ခရီးစထွက်ခြင်း။ခရီးတစ်လျှောက် ဘေးကင်းပါစေ
Vol. 6 Ch. 81
နောက်တစ်နေ့နံနက်၌ အိပ်မောကျနေသည့် ချန်လွေ့သည် စလီ၏ တံခါးခေါက်သံများကြောင့် နိုးသွားသည်။
“ သခင်။မင်းသမီးလေးနဲ့ အသီနာတို့ ရောက်နေပြီ။ ”
ချန်လွေ့ အလျင်အမြန် အဝတ်အစား ဝတ်လိုက်သည်။အသီနာနှင့် အဲလစ်တို့ကို အခန်းအပြင်၌ တွေ့လိုက်ရသည့်အခါ ချန်လွေ့ အံ့ဩသွားသည်။
အသီနာသည် ခန္ဓာကိုယ်အပြည့် သားရေချပ်ကာ ဝတ်ဆင်ထားသည်။ သိုလှောင်လက်ပတ်တစ်ခုလည်း ဝတ်ဆင်ထားပြီး ပုံမှန်အတိုင်း မဟာဓားကြီးကို သယ်ဆောင်ထားကာ အဝေးတစ်နေရာသို့ သွားတော့မည်ပုံပေါက်နေသည်။ အဲလစ်၏မျက်လုံးများမှာလည်း နီရဲဖောင်းကားနေပြီး ငိုထားခဲ့ဟန် တူသည်။
“ ဝင်ခဲ့လေ။မင်းတို့နှစ်ယောက် ဘာဖြစ်လို့လဲ။ ”
ချန်လွေ့ တအံ့တဩနှင့် မေးလိုက်သည်။
အသီနာ ရှေ့တက်ပြီး ချန်လွေ့ကို သားရေစာလိပ်တစ်ခုကမ်းကာ ပြောလိုက်သည်။
“ ဒါက နင့်ကို မိုင်းတွင်းအရာရှိ ခန့်အပ်တဲ့စာပဲ။တော်ဝင်မင်းသမီးက ငါတောင်းဆိုတာကို လက်ခံပြီးပြီ။အဲဒါကြောင့် ငါနင်နဲ့တူတူ ရှီလန်တောင်ဆီ သွားမယ်။ ”
“ အစ်မက တော်တော် စိတ်ညစ်စရာပဲ။ ”
အဲလစ် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“ ငါ သူနဲ့ ရန်အကြီးအကျယ် ဖြစ်ခဲ့တာ။ဒါပေမဲ့ ငါ့ကို လိုက်သွားဖို့ ခွင့်မပြုဘူး။ ”
“ မိုင်းတွင်းအရာရှိကိစ္စကို မင်းတို့နှစ်ယောက်လုံး သိကြတာလား။ ”
ချန်လွေ့ ခေါင်းကုတ်လိုက်သည်။ချန်လွေ့၏ အဓိကရည်ရွယ်ချက်မှာ အရှိန်အဝါ ဖြစ်သည်။ထို့ကြောင့် အနီးအနား၌ အသီနာရှိနေလျှင် အဆင်မပြေနိုင်ပေ။ ဝတ်ရုံဂိုဏ်း အတွက် ချန်လွေ့ ပြင်ဆင်ထားခဲ့ပြီးလေပြီ။ဂိုဏ်းသားများက ခေါင်းဆောင်သည် အရတ်စ်ကို ရင်ဆိုင်ရန်အတွက် လျို့ဝှက်လေ့ကျင့်နေသည်ဟုသာ သိထားကြသည်။ ကျန်သည့်ကိစ္စရပ်များကို ဒီဒီ နှင့် ဂျက်စီတို့ ကိုင်တွယ်ကြမည် ဖြစ်သည်။
“ အဲဒါက မနေ့ နေ့လယ်ခင်းတုန်းက တစ်မြို့လုံးပျံ့နေတာလေ။ ”
အဲလစ် ခေါင်းညိတ်လိုက်သည်။
“ ကျွန်မက အစ်မဆီကနေ သိတာ။ဒါက ဂျိုးဆက်ပ်လုပ်တယ်ဆိုတာ သေချာတယ်။ ကောင်းကင်တိုက်ပွဲက ကိစ္စကို သူလက်စားချေချင်နေတာပဲ ဖြစ်ရမယ်။ ”
ချန်လွေ့ ခေါင်းခါလိုက်သည်။ ဂျိုးဆက်ပ် လက်စားချေချင်တာက ကောင်းကင်တိုက်ပွဲပဲ မဟုတ်ဘူး။ဒါပေမဲ့ ရွိုင့်စ်တောင် မိုင်းတွင်းကအခြေအနေကို သေချာမသိဘူး။သူခိုးဓားပြ တွေနဲ့ လိပ်ပြာနီနယ်မြေတို့က ဆက်နွှယ်နေမယ်ဆိုတာကို ရွိုင့်စ်က ခန့်မှန်းတွက်ဆ လိုက်တာပဲ ဖြစ်မယ်။
