← Chapters

ရေကန်ပြာ ညဥ့်နက်စကားဝိုင်း

Vol. 6 Ch. 80

ရေကန်ပြာ ညဥ့်နက်စကားဝိုင်း

Vol. 6 Ch. 80

ထိုလက်စွပ်သည် စင်းစင်းဖြစ်နေပြီး အနက်ရောင်မွဲခြောက်ခြောက် ဖြစ်နေသည်။ သို့သော်လည်း ၎င်းထံမှ စွမ်းအားဖျော့ဖျော့လေးကို ချန်လွေ့ သေသေချာချာ ခံစားနေရသည်။

“ မင်းရဲ့ ဘယ်လက်ထုတ်ပြီးတော့ လက်ချောင်းထိပ်ကို ဖောက်လိုက်။ပြီးရင် စိတ်အေးအေးထား။မခုခံနဲ့။ ”

ရှီရာ၏အသံ ထွက်ပေါ်လာသည်။

မိမိကို ရှီရာ ထိခိုက်အောင်လုပ်မည် မဟုတ်ကြောင်း ချန်လွေ့ သိသည့်အတွက် ထိုအတိုင်း လုပ်လိုက်သည်။ရှီရာလည်း လက်ချောင်းထိပ်ကို ဖောက်လိုက်သည်။သူ၏သွေးများသည် ကြမ်းပြင်ပေါ်သို့ မကျသွားဘဲ ပုလဲနီများကဲ့သို့ လေထဲတွင် လွင့်မျောနေသည်။ရှီရာ၏ လက်ချောင်းများသည် ထူးခြားသည့် စည်းချက်တစ်ခုဖြင့် တုန်ခါသွားသည်။သွေးစက် များသည် တဖြည်းဖြည်းနှင့် အထူးအမှတ်အသားတစ်ခုဖြစ်သွားပြီး လက်စွပ်ကို ချန်လွေ့၏ ဘယ်လက်သို့ လွင့်ပျံသွားစေကာ လက်သန်းကြွယ်ဆီသို့ ကွက်တိ ရောက်သွားသည်။

သူတို့၏သွေးများ ရောနှောသွားသည်။သွေးအမှတ်အသားသည် သင်္ကေတအဖြစ် အသွင်ပြောင်းသွားပြီး တဖြည်းဖြည်းနှင့် လက်စွပ်ထဲသို့ ပေါင်းစပ်သွားသည်။ ချန်လွေ့သည် လက်သန်းကြွယ်၌ ပူလောင်မှုတစ်ခု ခံစားလိုက်ရသည်။လက်စွပ်မှ တစ်ဆင့် ရှီရာ၏သွေးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ရောနှောသွားသကဲ့သို့ပင် ဖြစ်သည်။ ထိုခံစားချက်သည် အလွန် အံ့အားသင့်စရာကောင်းသည်။၎င်းသည် အ‌ချိန်အတော် ကြာပြီးမှသာ ပျောက်ကွယ်သွားသည်။

“ ဒီလက်စွပ်ကို အမှောင်ဆန္ဒ လို့ခေါ်တယ်။ဒါက စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အားလုံးကို ခုခံနိုင်တယ်။ပြီးတော့ တစ်နေ့ကိုတစ်ခါ [ ကျပမ်းပို့ဆောင်ခြင်း ]ကို သုံးလို့ရတယ်။ဒါပေမဲ့ အကွာအဝေးနဲ့ လေဟာနယ် မှာတော့ ကန့်သတ်ချက်တချို့ ရှိတယ်။ငါမင်းကို ဒါပေးလိုက်မယ်။ဒီလက်စွပ်က သွေးအမှတ်အသား အမွေအနှစ်နဲ့ မန်းမှုတ်ထားတာ။အဲ့ဒါကြောင့် မင်းကလွဲပြီး ဘယ်သူမှ သုံးလို့မရဘူး။ ”

