတယ်။မိုင်းတွင်း အခြေအနေကို ပိုမဆိုးသွားစေချင်ဘူး။ ”
“ ဘာအန္တရာယ်ကိုမှ ကျွန်တော် မကြောက်ပါဘူး။တော်ဝင်မင်းသမီးအတွက် အလုပ်လုပ်ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်။ ”
ချန်လွေ့သည် မိုင်းတွင်းမှ အရှိန်အဝါများကို အရယူရန် စိတ်ပိုင်းဖြတ်လိုက်သည်။သူ၏ “ စိတ်ကူးယဉ် ” အကြည့်သည် ရှီရာ၏ လှပေသောမျက်နှာကို လှိုက်လှိုက်လှဲလှဲ ကြည့်နေသော်လည်း သူ၏စိတ်ထဲ၌မူ တော်ဝင်မင်းသမီးနေရာတွင် “ အရှိန်အဝါ ” ဖြစ်နေသည်။
ယခုတွင် ဘေးနားမှနတ်ဆိုးအချို့သည် အတွင်းရေးမှူးအသစ် အနစ်နာခံခြင်းသည် တော်ဝင်မင်းသမီးအပေါ် လေးစားအားကျမှုကြောင့် ဖြစ်ကြောင်း ပြောနိုင်လေသည်။ သို့သော် တော်ဝင်မင်းသမီးသည် အလွန်လှပသော်လည်း သူ၏အေးစက်မှုနှင့် ရက်စက်မှုကို အားလုံးသိကြသည်။ ဘယ်လိုလုပ် ဒီလူသားက ရှီရာကို ရင်ထဲထိအောင် လုပ်နိုင်မှာလဲ။
အချို့သူများသည် အတွေးလွန်နေကြတော့သည်။ဂျိုးဆက်ပ်သည် ယခင်က တော်ဝင် မင်းသမီးကို ကျေနပ်အောင် လုပ်နေခဲ့သည်။ရှီရာဘေးတွင် ရှီရာကို သဘောကျနေသည့် အတွင်းရေးမှူးတစ်ယောက် ရှိနေကြောင်း သိလိုက်ရာ ဂျိုးဆက်ပ်သည် မနာလိုမှုများ ပြည့်နှက်သွားသည်။ထို့ကြောင့် ရှီရာ၏ အင်အားကို အားနည်းစေရင်း သူ၏ ဖြစ်နိုင်ချေ ရှိသည့် “ အချစ်ပြိုင်ဘက် ” ကို သေတွင်းသို့ ရက်ရက်စက်စက် ပို့ဆောင်ချင်နေခြင်း ဖြစ်သည်။
“ တော်ဝင်မင်းသမီး။ချန်လွေ့ကသွားချင်နေမှတော့ သူ့ကိုအခွင့်အရေးပေးလိုက်ပါလား။ ”
ဂျိုးဆက်ပ်သည် ချန်လွေ့ကို တအံ့တဩ ကြည့်ပြီး ပြောလိုက်သည်။
“ ကျုပ်ရဲ့စိတ်ရင်းကို ဖော်ပြဖို့အတွက် အကယ်၍ ချန်လွေ့သာ ရှီလန်တောင်မှ ဆယ်စုနှစ်ကြာ စွဲကပ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ရင် ငြိမ်ဝပ်ပိပြားရေး အရာရှိလုပ်ဖို့ သူ့ကို အကြံပြုပေးမှာပါ။ ”