“ အဲ့ဒီလူယုတ်မာ ဂျိုးဆက်ပ်တော့... ”
အသီနာသည် ဒေါသတကြီး လက်သီးဆုပ်လိုက်သည်။
“ အဲလန်ရောပဲ။သူတို့က ချန်လွေ့ကို သတ်ချင်နေတာ။ ”
ချန်လွေ့ နှစ်သိမ့်လိုက်သည်။
“ စိတ်မပူပါနဲ့။ငါအဆင်ပြေမှာပါ။မိတ်ဆွေတစ်ယောက်က င့ါကို နောက်ကွယ်ကနေ ကာကွယ်ပေးမှာပါ။အသီနာ။မင်းငါနဲ့ လိုက်စရာမလိုပါဘူး။အမှောင်လမြို့မှာပဲနေပြီးတော့ အဲလစ်ကို အဖော်ပြုနေလိုက်လေ။ ”
“ မရဘူး။အဲ့ဒီမှာ အရမ်းအန္တရာယ်များလွန်းတယ်။ငါနင်နဲ့ လိုက်သွားရမယ်။ ”
အသီနာ ပြတ်ပြတ်သားသားပြောလိုက်သည်။
“ ငါဆုံးဖြတ်ပြီးပြီ။ငါ့ကိုတားချင်ရင် ငါသေမှပဲရမယ်။တော်ဝင်မင်းသမီးကို ငါဒီလိုပဲ ပြောခဲ့တာ။ ”
ချန်လွေ့၏နှလုံးသား တုန်လှုပ်သွားသည်။ပတ္တမြားကဲ့သို့ မျက်လုံးများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားမှုများကိုကြည့်ရင်း ချန်လွေ့၏နှလုံးသားထဲရှိ ကြိုးတစ်မျှင် တုန်ခါသွားသည်။
အဲလစ်လည်း ပြောလိုက်သည်။
“ ရှီလန်တောင်က တစ်ခြားနေရာတွေနဲ့မတူဘူး။အဲ့ဒီနေရာမှာ မြေအောက်နတ်ဆိုး သားရဲတွေ အမြစ်တွယ်နေတာ နှစ်ရာနဲ့ချီကြာပြီ။မိုင်းတူးတာကိုလည်း ချောချောမွေ့မွေ့နဲ့ မလုပ်နိုင်ဘူး။အနီးနားတစ်ဝိုက်မှာလည်း သူခိုးဓားပြတွေ သောင်းကြမ်းနေတယ်။ အဲ့ဒီနေရာက အမှောင်လမြို့မှာ အန္တရာယ်အရှိဆုံး နေရာထဲက တစ်ခုပဲ။ပြီးခဲ့တဲ့ သုံးလေးနှစ်မှာ မိုင်းတွင်းအရာရှိဟောင်း တင်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီးတော့ မိုင်းတွင်းထဲမှာ ရှာဖွေခဲ့တယ်။နောက်ဆုံးမှာတော့ လူတွေဆယ်ယောက်ကျော် ပျောက်ဆုံးသွားတယ်။သူတို့အလောင်းတွေကို အခုထိ ရှာမတွေ့သေးဘူး။အဲ့ဒါကြောင့် အသီနာကို လိုက်သွားခိုင်းရမယ်။မဟုတ်ရင် ငါပိုပြီး စိတ်ပူနေရမှာ။ ”
အဲလစ်၏ မျက်လုံးနီနီများနှင့် လေးနက်သည့် အမူအရာတို့သည် ချန်လွေ့၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ချန်လွေ့သည် အဲလစ်၏ခေါင်းကို အသာလေးပုတ်လိုက်သည်။ ထိုအပြုအမူသည် လုံးဝသဘာဝအတိုင်းသာဖြစ်သည်။အဲလစ် ကြက်သေသေသွားပြီး ရှက်သွေးဖြာသွားသည်။သို့သော်လည်း အဲလစ်မရုန်းကန်ခဲ့ပေ။သဘောကျနေဟန် တူသည်။ထိုသို့ပြုလုပ်ပြီးနောက် ချန်လွေ့လည်း ကြောင်သွားသည်။ဘေးဖက်ရှိ စလီလည်း ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး လေးစားအားကျမှုများ ဖြစ်လာသည်။