“ အမှောင်ဆန္ဒ ” သည် ရှီရာ၏လက်ထဲမှ ချွတ်လိုက်သည့်အတွက် သာမန်ပစ္စည်း မဟုတ်နိုင်ပေ။တစ်ရက်တစ်ကြိမ် [ ကျပမ်းပို့ဆောင်ခြင်း ]သည် အလွန်အစွမ်းထက် လှသည်။အရေးပေါ်အခြေအနေများ၌ ထွက်ပြေးလွတ်မြောက်နိုင်ရန် လုံးဝ ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သည်။

သို့သော်လည်း လက်စွပ်ဝတ်လိုက်သည့် လက်ချောင်းသည် အနည်းငယ် ထူးဆန်း နေသည်။၎င်းသည် လက်သည်းကြွယ် ဖြစ်နေသည်။ ‌နတ်ဆိုးဘုံမှာ လက်စွပ်ဝတ်တဲ့ လက်ချောင်းတွေမှာ တစ်ခုခုထူးခြားတဲ့ အဓိပ္ပာယ်ရှိမရှိတော့ မသိဘူး။ဒါပေမဲ့ လက်သန်းကြွယ်ကတော့ လက်ထပ်လက်စွပ်ဝတ်တဲ့ လက်ချောင်း မဟုတ်ဘူး။ အဲလိုသာဆိုရင် ရှီရာက ဒီလက်ချောင်းမှာ လက်စွပ်ဝတ်ပေးမှာ မဟုတ်ဘူး။

ချန်လွေ့၏ နှလုံးသားသည် ခံစားချက်များနှင့် ပြည့်နှက်သွားပြီး လွတ်ခနဲ ပြောလိုက်သည်။

“ တော်ဝင်မင်းသမီး။ဒါက မင်းသမီးရဲ့ တန်ဖိုးကြီးရတနာတစ်ခု ဖြစ်မယ်။ကျုပ် မယူပါရစေနဲ့။ ”

“ တန်ဖိုးက တည်ရှိမှုအဓိပ္ပာယ်ကို ဆုံးဖြတ်ပေးမယ်။တန်ဖိုး အလဲအလှယ်အနေနဲ့ မင်းနားလည်လောက်ပါတယ်။ ”

ရှီရာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ထိုစကားသည် အမှန်တကယ်ပင် စာနာစိတ်ကင်းမဲ့လွန်းသည်။သို့သော်လည်း ချန်လွေ့ ဒေါသမထွက်ပေ။ချန်လွေ့ ပြုံးရင်း ပြောလိုက်သည်။

“ ကျုပ် နားလည်ပါတယ်။အမြဲတမ်းတည်ရှိမှု အဓိပ္ပာယ်ရှိအောင်လို့ ကျုပ်ရဲ့တန်ဖိုးကို ထိန်းသိမ်းထားမှာပါ။ ”

ရှီရာ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီလေ။အခုအချိန် မိုင်းတွင်းကို အမျိုးသမီးစေခံ ခေါ်သွားဖို့ မသင့်တော်ဘူး။ အစကတော့ ငါမင်းကို တစ်လနေရင် ခီရာ ချီးမြှင့်ပေးမလို့ပဲ။ဒီတော့ မင်းပြန်လာမှပဲ ဒီအကြောင်း ပြောကြ‌တာပေါ့။မင်း အသက်ရှင်လျက် ပြန်လာနိုင်ရင် မင်းရဲ့ဆန္ဒတွေ ပြည့်ဝစေရမယ်လို့ ငါပြောရဲတယ်။ခီရာရဲ့ ‘ ဝါးမျိုခန္ဓာ ’ တောင် ပြဿနာ မဟုတ်ဘူး။ ”

ဒါက လူမှုဖူလုံရေးလား။ငါ့သူဌေးရဲ့ မှတ်ဉာဏ်က တကယ်ကောင်းတာပဲ။

“ တော်ဝင်မင်းသမီး။ကျုပ်မှာ ခီရာအတွက် ဘာရည်ရွယ်ချက်မှ မရှိဘူး။အမိန့်ကို ပြန်ရုတ်သိမ်းပေးပါ။ ”