ငြိမ်ဝပ်ပိပြားရေးအရာရှိသည် ဗိုလ်ချုပ်အဲလန်၏ အချိန်ပိုင်းအလုပ် ဖြစ်သည်။ ဂျိုးဆက်ပ်၏ စကားကို ကြားလိုက်ရာ အဲလန်ဒေါသထွက်သွားပြီး ဂျိုးဆက်ပ်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။သို့သော်လည်း ဂျိုးဆက်ပ်သည် သတိမထားမိဟန် ဆောင်လိုက်သည်။
ထိုအကြံပြုချက်သည် လွန်ခဲ့သော သုံးလေးရက်က ဖြစ်သွားခဲ့သည့် အဖြစ်အပျက်ကြီးကို လူတိုင်းအား သတိရေစေခဲ့သည်။ငြိမ်ဝပ်ပိပြားရေး အရာရှိနှင့် ဘဏ္ဍာရေးအရာရှိတို့ မသင့်မမြတ် ဖြစ်နေကြသည်မှာ အမှန်ပင်ဖြစ်လေသည်။အမှန်တကယ်တွင် ပြိုင်ကွင်း၌ အဲလန်ညစ်ခဲ့သည့်အတွက် အဲလန်၏အပြစ်ဟု ယူဆ၍ရသည်။သို့သော်လည်း အမြင့်ဆင့် နတ်ဆိုးတစ်ယောက် ဆုံးရှုံးလိုက်ရသည့်အတွက် အဲလန်၏ဆုံးရှုံးမှုသည်လည်း အကြီးမားဆုံးပင် ဖြစ်သည်။
ချန်လွေ့ အသက်ရှင်လျင် ပြန်လာပြီး ငြိမ်ဝပ်ပိပြားရေးအရာရှိ ဖြစ်လာမည်ဟု မည်သူမှ မတွေးထားကြပေ။နတ်ဆိုးအများစု၏မျက်လုံးထဲ၌ ဤလူသားသည် အလောင်းကောင် ဖြစ်နေလေပြီ။
“ ဒီလိုဆိုမှတော့ သက်သေအနေနဲ့ ချရေးထားရတာပေါ့။ ”
ချန်လွေ့၏စကားသည် လူတိုင်း၏ အာရုံကို ဖမ်းစားသွားပြန်သည်။
“ လိုတာရှိရင်ပြောလို့ ဆာဂျိုးဆက်ပ်က ကျုပ်ကို ပြောတယ်ဆိုတော့ ကျုပ်တစ်ခါမှ ရှီလန်တောင်ကို မသွားဖူးဘူး။အဲ့ဒါကြောင့် ကျုပ်လိုတာကအမှောင်လ တစ်မြို့လုံးရဲ့ မှော်မြေပုံမိတ္တူတစ်ခု၊ မှော်မျက်လုံး သံလိုက်အိမ်မြှောင်တစ်ခု ၊ဓာတ်မီးလက်စွပ် တစ်ကွင်း၊လင်းလက်ကျောက်တုံး၁၀တုံး.... ”
ချန်လွေ့သည် ပစ္စည်း ဆယ်ခုကျော်လောက်ကို တစ်ထိုင်တည်းပြောပြီး နောက်ဆုံး၌ ဂျိုးဆက်ပ်သည် ရှက်ရွံ့စွာ ကြည့်လိုက်သည်။
“ ဒါတွေပါပဲ။ဆာ ကတိတည်ပါ့မလား မသိဘူး။ ”
ထိုပစ္စည်းများသည် ရှီလန်တောင်ကို သွားရန်အတွက် ပြင်ဆင်စရာများ ဖြစ်ပုံရသည်။ သို့သော်လည်း မှော်ပစ္စည်းများနှင့် မှော်ကုန်ကြမ်းများလည်း ပါနေတယ်။ချန်လွေ့သည် ရှီလန်တောင်သို့မသွားခင် စိတ်ဝင်စားစရာ နည်းနည်း စုနိုင်သလို ဂျိုးဆက်ပ်ကိုလည်း အနည်းငယ် စိတ်ရှုပ်စေနိုင်သည်။မှော်စတိုးဆိုင် လုယက်မခံရလျှင် ၎င်းတို့သည် ဂျိုးဆက်ပ် အတွက် ဘာမျှမဟုတ်ပေ။သို့သော် ယခုတွင် ထိုပစ္စည်များကို အဲလန် “ လုယက် ” ထားသည်။မှော်ကုန်ကြမ်းများ လုယက်သည့် အပြစ်ကို ငြိမ်ဝပ်ပိပြားရေး အရာရှိက “ ကရုဏာသက်စွာဖြင့် ” ခံယူထားပေးခြင်း ဖြစ်လေသည်။