အသီနာမှာတော့ ထူးထူးခြားခြား တုံ့ပြန်မှုမရှိပေ။အသီနာသည် ချန်လွေ့ကို ရုပ်တည်နှင့် စိုက်ကြည့်နေပြီး အစွမ်းနှင့်မဆိုင်သည့် ဖိအားတစ်ခု ပေးနေသည်။
ဒါကဘာလဲ။တာဝန်လား။စိုးရိမ်တာလား။
“ ကံကြမ္မာ ” ဆိုတဲ့စကားလုံးကို ပိုပြီးတိကျမယ် ထင်တယ်။
ချန်လွေ့သည် “ ခရီးတစ်လျှောက် ဘေးကင်းပါစေ ” ဟုအမည်ရသည့် သီချင်းဟောင်းတစ်ပုဒ်ကို ရုတ်တရက် တွေးမိသွားပြီး ပင့်သက်ရှိုက်လိုက်သည်။
“ အသီနာ။ငါတို့ဘယ်အချိန် သွားမှာလဲ။ ”
ထိုစကားသည် အသီနာ၏ လေးနက်တည်ကြည်သည့် မျက်လုံးများကို အရည်ပျော် သွားစေပြီး ပျော်ရွှင်တက်ကြွသွားစေသည်။
“ အချိန်မရွေးပဲ။ ”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ။ခဏနေရင် ငါတို့သွားကြမယ်။ငါတို့တွေ အဲ့ဒီကို ဝိုင်ဗန်စီးပြီး သွားကြမယ်။ အဲ့ဒါကြောင့် မင်းကို အဆိပ်ဖြေဆေးတချို့ တိုက်ရမယ်။ ”
အဲလစ်သည် ယခင်က ဝိုင်ဗန်စီးရန် တောင်းဆိုခဲ့ဖူးသည်။ထို့ကြောင့် ထိုစကားကို ကြားသည့်အခါ အဲလစ်၏မျက်လုံးများ အရောင်တောက်သွားသည်။
“ အဆိပ်ဖြေဆေး ဖော်စပ်ပြီးပြီလား။ ”
ပြဿနာထပ်ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ချန်လွေ့ ခပ်မြန်မြန်ရှင်းပြလိုက်သည်။
“ ဒီဖြေဆေးက ယာယီပဲ။ဒါကို အမြင့်ဆင့်နတ်ဆိုးပဲ သုံးလို့ရတာ။ဖြေဆေးအသစ် ဖောစပ်ပြီးမှပဲ မင်းကို ဝိုင်ဗန်စီးဖို့ခေါ်သွားပေးမယ်။ဒါမှမဟုတ်လည်း မင်းကြိုးစား ပြီးတော့ အမြင့်ဆင့်နတ်ဆိုးဖြစ်အောင် လုပ်လည်းရတယ်။ ”
“ ထားလိုက်တော့။ဖြေဆေးအသစ်ကိုပဲ စောင့်တော့မယ်။ ”
အဲလစ်သည် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ လိုလီလေးသည် ပျင်းရသည်ကို အမြဲပင် ဂုဏ်ယူနေခဲ့သည်။[ မီးတောက်နက် ] နိုးထခြင်းသည်လည်း ပါရမီကြောင့်သာ ဖြစ်သည်။ကြိုးစားခြင်းနှင့် လုံးလုံးမျှ မသက်ဆိုင်ပေ။
မကြာမီတွင် စမ်းသပ်ခန်း၏ အပြင်ဘက်၌ ယာယီဆောက်ထားသော ဝိုင်ဗန်သိုက်ဆီသို့ အသီနာနှင့် ချန်လွေ့တို့ ရောက်လာသည်။မန္ဂဒါနှင့် ခီဂူတို့သည် သာမန်ပျံသန်းရေး ကုန်းနှီးတို့ဖြင့် တပ်ဆင်ပြီးသွားလေပြီ။စလီလည်း မျက်ရည်စမ်းစမ်းနှင့် ဝိုင်ဗန်များကို သူ၏သခင်နှင့် သခင်၏အနာဂတ်ဇနီးလောင်း တစ်ယောက်( မှင်စာအထင် )ထံသို့ ယူလာပေးလိုက်သည်။
လျို့ဝှက်ခန်းထဲ၌ ဆေးရည်မည်းကို လေ့လာနေသည့် အဲဒက်စ်လည်း အပြေးလာပြီး ဆေးရည်အပုံလိုက်ကြီးကို ချန်လွေ့ထံသို့ ဘာတစ်ခွန်းမှမပြောဘဲ ပေးလိုက်သည်။