ချန်လွေ့ပြုံးပြီး ခေါင်းခါလိုက်သည်။

အမှန်အတိုင်းပြောရရင် အဲ့ဒီမာယာရှင်က တကယ့်ကို ဆွဲဆောင်မှုရှိတယ်။ဒါပေမဲ့ သူပေးတဲ့ခံစားချက်က ရာဂ ပိုများတယ်။အချစ် မဟုတ်ဘူး။အရေးအကြီးဆုံးအချက် ကတော့ သူလုံးဝ ဆန္ဒမရှိတာပဲ။မိန်းမနဲ့ယောကျာ်းက အချင်းချင်း သဘောကျဖို့ အရေးကြီးတယ်။ရင်းရင်းနှီးနှီး နေဖို့ဆိုရင်လည်း သဘာဝအတိုင်း ဖြစ်ရမယ်။

မိန်းမလှများကို သဘောကျကြောင်း ချန်လွေ့ ဝန်ခံသည်။သို့သော်လည်း ချန်လွေ့တွင် အခြေခံ စည်းမျဉ်းများလည်း ရှိသည်။မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ရရန်အတွက် အာဏာ သို့မဟုတ် အခြားအရာများကို မှီခိုရမည်ဆိုလျှင် ခီရာ၌ ကြောက်စရာ ‘ ဝါးမျိုခန္ဓာ ’ မရှိလျှင် ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် ရွံရှာစက်ဆုပ် နေပေလိမ့်မည်။

ရှီရာသည် ခံစားချက်ဖြင့် ချန်လွေ့ကို ငေးကြည့်လိုက်သည်။သူ၏အသံသည် အေးစက်နေဆဲပင် ဖြစ်သည်။

“ ခီရာကို အထင်မသေးနဲ့။ရှီလန်တောင်က မင်းရဲ့ပထမစမ်းသပ်ချက်ဆို ခီရာက ဒုတိယ စမ်းသပ်ချက်ပဲ။ဘာကြောင့်လဲဆိုတာကိုတော့ နောက်ခြောက်လ မင်းပြန်လာမှ ပြောကြတာပေါ့။ ”

“ အမျိုးသမီးစေခံ ” တစ်ယောက် ချီးမြှင့်ရန် ရှီရာအတွက် မလွယ်ကူလှကြောင်း ချန်လွေ့ သိသွားသည်။သို့သော်လည်း ရှီရာပြောသည့်အတိုင်းပင် ကိစ္စအားလုံးသည် ရှီလန်တောင်ရှိ စမ်းသပ်ချက် ပြီးသည်အထိ စောင့်ဆိုင်းရပေမည်။

ချန်လွေ့ ဦးညွှတ်လိုက်သည်။

“ ဒါဆိုလည်း ကျွန်တော်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်။မနက်ဖြန် ကျွန်တော် သွားမယ်။ ”

ရှီရာ ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ ဖိုင်ကာဖွင်ကာ ချန်လွေ့ကို လျစ်လျူရှု ထားလိုက်သည်။

နှုတ်တောင် မဆက်တော့ဘူးလား။

အနည်းဆုံးတော့ တစ်ခုခုလောက်.....

ကံဆိုးစွာပင် မိုင်းတွင်းအရာရှိ နားစွင့်နေသော်လည်း ဘာမှမကြားခဲ့ရပေ။ထို့ကြောင့် စိတ်ပျက်လက်ပျက်နှင့် ကောင်စီခန်းမမှ ထွက်ခွားရတော့သည်။

“ မသေဘဲ ပြန်လာခဲ့ပါ။ ”

ချန်လွေ့ ထွက်သွားပြီးသည့် အချိန်မှသာ ဖိနှိပ်ထားသည့် အသံတိုးတိုးလေး ထွက်လာသည်။ရှီရာသည် ခေါင်းငုံ့ထားဆဲပင် ဖြစ်သည်။သို့သော်လည်း မျက်နှာပေါ်ရှိ အေးစက်မှုသည် အတော်လေး အရည်ပျော်သွားလေပြီ။ထိုခံစားချက်သည် တန်ဖိုး၊ တည်ရှိမှု စသည့် မည်သည်နှင့်မျှ သက်ဆိုင်မှု မရှိပေ။ကံမကောင်းစွာပင် တစ်စုံတစ်ယောက်သည် ၎င်းကို မကြားနိုင်ခဲ့ပေ။