သူ၏ လောကဝတ်စကားကို လူသားဖြစ်သူက အတည်မှတ်လိုက်သည့်အတွက် ဂျိုးဆက်ပ် ကြက်သေသေသွားသည်။သို့သော်လည်း သူသည် လူအများအရှေ့၌ ကတိပေး ထားခဲ့ပြီး ပြိုင်ဘက်ဖြစ်သူလည်း မိုင်းတွင်းသို့သွားရန် သဘောတူသည့်အတွက် ဤကိစ္စ သေးသေးလေးများသည် အရေးမကြီးတော့ပေ။၎င်းသည် ချန်လွေ့၏ အသက်ကို ဝယ်ယူခြင်း သကဲ့သို့ပင် ဖြစ်သည်။
“ ဒါက ပြဿနာမဟုတ်ပါဘူး။တစ်ယောက်ယောက်ကိုလွှတ်ပြီး ဆရာသခင်ရဲ့ စမ်းသပ်ခန်းဆီ ပို့ပေးလိုက်မယ်။အဲ့ဒီပစ္စည်းတွေအားလုံး အရည်အသွေးမြင့်တာတွေပဲ ဖြစ်စေရမယ်။ ”
ဂျိုးဆက်ပ် ပို၍ပျော်သွားပုံရသည်။
“ ရုံးစာလုပ်ငန်းကိုတော့ ကိုယ့်ဘာသာပဲ မူကြမ်းရေးဆွဲလိုက်တော့။တော်ဝင်မင်းသမီးနဲ့ ဒီကလူတွေအားလုံးက သက်သေတွေပဲ။ ”
ချန်လွေ့သည် ၎င်းတို့ကို မိတ္တုသုံးစောင်ပေါ် ရေးချပြီး နှစ်ယောက်သား လက်မှတ်ထိုး လိုက်ကြသည်။ဂျိုးဆက်ပ်လည်း မိတ္တူတစ်ခု ယူလိုက်သည်။ထို့နောက် ပြုံးပြီး ပြောလိုက်သည်။
“ ဒါဆိုလည်း မိုင်းတွင်းအရာရှိ။ရှီလန်တောင်ကို အမြန်ဆုံးသွားဖို့ ပြင်ဆင်ထားပေးပါ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ရှီရာသည် လက်ထဲမှ စာရွက်ကို တည်တည်ငြိမ်ငြိမ်နှင့် ကြည့်ပြီး ဘာမှမပြောခဲ့ပေ။သူ၏အေးစက်စက် အမူအရာမှာတော့ လုံးဝပြောင်းလဲ မသွားပေ။
နန်းတော်အပြင်ဘက် လမ်းပေါ်၌ -
အဲလန် အံကြိတ်ပြီး ဂျိုးဆက်ပ်ကို ပြောလိုက်သည်။
“ ခင်ဗျားဘာလို့ ကျုပ်ရဲ့ရာထူးနဲ့ လောင်းကြေးထပ်ရတာလဲ။မနေ့ညတုန်းက ခင်ဗျားရဲ့ စိတ်ရင်းက အလကားပဲလား။ ”