နာမည်များကို ကြည့်လိုက်သည့်အခါ ၎င်းတို့သည် စမ်းသပ်ခန်းထဲရှိ အစွမ်းထက်ဆုံး တိုးမြှင့်ဆေးရည်များနှင့် အဆိပ်ဆေးရည်များဖြစ်ကြောင်း ချန်လွေ့ သိလိုက်သည်။
အမှောင်နတ်သူငယ်သည် ချန်လွေ့ကို တသသ ကြည့်လိုက်သည်။
“ မင်းရဲ့ကတိကို မဖြည့်ဆည်းရသေးဘူးဆိုတာ မမေ့နဲ့ဦး။ ”
အဲဒက်စ်သည် သူ၏ညီမလေးအကြောင်း ပြောနေသည်ကို ချန်လွေ့သိသည်။ သို့သော်လည်း အမှောင်နတ်သူငယ် ယခုပြောလိုက်ခြင်းမှာ သူ၏ညီမကြောင့်မဟုတ်ဘဲ ချန်လွေ့ကို အသက်ရှင်လျက် ပြန်လာရန် ကတိပေးခိုင်းခြင်းသာ ဖြစ်သည်။
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။အဲဒက်စ်လည်း ထိုစကားတစ်ခွန်းသာ ပြောပြီး နောက်မလှည့်ကြည့်ဘဲ စမ်းသပ်ခန်းဆီသို့ အမြန်သွားလိုက်သည်။
အဲလစ်ပင် ပြောနိုင်လေသည်။
“ ဆရာသခင်စုတ်။ဘာလို့မြန်မြန် ထွက်ပြေးသွားရတာလဲ။မျက်ရည်တွေကို အခြားသူတွေ မြင်သွားမှာ စိုးလို့လား။စိတ်ကူးယဉ်လူကြီး။ ”
“ နင်တို့နှစ်ယောက် အန္တရာယ်ကင်းအောင် နေရမယ်နော်။ ”
လိုလီလေးသည် မျက်လုံးနီနီဖြင့် ချန်လွေ့နှင့် အသီနာကို လက်ဝှေ့ရမ်းပြလိုက်သည်။
“ ချန်လွေ့။ရှင် အသက်ရှင်လျက် ပြန်လာရင် ကျွန်မရှင့်ကို အသီနာနဲ့အတူ ခိုးရာလိုက်ပြေးဖို့ စဉ်းစားပေးမယ်..... ”
ချန်လွေ့ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ဒါကသေချာပေါက် ငါ့ကိုပြန်မလာဖို့ ကျိန်စာတိုက်နေတာပဲ။
ဝိုင်ဗန်များ တောင်ပံခတ်ပြီး အမြင့်သို့ ပျံတက်သွားလိုက်ကြသည်။
တဖြည်းဖြည်းသေးသွားသည့် အဲလစ်နှင့်စလီတို့၏ ပုံရိပ်ကိုငုံ့ကြည့်ရင်း ချန်လွေ့သည် အသာလေး လက်ဝှေ့ရမ်းလိုက်သည်။သူ၏မျက်လုံးများသည် နန်းတော်ရှိ ကောင်စီ ခန်းမထံ ခဏစိုက်ကြည့်လိုက်သည်။ထို့နောက် မန္ဂဒါကို ရှေ့ဆက်ပျံရန် ပြောလိုက်သည်။ နောက်ဆုံး၌ သူတို့သည် အဲလစ်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
အသီနာတွင် နဂါးနိုင်သူရဲကောင်း ဖြစ်ချင်သည့်ဆန္ဒ အမြဲတမ်းရှိနေခဲ့သည်။ယခုတွင်တော့ အသီနာသည် ချန်လွေ့နှင့်အတူ သွားရပြီး ဆန္ဒလည်း ပြည့်ဝသွားသည့်အတွက် စိတ်ကြည်နေသည်။ချန်လွေ့သည်လည်း [ အထူးစိစစ်မှု ]ကြောင့် စိတ်ဝိညာဉ်ကုန်ဆုံးမှုမှ ပြန်လည်ကောင်းသွားပြီ ဖြစ်သည့်အတွက် ဝိုင်ဗန်များကို [ သရုပ်ခွဲမျက်လုံး ] မှတစ်ဆင့် ဆက်သွယ်စကားပြောလိုက်သည်။အသီနာသည်လည်း သားရဲထိန်းကျောင်း အတွေ့အကြုံ ပြည့်ဝလှသည့်အတွက် ပထမဆုံး စမ်းသပ်ပျံသန်းမှုသည် အောင်မြင်ခဲ့သည်။