စမ်းသပ်ခန်းသို့ ရောက်ပြီးသည့်အခါ ဂျိုးဆက်ပ်သည် ကတိပေးထားသည့် ပစ္စည်းများ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိလိုက်ရသည်။ဂျိုးဆက်ပ်၏ အလုပ်ပြီးမြောက်မှုသည် တော်တော်လေး မြင့်လှသည်။ချန်လွေ့ကို အချိန်ဆွဲရန် ဆင်ခြေ မပေးစေချင်၍လည်း ဖြစ်နိုင်သည်။အရှိန်အဝါ ပြောင်းလဲ၍ရသည့် မှော်ကုန်ကြမ်း တချို့လည်း ရှိသည်။ ရှီရာ ပေးလိုက်သည့် သိုလှောင်လက်ပတ်ထဲတွင် အရည်အသွေးအမြင့်ဆုံး နွယ်ကျောက် ၁၀၀ ရှိနေသည်။

သာမန်အရည်အသွေးရှိ နွယ်ကျောက်သည် အရှိန်အဝါ ၁၀၀မှ၁၅၀ အထိ ပေးစွမ်းသည်။ ဂျိုးဆက်ပ်ပေးလိုက်သည့် အရည်အသွေးမြင့် နွယ်ကျောက်များသည် သာမန် အရည်အသွေးထက် အရှိန်အဝါလေးဆ ထောက်ပံ့ပေးသည်။နွယ်ကျောက်များနှင့် အခြားကုန်ကြမ်းများကို ပြောင်းလဲပြီးသည့်အခါ ချန်လွေ့၏ လက်ကျန် အရှိန်အဝါ ၉၀၀၀၀ သည် ၁၄၀၀၀၀ သို့ ပြန်လည်ရောက်ရှိသွားသည်။

ဤရှားပါးကုန်ကြမ်းများကို ကူးပြောင်းရသည်မှာ အနည်းငယ် နှမြောစရာ ကောင်း‌သော်လည်း အစွမ်းသည် အရာအားလုံးထက် ပိုအရေးကြီးနေသည်။ ကြယ်စင်စုဥယျာဉ်ရှိ အခရာအစေ့သည်လည်း မနက်ဖြန် ရင့်မှည့်ပြီဖြစ်၍ ချန်လွေ့သည် အရှိန်အဝါများ ထုတ်လုပ်ရန် ကြယ်စင်စုဥယျဉ်ကို ဖြည်းဖြည်းချင်း အသုံးပြု၍ ရပေသည်။

အားလုံးကို အရှိန်အဝါအဖြစ် ကူးပြောင်းပြီးသည့်အခါ မှောင်နေပြီဖြစ်သည်။ ချန်လွေ့လည်း အလျင်အမြန်ပင် ညစာစားပြီး ဝိုင်ဗန်စီးကာ ရေကန်ပြာဆီသို့ ပျံသန်းသွားလိုက်သည်။

အဆိပ်နဂါးသည် ပုံမှန်နေရာတွင် ထိုင်နေပြီး ဂေါ်လီကျားကွက်ကို ကစားနေသည်။ ချန်လွေ့၌ စိတ်ဝိညာဉ်အမြောက်အများကို ဆုံးရှုံးထားရသည်ကို သိသည့်အတွက် အဆိပ်နဂါးသည် အလစ်မတိုက်သလို စနောက်ရန်အတွက် မှော်စာများလည်း မဆင်ထားတော့ပေ။

“ ဘယ်‌လိုနေလဲ။မင်းရဲ့ စိတ်ဝိညာဉ် ပြန်ပြည့်သွားပြီလား။ ”

“ မပြည့်သေးဘူး။ဒါပေမဲ့ ကျုပ်ခဏလောက် ထွက်သွားရမယ်။ ”

ချန်လွေ့သည် အဆိပ်နဂါးဘေးရှိ ကွင်းပြင်တွင် လဲလျောင်းပြီး အားရပါးရ အကြောဆန့် လိုက်သည်။ထို့နောက် မြက်တစ်မျှင်ကို ဆွဲနှုတ်ပြီး ပါးစပ်ထဲထည့်ကာ ရှီရန်တောင်ကိစ္စ အကြောင်းကို ပါ့ဂ်လီအိုအား ပြောပြလိုက်သည်။