မနေ့ညတုန်းက ဂျိုးဆက်ပ်သည် အဲလန်နှင့် တိတ်တဆိတ် တွေ့ခဲ့ခြင်း ဖြစ်သည်။ ဂျိုးဆက်ပ်၏ ထိပ်တန်းသံတမန်ရေးရာ စကားများအောက်တွင် မူလက ဂျိုးဆက်ပ်ကို အရိုးထဲစွဲအောင်မုန်းတီးနေသည့် အဲလန်သည် ပြန်လည်သင့်မြတ်သွားသည်။ မှော်ကိရိယာများနှင့် အခြားပစ္စည်းများကို မီကတ်စ် “ မတော်တဆ ”သေဆုံးခြင်း၏ နစ်နာကြေးအနေဖြင့် သတ်မှတ်လိုက်သည်။နှစ်ဖွဲ့စလုံးသည် အရေးကြီးသည့် သုံးသပ်ချက်တစ်ခုကို ရောက်ရှိသွားသည်။ရှီရာတို့အဖွဲ့ကို မလှုပ်မယှက် ဖြစ်စေရန် အတွက် သူတို့သည် အချင်းချင်း မသင့်မြတ်သလို ဆက်လက်ဟန်ဆောင်ကြပေမည်။
သို့သော်လည်း အဲလန်ယနေ့ ဒေါသထွက်ရခြင်းသည် ဟန်ဆောင်ခြင်းမဟုတ်ဘဲ စိတ်ရင်းနှင့်ဖြစ်သည်။သူ၏ ရာထူးကို လောင်းကြေးထပ်လိုက်သည့် ဂျိုးဆက်ပ်ကို အဲလန် အမှန်တကယ် ဒေါသထွက်သွားသည်။
ဂျိုးဆက်ပ်သည် အရာအားလုံးကို သိနေသည့် ပုံစံဖြစ်နေပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ ဒီလိုမလုပ်ရင် ငါတို့မသင့်မြတ်ဘူးလို့ ဘယ်လိုဟန်ဆောင်လို့ရမှာလဲ။အဲ့ဒီလူသားကို တစ်ဆင့်ချင်း သေတာ မမြင်ချင်ဘူးလား။ ”
အဲလန်၏ ဒေါသများ အနည်းငယ် တည်ငြိမ်သွားသည်။ထို့နောက် ဂျိုးဆက်ပ် ဆက်ပြောလိုက်သည်။
“ ဒါမှမဟုတ် အဲ့ဒီလူသားက ရှီလန်တောင်ကနေ ပြန်လာနိုင်မယ်လို့ မင်းတကယ် ထင်နေတာလား။မင်းပြောခဲ့တဲ့ အဲ့ဒီက နတ်ဆိုးသားရဲတွေ၊သူခိုးဓားပြတွေက “အလကား” သက်သက်ပဲလား။ ”
ထိုအချိန်၌ အဲလန် တုံ့ပြန်လိုက်သည်။
“ ဟုတ်သားပဲ။သူမသေရင်တောင် လူလွှတ်ပြီး သတ်ခိုင်းလိုက်လို့ ရတာပဲ။သူ့ကို နတ်ဆိုးသားရဲတွေ၊သူခိုးဓားပြတွေ လုပ်လိုက်တာလို့ပဲ ပြောလိုက်မယ်။ ”
“ မိတ်ဆွေ။နောက်ဆုံးတော့ မင်းနားလည်သွားပြီပဲ။ ”
ဂျိုးဆက်ပ် အသာလေး ပြုံးလိုက်သည်။
“ အခု မှော်စတိုးက ပစ္စည်းတွေအားလုံး မင်းကိုပေးထားတယ်။ခုနက လူသား ပြောလိုက်တဲ့ ပစ္စည်းတွေ ငါ့မှာမရှိဘူး။ဒီတော့ မင်းကိုပဲ အားကိုးရမှာပဲ။ ”
“ ဟမ်။မြေပုံပဲဖြစ်ဖြစ်၊သံလိုက်အိမ်မြှောင်ပဲဖြစ်ဖြစ် ကျုပ်အတွက် အသုံးမလိုဘူး။ဒါပေမဲ့ ကျုပ်မှာတော့ လင်းလက်ကျောက် မရှိဘူး။အဲ့ဒါကြောင့် ခင်ဗျားဘာသာ ရှာရမယ်။ ”