အမှောင်လနယ်မြေ၏ အရှေ့မြောက်ဘက်တွင် လိပ်ပြာနီနယ်မြေ ရှိသည်။ အရှေ့တောင်ဘက်တွင် ချော်ရည်ပြာနယ်မြေရှိသည်။အနောက်ဘက်နယ်မြေသည် အန္တရာယ်အရှိဆုံး ဖြစ်သည်။ထိုနေရာတွင် မိုးထိမြင့်သည့် တောင်တန်းများ မတ်စောက်သည့် ချိုင့်ဝှမ်းများ ပြည့်နေသည်။ရှီလန်တောင်ခြေကို ဖြတ်သွားပြီး အနောက်ဘက်သို့ ဆက်သွားလျှင် အရိပ်နက်အင်ပါယာနှင့် နယ်စပ်ဖြစ်သည့် လိုင်ရာမြို့သို့ ရောက်ပေလိမ့်မည်။
လိုင်ရာမြို့သည် မူလက အချင်းချင်း မျက်နှာချင်းဆိုင်နေသည့် ခံတပ်နှစ်ခုဖြစ်ပြီး ရှည်လားသည့်သမိုင်းကြောင်း တစ်ခုရှိသည်။၎င်းတို့ကို ကြယ်ကြွေတမန် အင်ပါယာနှင့် အရိပ်နက် အင်ပါယာတို့က အသီးသီး ပိုင်ဆိုင်ကြသည်။လွန်ခဲ့သော နှစ်၂၀၀၀ခန့်တွင် ကြယ်ကြွေတမန် ဧကရာဇ်ကို စကြာလူစီဖာ အုပ်ချုပ်နေစဉ်ကာလ၌ အရိပ်နက် အင်ပါယာနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့်စာချုပ် ချုပ်ဆိုခဲ့သည်။အင်ပါယာနှစ်ခုသည် ချစ်ကြည်ရေး စာချုပ်ချုပ်ဆိုထားခဲ့ပြီး နှစ်၁၀၀၀ကြာအောင် သဟဇာတ ဖြစ်နေခဲ့ကြသည်။ချစ်ကြည်ရေး အမှတ်အသားအနေဖြင့် အင်ပါယာနှစ်ခု၏ ခံတပ်များကို ဖြိုချလိုက်ပြီး အင်ပါယာနှစ်ခု မျှဝေပိုင်ဆိုင်သည့် လိုင်ရာမြို့အဖြစ် ပေါင်းစပ်လိုက်ကြသည်။
ရှီရာသည် တစ်ခါက ခရီးသွားယာဉ်ကြီးများကို အနောက်ဘက်သို့လွှတ်ပြီး လိုင်ရာမြို့ကိုဖြတ်သွားကာ အရိပ်နက်အင်ပါယာသို့ ဝင်ရောက်ရန် ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း အနောက်ဘက်တွင် သူခိုးဓားပြများလည်း ပေါ်ထွက်လာခဲ့သည်။ ရှီရာသည် သုံးလေးကြိမ်လောက် အရာအားလုံး ဆုံးရှုံးခဲ့ရသည်။အဲလန်၏ “ နှိမ်နင်းမှု မအောင်မြင်ခြင်း ” နှင့်အတူ အမှောင်လမြို့သည်လည်း လိပ်ပြာနီနယ်မြေနှင့် သို့မဟုတ် ပြင်ပနေရာနှင့် ကုန်သွယ်ရန် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည့် လိပ်ပြာနီ နယ်မြေဖြင့်သာ ကုန်သွယ်ရတော့သည်။ထို့ကြောင့် စီးပွားရေး အသက်ဓာတ်ကို လိပ်ပြာနီနယ်မြေက ထိန်းချုပ်ထားခြင်း ဖြစ်သည်။
“ ဒီအမြန်နှုန်းနဲ့ဆိုငါတို့တွေ ရှီလန်တောင်ကို နှစ်ရက်တစ်ပိုင်းတည်းနဲ့ ရောက်နိုင်တယ်။ ”
လေပြင်းထန်စွာ တိုက်ခတ်နေသည့်အတွက် အသီနာ အကျယ်ကြီး ပြောလိုက်သည်။
“ ညကျရင် ဘယ်မှာ စခန်းချရမှာလဲ။ ”
ဤကဲ့သို့ တောကြီးမျက်မည်းထဲ၌ မည်သည့် တည်းခိုနေရာမှ ရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် စခန်းချ၍သာ ရလေသည်။