ပါ့ဂ်လီအို မျက်မှောင်ကြုတ်လိုက်သည်။

“ မင်းကို တော်ဝင်မင်းသမီးက ပြုစားလိုက်တာလား။အရတ်စ်ကို တိုက်ဖို့က တစ်လတောင်မလိုတော့ဘူး။မင်းက ရှီလန်တောင်ကို သွားဦးမယ်။တကယ်တော့.... .ဟီးဟီး။မင်းကို သတိလစ်အောင်လုပ်ခဲ့တဲ့ ဟိုကလေးမလေးက တော်တော်လေး တက်ကြွတယ်။သူ့ရင်ဘတ်က ပြားနေတာတစ်ခုပဲ။အဲ့ဒါကြောင့် သုံးလေးနှစ်လောက် မင်းစောင့်ရမယ်။ ”

“ အဲ့ဒီအကြောင်းထပ်မပြောနဲ့။ခင်ဗျားက တော်တော် ရွံစရာကောင်းတာပဲ။ ”

မရယ်အောင်ကြိုးစားနေသည့် အဆိပ်နဂါးကို ကြည့်ပြီး ချန်လွေ့ ကြိမ်းမောင်းလိုက်သည်။

“ ရှီလန်တောင်ဆီကို သွားတာက မဟာဆရာသခင်ရဲ့ အမွေအနှစ်ကြောင့်ပဲ။ ကျုပ်အစွမ်းတွေ တိုးတက်ဖို့အတွက် မိုင်းတွင်းဆီက သတ္တုရိုင်းအပြုန်းတွေ လိုအပ်တယ်။ဒီစမ်းသပ်ချပ်သာ ပြီးစီးသွားရင် ဆုလာဒ်အနေနဲ့ ဆေးရည်မည်းတွေ ရနိုင်တယ်။ ”

ချန်လွေ့တွင် ဆေးရည်မည်း ရှိနေပြီးဖြစ်သည်။သို့သော်လည်း လဲလှယ်ရန်အတွက် အရှိန်အဝါ လိုအပ်သည်။ကနဦး ဆင့်ကဲပြောင်းလဲခြင်းသည် အဆိပ်နဂါး၏ သက်တမ်းကို တစ်ဝက်ကုန်သွားစေသည်။အဆိပ်နဂါး မပြောသော်လည်း ချန်လွေ့စိတ်ထဲ၌ မှတ်ထားခဲ့သည်။“ အလီယော့သ် ” အခြေအနေသို့ ရောက်ရှိသွားလျှင် ကြယ်သုံးပွင့် ဆင့်ကဲပြောင်းလဲခြင်း အဆင့်သို့ ရောက်ရှိသွားလျှင် လဲလှယ်ဌာနတွင် “ အသက်ရှည် ” နှင့် “ ပြန်လည်ရှင်သန်ခြင်း ” အစရှိသည့် အဆင့်အမြင့်ဆုံး ဆေးရည်မည်းများ ရရှိနိုင်သည်။

သက်တမ်းမည်မျှ ထပ်ပေါင်းနိုင်ကြောင်း မသိသော်လည်း ထိုကဲ့သို့ ချန်လွေ့ စဉ်းစားထားပေသည်။

“ ဆေးရည်မည်းလား။ ”