သူတို့သည် အပေါ်ယံတွင် သင့်မြတ်သွားသော်လည်း အဲလန်၏နှလုံးသားထဲရှိ ဆူးကိုမူ ဆွဲမနှုတ်ရသေးပေ။ထိုသို့ပြောရင်း အဲလန်သည် ဂျိုးဆက်ပ်ကို ဂရုမစိုက်တော့ဘဲ ခြေလှမ်းကျဲကျဲ လျှောက်သွားလိုက်သည်။
အဲလန်၏ ကျောဘက်ကိုကြည့်ရင်း ဂျိုးဆက်ပ်၏ မျက်လုံးထဲတွင် မကျေနပ်ခြင်း နှင့် အထင်သေးခြင်းတို့ ဖြတ်ခနဲပေါ်သွားသည်။သို့သော်လည်း ဂျိုးဆက်ပ် ဘာမှ မပြောလိုက်ပေ။
ကောင်စီခန်းမ၌ ချန်လွေ့တစ်ယောက်တည်းသာ ကျန်ခဲ့သည်။
ရှီရာသည် ချန်လွေ့ကို စိုက်ကြည့်နေပြီး မမြင်ရသည့် ဖိအားသည် ချန်လွေ့ကို မသက်မသာ ခံစားရစေသည်။အချိန်အတော်ကြာပြီးနောက် ရေခဲမင်းသမီးလေး စကားပြောတော့သည်။
“ ဘာလို့လဲ။ ”
“ ကျွန်တော် တကယ်ပဲ ရှီလန်တောင်ဆီ သွားချင်လို့ပဲ။အဲ့ဒါက အမှန်တရားပါပဲ။ ”
ချန်လွေ့သည် အမှန်အတိုင်း ဖြေလိုက်သည်။
“ အမှန်တရား ဟုတ်လား။ငြိမ်ဝပ်ပိပြားရေး အရာရှိရာထူးက အမှောင်လမြို့အတွက် တကယ်အရေးကြီးပါတယ်။ဒါပေမဲ့ မင်းက ဘာလို့ အသက်နဲ့ လောင်းကြေးထပ်လိုက် ရတာလဲ။အကြွင်းမဲ့စွမ်းအား အရှေ့မှာ ဉာဏ်ပညာက ဘာမှသိပ်ပြီးသုံးလို့မရဘူး။ ဒီတစ်ခေါက် မင်းနိုင်ဖို့ အခွင့်အရေး လုံးဝမရှိဘူး။ရှီလန်တောင်က အန္တရာယ်တွေကို မင်းသေချာသိသင့်တယ်။မင်း ကျရှုံးရင် သေပြီပဲ။ ”
ဉာဏ်ပညာသည် အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်ရာ၌ ဘာမှမဟုတ်သည်ကို ချန်လွေ့ နားလည်သည်။ထို့ကြောင့် လိုအပ်သည့်အခါ ချန်လွေ့သည် စွမ်းအားကို လွှမ်းမိုးရန် စွမ်းအားကို သုံးရပေမည်။
“ စိတ်ချပါ။ကျွန်တော် ပြန်လာမှာပါ။တကယ်တော့ ဒါက မဟာဆရာသခင် စမ်းသပ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့ ပြောချင်နေတာပါ။ ”
“ ဒီဆင်ခြေက မဆိုးပါဘူး။ ”
ရှီရာ ခေါင်းခါလိုက်သည်။
“ ငါနားမလည်ဘူး။ငါတကယ် နားမလည်ဘူး။ဒါက မင်းငါ့ကို ရင်ထဲထိအောင် လုပ်တဲ့ နည်းလမ်းလို့ပဲ နားလည်ရမလား။ ”