အသီနာသည် သားရဲထိန်းကျောင်းခြင်းနှင့် စခန်းချခြင်းတို့၌ အတွေ့အကြုံ ရင့်ကျက်လှသည်။
“ ရှေ့ဆက်ရမယ့်ခရီးက အဝေးကြီးပဲ။ဝိုင်ဗန်တွေကို မပင်ပန်းအောင်လုပ်ရမယ်။ ဝိုင်ဗန်တွေကို အစာကျွေးဖို့အတွက် လမ်းမှာခဏနားရမယ်။ဒါဆို ငါတို့တွေ မမှောင်ခင်မှာ မိုးသစ်တောမည်းဆီ အမြန်သွားရမယ်။ ”
“ ကောင်းပြီလေ။ ”
ချန်လွေ့သည် ကိုယ်ပိုင်အသိရှိသည်။အသီနာကို ခေါ်လာခဲ့ခြင်းသည် အမှန်တကယ်ပင် ပြဿနာအများအပြားကို ဖြေရှင်းနိုင်ခဲ့သည်။တစ်ယောက်တည်းသာဆိုလျှင် ချန်လွေ့တွင် မှော်မြေပုံရှိလျှင်တောင် အချိန်အများကြီး ဖြုန်းတီးမိပေလိမ့်မည်။
နေဝင်သွားသည့်အခါ နှစ်ယောက်သားသည် စီစဉ်ထားသည့်အတိုင်း မိုးသစ်တောမည်းဆီ ရောက်သွားသည်။အဲလစ်ကို ပထမဆုံးတွေ့စဉ်က အကျွေးခံရသည့် အဆိပ်မြက်ပင် များနှင့် အဆိပ်ပန်းပင်များသည် ဤနေရာမှဖြစ်ကြောင်း ချန်လွေ့ သတိရလိုက်သည်။
မိုးသစ်တောမည်းသည် အရွယ်အစားကြီးမားပြီး ဆေးပင်ကြွယ်ဝသည့် နတ်ဆိုးဘုံရှိ သာမန်သစ်သောနယ်မြေတစ်ခု ဖြစ်သည်။ဆေးပင် အရည်အသွေးများသည် အခြားနေရာများထက် ပို၍သာလွန်သည်။သို့သော်လည်း အန္တရာယ်ရှိသည့် ပန်းများနှင့်တိရစ္ဆာန်များ ပြည့်နှက်နေသည်။
အသီနာသည် ချန်လွေ့ကို လေကာတောင်ခါးပန်းဆီသို့ ရင်းရင်းနှီးနှီး ခေါ်သွားလိုက်သည်။ တောင်ခါးပန်းပေါ်ရှိ သစ်ပင်ဘေး၌ ဝိုင်ဗန်နှစ်ကောင် အနားယူနေလိုက်သည်။၎င်းသည် သတိပေးရန် အနေနှင့်လည်း ဖြစ်သည်။တောင်ခါးပန်းနှင့် မဝေးသည့် အောက်ခြေ ဘက်တွင် စမ်းချောင်းတစ်ခုရှိသည်။ထို့ကြောင့် ရေရရှိရန်အတွက် အဆင်ပြေသည်။
“ ဒီညတော့ ဒီတောင်ခါးပန်းမှာပဲ နားကြတာပေါ့။အဲလစ်နဲ့ငါက အရင်တစ်ခေါက်ကလည်း ဒီမှာပဲ အနားယူခဲ့တာ။ဒီမှာက ပိုပြီး အန္တရာယ်ကင်းတယ်။ ”
အသီနာသည် ကျောဘက်မှ မဟာဓားကြီးကို ချပြီး ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်သည်။
“ အသီနာ ”
“ ဘာလဲ။ ”
“ ကျေးဇူးပါပဲ။ ”
ချန်လွေ့ စိတ်ရင်းနှင့် ပြောလိုက်သည်။ရှီလန်တောင်သည် အသီနာအတွက်လည်း အန္တရာယ်ရှိပေသည်။သို့သော်လည်း သူ မတုံ့ဆိုင်းခဲ့ဘဲ ချန်လွေ့အတွက် အဖော်ပြု အတွက် ဦးဆောင်ခဲ့လေသည်။
“ ငါတို့က သူငယ်ချင်းတွေပဲ။ဒီလို ပြောစရာမလိုပါဘူး။ ”
အသီနာခေါင်းခါပြီး အခြားတစ်ဖက်သို့ လှည့်လိုက်သည်။