အဆိပ်နဂါး ကြက်သေသေသွားပုံပေါ်သည်။

“ လွန်ခဲ့တဲ့ နှစ်၉၀၀၀ တုန်းက နတ်ဆိုးဘုံမှာ မဟာဆရာသခင်နှစ်ယောက် ပေါ်ထွက်ခဲ့တယ်။တစ်ယောက်က ဆေးရည်မဟာဆရာသခင် ရိုဇန်ဘတ်။ နောက်တစ်ယောက်က ယန္တရားမဟာဆရာသခင် လိုလို။လိုလိုက ယန္တရားပညာရော၊ ရှေးဟောင်းမှော်စာကိုပါ ထူးချွန်တဲ့ ပါရမီရှင် အမှောင်လူပုတစ်ယောက်ပဲ။ဒါပေမဲ့ သူ့တစ်ဘဝလုံးမှာ တပည့်တစ်ယောက်မှ မရှိခဲ့ဘူး။အဲ့ဒါကြောင့် သူသေသွားပြီးတော့ သူ့ရဲ့လက်ရာတွေက ပျောက်ကွယ်သွားခဲ့ရတယ်။ပြောရရင်တော့ ဇိုလာအပြင်ကို နတ်ဆိုးဘုံမှ ရှေးဟောင်းမှော်စာကို နားလည်တဲ့သူ မရှိနိုင်တော့ဘူး။ရိုဇန်ဘတ်က အမှောင်နတ်သူငယ် တစ်ယောက်ပဲ။သူ့မှာ တပည့်တွေ အများကြီးရှိတယ်။ဒါပေမဲ့ လျို့ဝှက်ဆေးညွှန်းတစ်ခုကြောင့် သူ့ရဲ့အကြီးတန်း တပည့်ဖြစ်တဲ့ ဆာမန် သတ်တာ ခံလိုက်ရတယ်။ဆာမန်ပျောက်ကွယ်သွားတော့ ဆေးရည်မည်းတွေလည်း ပျောက်ကွယ် သွားခဲ့တယ်။ဆေးရည်မည်းကို မင်းဖော်စပ်နိုင်ရင် နတ်ဆိုးဘုံတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်မှာပဲ။

“ အဲ့ဒါကြောင့်ပဲ အဲ့ဒါကို အခုပြသဖို့ အချိန်မကျသေးတာပေါ့။အနည်းဆုံးတေ့ ကျုပ်ခင်ဗျားကို [ အလင်းအမှောင် လော့ခလောက် ] ချိုးဖျက်ပေးရဦးမယ်။ ”

ချန်လွေ့သည် ယခင်က အဲဒက်စ်နှင့် ဆွေးနွေးပြီးပြီဖြစ်၍ ဆေးရည်မည်းပေါ်ထွက် လာခြင်းကြောင်း ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သိနေသည်။

“ ဒါမှမဟုတ်ရင် ခင်ဗျားထွက်ပြေးချင်ရင်တောင် ထွက်ပြေးလို့မရဘူး။ ”

“ ဟမ့်။ရှေးဟောင်းမှော်စာ ချိပ်ပိတ်ကြောင့်မဟုတ်ရင် [ အလင်းအမှောင့်သော့ခလောက် ] ကို ငါ့အစွမ်းနဲ့ငါ ဖြည်းဖြည်းချင်း ပယ်ဖျက်လို့ရတယ်။ ”

ပါ့ဂ်လီအို မကျေမနပ်ပြောလိုက်သည်။

“ စစ်ပွဲစာချုပ်ကို မမေ့နဲ့။မင်းမှာ အချိန်သိပ်မရှိတော့ဘူး။ ”

“ သိပါတယ်။အဲ့ဒါကြောင့်ပဲ ရှီလန်တောင်ကို ကျုပ်သွားရမှာ။ကျုပ်မှာ ဝိုင်ဗန်တွေရှိတယ်။ အဲ့ဒါကြောင့် အသွားအပြန် ခရီးတိုသွားမယ်။အချိန်ကျရင် ပြန်လာပြီး အရတ်စ်နဲ့ တိုက်ခိုက်မယ်။ ၏ကျုပ်ရဲ့ အသစ်တိုးလာမယ် အစွမ်းတွေကို မြင်ရဖို့ ပြင်ဆင်ထားလိုက်တော့။ ”

“ ဟမ့်။တိုးတက်လာတော့ရော ဘာဖြစ်လဲ။ငါမင်းကို တက်နင်းလို့ ရသေးတာပဲ။ ”

အဆိပ်နဂါးသည် ချန်လွေ့ကို အပြစ်ပြောလိုက်ပြီး လှဲချလိုက်သည်။ကောင်းကင်ကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် အဆိပ်နဂါး ပြောလိုက်သည်။

“ လူသားလောကမှာရှိတဲ့ မင်းချစ်ရတဲ့သူတွေအကြောင်း တွေးမိသေးလား။ ”