နားလည်ရမလား ဟုတ်လား။ဒါက “ ဆင်ခြင်တွက်ဆ ” တာ မဟုတ်လား။ ချန်လွေ့၏မျက်နှာသည် တည်တံ့နေသည်။ငါက အမှန်အတိုင်း ဖြေတာလေ။ဒါပေမဲ့ ဒီကောင်မလေးက မယုံဘူး ဖြစ်နေတယ်။
အရင်တစ်ခေါက် ပန်းခြံမှာ အထင်လွဲပြီးကတည်းက လှပတဲ့ နားလည်မှုလွဲတာတွေ ဆက်ဖြစ်နေတယ်။ဒါပေမဲ့လည်း ကျန်းမာတဲ့ ယောက်ျား.....မဟုတ်ဘူး.. သာမန်ယောက်ျားတစ်ယောက် အနေနဲ့ ဒီလိုလှပတဲ့ သူဌေးမအတွက် ခံစားချက် ရှိလာတာကတော့ မလွဲမသွေပဲ။ပြီးတော့လည်း ရှီရာရဲ့ ရှားပါးတဲ့အပြုံးကို တွေ့ရတာ၊ တုံးတိစိတ်ပူတာတွေကို ကြားရတာကလည်း တကယ်ပဲ ကောင်းတယ်။
သို့သော်လည်း လူစီဖာမိသားစု၏ အစွမ်းထက် “ ဆင်ခြင်တွက်ဆ သွေးမျိုးနွယ် ” အောက်တွင် ချန်လွေ့သည် အချိန်အများစု၌ “ ပိုးပန်းသူ ” နေရာ၌သာ နေနေရလေသည်။
“ ကျုပ်ပြောခဲ့သလိုပဲ ဒါက ကျုပ်အတွက်လုပ်တာပဲ။အရှင်မင်းသမီး မယုံတာတော့ ကျုပ်လည်း မတတ်နိုင်ပါဘူး။ ”
ချန်လွေ့ သက်ပြင်းချလိုက်သည်။လေးစားသဘောကျမှုကို ဖော်ပြခြင်းဖြင့် စိတ်ရှုပ်အောင် ချန်လွေ့ မလုပ်ခဲ့ပေ။
ရှီရာ ခေါင်းခါလိုက်သည်။
“ မင်းအသက် ဆုံးရှုံးသွားမယ်ဆိုရင် င့ါရင်ကိုထိအောင်လုပ်နိုင်ရင်တောင် မင်းဘာလုပ်နိုင်မှာလဲ။ ”
“ တကယ်ပဲ....ရင်ထဲထိအောင် လုပ်နိုင်တာလား။ ”
ချန်လွေ့၏ နှလုံးသား လှုပ်ရှားသွားပြီး မသိစိတ်ဖြင့် မေးကြည့်လိုက်သည်။ ဘုရားသခင်။ငါတကယ်ပဲ ဒီလို မကြံစည်ထားပါဘူး။
“ ရင်ထဲထိမထိကြားမှာ ဘာအဓိပ္ပာယ် ရှိလို့လဲ။ ”
ရှီရာ သက်ပြင်းချလိုက်သည်။
“ တကယ်တော့ မင်းရဲ့ဉာဏ်ပညာနဲ့ဆို ငါတို့က မဖြစ်နိုင်ဘူးဆိုတာ မင်းသေချာ သိပါတယ်။ငါမင်းကိုငယ ယုံကြည်သွားပါပြီ။ဒါပေမဲ့ အားလုံးက ဒီမှာပဲ ရပ်ရမယ်။ အကြီးအကဲဂါ့စ်ရဲ့ အကြံအတိုင်း ကြိုးရှည်ရှည်လှမ်းထားပြီး မင်းရဲ့ပါရမီကို ထိန်းထားဖို့ လုပ်လိုက်ရမှာ။ဒါပေမဲ့ ငါမလုပ်ဘူး။အမှန်အတိုင်းပြောရရင် မင်းကငါ့ကို အထူးခံစားချက် ခံစားရစေတယ်။ဘယ်လိုခံစားရလဲဆိုတာကို မေ့နေပြီ ထင်ထားတာ။ ဒီခံစားချက်....အဲဒါက... ”