သူတို့အပြင်အတူတူ ထွက်ကြသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။သို့သော်လည်း အသီနာသည် ဖော်ပြ၍မရသည့် ကြောက်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။ ချန်လွေ့နှင့်အတူ အချိန်အကြာကြီး ဖြတ်သန်းရမည်ကို တွေးမိလိုက်သည့်အခါ အသီနာ၏ နှလုံးခုန်နှုန်းမြန်လာသည်။ဤကဲ့သို့ အခြေအနေသည် အသစ်အဆန်း ဖြစ်နေသည်။
“ ငါသိပါတယ်။ ”
ချန်လွေ့ ခေါင်းကုတ်လိုက်သည်။
“ ဒါပေမဲ့ ငါမင်းကို ကျေးဇူးတင်ချင်လို့ပါ။ ”
ထိုစကားကိုချန်လွေ့ပြောပြီးသည့်အခါ အသီနာသည် သတိမပေးဘဲ ဝှစ်ခနဲနေ၍ ဓားထုတ်လိုက်သည်။၎င်းသည် ချန်လွေ့ အရှေ့တည့်တည့်၌ပင် ဖြစ်သည်။ချန်လွေ့ ထိတ်လန့်သွားသည်။ ငါက ကျေးဇူးတင်တယ်လို့ ပြောချင်တာပါ။မင်း ဓားထုတ်ရအောင် ငါ ဘယ်တုန်းက လုပ်လိုက်မိတာလဲ။
အသီနာ ရုတ်တရက် ထလိုက်ပြီး ဓားကိုသယ်ကာ နောက်ပြန်လှည့်မကြည့်ဘဲ စမ်းချောင်းဆီ လမ်းလျှောက်သွားလိုက်သည်။မသွားခင် ရှီရာပြောလိုက်သည်။
“ ရပါတယ်။နင်က တကယ့်ကို လူကြီးတစ်ယောက်ပဲ။ဘာလို့ဒီလောက် စကားများ ရတာလဲ။ငါ သားကောင်တွေကို အမဲလိုက်တော့မယ်။ ”
တစ်စုံတစ်ယောက် မသိခဲ့ပေ။အမှန်တကယ်တွင် အသီနာ ရှက်နေခြင်းကို ချန်လွေ့အား မမြင်စေချင်ခဲ့ပေ။
အသီနာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။သားကောင်နှစ်ကောင်ကိုင်ရင်း တောင်ခါးပန်း ဆီသို့ ပြန်လာသည့်အခါ အသီနာသည် ချန်လွေ့ပြုလုပ်ထားသည့် တဲကို မြင်ပြီး အံ့အားသင့်သွားသည်။
“ ဒါက ဘယ်လို တဲမျိုးလဲ။ဒါကို အခုမှ ငါ တွေ့ဖူးတာ။ ”
ချန်လွေ့ ပြုံးပြီးပြောလိုက်သည်။
“ ဒါကို ရွက်ဖျင်တဲလို့ ခေါ်တယ်။လွန်ခဲ့တဲ့ သုံးလေးရက်တုန်းက စလီရဲ့ အကူအညီနဲ့ လုပ်ထားတာ။အစကတော့ အပျော်အနေနဲ့လုပ်တာပဲ။အစောကြီး သုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ”
အမှန်တကယ်တွင် ၎င်းတို့သည် အသံတိတ်ညစိမ့်မြေသို့ သွားရန်အတွက် ချန်လွေ့ ကြိုတင်ပြင်ဆင်ထားသည့် ကိရိယာများ ဖြစ်ကြသည်။ကံတိုက်ဆိုင်စွာပင် အသုံးဝင် သွားခြင်းသာ ဖြစ်သည်။
“ ဒီတဲက မဆိုးဘူး။သိမ်းထားလို့လည်း အဆင်ပြေတယ်။ ”
အသီနာသည် တောရိုင်းထဲ၌ ရှင်သန်ရသည့် အတွေ့အကြုံရင့်ကျင်သည့်အတွက် ရွက်ဖျင်တဲ၏ ကောင်းကျိုးများကို ချက်ချင်း သတိထားလိုက်မိသည်။ထို့နောက် အသီနာသည် သန့်ရှင်းပြီး သားကောင်များကို မီးဖိုဘေးတွင် ချထားလိုက်သည်။
“ ဒါကရော နင့်မှတ်ဉာဏ်ထဲက မဟာဆရာသခင်ရဲ့ လက်ရာပဲလား။ ”
“ ဒါက အတုလုပ်ထားတာပါ။တကယ့်ဟာနဲ့ယှဉ်ရင် အများကြီးပိုဆိုးတယ်။ ”