“ ကျုပ်ချစ်ရတဲ့သူတွေက အစောကြီးကတည်းက ဆုံးပါးသွားခဲ့ပြီ။ ”

ချန်လွေ့သည် အတိတ်ဘဝကို ပြောပြနေခြင်းဖြစ်သည်။ဤဘဝ၌ အာသာ၌ ဆွေမျိုးများ ရှိပေလိမ့်မည်။သို့သော်လည်း သူတို့သည် ချန်လွေ့နှင့် ဘာမှမဆိုင်ပေ။အနည်းဆုံးတော့ လက်ရှိတွင် မည်သည့်အဆက်အသွယ်မှ မရှိပေ။

“ ခင်ဗျားကရော။ ”

“ ငါမွေးလာတုန်းက ဥခွံကလွဲပြီး ဘာမှမတွေ့ခဲ့ရဘူး။ ”

ပါ့ဂ်လီအို ပုခုံးတွန်းပြီး ပုံမှန်အတိုင်း ပြောလိုက်သည်။

“ ဒီနှစ်တွေထဲ ငါ့မှာ ချစ်ရတဲ့သူ မရှိဘူး။ဒါပေမဲ့ ရန်သူတွေတော့ အများကြီးရခဲ့တယ်။ ”

“ သူငယ်ချင်းမိတ်ဆွေတွေရော။ ”

“ နဂါးတွေက မိတ်ဆွေမလိုဘူး။အထူးသဖြင့် အဆိပ်နဂါးပေါ့။ ”

ပါ့ဂ်လီအိုသည် နဂါးအချို့ရဲ့ မာနကြီးမှု ပြန်လည်ရရှိလာသည်။

“ နတ်ဘုရားမှာ မိတ်ဆွေရှိတာကို မင်းမြင်ဖူးလား။သူတို့က လေးစားခံရဖို့နဲ့ ကြောက်ရွံ့ ခံရဖို့ပဲ လိုအပ်တယ်။သူတို့က ဂရုစိုက်မှုတွေ နားလည်ပေးမှုတွေ မလိုအပ်ဘူး။ ”

“ အရင်ကတော့ အဲ့လိုဖြစ်မှာပေါ့။ ”

ချန်လွေ့ မေးလိုက်သည်။

“ အခုရော။ ”

“ အခုတော့.....မင်းရဲ့စကားအတိုင်း အခုငါက မင်းရဲ့ မင်းရဲ့ ဂရုစိုက်မှုအောက်မှာ ရှိနေတာ‌ပေါ့။ဒီတော့ မင်းကိုငါ ကျေနပ်အောင် လုပ်ရမယ်လေ။ ”

ပါ့ဂ်လီအိုသည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

အဆိပ်နဂါး ဝန်မခံချင်ကြောင်း ချန်လွေ့သိသည့်အတွက် မဖော်ထုတ်တော့ပေ။

“ ခင်ဗျားကို ဒီမှာ အဖော်ပြုပေးဖို့ မိန်းမလှလေးတစ်ယော်ကို ကျုပ် လိမ်ခေါ်လာမယ် ဆိုရင်ကော။ ”

“ ငါ့ရဲ့အလှအပ အမြင်က မင်းတို့လို အဆင့်နိမ့်တွေနဲ့ မတူဘူး။ ”

ပါ့ဂ်လီအိုသည် ချန်လွေ့ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ မင်းရဲ့ သေမင်းမိန်းကလေး၊ကဝေမ နဲ့ ကလေးမလေးတွေက ကြည့်ကောင်းပေမဲ့ ငါလိုချင်တဲ့ အတွင်းအရည်အသွေးတွေ မရှိကြဘူး။ငါလိုချင်တဲ့ မိန်းမတွေက လှပပြီး မာကြောတဲ့ကြေးခွံတွေရှိရမယ်။ချွန်ထက်ပြီးသန့်ရှင့်တဲ့ သွားတွေရှိရမယ်။အရပ်မြင့်ပြီး ဖွံ့ဖြိုးတဲ့ ခန္ဓာကိုယ်ရှိရမယ်...... ”