ထိုသို့ပြောနေရင်း ရှီရာ၏ ခံစားချက်မဲ့နေသည့်မျက်နှာသည် လှုပ်ရှားမှု အရိပ်အယောင် ရှိလာပြီး အနည်းငယ် တုန်လှုပ်သွားသည်။နောက်ဆုံး၌ ပုံမှန်အတိုင်း မထုံတတ်တေး မျက်နှာသို့ ပြန်လည် ရောက်ရှိသွားသည်။
“ ဒီခံစားချက်က ခင်မင်ရင်းနှီးမှု ဖြစ်မှာပါ။ ”
ချန်လွေ့ ထပ်ဖြည့်ပြောလိုက်သည်။ အကြီးအကဲဂါ့စ် ဒီလိုအကြံပေးမယ်လို့ မထင်ထားခဲ့ဘူး။သူက လူကောင်းတစ်ယောက်ပဲ။ဒါပေမဲ့ သူဌေးမက အဲဒီအကြံကို မကြိုက်တာတော့ ဆိုးတာပဲ။ ”
ချန်လွေ့စိတ်ထဲ၌ နောင်တအနည်းငယ် ရနေသော်လည်း ပြည့်စုံခြင်းနှင့်ထိမိခြင်းက ပိုများနေသည်။မိမိကို အသီနာ ခံစားချက်ရှိနေကြောင်း ချန်လွေ့သိသည်။သို့သော်လည်း “ အနည်းငယ် ”သာ ဖြစ်ပေမည်။အဲလစ်မှာတော့ သိချင်ရုံ၊စနောက်ချင်ရုံသာ ဖြစ်သည်။ ရှီရာကတော့......။နတ်ဆိုးဘုံရှိ မိန်းမလှတစ်ယောက်သည် သူ့ကို အကြောင်းရင်းမရှိဘဲ သဘောကျလိမ့်မည်ဟု ထင်ရသည်အထိ ချန်လွေ့သည် အတ္တပေမ ဝါဒီသမား မဟုတ်ပေ။ရှီရာ ဖွင့်ပြောလာသည်ကပင် အံ့ဩစရာ ဖြစ်နေလေပြီ။
ဒါ ရှီရာ အရှင်သခင် ဖြစ်ပြီးကတည်းက ပထမဆုံးအကြိမ်ပဲ ဖြစ်မယ်။
ဒါမှမဟုတ် သေတော့မယ့်လူတစ်ယောက်ကို သနားတာ ဖြစ်မယ်။ဒါမှမဟုတ်လည်း ငါ့ကိုစိတ်ကူးမယဉ်ဖို့ ပြောနေတာဖြစ်မယ်။.....ဒါပေမဲ့လည်း ဖွင့်ပြောတာက ဖွင့်ပြောတာပါပဲ။
“ ခင်မင်ရင်းနှီးမှုလား။ငါမသိဘူး။ဖြစ်ချင်ဖြစ်မှာပေါ့။ ”
ရှီရာ၏မျက်လုံးများ ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
“ ငါက အမှောင်လမြို့ရဲ့ အရှင်သခင်လည်း ဖြစ်သလို ကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ထားရတဲ့ သန်းခေါင်နေအရှင်ရဲ့ မျိုးဆက်သစ်လည်း ဖြစ်တယ်။ ဒီစကားလုံးက ငါ့အတွက် စည်းစိမ်တစ်ခုပဲ။မင်းအတွက်တော့ ကံဆိုးခြင်းပဲ။ ဒီအကြောင်းကို ငါဆက်ပြီး မဆွေးနွေးချင်တော့ဘူး။မင်းခုနကပဲ စာရွက်တွေပေါ်မှာ လက်မှတ်ထိုးပြီးသွားပြီ။အမှောင်လမြို့ကနေ ထွက်ပြေးဖို့ကလွဲလို့ မိုင်းတွင်းကိုပဲ မင်းသွားလို့ရမယ်။မင်း ဆုံးဖြတ်ပြီးပြီလား။ ”