ချန်လွေ့သည် ဝိုးတိုးဝါးတား ပြောလိုက်သည်။ထို့နောက် သားကောင်ကိုယူပြီး အကင်ကိရိယာအချို့ ထုတ်လိုက်သည်။
“ ဒါနဲ့ မင်းရဲ့ တဲကရော။ ”
“ ငါကမလိုဘူး။ကျင့်သားရနေပြီ။ ”
အသီနာ ခေါင်းခါလိုက်သည်။
“ မှောင်နေပြီ။ငါ ညပိုင်း စောင့်ကြပ်ပေးမယ်။အသားကင်ပြီးရင် နင်စောစော နားတော့။ငါတို့ မနက်ဖြန် စောစောထွက်ကြမယ်။ ”
ချန်လွေ့ ကြက်သေသေသွားသည်။ ဒါကဘာလဲ။မိန်းကလေးကို ညပိုင်းစောင့်ကြပ်ခိုင်းပြီး ယောက်ျားလေးက တဲထဲမှာပုန်းပြီး နားနေရမှာလား။
“ ဒီတဲက အကြီးကြီးပဲ။နှစ်ယောက်ဆံ့ပါတယ်။ ”
ပြောပြီးနောက် တစ်ခုခုမှားသွားကြောင်း သဘောပေါက်လိုက်ပြီး ချန်လွေ့ အမြန် ပြင်လိုက်သည်။
“ ငါဆိုလိုတာက ငါတို့ တစ်ယောက်တစ်လှည့် စောင့်ကြပ်လို့ရတယ်။ညပိုင်းကို တစ်ဝက်စီပေါ့။ဒါဆိုရင် ငါတို့နှစ်ယောက်လုံးလည်း နားလို့ရတယ်။ ”
အသီနာ၏မျက်နှာ အနည်းငယ် နီသွားသည်။ကံကောင်းစွာပင် မီးပုံကြောင့် မသိသာ သွားခဲ့ပေ။အသီနာ ခေါင်းခါပြီး ပြောလိုက်သည်။
“ ရပါတယ်။အရင်တစ်ခေါက် အဲလစ်နဲ့ လာတုန်းကလည်း ငါဒီလိုပဲ လုပ်ခဲ့တာပါ။ငါကအခု အမြင့်ဆင့်နတ်ဆိုး ဖြစ်နေပြီလေ။ဒီမှာက အန္တရာယ်မကင်းဘူး။အချိန်မရွေး အန္တရာယ် ရှိနိုင်တယ်။နင့်မှာက ဘာအစွမ်းမှမရှိဘူးလေ။အဲ့ဒါကြောင့် ငါပဲ လုပ်လိုက်မယ်။ ”
“ အမြင့်ဆင့်နတ်ဆိုးက အနားယူဖို့ မလိုဘူးလား။ ”
ချန်လွေ့သည် အသီနာကို ဘယ်တော့မှ တစ်ယောက်တည်း ခံစားစေမည် မဟုတ်ပေ။ ထို့ပြင် သူ၏လက်ရှိအစွမ်းသည်လည်း အသီနာထက် မနိမ့်ကျပေ။အတွေ့အကြုံမရှိ၍သာ ဖြစ်သည်။သို့သော်လည်း ချန်လွေ့သည် သတိရှိပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင် သည်ထက် ပိုလေသည်။ချန်လွေ့ ခေါင်းကြမ်းကြမ်းခါလိုက်သည်။
“ ငါက အဲလစ်မဟုတ်ဘူး။ငါ့မှာ သားရဲထိန်းကျောင်းစွမ်းရည် ရှိတယ်ဆိုတာ မင်းမေ့သွားပြီလား။မန္ဂဒါနဲ့ခီဂူကိုခေါ်ပြီး စောင့်ကြပ်တာကူညီဖို့ အလှည့်ကျ ခိုင်းလို့ရတယ်။သူတို့က ငါ့ထက်ပိုပြီး စူးရှတယ်လေ။မင်းတစ်ညလုံး စောင့်ကြပ်ဖို့ပဲ ဆက်ပြောနေမယ်ဆိုရင်တော့ ငါလည်းမအိပ်တော့ဘူး။ငါမင်းကို ဒီလိုပဲ အဖော်ပြုပေးမယ်။ ”
ချန်လွေ့၏ စိတ်ပိုင်းဖြတ်ထားသည့်အမူအရာကိုကြည့်ရင်း အသီနာ၏ရင်ထဲ၌ ဖော်ပြ၍မရသည့် နှစ်သိမ့်မှုများ ပြည့်နှက်သွားသည်။ထို့နောက် အသီနာလည်း အတင်းအကျပ် မပြောတော့ဘဲ တောထဲတွင် ညဉ့်နက်ပိုင်း၌ ပို၍အန္တရာယ်များသည်ကို စဉ်းစားပြီး ညဦးပိုင်း၌ အနားယူရန် ရွေးချယ်လိုက်သည်။