“ တော်ပါတော့။ခင်ဗျားပြောနေတာက နဂါးမအကြောင်းပဲ။အမျိုးသမီးအကြောင်းမှ မဟုတ်တာ။ ”

ချန်လွေ့သည် ပါ့ဂ်လီအို၏ လေးပင်သည့် သဘောကျမှုကြောင့် ကြက်သေသေသွားသည်။ ဆန့်ကျင်ဘက်လိင်နှင့်ပတ်သက်၍ စိတ်ဒဏ်ရာ ရတော့မလို ဖြစ်သွားခဲ့သည်။

“ မင်းဘာသိလို့လဲ။ ”

ပါ့ဂ်လီအို ပြုံးဖြီးဖြီးလုပ်ရင်း ချန်လွေ့ကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“ ဉာဏ်တိမ်တဲ့လူသား။ ”

“…”

“ ဒီအဆိပ်တွေက မင်းအတွက်ပဲ။လိုရမယ်ရ ယူထားလိုက်။ငါ့ရဲ့ ကျောက်စိမ်းပုလဲကို သောက်ဖို့ မစဉ်းစားနဲ့။မင်း အသီနာရဲ့ လက်ရှိ အဆိပ်ခုခံနိုင်မှုက အနည်းဆုံးတော့ ဝိုင်ဗန်ကို ဘာပြဿနာမှ မရှိဘဲနဲ့ စီးနင်းလို့ရတယ်။မင်းအတွက်ကတော့ ဒါက သက်သက် ဖြုန်းတီးတာပဲ။ ”

“ ငါသိရသလောက်ဆို အဲ့ဒီမှာ မြေအောက် နတ်ဆိုးသားရဲတွေ အများကြီးပဲ။တချို့တွေဆို နတ်ဆိုးဘုရင်အဆင့်တောင် ရောက်သွားကြပြီ။ပိုပြီးတော့လည်း အဆင့်မြင့်နိုင်တယ်။ ငါ့ကိုချိပ်ပိတ်ထားတာက မပျက်စီး‌သေးဘူး။အဲ့ဒါကြောင့် တစ်ခုခုဖြစ်ရင် အရင်ဆုံး ထွက်ပြေးဖို့ မမေ့နဲ့။ ”

“ ဟုတ်ပါပြီ။ပ့ါဂ်လီအို။ခင်ဗျားဘယ်တုန်းက ဒီလောက် စကားများသွားရတာလဲ။ ”

ချန်လွေ့သည် ဖူးရောင်နေသည့် ခေါင်းကို ခါလိုက်သည်။

“ စိတ်ချပါ။အသံတိတ်ည စိမ့်မြေက ရတနာတွေ ကျုပ်လက်ထဲကို မရောက်သေးဘူး။ ကျုပ်ဘယ်လိုလုပ် လွယ်လွယ်နဲ့ သေရမှာလဲ။ ”

သို့သော်လည်း ထိုစကားနောက်ကွယ်မှ စိုးရိမ်မှုများကို ချန်လွေ့ ခံစားရသည်။ ရေခဲတုံးတစ်ခုမှလည်း ထိုကဲ့သို့ နွေးထွေးမှု ယဲ့ယဲ့လေးကို ချန်လွေ့ ခံစားခဲ့ရသည်။

“ တော်တော်လောဘကြီးတဲ့ကောင်ပဲ။မင်းနဲ့ငါ့အသက်က မချိတ်ဆက်နေဘူးဆိုရင်...... ”

ပါ့ဂ်လီအို၏စကား မဆုံးသေးခင်မှာပင် ချန်လွေ့သည် ဝိုင်ဗန်စီးကာ အဝေးသို့ ပျံသန်းသွားလေပြီ။

“ ဟမ့်။မင်းပြေးတာ တော်တော်မြန်တာပဲ။ငါ့ကိုတောင် စကားများတယ်လို့ ပြောသွားသေးတယ်။ ”

ပါ့ဂ်လီအိုသည် ချန်လွေ့ ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ထို့နောက် လှဲလျောင်းလိုက်ပြီး လူသားပုံစံအတိုင်း ပါးစပ်တွင် မြက်တစ်မျှင်ကိုက်၍ မျက်လုံးမှိတ်လိုက်သည်။

All Chapters