“ ကျုပ် ဆုံးဖြတ်ပြီးသွားပါပြီ။ ”
ချန်လွေ့ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
“ ကျုပ် မိုင်းတွင်းကို သွားမယ်။ ”
“ ဒါဆိုလည်း ဘာနည်းလမ်းကိုပဲ သုံးသုံး နှစ်ဝက်လောက်တော့ သည်းခံရမယ်။ နှစ်ဝက်ပြီးလို့ ဘာမှမပြီးမြောက်ဘူးဆိုရင်တောင် အထူးအခွင့်အရေးကိုသုံးပြီး ငါမင်းကို ပြန်ခေါ်လို့ရတယ်။ဂျိုးဆက်ပ်မှာ သက်သေရှိရင်တောင် သူဘာမှ ပြောလို့ရမှာ မဟုတ်ဘူး။ ”
ချန်လွေ့ တွက်ချက်နေလိုက်သည်။ တကယ်လို့ နှစ်ဝက်ဆိုရင် အသံတိတ်ညစိမ့်မြေဆီ ငါသွားလို့ရပြီ။ဒါပေမဲ့ လိုအပ်ချက်က အရတ်စ်ရဲ့ စိန်ခေါ်မှုကို ကျော်ဖြတ်ပြီးတော့ င့ါအစွမ်းတွေကို ပိုတိုးတက်အောင် လုပ်ရမယ်။
“ နှစ်ဝက်က ပြဿနာမရှိပါဘူး။မဟာဆရာသခင်ရဲ့ အမွေအနှစ်အတွက် ကျုပ် တကယ်ပဲ သွားဖို့လိုတယ်။အခုတော့ ပြဿနာကို လမ်းတစ်လျှောက်မှာ ဖြေရှင်းလို့ရပြီ။ ဝိုင်ဗန်တွေ ကိုလည်း ကျွန်တော် ခေါ်သွားမယ်။ကိုယ်ရံတော်လုပ်ဖို့ အက်ဂ်ယောကိုလည်း ကျုပ်ပြောလို့ရတယ်။သူက ကျွန်တော်နဲ့ သဟဇီဝစာချုပ် ချုပ်ထားတာလေ။ ကျွန်တော်သေရင် သူလည်းသေမှာပဲ။ ”
သဟဇီဝစာချုပ်သည် ရှီရာကို သတိရသွားစေပြီး မေးလိုက်သည်။
“ ဝိုင်ဗန်နဲ့ဆို အဆင်ပြေလောက်ပါတယ်။ဒါပေမဲ့ တစ်လအတွင်းမှာ အက်ဂ်ယောက အရတ်စ်ကို တိုက်ခိုက်ရမှာလေ။သူရှုံးသွားမှာကို မင်းမစိုးရိမ်ဘူးလား။မင်းတို့ အသက်တွေက ချိတ်ဆက်နေတယ်လေ။ ”
ဟုတ်တယ်။တကယ်ပဲ ချိတ်ဆက်နေတယ်။ချန်လွေ့ အသာလေးပြုံးလိုက်သည်။ သူ၏အပြုံးတွင် ယုံကြည်ချက်အပြည့် ရှိနေသည်။
“ သူရှုံးမှာ မဟုတ်ဘူး။ ”
ရှီရာသည် ချန်လွေ့ကို ခဏစိုက်ကြည့်လိုက်ပြီး အက်ဂ်ယောအကြောင်း ထပ်မမေး တော့ပေ။ထို့နောက် လက်ထဲမှ လက်စွပ်ကို ချွတ်ပြီး လက်ဝှေ့ရမ်းလိုက်သည်။ လက်စွပ်သည် ချန်လွေ့ထံသို့ ဖြည်းဖြည်းချင်း ပျံသွားပြီး ချန်လွေ့အရှေ့ လေထဲ၌ လွင့်ပါးနေသည်။